နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရက် အတိအကျသတ်မှတ်လိုက်ပြီဆိုတဲ့ အဲဒီနေ့က ကျွန်မ Facebook မှာ သတင်းတွေဖတ်ရင်း တွေ့လိုက်ရတယ်။ နိုဝင်ဘာ ၈ ရက်ဆိုတဲ့ ရက်စွဲတစ်ခုတော့ မေ့တတ်လွန်းတဲ့ကျွန်မ မှတ်ဥာဏ်တဲ့ အတင်း တိုးဝင်နေရာယူသွားလိုက်ရော။ မှတ်မှတ်သားသားဖြစ်သွားခဲ့တယ်ပေါ့။ ကျွန်မက မြန်မာနိုင်ငံနဲ့ အဝေးကြီး၊ လူသူသိပ်မသိလှတဲ့ အရှေ့တောင်ဥရောပဘက်က ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ခင်ပွန်းသည်နဲ့ နေထိုင်ပါတယ်။ ကျွန်မခင်ပွန်းက ဆားဘီးယားနိုင်ငံသားပါ။ ကျွန်မနေထိုင်တာ ၅ နှစ်ကျော်ခဲ့ပြီ ဆားဘီးယားနိုင်ငံသားလျှောက်မယ်ဆို ခပ်စောစောကတည်းက လျှောက်လို့ရနေခဲ့ပြီ။ ဒါပေမဲ့ နိုင်ငံသားလျှောက်ဖို့ စဉ်းစားလိုက်တိုင်း အားတက်သရော မရှိလှတာကြောင့် ကျွန်မခင်ပွန်းကလည်း အတင်းကာရော မတိုက်တွန်းခဲ့ပါဘူး။
အဲဒီတော့ ကျွန်မ လက်ထဲမှာ အနီရောင်နိုင်ငံကူးလက်မှတ်လေး ကိုင်ထားဆဲ၊ မြန်မာနိုင်ငံမှာ ပြုလုပ်တော့မယ့်၂၀၁၅ ရွေးကောက်ပွဲနဲ့ ကျွန်မနဲ့ သက်ဆိုင်နေဆဲပေါ့။ ကျွန်မအတွက် မဲပေးခွင့်ဆိုတဲ့အခွင့်အရေးနဲ့အတူ ကျွန်မနှစ်သက်တဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နိုင်တော့မယ်ဆိုတာဟာ တကယ်ဆိုရင် စိတ်လှုပ်ရှားစရာပါ။ ဒါပေမဲ့ ကျွန်မ အမှန်အတိုင်းပဲ ဝန်ခံပါရစေ။ ကျွန်မ စိတ်ထဲလှုပ်လှုပ်ခတ်ခတ်ဖြစ်မနေခဲ့ဘူး။ နိုင်ငံရေးကို/ ကျွန်မနိုင်ငံရဲ့အရေးကို စိတ်မဝင်စားလို့လား။ မဟုတ်ရပါဘူး။ ကျွန်မ သိပ်ကို စိတ်ဝင်စားတာပေါ့။ မြန်မာနိုင်ငံအတွက် ခေါင်းဆောင်ကောင်းဘယ်သူဖြစ်သင့်သလဲဆိုတာလည်း ကျွန်မ ရင်ထဲ၊ နှလုံးသားထဲမှာ စွဲထင်နေခဲ့ပြီးသားပါ။
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရက်သတ်မှတ်ပြီး ဆိုတာနဲ့ ကျွန်မရဲ့ အတွေးတွေလည်း ကျွန်မ ဘဲလ်ဂရိတ်မှာ ၂၀၁၀ က မဲပေးဖူးခဲ့တဲ့ ရက်တွေဆီ အပြေးရောက်သွားခဲ့ပြန်ရော။ ဒီတစ်ခါလည်း ဇူလိုင် ၉ ရက်နေ့ကတည်းက မြန်မာသံရုံးက မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဖြည့်ရမယ့်ပုံစံ(ပုံစံ ၁၅) လှမ်းပို့ထားခဲ့တာပါ။ ကျွန်မလည်း ပုံစံဖြည့် မေးလ်ပြန်ပို့ခဲ့တယ်။ စက်တင်ဘာ ၁၅ ရက်နေ့မှာတော့ ကြိုတင်မဲပေးရမယ့် နေ့ရက်အချိန် အစီအစဉ်မေးလ်ထပ်ပို့လာပါတယ်။ ကျွန်မရဲ့အချက်အလက်တွေအားလုံးကိုက်ညီလို့ မဲပေးခွင့်ရခဲ့တော့ ကျွန်မစိတ်အေးသွားခဲ့ရပါပြီ။ အောက်တိုဘာ ၁၈ တနင်္ဂနွေနေ့လို့ သံရုံးကဖုန်းဆက်ပြီးလည်း သတိပေးပါတယ်။ ကျွန်မအဲဒီရက်ပိုင်းမအားမှာစိုးလို့ အဲဒီအချိန်မဲလာပေးဖို့ ဖုန်းဆက်ပြောပြတာပါ။ ကျွန်မလည်း ကျေးဇူးတင်မိရတယ်။
ကျွန်မတို့က စနေ၊ တနင်္ဂနွေဆို စကဲလာရွာကအိမ်ကို မသွားမဖြစ် သွားကြရပါတယ်။ အဲဒီကာလက ရာသီဥတုပူပြင်းလှတော့ အပင်တွေရေရရဲ့လား သွားကြည့်ရင်း အပင်သစ်စိုက်ပျိုး၊ အပင်ဟောင်းကျန်းမာရေးဂရုစိုက် အဲဒါလေးတွေသွားကြည့်နေရပေမဲ့ အောက်တိုဘာ ၁၈ ရက်တော့ ဘဲလ်ဂရိတ်မှာရှိနေရမယ် မဲပေးရမယ်လို့ စိတ်ထဲတွေးမှတ်ထားလိုက်တာပေါ့။ အဲဒီရက်သတ္တတစ်ပတ်မတိုင်ခင်မှာ ကျွန်မတို့ရဲ့ကြောင်လေးဦးခေါင်းမှာ အနာလေးပေါက်လာခဲ့ပြီး မေ့ဆေးပေးခွဲထုတ်လိုက်ရပါတယ်။ ကျွန်မတို့ ရွာကို မသွားနိုင်ခဲ့တာ ရက်သတ္တနှစ်ပတ်လောက်ကြာသွားခဲ့တော့တယ်။ ကြောင်လေးရဲ့ အနာလည်း သက်သာလာရော မဲပေးရမယ့် ရက်သတ္တပတ်မှာ ကျွန်မာတို့ရွာသွားတိုင်း ခေါ်သွားနေကျကြောင်လေးနဲ့ ခွေးလေးကိုပါခေါ်လို့ ရွာသွားခဲ့ရတယ်။ စနေညနေဘက်ပဲ ပြန်လာကြမယ်စဉ်းစားထားကြပေမဲ့ တစ်ရက်တည်းနဲ့ ညနေပိုင်းမှာ ပစ္စည်းတွေဘယ်လိုမှ သိမ်းလို့ မပြီးနိုင်ကြတော့ဘူး။ အဲဒါနဲ့ပဲ တနင်္ဂနွေမနက်စောစော အိပ်ရာထ ပြင်ဆင်ပြီး ဘဲလ်ဂရိတ်ပြန်ကြဖို့ပြင်တယ်။ ပစ္စည်းတွေသိမ်းဆည်းရတော့ ကြောင်လေးက ဟိုဒီပြေးနေတာနဲ့ သူလေးကို သူ့ခြင်းလေးထဲ ခပ်စောစောလေးကတည်းက ထည့်ထားလိုက်ကြတာပေါ့။ ခါတိုင်းဆိုရင်တော့ အားလုံးအဆင်သင့်ဖြစ်လို့ သွားကြမယ်ဆိုမှ သူလေးကို ခြင်းထဲထည့်ပြီး ပြန်ကြရတယ်။ ကျွန်မတို့ ဘဲလ်ဂရိတ်ပြန်ကြတော့ တစ်ခါမှမဖြစ်စဖူး ကြောင်လေးဟာ စထွက်ပြီး နည်းနည်းလေးကြာတာနဲ့ လမ်းမှာ တညောင်ညောင်မရပ်မနားအီတော့တာပါပဲ။ အနာလည်းရှိနေ၊ လည်ပင်းမှာကော်လာလည်း တပ်ထားရလို့အီတာဖြစ်မှာပဲလို့ ထင်ထားခဲ့ပေမဲ့ ခြင်းထဲမှာ လူးလှိမ့်ပြီးတော့အော်နေတော့တာ။ အဲဒီတော့မှ အစောကြီးကတည်းက ခြင်းထဲထည့်ထားလိုက်တော့ ရှုးရှုးမပေါက်ရသေးလို့နေမှာပဲဆိုကာ ကြောင်လေးကို ခြင်းထဲကထုတ်လိုက်ကြတယ်။ သူလေးက ကားထဲလျှောက်သွားနေတော့တယ်။ အဲဒီမှာ ခွေးလေးက မျက်စိနောက်လာပြီး လှမ်းပြီးမာန်မဲတော့တယ်။ ကျွန်မခင်ပွန်းက ခွေးလေးကို ဆွဲ၊ ကျွန်မက ကြောင်လေးကိုဆွဲနဲ့ အလန့်တကြားဖြစ်ခဲ့ရတာဟာ မဲပေးရမယ့်နေ့ အမှတ်တရလိုဖြစ်ခဲ့ရတာပေါ့။ ကျွန်မတို့ မှန်းထားတဲ့အချိန်ထက်နည်းနည်းနောက်ကျသွားတော့ ကျွန်မရဲ့ စိတ်တွေ အလျင်စလိုဖြစ်နေခဲ့တယ်။

စကဲလာရွာကနေ ဘဲလ်ဂရိတ်အိမ်ရောက်တော့ ပစ္စည်းတွေနေရာချပြီး လူကမလန်းဆန်းတာကြောင့် ရေမြန်မြန်ချိုး၊ သံရုံးကို အချိန်မီရောက်ဖို့ ပြင်ဆင်ရတော့တာပေါ့။ ကျွန်မခင်ပွန်းကပဲ မြန်မာသံရုံးကို လိုက်ပို့ပါတယ်။ သံရုံးရှေ့အပြေးတစ်ပိုင်းရောက်လာကြတဲ့ ကျွန်မတို့နှစ်ဦးကို မြန်မာသံရုံးရှေ့မှာ ကုတ်အကျီ၊ မြန်မာလုံချည်နဲ့ မြန်မာအမျိုးသမီးတစ်ဦးနဲ့ ဒေသခံဆားဘီးယန်းသံရုံးဝန်ထမ်း အမျိုးသားတစ်ဦးတို့က ဆီးကြိုတယ်။ ကျွန်မတို့ကိုစောင့်နေကြဟန်တူရဲ့။ ကျွန်မတို့ သံရုံးထဲဝင်ကြတော့ ဒေသခံသံရုံးဝန်ထမ်းတွေကတော့ ကျွန်မ ၂၀၁၀ က ရောက်ခဲ့ဖူးတုန်းက တွေ့ခဲ့ကြရတဲ့ ဝန်ထမ်းတွေပဲ မပြောင်းလဲကြသေးဘူး။ ဒေသခံမျက်နှာသစ် တစ်ဦး နှစ်ဦးလောက်သာ တွေ့ကြရတယ်။ မြန်မာသံရုံးဝန်ထမ်းတွေကတော့ အားလုံးအသစ်တွေချည်းပဲ။ ကျွန်မတို့ အပြန်အလှန်မိတ်ဆက်ကြရတယ်။ အားလုံးပြုံးပြုံရွှင်ရွှင်နှုတ်ဆက်ကြနဲ့ ဖော်ရွှေကြပါတယ်။ ကျွန်မတို့ ခဏလေးထိုင်စောင့်တုန်းပဲ မျက်မှန်ပုံစံ သိပ်မဝိုင်း၊လှ လေးထောင့်ကျကျလည်း မဟုတ်တဲ့ မျက်မှန်လေးဝင့်ကာဝင့်ကာနဲ့ ဖြူဝင်းတဲ့အသားအရည်မှာ မိတ်ကပ်သားမှုန်မှုန်နုနုညက်ညက်၊ နှုတ်ခမ်းသွေးရဲရဲ၊ တောက်တောက်ပပ ဆေးရောင်ခြယ်မျက်လုံး၊ ရဲဝင့်ဖော်ရွှေပြီး ပွင့်လင်းပုံရတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး ခပ်သွက်သွက်လေး လှမ်းလာပါတယ်။ နိုင်ငံခြားရေးရုံးက ဝန်ထမ်းတစ်ဦးဦးဖြစ်မယ်လို့ ကျွန်မက ထင်မြင်လိုက်သေးတာ။ တကယ်တမ်းကျွန်မနဲ့ မိတ်ဆက်ပေးတော့ သံရုံးတာဝန်ခံအရာရှိဖြစ်နေပါတယ်။ ကချင်တိုင်းရင်းသူတစ်ဦးဖြစ်နေသေးတယ်။ အယ်လ် - - ဆိုပြီးစတဲ့ ကချင်နာမည်လေးတစ်ခု မိတ်ဆက်ပေးရင်း သိလိုက်ရပါတယ်။ သံအမတ်ကြီးက နောက်တစ်လလောက်မှ ရောက်လာမယ် ဆိုတယ်။ သံရုံးတာဝန်ခံသံမှူးအဖြစ် အမျိုးသားတစ်ဦးကိုပဲ မျှော်လင့်ထားတဲ့ ကျွန်မအတွက် အံ့သြသလိုလိုနဲ့။ ဘာကြောင့်များလဲ၊ ရင်ထဲလှိုက်ခနဲ ဝမ်းသာသွားမိရတယ်။ "ညီမ ဒီမှာရှိတာသိထားပေမဲ့ ခုမှ ကိုယ်တွေ့ဖူးတော့တယ်" ဆိုပြီး မိတ်ဆက်စကားအပြန်အလှန်ဆိုရင်း မဲပေးရမယ့်ပုံစံတွေကို တစ်ဆင့်ချင်း ရှင်းပြပါတယ်။ သွက်သွက်လက်လက်ရှင်းပြနေတဲ့ သူမရဲ့စကားသံကို နားထောင်ရင်း သူမရဲ့ မျက်လုံးတွေထဲမှာ ဘာတွေသိနိုင်မလဲ ရှာဖွေကြည့်မိတယ်။ ခါတိုင်းတွေ့မြင်ဖူးနေကြ မျက်နှာရှင်းရှင်းပြောင်ပြောင်၊ လိုအပ်တာထက် တည်တည်ခန့်ခန့်ပုံဖမ်းထားလေ့ရှိပြီး၊ သိုဝှက်ဖွက်ကွယ်ထားတဲ့ဟန်ပန်တစ်နည်း အနည်းငယ် ပိုပြီးစပ်စုလိုဟန်တစ်နည်းရှိနေတတ်ကြတဲ့ ရုံးဝန်ထမ်းအမျိုးသမီးမျိုးမဟုတ်ခဲ့ဘူး။ သူမ မျက်နှာပေါ်က အရောင်အသွေးလှလှတွေနဲ့အတူ တက်ကြွပွင့်လင်းဟန်အပြည့်၊ စကားကို ခပ်ရှင်းရှင်းပြောပြနေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ကျွန်မ ခံစားလို့ရသွားတယ်။ မဲလက်မှတ်မှာ စစ်ဆေးရမယ့်အချက်အလက်တွေပြောပြတယ်။ မဲရုံမှုးလက်မှတ်စစ်ရမယ်။ "ဒီမှာလေ ကိုယ့် လက်မှတ်ပေါ့" လို့ဆိုကာ ကတ်ကိုဆွဲထုတ်ရင်းပြပါတယ်။ သူမရှင်းပြတဲ့ မဲပေးနည်းဆောင်ရန်ရှောင်ရန်တွေ နားထောင်နေခဲ့ပြီးတော့ "ကျွန်မ မဲပေးရမယ့် နေပြည်တော်၊ ပျဉ်းမနား(မင်္ဂလာရပ်ကွက်)အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကတ်ပဲပေးခဲ့တယ်။ ဘာကြောင့်များ တိုင်းဒေသကြီးအတွက် မဲတစ်ကတ်မပေးတာလဲရှင့်" ဆိုပြီးကျွန်မ မေးမိပါတယ်။ သူမက "ကိုယ်လည်း တိုင်းရင်းသားဆိုပေမယ့် ကိုယ့်ဒေသမှာ ကိုယ်စားလှယ်လောင်းမပြိုင်တဲ့အတွက် ၃ ကတ်ပဲရတယ်။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ပဲ မဲပေးရတာပါ" လို့ ရှင်းပြပါတယ်။ ကျွန်မတို့မြို့က မိတ်ဆွေတွေကိုလည်း ကျွန်မ မဲပေးချင်တဲ့ပါတီရဲ့ကိုယ်စားလှယ်လောင်းအမည်တွေကို ကြိုတင် မေးထားခဲ့ပါတယ်။ သူတို့ကလည်း ကိုယ်စားလှယ်လောင်းနှစ်ဦးတည်းပဲ ပြောပြကြတာရယ်၊ သူမရဲ့ ရိုးရှင်းသွက်လက်တဲ့အဖြေရယ်ကြောင့် ပြန်လှန်မေးခွန်းမထုတ်တော့ဘဲ မဲပေးဖို့လက်မှတ်ထိုးပါတယ်။
ကျွန်မ မဲပေးခဲ့ပါတယ်။ သံရုံးဝင်ဝင်ချင်း၊ ခန်းမဘက်မှာ မဲပေးရတာပါ။ အခန်းထဲ ကျွန်မတစ်ဦးတည်းပါ။ ကိုဆိုဗိုက ယူအန်ဌာနမှာ မြန်မာတစ်ဦးရှိပေမဲ့ စာရင်းမပါလို့ အဲဒီဝန်ထမ်းနဲ့ ဇနီးတို့အတွက် ကြိုတင်မဲပေးခွင့်မရသေးဘူးဆိုတာ ပြောပြကြတယ်။ ကျွန်မ မဲစာရွက်မှာ အမှန်တွေခြစ်ပြီး စာအိတ်ပိတ်ကာ၊ စာအိတ်တွေမှန်မမှန်စစ်ပါတယ်။ မဲစာအိတ်နှစ်အိတ်ကို ယူပြီး သံရုံးအတွင်းဘက်က ဧည့်ခန်းထဲမှာထားတဲ့ မဲပုံးဆီသွားပြီး၊ မဲလက်မှတ်ကို ခေါက်လို့ မဲထည့်ပြီးတဲ့အခါ အားလုံးက လက်ခုပ်ဝိုင်းတီးကြတယ်။ မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူတယ် ထင်ပါတယ်။ အမျိုးသားတစ်ဦးက ဓာတ်ပုံလိုက်ရိုက်နေတာ တွေ့လိုက်ရတယ်။ မဲပေးပြီးတဲ့အခါ မုန့်ဟင်းခါးနဲ့ ဧည့်ခံပါတယ်ဆိုလို့ ကျွန်မနဲ့ ခင်ပွန်းလည်း မုန့်ဟင်းခါးစား၊ မြန်မာ ရေနွေးကြမ်းလေး သောက်ကြတယ်။ ပြီးတော့ ချိတ်စ်ကိတ်ကိုစားပြီး သံရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးနဲ့ စကားစမြည်ပြော၊ နှုတ်ဆက်အိမ်ပြန်ခဲ့ကြတယ်။ အိမ်ရောက်တော့ ညနေပိုင်း Facebook message မှာ မီဒီယာတစ်ခုကကျွန်မမိတ်ဆွေတစ်ဦးက မဲပေးရတဲ့အတွေ့အကြုံမေးတော့ "အဆင်ပြေပါတယ်။ မုန့်ဟင်းခါးနဲ့ ချိတ်စ်ကိတ်တောင် စားခဲ့သေးတာ"လို့ပဲ ကျွန်မ ဖြေခဲ့တာပေါ့။ မဲပေးရဖို့ စိတ်လှုပ်ရှားခဲ့ရပေမယ့် တကယ်လည်း ကျွန်မအတွက်တော့ စိတ်ပူပန်ခဲ့ရတာမရှိတော့ စိတ်ထဲမှာ အားလုံးပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမဲ့လေ အဲဒီနောက်ပိုင်း ရက်တွေ အင်တာနက်မှာ သတင်းတွေလိုက်ဖတ်ရင်း ကြိုတင်မဲပေးဖို့၊ စာရင်းထဲပါဖို့၊ အခက်အခဲတွေကြုံကြရတာ၊ မဲပေးခွင့်အတွက် အကြိမ်ကြိမ်ကြိုးစားကြရတာတွေ ခပ်စိတ်စိတ် တွေ့လာရတယ်။ Facebook စာမျက်နှာမှာ စင်္ကာပူသံရုံးရှေ့ တန်းစီစောင့်ရင်းမဲပေးခွင့်မရလို့ ငိုရင်း အတွေ့အကြုံရှင်းလင်းပြောပြနေကြတဲ့ ဗီဒီယိုဖိုင်တွေတက်လာတာမြင်ရတော့ အစအဆုံးသေချာမကြည့်လိုက်မိသေးဘဲ ပထမတော့ အံ့သြသွားမိတယ်။ ကျွန်မ ကိုယ်တိုင်ခံစားဖူးတာမဟုတ်တော့ ကိုယ်ချင်းမစာနာတတ်တဲ့သဘောမျိုးလေလား။ ကျွန်မသိချင်သွားတာနဲ့ ဗီဒီယိုဖိုင်တွေ အစအဆုံး လိုက်ကြည့်မိတယ်။
မျက်ရည်ကျနေသူတွေရဲ့ ပုံရိပ်တွေကိုကြည့်ရင်း ကျွန်မလည်း အတူတူပဲမျက်ရည်ကျမိတယ်။ စိတ်လှုပ်ရှားနေကြတဲ့ ပုံရိပ်တွေကိုကြည့်ပြီး ကျွန်မလည်း အတူတူပဲစိတ်လှုပ်ရှားမိရတယ်။ ကိုယ်တိုင်မရင်ဆိုင်ခဲ့ရပေမဲ့ ကိုယ်ချင်းစာမိခဲ့ရတယ်။ မြန်မာနိုင်ငံသားတွေ တစ်ဦးချင်းစီရဲ့ မဲပေးခွင့်၊ တစ်ဦးချင်းစီရဲ့ စိတ်ဆန္ဒအတိုင်း ရွေးချယ်ပိုင်ခွင့်တွေ၊ သူတို့လေးတွေ လက်ထဲ အဆင်ပြေပြေ ရောက်ရှိစေဖို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိတော့တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသားတွေ တစ်ဦးချင်းစီက ကိုယ့်ရဲ့ စိတ်ဆန္ဒအတိုင်းရွေးချယ်နိုင်တဲ့၊ အဆင်ပြေတဲ့ နိုဝင်ဘာ ၈ ရက်နေ့ဖြစ်ဖို့လည်း ကျွန်မ အကြိမ်ကြိမ် ဆုတောင်းနေမိခဲ့ပါတယ်။ ။
ဖြိုးဖြိုး
No comments:
Post a Comment