ကျွန်မမှာ အရမ်းကို ချစ်စရာကောင်းတဲ့ ကြောင်ကလေးတစ်ကောင် ရှိပါတယ်။ သူ့ကို ဒီဒီလို့ နာမည်ပေးထားတယ်။ ဒီဒီဟာ ရုပ်သွင်အားဖြင့်တော့ အခြားကြောင်တွေလို သာမာန်ပါပဲ။ မြင်သူတိုင်း ချစ်ချင်စရာ အလှစားကြောင် ကလေးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မအနေနဲ့ ထူးထူးခြားခြား အချစ်ပိုကဲရတဲ့ ကြောင်ကလေးဖြစ်ရတာဟာ သူ့ရဲ့ ကောင်းမွန်တဲ့အကျင့် စရိုက်တွေကြောင့်ပါ။ ကျွန်မအစ်မတွေကို အတိုက်အခံလုပ်ပြီး အခက်အခဲများစွာထဲကနေ ကြိုးစားမွေးယူ ထားရတဲ့ ကြောင်ကလေးမို့ သနားပြီး အချစ်ပိုရတာလည်း ပါပါတယ်။ ပြောရမယ် ဆိုရင် ဒီဒီ့ကိုမွေးဖို့ ကျွန်မအိမ်သားတွေက လုံးဝသဘောမတူခဲ့ဘူး။ အိမ်ကကျဉ်းလို့ ချေးနံ့သေးနံ့တွေနဲ့ ရွံစရာကောင်းမှာပဲလို့ ပြောကြတယ်။ အလကား အပိုအလုပ်တွေ လို့လည်း ပြောကြတယ်။ သည်နေရာမှာ ကျွန်မကြားဖူးထားတဲ့ George Eliot ရဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အဆိုအမိန့်တစ်ခုကို ပြောပြရဦးမယ်။
Animals are such agreeable friends; They ask no questions, they pass no criticisms. (တိရိစ္ဆာန်များသည် သဘောကျစရာကောင်းသော မိတ်ဆွေများဖြစ်ကြ၏။ သူတို့သည် ဘာမေးခွန်းကိုမျှမမေး၊ ဘာဝေဖန်ချက်ကိုမှ လက်ဆင့်မကမ်းကြပါ)တဲ့။ ဒီစကားကို သဘောကျမိရာက အကောင်ပလောင်တစ်မျိုးမျိုးကို အိမ်မှာ မွေးချင်တဲ့ စိတ်တွေ ကျွန်မမှာ ပြင်းပြလာခဲ့တာပါပဲ။ ကျွန်မဘာပဲလုပ်လုပ် မေးခွန်းထုတ်တတ်တဲ့ ပြစ်တင်ဝေဖန်တတ်တဲ့ အစ်မတွေနဲ့စာရင် တိရစ္ဆာန်လေး တစ်ကောင်ကောင်ဟာ ကျွန်မအတွက် အဖော်ကောင်းဖြစ်မှာပဲလို့ ယုံကြည်သွားလို့ပါပဲ။ ဖြစ်နိုင်ရင်တော့ စကားပြောသင်ပေးလို့ရတဲ့ သာလိကာလေးတွေ မွေးချင်တယ်။ အိမ်စောင့်ဖော် ရတဲ့ ခွေးကလေးတွေ မွေးချင်တယ်။ အလှထိုင်ကြည့်ရင်း စိတ်ကြည်နူးမှုကို ပေးစွမ်းတဲ့ ရွှေငါးကလေးတွေ မွေးချင်တယ်။ မျက်စေ့နောက်အောင် ဆော့တတ်တဲ့ မျောက်ကလေးတွေလည်း မွေးချင်တာပဲ။ တိရစ္ဆာန်ရုံအသေးစားလေးလို ကျွန်မရဲ့ အိမ်မှာ အကောင်တွေအစုံ မွေးချင်ပေမယ့် ဒါတွေက ကျွန်မအတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အိမ်ရဲ့အခြေအနေကြောင့် ကျွန်မနဲ့ အလှမ်းဝေးတဲ့ ကိစ္စရပ်တွေပါ။ ဒီတော့ သူငယ်ချင်းတစ်ယောက်ကပေးလို့ အလကားရထားတဲ့ ကြောင်ကလေး တစ်ကောင်သာပဲ ကျွန်မအနေနဲ့ မွေးနိုင်ခဲ့တယ်။ ဘယ်သူတွေ ဘာပြောပြော ကြောင်ကလေး ဒီဒီကို ကျွန်မသိပ်ကို ချစ်ပါတယ်။ ဒီဒီဟာ ဟင်းတွေဘာတွေ ခိုးမစားတတ်ဘူး။ အနီးအနားအိမ်တွေဆီက မီးဖိုချောင်သုံး ပစ္စည်းကိရိယာ တစ်ခုခုနဲ့ လှမ်းပစ်၊ မောင်းထုတ်ခံရတာမျိုး၊ နင်တို့ကြောင်ကို ကောင်းကောင်း ထိန်းသိမ်း ထားဦးဆိုပြီး ဆူပူကြိမ်မောင်း တိုင်တောခံရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒီဒီဟာ ဗိုက်ဆာပြီဆိုရင် အခြားကြောင်တွေလို သံသေးသံကြောင်နဲ့ အော်ဟစ် တောင်းဆိုတာမျိုး၊ ပျာယီးပျာယာ ယောက်ယက်ခတ်နေတာမျိုး ဘယ်တော့မှ မလုပ်တတ်ဘူး။ အမြဲဣနြေ္ဒရရနဲ့ပဲ။ အမြီးလေးတလှုပ်လှုပ်နဲ့ ကျွန်မခြေထောက်တွေ ကြားထဲ တိုးဝင်နေပြီဆိုရင် အဲဒါဟာ သူဗိုက်ဆာတာပဲလို့ ကျွန်မသိနေပြီ။ အဲဒီကတစ်ဆင့် အသံတစ်စုံတစ်ရာမှ မထွက်ဘဲ ပါးစပ်ကလေးတဟဟလုပ်ပြီး ခေါင်းလေးမော့လို့ ကျွန်မမျက်နှာဆီ လှမ်းလှမ်းကြည့်ပြီဆိုရင် အဲဒါဟာ သူဗိုက် အရမ်းဆာတဲ့သဘောပဲ။ အဲဒီအချိန် သူ့ကိုကျွေးဖို့ ဘာမှ အဆင်သင့်မဖြစ်သေးဘူး ဆိုရင် ဒီဒီဟာ ကျွန်မခြေထောက်တွေကြားကနေ အသာကလေးလျှိုထွက်သွားပြီး ကြွက်နဲ့အခြားပိုးကောင်မွှားကောင်တို့ကို ရှာဖွေဖမ်းစားဖို့ ဟိုဟိုဒီဒီ ထွက်သွားတတ် တယ်။ ခဏတဖြုတ် ထွက်သွားပြီး ပြန်လာချိန်မှာတော့ အသင့်ဖြစ်နေတဲ့ သူ့ထမင်း ပန်းကန်ပြားထဲ ခေါင်းစိုက်ပြီး တရစပ်ငုံ့စားတော့တာပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် သူအတော်ဆာနေတာလို့ ကျွန်မ သိရပေမယ့် နားပူနားဆာ မလုပ်တတ်တဲ့ သူ့အကျင့်ကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ဘူး။
များသောအားဖြင့် ကြောင်ဆိုတဲ့ သတ္တဝါတွေဟာ ဟိုပေါ်တက်၊ ဒီပေါ်တက်နဲ့ လျင်မြန်ပေါ့ပါးစွာ လှုပ်ရှားတတ်တဲ့အပြင် လူတွေနဲ့အနီးဆုံးမှာ အမြဲရှိလေတော့ လူတွေစိတ်အနှောင့်အယှက်ဖြစ်ရတဲ့ မတော်တဆမှုတွေကို အများဆုံးကျူးလွန်တတ်ကြတယ် မဟုတ်လား။ ဒီဒီကဖြင့် ဒီလိုမဟုတ်ဘူး။ သူ့ကြောင့် ကျွန်မသော်မယ့် ကော်ဖီခွက် မှောက်ကျရတာမျိုး၊ သူ့ကြောင့် ပန်းကန်စင်ပေါ်က ပန်းကန်ခွက်ယောက်တွေ ပြုတ်ကျကွဲပြုရတာမျိုး တစ်ခါမှ မရှိဘူး။ ပရမ်းပတာ အညစ်အကြေးစွန့်တာမျိုးလည်းမရှိဘဲ အမြဲသန့်ရှင်းနေတဲ့ ကြောင်ကလေးပါ။ ထူးခြားတာက ဒီဒီဟာ အထွေအထူး လေ့ကျင့်သင်ကြား ပေးစရာမလိုဘဲနဲ့ သူ့အညစ်အကြေးစွန့်ရမဲ့နေရာကို သူကောင်းကောင်းသိတယ်။ သူအိပ်ဖို့ လုပ်ပေးထားတဲ့နေရာကလွဲပြီး တခြားနေရာတွေမှာ ကပ်သီးကပ်ဖဲ့ လာအိပ်တာမျိုး မရှိဘူး။ ကျွန်မတို့ အိမ်သားတွေ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်တတ်တဲ့ အကျင့်ကောင်းတဲ့ ကြောင်မလေးမို့ နောက်ပိုင်းမှာ အစ်မတွေကလည်း သူ့ကို ချစ်လာကြပါတယ်။ ကျွန်မတို့ ညီအစ်မ (၅)ယောက်ထဲမှာ ကျွန်မက ဒီဒီအပေါ် အချစ်အပိုကဲဆုံးပေါ့။ ဒီဒီအပေါ် ကမန်မလောက် ဘယ်သူမှ အချစ်ပိုဟန် မတူဘူး။ အလားတူ ဒီဒီကလည်း ကျွန်မကိုသာ အချစ်ဆုံး အတွယ်တာဆုံး ဖြစ်တယ်ဆိုတာ ကျွန်မကောင်းကောင်းသိနေပါတယ်။
ကျွန်မရဲ့ အရိပ်အကဲကို ဒီဒီ နားလည်လို့ပေါ့။ ကျွန်မမျက်နှာ မသာမယာ ရှိတဲ့အခါမျိုးမှာ ဒီဒီဟာ ကျွန်မနဲ့ မလှမ်းမကမ်းကြမ်းပြင်မှာ ငြိမ်ငြိမ်လေးခွေလှဲနေ တတ်တယ်။ ကျွန်မ စိတ်ပျော်နေချိန်ဆို ဒီဒီဟာ ကျွန်မဆီ တိုးဝင်လာပြီး၊ သူ့ကို ချီပွေ့ထားတဲ့ ကျွန်မလက်တွေကြားမှာ ပွတ်သီးပွတ်သပ်လာလုပ်ရင်း သဘော တွေကျနေတတ်တယ်။ သူ့ကို ဂရုမစိုက်ဘဲနေတဲ့ အခါမျိုးမှာ ကျွန်မရင်ဘတ်ပေါ် အတင်းကုတ်ခြစ် တွယ်ကပ်တက်လာတတ်တယ်။ သူ့ခါးရိုးရှည်ရှည်နဲ့ လည်ပင်းကို အတင်းဆန့်ပြီး ကျွန်မရဲ့မေးစေ့ကို သူ့မျက်နှာနဲ့ လှမ်းပြီး တို့ထိနေတတ်ပြန်တယ်။ ကြည့်ရတာ ကျွန်မကို သူအနမ်းပေးနေတာပါ။ ပြီးတော့ သခင်ကို တွတ်တီးတွတ် တာ ချွဲနွဲ့နေတာဖြစ်မှာပါ။ သူ့ဆီက ဘာသံမှတော့ ထွက်မလာဘူး။ ဒီဒီဟာ ကျွန်မရင်ခွင်ထက်မှာ အဲဒီလိုအသံတိတ် ခိုဝင်မှေးစက်နေတတ်ပါတယ်။ တစ်ခါတစ်ရံ သူဘာသိဘာသာနေနေချိန် ကျွန်မဘက်က စိတ်လိုလက်ရနဲ့စပြီး လက်တွေကို ဆန့်တန်းပေးလိုက်ရုံနဲ့ သူဟာ ကျွန်မရင်ဘတ်ပေါ် ထုံးစံအတိုင်း ကုတ်ခြစ်တက်လာ ပါတယ်။ ကျွန်မက 'အို ဒီဒီ ဒီဒီလေး ငါ့ရဲ့အသည်းလေး'လို့ တိုးဖွဖွပြောရင်း သူ့မျက်နှာကို ကျွန်မပါးတွေနဲ့ ကပ်ထားလိုက်ပြီဆို ဒီဒီဟာ သိပ်ကို သဘောကျ တယ်။ အဲဒီအချိန်မျိုးမှာ ကျွန်မစိတ်ထဲမှာ သူ့ကို တိရစ္ဆာန်တစ်ကောင်လို့ မမြင် မိတော့ဘဲ ကျွန်မရဲ့ ညီမအထွေးဆုံး ကလေးပေါက်စနလေးတစ်ယောက်လို့ မြင်လာ တဲ့အထိပါပဲ။ ဒီဒီဟာ အဲဒီလောက်ကို သိမ်မွေ့နူးညံ့ပြီး ချစ်ဖို့ကောင်းတဲ့ ကြောင်မ လေးပါ။
တဖြည်းဖြည်းနဲ့ ဒီဒီဟာ ခါးရိုးကြီးလည်း အရင်ကထက် ရှည်လျားဆန့် ထွက်လာပြီး ကြီးထွားလာ လိုက်တာ မကြာခင်မှာပဲ တစ်ကယ့်ကို ကြောင်ပျိုမ လေးအသွင် ရုပ်လုံးပေါ်လာလေရဲ့။ သူ့ရဲ့မျက်လုံးတွေဟာ ဘာကိုမှသိပုံမရတဲ့ ကလေးဘဝက ကြောင်တောင်တောင်မျက်လုံးမျိုးတွေ မဟုတ်ကြတော့ဘူး။ အဆ မတန် စူးရှတောက်ပလာပြီး အရာရာကို သိနားလည်နေပုံနဲ့ ထူးခြားတဲ့မျက်လုံးတွေ ကို ကျွန်မ တအံ့တသြ တွေ့ရတယ်။
အဲဒီအချိန်မှာ ကျွန်မတို့ အနီးတစ်ဝိုက်မှာ ကျက်စားနေတဲ့ ကြောင်ဝါ ကြီးတစ်ကောင်ဟာ ဒီဒီ့ကို လာပိုးပါလေရော။ အဲဒီကြောင်ကြီးက ရုပ်ကလည်း မှုန်တေတေနဲ့ ကြမ်းတမ်းခက်ထန်တဲ့ပုံမို့ ဒီဒီနဲ့ ဘယ်လိုမှ မလိုက်ဖက်လို့ ကျွန်မ နည်းနည်းလေးမှ သဘောမကျဘူး။ သူ့အသံဝါဝါကြီးနဲ့ တညောင်ညောင်လာလုပ်၊ ဟိုပြတင်းပေါက်က လာချောင်း၊ ဒီပြတင်းပေါက်က လာချောင်း လုပ်ပြီဆိုရင် ကျွန်မ တွေ့ကရာနဲ့ကောက်ပေါက် မောင်းထုတ်မိတဲ့အထိ မုန်းတီးမိတယ်။ ကျွန်မရဲ့ ကြောင်လိမ္မာလေးကို အဲဒီကြောင်အိုရုပ်ဆိုးကြီးနဲ့ မပတ်သက်စေချင်ဘူး။ ကျွန်မ သဘောမကျသလို ဒီဒီလည်း သဘောကျပုံမရပါဘူး။ အဲဒီကြောင်ကြီးအသံကြား တာနဲ့ ဒီဒီဟာ ထိုင်ခုံတစ်ခုခုရဲ့အောက်ထဲ ကမန်းကတန်းပြေးဝင်ပြီး ငြိမ်ဝပ်နေတတ် တယ်။ ကျွန်မကိုလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ဒီဒီဟာ စိတ်ရှုပ်နေပုံပဲ။ ''ဒီဒီနော် အဲဒီရုပ်ဆိုးကြီးကို မကြိုက်ရဘူး၊ ကြားလား''လို့ပြောရင် ဒီဒီဟာ နားရွက်လေး ကားနေအောင် စွင့်ပြီး ငြိမ်ငြိမ်ကလေး နားစိုက်ထောင်ရှာပါတယ်။
ငြိမ်ဝပ်စွာနဲ့ ကျွန်မစကားကို အမြဲနားထောင်တတ်တဲ့ ဒီဒီဟာ အခုနောက် ပိုင်း အချိုးတွေပြောင်းနေတာ ကျွန်မ သတိထားမိတယ်။ အရင်က ဗိုက်ဆာပြီဆို အရိပ်အကဲပြရုံကလေးပြပြီး သိမ်မွေ့စွာတောင်းဆိုတတ်တဲ့ ဒီဒီဟာ အခုတလော ဗိုက်ဆာတိုင်း ဣနြေ္ဒမရဖြစ်လို့ မကျွေးမချင်း တညောင်ညောင်အော်ဟစ်ပြီး ယောက် ယက်ခတ်နေလိုက်တာ အံ့သြစရာအရမ်းကောင်းတာပဲ။ အမြင်ကပ်စရာကောင်းတဲ့ အဲဒီပုံစံကြောင့် ကျွန်မ စိတ်တိုချင်တယ်။ သနားလို့သာ အမြန်အဆန်လုပ်ပြီး ချကျွေးရတာ။ သူ ဗိုက်ဆာတဲ့ပုံကလည်း ထူးဆန်းလိုက်တာ။ အခုပဲ အဝအပြဲ စားသွားပြီး ခဏနေ ထပ်တောင်းပြန်ပါရော။ ဗိုက်ဆာချိန်ကျ ပြန်ရောက်လာပြီး ယောက်ယက်ခတ်၊ ဗိုက်ပြည့်သွားတာနဲ့ တစ်နေရာရာမှာ သွားခွေနေပြန်ရော။ ကျွန်မရင်ခွင်ထက်ကို အရင်လိုလှမ်းခုန်တက်ဖို့ သူ စိတ်မဝင်စားတော့ဘူး။ ကျွန်မ အလစ်ကိုချောင်းပြီး အပြင်ထွက်ရဖို့ကိုပဲ သူကြိုးစားနေတော့တယ်။ သူ ရင်ခွင် အသစ်တွေ့နေပြီလားလို့ စဉ်းစားမိတော့ ကျွန်မလေ ထိတ်ထိတ်ပျာပျာကြီး ဖြစ် သွားလိုက်တာ မပြောပါနဲ့တော့ရှင်။ ဒါပေမဲ့ အများကြီးနောက်ကျသွားပါပြီ။
တစ်နေ့တခြား စူဖောင်းထွက်လာတဲ့ သူ့ဝမ်းဗိုက်ပူပူကို မျက်ဝါးထင်ထင် မြင်ရပါမှပဲ လက်စသတ်တော့ သူ အချိုးပြောင်းတာ ဒါ့ကြောင့်ကိုးလို့ ကျွန်မ နားလည်တော့တယ်။ ဒီဒီ့ဗိုက်ထဲမှာ ကြောင်ရုပ်ဆိုးကြီးရဲ့ ကလေးတွေရှိနေပြီလို့ သိလိုက်ရတော့ ကျွန်မ လန့်ဖျပ်သွားတယ်။ ဒါဟာ သဘာဝတစ်ခုဆိုပေမယ့် ကျွန်မလက်မခံချင်တာက ဒီကြောင်ရုပ်ဆိုးကြီးနဲ့မှ ဖြစ်ရလေဆိုပြီး ရုပ်ဆိုးဆိုးလေး တွေ မွေးလာမှာကို တွေးကြောက်တာပါ။ အထူးသဖြင့် ရုပ်ဆိုးမှာထက် အကျင့်ဆိုး စရိုက်ဆိုးတွေ ပါလာမှာကို စိုးရိမ်တာ။ ဒီဒီကြိုက်တဲ့ ရုပ်ဆိုးကြီးက ဒီနားတစ်ဝိုက် မှာ နာမည်ဆိုးနဲ့ ကြောင်ကြီးမို့ပေါ့။ သူဟာ လူတွေရဲ့ အိမ်ခေါင်မိုးတွေပေါ်မှာ လျှောက်ပြေးပြီး သေးပေါက်ချလားချရဲ့။ ကျွန်မ စာကျက်နေတုန်းကလည်း ပြတင်း ပေါက်ကနေပြီး သေးလာပေါက်ချသွားလို့ ကျွန်မစာအုပ်တွေ ညစ်ပတ်နံစော်ကုန်တာ ကျွန်မ ခုထိကိုမမေ့သေးဘူး။ သူ ဟင်းခိုးမစားဖူးတဲ့အိမ်ဆိုလို့ ဒီနားမှာမရှိတော့ဘူး။ အိမ်တိုင်းက တက်ညီလက်ညီ မောင်မောင်းထုတ်နေရတဲ့ ကြောင်ဆိုးကြီးပါ။ ကြောင်ပျိုမလေးတွေ တွေ့တိုင်းလည်း ပရောပရီလုပ်ပြီး ဇွတ်အတင်းလိုက်ပိုးနေကျ ကြောင်အိုကြီးပါ။
ဒီဒီ့အတွက် ကျွန်မ တကယ်စိတ်မကောင်းဘူး။ ဒီလောက်စောင့်ကြပ် နေတဲ့ကြားက ဘယ်တုန်းက ဘယ်လို ကြိုက်သွားလဲမသိပါဘူး။ ခုမှတော့ မတတ် နိုင်တော့ဘူးပေါ့။ ဒီဒီ့ကို ခြင်းတစ်ခုထဲ ထည့်ခေါ်သွားပြီး ဆေးခန်းသွားပြပေးရတော့ တယ်။ ဆရာဝန်က ဒီဒီ့အတွက် ကြောင်အားတိုးဆေးတွေပေးတယ်။ ပုစွန်ခြောက် အနံ့လိုလိုရတဲ့ အဲဒီအားဆေးကို ဒီဒီအရမ်းကြိုက်တယ်။ ထမင်းစားပြီးတာနဲ့ သူ့ကို အဲဒီဆေးတိုက်တော့မယ် ဆိုတာ သူကောင်းကောင်းသိနေပြီ။ ဆေးလုံးတွေထည့် ထားတဲ့ ခြင်းကလေးနားမှာ ရစ်သီရစ်သီနဲ့လုပ်နေပြီး အမြဲလိုအသံပေးနေတတ်တယ်။
တစ်နေ့တခြား ပြာလောင်ခတ်ချင်ရင်ခတ်၊ ငြိမ်ချင်ရင်ငြိမ်နဲ့ မူမမှန်တဲ့ ဒီဒီ့ကိုကြည့်ပြီး ကျွန်မ စိတ်ဆိုးပေမယ့် တစ်ဖက်ကလည်း တကယ်ဂရုဏာသက်မိ တယ်။ ကျွန်မတို့လို လူ(မိန်းမ)တွေတောင်မှ ကိုယ်ဝန်ဆောင်ချိန်ဆို အနေရအထိုင်ရ ခက်ပြီး ကိုယ်လက်မအီမသာ ဖြစ်လေ့ရှိတယ်မဟုတ်လား။ သူ့ခမျာ မပြောတတ် မဆိုတတ်နဲ့ ဘယ်လိုရှိမှာပါလိမ့်လို့တွေးမိတော့ သနားလိုက်ရတာ။ သူ့ဗိုက်ထဲမှာ ပိစိကွေးကြောင်ကလေးတွေ ဘယ်နှကောင်များ ရှိနေပါလိမ့်လို့ စဉ်းစားမိတော့ အူယားလိုက်ရတာ မပြောပါနဲ့တော့။ ဒီလိုနဲ့ တစ်နေ့ညနေမှာ ဒီဒီဟာ အမူအရာတွေ အရမ်းကိုပျက်နေတာ ကျွန်မသတိထားမိတယ်။ သူအော်ပုံကလည်း အရင်တုန်းက အော်ခဲ့ဖူးတဲ့ အသံတွေနဲ့မတူဘဲ တစ်မျိုးကြီးဖြစ်နေသလို။ ဆေးကျောင်းတက်နေတဲ့ ကျွန်မရဲ့အစ်မ 'မကြီး'နဲ့ 'မငယ်'တို့ကတော့ ပြောတယ် ''စုစံ နင့်ကြောင် ဗိုက်နာနေပြီ၊ မကြာခင်မွေးတော့မှာ နေရာလုပ်ပေးထားဦး''တဲ့။
ဒါနဲ့ ကျွန်မ စက္ကူကတ်ပုံးဟောင်းတစ်ခုထဲမှာ အဝတ်စုတ်တွေခင်း၊ တံခါးကြားထဲမှာထားပြီး ဒီဒီ့ကို အဲဒီအထဲ ထည့်သိပ်ထားလိုက်တယ်။ 'မလေး' က ''သူ့ဘာသာသူထားလိုက် စုစံ၊ ကြောင်တွေက အနားမှာလူရှိနေရင် မမွေး တော့ဘူးလို့ ငါကြားဖူးတယ်'' လို့ပြောတာနဲ့ ကျွန်မ အိမ်ရှေ့ထွက်သွားပြီး ရှောင်ပေး မယ်လုပ်တော့ ဒီဒီဟာ ကတ်ပုံးထဲကနေ ကျွန်မနောက်ကို ထလိုက်လာပါလေရော။ ကျွန်မ သိလိုက်ပါပြီ။ ဒီဒီဟာ သူ့အနားမှာစောင့်ကြည့်နေပေးဖို့ ကျွန်မကို အလို ရှိတယ်ဆိုတာပေါ့။ ဒီဒီ့ကို အသာအယာပွေ့ခေါ်ပြီး ကတ်ပုံးထဲပြန်ထည့်ပေးတော့ ဒီဒီက ကောင်းကောင်းလှဲမအိပ်သေးဘဲ နောက်ဆံတင်းတဲ့ပုံနဲ့ ကျွန်မကို ခေါင်း ထောင်ကြည့်နေရှာတယ်။ သူ့မျက်လုံးတွေက ''စုစံရေ ငါ့ကိုပစ်မထားပါနဲ့''လို့ အားကိုးတကြီး လှမ်းပြောနေသလိုပဲ။ တအီအီနဲ့ အသံတစ်မျိုးထွက်ပြီး ညည်းညူ နေတာနဲ့ ကျွန်မ ဘာလုပ်ရသလဲ သိလား၊ သူ့ကျောပြင်လေးကို အသာအယာ ပွတ်သပ်ပေးရင်း ပါးစပ်ကလည်း ''အေး အေးပါ ဒီဒီရယ်၊ ငါရှိပါတယ်''လို့ တဖွဖွပြောပေးနေရတယ်။ ဒါကိုမြင်တော့ ကျွန်မအစ်မတွေအားလုံးက ဝိုင်းရယ်ပြီး တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြတော့တာပေါ့။ ''အမယ်လေး ကြောင်ကလည်း အချွဲ၊ လူကလည်း အကဲ ဖြစ်နေလိုက်ကြတာ'' တဲ့။ ''သူ့ကြောင်နဲ့သူတော့ ဟုတ်နေတာပဲ''တဲ့။
ကျွန်မအထင်ပြောရရင် လူမှ မဟုတ်ပါဘူး။ တိရစ္ဆာန်တွေလည်း နာကျင် ခံစားရချိန်မှာ အားပေးနှစ်သိမ့်မှုကို လိုလားတောင့်တကြမှာပါ။ မကြာပါဘူး၊ ကြောင် ကလေးတစ်ကောင် ဒီဒီမွေးတယ်။ မကြည့်ရဲတာနဲ့ မျက်စိစုံမှိတ်ပြီး ဒီဒီ့ကျောပြင် ကိုသာ ပွတ်သပ်အားပေးနေမိတယ်။ အဲဒီအချိန် အိမ်ရှေ့ဆီက ''စုစံ၊ သူငယ်ချင်း လာတယ်''လို့ ခေါ်သံကြားလို့ ကျွန်မ သတိလက်လွတ်နဲ့ ထွက်လာမိတော့ ဒီဒီကပါ ကျွန်မအနောက်ကနေ ထပြီးလိုက်လာပါလေရော။ ဒါနဲ့ သူငယ်ချင်းကို နောက်ထားပြီး ကျွန်မမှာ ဒီဒီ့ကိုပဲအဖော်လုပ် စောင့်ပေးနေရတယ်။ သေချာတာက ဒီဒီဟာ ကျွန်မကို အားကိုးအားထား ပြုနေတယ်ဆိုတာပေါ့။ အဲဒီနောက် ကြောင် ကလေးနှစ်ကောင်ထပ်မွေးတယ်။ အဝါအနက်အဖြူစပ်ကြားလေးက တစ်ကောင်၊ ဒီဒီ့လို အဖြူအနက်ကြားက တစ်ကောင်၊ နောက် တစ်ကိုယ်လုံး မဲနက်နေတာက တစ်ကောင် အားလုံး (၃)ကောင် မွေးပါတယ်။ ကြောင်ကလေးတွေကိုယ်ပေါ်က အရိအရွဲတွေကို ဒီဒီက သူ့လျှာနဲ့လျက်ပြီး သန့်ရှင်ရေးလုပ်ပေးတာကို မျက်ဝါး ထင်ထင်မြင်ရတဲ့အခါ ကျွန်မ တကယ့်ကိုရွံရှာမိတယ်။ အံ့လည်း အံ့သြမိတယ်။ ကျွန်မတို့ လူ(မိန်းမ)တွေ ကလေးကိုချစ်တယ်ဆိုတာ ဒီဒီ့လို ကြောင်အမေတွေကို မှီပါ့မလားလို့ ကြံကြံဖန်ဖန် တွေးမိတယ်။ အခုလို မွေးကင်းစကလေးရဲ့ အညစ် အကြေးတွေကို ကိုယ်တိုင် လျှာနဲ့လျက်ပေးတာကဖြင့် ဘယ်လောက်တောင်မှ ကြီးမားတဲ့ မိခင်မေတ္တာမျိုးလည်းလို့ ကျွန်မ အတွေးနယ်ချဲ့နေမိတယ်။
တခဏချင်း သန့်ရှင်းသွားတဲ့ ကြောင်ကလေးတွေကို ကျွန်မ အနီးကပ် ကြည့်ရှုမိတယ်။ တော်ပါသေးရဲ့။ ကြောင်ကလေးတွေက ကြောင်ဝါရုပ်ဆိုးကြီးနဲ့ တစ်စက်ကလေးမှ မတူဘူး။ မျက်နှာပေါက်ကလေးတွေက အရမ်းကိုလှတာပဲ။ တစ်ကိုယ်လုံး မည်းနက်နေတဲ့ အမည်းကောင်လေးကို ကျွန်မ အချစ်ဆုံးပါပဲ။ ကြောင်ကလေးတွေ မွေးတဲ့သတင်းကို ကြားတဲ့အခါ အိမ်နီးချင်းသူငယ်ချင်းတွေ ဟာ တစ်ယောက်ပြီးတစ်ယောက် လာကြည့်ကြတယ်။ များသောအားဖြင့် ကြောင် အမေကြီးတွေဟာ သူ့ရဲ့မွေးခါစ ကလေးတွေရှိရာနေရာကို လူတွေလာကြည့်လို့ သိသွားရင် စိတ်မချဖြစ်ပြီး တစ်ကောင်ပြီးတစ်ကောင် လည်ကုပ်ကနေ ကိုက်ချီ ခေါ်သွားတတ်တယ်၊ နေရာပြောင်းသွားတတ်တယ်လို့ ကျွန်မ ကြားထားဖူးပေမယ့် ဒီဒီက ဒီလိုမဟုတ်ဘူး။ လူတွေဝင်လိုက်ထွက်လိုက် လာကြည့်လည်း သူကတော့ အေးအေးဆေးဆေးပါပဲ။ ကလေးတွေကို ထားရစ်ခဲ့ပြီး ရှောင်ထွက်သွားပေးတတ် တယ်။ စိတ်တိုင်းကျကြည့်ကြဖို့ ကြည်ကြည်ဖြူဖြူခွင့်ပြုတဲ့ ဒီဒီ့စိတ်ကို ကျွန်မအရမ်း အံ့သြမိတယ်။ ကျွန်မတို့ လူတွေအပေါ် ယုံကြည်မှုအပြည့်ရှိတာ ချီးကျူးအံ့သြ စရာပါ။ ဒီဒီဟာ ကြောင်တစ်ကောင်သာဖြစ်ပေမယ့် ကြောင်တစ်ကောင်ထက် သာလွန်ထက်မြက်တဲ့ အသိÓာဏ်ရှိတယ်လို့ ကျွန်မလက်ခံလိုက်မိတယ်။
တစ်နေ့ ကျွန်မကျောင်းက ပြန်လာတဲ့အခါ ကျွန်မရဲ့ခုတင်ထက် ခေါင်းအုံး ပေါ်မှာ အခန့်သားနေရာယူပြီး ကလေးတွေကို နို့တိုက်ပေးရင်း လဲလျောင်းမှိန်းစက် နေကြတဲ့ ဒီဒီတို့သားအမိတစ်တွေကို တွေ့လိုက်ရပါတယ်။ ကျွန်မအံ့အားသင့် မိတာက ဒီဒီဟာ ကျွန်မရဲ့ ခေါင်းအုံးတွေပေါ် ဒီလို အေးအေးဆေးဆေး အိပ်နေဖို့ မဆိုထားနဲ့ အမှတ်တမဲ့လေးတောင် ဖြတ်လျှောက်ကျော်လွှားတာမျိုး မလုပ်ခဲ့ဖူးတဲ့ သိပ်ကို နားလည်တတ်တဲ့ ကြောင်မလေးပါ။ ခု... ဘယ်လို။
ဒီဒီနဲ့ ကြောင်ကလေးတွေကို တစ်ကောင်ပြီး တစ်ကောင် အသာပွေ့မ၊ သူတို့နေရာကတ်ပုံးကြီးထဲ ပြန်ရွှေ့ပေးလိုက်ပြီး၊ ကျွန်မရေချိုးတယ်။ ရေချိုးပြီး တစ်ရေးတစ်မောအိပ်ဖို့ ခုတင်နားအရောက်မှာ ကျွန်မ မျက်လုံးတွေ ဝိုင်းစက် ပြူးသွားတဲ့အထိ အံ့သြစရာမြင်ကွင်းကို မြင်တွေ့ရတယ်။ ဘယ်တုန်းက ဘယ်လို ပြန်ရောက်နေမှန်းမသိတဲ့ ကြောင်ကလေး သုံးကောင်ဟာ ကျွန်မအိပ်မဲ့ ခေါင်းအုံး ပေါ်မှာ။ တစ်ကောင့်ကျောပေါ် တစ်ကောင်မေးတင်အိပ်နေကြလေရဲ့။ ဒီဒီ့ကိုတော့ မတွေ့မိဘူး။ ကျွန်မသိလိုက်တယ်။ ဒီဒီဟာသူ့ကလေးတွေကို ကတ်ပုံးကျဉ်းလေး ထဲက အဝတ်စုတ်တွေကြားမှာ မအိပ်စေချင်ဘူးထင်ပါရဲ့။ အိစက်နူးညံ့တဲ့ ခေါင်းအုံး ဖြူဖြူပေါ်မှာ ကျွန်မတို့ လူတွေလိုပဲ ဇိမ်ကျကျ အိပ်စေချင်တာကိုးလို့ ကျွန်မ သိလိုက်တယ်။
မြင်အောင်ကြည့်တတ်မယ်ဆိုရင် ဒါဟာ အမေတစ်ယောက်ရဲ့ မေတ္တာ တရားကို ဖော်ပြတဲ့ အဖြစ်အပျက်ပါပဲ။ ကျွန်မတို့ရဲ့အမေတွေဟာ ကျွန်မတို့ကို စားဝတ်နေရေး အရေးသုံးပါထဲမှာ အများတကာနဲ့တန်းတူ (ဖြစ်နိုင်ရင် လူတကာ ထက်သာအောင်) အဆင့်အတန်းမြင့်မြင့် ထားချင်ကြတယ်မဟုတ်လား၊ ဘယ်သူမှ ကိုယ့်သားသမီးကို တဲစုတ်တဲပုတ်လေးမှာ ထားချင်မယ်မထင်ပါဘူး။ အခြေအနေ အရသာ ထားကြရတာပါ။ ဒီလိုပဲ ဖြစ်မယ်ထင်ရဲ့။
ဒီဒီဟာ တိရစ္ဆာန်ပေမယ့် ကျွန်မတို့ လူတွေလိုပဲ သူ့ရဲ့ကလေးတွေကို အဆင့်မြင့်မြင့်နဲ့ ကောင်းကောင်းမွန်မွန်ထားချင်စိတ် ကိန်းဝပ်နေရှာတာပါ။ လူမိခင် တွေလိုပဲ မလျော့တဲ့မေတ္တာတရား အပြည့်အဝရှိတယ်ဆိုတာကို ဒီနည်းအားဖြင့် ဖော်ပြလုက်တာပါပဲ။
အဲဒီလို တွေးမိတဲ့အခါ ကျွန်မခေါင်းအုံးပေါ် ကြောင်ကလေးတွေကို နောက်တစ်ကြိမ် ဖယ်မပစ်ရက်တော့ဘူး။ သူတို့တက်အိပ်နေတဲ့ ခေါင်းအုံးကို ဘေးနားအသာကလေးရွှေ့၊ ကျွန်မလက်ကို ကျွန်မခေါင်းအုံးပြီး သူတို့နဲ့အတူ ခုတင်ပေါ်မှာ ဝင်အိပ်လိုက်တယ်။ အဲဒီအခိုက် ကျွန်မခြေဖဝါးတွေ ရုတ်တရက် ယားကျိကျိ ပူနွေးနွေးဖြစ်လာလို့ ခေါင်းထောင်ကြည့်တဲ့အခါ ဘယ်သူရှိဦးမလဲ၊ ဒီဒီပေါ့။ ဒီဒီဟာ ကျွန်မခြေဖဝါးတွေကြားထဲ ခေါင်းတိုးဝင်ပြီး၊ လှဲခွေလာအိပ်ပါတယ်။ ကလေးတွေရှိတဲ့ ခေါင်းအုံးပေါ်ကိုတော့ သူမသွားဘူး။ (စောစောတုန်းကတော့ ကလေးတွေကို ဇိမ်ကျကျအိပ်စေချင်တဲ့စိတ်နဲ့ တစ်ချက်လေး သူ သတိလွတ်သွား တယ်ထင်ပါရဲ့) အဲဒီလောက် အလိုက်သိလွန်းတဲ့ ကျွန်မရဲ့ ဒီဒီပါ။
ရုတ်တရက် ကျွန်မ ဘာလုပ်မိသလဲသိလား။ ကျွန်မခြေရင်းမှာ လာအိပ်တဲ့ ဒီဒီကို ညင်ညင်သာသာဆွဲခေါ် လိုက်ပြီး၊ သူ့ကလေးတွေနဲ့ အတူတူ ကျွန်မရဲ့ ခေါင်းအုံးဖြူဖြူပေါ်မှာ အိပ်စေလိုက်တာပေါ့။ ဒီဒီဟာ ပြူးစက်ဝိုင်းကျယ်တဲ့ မျက်လုံးတွေနဲ့ ကျွန်မကို တအံ့တသြစိုက်ကြည့်လာတယ်။ သူ့မျက်လုံးတွေဟာ အဓိပ္ပါယ်တစ်စုံတစ်ရာနဲ့။ သည်မျက်လုံးတွေရဲ့ အဓိပ္ပါယ်ကို ကျွန်မဘာသာ ကျွန်မ တွေးဖော်ယူလိုက်တယ်။ အဲဒါဟာ ''ကျေးဇူးတင်ပါတယ် စုစံရယ်''ဆိုတဲ့ အဓိပ္ပါယ် ကလွဲလို့ ဘာရှိဦးမှာလဲနော်။
(စုစံနှင့် ကြောင်လေး ဒီဒီသို့အမှတ်တရ။ အိမ်နောက်တန်းလျားမှာနေသွားခဲ့ကြတဲ့ စုစံတို့ ညီအစ်မ ငါးယောက်ရဲ့ ကြောင်လေးဒီဒီရဲ့အဖြစ်သနစ်ကို ရေးခဲ့တာပါ။ သူတို့ကြောင်လေးဒီဒီကို တကယ့် လူသားတစ်ယောက်လို နွေးနွေးထွေးထွေးဆက်ဆံခဲ့တာကို မျက်ဝါးထင်ထင်မြင်ခဲ့ရလို့ စာတစ်ပုဒ်ရေးဖြစ်သွားခဲ့တယ်။)
စုမီအောင်
(Family ၊ ၂ဝဝ၃-ဇွန်)
No comments:
Post a Comment