Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 31, 2016

ကမ္ဘာ့မြောက်ဖျားပိုင်းက တက္ကသိုလ်မှာ ပညာသင်မယ် စူးစမ်းလေ့လာမယ်

အာတိတ်ဒေသ ကမ္ဘာ့မြောက်ဘက်အစွန်းဆုံးအပိုင်းက တက္ကသိုလ်ဟာ လူသိများလာတဲ့ တက္ကသိုလ်တစ်ခုဖြစ်နေပါတယ်။ ညလယ်နေမင်းအလင်းနဲ့ မြောင်ပိုင်းအလင်းတန်းတွေရှိနေကြတဲ့ နယ်မြေ၊ ဒီဂြိုဟ်ကမ္ဘာကြီးမှာ ဂေဟစနစ်ကြံ့ခိုင်မှုမရှိဆုံးနေရာမှာ ကမ္ဘာ့မြောက်ဘက်ဆုံးပိုင်းကတက္ကသိုလ်တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ နော်ဝေးနိုင်ငံနဲ့ မြောက်ဝင်ရိုးစွန်းကြား လမ်းတစ်ဝက်၊ အာတိတ်ပင်လယ်ထဲ မြောက်ပိုင်းလတ္တီတွဒ် ၇၈ ဒီဂရီမှာတည်ရှိနေတဲ့ ကျွန်းစု Svalbard လို အံ့ဘနန်းဝေးကွာလှတဲ့နေရာမျိုးမှာ ဖွင့်လှစ်ထားတဲ့ University Centre in Svalbard (UNIS) တက္ကသိုလ် ဆီကို ကမ္ဘာတစ်ဝှမ်းက ကျောင်းသားတွေ စုဝေးရောက်ရှိလာနေကြတယ်။ သူတို့ရဲ့တည်ရှိနေမှုဟာ ဝေးလံခေါင်သီလှပြီး ကြမ်းတမ်းပြင်းထန်တဲ့ရာသီဥတုမျိုးရှိနေတဲ့နေရာတစ်နေရာဆီ နိုင်ငံတကာခရီးသွားတွေ ဘယ်လောက်အရေအတွက်များများရောက်တိုးပွားလာနေတယ်ဆိုတာ ပြသနေတာပါပဲ။ အဲဒါဟာ အာတိတ်ဒေသကို ခရီးသွားလုပ်ငန်းထဲဆွဲသွင်းနိုင်ဖို့ အပြောင်းအလဲဖြစ်လာနိုင်ပါမယ်။ တက္ကသိုလ်စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၉၉၃ ခုနှစ်ကနေစတင်ပြီး ကျောင်းဖွင့်ချိန် အကြိမ်၃၀ ရှိခဲ့ပြီး အခုဆိုရင် ကျောင်းသား ၆၀၀ နဲ့ ဝန်ထမ်း ၇၅ ဦးရှိလာခဲ့ပါပြီ။ UNIS ဟာ နော်ဝေးဒေသခံ ၂၀၀၀ ခန့်နေထိုင်ကြတဲ့ စစ်မဲ့ဇုန် Svalbard ကျွန်းစုက Longyearbyen ရွာလေးမှာ တည်ဆောက်ထားတယ်။ နော်ဝေးလူမျိုးတွေပြီးရင် ရုရှားဟာ အဲဒီဒေသလေးမှာ အမြဲတမ်းအခြေချနေထိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ 

ကမ္ဘာ့မြောက်ဘက်စွန်းက နေရာသစ်
အဲဒီနေရာလေးကိုသွားမယ်ဆိုရင် Svalbard လေဆိပ်ရှိနေပါတယ်။ နွေရာသီမှာ ညလယ် လင်းလက်နေတဲ့ နေအလင်းရောင်ကိုလည်းကြုံဆုံရမယ်။ နှင်းဝေပြီး အချိန်တိုင်းလင်းနေတဲ့ နွေရာသီကာလကိုလည်း ထူးထူးခြားခြားခံစားနိုင်မှာပေါ့။ လေဆိပ်ကနေ Longyearbyen ရွာလေးဆီ ၃ ကီလိုမီတာအကွာအဝေး ဘတ်စ်ကားစီးရင်ရောက်ရှိနိုင်တယ်။ ရွာလေးမှာ ကာလအတော်ကြာကြာကတည်းက လုပ်ကိုင်နေခဲ့ကြတဲ့ ကျောက်မီးသွေးတူးဖော်တဲ့လုပ်ငန်းတွေရှိတယ်။ ဒါပေမဲ့ အခုတော့ အမြတ်အစွန်းနည်းလာတာရယ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုတွေကြောင့် မိုင်းတွင်းတွေအများကြီးပဲပိတ်ရမယ့်အခြေအနေဖြစ်နေပြီး အလုပ်လက်မဲ့အခက်အခဲတွေလည်းရှိလာနေတယ်။ UNIS ရဲ့အောင်မြင်မှုတွေကတော့ ပိုပြီးများလာတယ် ပြောရမှာပါ။

တောင်ကမ်းပါးကြားရေဝင်လမ်းတွေ၊ တောင်ကြားချိုင့်ဝှမ်းတွေနဲ့ ရေခဲမြစ်တွေရှိတဲ့နေရာ
တက္ကသိုလ်တည်နေရာဟာ ထင်ရှားပေါ်လွင်လှတဲ့နေရာပါ။ နှင်းဖြူဖြူတွေ အပြည့်အုပ်မိုးထားတဲ့တောင်တွေကြားက မြို့ငယ်လေးရဲ့ မြင်ကွင်းတွေမှာ ရေခဲတွေစီးဆင်းပြီး ကမ်းပါးကို တဖျပ်ဖျပ်ရိုက်ခတ်နေတာဟာ သိပ်လှတယ်လို့ဆိုကြတယ်။ နွေရာသီနှောင်းပိုင်းနေအလင်းရောင်တွေ ကြီးမားကျယ်ပြန့်လှတဲ့ရေခဲမြစ်ကြီးပေါ်လွှမ်းခြုံဖြာကျနေတဲ့အခါ အရာရာဟာ ရွှမ်းစိုပြိုးပြက်တောက်ပနေကြသတဲ့။ ခရီးသွားတွေအသွားအလာများကြတဲ့ သြဂုတ်လထဲမှာ Longyearbyen မြို့လေးကနေ ၁၁ ရက်ကြာ သင်္ဘောစီးလို့ ကျွန်းစုတစ်ဝိုက်ကို လှည့်လည်ကြည့်ရှုနိုင်တဲ့အစီအစဉ်ရှိနေပါတယ်။


အာတိတ်ဒေသလေ့လာသင်ယူနိုင်စရာတွေ

အာတိတ်ဒေသဘူမိရူပဗေဒ၊ ဘူမိဗေဒ နဲ့ ဇီဝဗေဒဆိုင်ရာစတဲ့ ဘာသာရပ်တွေဟာ ကမ္ဘာတစ်ဝှမ်းက ပေါင်းစည်းထားတဲ့တက္ကသိုလ်တွေက သဘာဝသိပ္ပံကျောင်းသားတွေကို ဆွဲဆောင်နေပါတယ်။ UNIS ဟာ အရင်က ဖွင့်လှစ်ခဲ့တဲ့ ၄ လကြာ စာသင်နှစ်ကာလကို အခု ပထမဆုံး အချိန်ပြည့် ဒီဂရီ၊ မာစတာ သင်တန်းတွေတိုးချဲ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။ ဘွဲ့ကြိုကျောင်းသားတွေအတွက် အာတိတ်ဒေသဟာ သူတို့ရဲ့ ပြင်ပကွင်းဆင်းလုပ်ငန်းအတွက် ပထမဆုံးအတွေ့အကြုံဖြစ်လိုကြတယ်။ အာတိတ်ဒေသမှာ သူတို့လေ့လာလိုတဲ့အချက်အလက်တွေပြည့်နှက်နေပါတယ်။ စာသင်နှစ်ဝက်တစ်ခု ၄ လတာ ကာလဟာ အချိန်သိပ်နည်းလွန်းနေပါတယ်။ ကျောင်းသားအများစုဟာ လေ့လာမှုတွေပိုလုပ်ဖို့ နောက်ထပ်တစ်ကြိမ်ပြန်ရောက်လာကြတယ်။ တချို့က ပရော်ဖက်ဆာတွေအဖြစ်ပြန်လည်ရောက်ရှိလာခဲ့ကြတယ်။ အင်္ဂလန်က အာတိတ်ဒေသ ဘူမိရူပကျောင်းသား Tom Simmons ကပြောပါတယ်။ "နွေရာသီညလယ်ယံနေအလင်းရောင်အောက်မှာ ညလယ်ယံ အသားကင်စားတာ၊ ခရီးဝေးလမ်းလျှောက်တဲ့အတွေ့အကြုံတွေရနိုင်တယ်။ မြောက်ဝင်ရိုးစွန်းအနီးမှာတွေ့နိုင်တဲ့ aurora borealis အနီရောင်၊ အစိမ်းရောင်းအလင်းတန်းတွေနဲ့ ဝင်ရိုးစွန်းအမှောင်ထုကိုကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။ နွေဦးစာသင်နှစ်အတွက် ကျောင်းလျှောက်လွှာတင်ဖို့ ဆုံးဖြတ်ပြီးပါပြီ" တဲ့။

အာတိတ်ဒေသမိုင်းတွင်းတွေ
အာတိတ်ဒေသရဲ့ အေးခဲနေတဲ့သဘာဝရှုခင်းပြင်ကျယ်တွေဟာ ကမ္ဘာအနှံ့အပြားက အာရုံစိုက်မှုကို ဆွဲဆောင်ထားတယ်။ ရေနံတွင်းကုမ္ပဏီ Shell က စီးပွားရေးအရတွက်ခြေမကိုက်တာကြောင့် သတ္ထုတွင်းတွေပိတ်သိမ်းနေတော့ အဲဒီအပြောင်းအရွှေ့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေအတွက် အောင်မြင်မှုတစ်ခုလိုဖြစ်သွားခဲ့တယ်။ မပျက်မယွင်းတည်ရှိနေဆဲဖြစ်တဲ့ ဒီနေရာမှာ ရာသီဥတုအပြောင်းအလဲစကားစမြည်ဆွေးနွေးပွဲတွေပြုလုပ်ကြတယ်။ "ပတ်ဝန်းကျင်တွေက အလှအပပေါင်းစပ်လိုက်မယ်ဆိုရင် Svalbard ကိုပါ တဆက်တည်းအာရုံခံစားမိသွားတော့တယ် လို့ ဟော်လန်နိုင်ငံက ဘူမိရူပကျောင်းသား Stijn Van der Waal ကပြောပါတယ်။ "ရာသီဥတုပြောင်းလဲမှုအကြောင်းတွေကျွန်တော်တို့ကြားရတယ်။ ကျွန်တော်တော့စိတ်မပူမိပါဘူးတဲ့။ ကျောင်းသားတွေရဲ့ သုတေသနဟာ စက်မှုလုပ်ငန်းမူဝါဒပေါ်မှာ လွှမ်းမိုးနိုင်တဲ့အားရှိပါတယ်။ "တက္ကသိုလ်သုတေသန စာတမ်းဟာ Svalbard မြို့လေးအတွက် အထူးအလေးထားပြင်ဆင်ထားတယ်" လို့ UNIS သတင်းအချက်အလက်မန်နေဂျာ Eva Therese Jenssen က ပြောပါတယ်။ ကျောင်းသားတစ်ဦးရဲ့ သုတေသနမှာ ဆောင်းတွင်းမှောင်မိုက်တဲ့ ကာလအတောအတွင်း ပင်လယ်ရေအောက်သက်ရှိတွေ အသက်ရှင်နေထိုင်ပုံအကြောင်းပါဝင်ပြီး မာစတာတန်းကျောင်းသားတစ်ဦးရဲ့ တွေ့ရှိမှုမှာတော့ ခရီးသွားအသွားအလာများတဲ့နေရာက ဂြိုဟ်သားမျိုးစိတ်တွေအကြောင်း မိတ်ဆက်ထားပါတယ်။ Svalbard လေဆိပ်အတွက် သန့်ရှင်းစင်ကြယ်စေမယ့် နည်လမ်းလည်း အခုရွေးချယ်ပြီးကြပါပြီ။

ခွေးစွတ်ဖားလှည်းတွေနဲ့ နှင်းတောထဲရွေ့လျားအသုံးပြုနိုင်တဲ့ နှင်းလွှာစီးယာဉ်တွေ
ရာသီဥတုအခြေအနေက အင်မတန်လွန်ကဲပြင်းထန်လှတယ်။ ဆောင်းတွင်းမှာ မြို့လေးရဲက အပူချိန်ဟာ အနှုတ် ၁၅ စင်တီဂရိတ် (၅ ဖာရင်ဟိုက်) အထိ ထိုးစိုက်ကျသွားတော့တယ်။ ဘယ်နေရာမှာမဆို ဆက်သွယ်သွားလာစရာ လမ်းရယ်လို့ ရှာလို့မတွေ့နိုင်ကြတော့ဘူး။ ဒေသခံတွေဟာ ခွေးစွတ်ဖားလှည်းတွေနဲ့ နှင်းလွှာစီးယာဉ်တွေ အသုံးပြုပြီးသွားလာကြရတော့တယ်။ နှင်းတွေပြည့်နေတဲ့ရှုခင်းကျယ်ကြီးထဲ ရွေ့လျားသွားလာဖို့ နှင်းထဲစီးတဲ့ ဘီးလေးဘီးပါယာဉ်တွေ အသုံးပြုကြရတယ်။ ဂျာမနီက ကျောင်းသားတစ်ဦးဖြစ်တဲ့ Paul Petersik ကတော့ အဲဒါကို သဘောကျနှစ်သက်လှသတဲ့။ သူတည်းခိုနေထိုင်တဲ့ကျောင်းဆောင်အလွန်က နေရာတွေဆီ လှည့်လည်သွားလာဖို့ နှင်းစီယာဉ်တစ်စီးရှာကြံတယ်။ အပြင်ဘက်က သဘာဝကျကျမြင်ကွင်းကိုချစ်မက်တယ်။ Longyearbyen ဟာ သူ့အိပ်မက်ထဲက ခရီးသွားဒေသတစ်ခုလို့ ဆိုတယ်။ UNIS က ပထမဆုံးနေ့ဟာ တခြားတက္ကသိုလ်တွေစတင်တဲ့နေ့မျိုးနဲ့ နည်းနည်းလေးမှ မတူပါဘူး။ ပထမဆုံးသင်ခန်းစာဟာ လုံခြုံရေးအတွက် သေနတ်စွဲကိုင်လေ့ကျင့်ရပါတယ်။ Longyearbyen မှာ ဥပဒေအရ ရိုင်ဖက်တစ်လက် လူတိုင်းကိုင်ဆောင်ထားဖို့လိုအပ်ပါတယ်။ လူသားတွေကို အလန့်လန့်အဖြတ်ဖြတ်ဖြစ်အောင် ခြောက်လှန့်နိုင်ကြတဲ့ ကမ္ဘာ့ အကြီးဆုံးသားရဲ ဝင်ရိုးစွန်းဝက်ဝံကြီးတွေ ဘယ်နေရာကနေမဆို ပေါ်ထွက်လာနိုင်ကြတာကြောင့်ပါ။ ကျောင်းသူကျောင်းသားတွေ  ဒီအထူးဒေသမှာ လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာကြမယ်ဆိုရင် သေနတ်အပါအဝင် လိုအပ်သမျှဝတ်ဆင်သွားကြဖို့ တိုက်တွန်းထားပါတယ်။ Petersik က တောင်တွေကြားထဲက အေးခဲနေတဲ့ ကန်ဆီ ကျောင်းလေ့လာရေးခရီးတစ်ခုထွက်ခဲ့တုန်းကအဖြစ်အပျက်တစ်ခုကို ပြန်ပြောပြါပါတယ်။ "ပိုလာဝက်ဝံကြီးတစ်ကောင်က တောင်ကြားထဲကနေ ရေကန်ရှိရာဆီ ဦးတည်ကြည့်နေပြီ။ အဲဒါနဲ့ ကျွန်တော်တို့ နိုးနိုးကြားကြားနေကြရတယ်။ သေနတ်အသင့်ပြင်ကိုင်ထားကြတယ်။ ပိုလာဝက်ဝံကို မျက်ခြေပြတ်မခံဘဲစောင့်ကြည့်ခဲ့ကြရတယ်" တဲ့။ ဘူမိဗေဒကျောင်းသူ Svenja Rudolph ကတော့ တစ်မနက်ခင်းမှာ သူမ အဆောင်ကနေအခန်းအပြင်အထွက်မှာ တံခါးအပြင်ဘက်က ပိတ်လျက်သားရှိနေခဲ့တဲ့ ရိန်းဒီးယားသမင်ကြှီးကြောင့်အပြင်မထွက်ရဲဘဲ အထဲမှာ ပိတ်မိခဲ့ဖူးတယ်။ အသည်းတထိတ်ထိတ် စိတ်ဝင်စားစရာအတွေ့အကြုံတွေပဲပေါ့။


Svalbard မှာ နောက်ဆုံးလက်ကျန်လည်ပတ်လျက်ရှိနေသေးတဲ့ မိုင်းတွင်းတွေကို နော်ဝေးအစိုးရက ကုမဏီခွဲတွေထပ်မံဖြည့်တင်းဖို့ရှိနေတယ်။ အဲဒီမိုင်းတွင်းတွေဟာ အာတိတ်ဒေသကျွန်းစုတွေပေါ်က နော်ဝေးရဲ့ နယ်ပယ်မူဝါဒအောက်မှာ ထိန်းသိမ်းထားတာပါ။ ဒါပေမဲ့ ပိတ်သိမ်းဖို့ ဝါဒဖြန့်မှုတွေရယ်၊ ဒေသလေးရဲ့ ရှေ့ရေအလားလာ ဟန်ချက်ညီဖို့အားပြိုင်နေကြတယ်။ တက္ကသိုလ်ကတော့ Longyearbyen ရဲ့အနာဂတ် လုံခြုံစိတ်ချရစေမယ့် အဓိကအနေအထားမှာ ရှိနေပါတယ်။ Svea အနီးအနားက ကျောက်မီးသွေးမိုင်းတွင်းတစ်ခုကို ဝေဖန်လာကြတာကနေ ဆွေးနွေးပွဲတွေပြုလုပ်လာပြီး ပိတ်သိမ်းရပ်ဆိုင်သင့်တဲ့အနေအထားဖြစ်လာကြတယ်။ မိုင်းတွင်းတွေအားလုံးရပ်ဆိုင်းလိုက်ပြီဆိုရင်တော့ UNIS ရဲ့အဆောက်အဦတွေတိုးချဲ့ပြီး သုတေသနဗဟိုချက်တစ်ခုအဖြစ်ပိုပြီး ဖွံ့ဖြိုးတက်တက်လာနိုင်မှာပါ။ အဲဒီသုတေသနစခန်းဟာ အရေးကြီးလှတဲ့ အာတိတ်ဒေသရဲ့ဂေဟစနစ်ကိုလေ့လာဖို့ နိုင်ငံတကာက သိပံပညာရှင်တွေကို စွဲဆောင်နိုင်ပါလိမ့်မယ်။ ပိုပြီးသိလာလေလေ ပိုပြီးကာကွယ်လာနိုင်လေလေပဲပေါ့ လို့ Jenssen က ပြောပါတယ်။ အဲဒါဟာ အလုပ်အကိုင်၊ ခရီးသွားလုပ်ငန်း နဲ့ ဝင်ငွေတွေ အတွက် အခွင့်အလမ်းတွေပိုများလာမယ့် အဓိပါယ်ပါ။ ဒီထက်ပိုများတဲ့ ပညာရေးအစီအစဉ်တွေနဲ့ သင်တန်းအမျိုးမျိုးဖွင့်လှစ်နိုင်မယ်ဆိုရင် တက္ကသိုလ်ရဲ့ရည်မှန်းချက်လည်းဖြစ်တဲ့ အာတိတ်ဒေသသဘာဝပတ်ဝန်းကျင်အနေအထားသတိမူမိစေဖို့လည်း တိုးမြှင့်နိုင်ပါလိမ့်မယ်။

အောင်မြင်မှုအတွက် ဖြန့်ကျက်
ပြောင်းလဲမှုတွေအတွက် နည်းလမ်းရှာဖွေဖို့ကတော့ UNIS ရဲ့ ပင်မအဆောက်အဦနဲ့ ကျောင်းသားတွေရဲ့ နေရာထိုင်ခင်းအဆောင်တွေနှစ်ခုလုံး တိုးချဲ့ဖို့ပါ။ Arctic 2030 ဟာ နော်ဝေးနိုင်ငံရဲ့ အရေးအကြီးဆုံးနိုင်ငံခြားရေးမူဝါဒ High North နဲ့ ထိန်းချုပ်ထားတဲ့ဧရိယာထဲ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဖို့ တရားဝင်ထုတ်ပြန်ထားတဲ့ စီမံချက်အသစ်တစ်ခုဖြစ်နေပါတယ်။ သုတေသနလုပ်ငန်းကို UNIS တက္ကသိုလ်ကျောင်းသားတွေက စီမံခန့်ခွဲပြီး အာတိတ်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အာရုံစိုက်ပြုလုပ်သွားကြမှာပါ။ UNIS တက္ကသိုလ်ဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာက ထူးခြားလှတဲ့နေရာတွေဆီသွားရောက်ပြီး ဂေဟစနစ်ကိုစူးစမ်းလေ့လာလိုကြတဲ့ ကမ္ဘာတစ်ဝှမ်းက ကျောင်းသူကျောင်းသားတွေကို အထူးစွဲဆောင်နေပါတယ်။ အဲဒီ Longyearbyen မြို့လေးဟာ အေးခဲလှတဲ့ဝင်ရိုးစွန်းဒေသ သဘာဝပတ်ဝန်းကျင်ရှုမျှော်ခင်းကို မြင်တွေ့ခံစားလိုကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက်လည်း ရွေးချယ်စရာနေရာတစ်ခုဖြစ်နေပါပြီ။
Source: Arctic education: The world's northernmost university is booming | CNN

ဖြိုးဖြိုး
(Living Fashion Magazine, April, 2016)

No comments: