Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, March 04, 2016

ကမ္ဘာ့အလှဆုံးစာကြည့်တိုက်တွေ

စာကြည့်တိုက်တစ်ခုဟာ သတင်းအချက်အလက်တွေ၊ ကိုးကားစရာမှတ်တမ်းတွေ လေ့လာဖတ်ရှု၊ ငှားရမ်းနိုင်တဲ့နေရာပါ။ စာကြည့်တိုက်ရဲ့ လက်ရွေးစင်စုဆောင်းထားတဲ့ ပစ္စည်းတွေထဲမှာ စာအုပ်တွေ၊ စာစောင်/ မဂ္ဂဇင်းတွေ၊ သတင်းစာ၊ လက်ရေးစာမူတွေ၊ ရုပ်ရှင်၊ မြေပုံ၊ ပုံနှိပ်စာလုံးတွေ၊ အချက်အလက်မှတ်တမ်း၊ စီဒီ၊ ကက်ဆက်ခွေ၊ ဗီဒီယိုတိတ်ပ်၊ ဒီဗီဒီ၊ Blue-ray၊ e-book, အသံထွက်စာအုပ်၊ database နဲ့ တခြား format တွေပါ စုံစုံလင်လင်ရှိကြတယ်။ ကမ္ဘာ့ပထမဆုံးစာကြည့်တိုက်တွေမှာဆိုရင် ရှေးအကျဆုံးစာရေနည်းတစ်မျိုးဖြစ်တဲ့ ရွှံ့မြေစေးအချပ်ပြားမှာရေးသားထားတဲ့ ရှေးခေတ်ပါရှား၊ အဆီးရီးယားတို့မှာရေးသားခဲ့ကြတဲ့ Cuneiformm စာတွေသိမ်းဆည်းပြသထားကြတယ်။
မက်ဆိုပိုတေးမီးယား(အခု- တောင်ပိုင်းအီရတ်)က Sumer ဒေသမှာ ဘီစီ၂၆၀၀ ခန့်က အဲဒီစာရေးနည်းတွေ စတင် ထွန်းကားခဲ့ကြတာပါ။ စာအုပ်တွေမှာရေးသားထားတဲ့စာမျိုး သိမ်းဆည်းထားတဲ့ ပုဂ္ဂလိက၊ ကိုယ်ပိုင်စာကြည့်တိုက်တွေကိုတော့ ဘီစီ ၅ရာစု ခန့်က ရှေး Greece နိုင်ငံမှာ ပေါ်ထွန်းခဲ့တယ်။ မြေထဲပင်လယ်ကမ္ဘာရဲ့ ကြီးကျယ်လှတဲ့ စာကြည့်တိုက်တွေဟာ Constantinople(အခု- တူရကီ) နဲ့ Alexandria(အခု- အီဂျစ်) တို့မှာ ၆ ရာစုက ပေါ်ပေါက်ခဲ့ကြတယ်။ ဘီစီ ၂၆၀၀ ခန့်က သိမ်းဆည်းထားနိုင်ခဲ့တဲ့မှတ်တမ်းတွေမှာ စီးပွားဖြစ်အရောင်းအဝယ်ပြုခဲ့ကြတဲ့ တီထွင်မှုတွေလည်း ပါဝင်ကြတယ်။

နိုင်ငံတစ်နိုင်ငံချင်းအတွက်/ ကမ္ဘာကြီးအတွက် အရေးပါလှတဲ့ စာကြည့်တိုက်တွေကို မပျက်စီးအောင် ကြိုးစားထိန်းသိမ်းစောင့်ရှောက်ကြရတယ်။ တစ်ခါတစ်ရံ စာကြည့်တိုက်တွေကို ရည်ရွက်ချက်ရှိရှိ Cultural cleansing အဖြစ် ဖျက်ဆီးပစ်ကြတာလည်းရှိပါတယ်။ ထင်ရှားလှတဲ့ ပျက်စီးဆုံးရှုံးမှုတွေထဲမှာ Library of Alexandria က မီးသင့်လောင်ကျွမ်းခဲ့ပြီး၊ အိန္ဒိယနိုင်ငံက Library of Nalanda နဲ့ ဂျာမနီနိုင်ငံက Duchess Anna Amalia Library တို့လည်း မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ဖူးကြတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ကြတဲ့ စာကြည့်တိုက်တွေထဲမှာ ၁၇၅၅ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ Great Lisbon ငလျင်ကြောင့် Ribeira Palace မှာရှိတဲ့ Royal Library of Portugal ဟာ ပြိုကျပျက်စီးခဲ့ဖူးတယ်။ ၂၀၀၄ အိန္ဒိယသမုဒ္ဒရာငလျင်ကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ မယ်လ်ဒိုက်ဗ်စ်၊ ထိုင်း နဲ့ သီရိလင်္ကာတို့မှာ တည်ဆောက်ထားကြတဲ့ စာကြည့်တိုက်များစွာ ပြိုလဲပျက်စီးခဲ့ရဖူးပါတယ်။ 

နိုင်ငံတိုင်းအတွက် အရေးပါလှတဲ့ သမိုင်းဝင်စာကြည့်တိုက်တွေထဲက ကမ္ဘာ့အလှပဆုံး စာကြည့်တိုက်တွေကိုလည်း အခွင့်ကြုံတဲ့အခါ သွားရောက်လေ့လာနိုင်အောင် စာရင်းလေးဖော်ပြပေးလိုက်ပါတယ်။

1. Stockholm Public Library; Stockholm, Sweden
စတော့ဟုမ်းပြည်သူ့စာကြည့်တိုက်ကို ဆွီဒင်လူမျိုး ဗိသုကာပညာရှင် Gunnar Asplund က တည်ဆောက်ခဲ့ပါတယ်။ Gunnar Asplund ဟာ Skandia ရုပ်ရှင်ရုံနဲ့ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင် Woodland Cemetery တို့ကိုတည်ဆောက်ခဲ့တဲ့သူအဖြစ် နာမည်ကြီးကျော်ကြားပါတယ်။ လုံးဝန်းတဲ့ ပင်မခန်းမဆောင်ထဲမှာ Nordic ဘာသာစကားတိုင်းနဲ့ ရေးသားထားတဲ့ စာအုပ်တွေရှိပါတယ်။ အဖြူရောင် အပြောက်မှုန်းခြယ်ထားတဲ့ ခေါင်မိုးကို မိုးသားတိမ်လိပ်ပုံသဏ္ဍန်ဒီဇိုင်းဖန်တီးထားခဲ့တာပါ။

2. Strahov Monastery Library; Prague, Czech Republic
ချက်နိုင်ငံ Prague မြို့တော်မှာရှိတဲ့ Strahov ဘုန်းကြီးကျောင်းကို ၁၁၄၃ ခုနှစ်မှာတည်ဆောက်ထားခဲ့တယ်။ စစ်ပွဲတွေ၊ မီးဘေးအန္တရာယ်နဲ့ တခြား ဘေးအန္တရာယ်တွေကြောင့် ထိခိုက်ပျက်စီးခဲ့ရတာတွေကို ၁၆၇၉ မှာပြုပြင်တည်ဆောက်ခဲ့ပါတယ်။ အဲဒီစာကြည့်တိုက်ဟာ အံ့သြဖွယ်ရာထူးခြားလှတဲ့ မျက်နှာကြက်သားကြောင့် ကျော်ကြားပါတယ်။ မျက်နှာကြက်ပန်းချီတွေမှာ သမ္မာကျမ်းစာပါနံရံဆေးရေးပန်းချီတွေခြယ်မှုန်းထားတယ်။ စာကြည့်စင်က စာအုပ်တွေကို လွယ်လွယ်ကူကူရှာဖွေနိုင်အောင် compilation wheel တပ်ဆင်ထားတာကြောင့် လိုအပ်တဲ့စင်ကို လှည့်ြ့ပီးပြောင်းနိုင်ပါတယ်။

3. Richard J. Riordan Central Library; Los Angeles, California
Central Library ဟာ လောစ့်အိန်ဂျယ်လိစ်ရဲ့ မြို့လယ် အထူးခြားဆုံးအဆောက်အဦတွေထဲက တစ်ခုပါ။ အပြင်ဘက်မှာ ထင်ရှားတဲ့ဥပမာဖြစ်တဲ့ Art Deco ဒီဇိုင်းတွေ့ရှိနိုင်ပြီး အတွင်းဘက်မှာ ကြော့မော့ခန့်ညားလှတဲ့ ကြေးနီပန်းဆိုင်းတစ်ခုရှိနေတယ်။ လှေကားအဆင့်ဆင့်တွေလည်းရှိနေပြီး ကတ်တလောက်အညွှန်းစာအုပ်တွေကို ရွေးချယ်ကြည့်ရှုနိုင်တယ်။ အခုတော့ အားလုံးဟာ digitized ပြုလုပ်ထားပါပြီ။ အလှဆင်ထားတဲ့ အမွမ်းအပြောက်တွေမှာ ကယ်လီဖိုးနီးယားသမိုင်းထဲက အရေးပါလှတဲ့အဖြစ်အပျက်တွေကို ရှာဖွေတွေ့နိုင်ကြတယ်။

4. Vennesla Library and Culture House; Vennesla, Norway
နော်ဝေးနိုင်ငံရဲ့ တောင်ဘက်စွန်းအနီးမှာတည်ရှိပါတယ်။ Vennesla's Library ဟာ စာအုပ်တွေစုဆောင်းထားတဲ့ အဆောက်အဦတစ်ခုထက် ယဉ်ကျေးမှုဆိုင်ရာအနုပညာစင်တာ၊ အစည်းအဝေးပြုလုပ်ရာနေရာအဖြစ်လည်း အသုံးပြုကြတယ်။ အဆောက်အဦထဲမှာ ကော်ဖီဆိုင်၊ အစည်းအဝေးခန်းမ၊ လူကြီးပိုင်းပညာရေးသင်တန်းခန်းမတွေနဲ့ ရုပ်ရှင်ရုံပါရှိတယ်။ အတွင်းဘက်မှာ ရှိနေတဲ့ သေးသွယ်တဲ့ သစ်သားရက်မတွေဟာ ဝေလငါးတစ်ကောင်ရဲ့ အတွင်းပိုင်းကို ကြည့်မြင်ရသလို ဒီဇိုင်းဖန်တီးထားတာပါ။

5. State Library of South Australia; Adelaide, Australia
ဒီစာကြည်တိုက်ဟာ အင်မတန်ကွဲပြားလှတဲ့ အဆင်အပြင်ရှိတယ်။ အပြင်ဘက်ကနေကြည့်ရင် ultramodern ဖန်သေတ္တာတစ်ခုလိုပါပဲ။ ဒါပေမဲ့ အတွင်းပိုင်းမှာတော့ Harry Potter ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုထဲရောက်ရှိသွားသလို ခံစားရမယ့် ဒီဇိုင်းမျိုးနဲ့ပါ။ Adelaide မှာ တည်ရှိပြီး သြစတြေးလျသမိုင်းကို အဓိကထားဖော်ပြထားတယ်။ ဒေသခံတိုင်းရင်းသားတို့ရဲ့ ရေးသားမှုတွေနဲ့ မြေပုံတွေလည်းစုဆောင်းထားပါတယ်။ ခေတ်လူငယ်တွေအတွက်တော့ စာကြည့်တိုက်ရဲ့ Flickr account တစ်ခုယူပြီး သြစတြေးလျတောင်ပိုင်းသားတွေရဲ့ ဘဝကို ဖော်ကျူးနိုင်မယ့် သူတို့ရဲ့ ကိုယ်ပိုင်ဓာတ်ပုံတွေ တင်ထားနိုင်ပါတယ်။ 

6. Beitou Public Library: Beitou, Taiwan
ထိုင်ဝမ်နိုင်ငံ Taipei မြို့က Beitou Public Library ဟာ အင်မတန်စိမ်းလန်းတဲ့နေရာလေးပါ။ နှစ်ထပ်သစ်သားအဆောက်အဦမှာ တွန့်ချိုးကွေ့ကောက်အမိုးဆန်းဆန်းလေးပါရှိတယ်။ အဲဒီအမိုးလေးက စာကြည့်တိုက်လေးဆီဦးတည်လာတဲ့သူတွေကို မျက်စိမှိတ်ပြနေသလိုပါပဲ။ ဘေးဘက်တွေမှာ ကျောက်သားကုလားထိုင်းတွေရှိတဲ့ လသာဆောင်တွေရှိနေပါတယ်။ အကြိုက်ဆုံးစာအုပ်တစ်အုပ်ဆွဲယူပြီး စာထိုင်ဖတ်နေဖို့ သိပ်ကောင်းတဲ့နေရာလေးပေါ့။

7. The Library of El Escorial; San Lorenzo de El Escorial, Spain
ဒီ စပိန်စာကြည့်တိုက်ဟာ အနုပညာလက်ရာအခင်းအကျင်းတစ်ခုပုံစံမကဘဲ ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဆောက်အဦတစ်ခုဖြစ်နေပါတယ်။ မူလတုန်းက King Philip II  တည်ဆောက်ခိုင်းခဲ့တာပါ။ စာကြည့်တိုက်ရဲ့ အထူးခြားဆုံးလက်ရာက  လစ်ဘရယ်အနုပညာ(ဂီတ၊ စာလုံးအရေးအသားအနုပညာ၊ နက္ခတဗေဒစသဖြင့်) နံရံဆေးရေးပန်းချီလက်ရာ ၇ ခု ရှိနေပါတယ်။ မက်ဒရစ်မြို့ကနေ အပြင်ဘက် ၄၅ မိနစ်လောက်သွားရတဲ့ မြို့လေး San Lorenzo de El Escorial မှာ စပိန်တော်ဝင်မိသားစုတွေရဲ့ အနှစ်သက်ဆုံးနေရာတစ်ခုဖြစ်ခဲ့တယ်။ စာကြည့်တိုက်အပြင် ဘုန်းကြီးကျောင်း၊ ပန်းဥယျာဉ်တွေနဲ့ ရှေးခေတ် မင်းသားတွေနဲ့ ဘုရင်ဟောင်းတွေရဲ့ ဗိမာန်လည်းရှိကြတယ်။

8. Cardiff Central Library; Cardiff, United Kingdom
Welsh မြို့တော်မှာ စာကြည့်တိုက်တွေထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သမိုင်းကြောင်းရှိနေတယ်။ ပထမဆုံးစာကြည့်တိုက်ကို ၁၈၆၁ မှာ တည်ဆောက်ခဲ့ပါတယ်။ ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကြေးဘဏ္ဍာနဲ့ တည်ဆောက်ခဲ့တာပါ။ နောက်ဆုံးပြန်လည်ထိန်းသိမ်းတည်ဆောက်ထားတာကိုတော့ ၂၀၀၉မှာ ပြီးစီးခဲ့ပါတယ်။ အပြာ၊ အနက် နဲ့ အစိမ်းရောင် သေးသွယ်သွယ် ရှည်လျားလျား ဖန်သားတွေကို စာအုပ်တွေရဲ့ အနှောင့်ပုံစံဒီဇိုင်းထုတ်ထားတယ်။ စာကြည့်တိုက်ရှေ့မှာရှိနေတဲ့ စတီးလ်ပန်းပုရုပ်ကိုတော့ Alliance လို့ခေါ်ဆိုပြီး Cardiff ရဲ့ အရင်နဲ့ လက်ရှိခရီးစဉ်တွေကို ကိုယ်စားပြုထုလုပ်ထားတာပါ။ ညတွေမှာ ပန်းပုရုပ်ပေါ် ဝေလဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား စကားလုံးတွေကို ပရိုဂျက်တာနဲ့ ပြသထားပါတယ်။

9. Library of Alexandria (Bibliotheca Alexandrina); Alexandria, Egypt
Alexandria မြို့ဟာ ကမ္ဘာ့အကျော်ကြားဆုံးစာကြည့်တိုက်တည်ရှိရာ အိမ်တော်ပါ။ အီဂျစ်ဟာ ကျမ်းစာအမွေအနှစ်ကို ချောမွတ်တောက်ပြောင်နေတဲ့ အဆောက်အဦနဲ့ အလေးအမြတ်ထားထိမ်းသိမ်းပါတယ်။ ဒီဝန်းဝန်းဝိုင်းဝိုင်းတည်ဆောက်ပုံရှိတဲ့ စာကြည့်တိုက်ကို နော်ဝေကုမဏီ Snøhetta က ဒီဇိုင်းထုတ်ထားခဲ့တာပါ။ ဘေးမှာ ကြီးမားလှတဲ့ရေကန်ရှိနေပြီး နံရံတွေကို ဒေသခံအနုပညာရှင်တွေရဲ့ လက်ရာနဲ့ ထွင်းထုအလှဆင်ထားခဲ့တာပါ။ အဲဒီစာကြည့်တိုက်မှာ ဘာသာစကား ၃ မျိုး(အာရေဗျ၊ ပြင်သစ် နဲ့ အင်္ဂလိပ်)နဲ့ စာအုပ်တွေ အမြောက်အများရှိနေသလို၊ ပြတိုက်တွေလည်းပါရှိတယ်။ နက္ခတ်တာရာပြခန်း နဲ့ ရှေးလက်ရေးမူတွေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဓာတ်ခွဲခန်းတစ်ခုလည်းရှိနေပါတယ်။

10. Royal Library of Denmark; Copenhagen, Denmark

တသီးတခြားဆန်လှတဲ့ ဒီစာကြည့်တိုက်ဟာ ၁၆၄၉ ခုနှစ်မှာ မူလကတည်ဆောက်ခဲ့ပြီး ၁၉၉၉ မှာ မွမ်းမံပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဆောက်အဦရဲ့ အလယ်ပိုင်းက ကြည်လင်လှတဲ့မှန်သားရဲ့တခြားဘက်မှာ ပြောင်လက်တောက်ပနေတဲ့ အနက်ရောင်သတ္ထုသားအကန့်၊ အပိုင်းတွေကို ရည်ညွှန်းပြီး black diamond လို့လည်း ခေါ်ကြတယ်။ အတွင်းပိုင်းမှာ ဒိန်းမတ်နိုင်ငံရဲ့ အထူးအာရုံစိုက်စရာ ရတနာတစ်ပါးအသွယ်ဖြစ်နေတဲ့ ဥရောပလက်ရာတွေကို တွေ့ရှိနိုင်မှာပါ။ ဒဿနိကပညာရှင် Søren Kierkegaard ရဲ့မူရင်းလက်ရေးစာမူတွေအားလုံးနဲ့ ပထဆုံးကျော်ကြားခဲ့တဲ့ Danish စာအုပ် မူရင်း ကော်ပီစာအုပ်တွေလည်းရှိကြတယ်။ အဆောက်အဦဟာ အမျိုးသားဓာတ်ပုံပြတိုက်တည်နေရာ အိမ်ဂေဟာလည်းဖြစ်ပြီး ကော်ဖီဆိုင်၊ performance ခန်းမတစ်ခုလည်းရှိကြတယ်။ အတွင်းမျက်နှာကြက်မှာ Danish ပန်းချီဆရာ Per Kirkeby ရဲ့ ကျော်ကြားတဲ့ abstract နံရံဆေးခြယ်လက်ရာတွေကို ကြီးမားကျယ်ပြန့်လှစွာတွေ့မြင်ကြရဦးမှာပါ။

11. Royal Portuguese Reading Room; Rio de Janeiro, Brazil
ဒါဟာ စာကြည့်တိုက်ပါ။ တကယ်ဆို စာအုပ်တွေနှစ်မြှုပ်သိမ်းထုပ်ထားတဲ့ နန်းတော်တစ်ဆောင်နဲ့တော့ ပိုပြီးတူနေပါတယ်။ ထုံးကျောက်သားအပြင်ဘက်ပိုင်းကထုံးကျောက်သားကို လစ်စ်ဘွန်းမှာ ကျော်ကြားတဲ့ Jerónimo ဘုန်းတော်ကြီးကျောင်းကလက်ရာကိုမှီးပြီး ဖန်တီးခဲ့တယ်။ Rio de Janeiro ကို သင်္ဘောနဲ့ မတင်ဆောင်ခင်မှာ Lisbon က တည်ဆောက်ခဲ့တာပါ။ မျက်နှာကြက်ကတစ်ဆင့် အနီ၊ အဖြူ နဲ့ အပြာရောင်ဖန်သားပြူတင်းပေါက်တွေကိုဖြတ်လျှက် သဘာဝအလင်းရောင်ကို ရရှိစေတယ်။ ငွေ၊ စကျင်ကျောက်နဲ့ ဆင်စွယ်စင်က စာကြည့်တိုက်ဆီကိုလာကြတဲ့ဧည့်သည်တွေကို ကြိုဆိုနေပါတယ်။

12. Seattle Public Library, Central Branch; Seattle, Washington
Pritzker Prize ဆုရ ဒတ်ခ်ျဗိသုကာပညာရှင် Rem Koolhaas ရဲ့ ဒီဇိုင်းပါ။ ဖန်နဲ့ စတီးလ်သား ဗိမာန်ဟာ အထပ် ၁၁ ထပ်အမြင့်ရှိနေပါတယ်။ ကုန်းမြင့်ပေါ်မှာ ရှိနေတာကြောင့် ဝင်ပေါက်၊ ထွက်ပေါက်တွေကို ကွဲပြားတဲ့အထပ်တွေကနေ အသုံးပြုနိုင်ပါတယ်။ Seattle စာကြည့်တိုက်ရဲ့ နောက်ထပ်နာမည်တစ်မျိုးကတော့ the Emerald City ပါ။  အထပ် ၁၀ စာဖတ်ခန်းကနေ မြို့မြင်ကွင်းကို ကြည့်ရှုနိုင်ပြီး Elliott Bay ကိုလည်း မြင်တွေ့နိုင်ဦးမှာပါ။

13. Vancouver Central Public Library; Vancouver, Canada
Vancouver Central Public Library ဟာ ရင်းနှီးနေကြပုံစံမျိုးပါပဲ။ ဒီအဆောက်အဦကို ရောမမြို့ရဲ့ အထင်ကရ Colosseum တည်ဆောက်ပြီးချိန်မှာ စတင်ဆောက်လုပ်ခဲ့တာပါ။ အလွှာ ၉ လွှာရှိတဲ့ စာကြည့်တိုက်ဟာ စုပေါင်းအိမ်ရာပုံစံဖြစ်ပြီး ရုံးခန်းနေရာ၊ ကော်ဖီဆိုင် နဲ့ မြေညီထပ်မှာ လက်လီဖြန့်ချိဆိုင်တွေဖွင့်ထားပါတယ်။ ဒီအဆောက်အဦရဲ့ အထူးခြားဆုံးလက္ခဏာက ခေါင်းမိုးပေါ်က ပန်းခြံလေးဖြစ်ပါ။ အများပြည်သူအတွက် ဖွင့်မထားပါဘူး။ ဒါပေမဲ့ အထူးဝင်ခွင့်တောင်းခံပြီး ဝင်ရောက်လေ့လာနိုင်ပါတယ်။

14. Providence Athenaeum; Providence, Rhode Island
Providence Athenaeum စာကြည့်တိုက်ဟာ အများပြည်သူအတွက်ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်ပါ။ ဒါပေမဲ့ စာကြည့်တိုက်အတွက်ကုန်ကျစရိတ်တွေကိုတော့ နိုင်ငံပိုင်ဘဏ္ဍာနဲ့ ပေးအပ်တာမဟုတ်ပါဘူး။ သေးငယ်ပေမယ့် အင်မတန်လှပတဲ့ Greek Revival အဆောက်အဦဖြစ်ပြီး ပုဂ္ဂလိကအလှူရှင်တွေကပဲ ထောက်ပံ့ထားကြပါတယ်။ Rhode Island ရဲ့ သမိုင်းကို အဓိကဦးတည်လေ့လာနိုင်ပြီး Ocean State က စာရေးဆရာတွေကရေးသားထားတယ်။ ထိတ်လန့်သည်းဖိုတွေရေးသားတဲ့ ကျော်ကြားလှတဲ့ စာရေးဆရာ Guillermo del Toro ရဲ့အမည်ကိုလည်း အလှူရှင်တွေစာရင်းထဲမှာ ရှာဖွေတွေ့နိုင်ပါတယ်။

မယ်ရူပ
(Living Fashion Magazine, March, 2016)

No comments: