မောင်... မှတ်မိဦးမလာပဲ...။
ကျွန်မကတော့ ကောင်းကောင်းကြီးကို အမှတ်ရနေမိတယ်။
ဗိုလ်ချုပ်လမ်းက national CDအရောင်းဆိုင်ကလေးမှာပေါ့။ မောင်နဲ့... အို မဟုတ်ဘူး၊ မောင့်ရဲ့ လက်တစ်စုံနဲ့ အရင်ဆုံးတွေ့ခဲ့ရတာ ဘယ်မေ့နိုင်ဦးမှာလဲ မောင်ရယ်။
အဲဒီတုန်းက အခုလိုပဲ မိုးကလေးက အုံ့မှိုင်းနေသေးတော့... တကယ့်ကို လွမ်းစရာပဲပေါ့...။
လွမ်းတယ် ...မောင်ရယ်... အလွမ်းကြီးလွမ်းတယ်...။ မောင့်ကို ဟင့်အင်း မဟုတ်ပါဘူးနော်... အနားမှာရှိနေတဲ့ မောင့်ကို ...ကျွန်မက ဘာကိစ္စ လွမ်းတ,ရမှာလဲ ကျွန်မလွမ်းနေတာလေ... မောင့်ရဲ့လက်တွေကိုပါရှင်ရယ်...။ ရှင်းရှင်းပြောရရင် ကျွန်မ ပခုံးပေါ်မှာ ရှိမနေတော့တဲ့ မောင့်ရဲ့ လက်တွေကိုပေါ့...။
မောင်... မေ့နေလောက်ပါပြီ။ ကျွန်မ ပြန်ပြောပြရင်တော့ ခပ်ရေးရေး မောင်သတိရကောင်းရဲ့။ ဟောသည် အြေငသညေူ ဃီ ဆိုင်ကလေးမှာလေ MP 3 Love Song CDချပ်ကလေးဆီ လက်အလှမ်း၊ စိတ်အကြံတူနေတဲ့ ကျွန်မနဲ့မောင် လက်ချင်း ခလုတ်တိုက်မိသွားတာ ဖြစ်လေ့ရှိတာမျိုးပါ။ ဒါပေမဲ့ ထူးဆန်းတာက သစ်ရွက်လှုပ်တာမြင်တိုင်း ရယ်မော ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ကလေး တစ်ယောက်လို ကျွန်မရင်က လှိုက်ခနဲ ခုန်လှုပ်သွားလို့ပဲပေါ့။ ဒါဟာ ဘာကြောင့်များ...။ ကျွန်မယူမယ့် CDလေး သူတစ်ပါးလက်ထဲ အရင်ပါသွားမှာ စိုးရိမ်စိတ်နဲ့ ဒိတ်ခနဲ၊ ထိတ်ခနဲ ခုန်လှုပ်သွားမိတာမျိုးလို့ ဖြေသိမ့်တွေးချင်သေးပေမယ့် CDချပ်လေး လက်ထဲရောက် အိမ်ကို ပါလာတဲ့အထိ ဟောသည်ရင်ဘတ်ဆီက လှိုက်ဖိုလှိုက်ဖိုနဲ့ ကဲ ဒီ့ထက်သေချာရဦးမလား။ ကျွန်မရင်ခုန်တာ မောင်ရဲ့ လက်တွေ ကြောင့်ပါရှင်ရယ်။