Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 09, 2015

၂၀၁၅ ခရီးသွားမြင်ကွင်းထဲ တိုးဝင်လာမယ့်အရာတွေ

၂၀၁၅ မှာ ခရီးသွားလုပ်ငန်း ဘယ်လိုများဖြစ်လာမလဲ။ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူတွေ ခန့်မှန်းသလိုမှန်ကန်ရင် အားလပ်ရက်တွေထဲက ညစာတည်ခင်းကြတဲ့ ပြုံးပျော်မော်ကြွား ဓာတ်ပုံလေးတွေဟာ အာရှဘက်ကို ဦးတည်နေကြမှာပါ။ စင်္ကာပူ၊ ထိုင်း နဲ့ ဂျပန်တို့ဟာ ၂၀၁၅ ရဲ့ ထိပ်ဆုံး ခရီးသွားနေရာအဖြစ် ရွေးနှုတ်ခံရပါလိမ့်မယ်။ ကမ္ဘာ့အဆင့် အားကစားပွဲတွေထဲက ၂၀၁၅ ရက်ဂ်ဘီ ကမ္ဘာ့ဖလားပွဲဟာ အင်္ဂလန်မှာ အိမ်ရှင်အဖြစ်ကျင်းပမှာဆိုတော့ အားကစားဝါသနာအိုးတွေအင်္ဂလန်ကို စုရုံးပြုံတိုးကြမှာပါ။ အဲဒီအခြေအနေမျိုးရှိနေတာတောင်မှ အာရှဆီ ခရီးနှင်မယ့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကတော့လျော့ကျသွားမှာ မဟုတ်ပါဘူး။

အခု ဘာကြောင့် အာရှဟာ လူကြိုက်များနေလဲ။
လူကြိုက်အများဆုံးဒေသတွေထဲက တစ်ခုက အာရှပါ။ ကွဲပြားတဲ့ရွေးချယ်စရာတွေလည်း ရှိနေကြတယ် လို့ ကမ္ဘာတစ်ဝှမ်း travel agent လေးသောင်းနဲ့ လုပ်ငန်းလည်ပတ်နေတဲ့ ကမ္ဘာအနှံ့ခရီးသွားအစီအစဉ်တွေစီစဉ်နေတဲ့ TravelBound ကုမ္ပဏီရဲ့ ဥက္ကဌ အယ်လစ်ဇဘက် ကရက်ဘီလ်ကပြောပါတယ်။ ဂျပန်က  နိုင်ငံခြားခရီးသွားတွေအတွက် ကုန်ကျစရိတ်ဈေးကြီးနေတယ်လို့ သတင်းကြီးနေတဲ့ ဂျပန်နိုင်ငံတောင် ၂၀၁၂ ကတည်းက ယန်းငွေတန်ဖိုး လေးပုံတစ်ပုံလောက်လျော့ကျခဲ့တာကြောင့် လက်ခံနိုင်တဲ့ ငွေကြေးပမာဏဖြစ်လာတယ်။ ပိုပြီးရွေးချယ်စရာဒေသ ဖြစ်လာနေပါတယ်။ ဒေသခံတိုင်းရင်းသားတွေရဲ့ အားကောင်းတဲ့ယဉ်ကျေးမှုရှိနေတယ် အပူလျော့ပိုင်းရာသီဥတုပိုင်းရှိတဲ့ တောင်ပိုင်း ဂျပန်ကျွန်းလေးတွေဖြစ်တဲ့ "အိုကီနာဝါ" ဟာ စိတ်ဝင်စားမှုလာတဲ့နေရာလို့ သူမက ညွှန်းဆိုတယ်။ အိုကီနာဝါ ကို ဂျပန်နိုင်ငံရဲ့ ဟာဝိုင်အီကျွန်းလို့ တင်စားနေကြတယ်။ 

ထိုင်းနိုင်ငံမှာဆိုရင် မေလပိုင်းကဖြစ်ပွားခဲ့တဲ့ မငြိမ်သက်မှုတွေနဲ့ နေဝင်မီးငြိမ်းအမိန့်တွေကြောင့် ခရီးသွားလုပ်ငန်းတွေထိခိုက်မယ်လို့ ယူဆဖွယ်ရာရှိပေမယ့် ခရီးသွားလုပ်ငန်းက ပြန်ပြီးလှုပ်လှုပ်ရှားရှားဖြစ်လာဦးမှာပါ။ ကမ္ဘာလှည့်ခရီးသည်တွေအတွက် လက်တလော အနှုတ်သဘောဆောင်တဲ့ ခေါင်းကြီးသတင်းတွေထွက်ပေါ်နေလည်းပဲ အဲဒီနေရာမှာ ထူးကဲတဲ့စားဖွယ်မျိုးစုံရဲ့ အရသာနဲ့ သာယာလှပတဲ့ကမ်းခြေတွေုရဲ့ သတင်းကလည်း အဆက်မပြတ်စီးဆင်းနေတယ်။ အဲဒီတော့ စွဲဆောင်နိုင်မှုက လျော့ကျသွားမှာမဟုတ်ပါဘူးလို့ ကရက်ဘီလ်က ဆိုတယ်။

စင်္ကာပူကလည်း ၂၀၁၅ မှာ နှစ် ၅၀ မြောက်လွတ်လပ်မှုနှစ်ပတ်အခမ်းအနားကျင်းပဖို့ ရှိနေပါတယ်။ အဲဒါဟာ ခရီးသွားဧည့်သည်တွေအတွက် အကြီးကျယ်ဆုံးစွဲဆောင်မှုပါပဲ။ ရွေးချယ်စရာများလှတဲ့အစားအစာ၊ မားမားစွင့်စွင့်မြင့်မားလှတဲ့ မိုးမျှော်တိုက်တွေနဲ့ ၂၀၁၂ က တည်ဆောက်ခဲ့တဲ့ Marina Bay က ဟက်တာ ၁၀၀ ရှိတဲ့ Gardens by the Bay ပန်းခြံတွေကြောင့် ကျော်ကြားပါတယ်။ ရွှေရတုသဘင်အတွက် ရင်သပ်ရှုမောဖွယ်ရာအစီအစဉ်တွေ ခင်းကျုင်းပြသနိုင်ဖို့ စီစဉ်နေပါတယ်။ ထူးထူးခြားခြားအစီအစဉ်အဖြစ် စင်္ကာပူကျွန်းနိုင်ငံရဲ့ သမိုင်းဆိုင်ရာတည်နေရာတွေပြသထားမယ့် စင်္ကာပူအမျိုးသားပြခန်းဖွင့်လှစ်ဖို့နဲ့ နှစ်ပတ်လည်လျှောက်လမ်းတွေပါဝင်တယ်။ စင်္ကာပူဟာ ကျွန်မတို့ရဲ့ ၂၀၁၅  ထိပ်တန်းခရီးသွားနေရာတစ်ခုပါ လို့ ကရက်ဘီလ်ကပြောပါတယ်။
Message တွေ အသုံးတည့်နည်းပညာနဲ့ စက်ရုပ်တွေ
နည်းပညာပိုင်းဟာ ခရီးသွားလုပ်ငန်းရဲ့ အနာဂတ်ကို အရှိန်မြှင့်မောင်းနှင်နိုင်တယ်။ အားလပ်ရက်ကိုယ့်ရဲ့ ခရီးစဉ်ပုံရိပ်တွေ မြင်သာထင်သာရှိအောင်ပြသနိုင်အောင် နည်းပညာကပံ့ပိုးနေသလို ဟိုတယ်ရောက်ပြီး ၁၀မိနစ်အတွင်းအချိန်ပိုင်းလောက်မှာ အားလုံးအဆင်ပြေနိုင်ကြတယ်။ အခန်းတွင်းဝန်ဆောင်မှုမှာဆိုရင်လည်း လူသားဝန်ထမ်းမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်က တာဝန်ယူနိုင်တယ်။ "ဒီနေ့ခေတ်မှာ နည်းပညာဟာ ခရီးသွားလုပ်ငန်းတွေမှာ အားအပြင်းဆုံးအထောက်အပံ့ပေးနိုင်သူ၊ တားဆီးနှောင့်ယှက်နိုင်သူပါပဲ" လို့ Euromonitor International ဈေးကွက်ကျွမ်းကျင်ကုမ္ပဏီရဲ့ ခရီးသွားလုပ်ငန်းလေ့လာဆန်းစစ်သူ အိန်ဂျယ်လိုရိုစ့်စီနီ ကပြောပါတယ်။ ခရီးသွားလုပ်ငန်းဈေးကွက်မှာ ကြိုတင်စာရင်းပေးတာတွေ(booking)ကို message ကတဆင့် ပေးပို့ပြုလုပ်သူ အာရှမှာ သန်းပေါင်းများစွာရှိလာပါပြီ။ တရုတ် message ပေးပို့တဲ့ဝန်ဆောင်မှု  WeChat မှာ သုံးစွဲသူ သန်း ၄၄၀ ရှိနေတာကြောင့် ယူအက်စ်မှာ အသုံးပြုကြတဲ့ messenger ဖြစ်တဲ့ Whatsapp အသုံးပြုသူတွေပြီးရင် ဒုတိယအများဆုံးနိုင်ငံပါ။ အဲဒီ message ပေးပို့တဲ့ messenger တွေကနေ ငွေကြေးရရှိနိုင်မယ့်အခွင့်အလမ်းအဖြစ် ပေါ်ပြူလာဖြစ်နေတယ်။ "messenger တွေအသုံးပြုဆက်သွယ်လာကြတာဟာ တယ်လီဖုန်းကုမ္ပဏီတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာပြီ" လို့ ရိုစ့်စီနီက ဆိုတယ်။ လာမယ့်နှစ်တွေမှာ အင်တာနက်ချိတ်ဆက်အသုံးပြုမှုတွေဟာ ခရီးသွားတွေအတွက် ပိုပြီး အရေးကြီးတဲ့ကိရိယာဖြစ်လာလိမ့်ပါလိမ့်မယ်။ ဈေးကွက်မှာ လောလောဆယ်ရောင်းချနေတဲ့ ဆိုနီရဲ့ SmartWatch နဲ့ Google Glass တွေလည်း အပါအဝင်ပါ။ Apple Watch ကိုလည်း ၂၀၁၅ အတွက် အပြောင်းအလဲကိရိယာတစ်ခုအဖြစ် မျှော်လင့်ထားကြတယ်။ 

Sheraton, St. Regis, W hotels နဲ့ တခြားကမ္ဘာအနှံ့အပြားမှာ အဆင့်မီဟိုတယ်တွေ ပိုင်ဆိုင်ထားတဲ့ Starwood Hotels အုပ်စုကလည်း Apple Watch နဲ့ iPhone application တွေ အသုံးပြုပြီး key card မပါဘဲ ဟိုတယ်အခန်းတွေဖွင့်/ ပိတ်နိုင်အောင် စီစဉ်နေပါတယ်။ Starwood ရဲ့ ဟိုတယ်တွေထဲက ဟိုတယ်တွေဖြစ်တဲ့ Aloft Hotels တွေမှာ စက်ရုပ်ဝန်ထမ်းအသုံးပြုပါပြီ။ ကယ်လီဖိုးနီးယားပြည်နယ် Cupertino က ဟိုတယ်မှာ အသုံးပြုနေတဲ့ စက်ရုပ်အမည်ကို Botler လို့ အမည်ပေးထားတယ်။ "Botler ဟာ လိုအပ်တဲ့ပစ္စည်းတွေ ဥပမာ- သွားတိုက်ဆေး၊ ဖိနပ်၊ သတင်းစာ တွေကို ယူပေးနိုင်တယ်" လို့ Euromonitor ရဲ့ ခရီးသွားလုပ်ငန်းအကြီးအကဲ ကယ်ရိုလိုင်းဘရမ်းနား က ပြောပါတယ်။ Royal Caribbean သင်္ဘောလိုင်းရဲ့ ကမ္ဘာ့ နည်းပညာအကျယ်ပြန့်ဆုံးအသုံးပြုထားတယ်လို့ ဆိုတဲ့ သင်္ဘောခရီးစဉ်သစ် Quantum of the Seas မှာ စားပွဲထိုးတွေကို စက်ရုပ်တွေ တပ်ဆင်အသုံးပြုထားတယ်။ ဒါပေမဲ့ အဲဒီစက်ရုပ်တွေ ဖန်ခွက်တွေကိုင်ထားပြီး ဖြောင့်ဖြောင့်မတ်မတ် ဟန်ချက်ညီမရပ်နိုင်ခဲ့ရင်၊ လိုအပ်သလောက် ကော့တေးမြန်မြန်မဖျော်စပ်နိုင်ခဲ့ဘူးဆိုရင် စက်ရုပ်ထွင်ထားသူတွေက စက်ရုပ်ရဲ့ပလပ်တွေ ဆွဲဖြုတ်ဖို့တော့လိုအပ်နေဦးမှာပါပဲ လို့ Daily Telegraph မှာရေးသားထားတယ်။ "နည်းပညာကို မိတ်ဆက်တဲ့အခါ တချို့နေရာလေးတွေမှာ အလုပ်ကောင်းကောင်းလုပ်ဖို့ လိုအပ်တယ်။ ထူးခြားဆန်းသစ်မှုကိုပဲ ဦးစားပေးရုံ မလုံလောက်ဘူး။ ဧည့်ဝတ်ကျေပွန်မှုဟာ ထွင်လုံးများတဲ့အနေအထားဦးတည်နေမယ်ဆိုရင် အဲဒါ အန္တရာယ်တစ်ခုပဲ" လို့ ဘရမ်းနားက ဆိုတယ်။

Do-it -yourself အားလပ်ရက်တွေနဲ့ သတင်းအချက်ဝေမျှကြတာ
၂၀၁၅ မှာ ခရီးသွားတွေဟာ အားလပ်ရက်ခရီးစဉ်တွေအတွက် booking လုပ်ဖို့ အွန်လိုင်းကို အသုံးပြုပြီးတော့ပဲ forum တွေမှာ သိပ်ကောင်းတဲ့ခရီးစဉ်ဒေသတွေ ဆွေးနွေးထားတာရှာဖတ်မယ်။ အဲဒီနေရာကို ခရီးသွားနိုင်ပြီဆိုရင်လည်း ဒေသခံတွေဆီမှာ ငှားရမ်းတည်းခိုလာကြပါလိမ့်မယ်။ TripAdvisor ကုမ္ပဏီက ကြေညာပါတယ် သြဂုတ် ၂၀၁၄ မှာ TripAdvisor site ကို ကြည့်ရှုသူ ၃၁၅ သန်း လစဉ် အသုံးပြုနေပါတယ်တဲ့။ ၂၀၁၃ ခုနှစ်ကနေပြီး ၂၀ ရာခိုင်နှုန်းတိုးလာခဲ့တာပါ။ TripAdvisor ရဲ့ forum တွေကို ဖတ်ပြီး ခရီးသွားနေရာတွေအကြောင်းပိုပြီးကျယ်ကျယ်ပြန့်ပြန့်သိရအောင်ဆွေးနွေးမေးမြန်းကြတယ်။ အဲဒီဒေသအတွင်းက အခြေအနေအမှန်တွေ သိရှိနိုင်အောင် စေ့စေ့စပ်စပ် လေ့လာကြပါတယ်။ peer-to-peer (P2P) စနစ်နဲ့ အတွေ့အကြုံအစစ်တွေ ဝေမျှပြီး ဒေသခံ ဧည့်လမ်းညွှန်နဲ့ ခရီးသွားကြတာကလည်း ပေါ်ပြူလာဖြစ်လာပါတယ်။ အိမ်နေရာ၊ တည်ခိုခန်းငှားရမ်းနိုင်တဲ့ holiday rentals site ဖြစ်တဲ့ Airbnb မှာ လက်ရှိ နိုင်ငံပေါင်း ၁၉၀ က ဧည့်သည်ပေါင်း ၆ သန်းခန့်ရှိနေကြတယ်။ 

ဒေသခံတွေနဲ့ ချိတ်ဆက်ပြီး
၂၀၁၅ ခရီးသွားပုံစံအခင်းအကျင်းဟာ စားသောက်ဆိုင်တွေမှာထက် ဒေသခံတွေရဲ့ အိမ်မှာ ဒေသခံတွေနဲ့ အတူတူ စားသောက်နိုင်ဖို့ စီစဉ်လာကြလိမ့်မယ်လို့ WTM Global Trends Report 2014 မှာ ဖော်ပြထားပါတယ်။ Eatwith.com မှာ မိသားစု၊ စုံတွဲခရီးသွားတွေ အိမ်မှာချက်ပြုတ်စားသောက်နိုင်မယ့်အစီအစဉ် ရှာဖွေနိုင်သလို Bookalokal.com မှာလည်း meal ကမ်းလှမ်းတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံချိတ်ဆက်ပြီး booking လုပ်ကြတာတွေ ပိုကျယ်ပြန့်လာကြတယ်။ "ကျွန်မရဲ့ ခရီးသွားအတွေ့အကြုံတွေထဲမှာ ဒေသခံတစ်ယောက်ယောက် အမြဲလိုပါတယ်။ အဲဒီတော့ ဒေသခံတွေနဲ့ ဆက်သွယ်သွားလာနိုင်တယ်။ အဲဒီဒေသအကြောင်း ပိုပြီးစေ့စေ့စပ်စပ်မြည်းစမ်းနိုင်တာပေါ့" လို့ အဲဗလင်းဝှိုက်ထ် က report ထဲမှာဖြေထားပါတယ်။  Bookalokal.com နဲ့ Eatwith.com နှစ်ခုလုံးမှာ Airbnb က အိမ်ခန်း၊ တည်းခိုခန်းတွေ ဆက်သွယ်ငှားရမ်းနိုင်အောင်လည်း ချိတ်ဆက်ထားကြတယ်။ အစားအသောက်အရည်အသွေး၊ ရှုခင်းနေရာအနေအထား၊ သန့်ရှင်းသပ်ရပ်မှု နဲ့ပတ်သက်တဲ့ ဧည့်သည်တွေရဲ့ မှတ်ချက်တွေကိုလည်း အဲဒီ site တွေမှာ ဖော်ပြပေးထားပါတယ်။ Vayable.com လို P2P site တွေမှာလည်း ခရီးသွားအတွေ့အကြုံတွေ ဖတ်ကြည့်နိုင်ကြတယ်။ Vayable ကလည်း ခရီးသွားတွေအတွက် ဒေသခံတွေနဲ့ စီစဉ်ထားတဲ့ ပါရီမြို့ ညရှုခင်းဓာတ်ပုံအလှရိုက်ကူးနိုင်မယ့်ခရီးမျိုး ကနေ၊ နယူးဇီလန်မြောက်ကျွန်းက အလုံပိတ် အပေါ့စား ကယပ်လှေစီးနိုင်မယ့်ခရီး နဲ့ အာဖရိက ရဲ့ အကြီးမားဆုံးအကျယ်ပြန့်ဆုံးနေရာ ကီဘာရာ ခရီးအထိ ခရီးစဉ်အမျိုးမျိုးလေ့လာရွေးချယ်နိုင်အောင်စီစဉ်ထားကြတယ်။ အဲဒီလို ဒေသခံတွေနဲ့ ယုံကြည်စိတ်ချရတဲ့အတွေ့အကြုံတွေကို ခင်းကျင်းထားတဲ့ အင်တာနက်ချိတ်ဆက် ခရီးသွားလုပ်ငန်းတွေဟာလည်း လာမယ့်နှစ်တွေမှာ မြန်မြန်ဆန်ဆန်တိုးတက်လာနေမှာပါ။
Source: 'Botlers,' 'braggies' and the sharing economy: What will travel look like in 2015?
By Mairi Mackay | CNN

ဖြိုးဖြိုး
(Living Fashion Magazine, February, 2015)

No comments: