Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 06, 2016

သွေးဆာတဲ့ဘုရင်ဒရက်ကူလာရဲ့ မြို့တော်ဆီ အပိုင်း (၃)

(၂၀၁၂ က သွားဖြစ်တဲ့ခရီး တစ်ပိုင်းကျန်နေတာ ခုမှပဲရေးဖြစ်တော့တယ်။ ကောင်းရော)
ရိုမေးနီးယားနိုင်ငံ (Romania) ဟာ ဥရောပအရှေ့တောင်ပိုင်းနဲ့ အလယ်ပိုင်းလမ်းဆုံမှာတည်ရှိတယ်၊ ဘော်လကန်ကျွမ်းဆွယ်မြောက်ပိုင်း၊ ဒူးနာ့ဘ်မြစ်ရဲ့အောက်ပိုင်းမှာရှိနေပါတယ်၊ ကာပါသီယန် တောင်ကုန်းဒေသတစ်ဝိုက်အတိုင်းနဲ့ အပြင်ဘက်မှာရှိပြီး ပင်လယ်နက်က ကာရံထားပါတယ်၊ အနောက်ဘက်မှာ ဆားဘီးယားနဲ့ ဟန်ဂေရီက နယ်နမိတ်ထိစပ်ပြီး အရှေ့မြောက်မှာ ယူကရိန်းနဲ့ မော်ဒိုဗါပြည်သူ့သမ္မတနိုင်ငံရှိပြီး တောင်ဘက်မှာဘူလ်ဂေးရီးယားနိုင်ငံတို့ရှိကြတယ်၊ ဧရိယာ ၂၃၈၃၉၁စတုရန်းကီလိုမီတာ ရှိပြီး ဥရောပယူနီယံမှာ ကိုးခုမြောက်အကြီးဆုံးနိုင်ငံပါ၊ လူဦးရေသန်း ၂၁.၅ သန်းနဲ့ အီးယူမှာ ခုနှစ်ခုမြောက်လူဦးရေများဆုံးနိုင်ငံဖြစ်ပါတယ်၊ မြို့တော် ဘူခါရက်စ်ဟာ လူဦးရေ ၂ သန်း ရှိပြီး အီးယူရဲ့ ခြောက်နိုင်ငံမြောက်အကြီးဆုံးမြို့တော်ပါ၊ ၂၀၀၇မှာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါတယ်၊ ရှေးရောမလူမျိုးတွေကနေဆင်းသက်ခဲ့တယ်လို့ ရိုးမေးနီးယန်းတွေကဆိုကြတယ်၊ ၁၆ရာစုမှာ အီတလီခရီးသွားတွေဟာ ထရန်ဆဲလ်ဗေးနီးယား၊ မော်လ်ဒေးဗီးယားနဲ့ ၀ဲလ်လေးခီးယားတို့ကို စတင်လည်ပတ်ခဲ့ကြတယ်လို့ ဆိုတယ်။

ဒုတိယနေ့မှာ နံနက်စောစောပဲ ဟိုတယ်မနက်စာစားကြပြီး ဒီခရီးစဉ်ရဲ့ အဓိကနေရာဖြစ်တဲ့ ဘရန်ရဲတိုက်(ဒရက်ကူလာရဲတိုက် Bran Castle) ဆီ ခရီးဦးတည်ခဲ့ကြတယ်။ သြဂုတ်လထဲ ရိုမေးနီးယားရဲ့ နွေကာလထဲဖြစ်နေပေမဲ့ မိုးက တစိမ့်စိမ့်လေး အေးနေအောင်ရွာနေခဲ့ပြီး ကြည့်လိုက်တိုင်း ဘေးပတ်ဝန်းကျင်ရှုခင်းဟာ ရေမှုန်အခိုးအငွေ့တွေ မျောလွင့်ကာ စိမ်းစိမ်းညို့ညို့အုံ့ဆိုင်းနေခဲ့တာပါ။ ဘရန်ခရိုင်အနီးမှာရှိတဲ့ ဘရန်ရဲတိုက်(Bran Castle)ဟာ ဒရက်ကူလာရဲတိုက်ကြီးလို့ နာမည်ကြီးလှပါတယ်၊ ခံတပ်ဟာ ထရန်ဆဲလ်ဗေးနီးယားနဲ့ ၀ဲလ်လေးခီးယားအကြား နယ်နမိတ်မှာတည်ဆောက်ထားခဲ့တယ်၊ အိုင်းရစ်စာရေးဆရာ ဘရမ်းစတိုခါရဲ့ ဇာတ်ကောင် သွေးစုတ်ဖုတ်ကောင် ကောင့်ထ်ဒရက်ကူလာဟာ ၁၅ရာစုက အဲဒီရဲတိုက်ပိုင်ရှင် ရိုးမေးနီးယန်းဗိုလ်ချုပ်၊ ၀ဲလ်လေးခီးယားမြို့သား မင်းသား Vlad III the Impaler ကို အသက်သွင်းထားခဲ့ပါတယ်၊ Vlad III the Impaler (ရိုးမေးနီးယန်းလို Vlad Țepeș)ကို အလွယ်သိကြတာက ရိုးမေးနီးယန်းမျိုးရိုးအမည်အတိုင်း Drăculea(Drakulya)၊ အဓိပ္ပါယ်က “နဂါးရဲ့သား”လို့ ဆိုကြတယ်၊ Dracul ဟာ Dragon လို့ အဓိပ္ပါယ်ရတယ်၊ တခြားအဓိပ္ပါယ်တစ်ခုမှာလည်း evil လို့ ခေါ်ဆိုကြသေးတယ်လို့ဆိုတယ်။ ထရန်ဆဲလ်ဗေးနီးယားမှာရှိတဲ့ ဘုရားကျောင်းဟာ ယူနက်စကိုကမ္ဘာယဉ်ကျေးမှုအဖွဲ့ စာရင်းဝင်ဘုရားကျောင်းဖြစ်ပြီး ရိုမေးနီးယားနိုင်ငံမှာ ပြတိုက်များစွာ၊ တခြားရဲတိုက်များစွာရှိနေကြတယ်။ 

ဘရန်ရဲတိုက်ဟာ အခုတော့ ပြတိုက်တစ်ခုအဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ကြိုဆိုဖိတ်ခေါ်နေပါတယ်။ ရိုမေနီးယားဘုရင်ရဲ့ ကြင်ယာတော် မေရီဘုရင်မ (Queen Marie)ပိုင်ဆိုင်ခဲ့တဲ့ အနုပညာလက်ရာနဲ့အသုံးအဆောင်ပရိဘောဂတွေကို စုဆောင်းပြသထားတယ်။ ရဲတိုက်ရှိရာတောင်ကုန်းပေါ်ကို မတက်ခင် မြေပြန့်မှာတော့ ရိုမေနီးယားလက်မှုပစ္စည်းလေးတွေရောင်းချတဲ့ဆိုင်လေးတွေခင်းကျင်းပြသထားတာ အရောင်စုံပြခန်းလေးတွေလိုပဲ။ ခရီးသွားတွေကတော့ ဆိုင်လေးတွေဆီအလုအယက်တိုးဝှေ့ရင်း အမှတ်တရပစ္စည်းလေးတွေဝယ်ယူကြတယ်။ ဧည့်လမ်းညွှန်က အုပ်စုတစ်စုလုံးရဲ့ လက်မှတ်အတွက်စီစဉ်နေချိန်မှာ ကျွန်မတို့အမှတ်တရပစ္စည်းလေးတွေဝယ်ယူနိုင်အောင် နာရီဝက်လောက် အချိန်ပေးထားပါတယ်။ ပြီးရင်တော့ တောင်ကုန်းပေါ်ကိုတက်မယ့် အဝင်ဂိတ်မှာ ကျွန်မတို့အုပ်စု ပြန်ပြီးလူစုကြဖို့ပါ။ ဂိတ်ဝကဖြတ်လိုက်တာနဲ့ ဂရုတစိုက်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပန်းပင်တွေရယ် ကွေ့ကွေ့ကောက်ကောက်လျှောက်လမ်းတွေတွေ့လိုက်ရတယ်။ ရှေးခေတ်လက်ရာ ခေါင်မိုးထူပိတ်ပိတ်တစ်ထပ်အိမ်လေးတွေနဲ့ ကောက်ပဲသီးနှံသိုလှောင်တဲ့စတိုခန်းလေးတွေကို တောင်ကုန်း အောက်ခြေနားမှာ တည်ဆောက်ထားပါတယ်။ ရိုမေနီးယန်းတောင်သူလယ်သမားတွေရဲ့ ရိုးရာဓလေ့ကိုလေ့လာနိုင်မယ့် open-air ပြတိုက်ပန်းခြံလေးရှိနေတယ်။ ကျောက်သားကျောက်လုံးတောင်ကုန်းပေါ်ကို ခြေလှမ်းတွေစလိုက်တာနဲ့ မြင်ကွင်းထဲကို ပြေးဝင်လာခဲ့တာက ကြီးမားလှတဲ့ကျောက်သားလက်ဝါးကပ်တိုင်ကြီးပါ။ ခဲသားရောင်ရင့်ရင့် အဲဒီကျောက်သားလက်ဝါးကပ်တိုင်ကို မြင်တွေ့လိုက်ရတော့ ကျွန်မတို့ရဲ့ ဧည့်လမ်းညွှန်ရှင်းပြထားတာရယ်၊ ကျွန်မ ဖတ်ထားခဲ့ဖူးတဲ့ ဘရန်ရဲတိုက်ဖြတ်သန်းခဲ့ရတဲ့ ရာဇဝင်ဇာတ်ကြောင်းတွေ တစ်ခုပြီးတစ်ခုပြန်ပြီး သတိရလာတော့တာပေါ့။ 
အလယ်ခေတ်အတွင်း Holy Land နဲ့ Baltics နိုင်ငံတွေက ခရစ်ယာန်တွေကို ကာကွယ်ဖို့ ဂျာမန်သူရဲကောင်း-Teutonic Knights ကြေးစားစစ်သားအစုအဖွဲ့ရှိခဲ့တယ်။ ၁၂၁၂ ခုနှစ်မှာ အဲဒီ ဂျာမန်စစ်သားတွေဟာ ရိုမေနီးယားနိုင်ငံ၊ ထရန်ဆေးလ်ဗေးနီးယား အရှေ့တောင်ပိုင်း ရိုမေးနီးယန်း၊ ဂျာမန်နဲ့ ဟန်ဂေရီယန်းတွေရောနှောနေထိုင်ကြတဲ့ Burzenland မှာ ခံတပ်သဖွယ် သစ်သားရဲတိုက်ကိုတည်ဆောက်ခဲ့ကြတယ်တဲ့။ အဲဒီရဲတိုက်ဟာ ကုန်သည်တွေတောင်ကို ဖြတ်ကျော်သွားလာတဲ့အခါ ဝင်ပေါက်တစ်ခုဖြစ်ခဲ့တာ ထောင်စုနှစ်တစ်ခုကျော်ကြာခဲ့တယ်လို့ဆိုတယ်။ ၁၂၄၂ ခုနှစ်မှာတော့ မွန်ဂိုတွေရဲ့ ဖျက်ဆီးခြင်းခံရတော့တယ်။ ဘရန်ရဲတိုက်နဲ့ပတ်သက်ပြီး ပထမဆုံး ညွှန်းရရင်တော့ ဟန်ဂေရီဘုရင် Louis I လို့ပြောရမှာပါ။ ၁၃၇၇ နိုဝင်ဘာ ၁၉ မှာ Louis I က ကျောက်သားရဲတိုက်အဖြစ် တည်ဆောက်ခွင့်ပြုပေးလိုက်တယ်။ ဘရာရှောဗ့်မြို့မှာနေထိုင်ကြတဲ့ Saxon တွေရဲ့ လုပ်အားငွေအားနဲ့ ကျောက်သားရဲတိုက်တစ်ခုအသွင်ပြောင်းလိုက်ကြတယ်။ ဘရန်ရဲတိုက်အနီးမှာလည်း အခြေချနေထိုင်ကြသူတွေ တဖြည်းဖြည်းနဲ့တိုးလာခဲ့ပါတယ်။ ၁၄၃၈-၁၄၄၂ မှာတော့ အဲဒီရဲတိုက်ဟာ အော်တမန်အင်ပါယာရဲ့ ကျူးကျော်မှုကို ခုခံတိုက်ခိုက်တဲ့ခံတပ်အဖြစ် အသုံးပြုလာခဲ့ကြပြီ။ Vlad III က ၁၄၄၈ မှာ ရိုမေးနီးယားဘုရင်ဖြစ်လာခဲ့ပြီး ဘရန်ရဲတိုက်ဟာ ထရန်ဆေးလ်ဗေးနီးယားနဲ့ ၀ဲလ်လေးခီးယားဒေသကြားက အခွန်အခပေးဆောင်ရတဲ့ခံတပ်တစ်ခုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတာပေါ့။ Vlad III ဟာ ၁၄၅၆ ကနေ ၁၄၆၂ မှာ ဒုတိယအကြိမ်နဲ့ ၁၄၇၆ ခုနှစ်မှာ တတိယအကြိမ်ဘုရင်ဖြစ်ခဲ့သူပါ။ Vlad III ဟာ အော်တမန်တပ်(တူရကီတပ်)တွေကို နှိမ်နင်းတိုက်ခိုက်ပြီး Danube မြစ် မြောက်ဘက်နဲ့ တောင်ဘက်နှစ်ခုလုံးမှာနေထိုင်ကြတဲ့ ရိုမေးနီးယန်းနဲ့ ဘူလ်ဂေရီးယန်းတွေကိုကာကွယ်ခဲ့သူ၊ အရှေ့ဥရောပမှာ ခရစ်ယာန်ဘာသာပျောက်ကွယ်မသွားအောင် ရဲရဲဝံ့ဝံ့ကာကွယ်ခဲ့သူ ရိုးရာပုံပြင်တွေထဲက သူရဲကောင်းတစ်ဦးအဖြစ်လည်းထင်ရှားခဲ့တယ်။ တစ်ဘက်မှာတော့ မှောင်မိုက်နေတဲ့ ဘဝဇာတ်ကြောင်းဟာ ချောက်ချားစရာအတိပါ။ အခွန်အခမပေးဘဲရှောင်တိမ်းလိုသူတွေကို ဘရန်ရဲတိုက်နဲ့ အနီးပတ်ဝန်းကျင်မှာ တံစို့ထိုးပြီး ရက်ရက်စက်စက်သတ်ဖြတ်သူ၊ သွေးဆာနေတဲ့သွေးစုပ်ဖုတ်ကောင်တစ်ဦးအဖြစ် အဲဒီဒေသတွေက သွေးစုပ်ဖုတ်ကောင်ဒဏ္ဍာရီတွေနဲ့ ရောနှောပေါင်းစပ်ခံခဲ့ရတာပါ။ Vlad III ဟာ ၁၄၆၂ နောက်ပိုင်းမှာ ဟန်ဂေရီဘုရင်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ဘရန်ရဲတိုက်မှာ ၂လခန့် ပိတ်လှောင်ဖမ်းဆီးခံခဲ့ရတယ်။ 


ဒရက်ကူလာရဲတိုက်ဆိုပေမဲ့ ဒရက်ကူလာကြီး Vlad III အမြဲတမ်းနေထိုင်သွားခဲ့တဲ့ ရဲတိုက်တော့မဟုတ်ခဲ့ဘူး။ ၁၄၇၆ ဒါမှမဟုတ် ၁၄၇၇ ခုနှစ် ထဲ ရက်အတိအကျမသိခဲ့ကြဘဲ အဲဒီအတောအတွင်းသေဆုံးခဲ့တယ်လို့ပဲ မှတ်တမ်းတွေမှာသိရှိနိုင်ခဲ့ကြတယ်။ ဘရန်ရဲတိုက်ကတော့ ၁၉၂၀ မှာ ရိုမေးနီးယန်းဘုရင် Ferdinand I ရဲ့ တော်ဝင်စံအိမ်ဖြစ်လာခဲ့ပါတယ်။ Ferdinand I ရဲ့ ကြင်ယာတော်၊ ဗြိတိသျှတော်ဝင်မိသားစုက မွေးဖွားခဲ့သူ၊ Edingburgh မြို့စားကြီးရဲ့ သမီးတော် မေရီမင်းသမီးရဲ့ အင်မတန်နှစ်သက်တဲ့ အိမ်ဖြစ်လာခဲ့တာပါ။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့  မေရီဘုရင်မရဲ့ သမီး၊ မင်းသမီး အီလီယာနာက ဘရန်ရဲတိုက်ကို ဆေးရုံတစ်ခုအဖြစ်အသုံးချခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်း ကွန်မြူနစ်ခေတ် ၁၉၄၈ မှာ တော်ဝင်မိသားစုကို ရဲတိုက်ဆီကနေ နှင်ထုတ်ခဲ့ကြတယ်။ ၂၀၀၅ မှာတော့ ရိုမေနီယန်းဘုရင်က အထူးဥပဒေချမှတ်ပြီး မင်းသမီး အီလီယာနာရဲ့ သား ဒေါမနစ်ဗွန် ဟက်ဘ်စဘာဂ့်ကို ရဲတိုက်အမွေဆက်ခံခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဇွန် ၁ရက်နေ့မှာ ဟက်ဘ်စဘာဂ့်က ဘရန်ရဲတိုက်ကို ပုဂ္ဂလိကပြတိုက်အသွင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက ဘရန်ရဲတိုက်ဟာ ပြတိုက်တစ်ခုအသွင်နဲ့ ဆက်လက်ရှင်သန်လာခဲ့တာပါ။

ဘရန်ရဲတိုက်ထဲ ငေးမောခဲ့ရတဲ့အမှတ်ရစရာတွေ ပြန်စဉ်းစားရရင် ကျွန်မအတွက်တော့ြ ခြေလှမ်းလိုက်တိုင်း တကျွီကျွီမြည်သံထွက်ပေါ်နေခဲ့တဲ့ သစ်သားကြမ်းခင်းပြားခပ်ကြီးကြီးတွေ၊ ပုံသဏ္ဍန်ခပ်ဆန်းဆန်းအဖြူရောင်မီးလင်းဖို၊ လှို့ဝှက်လှေကားကွေ့ကွေ့ကောက်ကောက်ရယ်၊ ရဲတိုက်အပေါ်ကနေအောက်ဘက်ဆီလှမ်းကြည့်ရင်း မြင်တွေ့လိုက်ရတဲ့ ရေတွင်းလေးရယ်၊ အဲဒီရေတွင်းဘေးမှာက လူတစ်ရပ်ကျော်ကျော်ရှိနေတဲ့ မောင်းတစ်လုံး၊ များလှတဲ့ပြူတင်းပေါက်လေးတွေဆီကမြင်တွေ့ခဲ့ရတဲ့ မြူခိုးငွေ့တွေဝဲဖြာလွင့်ကျဲနေတဲ့ အပြင်ဘက်ကရှုခင်း၊ အဲဒီရှုခင်းနဲ့အတူ အေးမြမြတိုက်ခတ်နေခဲ့တဲ့ခပ်သော့သော့လေအဝေ့အရသာလေးရယ်၊ ဒရက်ကူလာကြီးရဲ့အရိပ်အငွေ့တွေးဆရင်း ကြက်သီးမြမြထလိုက်စရာ အချိန်မရလောက်အောင် ပြည့်ကျပ်နေတဲ့ခရီးသွားတွေရဲ့ ရွေ့လျားမှုခပ်မြန်မြန်တွေ၊ တွန်းတွန်းတိုက်တိုက်လှုပ်ရှားရင်းနဲ့ ဟိုအခန်းဝင်၊ ဒီအခန်းထွက် မမှတ်မိနိုင်လောက်အောင်များလှတဲ့ အခန်းဆင်တူလေးတွေပဲ အမှတ်တရဖြစ်စရာကျန်ရှိနေခဲ့ပါတယ်။ တွေးတောကြောက်လန့်လိုသူတွေကတော့ ဘရန်ရဲတိုက်ကြီး အနီး ညဘက်တွေမှာ မကောင်းဆိုးဝါးတွေရဲ့ အော်ဟစ်သံတွေကြားရတယ်ဆိုတဲ့အကြောင်း အချင်းချင်းအလုအယက်ပြောပြကြတယ်။ ဘရန်ရဲတိုက်အနီးမှာလည်း ဒရက်ကူလာအပြင်အဆင်၊ ဧည့်ခံမှုတွေနဲ့ ဟိုတယ်တွေတည်ဆောက်ထားကြပါတယ်။ အဲဒီဟိုတယ်တွေမှာ တည်းခိုရင်း ချောက်ချားစရာထူးခြားတဲ့ခံစားမှုကို စောင့်ကြည့်လိုကြတဲ့ ခရီးသွားတွေလည်းရှိနေတာပါပဲ။ လာမယ့် သြဂုတ် ၂၆ ရက်နေ့မှာတော့ ဘရန်ရဲတိုက်မှာ နှစ်စဉ်ကျင်းပနေကြ Jazz ဂီတပွဲတော်ပြုလုပ်ပါလိမ့်မယ်။ ၂၆ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်မှာပါ။ 

ဘရန်ရဲတိုက်ဆီက နေ့လယ်ပိုင်းမှာပြန်ထွက်ခဲ့ကြပြီး Peleș Castle ဆီ ခရီးဆက်ခဲ့ကြပါတယ်။ Peleș Castle ဟာ Neo-Renaissance ရဲတိုက်တစ်ခုဖြစ်ပြီး ဆီနားရားမြို့အနီးမှာတည်ရှိပါတယ်။ ၁၈၇၃ နဲ့ ၁၉၁၄ ခုနှစ်အတွင်းတည်ဆောက်ခဲ့ပါတယ်။ Ferdinand I မတိုင်မီ ရိုမေးနီးယားဘုရင် King Carol I က တည်ဆောက်ခဲ့တာပါ။ King Carol I က ၁၈၆၆ ခုနှစ်အတွင်း အဲဒီရဲတိုက်မြေနေရာကို ပထမဆုံးရောက်ရှိခဲ့ပြီး ဘေးပတ်ပတ်လည်မှာ တောင်မြင့်မြင့်မားမားတွေ၊ သစ်ပင်စိမ်းစိုစိုတွေ ပိန်းပိတ်အောင် ပေါက်ရောက်နေခဲ့တဲ့သဘာဝရှုခင်းကို အင်မတန်နှစ်သက်သွားခဲ့တယ်။ ၁၈၇၂ ခုနှစ်မှာ Piatra Arsă မြစ်အနီးက ၁၃၀၀ စတုရန်းကီလိုမီတာရှိတဲ့ မြေနေရာကိုဝယ်ယူခဲ့ပါတယ်။ Peleș ရဲတိုက်ဟာ ကမ္ဘာ့ပထမဆုံး ဒေသတွင်းထုတ်လုပ်တဲ့ လျှပ်စစ်မီးအားအပြည့်အဝသုံးထားတဲ့ ရဲတိုက်အဖြစ် နာမည်ကျော်ခဲ့တယ်။ ဂျာမန်ဗိသုကာပညာရှင် Johannes Schultz ၊ ရိုမေနီယန်းဗိသုကာပညာရှင် Carol Benesch နဲ့ ချက်ဗိသုကာပညာရှင် Karel Liman တို့ရဲ့ လက်ရာပါ။ Peleș ရဲတိုက်အတွင်းပိုင်းကိုဓာတ်ပုံရိုက်ကူးချင်တယ်ဆိုရင် ဓာတ်ပုံရိုက်ကူးခအတွက် သပ်သပ်ထပ်ပြီးပေးရပါလိမ့်မယ်။ မဟုတ်ရင်တော့ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး ဆိုတဲ့ တားမြစ်သံလေးနဲ့အတူ ကိုယ့်အနားကို ပြတိုက်တာဝန်ရှိသူတစ်ဦးဦးရောက်လာနိုင်တာပေါ့။ နှစ်စဉ် နိုဝင်ဘာမှာ ပြုပြင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးပြုလုပ်တာကြောင့် အဲဒီအချိန်မှာ ရဲတိုက်ပိတ်ထားလေ့ရှိပါတယ်။ အတွင်းဘက်နံရံတွေက နံရံဆေးရေးပန်းချီတွေဟာ အင်မတန်ထူးခြားလှပါတယ်။ လက်နက်နဲ့ သံချပ်ကာပစ္စည်းပေါင်း ၄၀၀၀ ကျော်စုဆောင်းပြသထားတဲ့ပြခန်းတစ်ခုလည်း ပါဝင်တယ်။ မြေညီထပ်၊ ပထမထပ်နဲ့ ဒုတိယထပ် တို့ပါရှိပြီး ထူးခြားလှတဲ့အခန်းတွေကတော့ Holul de Onoare (The Honor Hall), Apartamentul Imperial (The Imperial Suite), Sala Mare De Arme (The Grand Armory or The Arsenal), Sala Mica De Arme (The Small Armory) , Sala De Teatru (The Playhouse), Sala Florentina (The Florentine Room) , Salonul Maur (The Moorish Salon) နဲ့ Salonul Turcesc (The Turkish Parlor)တို့ ဖြစ်ကြတယ်။ ရဲတိုက်အပြင်ဘက် ပန်းခြံထဲက ပန်းပုလက်ရာတွေကတော့ လက်ရာမြောက်လှတဲ့ ပန်းပုရုပ်တွေပါ။

Peleș Castle ဓာတ်ပုံများ


 Peleș ရဲတိုက်ကအပြန်မှာတော့ အော်သိုဒေါစ့်ခရစ်ယာန် ဘုန်းကြီးကျောင်း Sinaia ကို ဝင်ခဲ့ကြပါတယ်။ The Old Church ကို ၁၆၅၉ ခုနှစ်က တည်ဆောက်ထားခဲ့တယ်။ ထပ်ပြီးတိုးချဲ့တည်ဆောက်ခဲ့တဲ့ The Great Church ကိုတော့ ၁၈၄၂ မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဘုရားကျောင်းက ပြန်လာခဲ့ကြတဲ့အချိန်မှာတော့ အားလုံးရဲ့ခြေလှမ်းတွေ နှေးကွေးလေးကန်နေကြပြီ။ ပင်ပမ်းနေခဲ့ကြပြီပေါ့။

တတိယနေ့မှာတော့ တည်းခိုတဲ့ဟိုတယ်မှာ နံနက်စာစားပြီး ရိုမေးနီးယားနိုင်ငံမြို့တော် ဘူခါရက်စ်အပြင်ဘက်က စနာဂေါ့ဗ်ဘုန်းကြီးကျောင်း (Snagov Monastery)ဆီ ခရီးဆက်ခဲ့ကြပြန်ပါတယ်။ အဲဒီဘုန်းကြီးကျောင်းလေးဟာ Snagov ကန်ရဲ့အလယ်မှာ တစ်သီးတစ်ခြားတည်ရှိနေတယ်။ ကျွန်းလေးဆီကိုသွားနိုင်မယ့်တံတားရှိပါတယ်။ တံတားကနေပဲ ဘုန်းကြီးကျောင်းလေးဆီ ရောက်လာခဲ့ကြတယ်။ အဲဒီတိတ်ဆိတ်ငြိမ်သက်လှတဲ့ Snagov ဘုန်းကြီးကျောင်းဆီ ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်လေ့လာကြတာက ဘရမ်စတိုကာရဲ့ Dracula စာအုပ်ထဲက အဓိကဇာတ်ကောင်ကြီးလဲလျောင်းနေခဲ့ရာ အုတ်ဂူရှိနေတာကြောင့် အမြဲတမ်းစိတ်ဝင်စားစရာနေရာတစ်ခုအဖြစ်ထင်ရှားနေခဲ့တာပါ။ ဒရက်ကူလာကြီး Vlad the Impaler ကိုမြှုပ်နှံထားခဲ့တဲ့ ရုပ်အလောင်းဟာ တကယ်တော့ ဦးခေါင်းမပါလာဘဲ ဦးခေါင်းမဲ့ကိုယ်ခန္ဓာကိုယ်သာ ရရှိခဲ့ကြတယ်လို့လည်း ဆိုကြတယ်။ ဦးခေါင်းကိုတော့ တူရကီဘုရင်က ဖြတ်တောက်ယူငင်သိမ်းထားခဲ့တယ်ဆိုတဲ့ လူပြောများလှတဲ့ ရာဇဝင်တွေလည်းရှိနေခဲ့တယ်။ ဘုန်းကြီးကျောင်းတွေ့ရှိခဲ့တာက ၁၄ ရာစုမှာပါ။ နောက်ပိုင်း ၁၉၃၃ ခုနှစ်မှာ ပြန်လည်တူးဖော်ပြီး ဆုတောင်းဝတ်ပြုတဲ့နေရာပုံစံတွေ့ခဲ့ရတာနဲ့ ဘုန်းကြီးကျောင်းနေရာဆိုတာကို သတ်မှတ်ခဲ့ကြတယ်။ Vlad Tepes ရဲ့ ဘဝတစ်သက်တာလုံး ရက်စက်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်ဆိုတဲ့ နာမည်ဆိုးရှိခဲ့ပြီးနောက် အဲဒီဘုန်းကြီးကျောင်းလေးမှာမြှုပ်နှံပေးဖို့ မသေဆုံးခင်က ဆန္ဒပြုထားခဲ့တယ်ဆိုကြတယ်။ ဗိသုကာပညာရှင်တွေနဲ့ သမိုင်းပညာရှင်တွေက အဲဒီရာဇဝင်ဟာ အစစ်အမှန် ဒါမှမဟုတ် လုပ်ကြံခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်လားဆိုတာ သက်သေပြနိုင်ဖို့ ကြိုးစားရှာဖွေခဲ့ကြပါတယ်။ နောက်ဆုံးလဲလျောင်းအနားယူခဲ့တယ်ဆိုတဲ့ ဘုန်းကြီးကျောင်းနေရာကို တူးဆွတာတွေပြုလုပ်နိုင်ခဲ့ကြတယ်။ သူတို့ မြင်းနဲ့ လူအရိုးစုအရောအနှောတွေပဲတွေ့ရှိခဲ့ကြတယ်လို့ဆိုတယ်။ အဲဒီအရိုးတွေနဲ့လည်း ဒရက်ကူလာမြှုပ်နှံခဲ့တယ်ဆိုတာ အတည်မပြုနိုင်ခဲ့ကြပါဘူး။ သမိုင်းပညာရှင်အများစုယုံကြည်ကြတာက Comana ဧရိယာထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာမြှုပ်နှံခဲ့တယ်ဆိုတာကိုပါ။ ဒါပေမဲ့ ဒီနေ့ထက်ထိ စနာဂေါဗ့်ဘုန်းကြီးကျောင်းနဲ့ ဒရက်ကူလာရဲ့ အုတ်ဂူကို သွားရောက်ကြည့်ရှုကြသူတွေ အဆက်မပြတ်ခဲ့ကြဘူး။ ရိုမေးနီးယားအစိုးရက စနာဂေါဗ့်မှာ Dracula Park ဆိုတဲ့ အပမ်းဖြေပန်းခြံတည်ဆောက်ဖို့ စီမံကိန်းတစ်ခုရေးဆွဲခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်မှာ ဖျက်သိမ်းသွားခဲ့ပါတယ်။ ဒရက်ကူလာရဲ့ ဦးခေါင်းမပါတဲ့ကိုယ်ခန္ဓာအမှန်တကယ်ရှိမရှိ ဆိုတာကတော့ စနာဂေါ့ဗ် ဘုန်းကြီးကျောင်းလေးကိုယ်တိုင်ပဲ သိနိုင်တော့မှာပါ။

စနာဂေါဗ့်ဘုန်းကြီးကျောင်းကနေ ပြန်ထွက်ခဲ့ကြတော့ ရိုမေနီးယားနိုင်ငံမြို့တော် ဘူခါရက်စ်ဆီ ဦးတည်ခဲ့ကြတာပါ။ တည်းခိုတဲ့ဟိုတယ်ကနေ တစ်ခါတည်း check out လုပ်ခဲ့ကြပြီး ခရီးဆောင်အိတ်တွေအားလုံး tour bus ထဲမှာ နေရာယူထားကြပါပြီ။ ဘူခါရက်စ်မြို့တော် ပါလီမန်နန်းတော်နဲ့ ဈေးဝယ်ထွက်စရာ shopping mall တွေဘက်ကို နောက်ဆုံးနေ့ ရိုမေးနီးယားအမှတ်တရပစ္စည်းတွေဝယ်ယူနိုင်ဖို့ စီစဉ်ထားကြတယ်။ ဘူခါရက်စ်မြို့တော် ပါလီမန်နန်းတော်အဆောက်အဦဟာ ယူနိုက်တက်စတိတ်က ပင်တဂွန်ဌာနပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံးအုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦပါ။ ၈၄ မီတာမြင့်မားပြီး ၃၆၅၀၀၀ စတုရန်းမီတာရှိပါတယ်။ ဖလော်ရီဒါပြည်နယ် Kennedy Space Center က Vehicle Assembly အဆောက်အဦနဲ့ မက္ကဆီကိုနိုင်ငံ Teotihuacan က Temple of the Feathered Serpent ပြီးရင် တတိယအကြီးဆုံးအဆောက်အဦလည်းဖြစ်နေပါသေးတယ်။ အလေးချိန်နဲ့ ယှဉ်ရင်တော့ ကမ္ဘာမှာ အလေးဆုံးအဆောက်အဦလို့ ဆိုပါတယ်။ လွှတ်တော်ခန်းမ၊ ကိုယ်စားလှယ်တွေရဲ့ အခန်း၊ ပြတိုက် ၃ ခန်း နဲ့ နိုင်ငံတကာညီလာခံစင်တာ၊ ခေတ်ပြိုင်အမျိုးသားပြတိုက်၊ ကွန်မြူနစ်စနစ်ပြတိုက် နဲ့ နန်းတော်ပြတိုက်စတဲ့အခန်းတွေပါဝင်ကြတယ်။ ၁၉၉၀ မှာ သြစတြေးလျစီးပွားရေးလုပ်ငန်းရှင် Rupert Murdoch က ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ငြင်းဆန်ခြင်းခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ ပါလီမန်နန်းတော်ဟာ ယူရို ၃ ဘီလီယံတန်ကြေးရှိနေပြီး ကမ္ဘာမှာ အုပ်ချုပ်ရေးဆိုင်ရာအဆောက်အဦတွေထဲ တန်ဘိုးအကြီးဆုံးအဖြစ်နေရာယူထားတာပါ။ အပူပေးစနစ်ရယ် လျှပ်စစ်ဓာတ်အားအတွက်ပဲ နှစ်စဉ်ဒေါ်လာ ၆ သန်းကျော်ကုန်ကျလေ့ရှိတယ်ဆိုတဲ့ ပမာဏဟာ အရွယ်အလတ်စားမြို့တော်တစ်ခုသုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားပမာဏနဲ့ အတူတူနီးပါးကုန်ကျနေတယ်။ အခန်းပေါင်း ၁၁၀၀ရှိပါတယ်။ ပါလီမန်နန်းတော်ကို တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်က ၇၀၀ တောင်ရှိခဲ့တာပါ။ ပါလီမန်နန်းတော်ရှေ့မှာ tour bus ကို ရပ်ပေးပါတယ်။  ပါလီမန်နန်းတော်ကို နောက်ခံထား ဓာတ်ပုံရိုက်ယူချင်သူတွေအတွက်ပါ။ ပါလီမန်နန်းတော်ရှေ့ကနေ ဘူခါရက်စ်မြို့ထဲ၊ ရင်ပြင်က ကျောက်ရုပ်ကြီးရှေ့စတဲ့ နေရာတွေမှာ ရပ်ပေးပါတယ်။ ဈေးဝယ်ထွက်တဲ့အချိန်တွေကုန်ဆုံးပြီးရင်တော့ မြို့လယ်ပန်းခြံက ရေပန်းတွေနားမှာ ကျွန်မတို့အားလုံး လူပြန်စုကြရပါတယ်။ ညနေခင်းနေရောင်ခြည်ဟာ ဘူခါရက်စ်မြို့လယ်ပန်းခြံက ရေပန်းတွေဆီမှာ ကပ်ညိပြီး အလင်းတွေဖြာကျနေသလိုမျိုးပဲ။ ရိုမေနီယန်း ရုံးဝန်ထမ်းတွေ၊ ကလေးငယ်တွေထိန်းရင်းပန်းခြံဆီရောက်လာကြသူတွေ၊ ပန်းခြံမှာ တခဏလေးဝင်နားသူတွေ ဖြတ်သွားသူတွေ အများကြီးပဲ သွားလာလှုပ်ရှားနေကြတဲ့ ဘူခါရက်စ်မြို့တော်ဟာ ခေတ်မီသစ်လွင်တဲ့ အလှနဲ့ ထူးခြားတဲ့သမိုင်းနဲ့ ကိုယ်ပိုင်ဟန်တွေနဲ့ ထူးထူးခြားခြားလှပနေတဲ့မြို့တော်ပါ။ ကျွန်မတို့ ရိုမေးနီးယားနိုင်ငံ မြို့တော်ဘူခါရက်စ်ကနေ ခရီးပြန်ပြီးထွက်ခွာရတော့မယ့်အချိန်ရောက်လာတော့ အားလုံး tour bus ဆီမှာ နေရာယူကြပြီ။ ဘူခါရက်စ်ရင်ပြင်က ရေပန်းတွေမှာ ရေစက်ရေမှုန်တွေဖြာကျနေဆဲပါ။ ညနေခင်းနေရောင်ခြည်ကတော့ ရေပန်းတွေပေါ်က တဖြည်းဖြည်းရွေ့ဆင်းကာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ပါပြီ။        ။

သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ 
အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)


ဖြိုးဖြိုး
(Living Fashion Magazine, September, 2016)

No comments: