Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 02, 2014

မိန်းမ နှင့် အနမ်း

(မိန်းမ - ၁၃)
စုမီအောင်

''ငါ့ဝိညာဉ် ချစ်သောသူကို...
        ညဥ့်အခါအိပ်ရာပေါ်မှာ ငါရှာ၏။
        ရှာသော်လည်း မတွေ့ ...''

xxxxx

         နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းမရှိဘဲ နိုးထလာရသော ညိုမာရီ၏ မျက်လုံးတို့သည် နံနက်ခင်းတစ်ခုထဲတွင် ကြောင်စီစီဖြစ်နေကြသည်။ မျက်လုံးတို့သည် နိုးထလိုက်သည် နှင့် မောင်ရှိနေရာ ခုတင်ဆီသို့ အကြည့်ရောက်မြဲဖြစ်သည်။ မောင်သည် အမှန်တကယ် အိပ်ပျော်နေသည်လား၊ အိပ်ပျော်ချင်ယောင် ဆောင်နေသည်လား။ လွန်ခဲ့သောနေ့များ ကဲ့သို့ အသေအချာသိရန် ညိုမာရီ ကြိုးစားမည်မဟုတ်တော့ပါ။ အခြေအနေမှန်ကို အရင်းအတိုင်းသိရခြင်းက ညိုမာရီ၏ စိတ်နှလုံးတို့ကို အကြီးအကျယ် ကမောက်ကမ ဖြစ်စေနိုင်ပါသည်။ နံနက်တစ်ခင်း ...နေ့လယ်တစ်ခင်း၊ ညနေ ... ပြီးတော့ ... ညခင်း....။ သည်အရာတို့ဖြင့် ဖွဲ့တည်ထားသော နေ့ရက်တို့သည် ညိုမာရီနှင့် မောင့်အတွက် ဘယ်လိုမှ ထူးခြားမလာနိုင်တော့ပါ။

          တစ်ခုသောညနေခင်းက မောင်သည် စကားအထူးအဆန်းတစ်ခု ဆိုခဲ့ပါသည်။
          ''ညို ... မနေ့က Oasis Studioမှာ ကွဲနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ကိုယ်ပြန်တွေ့တယ်။ သူပြောလို့ သိရတာ ...လက်တင်တို့၊ မိုးကျော်တို့ ဗစ်တာတို့ ကိုယ့်သူငယ်ချင်းဟောင်းတွေလေ ဟိုးအရင်က ကိုယ်နဲ့အတူ တေဖော်တေဖက်တွေ ပေါ့။ အခု သူတို့မရှိကြတော့ဘူးတဲ့။ ကြောက်စရာကောင်းလိုက်တာ။ ဒီတော့မှ ကိုယ်အလန့်တကြား စဉ်းစားမိတော့တာ။ တမင်တကာ မေ့ထားတဲ့ကိစ္စတစ်ခု ဘွားခနဲ ပေါ်လာပြီ။ ညိုရယ် ... ကိုယ် မကြာတော့ဘူး၊ ကိုယ့်အလှည့်ရောက်တော့မယ်။ ကိုယ် သိနေပြီ၊ သူတို့နောက် ကိုယ် အနှေးနဲ့အမြန် လိုက်ရတော့မယ်ထင်ရဲ့''
          ညိုမာရီ ဘာမှနားမလည်ပါမောင်ရယ်။ မောင် ဘာလို့ သူတို့နောက်လိုက်ရမှာလဲ။ ကျွန်မကို ထားခဲ့ပြီးတော့လား။ မောင်ဘယ်ပဲသွားသွား၊ နီးနီး၊ ဝေးဝေး၊ မနီးမဝေး လည်း ကျွန်မလည်း အတူလိုက်မှာပဲပေါ့နော်။ မောင်မရှိရင် ညိုမာရီ မနေတတ်ပါ မောင်ရယ် ...။
          မောင့်ခန္ဓာကိုယ်သည် နံနက်ခင်းထဲ၌ ငြိမ်သက်စွာ လဲလျောင်းနေပါသည်။ မောင် အိပ်ပျော်ဟန်ဆောင်ခြင်း မဟုတ်ပါ။ မနိုးသေးဘဲ စိတ်ချလက်ချ အိပ်ပျော်နေတာပါဟု ညိုမာရီ ယုံကြည်ထားလိုက်သည်။ ညိုမာရီက မှန်ရှေ့မှာ သွားရပ်လိုက်သည်။ မကြည့်ဖြစ်သည်မှာ ကြာလှပြီဖြစ်သော မှန်သားပြင်သည် ဖုန်မှုန့်တို့ ကပ်ငြိခြင်းကြောင့် မှုန်ဝါးဝါး။ သို့သော် ညိုမာရီ၏ ခန္ဓာအချိုးအဆစ်ကိုတော့ ကောင်းစွာ မြင်နိုင်သေးသည်။
          မောင်က 'ဘုတ်ဆုံမ' ဟုခေါ်သည်အထိ သာမန်ထက် အနည်းငယ်ပိုဝခဲ့သော ညိုမာရီ၏ခန္ဓာသည် ယခု မှန်သားပြင်ထဲတွင် လျော့ရိလျော့ရဲ၊ ပိန်တိပိန်ကပ်။ ညိုမာရီက ကျေနပ်စွာ ပြုံးလိုက်သေးသည်။ 'ဒါဟာ ဖြစ်သင့်တာပဲ၊ ဒီလိုပဲ ဖြစ်ရ လိမ့်မပေါ့' ဟု တစ်ကိုယ်တည်းရေရွတ်မိသည်။
          မောင်ပိုင်ဆိုင်သမျှ ကျွန်မထံ ဝေမျှခဲ့ပါ။ 
ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ငိြုေ
          မောင့်ထံမှ လှုပ်ရှားသံ တစ်စုံတစ်ရာကြား၍ ညိုမာရီ အပြေးသွားသည်။ မောင် နိုးထလာချေပြီ။ မောင်နိုးထချိန်သည် နောက်ကျသဖြင့် ကျေးငှက်တို့၏အသံဗလံများ မကြားရနိုင်ပါ။ ငှက်ကလေးများတို့ရေ...မောင့်ကို အပြစ်မဆိုပါနဲ့နော် ...အခုမှ နိုးထလာ တဲ့မောင့်အတွက် မင်းတို့ရဲ့ တေးသံသာလေးတွေနဲ့ စိတ်ကြည်နူးစရာ နံနက်ခင်းလေးတစ်ခု အစကနေ ဖန်တီးပေးလှည့်စမ်းပါကွယ်။
          မောင့်နိုးထချိန်များသည် တစ်နေ့ထက်တစ်နေ့ နောက်ကျလာသည်မှာ သည်နေ့ ပို၍သိသာလှ၏။ နာရီလက်တံ တို,ရှည်တို့သည် ဆယ့်တစ်ဂဏန်းပေါ်တွင် ခြေစုံ ရပ်လျက်။ နေ့လယ်ဆယ့်တစ်နာရီသည် မောင့်အတွက် အရုဏ်ဦး နံနက်ခင်းစစ်စစ်ပဲ ဖြစ်သည်။ မနေ့က ဝန်ထုပ်ဝန်ပိုးတွေ ချသာချထားခဲ့စမ်းပါမောင်။ ကျွန်မ ကောက်ယူထမ်းပိုးလိုက်ပါမည်။
          မောင့်အား အနီးကပ်ပြုစုစောင့်ရှောက်ရန် ငှားထားသော သူနာပြုဆရာမသည် မီးဖိုခန်းထဲတွင် ထမင်းဟင်းများ ချက်ပြုတ်နေသည်။ ထိုဆရာမသည် အိမ်ရှင်မတစ်ဦး ဖြစ်သွားပြီး မိမိက သူနာပြုတစ်ဦး ဖြစ်နေသည်မှာ လွဲချော်နေသော ဖြစ်ရပ်ဟု ညိုမာရီ မမြင်ပါ။ လခကောင်း၍ သဘောကောင်းသော ဆရာမသည် မောင့်အတွက်သာမက ညိုမာရီ့အတွက်ပါ စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးပါသည်။ ကျေးဇူးတင်ရပါမည်။ ဆရာမ၏လက်ရာ ဟင်းလျာများသည် ဟိုတယ်အစားအစာများကဲ့သို့ ကောင်းမွန် ပါသော်လည်း အရသာပြည့်ဝသော အစားအစာများသည် တစ်နေ့ထက် တစ်နေ့ အမှိုက်ပုံး ထဲသို့သာ အရောက်များနေကြောင်း ညိုမာရီ သတိပြုမိပါသည်။ ဆရာမကို အားတုံ့ အားနာဖြစ်သော်လည်း ညိုမာရီ ဘာမှမတတ်နိုင်ပါ။
          မောင် အစားတစ်လုတ်စားပါမှ ကျွန်မ စားဝင်တာပါ။ မောင် ရေတစ်ပေါက် သောက်ပါမှ ကျွန်မ သောက်နိုင်မယ့်သူပါ။ ကျေးဇူးပြု၍ အားတင်းပါမောင်၊ ကျွန်မ အတွက်၊ ပြီတော့ မောင့်အတွက် နှစ်ယောက်စာ စားပစ်လိုက်စမ်းပါ။
          မျက်နှာသုတ်ပဝါစ နုနုဖြင့် အသာဖွဖွ မျက်နှာသန့်စင်ပေးခိုက် ပြည့်တင်းသော အသားအရေများ တစ်စတစ်စ လျော့ပါးပြီဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်နေရ သည့်အခါ ညိုမာရီ့အသည်းနှလုံးတို့ ပြိုပျက်ရလေပြီ။ မကြည့်ရက်စွာဖြင့် မျက်လုံး အစုံကို မှိတ်လိုက်ပြီးမှ တစ်စုံတစ်ရာကို သတိရမိတော့ မျက်လုံးများကို ကမန်းကတန်း ပြန်ပင့်ရသည်။ ရှိစုမဲ့စု အားအင်ကလေးဖြင့် ခက်ခဲပင်ပန်းစွာ နှုတ်ဆက်လိုက်သည့် မောင်၏ နံနက်ခင်းအပြုံးတစ်စနှင့် လွဲချော်သွားမည်ကို စိုးရိမ်၍ပဲ ဖြစ်သည်။
          ''ကော်ဖီ သောက်ရအောင်နော်..မောင်''
          မောင်က မျက်လွှာအသာပင့်ကြည့်ကာ 'ခဏနေမှ' ဟု တိုးတိတ်စွာ ဆိုလေသည်။ စကားတစ်ခွန်းဆိုရန် အားများ ဖျစ်ညှစ်စိုက်ထုတ်နေရသော မောင်သည် ယခုအခါ အတိုးဆုံးသော စကားကိုရွေး၍ ဆိုတတ်ခဲ့ပြီ။ ကော်ဖီကို ရေလိုသောက်သည်အထိ နှစ်ခြိုက်တပ်မက်သော မောင်သည် ယခုမူ သူကြိုက်သော ကော်ဖီကိုပင် ငြင်းဆန် တတ်ပြီပဲ။ မောင်သည် မျက်လုံးမှိတ်၍ ပြန်မှိန်းနေပြန်သည်။
          တစ်ခါတုန်းက မောင့်စကားများ ညိုမာရီ့ အတွေးထဲသို့ အစီအရီဝင်လာကြသည်။
          ''တစ်ခါတလေ ကိုယ်စဉ်းစားတယ်၊ ဒီတစ်ခါ လစာကောင်းကောင်းရရင် ဆေးစစ်ကြည့်မယ်၊ တီဘီ..ဘာညာ..မရှိတော့ဘူးဆိုရင် ကိုယ်တို့ ကလေးယူမလား လို့ပေါ့''
          ထိုအချိန်က မောင်သည် ဆေးလိပ်ဖြတ်ကာ တီဘီရောဂါအတွက် ဆေးများ လနှင့်ချီ၍ စားသုံးနေရချိန် ဖြစ်ပါသည်။
          ''ဒါပေမဲ့ ဒါဟာ မဖြစ်နိုင်တော့ဘူး ထင်ပါရဲ့၊ မင်းကြည့်စမ်း ညို၊ ကိုယ် တစ်စ တစ်စနဲ့ ပိန်လိုက်မလာဘူးလား၊ ထမင်းတွေ ဘယ်လောက်စားနိုင်လဲ၊ အားဆေးတွေ ဘယ်လောက်သောက်သလဲ မင်းအသိဆုံးပဲ။ အမှန်ဆို ဆေးလိပ်ပြတ်သွားပြီးကတည်းက ကိုယ် ဝ,တက်လာရမှာနော်''
          ညိုမာရီ မျက်စိထဲမှာတော့ မောင်သည် တွေ့စကအတိုင်းပင်။ သံသယစိတ်သည် ထိုအချိန်ကတည်းက မောင့်အတွေးများကို စက္ကန့်မလပ် ကြီးစိုးခဲ့ပုံရပါသည်။ ညိုမာရီ ကတော့ အမှုမဲ့အမှတ်မဲ့ပင်။ မြားတံအညွှန်းတွေကြားက ဆေးလုံးသေးသေး ဖြူဖြူနီနီ လေးများကို တစ်နေ့တစ်လုံး မှန်မှန်စားသုံးဆဲ။ မောင်တစ်ယောက်တည်း အဲဒီ သံသယ စိတ်တို့ဖြင့် ဘယ်လောက် သွေးပျက်နေခဲ့သလဲ။ ညိုမာရီကတော့ ဘာမှ မဖြစ်နိုင်ဘူးဟု တစ်ထစ်ချ ယုံကြည်ထားခဲ့သည်။
          လောကမှာ တစ္ဆေဆိုတာ ရှိမှမရှိတာပဲ။ သည်လိုပဲ ညိုမာရီ လက်ခံထားခဲ့သည်။
သို့သော် မောင့်ကိုယ်တွင်းမှာ တစ္ဆေတစ်ကောင် ဝင်ရောက်သောင်းကျန်းနေပြီဟု မယုံမရဲ လက်ခံရသောနေ့ကို အခုရောက်ခဲ့ပြီ။ ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်ပိုးတွေ မောင့်ကိုယ်တွင်းမှာ ပျံ့နှံ့နေပြီတဲ့။ အဲဒီပိုးမွှားတွေဟာ စိတ်ဆိုးမာန်ဆိုးနဲ့ မောင့်ရဲ့ အသွေးအသားသာမက ရိုးတွင်းခြင်ဆီတွေပါ ကိုက်ဖောက် စုပ်ယူနေကြပြီလား။
          မောင်သည် ရုတ်တရက် ညိုမာရီ အကူအညီဖြင့် ထကာ ကော်ဖီတစ်ခွက် သောက်လိုက်နိုင်ပါသည်။
          ပြီးတော့ ခပ်တိုးတိုးလေးဆိုသည်။
          ''ညိုလည်းသောက်ပါ''တဲ့။ ဒါသည် သူ့အတွက်သောက်ခြင်းမဟုတ်ဘဲ ညိုမာရီ့ အတွက် သောက်ပေးခြင်းသက်သက်သာ။ ညိုမာရီ ကော်ဖီသောက်ဖြစ်အောင် မောင်က ဦးဆောင်သောက်ပြခြင်းသာ။ မောင်သည် အားဖြည့်သည့်အနေဖြင့် ပြန်လှဲအိပ်ကာ မှိန်းနေပြန်သည်။ ကော်ဖီနှစ်ခွက်လျော့သွားခြင်းမှအပ အခြားစုံလင်သော နှစ်ယောက်စာ နံနက်ခင်းစာများသည် စားပွဲပေါ်တွင် အေးစက်တောင့်တင်းလျက် ရှိနေပါသည်။
          မနေ့တစ်နေ့တုန်းကတော့ မောင်သည် ပက်လက်ကုလားထိုင်တစ်လုံးပေါ်မှာ သက်သောင့်သက်သာ ထိုင်လျက် ညိုမာရီနှင့်အတူ တယ်လီဗေးရှင်းအစီအစဉ်များကို ထိုင်ကြည့်နေခဲ့သေးသည်။
          ''တရုတ်ကားကြည့်ချင်လို့ ကြော်ငြာတွေကို သည်းခံကြည့်ရသူရှိသလို ကြော်ငြာတွေကိုမှ ကြည့်ချင်လို့ တရုတ်ကားတွေကို သည်းခံကြည့်နေရသူလည်း ရှိနိုင်တာပဲနော်၊ ဥပမာ...ကျွန်မပေါ့၊ တရုတ်ကားတွေက ပညာပြိုင်ရတာနဲ့၊ လက်စားချေရတာနဲ့၊ ငိုကြီးချက်မဖြစ်ကြရတာနဲ့ စိတ်မောစရာပဲနော် မောင်။ ကြော်ငြာတွေကမှ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ထဲ လွတ်လပ်သွားတာပဲ။ ပျော်စရာကြီး...မောင်ရော ကြိုက်တယ်မဟုတ်လားဟင်...''
          မောင်က ပြုံးရွှင်စွာ ခေါင်းညိတ်လျက် အာရုံစူးစိုက်ကြည့်လျှင်တော့ ထိုကြော်ငြာ များသည် ပို၍ အသက်ဝင်လာသည်ဟု ညိုမာရီ စိတ်က ထင်သည်။
          ''ကိုယ်တော့ ဂျပန်ကားပိုကြိုက်တယ်၊ စကားပြော ပြတ်သလို အမူအရာလည်း တိကျ ပြတ်သားတယ်။ ဖြိုးခနဲ ဖျတ်ခနဲ၊ ဇိုးခနဲ ဇတ်ခနဲ လုပ်လိုက်ပေမဲ့ ခံစားမှုကို ရှင်းခနဲ ထင်းခနဲ မြင်ရတယ်။ ကြည့်သူရဲ့ ရင်ထဲကို ချက်ချင်း ကူးစက်ဝင်တယ်''
          ထိုစဉ်ကHeaven’s Coin (ဒဏ္ဍာရီထဲက ငွေကြယ်ပွင့်)ကို မောင် သေသေ ချာချာ ထိုင်စောင့်ကြည့်တတ်ပါသည်။ မြန်မာ့ရုပ်မြင်သံကြားက လွှင့်သည့် ထိုဂျပန်ကားကို ကြည့်ရင်း 'တစ်ဆက်တည်း ကြည့်ရရင် ကောင်းမယ်' ဟု မောင် အမြဲပြောလေ့ရှိ သည်။
          ''မောင်ကလည်းနော်... တစ်ခါတည်း ဇာတ်လမ်းအဆုံးရောက်သွားရင် ဘယ် ကောင်းပါ့မလဲ၊ အခုလို ဖြတ်ပြတော့မှ နောက်တစ်နေ့ ဘာအခန်းဆက်လာမလဲ တွေးပြီး ရင်ခုန်နေရတာရှင့်...မျှော်လင့်စိတ်နဲ့ စောင့်ကြည့်ရတာ ဘယ်လောက်ကောင်းသလဲ''      ညိုမာရီ့အယူအဆကို မောင်က သဘောကျသွားကာ
          ''ဟုတ်တယ် ... ဟုတ်တယ် ညိုက သိပ်တော်တာပဲ''ဟု ထောက်ခံခဲ့သေးသည်။
          ညိုမာရီတို့၏ လက်တွေ့ဘဝတွင်မူ နောက်တစ်ရက်အတွက် ရင်ခုန်မျှော်လင့်ခွင့် မရနိုင်တော့ဘဲ တစ်ခါတည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း ကြေကွဲစွာ သိလိုက် ရပါတော့သည်။
          အဲသည်တုန်းကတောင် မောင်ဟာ စကားတွေ ပြောနေနိုင်ခဲ့သေးရဲ့နော်...            ပြတင်းတံခါးကို ကွယ်ကာထားသည့် ကန့်လန့်ကာများကို ညိုမာရီ ဆွဲဖွင့်လိုက်သည်။ ပြတင်းတံခါးကိုပါ ဖွင့်လိုက်လျှင် လေညင်းအေးမြသည် ညိုမာရီ၏ မျက်နှာပြင်ကို ရှပ်တိုက်ကျီစယ်ကာ အခန်းတွင်းသို့ အလုအယက် တိုးဝင်လာသည်။ မျက်စိ ဖွင့်၍ အပြင်သို့ ငေးမော့ကြည့်လာသော မောင့်အား လောကကြီးနှင့် မိတ်သဟာရဖွဲ့ပေး ရန်ပြုံးရွှင်သော မျက်နှာဖြင့် ညိုမာရီစကားဆိုလိုက်ပါသည်။
          ''မောင်က အိပ်ပုတ်ကြီးနေတာကိုး ... ငှက်ကလေးတွေတောင် အစာရှာထွက် သွားကြပြီ မောင်ရဲ့၊ ကြည့်စမ်း...ကောင်းကင်မှာ အဖြူရင့်ရောင် တိမ်လေးတွေ ဖွဖွကလေး ပြေးနေတယ်၊ မောင်တွေ့လားဟင်၊ ဟင့်အင်း...အရမ်းတော့ သွားမကြည့်နဲ့ဦး မောင်ရဲ့၊ မျက်စိကျိန်းကုန်မယ်၊ ဆောင်းနေက တောက်ပပူပြင်းတယ်နော်၊ ခြောက်လည်း ခြောက်သွေ့တယ်.. မိုးကုန်ပြီနဲ့တူပါရဲ့...ကျွန်မတော့ မိုးကို ဆက်ပြီး ရွာနေစေချင် ပါသေးတယ်..''
          ''ဟိုး..မှာ မိန်းမတချို့ ထီးကိုယ်စီနဲ့ ဆွဲခြင်းတွေဆွဲလို့၊ ကျောင်းလေးမှာ စာသင်နေတဲ့ ကလေးတွေဆီကို နေ့လယ်စာ သွားပို့ကြတာ မောင်ရဲ့...၊ မြို့ကြီးပြကြီးမှာ ကလေးတွေ ကျောင်းတက်ရတာ မလွယ်ဘူးနော်... ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်ကနေ ကျောင်းကို ကိုယ့်ထမင်းဘူး ကိုယ်ကိုင်ပြီး သွားပစ်လိုက်တာပဲ...ခုလို လူကြီးတွေ တကူးတက ကြိုပို့နေစရာ မလိုပါဘူး။ ကိုယ့်ဘာသာ အေးအေးလူလူ လမ်းလျှောက်သွားရုံပဲ..၊ အဲ ... ရွှံ့ဗွက်တွေကိုတော့ နင်းပြီးသွားရတတ်တယ်။ အဲဒါလေးတစ်ခုပါပဲ၊ ကတ္တရာလမ်းမပေါ်မှာ ကားတွေကိုရှောင်ရင်း ရင်တမမ သွားနေရာတာနဲ့စာရင် ကျွန်မတို့ တောမှာလို ရွှံ့ဗွက်တွေနင်းပြီး သွားတာကမှ ပိုပြီး အန္တရာယ်ကင်း၊ စိတ်ချရဦးမယ်နော်''
          အိပ်ရာမှထထိုင်ကာ ဘေးပြူတင်းပေါက်ဆီသို့ ခေါင်းငဲ့ရုံသာ လှည့်ကြည့်နိုင်သည့် မောင့်အား ပြူတင်းပေါက် မြင်ကွင်းများကို တစ်နေ့တစ်မျိုး မရိုးရလေအောင် ညိုမာရီ ရှာကြံပြောပြတတ်ပါသည်။ ကလေးဘဝမြင်ကွင်းတွေကိုပါ တစ်ဆက်တည်း တမ်းတ မြင်ယောင်ကာ မောင်အပျင်းလည်းပြေ၊ ပျော်လည်းပျော်ရွှင်လာစေရန် ညိုမာရီ ရည်ရွယ်ပါသည်။ လက်ရှိဝေဒနာကို မေ့လျော့ကာ တဒင်္ဂတော့ မောင်ပျော်ရွှင်နိုင်ပါလိမ့်မည်။            တစ်ဘဝစာ ပျော်ရွှင်ရမည့် စိတ်ချမ်းသာမှုမျိုးရစေရန် ဘယ်လိုမြင်ကွင်း၊ ဘယ်လိုစကားလုံးများ ရှာဖွေပြောပြရရင် ကောင်းမှာပါလိမ့် ဟုစဉ်းစားမိတော့ ညိုမာရီ ကြေကွဲရပြန်သည်။ နံနက်စာ စားပွဲပေါ်က ကြက်သားဘာဂါတစ်လုံးယူ၍ မောင့်ကို ကျွေးတော့ မောင်သည် ခေါင်းယမ်းပြ၏။ လက်ထဲကမုန့်ကို တစ်ဖဲ့ကိုက်၍ ထပ်ကျွေးပြန်တော့ မောင်သည် လေသံတိုးတိုးဖြင့် 'မစားချင်ဘူး'ဟု ဆိုသည်။
Ramada Hotel မှာ မောင် ဂစ်တာတီးစဉ်က ညလယ်စာအဖြစ် ကျွေးသော ကြက်သားဘာဂါတစ်လုံးကို အလုပ်မှာ မစားခဲ့ဘဲ အိမ်အပြန်ယူလာပြီးမှ မျှဝေစားကြသည့် ဘာဂါညခင်းလေးများကို ညိုမာရီပြန်ရချင်မိ၏။
          ''မောင်ကလည်းကွယ်..ဟိုတယ်မှာပဲ အပေါင်းအသင်းတွေနဲ့ အတူစားခဲ့ရောပေါ့၊ ဘာဂါလေးတစ်ခုကို အလုပ်ရှုပ်ခံပြီး သယ်လာနေသေးတယ်''
          ဘယ်လိုပဲပြောပြော မောင်ကလက်မခံပါ။
          ''ဘာစားစား တစ်ယောက်တည်းစားရတာ မျိုမကျဘူး'' ဟု မောင်က ဆိုပါ သေးသည်။ ဘာဂါတစ်လုံးကို အလုတ်ကြီးကြီး ဘယ်သူကိုက်နိုင်မလဲ ပြိုင်ကိုက်ရင်း နှုတ်ခမ်းတစ်ဝိုက် ပေကျံကုန်သော ညိုမာရီ့ကိုကြည့်ကာ မောင်က ရယ်မောမဆုံးတော့ပါ။          
''ဂျိုကာနဲ့တူတယ်''ဟု ပျော်ရွှင်စွာ စနောက်ဖူးသေးသည်။ ယခုမူ မောင်သည် အဲသည်လို စနောက်ဖို့ မဆိုထားနှင့်၊ စကားဟဟပင် မဆိုနိုင်ရှာတော့ပါ။
          ခေါင်းငိုက်စိုက်နှင့် တွဲလောင်းကျနေသော ပုလင်းကြီးထဲမှ ဆေးရည်များသည် တစ်စက်ချင်း ခပ်ဖြည်းဖြည်း ခိုတွဲ၊ လိမ့်ဆင်းကာ ပိုက်သေးရှည်ရှည်လေးမှ တစ်ဆင့် မောင့် သွေးကြောထဲသို့ စီးဝင်နေပါသည်။
          အဲဒီဆေးရည်တွေဟာ အစာရေစာမဝင်တဲ့ မောင့်အတွက်တော့ တကယ့်ကို အားရှိစေမဲ့ အစာအာဟာရတွေ ဖြစ်မှာပါပဲလို့ တွေးမိတော့ ပုလင်းကြီးထဲမှ ဆေးရည်များကို မြန်မြန်ကုန်စေချင်လှပါသည်။ ညိုမာရီ ကြည့်ဖူးသည့် ဗွီဒီယိုဇာတ်ကားတစ်ခုထဲကလို ကွန်ပျူတာအကူအညီဖြင့် အတိတ်ဘဝကို ပြန်သွားလို့ရစတမ်းဆိုလျှင် အဲသည်လို တစ်ယောက်တစ်ဖဲ့ကိုက်ရင်း ကြည်နူး ပျော်ရွှင်ဖူးသည့် ဘာဂါညနေခင်းများဆီ အရောက် ပြန်သွားမည်။ ပြီးလျှင် ကွန်ပျူတာများအားလုံးကို ဖျက်ဆီးပစ်လိုက်မည်။ အဲသည် အချိန်လေးမှာပဲ ညိုမာရီတို့ ရပ်တန့်နေနိုင်မည်လား။ နောက်တစ်နေ့ ဆက်မကူးစေတော့ဘဲ အဲသည် ကြည်နူးဖွယ် ညနေခင်းလေးကို ထပ်တလဲလဲ ပြန်ရနေအောင် ကွန်ပျူတာအကူအညီနှင့် အချိန်တွှေငာန သြကညခန လုပ်ထားလိုက်ချင်သည်။ လူ့ဘဝအချိန်များကို ကွန်ပျူတာအကူအညီဖြင့် ထိုသို့ထိန်းချုပ်ပြုပြင်လို့ရရင် မည်မျှကောင်းလိုက်မည်လဲ။ ဒီနေ့ဒီအချိန်ကို ရောက်လာစရာလည်း အကြောင်းမမြင်တော့။ ပျော်စရာအချိန်တွေထဲက မထွက်တော့ဘဲ မောင်နှင့်ညိုမာရီတို့ နှစ်ဦးသား ထပ်တလဲလဲ ပျော်ရွှင်ကြမည်။ အို ... အတွေးအခေါ်တွေ ကပြောင်းကပြန်နဲ့၊ ညိုမာရီ ရူးနှမ်းနေမိပါပြီ မောင်ရယ်။
xxxxx  
မောင်နှင့်တွေ့ခါစက ညိုမာရီသည် ဆေးဆိုးဆံပင်နီနီနှင့် တီရှပ်၊ ဂျင်းဘောင်းဘီ ဝတ် သီချင်းသည်မလေးဖြစ်သည်။ သီချင်းသည်မလေးနှင့် ဂစ်တာသမား လူငယ် တစ်ဦးတို့ ဖျော်ဖြေရေး အစီအစဉ်များထားရှိသည့် ကော်ဖီိဆိုင်လေးတစ်ဆိုင်မှာ ဆိုကြ၊ တီးကြရင်း ဆုံတွေ့ခဲ့ခြင်းသည် တကယ်တော့ အဆန်းတကြယ် ကိစ္စမဟုတ်ပါ။ ထူးဆန်းသည်က လူတစ်ယောက်ကို လက်ထပ်ရန် မည်သို့မျှ စိတ်ကူးမရှိခဲ့သည့် ညိုမာရီနှင့်၊ မိန်းမတစ်ယောက်ကို ချစ်စကား၊ကြိုက်စကားဆိုရန် မည်သို့မျှ စိတ်ကူးမရှိဖူးသည့် မောင်တို့ စိတ်လက်တူညီစွာ ဗြုန်းစားဒိုင်းစားကြီး လက်ထပ် ဖြစ်ကြခြင်းပဲဖြစ်သည်။ ညိုမာရီ့ဘက်၊ မောင့်ဘက် ရှိရှိသမျှအပေါင်းအသင်းတို့သည် မိုးပြိုသည့်သတင်းမျိုးထက် အဆတစ်ရာ တုန်လှုပ်အံ့သြလျက် အထူးအဆန်းဖြစ်လိုက် ကြသေးသည်။
          လက်ထပ်ခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြသလဲ ညိုမာရီမသိပါ။ ညိုမာရီအနေဖြင့် ပြောရပါလျှင် ညိုမာရီပိုင်ဆိုင်သမျှ အလုံးစုံကို မောင့်လက်သို့ အပ်နှင်းလိုက်ပြီး မောင်ကတော့ သူ့ပိုင်ဆိုင်ဖူးသမျှ အလုံးစုံကို လွှင့်ချပစ်ပြီး ညိုမာရီ့ဘဝထဲသို့ အသစ်ပြုပြင် ကာ ဝင်ရောက်လာခဲ့ခြင်းပဲ ဖြစ်တော့သည်။ (ထိုစဉ်က မောင်ပိုင်ဆိုင်သမျှအရာတို့မှာ မူးယစ်ဆေးဝါးများနှင့်တကွ မူးယစ်ထုံထိုင်းနေတတ်သည့် ခပ်ဆိုးဆိုး သူငယ်ချင်း များပဲ ဖြစ်ခဲ့သည်)။
          ညိုမာရီသည် မိန်းကလေးဖြစ်သော်လည်း ကိုယ်တိုင်ဆံပင်ရှည်ထားရန် သဘော မကျသူဖြစ်ပြီး ဆံပင်ရှည်ရှည် ယောက်ျားလေးများကိုလည်း တစ်စက်ကလေးမှ ကြည့်မရသူ ဖြစ်ပါသည်။ (သို့သော်...ထိုစဉ်က မောင်သည် ဆံပင်ရှည်ရှည်နဲ့လူ တစ်ယောက်  ဖြစ်ပါသည်။)
          ပြီးတော့ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ လက်သည်းရှည်ထားခြင်းကို ညိုမာရီ မကြိုက်ပါ။ (သို့သော် ... ထိုစဉ်က မောင်သည် ညာဘက်လက်ကို လက်သည်းရှည် ထားပါသည်)။
          ဆိုရလျှင် မောင့်ခန္ဓာ ဦးခေါင်းမှခြေဖျားသို့တိုင် ညိုမာရီ သဘောမကျသည့်အရာများ ဝန်းရံနေသည့်ကြားက သဘောကျစရာကောင်းသည့် ရှားရှားပါးပါးအရာတစ်ခုကို မောင့် အတွင်းပိုင်းမှာ မထင်မှတ်ဘဲနှင့် ညိုမာရီတွေ့ရှိခဲ့ရသည်။ ထိုအရာသည် မိုးပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော နှလုံးသားတစ်ခုဖြစ်ပါသည်။ အစက်အပြောက်၊ အစွန်းအထင်း တစ်စုံတစ်ရာမရှိဘဲ ဆွတ်ဆွတ်ဖြူ နှလုံးသားတစ်ခုမှန်း အသေအချာသိလိုက်ရချိန်ကစပြီး မောင့်ခန္ဓာ ပြင်ပက ညိုမာရီ သဘောမကျခဲ့သော အရာအားလုံးတို့သည် ရုတ်ခြည်းပင် မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။
          ခုချိန်မှာတော့ ဆံပင်တိုတိုကပ်ကပ်နှင့် ခြေသည်းလက်သည်းများ တိရိညီညာစွာ ဖြတ်ညှပ်ထားသော မောင်သည် ညိုမာရီ့မျက်စိအောက်မှာ ငြိမ်သက်စွာ အိပ်ပျော်နေ ပါသည်။
          ဘဝအစကို မြင်ယောင်တမ်းတကာ တစ်နေ့ဆီတုန်းက မောင့်ကို ညိုမာရီ အကြံပြုမိပါသေးသည်။
          ''ဒီတစ်ခါ ဆံပင်ရှည်ထားကြည့်ပါလား မောင်၊ ဟိုး အရင်တုန်းကလိုလေ''
          ''ကျန်းမာနေရင်တော့ တစ်မျိုးပေါ့ ညိုရယ်၊ အခုနောက်ပိုင်း ကိုယ်ကအိပ်ရာထဲ တောက်လျှောက် လှဲအိပ်နေရတဲ့သူ၊ ဆံပင်နည်းနည်းရှည်ထွက်လာတာနဲ့ ခေါင်းထဲမှာ စူးစူးလာတယ်၊ အိပ်ရတာ အဆင်မပြေဘူး''
          ထိုသို့ မောင့်ထံမှ ဆံပင်တိုတိုထားရခြင်း အကြောင်းပြချက်ကို ကြားမိစဉ်က ညိုမာရီသည် မိမိပါးစပ်ကို မိမိဖြတ်ရိုက်ပစ်ချင်သည်အထိ အကြီးအကျယ် နောင်တ ရမိခဲ့ဖူးသည်။ အဲသည်နောက်ပိုင်းကတည်းက မောင့်ရှေ့မှာ စကားအပြောအဆိုကအစ ညိုမာရီ သတိပြု ဆင်ခြင်နေထိုင်ခဲ့ရလေပြီ။ ဘယ်လိုစကားဆိုဆို မောင့်ဘက်ကကြည့်လျှင်  ဒီဘူတာပဲဆိုက်ရသလို ဖြစ်နေခြင်းက နာကျင်စရာကောင်းပါသည်။
          သည်တစ်ခေါက် မောင် မျက်လုံးဖွင့်အကြည့်မှာ ညိုမာရီ ဘာစကားဆိုရပါမည်လဲ။
          ''ဒီနေ့ နေလို့ကောင်းရဲ့လား မောင်''
          သည်သို့ဆိုလျှင် တရားမျှတမှု ရှိပါ့မလားကွယ်။ လူကောင်းတစ်ယောက်ကဲ့သို့ ဘယ်တော့မှ ပြန်ကောင်းလိမ့်မည်မဟုတ်ဟု သိနေသော လူတစ်ယောက်ကို 'နေကောင်းရဲ့လား' ဟု မေးရတာလောက် နာကျင်စရာကောင်းတာမရှိတော့ပြီ ဟု တွေးကာ ညိုမာရီ များစွာကြေကွဲရပါသည်။
          အခုတလော  မောင့်ရဲ့အိပ်ချိန်တို့ များပြားလာခဲ့လေပြီ။ အပြီးတိုင် အိပ်စက် အနားယူသွားမည်ကို စိုးရိမ်စိတ်ဖြင့် မောင့်ကို ညိုမာရီ ခဏခဏလှုပ်နှိုးပစ်လိုက်ချင်မိသည်။ ဆရာမက လုံးဝခွင့်မပြုပါ။ ခုတင်တိုင်မှာချိတ်ထားသည့် ပုလင်းကြီးကိုကြည့်ကာ 'သူ့ကို ကောင်းကောင်းအိပ်ပျော်စေမယ့်အရာတွေ အဲဒီအထဲမှာရှိတယ်၊ အိပ်နေတာဟာ သူ့အတွက် အကောင်းဆုံးပဲဆိုတာ မမေ့နဲ့နော်' တဲ့။
          ဒါဖြင့် မောင် အိပ်ပျော်နေချိန်မှာ ညိုမာရီ ဘာလုပ်သင့်ပါသလဲကွယ်...
          မောင့် ခုတင်ဘေး ကြမ်းပြင်းမှာထိုင်လျက် ခုတင်စောင်းကို ခေါင်းတင်မှီကာ အိပ်ပျော်ရန် ကြိုးစားကြည့်ရင်းက စိတ်က အတိတ်တစ်နေရာဆီကို ရောက်မိသေးသည်။

xxxxx

          ထို့နေ့နံနက်စောစောက မောင် ညိုမာရီ့ထံ အပြေးအလွှားရောက်လာခဲ့သည်။ မောင့်ကို ကြည့်ရသည်မှာ များစွာတုန်လှုပ်နေသည့်ပုံနှင့်။
          ''ကိုယ့်သူငယ်ချင်းတစ်ယောက် မနေ့ညက သေခဲ့ပြီ ညို၊ သူ့မှာုံဠ ပိုး ရှိခဲ့ တယ်။ အခု သူအေ့စ်ရောဂါနဲ့ သေရတာ။ ညိုနဲ့လက်ထပ်မယ်ဆိုရင် ကိုယ် အရင်ဆုံး ဆေးစစ်ချက်ယူသင့်တယ်နော်။ ညိုရယ်...ဒါပေမဲ့ ကိုယ် မလုပ်ရဲဘူး။ ကိုယ့်သူငယ်ချင်းဆှိုံဠ ပေါ့စတစ်ဗ်မှန်း သိသွားတဲ့နေ့ကစပြီး မစားနိုင်မသောက်နိုင်နဲ့ ချုံးချုံးကျသွားတာ၊ စိတ်ဆင်းရဲစရာကို ကြိုပြီးဝယ်လိုက်သလိုပဲ။ ကိုယ်လည်း သူ့လို..တကယ်လို့များ..၊ ညို....ကိုယ်...ဘာလုပ်ရမလဲဟင်...တကယ်ပဲ..ဘာလုပ်ရမှန်း မသိတော့ဘူး''
          ထိုစဉ်က မောင်က တုန်ယင်ချောက်ချားနေသလောက်၊ ညိုမာရီကတော့ ပကတိ တည်ငြိမ်စွာရှိနေခဲ့ပါသည်။ တုန်ယင်နေသည့် မောင့်လက်များကို နွေးထွေးတင်းကျပ်စွာ ဆုပ်ကိုင်လျက် ညိုမာရီ စကားတစ်ခွန်းသာ ဆိုခဲ့သည်။
          ''မောင်လုပ်ရမှာ တစ်ခုပဲရှိတယ်''
          မောင့်ထံက စိုးထိတ်ပူပန်စွာမော့ကြည့်လာသည့် မောင့်မျက်လုံးများကို ညိုမာရီ စိုက်ကြည့်ကာ ညင်သာစွာပြုံးသည်။ ပြတ်သားစွာ ဆိုလိုက်သည်။
          ''အဲဒါကတော့ မနက်ဖြန်မှာ....အို..မဟုတ်ဘူး..ဒီနေ့ပဲ..ဒီနေ့၊ မောင် ကျွန်မနဲ့ ဒီနေ့ပဲ လက်ထပ်ရမယ်''
          ယောက်ျားတစ်ယောက်မှာ မိမိသဘောကျသောအချက်တွေ အများကြီး စီတန်း ရှိနေမှ အဲဒီယောက်ျားကို ညိုမာရီ ချစ်မြတ်နိုးရမှာလား။ သဘောကျစရာလေး တစ်ချက်လောက်တွေ့ရုံနဲ့ရော အချစ်စိတ်ဟာ ဖြစ်မလာနိုင်ဘူးလား။ ပြီးတော့ အဲသည်လို ချစ်မြတ်နိုးမိသွားတဲ့ ယောက်ျားတစ်ယောက်မှာ ကျန်းမာရေး၊ ငွေကြေး အစစအရာရာ ပြည့်စုံကောင်းမွန်နေမှ တစ်ဆင့်တက်လို့ လက်ထပ်ပေါင်းသင်းခွင့် ရှိမတဲ့လား။ ညိုမာရီကတော့ မိမိချစ်မြတ်နိုးသော ယောက်ျားတစ်ယောက်ကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အချိန်အခါမရွေး လက်ထပ်ချင်ပါသည်။
          မောင်သည် မနက်ဖြန်မှာ အသေအချာ သေဆုံးမည့်လူတစ်ယောက် ဖြစ်နေရင်တောင်မှ ဒီနေ့မှာ မောင့်ကို ညိုမာရီ လက်ထပ်ပါမည်။ သေခြင်းနှင့်အမျှ တန်ခိုးကြီးလှသော ချစ်ခြင်းမေတ္တာကို မောင်နှင့်ညိုမာရီ အတူတကွ မျှဝေခံစားကြမည်။ စက္ကန့်ပိုင်းမျှ လောက်သာ ခံစားရစေဦးတော့ ညိုမာရီ အမိအရယူမည်။ ညိုမာရီက တစ္ဆေကို မကြောက်ခဲ့။ မေ့ပစ်ခဲ့သည်။
          ထိုသို့ အလွယ်တကူ မေ့ပစ်ခဲ့သောတစ္ဆေသည် မောင့်အနောက်သို့ ဘယ်အချိန်က ကပ်ငြိပါလာကာ မောင့်ကို ဘယ်တုန်းကတည်းက ခြောက်လှန့်နေခဲ့ပြီလဲ။ တစ်နှစ်အချိန်ကလေးအတွင်းမှာ ညိုမာရီ တို့ဘဝတွေ ကမောက်ကမ ဖြစ်လာရအောင် ထိုတစ္ဆေကောင်က ခေါင်းထောင်လာခဲ့ချေပြီ။

xxxxx

          ''ညို...ကိုယ်သွားရတော့မယ်''
          ညှိုးငယ်စွာ သည်စကားကို ဆိုတော့ ညိုမာရီ အသည်းတုန်သွားပါသည်။ သို့သော် ညိုမာရီက ချက်ချင်းပင် မသိဟန်ဆောင်ကာ ယောင်ယောင်လေးပြုံးလျက် ပြန်မေး ခဲ့သေးသည်။
          ''အို... ဘယ်ကိုလဲဟင်''
          ''မင်းမလိုက်နိုင်တဲ့ တစ်နေရာကိုပေါ့''
          မောင်က ညိုမာရီ့ကို လျှော့ပေါ့တွေးထင်ထားသည်ပဲ။
          ညိုမာရီ မလိုက်နိုင်သောနေရာ ဤကမ္ဘာမှာမရှိပါ မောင်။ မောင့်ကိုလက်ထပ်ကတည်း က မောင်သွားလေရာရာ မညည်းမညူ လိုက်ပါမည်ဟု ညိုမာရီ ဆုံးဖြတ်ထားခဲ့သည်။
          ''သာမန်လူတွေအတွက်တော့ သေခြင်းရဲ့ခံတွင်းဟာ ဒီအရွယ်မှာ အဝေးကြီး ရှိနေရဦးမှာ။ ကိုယ်တော့ သေမင်းရဲ့အာခံတွင်းကြီးကို ထင်ထင်ရှားရှားကြီးကို မြင် နေရပြီ ညို။ ပြီးတော့ အဲဒါဟာ သေးသေးလေးမဟုတ်ဘူး။ အစွမ်းကုန်နဲ့ အကျယ် ကြီး ဟထားတဲ့ ခံတွင်းကြီးပဲ.. ကိုယ်ပြေးလို့မလွတ်တော့ဘူး။ ပိုဆိုးတာက ကိုယ် ရောက်နေတာ အဲဒီအာခံတွင်းထဲက လျှောထွက်ကျနေတဲ့ နက်မှောင်မှောင်လျှာကြီး ပေါ်မှာ၊ ကိုယ် မလိုက်ချင်လို့ ခြေတစ်လှမ်းမရွေ့ဘဲ ပေကတ်ရပ်နေရင်တောင်မှ အဲဒီလျှာကြီးက ကိုယ့်တစ်ကိုယ်လုံးကို ဖျာနဲ့ရစ်ပတ်လိပ်သလိုမျိုး ဆွဲလိပ် ယူသွားတော့မှာ ကိုယ်သိတယ်''
          မျှော်လင့်ပြီးသားအရာဖြစ်သော်လည်း မောင်ကိုယ်တိုင်က ယခုလို ဖွင့်ဟလာ သည့်အခါ ညိုမာရီ ကြေကွဲမဆုံးဖြစ်ရတော့သည်။ သည်အချိန်မှာတော့ ညိုမာရီ အလုပ် နိုင်ဆုံးသော ထွက်ပေါက်သည် မျက်ရည်ကျခြင်းပဲ ဖြစ်တော့သည်။
          ''ညိုရယ်...ငိုပါ..ငိုလိုက်ပါ၊ မငိုနဲ့ဆိုလည်း ကိုယ့်ရှေ့မှာ အားတင်းပေမဲ့ ကိုယ့်ကွယ်ရာကျ မင်း ငိုမှာပါပဲ။ ဒီတော့ ငိုပါ.. ဒါပေမဲ့ ဒီနေ့မှာပဲ အဆုံးသတ် ငိုပစ် လိုက်ပါ။ နောက်နေ့တွေမှာ မင်းငိုတာကို ကိုယ်လက်ခံမှာမဟုတ်ဘူး။ မမြင်ရက်ဘူး။ ကိုယ်တို့ မနက်ဖြန်မှာ ဒီအကြောင်းတွေကို မစဉ်းစားတော့ဘဲ သာမန်လူတွေလို၊ ဟာ... မဟုတ်ဘူး... သာမန်လူတွေထက် ပိုပြီး ပျော်ပျော်ကြီးနေကြစို့..နော်.. ညို''
          ''ကျွန်မ ဘာကြောင့်ငိုတယ်ဆိုတာ မောင် မမေးတော့ဘူးလား''
          ''ဘာမေးရဦးမှာလဲ၊ သိနေတာပဲဟာ၊ ကိုယ့်မှာ ဒီရောဂါဖြစ်တာ မင်း ကြောက် လို့ပေါ့''
          ထိုစဉ်က မျက်ရည်လည်ရွှဲနှင့် ဖြေချလိုက်သော ညိုမာရီ့အဖြေအပေါ် မောင် အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။
          ''ဟုတ်တယ်၊ ကြောက်လို့တော့ ကြောက်လို့ပဲ၊ ဒါပေမဲ့ မောင့်မှာ ဒီရောဂါ ဖြစ်တာကို ကြောက်တာမဟုတ်ဘူး..၊ မောင့်မှာ အသေအချာဖြစ်ပြီး ကျွန်မမှာ ဖြစ် မလာမှာကို ကြောက်တာပါ''
          ''ညိုရယ်...ညိုရယ်..''
          မောင်သည် များစွာအံ့အားသင့်သွားလျက် မိနစ်ပေါင်းများစွာ ညိုမာရီ့တစ်ကိုယ် လုံးကို တင်းကျပ်စွာပွေ့ဖက်ထားခဲ့သည်။
          ''မနက်ဖြန်မှာ ညို မငိုနဲ့တော့၊ ကိုယ့်ကို ကတိပေး၊ ကိုယ်တို့ အင်အားတွေ ရှိဖို့လိုတယ်။ ကိုယ်လည်း အလုပ်ကို ပိုကြိုးစားလုပ်ပြီး ငွေကြေးစုတောင်းရဦးမယ်၊ နောင်တစ်နေ့ မလုပ်နိုင်ချိန်မှာ အဆင်သင့်ဖြစ်အောင် ခုကတည်းက အပတ်တကုပ် ငွေရှာထားဖို့လိုတယ်နော်။ မဟုတ်ရင် မင်းတစ်ယောက်တည်း ကသီလင်တနိုင်မှာ။ နေရာတိုင်းလည်း ကိုယ့်မိဘတွေဆီ အပူမကပ်ချင်ဘူး''
          မျက်ရည်တို့ကို ညိုမာရီ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပါ။ မည်မျှကြေကွဲစရာ ကောင်းလိုက်ပါသလဲ။ နောင်ရေး စိတ်ချရအောင် ငွေကြေးစုဆောင်းသူ များစွာထဲမှာ မောင့်ရဲ့ငွေကြေးစုဆောင်းမှုက ကြေကွဲစရာအကောင်းဆုံးအဖြစ်ပင်။ တခြား ယောက်ျားတွေလို လည်ဖို့၊ ပတ်ဖို့၊ သုံးဖို့၊ ဖြုန်းဖို့ မဟုတ်ခဲ့။ နာမကျန်းဖြစ်ကာ အိပ်ရာထဲလဲမည့် အချိန်များအတွက်တဲ့လေ။
xxxxx
          ကြမ်းပြင်ပေါ် ပိုးခနဲ ပေါက်ခနဲ ကျလာသည့် မျက်ရည်များကို ညိုမာရီ ကပျာကယာ သုတ်ရင်း ဟိုဟိုသည်သည် ကြည့်ရသေးသည်။ မောင်များ မြင်တွေ့သွားလေမည်လား။
          ငြိမ်ဆိတ်လျက် အိပ်နေသော မောင့်ကို ကြည့်ကာ သက်ပြင်းငွေ့ငွေ့ချမိရသည်။မောင့်လက်တစ်ဖက်ကို အသာဖွဖွဆုပ်ကိုင်မိသည်မှာ အားကိုးလိုစိတ်နှင့်လား၊ နှစ်သိမ့်ပေးချင်စိတ်နှင့်လား.. ညိုမာရီ မကွဲပြားပါ။
          ရုတ်တရက် ကိစ္စတစ်ခုကို သတိရမိတော့ ညိုမာရီ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။             ဒီနေ့ချိန်းထားသည်ပဲ။
          ဆေးခန်းမပိတ်လောက်သေး။
          မီနိုင်သည်။ မှန်ရှေ့ရပ်ကာ အနည်းငယ် သပ်ရပ်သွားအောင် ခပ်မြန်မြန် ပြုပြင်လိုက်သည်။ မောင့်ကို ဂရုတစိုက်ကြည့်ပေးပါရန် ဆရာမကို သေချာမှာပြီး ညိုမာရီ အပြေးအလွှားထွက်ခဲ့သည်။
          ဆေးခန်းတစ်ခုတွင် ညိုမာရီ့အတွက် ဆေးစစ်ချက်အဖြေတစ်ခု  ရယူရန်ရှိနေပါသည်။
xxxxx
          ''ခင်ဗျားအတွက် စိတ်မကောင်းပါဘူး''
          ဆရာဝန်ပေးလာသော အဖြေစာရွက်ကိုလှမ်းယူ ဖွင့်ကြည့်ကာ ညိုမာရီ လှပစွာ ပြုံးပြလိုက်သည်။ ညိုမာရီ မအံ့သြပါ။ 'အတော်သတ္တိကောင်းတဲ့ အမျိုးသမီးပဲ' ဟု ဆရာဝန်က မှတ်ချက်ချကောင်း ချနိုင်ပါသည်။
          ''ကျွန်မ ဘယ်လောက်ကြာကြာ နေနိုင်ဦးမယ်လို့ ဆရာထင်လဲဟင်''
          ''အားဖြစ်စေမယ့်အစာတွေ များများစား၊ ငွေကြေးလည်း တတ်နိုင်မယ်ဆိုရင် ပေါ့၊ အနည်းဆုံး သက်တမ်းကိုတော့ ဆွဲဆန့်ထားနိုင်တာပဲ။ အရေးကြီးတာက စိတ်ဓာတ်နဲ့၊ ပတ်ဝန်းကျင်။ ကိုယ်တိုင်စိတ်ဓာတ်ကြံ့ခိုင်ပြီး ပတ်ဝန်းကျင်ကလည်း နားလည်မှု အပြည့်ရှိမယ်ဆိုရင် အကောင်းဆုံးပါပဲ။ အလွန်အကျွံ နောက် ၁ဝ နှစ်အထိ ခင်ဗျား နေနိုင်သေးတယ်။ အာနိသင်ထူးတဲ့ ဆေးဝါးတွေ၊ အားဆေးတွေသောက်၊ ဂရုစိုက် ပြီး နေထိုင်ပေါ့ဗျာ''
          တကယ်တော့ ဆရာဝန်၏ညွှန်ကြားချက်များသည် ညိုမာရီ့အတွက် လုံးလုံး လျားလျား အပိုဖြစ်နေပါသည်။ အိမ်အပြန်လမ်းတစ်လျှောက် ညိုမာရီ၏စိတ်နှလုံးသည် ပေါ့ပါးလျက် ထူးခြားစွာရဲရင့်နေပါသည်။
xxxxx
          ညိုမာရီ အိမ်ရောက်သော် မောင်သည် အသက်မရှိတော့ပါ။ အိပ်ပျော်နေဆဲ အခိုက် အတန့်လေးမှာ မောင် အသက်ကင်းမဲ့သွားသည်လား။
          ''ကျွန်မကို သူ ဘာမှာခဲ့လဲ''
          မျှော်လင့်သည့်မျက်လုံးမျာဖြင့် မေးလျှင် ဆရာမကခေါင်းကိုတွင်တွင်ယမ်းသည်။
          ''ညိုမာရီ မရှိဘူးမဟုတ်လား လို့ပဲ သူမေးတယ်။ အဲဒီနောက် တဒင်္ဂလေးမှာပဲ သူ အသက်ထွက်သွားတာ။ ကျွန်မဖြင့် တကယ်မထင်မိသေးဘူး''
          ညိုမာရီကတော့ ဒါသည် အချိန်မရွေးဖြစ်နိုင်တာပဲဟု တွက်ဆထားသည်။
          သို့သော် အခုလို မိမိမရှိချိန်မှာ အဖြစ်နိုင်ဆုံးလို့တော့ ညိုမာရီ တစ်ခါမျှ မစဉ်းစားမိပါ။ မောင်သည် ညိုမာရီ သူ့အနားမှာမရှိချိန်ကို တမင်သက်သက်ရွေးချယ်လိုက်ခြင်းပဲ ဖြစ်မည် ဟု ယခုမှပင် စဉ်းစားမိသည်။
           ထိုအခါ မောင့်၏နူးညံ့သိမ်မွေ့သော နှုတ်ဆက်ခြင်းကို ညိုမာရီ သိပ်သည်းစွာ ခံစားနားလည်လိုက်ရတော့သည်။
          စိတ်ချလက်ချသာထားခဲ့ပါ..
          စိတ်ချလက်ချထားခဲ့ပြီး စိတ်ချလက်ချသာ သွားနှင့်ပါမောင်ရယ်..
          တိမ်တွေကိုစီးပြီး မောင်ရှိရာဆီ ညိုမာရီ အပြေးလာခဲ့ပါမည်။
          လောကမှာ ညိုမာရီ ဘာကိုမှမကြောက်ခဲ့ပါဘူး မောင်။
          တကယ်တော့ မျက်ကန်း တစ္ဆေမကြောက်သလိုပါပဲလား မောင်ရယ်...။
HIV ဗိုင်းရပ်စ် ဆိုတာ ..... AIDSဆိုတာ အနောက်တိုင်းရုပ်ရှင်တွေထဲက တစ္ဆေဇာတ်ကောင်တစ်ကောင်လို့သာ ညိုမာရီ မှတ်ထင်ခဲ့တာ၊ သူဟာ မြန်မာပြည်ကို ဘွားခနဲ အလည်ရောက်လာခဲ့တာ၊ အချိန်တန်ရင် သူ့နိုင်ငံသူပြန်သွားပြီး သူ ကပြရမယ့် ပိတ်ကားနောက်ကို ငုပ်လျှိုး ပျောက်ကွယ်သွားမှာပဲလို့ ညိုမာရီက အေးအေးလူလူ ထင်ခဲ့တာလေ။
          အခုတော့ အဲဒီ တစ္ဆေကောင်က ပျောက်ကွယ်မသွားဘဲ ညိုမာရီတို့အတွင်းမှာ တိတ်တဆိတ်လေး ကိုယ်ယောင်ဖျောက် နေထိုင်ခဲ့တာကိုး။
          ဒီတစ္ဆေကောင်ကို ချေမှုန်းမယ့်လက်နက်တွေ ဘာလို့ မပေါ်သေးတာလဲကွယ်။ အပျော်အပါးလိုက်စားတဲ့လူတွေရဲ့ စိတ်ဆင်ရိုင်းကို ချွန်းအဖြစ် ဟန့်တားဖို့ ဒီတစ္ဆေ ကောင်ကို ဘုရားသခင် စေလွှတ်ခဲ့တာလား။
          မောင်ကတော့ ဆွတ်ဆွတ်ဖြူနှလုံးသားနဲ့ ကိုယ်ကျင့်သိက္ခာ ပြည့်ဝတဲ့သူဆိုတာ ညိုမာရီ အြ
          အသစ်တစ်ဖန် ပြင်ဆင်ခွင့်လေးတောင် မပေးတဲ့အထိ ဒီတစ္ဆေက ရက်စက်ကြမ်းတမ်း လွန်းပါတယ်ကွယ်။ အစကသာ လူပြန်ဖြစ်ခွင့်ရရှိခဲ့ရင် မှားခဲ့ဖူးတဲ့အမှားတွေကို မောင် ထပ်မှားမှာမဟုတ်ဘူး လို့ ညိုမာရီ အခိုင်အမာ ယုံကြည်နေပါသည်။
          ညိုမာရီ့အတွက် မောင် စိတ်မကောင်းမဖြစ်ပါနဲ့။ လူဟာ ဘဝမှာ သက်တမ်း ဘယ်လောက်ရှင်သန်နိုင်ခဲ့သလဲဆိုတာထက် ဘယ်လိုရှင်သန်နေထိုင်ခဲ့သလဲဆိုတာက ပိုအရေးကြီးတယ်မဟုတ်လား။ အသက်ရှင်သန်ချိန်အတွင်းမှာ လူသားထုအကျိုး အတွက် တစ်စုံတစ်ရာတော့ ညိုမာရီလုပ်ပေးခဲ့နိုင်မှာပါ။
          သည်တစ္ဆေကို မျိုးသုဉ်းပျက်စီးသွားအောင် တစ်ချိန်လုံး မတိုက်ခိုက်နိုင်ပေမဲ့ ညိုမာရီအနေနဲ့ လက်လျှော့စရာအကြောင်း မမြင်မိပါ။ အနည်းဆုံးတော့ ဒီတစ္ဆေကို ညိုမာရီခန္ဓာအတွင်းမှာသာ ဇာတ်သိမ်းသွားဖို့ ညိုမာရီ တတ်နိုင်ပါမည်။
          ပြီးတော့ လူတစ်ဦးတစ်ယောက်အတွက် သူ့ရဲ့အနီးဆုံးဝန်းကျင်မှာ သွေးပျက် စရာကောင်းပြီး အင်မတန်ကူးစက်လွယ်တဲ့ တစ္ဆေတစ်ကောင် အမှန်တကယ်ရှိနေ ကြောင်း၊ လူ့ရဲ့အငိုက်ကို ချောင်းမြောင်းစောင့်ဆိုင်းလျက်ရှိကြောင်း...စသဖြင့် တစ္ဆေတို့ရဲ့ သဘာဝများကို မျက်ကန်းတစ္ဆေမကြောက်သူများထံ ညိုမာရီ နှလုံးသားနှင့်ရင်း၍ လက်ဆင့်ကမ်း ပြောပြရပါဦးမည်။
          လောလောဆယ်မှာတော့ မောင်နှင့်ညိုမာရီတို့ ခွဲခွာကြရပါပြီလေ။
          ချစ်ရသောမောင်....၊
          နှုတ်ဆက်သောနမ်းခြင်းဖြင့် မောင့်ကို ညိုမာရီ ယခုပင် နမ်းပါမည်။ သို့သော် နှုတ်ဆက်ခွဲခွာသည့် အနမ်းတော့မဟုတ်။
          များမကြာခင် ပြန်လည်ဆုံစည်းကြရန် နှုတ်ဆက်ကြိုဆိုလိုက်သည့် အနမ်းသာ..။


(၂ဝဝ၄ ၊ မတ်လ၊ မြားနတ်မောင်မဂ္ဂဇင်းမှာ ပါခဲ့တုန်းက တစ္ဆေအနမ်း ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ မိန်းမ နှင့်အခြားဝတ္ထုတိုပေါင်းချုပ်ထုတ်မယ်လုပ်တော့ ဒါကို `မိန်းမ နှင့် အနမ်း´လို့ titleပြောင်းထည့်လိုက်တယ်။ မြားနတ်မောင်မှာတုန်းက ဝေဖန်သံတွေ ပွက်ပွက်ညံခဲ့တယ်။ HIVရှိမှန်းသိရက်နဲ့ ဒိလိုယောက်ျားတစ်ယောက်ကို အမြန်ဆုံးလက်ထပ်လိုက်တယ်။ ဒါဟာ အဆိပ်အတောက်ဖြစ်စေတဲ့စာတစ်ပုဒ်ပဲဆိုပြီး ပွက်လောရိုက်ခဲ့တယ်။ ကျမက ချစ်ခြင်းမေတ္တာရှုထောင့်ကပဲ ရေးခဲ့တာပါ။ ကိုယ်တိုင်မနက်မိုးလင်းတိုင်း  ဒိလို ရောဂါကူးစက်ခံထာရတဲ့ အဲဒီညိုမာရီ ရဲ့နေရာကနေ ၀င်ပူးယူခဲ့တယ်။ ညိုမာရီဖြစ်ပြီလို့ ခံစားမိတဲ့အချိန်မှာပဲ နည်းနည်းစီ ချချရေးနေခဲ့တယ်။ short storyဆိုပေမဲ့ လတွေ အကြာကြီး ခံစားချက်တွေ စိမ် စိမ်ပြီးရေးခဲ့ရတဲ့ ၀တ္ထုတစ်ပုဒ်ပါ)

စုမီအောင်

No comments: