Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 03, 2016

ခရီးသွားသတင်းများ

ခရီးသွားသက်ရှိအရုပ်လေးများ
ဒီအချိန်က လေယာဉ်ပေါ်တက်ရတော့မယ်အချိန်ပါ။ ကိုယ်က လေယာဉ်ပေါ်မှာ ကလေးတစ်ယောက်ထိုင်တဲ့ ခုံဘေးမထိုင်ရဖို့ ဆုတောင်းနေတတ်သူလား။ ကံမကောင်းခဲ့လို့များ ကိုယ့်ဘေးမှာကလေးတစ်ယောက်နေရာဖြစ်နေခဲ့ရင်၊ ပြီးတော့ ဒီကလေးက ရိုးရိုးသာမန်ကလေးတစ်ယောက်မဟုတ်ဘူးဆိုပါစို့။ ကလေးမလေးက မငိုဘူး။ ပြေးပြေးလွှားလွှားဆော့ကစားကာ ထိုင်ခုံကိုကန်ကျောက်နေမှာလည်းမဟုတ်ပါဘူး။ သူမဟာ Luk Thep ဆိုတဲ့ သဘာဝလွန် ကလေးနတ်သမီးအရုပ်လေး ဖြစ်နေပါလိမ့်မယ်။
အဲဒါဟာ တကယ့်ကိုသဘာဝမကျသလိုပဲ။ ဒါပေမဲ့ ကိုယ်က ထိုင်းလေကြောင်းလိုင်း Thai Smile Airways ကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ဘေးမှာ အဲဒီအရုပ်လေးရဲ့နေရာဖြစ်နေတာနဲ့ ကြုံဆုံရနိုင်တယ်။ အသက်ရှိနေတယ်လို့ ယုံကြည်ထားကြတဲ့ အဲဒီအရုပ်လေးတွေအတွက် ထိုင်ခုံနေရာရောင်းချပေးဖို့ Thai Airways ရဲ့ ကုမဏီခွဲဖြစ်တဲ့ Thai Smile Airways က စီစဉ်ထားပါပြီ။ အဲဒီသတင်းကြောင့် သက်ရှိနတ်သမီးအရုပ်လေးတွေဟာ ပိုပြီး လူသိများလာကြတယ်။ Luk Thep လေးတွေဟာ ကလေးငယ်တစ်ဦးရဲ့ ဝိညာဉ်ပိုင်ဆိုင်ထားတယ်။ ကောင်းမွန်တဲ့အနာဂတ်ကိုယူဆောင်ပေးတယ်လို့ ယုံကြည်ကြတာကြောင့် ထိုင်လူမျိုးတော်တော်များများဟာ အဲဒီအရုပ်လေးတွေကို တကယ့်ကလေးငယ်လေးတွေလို ပြုစုစောင့်ရှောက်နေကြတာပါ။ Thai Smile က ထိုင်းမီဒီယာတွေမှာ အသိပေးကြေညာပါတယ်။ အရုပ်လေးတွေကို လူသားခရီးသွားတွေလိုပဲ ထိုင်ခုံမှာခါးပတ်ပတ်ထားစေပြီး မုန့်နဲ့ အချိုရည်တွေနဲ့ဧည့်ခံမှာပါ။ တကယ့်ကလေးငယ်တွေလိုပဲ exit ခုံတန်းမှာထိုင်တာကိုလည်း တားမြစ်ခံရပါမယ်။ ကိုယ့်ရဲ့အရုပ်အတွက် လက်မှတ်တစ်စောင်မရှိရင်တော့ အရုပ်လေးကို ခရီးဆောင်အိတ်သယ်ယူသလို၊ ကုန်ပစ္စည်းသိမ်းဆည်းသလိုပဲ ဆင်းသက်စေပါလိမ့်မယ်။ ထိုင်း ပြည်သူ့လေကြောင်းဌာန (DCA) က အဲဒီကိစ္စကို အရေးတယူစုံစမ်းလေ့လာနေတယ်။ ပြည်တွင်းလေကြောင်းအေဂျင်စီတွေနဲ့ လေကြောင်းလိုင်းတွေပါ အပါအဝင် လုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့ ပတ်သက်ပြီး မူဝါဒထုတ်ပြန်နိုင်ဖို့ ဆွေးနွေးနေကြပါတယ်။ "အရုပ်လေးတွေကို တခြားအရုပ်တွေလိုပဲ ကျွန်တော်တို့ ဆက်ဆံပါတယ်"လို့ တန်ဘိုးနည်းလေကြောင်းလိုင်း Nok Air အကြီးအကဲ Patee Sarasin ကပြောပါတယ်။ "လေယာဉ်ပျံသန်းနေတဲ့အခါ ခရီးသည်တွေဟာ အရုပ်တွေကို သူတို့ပေါင်ပေါ်မှာ တင်ထားနိုင်ပါတယ်။ ထိုင်ခုံတစ်နေရာဝယ်ချင်တယ်ဆိုရင် ဈေးနှုန်းက ဈေးအကြီးဆုံးဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ခရီးသည်တွေကို အရုပ်လေးတွေအတွက် ထိုင်ခုံဝယ်ယူဖို့ မတိုက်တွန်းပါဘူး။ ဒါပေမဲ့ တခြားထိုင်ခုံတစ်နေရာဝယ်ဖို့ သူတို့ဆန္ဒရှိနေမယ်ဆိုရင်တော့ မဝယ်ဖို့လည်း ကျွန်တော်တို့မတားမြစ်နိုင်ပါဘူး"လို့ဆိုတယ်။ AirAsia ကတော့ Luk Thep အရုပ်လေးတွေနဲ့ ပတ်သက်နဲ့ စည်းမျဉ်းတစ်စုံတစ်ရာမရှိသေးဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်း အရုပ်တစ်ရုပ်ထဲမှာ သေတ္တာအနက်တစ်လုံးပါလာခဲ့တယ်။ သေတ္တာထဲမှာမူးယစ်ဆေးတွေသယ်ဆောင်ခဲ့တဲ့ကိစ္စ ချင်းမိုင်လေဆိပ်မှာဖြစ်ခဲ့ဖူးတာကြောင့်  DCA က လုံခြုံရေးကိစ္စအတွက် စိုးရိမ်နေတာပါ။ အဲဒီသေတ္တာထဲမှာ ထိုင်းနိုင်ငံထုတ် ရာဘဆေးပြား ၂၀၀ ခန့်နဲ့ မီသိုင်းနဖက်တမင်းအခြေခံထုတ်ထားတဲ့ ဆေးဝါးတွေ တွေ့ရှိခဲ့ကြရတယ်။ Luk Thep အရုပ်လေးတွေဟာ ပြည်ပကတင်သွင်းလာတဲ့အရုပ်လေးတွေဆိုပေမယ့် ထိုင်းနိုင်ငံရိုးရာဓလေ့တွေပေါင်းစပ်လိုက်ကြတာပါ။ ကလေးငယ်တစ်ဦးဝိညာဉ်သွင်းပေးထားတယ်လို့ ယုံကြည်လာကြတယ်။ ဒေသခံ နာမည်ကျော်ကြားသူတချို့က သူတို့ဘဝထဲမှာ ထူးခြားတဲ့သက်ရောက်မှုတွေတယ်လို့ လူမှုကွန်ရက်မီဒီယာတွေမှာ သတင်းတွေတင်လာကြတယ်။ နောက်ပိုင်း အဲဒီအရုပ်လေးတွေ ပိုပြီး ပေါ်ပြူလာဖြစ်လာကြပါတယ်။ ဈေးနှုန်းက ဘတ် ၃၅၀၀ ($ 97)နဲ့ ယူအက်စ်က တင်သွင်းတဲ့အရုပ်လေးတွေဟာ ဘတ် ၁၃၀၀၀($362) အထိ တန်ဖိုးရှိကြတယ်။


လခပိုပြီးတောင်းလာကြတဲ့ ကိုရီးယားလေယာဉ်မှူးတွေ
ကိုရီးယားလေကြောင်းကုမဏီက လခတိုးမပေးခဲ့တာကြောင့် တောင်ကိုးရီးယားလေကြောင်းရဲ့ လေယာဉ်မှူးအသင်းနှစ်သင်းမှာရှိတဲ့ အဖွဲ့ဝင် ၁၉၀၀ ခန့်ဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ထိတိုင် ဆန္ဒမဲကောက်ခံယူပြီး ကန့်ကွက်ဆန္ဒပြဖို့ပြုလုပ်ခဲ့ကြတယ်။ ကုမဏီက အဆိုပြုလိုက်တဲ့လခဟာ လေယာဉ်မှူးတွေတောင်းဆိုထားတဲ့ လစာက ၃.၇ ရာခိုင်နှုန်းထက် တော်တော်နည်းနေပြီး ၂၀၁၅ ခုနှစ်က နှုန်းထက် နည်းနည်းပိုတဲ့ ၁.၉ ရာခိုင်နှုန်းတိုးပေးခဲ့တာပါ။ "ကိုရီးယားလေကြောင်းလေယာဉ်မှူးတွေရဲ့ နှစ်စဉ်လစာဟာ ဒေါ်လာ ၁၁၆၀၀၀ ခန့်ဖြစ်ပြီး၊ လှုမှုဖူလုံရေးထောက်ပံ့ကြေး ပါဝင်ပြီးသားပါ။ အဲဒီပမာဏဟာ ကိုရီးယားမှာ ထိပ်တန်းဝန်ထမ်း ၁ ရာခိုင်နှုန်းခန့်သာ ရရှိနိုင်တဲ့လစာနှုန်းထားဖြစ်ပါတယ်" လို့ ကိုရီးယားလေကြောင်းကော်ပိုရေးရှင်းဆက်သွယ်ရေးအဖွဲ့ မန်နေဂျာ Nathan Cho က CNN ကိုပြောပါတယ်။ "၃၇ ရာခိုင်နှုန်းတိုးတဲ့ပမာဏဟာ ဒေါ်လာ ၄၁၀၀၀ နဲ့ ညီမျှပါလိမ့်မယ်။ အဲဒါဟာ ကိုရီးယားမှာရှိတဲ့ သာမန်ဝန်ထမ်းတွေရဲ့ တစ်နှစ်စာ ပျှမ်းမျှဝင်ငွေဝန်းကျင်နဲ့အတူတူဖြစ်နေပါပြီ။ တောင်းဆိုမှုဟာ လက်မခံနိုင်စရာပါ" လို့ဆိုတယ်။ ကန့်ကွက်ဆန္ဒပြနေတဲ့အသင်းတွေထဲက တစ်ခုဖြစ်တဲ့ Korean Pilot Union က Seo Sang-won ကတော့ သူတို့အမြင်ဘက်ကနေ ကာကွယ်ပြောဆိုပါတယ်။ "တောင်းဆိုမှုဟာ  သဘာဝကျပါတယ်။ ကုမဏီဟာ လစာကိုတန့်ထားတယ်။ ဒါမှမဟုတ် ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကျော်လာပြီး လစာတိုးနှုန်းဟာ နည်းနည်းပါးပါးလေးပဲ ခပ်လှုပ်လှုပ်တိုးလာတာ" တဲ့။ အသင်းနှစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ဆွေးနွေးပွဲတွေ ၅ ကြိမ်ပြုလုပ်ခဲ့ကြပြီးပါပြီ။ "ကိုရီးယားလေကြောင်းဟာ ပြည်သူတွေအတွက် မရှိမဖြစ်ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းအဖြစ် သတ်မှတ်ထားတာပါ။ ကန့်ကွက်ဆန္ဒပြတဲ့လစာကိစ္စမပါသေးဘဲ ကျွန်တော်တို့လုပ်ငန်းမှာ ၈၀ ရာခိုင်နှုန်းကျော် ပြုပြင်ထိန်းသိမ်းမှုတွေလုပ်ဖို့ လိုအပ်နေပါတယ်။ ကိုရီးယားလေကြောင်းဟာ ခရီးသည်တွေကိုအကျိုးသက်ရောက်စေမယ့် အဆင်မပြေမှုတိုင်းကိုကာကွယ်ပြီး အကောင်းဆုံးလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်" လို့ Cho ကပြောပါတယ်။ Seo ကတော့ သတိပေးခြိမ်းခြောက်လိုက်တယ်။ ကိုရီးယားကုမဏီကသာ လစာတွေတိုးမပေးဘူးဆိုရင် လေယာဉ်မှူးတွေဟာ တခြားဆွဲဆောင်မှုကောင်းတဲ့နေရာ အထူးသဖြင့် တရုတ်နိုင်ငံဆီကို သွားဖို့ ပိုပြီးရွေးချယ်လာကြလိမ့်မယ် တဲ့။ Korea Times သတင်းစာဖော်ပြထားချက်အရ ရာထူးသက်တမ်း၊ လူမှုဖူလုံရေးတို့လို တခြား ကွာဟချက်တွေမပါဝင်သေးဘဲ ကိုရီးယားလေကြောင်းလေယာဉ်မှူးတစ်ဦးဟာ တရုတ်လေယာဉ်မှူးတွေရဲ့ လစာ ၃ ပုံ ၁ ပုံပဲရရှိတယ်လို့ ဆိုတယ်။ ပြီးခဲ့တဲ့နှစ်က ကိုရီးယားလေကြောင်းက လေယာဉ်မှူး ၁၄၀ ခန့် အလုပ်ထွက်သွားခဲ့ပြီး အဲဒီထဲက ၄၀ခန့်ဟာ တရုတ်လေကြောင်းလိုင်းတွေကို ရွေးချယ်သွားခဲ့တယ်လို့ Seo က ပြောပါတယ်။ ကိုရီးယားလေကြောင်းလုပ်ငန်းဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ၆ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်မှုရှိခဲ့ပါတယ်။ လေယာဉ်မှူးပြတ်လပ်မှုကြောင့် ရင်ဆိုင်ရတဲ့အခက်အခဲက ကိုရီးယားနိုင်ငံတစ်ခုတည်းတော့ မဟုတ်ပါဘူး။ Boeing ရဲ့ လတ်တလောထုတ်ပြန်တဲ့မှတ်တမ်းမှာ လာမယ့် နှစ် ၂၀ အတွင်း စီးပွားဖြစ်လေယာဉ်မှူး ၅၀၀၀၀၀ ကျော် အသစ်ထပ်ပြီးလိုအပ်ပါလိမ့်မယ်။ အာရှမှာ လေယာဉ်မှူးအခန်းအရာရှိ ၂၂၆၀၀၀ ခန့်လိုအပ်ပါလိမ့်မယ် လို့ ဖော်ပြထားတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ တုန်းက လေယာဉ်မှူးတွေကန့်ကွက်ဆန္ဒပြပွဲနဲ့ရင်ဆိုင်ရဖူးတယ်။ အဲဒီတုန်းက လေယာဉ်ပေါင်း ၂၀၀ ကျော် ခရီးစဉ်ဖျက်ခဲ့ရပါတယ်။

ရေတံခွန်ဟာ တံတားတွေနဲ့ မိတ်ဆွေ မဟုတ်ကြဘူး
နိုင်ရာဂရာရေတံခွန်ဟာ ရေပမာဏအလုံးအရင်းနဲ့ သွယ်ဖြာကျဆင်းနေတဲ့ရေတံခွန်တစ်ခုပါ။ ရေအားလျှပ်စစ်၊ ခရီးသွားလုပ်ငန်း၊ စိတ်ကြည်နူးစရာ နဲ့ သဘာဝအလှတရားတွေနဲ့ ရင်းရင်းနှီးနှီး လှုပ်ရှားသက်ဝင်နေပါတယ်။ ဒါပေမဲ့ ရေတံခွန်တွေအတွက် တံတားတွေဆိုတာဟာ မိတ်ဆွေတွေမဟုတ်ကြဘူး။ နိုင်ရာဂရာရဲ့ ရေတံခွန်တစ်ခုဟာ အချိန်ကာလတစ်ခုလောက် ပိတ်ထားဖို့ လိုအပ်နေပါသတဲ့။ ယူအက်စ် ပင်မနယ်မြေနဲ့ Goat ကျွန်းကို ဆယ်သွယ်နေတဲ့ နှစ်ပေါင်း ၁၁၅ နှစ်သက်တမ်းရှိခဲ့တဲ့တံတားတွေကို ပြန်ပြီးအစားထိုးဖို့ စီမံချက်တစ်ခုရှိနေပါတယ်။ Goat ကျွန်းဟာ American Falls နဲ့ Bridal Veil Falls ကြားထဲမှာရှိတဲ့ စိမ်းစိမ်းလန်းလန်းနေရာလေးပါ။ နိုင်ရာဂရာမြစ် ၈၅ ရာခိုင်နှုန်းခန့်ဟာ ကနေဒါနယ်စပ်ဘက်မှာ Horseshoe Falls ကို စီးဝင်ပါတယ်။ ကျန်တဲ့ရေတွေက American Falls ထဲ စီးဝင်သွားတယ်။ American Falls ထဲကရေတွေကို ဖယ်ထုတ်ဖို့ဆိုရင် Horseshoe Falls ထဲကိုပဲ မြစ်တစ်ခုလုံးစီးဝင်သွားဖို့ ရေလမ်းကြောင်းပြောင်းလဲပေးမယ့် ယာယီရေကာတာတစ်ခုတည်ဆောက်ပေးဖို့ လိုအပ်ပါမယ်လို့ ရုံးအဖွဲ့က ပြောပါတယ်။ "ရေတွေဖယ်ထုတ်ဖို့ လိုအပ်တဲ့အကြောင်းပြချက်က ၂ ခုရှိပါတယ်။  "သက်တမ်း ၁၁၅ နှစ်ရှိနေတဲ့ တံတားအိုတွေဟာ ဖြိုချဖို့လိုအပ်နေပါပြီ။ မြစ်ထဲကမြောင်းသွယ်ဟာ တံတာတွေ ဖြိုချ၊ ဖယ်ရှားဖို့အတွက် ရေတွေဖယ်ထုတ်ရမယ်" လို့ဆိုတယ်။ တံတားတွေပြန်လည်အစားထိုးတဲ့အခါ ဆိပ်ခံတံတားနဲ့ တံတားပေါင်းမိုးတွေ တည်ဆောက်ရမှာပါ။ ဆောက်လုပ်တဲ့အခါ အောက်ခြေအသစ်တွေမှာ အောက်ခံကျောက်တုံးနဲ့ ခိုင်ခိုင်မာမာ ဆိုင်းတွယ်ဖို့လိုအပ်ပါတယ်။ ဆောက်လုပ်ရေးအစီအစဉ်တွေ ခိုင်မာစိတ်ချရဖို့ ခြောက်သွေ့နေရပါလိမ့်မယ်။ တံတားအသစ်တွေတည်ဆောက်ဖို့ ၉ လ လောက်ကြာမြင့်နိုင်ပါတယ်။ ဒေသခံတွေအတွက်တော့ အင်မတန်လှပစွာစီးဝင်နေတဲ့ရေတွေ လတော်တော်ကြာပျောက်ကွယ်နေမယ့်မြင်ကွင်းတစ်ခုဟာ စိတ်မကောင်းစရာဖြစ်နေပါတယ်။  ကနေဒီယန်းဘက်နဲ့ နှိုင်းယှဉ်ကြည့်ရင် အမေရိကန်ဘက်အခြမ်းက  မွမ်းမံပြင်ဆင်ဖို့ တကယ့်ကိုလိုအပ်နေခဲ့တာပါ။ "ရေတွေခြောက်သွေ့နေတဲ့ရေတံခွန်ကို မြင်တွေ့ရတာဟာ လူတော်တော်များများအတွက် တစ်သက်မှာတစ်ကြိမ်တည်းသော အခွင့်အရေးဖြစ်နေနိုင်ပါတယ်။ နိုင်ရာဂရာရေတံခွန်တစ်ခုလုံး ပိတ်သွားမှာမဟုတ်ဘဲ American Falls က ရေတွေဖယ်ထုတ်ထားတဲ့အချိန်မှာ ကနေဒါရဲ့ Horseshoe Falls မှာတော့ ရေတွေပြည့်ပြည့်ဝဝ စီးထွက်နေမှာပါ" လို့ Niagara Tourism & Convention Corporation က အကြီးအကဲ John Percy က ပြောပါတယ်။ တချို့လူတွေအတွက်တော့ နှစ်ကြိမ်မြင်တွေ့နိုင်ကြမယ့်အခြေအနေမျိုးပါ။ ဘာကြောင့်လဲဆိုတော့ ၁၉၆၉ ခုနှစ်တုန်းက တစ်ကြိမ် Army Corps of Engineers အဖွဲ့က ရေတံခွန်ထဲကရေတွေဖယ်ထုတ်ခဲ့ကြဖူးတယ်။ American Falls ရဲ့ တည်တံ့ခိုင်မြဲမှုကို စစ်ဆေးခဲ့ကြတာပါ။

ထူးထူးခြားခြားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်းထားနိုင်သူလေး
နိုင်ငံကူးလက်မှတ်တစ်စောင်အသစ်လုပ်တာရယ်၊ ပြီးတော့ နယ်စပ်တွေမှာစစ်ဆေးတိုင်း Shona Owen အတွက်တော့ အလွယ်ကူဆုံးအလုပ်တွေမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Owen မွေးဖွားခဲ့တဲ့နေရာက ထူးထူးခြားခြားဖြစ်နေလို့ပါ။ Owen ကို လေထဲ အမြင့်ပေ ၃၆၀၀၀ မှာ မွေးဖွားခဲ့ပါတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက သူမနိုင်ငံကူးလက်မှတ်ကို ဖတ်တိုင်း "ကိုင်ဆောင်သူဟာ လေယာဉ်တစ်စင်းပေါ်မှာမွေးဖွားပါတယ်" ဆိုတာကို အကြိမ်ကြိမ်ဖတ်ရင်း ဇဝေဇဝါဖြစ်ကြရတယ်။ ၁၉၉၀ မှာ Shona ရဲ့ နေ့စေ့လစေ့ကိုယ်ဝန်ဆောင် မိခင် Debbie Owen ဟာ အသက် ၄ နှစ်အရွယ် သမီး Claire နဲ့အတူ ဂါနာကနေ လန်ဒန်ကို British Airways နဲ့ လိုက်ပါခဲ့ကြတယ်။ မမျှော်လင့်ဘဲ မိခင်ဟာ မွေးဖွားလုဆဲအခြေအနေဖြစ်လာတော့ first class ကို ပြောင်းရွှေ့လိုက်ပြီး ဆေးပညာသင်တန်းတက်ထားသူတစ်ဦးဦးအကူအညီပေးဖို့ ကြေညာချက်ထုတ်ခဲ့ကြတယ်။ မွေးဖွားလုဆဲမိခင် ကံကောင်းခဲ့ပါတယ်။ ဂါနာမှာ အရေးပေါ်အခြေအနေမှာ အမျိုးသမီးတစ်ဦးကို မွေးဖွားပေးခဲ့ဖူးတဲ့ ဒတ်ခ်ျလူမျိုး ဆရာဝန် Wym Bakker ကလည်း လေယာဉ်ပေါ်မှာလိုက်ပါခဲ့တယ်။ Debbie ဟာ တကယ်လို့ မွေးကင်းစကလေးငယ်နဲ့ Claire တို့ကို လေယာဉ်က အာဖရိကမှာပဲ ဆင်းဖို့ တွန်းအားပေးမှာကြောက်လန့်ခဲ့ပါတယ်။ အဲဒါကြောင့် Debbie က လေယာဉ် ဥရောပဘက်ကို ရောက်တဲ့အထိ အသည်းအသန်ထိန်းချုပ်ထားခဲ့တယ်။ လန်ဒန် Gatwick လေဆိပ်ဆီချဉ်းကပ်လာတော့ သူမကိုအရန်သင့် စောင့်ကြည့်နေတဲ့ဆရာဝန်၊ လေယာဉ်အမှုထမ်းတို့အကူအညီနဲ့ Shona Kirsty Yves ကို မွေးဖွားခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦး တိုးသွားခဲ့တာပေါ့။ Shona အခု အဆင်မြင့်ခရီးသွားအော်ပရေတာအဖြစ် အွန်လိုင်းဈေးကွက်စီမံခန့်ခွဲရေးဌာနမှာ လုပ်ကိုင်နေပါတယ်။ သူမက ခရီးသွားဖို့မွေးဖွားလာခဲ့တာပါ လို့ သူမကိုယ်တိုင် ရည်ညွှန်းတတ်သူပါ။ Shona ဟာ သူမလို လေယာဉ်ပေါ်မှာမွေးဖွားခဲ့သူတွေဘယ်လောက်ရှိနေမလဲ အမြဲစိတ်ဝင်တစားရှာဖွေနေခဲ့ပါတယ်။ Shona ရဲ့မိခင်ဟာ Debs Lowther ဆိုတဲ့အမျိုးသမီးတစ်ဦးနဲ့အဆက်အသွယ်ရခဲ့တယ်။ Lowther ကလည်း သူမရဲ့ သား Jonathan ကို Shona မမွေးခင် ၄ လခန့်က Malawi ကနေ UK အပြန် British Airways လေယာဉ်ပေါ်မှာပဲ မွေးဖွားခဲ့တာပါ။ လေကြောင်းလိုင်းအများစုကတော့ လေယာဉ်ပေါ်မွေးဖွားကြတဲ့မှတ်တမ်းတွေကို သိမ်းဆည်းမထားကြပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၅ မေလက Ada Guan နဲ့ Wes Branch စုံတွဲ Calgary ကနေ Tokyo ကို သွားတဲ့လေယာဉ် ပစိဖိတ်သမုဒ္ဒရာပေါ်ဖြတ်တဲ့အချိန်မှာ Ada က ကလေးငယ်မွေးဖွားခဲ့တယ်။ ၂၀၁၅ အောက်တိုဘာကလည်း အမျိုးသမီးတစ်ဦးဟာ Taipei ကနေ Los Angeles ကို အသွား US နယ်မြေထဲအရောက်မှာ လေယာဉ်ပေါ်ပါလာခဲ့တဲ့ဆရာဝန်တစ်ဦးအကူအညီနဲ့ ကျန်းမာတဲ့ကလေးတစ်ဦး မွေးဖွားခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအမျိုးသမီးကို ကလေးငယ်ယူအက်စ်နိုင်ငံသားဖြစ်စေချင်တာကြောင့် တမင်တကာကြံစည်ခဲ့တာလို့ ဝေဖန်မှုတွေရှိခဲ့ကြတယ်။ နိုင်ငံသားဥပဒေတွေဟာ နိုင်ငံတစ်နိုင်စီမှာကွဲပြားနေပါတယ်။ ဥပမာ ယူကေမှာဆိုရင် ဗြိတိန်မှာမွေးဖွားလည်း အလိုအလျောက် နိုင်ငံသားအဖြစ်ပေးအပ်ခြင်းမခံရပါဘူး။ ယူအက်စ်မှာတော့ နိုင်ငံထဲက ရေ၊ လေ တစ်နေရာရာမှာမွေးဖွားခဲ့ရင် jus soli (မြေဆီမြေလွှာအခွင့်အရေး)မူအရ လူတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိနေပါတယ်။ ပေါ်ပြူလာဖြစ်လာတဲ့ကောလဟာလတစ်ခုက လေယာဉ်ပေါ်မှာ မွေးဖွားခဲ့သူဟာ တစ်သက်တာအတွက် လေယာဉ်အခမဲ့စီးနင်းခွင့်ရှိမရှိ ဆိုတာကိုပါ။ အင်မတန်နည်းပါးတဲ့ လေကြောင်းလိုင်းအရေအတွက်ဖြစ်တဲ့ Thai Airways, Asia Pacific Airlines, AirAsia နဲ့ Polar Airlines တို့ကသာ တစ်သက်တာ newborn free flights အတွက်ခွင့်ပြုပေးကြတယ်။ Virgin Atlantic ကတော့ အသက် ၂၁ နှစ်အထိပဲ အခမဲ့ခွင့်ပြုပါတယ်။ Shona အတွက်တော့ အသက် ၁၈နှစ်ပြည့်က သြစတြေးလျကိုသွားခဲ့တဲ့လေကြောင်းခရီးစဉ်မှာ first class နဲ့ အခမဲ့ခရီးစီးနင်းခွင့် ရရှိခဲ့ပါတယ်။
Source: CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, March, 2016)

No comments: