Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 25, 2016

ရိုးရိုးကလေးသာ ကျွန်မ လွမ်းတတ်ခဲ့ပါပြီ

သည်နေ့ မိုးကလေးဖွဲဖွဲ စွေကာ ရွာနေသည်။ ဆာကူရာဆေးရုံ ၉ထပ်မှာ ခြောက်ကြိမ်မြောက် ကင်ဆာ ကုထုံး ခံယူနေသည့် လူနာ အစ်မကို ထိုင်စောင့်ပေးနေရင်း ပြတင်းမှန်ကို လာလာကပ်နေသည့် မိုးစက်မိုးမှုန် ကလေးတွေကို ငေးငေးကြည့်ကာ ကျွန်မစိတ်တွေ ယောက်ယက်ခတ်နေပါသည်။ မှန်ပြတင်းကနေ အောက် ဘက်သို့ နည်းနည်းငုံ့ကြည့်လိုက်လျှင် လူတွေ ခြေချင်းလိမ်လျက် အ၀င်အထွက်ပြုနေကြသည်ကို လှမ်းမြင်နေရ သည်။ ဘုရားသခင်…ဆေးရုံသည် လူဝင်လူထွက် များလှချည့်။ ဘုရားကျောင်းမှာ လူတစ်စတစ်စ နည်းလာပြီး ဆေးရုံတွေမှာ လူတွေဘာလို့များများလာပါလိမ့်။ ဒါကို အဖြေတစ်ခု တွက်ချက် ထုတ်ယူဖို့ ကျွန်မမှာ လုံလောက် သော စိတ်အင်အားမရှိပါ။ ကျွန်မနှလုံးအိမ်ထဲသို့ သောကအပူများ ဆင့်ဆင့်ကဲကဲ ထပ်မံ ၀င်မလာစေရန် အာရုံအလုံးစုံကို facebook နံရံတွေပေါ် စိတ်ပြေလက်ပျောက် ပစ်တင်လိုက်သည်။  နံရံတစ်ခုပေါ်မှာ ကျွန်မမျက်လုံးတွေ ဖြန့်လည်ကျက်စားမိသွားသည်။

Thanzawoo Sbo ။သည်နံရံပေါ်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် သီချင်း ဗီဒီယိုဖိုင်တစ်ခုကို ကျွန်မမြင်သည်။ ဇူလိုင် ၁၉ ကျော်လွန်ကာ သြဂုတ်လကုန်ခါနီး ဒီနေ့ကျမှ ဒီ ဗီဒီယိုကို တွေ့မြင်နားထောင်ဖြစ်ခြင်းမှာ ကျွန်မကို ပိုလို့ လွမ်းအောင်ဖန်နေရော့သလား.............။ Play သင်္ကေတလေးကို တို့ထိလိုက်သည်နှင့် ဆွေးမြမြဂစ်တာ သံက အလွမ်းတစ်စကို ဆောင်ကြဉ်းကာ ကျွန်မ အတွင်းသားထဲထိ လိမ့်ကာလိမ့်ကာ ထွင်းဖောက်တိုးဝင်လာသည်။..အဦးအစ ဂစ်တာသံက ကျွန်မ ရင်ခွင်မှာ အလွမ်းကို သိမ်မွေ့စွာ ပျိုးကြဲလိုက်ပြီ။  ပြတင်းပေါက်က တစ်ဆင့် နွေးမြမြလေပြည်နုကလေး တိုက်ခတ် တိုးဝင်လာသလို အဆိုသံဖွဖွကလေးက မလွမ်းဘဲ မနေနိုင်တော့အောင် ကျွန်မအား သွေးဆောင်ချည်ဖွဲ့လိုက်လေသလား..... သြဂုတ်လ ၂၂ရက်ထဲ ငုတ်တုတ်ထိုင်နေရာက ကျွန်မ တစ်ကိုယ်လုံး ရုတ်တရက်လေး စွေ့ ခနဲ မြောက်လွင့်တက်သွားသည်။
ဘုရားသခင်…!  အလွမ်းနှင့်စသည့် အဆိုသံဖွဖွကလေးက ကျွန်မကို တင်းကျပ်စွာချီပွေ့ဆောင်ယူသွားခဲ့ပြီပဲ။ အချိန်ကာလယန္တရားကြီး Time Bounceဖြစ်သွားသည်။ ဇူလိုင် ၁၉ နေ့တစ်နေ့ထဲ သို့ အံ့သြဖွယ် ကျွန်မ လွင့်စဉ်ပြုတ်ကျသွားသည်။  xxxxxxx တကယ်ဆို ကျွန်မ မလွမ်းတတ်တော့တာကြာခဲ့ပါပြီ။ နိစ္စဓူဝရုန်းကန်မှုတွေကပဲ လွမ်းချင်သည့်စိတ်ကို ရိုက်ပုတ်ချိုးဖျက်ခဲ့လေသလား (ဒါမှမဟုတ်) ဒီနေ့ကို ရဲရဲရည်ရည် သတိမရ၀ံ့အောင် နှစ်ကာလများစွာ ခြောက်လှန့်ခံခဲ့ရလေသလား....ကျွန်မ မသိတော့ပါ။...အမှန်ကို ၀န်ခံရလျှင် ဇူလိုင် ၁၉ ကို ထူးထူးကဲကဲ မလွမ်းတတ်တော့သလို ကျွန်မအသည်းတွေ နှစ်ကာလများစွာ မာကျစ် /ထုံပေ/ လေနေခဲ့တာ ကြာပါပြီ။ ပြီးခဲ့သည့် ဇူလိုင် ၁၉ မှာတုန်းကတောင် လွမ်းဖို့သတိမရနိုင်အားခဲ့၊ ကျွန်မ ဘာတွေလုပ်နေခဲ့ပါလိမ့်ဟု အခုမှ ပြန်ဖော် စဉ်းစားနေရသည်။  သည်နေ့တော့ ကျမကိုယ်တိုင် ဇူလိုင် ၁၉ထဲကို ရောက်သွားပြီ။ သီချင်းထဲ စက်သေနတ်ဖောက်သံ နှင့် အလားတူအသံမျိုးတစ်စုံတစ်ရာထည့်မထားသော်ငြား ကျမနားက တဒိုင်းဒိုင်းတဒက်ဒက်အသံများ ကို ရှင်းရှင်းပြတ်ပြတ် ပြန်ကြားသည်။ အာရုံထဲ အလိုမတူဘဲ နာကျင်စွာ စုသိမ်းလက်ခံထားခဲ့ရသည့် အဖြူအမည်းနှင့်ထုဆစ်သည့် အတိတ်ပုံရိပ်များ.......တလက်လက်တဖျပ်ဖျပ် တောက်ပနေရာက… လှုပ်လှုပ်ခတ်ခတ်……နောက်ဆုံး……လဲပြိုငြိမ်သက်သွား… .................. ....................... .........................  …………… ……………ဥသြဆွဲသံ ရှည်လျားလျားကြီးက ကျွန်မနားထဲ အလိုလိုပြေးဝင်လာပြန်သည်။ 

ဆက်တီခုံမှာ ခြေပစ်လက်ပစ်ထိုင်နေရာကနေ ရုတ်ခြည်းထကာ လက်နှစ်ဖက်တွဲလွဲချလျက် ကျွန်မ မတ်တတ်ရပ်မိသွား သည်။ ဇက်က မခိုင်ဘဲ ကျိုးကျသွားသည်။ မဟုတ်ဘူး။ အဲဒါ ဦးညွှတ်လိုက်တာပါ။ အလေးပြုလိုက်တာပါ။ “အာဇာနည်တွေကို အလေးပြုမယ်၊ ဦးညွှတ်မယ်…” သီချင်းသံက ထပ်တလဲလဲထွက်ပေါ်လာနေသည်။  နှစ်ကာလအတန်ကြာ ကျိုးကြေ သေနေခဲ့သော အလွမ်းတို့က ပြာပုံထဲကနေ ပြန်လည် ရုန်းကြွ ပျံသန်းလာသည်။ လွမ်းပြီ၊  လွမ်းသည်…… လွမ်းဦးမည်။ လွမ်းအောင်ဖန်ခဲ့လို့ ကျမ လွမ်းရပါဦးမည်။ အခုနေခါ..“ဘယ်လို တနင်္လာနေ့မျိုးလဲ”…ဟု ဆရာမ မနော်ဟရီ (Khin May Wynn)  မေးခဲ့မည်ဆိုလျှင် “လွမ်းတတ်သွားတဲ့ တနင်္လာနေ့”ဟု ကျမ တိတိကျကျဖြေလိုက်ပါမည်။ မလွမ်းတတ်တော့အောင် ထုံပေ လေနေခဲ့သည့် နှလုံးသားတစ်စုံကို လွမ်းလာတတ်အောင် ဒီသီချင်း ဒီဂီတက ဖမ်းစားလိုက်ကြောင်း သူ့ကို ကျွန်မ ပြောပြရဦးမည်။ သို့သော် တစ်ဖန်ပြန်လည်ကာ နိုးကြားလာသည့် ဒီအလွမ်းက အံ့သြစရာတော့ အကောင်းသားပဲ။ လွမ်းဖူးသည့် ဇူလိုင်အလွမ်းများနှင့်လည်း  မတူတော့။ တဒိုင်းဒိုင်းတဒက်ဒက်အသံများ ပြန်ကြားယောင်သည်ဆိုငြား ကျွန်မ ၏ယခုအလွမ်းသည် state high school ကျောင်းသူဘ၀ အာဇာနည်နေ့ ဟောပြောပွဲများ နားရည်ဝစွာ နားထောင်ခဲ့ရချိန် နုနုနယ်နယ်နှလုံးသားနှင့် မလိုက်ဖက်အောင် နာကျင်မှုများ အရောင်စွန်းထင်းပေကျံနေခြင်း အလျဉ်း မရှိခဲ့တော့ပါ။ နာကျင်မှုမပါဘဲ အလွမ်းချည်းသက်သက် လွမ်းတတ်အောင် ဒီသီချင်း ဒီဂီတက ကျွန်မကို အနုပညာဆန်ဆန် သိမ်မွေ့ပါးနပ်စွာ ဖမ်းစားသွားခဲ့ပါပြီ။    ကျွနမတို့အားလုံး တန်းခိုးရှင်ဖြစ်စေဦးတော့ ဖြစ်ပျက်ပြီးသည့် အတိတ်ကို ဘယ်သူမှ ပြောင်းလဲပစ် ချင်လို့ မရတော့ပါ၊ နာကျင်မှုများဖြင့် လွမ်းဆွတ်မည့်အစား အလွမ်းချည်းသက်သက် ရိုးရိုးကလေးလွမ်းနေ တာကမှ အနာဂတ်ကို ပိုမိုလှပစေကာ ငြိမ်းချမ်းသည့်ဘ၀ကို ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်ကြရပေမည်ဟု ကျွန်မ တွေးတောဆင်ခြင်မိသွားသည်။ ဇူလိုင် ၁၉ ကို ရိုးရိုးကလေးလွမ်းရင်း ကျွန်မတို့ကိုယ်စီ လုပ်စရာရှိတာတွေကို ရိုးရိုးရှင်းရှင်းကလေး လုပ်သွားနိုင်ဖို့သာ လိုပါသည်။   အအေးခန်းစတူဒီယိုထဲ ဟန်ကျပန်ကျထိုင်၊ အခါခါပြန်ဆို တီးခတ် အသံဖမ်းထပ် ၊ 1 duty, 1duty , 3duty အချိန်ယူ၊ ကွန်ပျူတာနည်းပညာအားကိုးနှင့် အချောသတ်mix down ပြုပြင်ပြောင်းဆွဲ…. သို့ကလို အခါခါမိတ်ကပ်လိမ်းထားသည့် သီချင်းများကိုသာ နတ်ဘုံနတ်နန်းမှတ်ထင်ကာ ကခုန်ဆင်မြန်းနေသည့် လူအများစုအတွက်တော့ ယခုသီချင်းသည် အရသာထူးကဲပေါ်လွင်နေလိမ့်မည်မဟုတ်ဟု ကျွန်မထင်ပါသည်။ (လက်ပ်တော့လေးနှင့်သာ ဆိုတီးဖမ်းယူထားသည့်အတွက် ပြည့်စုံခြင်းမရှိကြောင်း commentတစ်ခုတွင်ကျမဖတ်ထားရလို့ပဲ ဖြစ်ပါသည်)။ 

အကယ်စင်စစ် ကျွန်မ ဆိုချင်သည်က…ဤသီချင်းသည် အကြမ်းထည်ဆိုသော်ငြား အတိုင်းအဆမရှိ ပြီးပြည့်စုံနှင့်ခဲ့ရပါပြီ။ ရှင်တို့မယုံလျှင် ယခုပင် studioထဲပြေးဝင် Drums ရိုက်ချက်များဖြင့် full band တစ်ခုလုံး အပြည့်သုံး ကာ သီဆိုတီးခတ်ဖမ်းယူကြည့်လိုက်ပါ။ လွမ်းရသည့် အရသာလျော့ကျ (ဒါမှမဟုတ်) လုံးဝ ပျောက်ဆုံးသွားမည်မှာ သေချာပါသည်။   နည်းပညာတို့ဖြင့်ထုဆစ်ခြင်းသည် အနုပညာဖန်တီးမှုစစ်စစ်မဟုတ်။ အဆိုသမားနှင့် အတီးသမား တစ်ယောက်က တစ်ယောက်ကို နှလုံးသားဖြင့် အပြန်အလှန်နားထောင်၊ ရင်ခုန်သံတို့ဖြင့် အတူတကွချိတ်ဆက် ပူးပေါင်းပုံဖော်နိုင်ခဲ့ခြင်းသည်သာ အနုပညာ။ လွမ်းအောင်ဖွဲ့၊ လွမ်းအောင်ဆို၊ လွမ်းအောင်တီး၊ ရင်ခုန်သံနှင့်ဖန်တီး၊ စိတ်အလျဉ်ကို လွမ်းအောင် ယက်သဲ့စုချည် သိမ်းယူလိုက်နိုင်ခြင်းသည်သာ ပင်ကိုဖန်တီးမှုအနုပညာစစ်စစ်ဟု ကျွန်မ ယုံကြည်နေပါတော့သည်။

(#Specialthanks - Composer - Ko Myo (Thorn Birds), Harmony & Music -Zarni (Aeolian) Vocalist- Thanzawoo Sbo တို့အား ဤစာဖြင့် ဦးညွှတ်လိုက်ပါသည်) 
စုမီအောင် (သြဂုတ် ၂၂၊ ၂၀၁၆) 

No comments: