Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 07, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

Manson ရဲ့ ယုံကြည်ချက်ခပ်ပြင်းပြင်းနဲ့ အယ်လ်ဘမ်အသစ်
အမေရိကန် Metal သမားကြီး မာရီလင်မန်ဆန်ဟာ ဇန်နဝါရီ ၂၀ မှာ ထွက်ဖို့ မှန်းထားတဲ့ ၉ ခုမြောက် အယ်လ်ဘမ် The Pale Emperor ကို တခြား အယ်လ်ဘမ်တွေထက် ပိုပြီး ပြင်းပြတဲ့ယုံကြည်ခံစားမိတယ်လို့ ပြောနေပါတယ်။ သူကိုယ်တိုင် "စစ်ကြေညာခြင်း" လို့ အားပါးတရ ညွှန်းဆိုခဲ့ဖူးတဲ့ သက္ကရာဇ် ၂၀၀၀ တုန်းက Holy Wood အယ်လ်ဘမ်နောက်ပိုင်းထွက်ရှိခဲ့သမျှ အယ်လ်ဘမ်တွေထက်ယုံကြည်ထားတယ်လို့ ဆိုတယ်။
The Pale Emperor ဟာ Guardians of the Galaxy နဲ့ နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်သီချင်းလည်းရေးသူ အဖွဲ့ဝင်အသစ် တိုင်လာဘိတ်စ် နဲ့ ပထမဆုံးလက်တွဲထားတဲ့အယ်လ်ဘမ်ပါ။ မန်ဆန်က အင်္ဂလိပ်ဂီတမဂ္ဂဇင်း NME မှာဖြေခဲ့တယ်။  "ဒီအယ်လ်ဘမ်ဟာ ဘဝတွေကံစီမံရာအတိုင်းဖြစ်တဲ့နေရာ၊ နတ်ဆိုးကြီး မက်ဖီစတော်ဖီလီးစ်ဒဏ္ဍာရီနဲ့ ချည်နှောင်ရစ်တွယ်ထားသလို ခံစားရတယ်။ Holy Wood အယ်လ်ဘမ်ထွက်ပြီးကတည်းက ဒီလိုနည်းလမ်းခံစားချက်မျိုးမရခဲ့တော့ဘူး။  ကိစ္စတွေဟာ အဲဒီတိကျတဲ့နေရာထဲကိုပဲ လဲပြိုနစ်ဝင်သွားမယ်ဆိုတဲ့အဓိပ္ပါယ်မျိုးခံစားရနေတယ်။ ဒါဟာ ကိုယ် ဖန်တီးစွမ်းဆောင်နိုင်တာ အဆုံးစွန်တော့ မဟုတ်သေးဘူး။ ဒါပေမဲ့ ကိုယ် ကိုယ်တိုင်အတွက် သင့်တင့်တဲ့လေးစားမှုပြနိုင်တယ်။ ဖန်တီးခဲ့ဖူးတဲ့ ဂီတတွေပြနိုင်ခဲ့တယ်။ အဲဒီလိုအဓိပ္ပါယ်ဖွင့်ဆိုနိုင်ခဲ့တဲ့ အယ်လ်ဘမ်ပါ" တဲ့။ ဘိတ်စ်ရဲ့ လော့စ်အိန်ဂျယ်လိစ်က home studio မှာပဲ အသံဖမ်းခဲ့ကြတယ်။ "ဒီအယ်လ်ဘမ်ဟာ rock and roll စစ်စစ် အယ်လ်ဘမ်ပါ။ မွမ်းမံတာတွေသိပ်မလုပ်ဘဲ လွှတ်ထားခဲ့တယ်။ ချက်ချင်းဆိုသလို လုပ်ချင်သလိုဖြစ်ဖြစ်သွားခဲ့တယ်။ တိုင်လာက သီချင်းရေးတယ်။ ပြီးတော့ ဒါကိုဆိုချင်လားလို့ပြောတယ်။ Third Day of A Seven Day Binge မှာ ကောက်ကာငင်ကာဆိုလိုက်တဲ့ သီချင်းစာသားတွေ ခင်ဗျားတို့ကြားရမယ်။ တိုင်လာရဲ့ ဂစ်တာသံက ကိုယ့်သီချင်းသံကြားဖြတ်ပြေးနေချိန်မှာပေါ့" လို့ မန်ဆန်ကပြောပါတယ်။ မန်ဆန်ရဲ့ ယူကေ ဖျော်ဖြေပွဲကိုတော့ ဇွန် ၁၃ မှာ လုပ်မယ်လို့ အတည်ပြုလိုက်တယ်။ MUSE အဖွဲ့ ကြေညာထားတဲ့ Download အင်္ဂလိပ်ရောခ့်ဂီတပွဲတော်နဲ့ တစ်ရက်ထဲဖြစ်နေပါတယ်။ မန်ဆန်ဟာ လန်ဒန် KOKO ဂီတကလပ်ကပြုလုပ်ခဲ့တဲ့ Smashing Pumpkins ဂီတဖျော်ဖြေပွဲမှာ အားဖြည့်သီဆိုခဲ့ပါသေးတယ်။ အဲဒီပွဲမှာ Third Day of A Seven Day Binge နဲ့ Ava Adore သီချင်းတွေသီဆိုခဲ့တယ်။

ပေါပ့်ဘုရင်မ မက်ဒေါနားက အွန်လိုင်းမှာ ပေါက်ကြားခဲ့တဲ့ သီချင်းတွေ နားမထောင်ပါနဲ့ တဲ့ 
အသစ်ထွက်ရှိတော့မယ့် Rebel Heart အယ်လ်ဘမ်သီချင်းတွေ အွန်လိုင်းမှာ ပေါက်ကြားပျံ့နှံ့ခဲ့တာတွေကို နားမထောင်ကြဖို့ မက်ဒေါနားက သူမရဲ့ ပရိတ်သတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ အခွေကြမ်းသီချင်း ၁၄ ပုဒ် ပေါက်ကြားခဲ့တာပါ။ "အဲဒီသီချင်းတွေဟာ အယ်လ်ဘမ်မှာတောင် ဘယ်လိုထည့်မလဲ အသေအချာ မစီစဉ်ရသေးပါဘူး။ နောက်ထပ် တစ်ခြမ်းစာမှာလည်း အပြောင်းအလဲတွေလုပ်ထားတယ်။ အဲဒါဟာလည်း အကြမ်းဖက်နည်း ပုံစံတစ်မျိုးပါပဲ။ ဘာကြောင့် အနုပညာရှင်ရဲ့ အရည်အသွေးတွေကို ဖျက်ဆီးပစ်ချင်ရတာလဲ။ ဘာကြောင့် ခိုးယူတာလဲ။ ဘာကြောင့် ကျွန်မရဲ့ အကောင်းဆုံးဂီတပေးနိုင်အောင်၊ အယ်လ်ဘမ်ပြီးဆုံးအောင် အခွင့်အရေးမပေးရတာလဲ" လို့ မက်ဒေါနားက သူမရဲ့ instagram မှာရေးခဲ့တယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ တစ်ခါ နောက်ထပ် သီချင်း ၃ ပုဒ် ပေါက်ကြားခဲ့သေးတယ်။ အဲဒီ demo တွေမှာ Never Let You Go ၊ Arioso ၊ Two Steps Behind m သီချင်းတွေပါဝင်ပြီး လေဒီဂါဂါအကြောင်း ချိုးချိုးဖဲ့ဖဲ့သီဆိုထားတယ်လို့ဆိုတယ်။ မက်ဒေါနားရဲ့ မန်နေဂျာ ဂိုင်းအော်စရီကတော့ ဂါဂါကို မရည်ညွှန်းပါဘူး လို့ ငြင်းဆိုပါတယ်။ Rebel Heart ဟာ ၁၃ ခွေမြောက် အယ်လ်ဘမ်ဖြစ်ပြီး မတ်လ မှာ ထွက်ရှိမယ်လို့ ကြေညာထားတာပါ။ Rebel Heart အယ်လ်ဘမ်မှာ ပါဝင်မယ့် သီချင်းတွေရဲ့ စာရင်းမှာ 'Unapologetic Bitch' , 'Bitch I'm Madonna', 'Addicted (The One That Got Away)', 'Borrowed Time', 'Heartbreak City', 'Illuminati', 'Joan Of Arc', 'Living 4 Love (Carry On)', 'Make The Devil Pray', 'Messiah', 'Rebel Heart', 'Revolution' 'Wash All Over Me' တို့ဖြစ်ကြတယ်။ 

ဘိုနို၊ ဂီတာ နဲ့ နောက်ထပ်တစ်ကြိမ်
ဘိုနိုဟာ နယူးယောက်စီးတီးမှာ စက်ဘီးမတော်တဆဖြစ်ခဲ့တာကြောင့် ဒဏ်ရာရခဲ့ပြီး တံဆောင်တစ်မှာ တိုင်တေနီယမ်သတ္တုတွေထည့်ခဲ့ရတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက Central Park မှာ စက်ဘီးမောင်းနှင်တဲ့အချိန် ထိခိုက်မိခဲ့တာပါ။ အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ U2 အဖွဲ့သားကြီးဟာ ဘယ်ဘက်မျက်အိမ်မှာထိခိုက်ခဲ့တယ်။ လက်ပြင်ရိုးမှာလည်း ၃ ပိုင်းလောက်ကွဲကြေခဲ့ပြီး ဘယ်ဘက် တံတောင်ဆစ်တွေမှာဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဆရာဝန်တွေ က "အရှိန်ပြင်းလှတဲ့ စက်ဘီးမတော်တဆမှု" လို့ ပြောလိုက်ပြီး နာရီတော်တော်များများ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရတာပါ။ အဖွဲ့ရဲ့ website မှာ ဘိုနိုပြောထားတာက "နာလန်ထူတဲ့အချိန်ဟာ ကျွန်တော်တွေးထင်ထားတာထက် ပိုပြီးခက်ခဲပါတယ်။ ကျွန်တော် နောက်တစ်ကြိမ်ဂီတာတီးနိုင်ပါဦးမလား မသေချာလှဘူး" တဲ့။ သူ့ရဲ့ ဘလောဂ့်မှာ X-ray ပုံကိုလည်း တင်ထားခဲ့တယ်။ အမေရိကရဲ့ အကောင်းဆုံး elbow အထူးကုတွေထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာ ရောဘတ်ကလက်ပါက "ဂစ်တာတီးတယ်ဆိုတာ ဒီလိုထိခိုက်ဒဏ်ရာမှုတွေအတွက် အကောင်းဆုံး စိတ်ကုထုံးပါ" လို့ တော့ပြောပါတယ်။ ဒါပေမဲ့ ဘိုနိုရဲ့ တံတောင်ဆစ်အနာတရဖြစ်မှုမျိုးကတော့ မြင်ဖူးခဲ့သမျှထဲမှာ အကြီးကျယ်ဆုံးဖျက်စီးပြစ်လိုက်တဲ့ အခြေအနေဆိုတာတော့သေချာတယ်လို့ ထပ်ပြီးပြောပါတယ်။ ဒေါက်တာကလက်ပါယုံကြည်တာက X-ray အရဆိုရင် ခွဲစိတ်ကုသမှုအတွင်းမှာ ကွဲကြေသွားတဲ့နေရာတွေကို ကောင်းကောင်းမွန်မွန်ချည်နှောင်လိုက်ထားနိုင်လိုက်ပြီဆိုတာ ပြနေတယ်တဲ့။  ၅ နာရီကြာတဲ့ခွဲစိတ်မှုအပြီးမှာ တိုင်တေနီယမ်ပြား ၃ ပြားနဲ့ ဝက်အူ ၁၃ ချောင်းအသုံးပြုပြီး ဆိုးဆိုးဝါးဝါး ဖိခြေထားခံရတဲ့ တံတောင်ဆစ်ကို အတူတကွပြန်ဆက်ခဲ့ကြတယ်။ "ဘိုနို ဂီတာပြန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ အားလုံးသိတဲ့၊ ချစ်ခင်နှစ်သက်ကြတဲ့ ဂီတသမားအဖြစ် ဆက်လက်ရှင်သန်သွားဖို့ မျှော်လင့်ထားတယ်" လို့ ဒေါက်တာ ကလက်ပါက ပြောခဲ့တယ်။

မိုင်လီ နဲ့ ဂျက်စီ တို့ရဲ့ ယူအက်စ်အေက ပါတီပွဲ
မိုင်လီဆိုင်းရပ်စ်ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Party in the USA ဟာ အင်္ဂလိပ်အဆိုတော် ဂျက်စီဂျေး ရေးသားခဲ့တဲ့သီချင်းပါ။ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Time of Our lives (EP) ထဲက သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီသီချင်းကို ပထမရေးဖြစ်ခဲ့တုန်းက ဂျက်စီဂျေးက သူကိုယ်တိုင်သီဆိုဖို့ အတွက်ရေးသားခဲ့ပေမယ့် နောက်ပိုင်းမှာ မိုင်လီဆိုင်းရပ်စ်အတွက် ဆုံးဖြတ်ခဲ့တယ်။ Party in the USA သီချင်း/ ဗီဒီယို တို့မှာ မိုင်လီဟာ အောင်မြင်ခဲ့တယ်။ ချစ်စရာ၊ ပျော်ရွှင်မြူးထူးစရာ သီချင်းလေးတစ်ပုဒ်ပါ။ အသက် ၂၆ နှစ်အရွယ် အင်္ဂလိပ်အဆိုတော်မလေး ဂျက်စီဂျေးဟာ မိုင်လီရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ The Time of  Our Lives က hit သီချင်း ကိုရေးပေးနိုင်ခဲ့တဲ့အတွက် သူမရဲ့ ဘဏ္ဍာရေး မြှင့်တင်နိုင်ခဲ့တယ်။ Party in the USA ဟာ ၃ နှစ်စာ သူမရဲ့ bill ကို ပေးနိုင်တဲ့အထိ အောင်မြင်ခဲ့တာပါ လို့ ဖွင့်ဟခဲ့ပါတယ်။ "ရှင် တို့ သီချင်းရေးဖို့ စိတ်ကူးအတွေးရခဲ့တယ်။ သီချင်းတွေရေးခဲ့တယ်။ အဲဒါ ပိုက်ဆံရှိတဲ့နေရာပါ။ Artist ဖြစ်လာစေတဲ့အရာပါ" လို့ ဂျက်စီက ရှင်းပြခဲ့တယ်။ တကယ်ဆို အဲဒီထက်တောင် ပိုပါသေးတယ်။ Party in the USA ဟာ ကျွန်မရရှိခဲ့သမျှထဲက အများဆုံးပိုက်ဆံပဲ။ ကျွန်မ သီချင်းရေးတယ်။ သီချင်းဆိုတဲ့သူဖြစ်တယ်။ ကျွန်မရဲ့ ရပ်တည်မှုကို ထောက်ခံပေးတဲ့အရာတွေကို ကျွန်မချစ်တယ် တဲ့။ ဂျက်စီဟာ ခရစ္စမတ်အယ်လ်ဘမ်တစ်ခုကိုလည်း ရေးချင်တယ်လို့ သူမရဲ့ ရည်မှန်းချက်ကို ပြောပြခဲ့တယ်။ "ခရစ္စမတ်အယ်လ်ဘမ် တစ်ခု ဖန်တီးဖို့က ကျွန်မရဲ့ တောင်းဆုစာရင်းထဲက တစ်ခုသောအရာပါ။ ဒါပေမဲ့ ဂန္တဝင် ခရစ္စမတ်သီချင်းအသစ်တွေရေးချင်တယ်။ "ရူးဒေါ့... နှာခေါင်းနီနီလေးနဲ့ ရိန်းဒီးယားသမင်ရယ်" ဆိုတဲ့ ခရစ္စမတ်သီချင်မျိုးတော့ မဆိုချင်တော့ပါဘူး" လို့ဆိုတယ်။ Bang Bang လိုပဲ လူကြိုက်များခဲ့တဲ့ ဂျက်စီဂျေးရဲ့ Masterpiece သီချင်းဟာ အယ်လ်ဘမ်အသစ် Sweet Talker ထဲက သီချင်းပါ။ အဲဒီ pop/ R&B သီချင်းလေးဟာလည်း ဂျက်စီဂျေးရဲ့ ပထမဆုံး အယ်လ်ဘမ် Who you are အရသာနဲ့ အကြောင်းအရာတွေတူနေတယ်လို့ တချို့က ဝေဖန်ခဲ့ကြတယ်။ အဲဒီလိုဝေဖန်မှုတွေကြောင့် ဂျက်စီရဲ့ Glamour Magazine အမေးအဖြေတစ်ခုမှာ ဖြေခဲ့ပုံက နှစ်သက်သဘောကျစရာပါ။ "အမျိုးသမီးတိုင်းဟာ အကြောင်းအရာတစ်ခုတည်းကိုပဲ စကားစမြည်ပြော/ သီချင်းဆိုကြမှာပါပဲ။ ဒါပေမဲ့ သူတိုရဲ့ ကိုယ်ပိုင်နည်းလမ်းနဲ့ ဆိုဆိုပြောပြောလုပ်ကြတာပါ။ အချစ်၊ အသည်းနှလုံးကြေပြုန်း၊ စိတ်အားပေးမှု၊ ယုံကြည်မှု၊ ကျွန်မတို့ ဘယ်လိုရှုမြင်သလဲ၊ ဘယ်လိုခံစားသလဲ။ ကျွန်မတို့အားလုံးဟာ အဲဒါတွေကိုပဲ သီဆိုနေကြမှာပဲ။ ပြုလုပ်နေကြမှာပဲ" တဲ့။ ဂျက်စီဂျေးဟာ Who You Are (2011), Alive (2013) နဲ့ Sweet Talker (2014) အယ်လ်ဘမ်တွေထွက်ရှိခဲ့တယ်။

One Direction ရဲ့ အဖွဲ့သား Niall ဦးတည်ချက်ပြောင်းတော့မှာလား
ဆယ်ကျော်သက်လေးတွေရဲ့ အသည်းစွဲ ယူကေပေါပ့်အဖွဲ့ One Direction ရဲ့ အဖွဲ့သားတစ်ဦးဖြစ်တဲ့ နိုင်းရယ်လ်ဟိုရန် အဖွဲ့ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းထွက်လာခဲ့တာကြောင့် ပရိတ်သတ်တွေအားလုံး လှုပ်လှုပ်ရွရွထိတ်လန့်ကုန်ကြပါတယ်။ အဲဒါအမှန်ပဲလားလို့ မေးနေကြတယ်။ တကယ်တမ်း နိုင်းရယ်လ်ဟိုရန် One Direction ကနေ ထွက်တော့မယ်ဆိုရင်တော့ ကမ္ဘာကြီးက လုံးဝအဆုံးသတ်သွားတော့မှာပဲလို့ သည်းသည်းလှုပ်ပရိတ်သတ်လေးတွေ ညည်းတွားခဲ့ကြတယ်။ အဲဒီသတင်းဟာ ဒီဇင်ဘာ ၂၈ ရက်လောက်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ twitter ရဲ့ Yahoo Celebrity UK အကောင့်နဲ့ တချို့ က tweet ခဲ့တာပါ။ နောက်တစ်နေ့ နံနက်မှာတော့ အဲဒီသတင်းဟာ သတင်းမှားတစ်ခုဖြစ်တယ်ဆိုတာနဲ့ yahoo celebrity UK အကောင့်ဟာ ဟက်ကာတွေ ချိုးဖောက်တာခံလိုက်ရပြီး သတင်းမှားတင်ခဲ့တယ်ဆိုတာ ပြန်ဖြေရှင်းခဲ့ပါတယ်။ @sugarscape ကလည်း သူတို့ အိပ်မောကျနေတဲ့ ညပိုင်းမှာ အဲဒီအကောင့်ဖောက်ခံလိုက်ရတာပါ။ အဲဒီသတင်းကြောင့်စိတ်ပျက်သွားခဲ့ရတာကို အင်မတန်ဝမ်းနည်းပါတယ် လို့ ရေးခဲ့ပါတယ်။ One Direction အဖွဲ့ရဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Four အယ်လ်ဘမ်ရဲ့ record label "Columbia Records" က "အဲဒါမမှန်ပါဘူး။ ကောလဟာလပါ" လို့ Billboard ကို ပြောခဲ့ပါတယ်။ X Factor မှာ အဆိုပြိုင်ခဲ့တဲ့အချိန်မှာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့လူငယ်လေးဟာ ကြီးမားလှတဲ့အပြောင်းအလဲနဲ့ အောင်မြင်မှုတွေကြောင့် ကလေးဘဝ ကျောင်းစာသင်တွေနဲ့ ပြတ်တောက်သွားခဲ့ရတယ်။ One Direction က အားလုံးကို ဖြတ်တောက်ပစ်ခဲ့တယ်လို့တော့ ပြီးခဲ့တဲ့ ၂၀၁၄ အောက်တိုဘာလောက်က အင်တာဗျုးတွေမှာ နိုင်းရယ်လ် ဖြေခဲ့ဖူးပါတယ်။ အတန်းပညာအရည်အချင်းတွေမှာ အားနည်းသွားခဲ့ပေမယ့် အခုအချိန်မှာ One Direction အဖွဲ့သားတစ်ဦးစီဟာ ပေါင် ၁၄ သန်းခန့် ပိုင်ဆိုင်ထားကြပြီလို့ ယုံကြည်ထားကြတယ်။ One Direction ရဲ့ အဖွဲ့သားလူငယ်လေးတွေဟာ Niall Horan, Zayn Malik, Liam Payne, Harry Styles and Louis Tomlinson တို့ဖြစ်ကြတယ်။ One Direction အဖွဲ့ဟာ Up All Night (2011) ၊Take Me Home (2012) ၊ Midnight Memories (2013) နဲ့ Four (2014) အယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးပါပြီ။ Brit Awards ၊ MTV Video Music Awards လေးဆုနဲ့ MTV Europe Music Awards ၁၁ ဆု ရရှိခဲ့ကြတယ်။

၂၀၁၄ ရဲ့ ထိတ်လန့်ဖွယ်အကောင်းဆုံး Music Video တွေ
ဂီတဗီဒီယိုတိုင်းဟာ ဖန်တီးမှုခြင်း အတူတူပဲမဟုတ်ကြပါဘူး။ တချို့ဟာ ပိုပြီးတော့ ထိတ်လန့်ကြောက်ရွံ့စဖွယ် ရိုက်ကူးထားကြတယ်။ ၂၀၁၄ ခုနှစ်မှာ အင်တာနက်ပေါ်ရောက်လာခဲ့တဲ့ ထူးခြားကြောက်ရွံ့စရာကောင်းတဲ့ ဂီတဗီဒီယိုတွေအားလုံးကိုတော့ စာရင်းပြုစုထားဖို့ မဖြစ်နိုင်ပါဘူး။ လေဒီဂါဂါလည်း ထိတ်လန့်ဖွယ်ရာတွေရိုက်ကူးတယ်။ ကိုင်လီမနိုဂ့်လည်း ထူးထူးခြားခြား ကြောက်ရွံ့စရာတွေရိုက်ခဲ့တာပဲ။ ဒါပေမဲ့ အဲဒီထဲကမှ ထိတ်လန့်စရာအကောင်းဆုံး ဗီဒီယိုစာရင်းကို ကြည့်တဲ့အခါ Wang Rong Rollin ရဲ့ "Chick Chick" ၊ 
Maroon 5 ရဲ့ "Animals" ၊ 
Riff Raff ရဲ့ "Tip Toe Wing In My Jawwdinz" ၊ 
DJ Snake and Lil Jon တို့ရဲ့ "Turn Down For What" ၊ 
Mastodon ရဲ့ "Motherload" ၊ 
Die Antwoord ရဲ့ "Ugly Boy" ၊ 
Sia ရဲ့  "Chandelier" ၊ 
Anamanaguchi ရဲ့ "Pop It" ၊ 
Kylie Minogue ရဲ့  "I Was Gonna Cancel" နဲ့ 
Caribou ရဲ့ "Our Love" ဗီဒီယိုတွေပါဝင်နေကြပါတယ်။
ဖြိုးဖြိုး
(Yati Magazine, February, 2015)

No comments: