ကျွန်မ ခုတလော သိပ်စိတ်ညစ်နေမိတယ်။ ဖေဖေနဲ့မေမေဟာ ဟောဒီ ကမ္ဘာမှာ ကျွန်မ တစ်ယောက်တည်းကိုပဲ အချစ်ဆုံးလို့ ထင်ခဲ့တာလေ။ ကျွန်မ အပေါ် အခုလိုရုတ်တရက်ကြီး သဘောထား ပြောင်းသွားလိမ့်မယ်လို့ ဘယ်တုန်း ကမှ မထင်ခဲ့ဘူး။ မောင်လေးလို့ ကျွန်မခေါ်ရမဲ့ လူသားပိစိကွေးလေး တစ်ယောက် အူဝဲအူဝဲနဲ့ အာခေါင်ခြစ်အော်ပြီး ရောက်လာကတည်းက အဲဒီဖေဖေနဲ့ မေမေပေါ့ ကျွန်မအပေါ် အချိုးတွေ ပြောင်းသွားလိုက်ကြတာ မပြောပါနဲ့တော့။
အထူးသဖြင့် မေမေပေါ့။ ကျွန်မကို အရင်လို ပွေ့ချီနမ်းရှုံ့ဖို့ မဆိုထားနဲ့၊ လှည့်ကြည့်ဖော်ကလေးတောင်မှ မရတော့ဘူး။ တစ်ချိန်လုံး အဲဒီပိစိကွေးလေးရှိတဲ့ ဘက်ကိုပဲ မျက်နှာမူပြီး မမှိတ်မသုန် ကြည့်နေလိုက်တာ။ ပိစိကွေးကလေးကလည်း တစ်ချိန်လုံး မျက်စိစုံမှိတ် အိပ်နေလိုက်တာ။ သူ့အနားမှာ မိုမိုရေလို့ခေါ်ရင် 'ဝူး'လို့ ထူးမဲ့ ဆင်အကြီးစားကြီး တစ်ကောင်လာအော်နေရင်တောင်မှ နိုးမဲ့ပုံ မပေါ်ပါဘူး။ဒါနဲ့များတောင် မေမေက ကျွန်မဆီက အသံကလေး တစ်ချက်ထွက်လိုက်မိတာနဲ့ ''ဟဲ့...မောင်လေးနိုးသွားမယ်၊ တိတ်တိတ်နေ'' ဆိုပြီး ကျွန်မကို ဟောက်သံပြု သေးရဲ့။ အဲဒီပိစိကွေးလေး ရောက်လာကတည်းက ကျွန်မ ဘာတစ်ခုမှ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ကို မရှိတော့ဘူး။
ညအိပ်ချိန်ဆို ပိုဆိုးသေး။ ကျွန်မက အိပ်မက်ဆိုးတွေ မက်တတ်သူ ဆိုတော့ မေမေ့ရင်ခွင်ထဲတိုးဝင်၊ မေမေ့ကို စိတ်ရှိ လက်ရှိဖက်အိပ်ရပါမှ အဲဒီညအဖို့ စိတ်ချလက်ချရှိမှာလေ။ အခုတော့ မေမေ့ကို ဖက်မလို့ လက်တွေဆန့်ထုတ်ရုံရှိသေး ''ဟဲ့... မောင်လေးကို ထိသွားဦးမယ်၊ သမီး ဟိုဘက်တိုးအိပ်''တဲ့။ ခုတလော အိပ်ရတာ ကြပ်ကြပ်တည်းတည်းနဲ့။ မေမေ့အစား ဖေဖေ့ကို ဖက်အိပ်မယ်လုပ်ပါ သေးတယ်။ ဒါပေမဲ့ ညတွေဆိုရင် ဖေဖေ့ပါးစပ်က ဘယ်လိုမှ ရှုချင်စရာမကောင်း တဲ့ ချဉ်စူးစူးအနံ့ရတတ်တယ်။ အဲဒါကို ကျွန်မ မခံနိုင်ဘူး။ ပြီးတော့ ဖေဖေ့ကိုယ်က မာတောင့်တောင့်နဲ့ သိပ်ဖက်လို့ မကောင်းပါဘူး။ မေမေ့ဆီကလို ရေမြှုပ်စောင်နဲ့ တူတဲ့ နူးညံ့တဲ့ အထိအတွေ့မျိုး မရဘူး။ ကျွန်မ စိတ်ပေါက်ပေါက်နဲ့ တစ်ယောက် တည်းပဲ အိပ်ချင်တော့တယ်။ ပြောသာပြောရတယ်၊ အခန်းတစ်ခန်းထဲမှာ တစ်ယောက်ထဲသာ အိပ်ရရင်တော့ ကျွန်မကြောက်လို့ သေများသွားမလားဘဲ။
အခုနောက်ပိုင်း ဘယ်လောက်ထိ ဖေဖေအချိုးပြောင်းသွားသလဲဆိုရင် မနက်မိုးလင်းလို့ အိပ်ရာထတိုင်း သူ့ဆီ အရင်ဆုံးပြေးလာပြီး 'မင်္ဂလာပါဖေဖေ'လို့ နှုတ်ဆက်ဖို့ သူပဲသင်ပေးထားပြီး၊ အခု ကျွန်မရဲ့ နှုတ်ဆက်သံကို စိတ်မရှည်တဲ့ အသံနဲ့ 'အေးကွာ...အေး မင်္ဂလာပါ' လို့ ကသောကမျောပြောပြီးတာနဲ့ ခုတင် ပေါ်က ပိစိကွေးလေးအနားကပ်ပြီး၊ ''သားရေ... ထတော့လေကွာ၊ မိုးလင်းပြီ''လို့ သွားနှိုးနေတတ်တယ်။ ဘယ်လောက်တရားမျှတမှုမရှိတဲ့ ဖေဖေလဲဆိုတာ အဲဒါသာ ကြည့်တော့၊ နိုးလို့ပဲ သူ့ကိုနှုတ်ဆက်နေတဲ့ ကျွန်မကို လျစ်လျူရှုပြီး၊ ပက်လက် ငြိမ်အိပ်နေတဲ့ ပိစိကွေးကိုကျတော့ အတင်းကြီး သွားနိုးနေတယ်လေ။ ပြီးရင် နံနက်ခင်းကော်ဖီကို ဖေဖေပဲ အမြဲဖျော်ပေးနေကြ။ ဖေဖေက ကော်ဖီဖျော်၊ မေမက အိပ်ရာသိမ်း၊ ကျွန်မက မျက်နှာသစ်ပြီး ထိုင်စောင့်ရုံပဲပေါ့။ ကျွန်မက ဖေဖေကော်ဖီ ဖျော်တာကို ကူညီဖို့ စိတ်ကူးတော့ရှိပါတယ်။ ဖေဖေက ''မလိုဘူး၊ သမီး ဘာမှ မလုပ်နဲ့၊ ဖေဖေပဲ လုပ်ပါမယ်'' ပြောတယ်လေ။ အခုဆို ကျွန်မအတွက် ကော်ဖီက ဘယ်ရောက်နေမှန်းကို မသိဘူး။ ဟိုပိစိကွေးလေးနိုးရင် အဆင်သင့်သောက်ရအောင် ဆိုပြီး နို့အရင်ဖျော်ရတာနဲ့၊ ရေကျက်အေးကျိုရတာနဲ့၊ ကျွန်မကို ဘာမှမခိုင်းဘဲ သိမ်းကျုံးလုပ်ပေးနေကျ ဖေဖေဟာ အခု ကျွန်မအတွက် လုပ်ပေးဖို့ နေနေသာသာ ဟိုပိစိကွေးလေးအတွက် နို့ဘူးကို ကျွန်မ လက်ထဲလာထည့်ပြီး ''သမီးရေ မြန်မြန်လေး''ဆိုပြီး ဆေးခိုင်းလား ခိုင်းရဲ့။ မိုးလင်းတာနဲ့ အဲဒီပိစိကွေးအတွက်ပဲ တစ်အိမ်လုံး အလုပ်ရှုပ်နေကြတာ ကျွန်မ ကြည့်လို့ကို မရတော့ဘူး။ အိမ်မှာ ဘာမှမလုပ်ဘဲ ဇိမ်နဲ့နေနေကျ ကျွန်မတောင် သူ့အတွက် နို့ဘူးဆေးပေးရ၊ အနှီးယူ ပေးရ၊ ပေါင်ဒါယူပေးရနဲ့ သူကတော့ ခုတင်ပေါ်အိပ်လိုက်၊ မေမေ့ပေါင်ပေါ်အိပ်လိုက်၊ ပုခက်ထဲအိပ်လိုက်နဲ့ ဇိမ်ယူနေတာချည်းပဲ။
ပြီးရင် ဘာမှလည်းမဖြစ်ဘဲနဲ့ တအဲ့အဲ့နဲ့ အသံပေးဦးမယ်။ သူ့အသံကြား တာနဲ့ ဖေဖေရော မေမေပါ ပြာနေလိုက်ကြတာ။ ဒီကြားထဲ အသံပေးရုံမက တဝါးဝါးနဲ့ အော်ဟစ်ငိုယိုပြီဆို မေမေတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိနဲ့။ အမှန်တော့ ဘာမှမဟုတ်ဘူး။ သက်သက်မဲ့ မူလဂျီလုပ်တာ။ ဒီလောက်ဂရုစိုက် နေတဲ့ကြားက အကုန်ဝိုင်းပြီး ဂရုစိုက်သထက်စိုက်အောင် ဖြစ်မှာပေါ့။ ကျွန်မတော့ ဂရုမစိုက်ချင်ပေါင် အရုပ်တွေနဲ့ပဲ ဆော့နေလိုက်တယ်။ ဂရုမစိုက်မိအောင် နေတဲ့ကြားက တစ်ခါတစ်ခါ ကျွန်မခိုးကြည့်မိတဲ့ အခါမျိုးမှာ သူက ကျွန်မကို ရယ်ပြနေသလိုပဲ။ အဲဒီလိုဆိုရင် ချစ်စရာကောင်းသားလို့ ကျွန်မစိတ်ထဲ ဖြစ်မိပေမဲ့ ''ဟော... ရယ်ပြီ၊ ရယ်ပြီ၊ မျက်လုံးဖွင့်ပြီ၊ ဟိုဟာလုပ်ပြီ၊ ဒီဟာလုပ်ပြီ''နဲ့ သဲသဲ လှုပ်ဖြစ်နေတဲ့ ဖေဖေ့အသံကြားလိုက်ရရင် အဲဒီပိစိကွေးဟာ ကျွန်မမျက်စိထဲမှာ တစ်စက်ကလေးမှ ချစ်စရာမကောင်းတော့ဘူး ဖြစ်သွားရော။
အရင်က အိပ်နေရင်းနဲ့ အိပ်မက်က လန့်နိုးပြီး ကျွန်မ ငုတ်တုတ်ထ ထိုင်တိုင်း ''သမီး ရေသောက်မလား၊ ဘာလား''နဲ့ တယုတယမေးလေ့ရှိတဲ့ ဖေဖေဟာ အခုနောက်ပိုင်း အဲဒီလို နိုးနိုးကြားကြားမရှိတော့ဘဲ အိပ်လိုက်တာမှ ခွီး...ခေါနဲ့ ဟောက်သံပြင်းပြင်းတောင် ထွက်လို့၊ ကျွန်မ မကျေနပ်တာက အဲဒီလောက်အိပ်မောကျနေတဲ့ ဖေဖေဟာ ပိစိကွေးကောင်လေးဆီက အသံတစ်စုံ တစ်ရာ သဲ့သဲ့ကလေးကြားမိလိုက်တာနဲ့ ဆတ်ခနဲထလာပြီး ''သားကလေး ဘာလုပ်ချင်လဲဟေ့''လို့ ဂရုတစိုက်နဲ့ မေးနေတာကိုပဲ ကျွန်မလေ ဖေဖေရဲ့ အဲဒီအချိုးပြောင်း တာကို မကျေနပ်လို့ နည်းအမျိုးမျိုးနဲ့ စမ်းကြည့်ပါသေးတယ်။ အိပ်မက် တကယ်မမက်ဘဲ မက်သလိုလိုနဲ့ အိပ်မက်ကနေ လန့်နိုးချင် ယောင်ဆောင်လည်း ဖေဖေဟာ ကျွန်မအတွက်ဆိုရင် နိုးကြားမှုမရှိတော့ပါဘူး။ သေချာအောင်လို့ လန့်နိုးချင်ယောင် ဆောင်ရုံမက တအိအိနဲ့ ရှိုက်ငိုပြနေလည်း ဖေဖေဟာ ကျွန်မကို ရှိတယ်တောင် မထင်မှတ်တော့ဘူး။ အရေးမလုပ်တာ့ဘူး။ သေချာပါတယ် ဖေဖေဟာအရင်ကလို ကျွန်မရဲ့ ဖေဖေ မဟုတ်တာ့ဘူး။ ဖေဖေ့ဆီက နိုးကြားတက်ြ
ဒါထက် ရင်အနာရဆုံးအဖြစ်က ကျွန်မပိုင်တဲ့နေရာကို ပိစိကွေးကောင် လေးက လုယူသွားတာပါပဲ။ သူဟာ အခုဆို ဖေဖေနဲ့ မေမေ တစ်ဖက်တစ်ချက်စီ ခြံရံလို့။ တကယ်ဆို ဒါကမှ ကျွန်မရဲ့နေရာအစစ်အမှန်ပါ။ ခုတော့ ကျွန်မရဲ့ တစ်ဖက်မှာ အေးစက်စက်နံရံနဲ့ တစ်ဖက်မှာ ကျွန်မ မမြင်ချင်တဲ့ မေမေ့ရဲ့ ကျောပြင်။ ဒီအဖြစ်ကို ဘယ်လိုမှ သည်းမခံနိုင်တော့လို့ ကျွန်မ တိတ်တိတ်ငိုနေ မိလည်း ဘယ်သူမှ မသိကြတော့ပါဘူး။ ခုနေ ကျွန်မငိုလွန်းလို့ မျက်လုံးကျွတ်ကျ ပြီး၊ သေသွားရင်တောင်မှ သူတိုပသိကြမှာ မဟုတ်ဘူးလို့ ရင်နာနာနဲ့ တွေးမိသေးရဲ့။
တစ်ညမှာတော့ ဖေဖေရော မေမေပါ အိပ်မောကျနေချိန်မှာကျွန်မ အသာကလေး ခြေဖွပြီး ခုတင်ခြေရင်းကနေ လျောဆင်းလိုက်တယ်။ ပြီး ခုတင် အောက်ထဲ ခေါင်းငုံဝင်လိုက်တယ်။ ဘယ်လောက်မှ မကြာသေးဘူး။ မေမေ့ဆီက ''သမီး... သမီးကြီး''ဆိုတဲ့ အသံထွက်ပေါ်လာပါတယ်။ ခုတင်ပေါ်မှာ ကျွန်မမရှိမှန်း ခဏလေးနဲ့ မေမေ ဘယ်လိုလုပ်သိပါလိမ့်လို့ တွေးရင်း ကျွန်မငြိမ်ကုတ်နေမိတယ်။ မီးရောင်မှိန်မှိန်လေးကြားက ကျွန်မလိုပဲ ခြေဖွပြီး လျောဆင်းလာတဲ့ မေမေ့ခြေ ထောက်တွေကို တွေ့လိုက်ရတယ်။ မေမေ့ခြေထောက်တွေ အခန်းထဲက ထွက်သွားတာကို ကျွန်မလိုက်ကြည့်နေမိတယ်။ ခဏလေးပဲ၊ မေမေခြေထောက်တွေ ပြန်ဝင်လာတယ်။ ထွက်သွားတုန်းက အေးအေးဆေးဆေးပေမယ့် ပြန်ဝင်အလာ မှာတော့ မေမေ့ခြေထောက်တွေဟာ ခပ်သုတ်သုတ်နဲ့ မြန်ဆန်နေလေရဲ့။ ခုတင်ဘေး ကို မေမေ့ခြေထောက်တွေ ရောက်လာပြီး ''ထပါဦး၊ သမီးဘယ်သွားလဲ၊ ကြည့်ပေးစမ်းပါ၊ အိမ်သာမှာလည်း မရှိဘူး''ဆိုတဲ့အသံနဲ့အတူ ဖေဖေဟာ ငေါက်ခနဲ ထလာဟန်တူပါရဲ့၊ အိပ်ချင်မူးတူး ခြေလှမ်းကျဲကြီးတွေနဲ့ အခန်းထဲက ထွက်သွား တယ်။ အိပ်ခန်းကလွဲပြီး တစ်အိမ်လုံး မီးတွေထိန်လင်းလာပါတယ်။ မီးတွေဖွင့်ပြီး ဖေဖေ ကျွန်မကိုလိုက်ရှာနေပြီ။ ကျွန်မထင်သလောက် မဆိုးသေးပါဘူး။ ဒီပုံအတိုင်းဆို ကျွန်မ တစ်ခုခု ဖြစ်တာနဲ့ သူတို့တန်းသိမှာပါနော်။ ကျွန်မအတွက် စိုးရိမ်ပူပန်မှု တော့ရှိကြသားလို့ တွေးပြီး ကျွန်မကျေနပ်သွားတယ်။ ခုတင် အောက်ကနေ ငုံ့ပြီး ထွက်လာတဲ့ ကျွန်မရဲ့ ခေါင်းဟာ ဘယ်အချိန်က ပြန်ဝင်လာ မှန်းမသိတဲ့ ဖေဖေ ခြေထောက်တွေနဲ့ ပက်ပင်းတိုးပါတယ်။
ဖေဖေက အသံခပ်အုပ်အုပ်နဲ့ ''ရှာလိုက်ရတာ ဖတ်ဖတ်ကိုမောလို့၊ ညကြီးမင်းကြီး အဲဒီအောက်မှာ ဘာလုပ်နေတာလဲ'' တဲ့။ ကျွန်မ ဖေဖေ့စကားကို ဂရုမစိုက်ဘဲ ကိုယ့်နေရာကိုယ် ပြန်တက်အိပ်နေလိုက်တယ်။ လှုပ်လှုပ်ရွရွဖြစ်လာတဲ့ ပိစိကွေးကို မေမေက တကျွတ်ကျွတ်နဲ့ ပြန်သိပ်ရင်း တစ်လက်စတည်း ကျွန်မကိုပါ ဆူကြိမ်းနေပါတယ်။ ''အလကား လူကြီးတွေ အိပ်ရေးပျက်အောင် ဘာစိတ်ရူးထ နေတာလဲမသိပါဘူး''တဲ့။ အဆူခံရတဲ့ကြားက ကျွန်မ ကျေကျေနပ်နပ်ကြီး ပြုံးနေ လိုက်တယ်။ သူတို့စိတ်ထဲမှာ ကျွန်မအတွက် စိုးရိမ်ပူပန်မှုကလေးတော့ အရင်လို ရှိနေတုန်းပါ။ သူတို့ ကျွန်မတို့ လုံးလုံးလျားလျားကြီးတော့ မေ့လျော့ပစ်မထားကြ သေးပါဘူးလို့ သိလိုက်ရတော့ ကျွန်မ အတော်လေး နေသာထိုင်သာရှိသွားတယ်။
ကျွန်မစဉ်းစားမရတာက ဒီလို စိုးရိမ်ပူပန်မှုရှိရဲ့သားနဲ့များ ကျွန်မကို ဟန်ဆောင်ပစ်ပယ်ထားပြီး၊ ဟိုပိစိကွေးကောင်လေးကိုပဲ ဦးစားပေးဂရုပြုနေကြတာ ဘာကြောင့်လဲပေါ့။ ဒီအတွက်တော့ ကျွန်မသိပ်မကျေနပ်ချင်သေးဘူး။ တကယ်ဆို ကျွန်မဟာ သူတို့ဘဝထဲကို အရင်ဦးဆုံးရောက်လာတဲ့သူ၊ သူတို့ရဲ့ အာရုံထဲမှာ ကျွန်မဟာ အမြဲ ပထမနေရာမှာသာ ရှိရမှာမဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဖေဖေတို့ အချိုးပြောင်းတာက ပြောင်းတာပါပဲ။
အလုပ်ကပြန်လာတိုင်း သူ့ဆီ အပြေးလာကြိုတတ်တဲ့ ကျွန်မကို ကောက်ယူပွေ့ချီပြီး လက်ထဲကို မုန့်တွေ ထည့်ပေးလေ့ရှိတဲ့ ဖေဖေဟာ အခုနောက် ပိုင်း အပြေးလာကြိုတဲ့ ကျွန်မကို တစ်ချက်ကလေး ငဲ့ကြည့်ဖော်တောင်မရဘဲ မေမေ့လက်ထဲက ဟိုပိစိကွေးကောင်လေးကို သဲသဲလှုပ် မွှေးမွှေးပေးနေလိုက်တာ၊ တပြွတ်ပြွတ်နဲ့ အသံများတောင်ထွက်လို့။ တစ်နေ့ထက်တစ်နေ့ တော်တော် အမြင်ကတ်စရာကောင်းတဲ့ ဖေဖေ။ ဘယ်တော့ ကျွန်မကိုချီမလဲဆိုပြီး၊ အနားမှာ ရစ်သီရစ်သီနဲ့ ငံ့လင့်မျှော်စောင့်နေတဲ့ ကျွန်မကို နောက်မှ သတိရလာပုံနဲ့ လှည့်ကြည့် ပြီး ''ရော့...သမီးအတွက် မုန့်''တဲ့။ လူကြီးလုပ်နေပြီး ဖေဖေသိဖို့ကောင်းပါတယ်။ တကယ်ဆို ကျွန်မစောင့်မျှော်နေတာ ဖေဖေ့ဆီက တယုတယနဲ့ ချီပွေ့နှုတ်ဆက် မှုပါ။ မုန့်တွေ ဘာလုပ်ရမှာလဲလို့ ကျွန်မက ဖေဖေ့ကို အကျယ်ကြီးအော်မေး လိုက်ချင်တယ်။ ကျွန်မ မယူဘဲ လက်ထဲရောက်လာတဲ့ မုန့်တွေကိုလည်း စိစိညက် ညက်ခြေမွပြီး၊ ကိုင်ပေါက်ပစ်ချင်လိုက်တာ။ နှမြောတာနဲ့ပဲ ပါးစပ်ထဲ ခပ်မြန်မြန် သွင်းပြီး၊ ဒေါသနဲ့ ဝါးစားပစ်လိုက်တယ်။ ပိစိကွေးကောင်လေး ရောက်လာ ကတည်းက ဖေဖေ ကျွန်မကို ချီပွေ့နှုတ်ဆက်ဖို့ တကယ်ပဲမေ့သွားပါပြီ။ အဲဒီ ဖေဖေကိုလည်း ကျွန်မ မုန်းချင်လာပြီ။
အဲဒီနောက်ပိုင်း ကျွန်မ ဖေဖေ့ကို အရင်လို ပြေးမကြိုတော့ဘူး။ သူပြန် လာတိုင်း မသိလိုက်ဘာသာပဲ နေနေလိုက်တော့တယ်။ ဒီတော့ ဖေဖေက ''မင်း သမီးက ကြီးလာလို့ထင်ရဲ့၊ အဖေ အနားတောင် သိပ်မကပ်တော့ပါလားကွ''လို့ မေမေ့ကို လှမ်းပြောတတ်တယ်။ သူပဲ မကပ်ချင်အောင် လုပ်ပြီးတော့များ သူကပဲ ဒီလိုပြောရတယ်ရှိသေး။ ကျွန်မ ဖေဖေ့ကို စိတ်ရှိလက်ရှိနဲ့ အကြာကြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ ဖေဖေ မမြင်ပါဘူး။ ဘယ်မြင်မလဲ၊ သူ့မျက်လုံးတွေက ဟို ပိစိကွေးကောင်လေးဆီမှာ။ ဖေဖေပြောသလို ကျွန်မ တကယ်ပဲ ကြီးလာပြီထင်ရဲ့။ တစ်နေ့ မေမေက ''သမီးလည်းကြီးပြီ''တဲ့၊ ''အခန်းတစ်ခန်းနဲ့ သတ်သတ် အိပ်ရမယ်''တဲ့။ တကယ်ဆို တစ်ယောက်တည်း အိပ်ရမှာကို ကျွန်မကြောက်ပေမဲ့ အခုလည်း တစ်ယောက်တည်းအိပ်ရတာနဲ့ ဘာထူးလို့လဲလို့ စဉ်းစားမိတဲ့အခါမှာ တော့ အဲဒီ အစီအစဉ်ကို ကျွန်မ လက်ခံလိုက်တယ်။
တစ်ယောက်တည်းအိပ်ရတာဟာ အစပိုင်းမှာ ကြောက်စရာနည်းနည်း ကောင်းတာကလွဲပြီး၊ နောက်ပိုင်းမှာ လွတ်လပ်မှုရဲ့အရသာကို ကောင်းကောင်းကြီး ခံစားနိုင်တယ်လို့ တွေးမိတော့ သဘောကျသွားတယ်။ ခြေလှုပ် လှုပ်ပြန်ပြီ၊ လက်လှုပ် လှုပ်ပြန်ပြီနဲ့ မေမေ့ရဲ့ အဆူအငေါက်ဒဏ်က လွတ်ကင်းသွားပြီး၊ ကျွန်မသဘောအတိုင်း အားပါးတရ အိပ်စက်နိုင်တာပေါ့။ တစ်ခါတစ်ခါ မေမေက ''သမီး မောင်လေးကို မချစ်ဘူးလား'' လို့ မေးရင် ကျွန်မ ဘာမှမဖြေဘူး။ ကျွန်မအပေါ် ဖေဖေရော၊ မေမေပါ အချိုးပြောင်း မသွားဘူးဆိုရင်တော့ ကျွန်မ သူ့ကို ချစ်ချင်ချစ်မှာပေါ့။ အခု သူ့ကြောင့် ဖေဖေ၊ မေမေ အချိုးပြောင်းကုန်ရတာမို့ ကျွန်မသူ့ကို ဘယ်တုန်းကမှ မချစ်ချင်ခဲ့ဘူး။ ဒါပေမယ့် ပါးစပ်ကတော့ မချစ်ဘူး ဆိုတာကို ပြောထွက်ဖို့ ဝန်လေးသလိုပဲ၊ ဒါ ဘာကြောင့်လဲတော့ မသိပါဘူး။
ဒီလိုနဲ့ ဖေဖေ၊ မေမေတို့က အဲဒီ ပိစိကွေးကောင်လေးကို အရမ်းကာရော ဦးစားပေးလိုက်၊ ကျွန်မက ထုံးစံအတိုင်း မကျေမနပ်တွေဖြစ်လိုက်နဲ့ သူဟာ ပိစိကွေးဆိုတဲ့ ကျွန်မပေးထားတဲ့နာမည်နဲ့ ဘယ်လိုမှ မလိုက်ဖက်တော့အောင် တဖြည်းဖြည်း ထွားကျိုင်းကြီးပြင်းလာပါတယ်။ သူဟာ အံ့သြစရာသန်မာလာတဲ့ အပြင် လမ်းလျှောက်ပြေးနိုင်တဲ့ အရွယ်တောင် ရောက်ခဲ့ပါပြီ။ ကျွန်မက သူ့ကို မချစ်ချင်တဲ့စိတ်နဲ့ ဂရုမပြုဘဲ ဘာသိဘာသာ နေခဲ့တာကြောင့်ထင်ရဲ့။ သူဘယ်လို ကနေ ဘယ်လို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲကြီးပြင်းလာတယ်ဆိုတာ ကောင်း ကောင်းမသိလိုက်ဘူး။
တစ်ခုတော့ ကောင်းပါတယ်။ သူ ဒီလိုကြီးပြင်းလာတဲ့အတွက် ကျွန်မမှာ ကစားစရာအဖော်အဖြစ် အရုပ်တွေရှိစရာ မလိုတော့ဘဲနဲ့ သူဟာ ကျွန်မရဲ့ကစားဖော် ဖြစ်လာလို့ပဲပေါ့။ ကိုယ်တိုင်လှုပ်ရှားနိုင် စကားပြောနိုင်တဲ့ သက်ရှိလူသားတစ်ယောက် နဲ့ ကစားရတာဟာ ဘာမှမလုပ်တတ်တဲ့ အရုပ်တွေနဲ့ ကစားရတာထက်တော့ ပိုပြီးပျော်ဖို့ကောင်းတာ အမှန်ပါပဲ။ ဒါပေမဲ့ သူဟာ ငယ်ငယ်တုန်းကလို ကျွန်မအပေါ် အနိုင်ယူချင်တုန်းပဲ။ ဖေဖေ၊ မေမေကလည်း သူ့ဆိုရင် ဦးစားပေးဆက်ဆံနေတုန်းပဲ။ ကျွန်မအနေနဲ့ ဒီတစ်သက် သူ့ကို ဘယ်တော့မှ အနိုင်ရမယ်မထင်တော့ဘူး။
ဖေဖေဟာ အချိုးပြောင်းသွားပေမယ့် ကစားစရာတွေ၊ မုန့်တွေ ဝယ်လာ ရင်တော့ ညီတူမျှတူရှိပါတယ်။ ဘာပဲဝယ်လာလာ အမြဲ နှစ်ခုစီပဲ။ ခက်တာက အရောင်ဆင်တူ မဟုတ်ကြဘူး။ ဒါဟာ ကျွန်မအတွက် တကယ့်ပြဿနာပေါ့။ ကျွန်မက အနီရောင်ယူလိုက်ရင် မောင်လေးဟာ ကျွန်မလက်ထဲက အနီရောင်ကိုပဲ လိုက်ယူတယ်။ အပြာရောင် ကျွန်မယူရင် ကျွန်မလက်ထဲက အပြာရောင်ကို လိုက်ယူပြန်ရော။ သူ့ကို အရင်ရွေးခိုင်းလည်း ကျွန်မလက်ထဲကဟာပဲ လာယူတယ်။ ပြီးရင် သူကပဲ ငိုမဲ့မဲ့လုပ်တော့ ကျွန်မပဲ အဆူခံရရောပေါ့။ မေမေက ''မောင်လေး ကို အလျှော့ပေးလိုက်ပါ၊ သူက အငယ်ပဲ၊ သမီးက ကြီးနေပြီ၊ အနိုင်မကျင့်ပါနဲ့'' တဲ့။ ကဲ... ကောင်းသေးရဲ့လား။ တကယ်ဆို အနိုင်ကျင့်တာက သူ၊ အကြီးဖြစ်တာနဲ့ပဲ အလျှော့ပေးရပေါင်းတွေ ကျွန်မမှာအရမ်းများနေပြီမို့ တစ်ခါတစ်ခါ ကျွန်မ အလျှော့ မပေးတော့ဘူး။ ဒီပြဿနာကြောင့် စိတ်ညစ်လာပုံရတဲ့ မေမေဟာ ''ကဲ... ဖေကြီး ရေ နောက်ကို အရောင်ပါတစ်ထပ်တည်း ဆင်တူဝယ်ခဲ့ပေတော့၊ ဒီမှာသမီးက အကြီးဖြစ်ပြီး ကလေးနဲ့ ဖက်ပြိုင်လုနေတယ်''တဲ့။ နောက်ဆုံးတော့ ကျွန်မအဆိုးပဲ ဖြစ်ရော။ ကစားဖော်လေးရမလားလို့ ချစ်မယ်ကြံရုံရှိသေး၊ မုန်းချင်အောင် သူပဲ လာလုပ်တော့ ကျွန်မ သူ့ကို မုန်းချင်လာရော။ သူက Óာဏ်နီÓာဏ်နက်တော့ ခပ်များများရယ်။ ကျွန်မက မုန်းချင်သလိုလို ဖြစ်ပြန်ပြီဆိုရင် ချစ်ချင်အောင် သူပဲလာလုပ်ပြန်ပါလေရော။
တစ်နေ့ မေမေက ကျွန်မကို စာသင်ပေးရင်းနဲ့ ကျွန်မနဲ့မေမေ ကတောက် ကဆဖြစ်ကြတယ်။ ခုတလော စိတ်ရိုင်းတွေဝင်ပြီး၊ ဂျစ်တီးဂျစ်ကန်ပဲ လုပ်ချင်နေတဲ့ ကျွန်မက မေမေ့ကို ပြန်ခံပြောမိတယ်လေ။ မေမေ အကြီးအကျယ်စိတ်ဆိုးသွားပြီး ''အမေ့ကို ပြန်မပြောတော့ပါဘူး''လို့ ဝါကျ(၁ဝ)ကြောင်းရေးခိုင်းတယ်။ ကျွန်မက မရေးတဲ့အပြင် စာအုပ်ကို ကိုင်ပေါက်ပစ်လိုက်တော့ မေမေ ကျွန်မကို ရိုက်တော့ တာပေါ့။ အဲဒီမှာ မောင်လေးက ပြေးလာပြီး ''မမ...မမ''နဲ့ ကျွန်မကို အတင်းဖက် ထားတယ်။ စကားတွေ ရှည်ရှည်ဝေးဝေး မပြောတတ်ပေမယ့် ဒါဟာ ကျွန်မ ဘက်ကနေ အကာအကွယ်ပေးနေတဲ့ ကျွန်မ မျှော်လင့်မထားတဲ့ အပြုအမူပါပဲ။ မေမေရိုက်လေ မောင်လေးက ဆွဲဖက်ထားလေနဲ့ သူဟာ ငိုမဲ့မဲ့တောင် ဖြစ်လာ တယ်။ မောင်လေးက သူ့ကိုယ်လေးနဲ့ ခံထားတော့ မေမေက သူ့ကိုထိမှာစိုးလို့ ဆက်မရိုက်တော့ဘူးပေါ့။ အဲဒီလို ကူညီတဲ့အတွက် ကျွန်မ သူ့ကို ချစ်ချင်လာတယ်။ နောက်ပြီး မကြာပါဘူး။ မုန်းချင်အောင် သူပဲလုပ်ပြန်ပါရော။ အဲဒီလို ချစ်ချင်လိုက်၊ မုန်းချင်လိုက်နဲ့ မောင်လေးနဲ့ ကျွန်မ သံသရာလည်နေလိုက်တာ တစ်သမတ်တည်း ချစ်တဲ့ အဆင့်ကို မရောက်ပါဘူး။
ကျွန်မတစ်ယောက်တည်းအပေါ် အချစ်တွေ စုပုံမပေးချင်တဲ့ မေမေဟာ မောင်လေးကိုထပ်မွေးခဲ့ပြီး အချစ်တွေ ဝေငှခဲ့သလို၊ အခုတစ်ခါ မောင်လေးနဲ့တင် မလုံလောက်သေးဘူးထင်တဲ့ မေမေဟာ နောက်ထပ် ပိစိကွေးကလေး တစ်ယောက် ထပ်မွေးပြန်တယ်။ ကျွန်မ သဘောတွေ အကျကြီးကျနေမိတယ်။ ကျွန်မခံစားရ သလိုမျိုး မောင်လေးလည်း ကြုံတွေ့ခံစားရတော့မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ကျွန်မ အပေါ် အမြဲလူစွာလုပ်ပြီး အနိုင်ယူခဲ့တဲ့မောင်လေး၊ အခုသူ့ကို အနိုင်ယူမဲ့သူ ထပ်ပေါ်လာပြီ၊ ကောင်းကောင်းကြီး ခံပေရော့လို့ စိတ်ထဲကနေ တိတ်တိတ် ကြိမ်းဝါးနေမိတယ်။
အထူးသဖြင့် ညအချိန်ရောက်မှာကို ကျွန်မ သဘောအကျဆုံးပဲ။ အဲဒီလို ညတွေမှာပေါ့၊ ကျွန်မ ကောင်းကောင်းကြီး နာကျင်ခံစားခဲ့ရဖူးတာလေ။ မောင်လေးက အအိပ်ကြမ်းတယ်မဟုတ်လား။ ကျွန်မလို မေမေ့ရင်ခွင်ထဲတိုးဝင်ရုံ အိပ်တာမျိုး မဟုတ်ဘဲ၊ မေမေ့ကို ခွလိုက် ကန်ကျောက်လိုက်၊ ပြီး သူ့ခြေထောက် က သူ့ခေါင်းအုံးပေါ် ပြန်ရောက်လိုရောက်နဲ့။ ဒီလောက် အအိပ်ကြမ်းတဲ့ မောင်လေး တစ်ယောက် ဒီအချိန်ဆို မေမေ့အဆူအငေါက်ကို ကောင်းကောင်းကြီး ခံနေရ လောက်ပြီလို့ တွေးရင်း စောင်ခြုံထဲကနေ ကျွန်မပြုံးပြုံးကြီးလုပ် တစ်ယောက်တည်း သဘောတွေ ကျနေမိတယ်။ အဲဒီအချိန်မှာ တဖျပ်ဖျပ်နဲ့ ခြေသံလေးတစ်စုံ အခန်းထဲ ဝင်လာတာကို ကျွန်မ ကြားလိုက်ရတယ်။ ခြေသံလေးဟာ ကျွန်မခုတင်နားမှာ ရပ်တန့်သွားလေရဲ့။
အဲဒီနောက် ခုတင်ပေါ်တက်လာပြီး ကျွန်မရဲ့စောင်ခြုံထဲ အတင်းတိုးဝင် လာတဲ့ ခန္ဓာလေးတစ်ခု...။
ကျွန်မ သိလိုက်ပါပြီ။ စောစောက ကျွန်မ တွေးခဲ့သလို မောင်လေးကို မေမေ ဆူငေါက်လိုက်ပြီပေါ့။ ကျွန်မတုန်းက ဒီမောင်လေး ပိစိကွေးကြောင့် ညတိုင်း အဆူခံထိခဲ့ရသလို၊ အခုလည်း ဒီမောင်လေးဟာ ဟိုပိစိကွေးလေး ကြောင့် အဆူခံထိပြီပေါ့။ အဲဒီမှာ ထူးဆန်းတဲ့ ကျွန်မအဖြစ်က စောစောက တစ်ယောက်တည်း ကြိတ်ပြီး သဘောကျနေတဲ့စိတ်တွေ တစ်မုဟုတ်ချင်း ပျောက်လွင့်သွားတာပါပဲ။ ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူးတဲ့ သနားကြင်နာစိတ်တွေဟာ ရုတ်တရက်ကြီး ဘယ်ကဘယ်လို ယိုဖိတ်စီးကျလာတယ် မသိပါဘူး။ ''မမ...မမ'' နဲ့ အားကိုးတကြီး တိုးဝင်လာတဲ့ သူ့ကိုယ်လေးကို ကျွန်မ နှစ်သိမ့်တဲ့အနေနဲ့ တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားမိတယ်။ စောင်ခြုံထဲမှာ ကျွန်မနဲ့ မောင်လေးဟာ လုံးလားထွေးလားနဲ့။ လက်တစ်ဖက်ကလည်း သူ့ပါးပြင်လေးတွေကို ဖွေရှာစမ်းရင်း (ကျွန်မတုန်းကလိုပဲ) အသေအချာရှိနေမှာဖြစ်တဲ့ မျက်ရည်စတွေကို သုတ်ပေးဖို့ ကြိုးစားနေမိတယ်။ မောင်လေးရဲ့ ကျောပြင်လေးဟာမသိမသာ တုန်ယင်နေပြီး ပါးစပ်ကတော့ ''မမ...မမ''နဲ့ တိုးတိုးဖွဖွ ခေါ်နေပြန်တယ်။ ကျွန်မကလည်း ''အေး ...အေးမောင်လေး၊ အေး...အေး မောင်လေး''နဲ့ သူ့ရဲ့ကျောပြင်လေးကို ပွတ်သပ်လိုက်၊ တင်းပါးလေးတွေကို ပုတ်ပေးလိုက်နဲ့ လုပ်နေမိတယ်။ စိတ်ထဲမှာလည်း သနားသွား လိုက်တာ မပြောပါနဲ့တော့။
အဲဒီအချိန် အခိုက်အတံ့လေးမှာပဲ...
ကျွန်မဟာ မောင်လေးကို သနားကရုဏာကြီးစွာနဲ့ ချစ်မိသွားပါတယ်။ မောင်လေးအနေနဲ့ နောက်တစ်ခါ ကျွန်မအပေါ် ဘယ်လိုပဲ ဆက်ဆံဆက်ဆံ ကျွန်မဘက်က အရင်ကလို မုန်းချင်တဲ့ စိတ်မျိုးတွေ ပေါ်လာမယ်မထင်တော့ဘူး။ အဲဒါဟာ ချစ်ချင်လိုက်၊ မုန်းချင်လိုက် မရှိတော့တဲ့ အရှိန်နဲ့အဟုန်နဲ့ စီးကျလာတဲ့ ရေတံခွန်တစ်ခုလို အလျင်မပြတ်စီးဆင်းနေမဲ့ ချစ်ခြင်းတစ်ခုလည်း ဖြစ်လိမ့်မယ်လို့ ကျွန်မ အသေအချာသိလိုက်ပါတယ်။
စုမီအောင်
(Family ၊ ၂ဝဝ၂-ဒီဇင်ဘာလ)
No comments:
Post a Comment