Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 03, 2016

ဘယ်ဆီဘယ်ဝယ် ခေါ်တယ် မသိဘဲ


ကျွန်မခေါင်းအုံးနဘေးက စပယ်ပန်းကုံးလေးတွေကို ရေတွက် ကြည့်လိုက်တယ်။တကုံး..နှစ်ကုံး သုံးကုံး..အော် ..သုံးကုံးတောင် ရှိနေမှကိုး။ ကျွန်မဒီကို ရောက်တာ သုံးရက် ရှိနေမှပဲ။ မနက် မနက် လာနေကျ ပန်းသည်မလေးဆီက ဘုရားလှူဖို့  ရည်မှန်းပြီး တနေ့  တကုံး ၀ယ်ယူခဲ့တာပါ။ ခြောက်သွားတာတောင် ရနံ့ လေးက သင်းပျံ့ နေဆဲ ပေါ့.။ စံပယ် တဲ့. စံပယ်က ကျွန်မအတွက်  အရေးပါတဲ့ ပန်းကလေး ဖြစ်လာလိမ့်မယ် လို့  တခါမှ မတွေးခဲ့ ဘူး။ အို ..မဟုတ်သေးပါဘူး။ဖြူဖွေး သန့်စင်တဲ့  စံပ် လေးတွေအပေါ် ကျွန်မ အပြစ် လွဲမချသင့်ဘူး ထင်တယ်။ တကယ်တော့ အရိုင်းစပယ် ကသာ။ ဟုတ်ပါတယ် ။ အောင်လင်းရဲ့  အရိုင်းစံပယ်…။

အိမ်မှုကိစ္စတွေနဲ့  အမြဲ ရှုပ်ပွေ နေတတ်တဲ့  ကျွန်မဟာ ရုပ်ရှင် ကြည့်လေ့ ကြည့်ထ မရှိပါဘူး။ ဖြစ်ချင်တော့  အဲဒီနေ့ ကမှ ကောက်ခါ ငင်ခါ လိုက်သွားမိတာ။ ရုံထဲမှာ မီးက မှောင်ချထားပြီ။ ကြော်ငြာလည်း ၀င်နေပြီ။အတူပါလာတဲ့ သမီးညိုရဲ့  သားကလေးက ခဏလောက်ပဲ ကြည့်ပြီး ငိုချပါလေရော။ ဘယ်လို ချော့ချော့ မရဘူး။ ကိုယ်ကြီး ယိမ်းထိုးလို့  ထွက်ပေါက်ကိုပဲ လက်ညှိုး ညွှန်နေတော့တာပဲ။ ကျွန်မလည်း မနေနိုင်ဘူး။ သမီးညို ရုပ်ရှင် ဖြောင့်ဖြောင့် ကြည့်ပါစေတော့လို့  ကလေးကို အပြင် ခေါ်သွားမယ် မုန့် ကြွှေးမယ် ဆိုပြီး နေရာက ထလိုက်ပါတယ်။ မှောင်ထဲမှာ ကျင့်သားမရှိတဲ့  ခြေထောက်တွေက အထစ်ချော်ပြီး ပြုတ်ကျလိုက်တာ .. ဘုရား..ဘုရား ..ဘယ်ဘက်ဒူးမှာ ပြဿနာ ပေါ်ပြီ။ လှုပ်မရ  ကြွမရ  ခြေထောက်က အချောင်းလိုက်ကြီး တန်းပြီး ကွေးလို့  မရတော့ပါဘူး။ ရုတ်ရုတ်သဲသဲ ကြားမှာ ရှက်ရှက်နဲ့  ဘယ်လို အိမ်ပြန်ရောက်လာတယ် ဆိုတာ ပြန်မပြောချင်တော့ပါဘူး။ ကျွန်မရဲ့  နမော် နမဲ့  နိုင်မှုကြောင့် မိသားစု ပျော်ပျော်ပါးပါး  တခါတလေ  ထွက်လာပါမှ ဖြစ်ရလေခြင်းလို့  အားနာပြီးရင်း အားနာရင်း ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ် တင်နေမိတယ်။
ရောင်ကိုင်းလာတဲ့ ဒူးကြီးကလည်း နှစ်ဆမကဘူး။ ပရုပ်ဆီတွေလိမ်း။ ရေနွေးအိတ်ကပ် ရေခဲအိတ်တင် ဘယ်သူမှ မနားရဘူး။ ခြေထောက်က အိပ်ယာပေါ် ချထားလို့  မရ။ မိုးပေါ်ထောင် ပင့်မြှောက်ထားမှ နေသာ ထိုင်သာ ရှိတာမို့  ပုံပျက် ပန်းပျက် နဲ့ ခုံတွေ ခု ခေါင်းအုံးတွေခု အလုပ်ကို ရှုပ်နေတာပဲ။

အိမ်သားတွေက တီဗွီကြီး လာချပေးပေမဲ့ ဘယ်ကြည့်ချင်  မှာလဲ။ ဒိုင်ယာစီပင်တွေ သောက်ပြီး နာကျင်မှုကို ခုခံကာကွယ် ရင်း ကြိတ်မှတ်အိပ်ရင်း ရီရီဝေေ၀နဲ့ ပဲ  မိုးလင်းခဲ့ ရတယ်။ မနက် ပြည်သူ့ ဆေးရုံကြီးမှာ ဓါတ်မှန်ရိုက်ကြည့်တဲ့အခါ Patella  Crash တဲ့။။ မန္တလေးဆေးရုံကြီးကို သွားရောက် ခွဲစိတ်ကုသရမယ် ဆိုပါလား။ အလိုလေး။ မိုးကြိုး ဆက်တိုက် ပြစ်ချလိုက်သလိုပါပဲ။ ကျွန်မ ခေါင်း မီးတောက် သွားခဲ့ ရတယ်။

မန္တလေးရောက်အောင် သွားရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ အခက်အခဲတွေ တသီကြီးပါ။ ထမ်းစင်နဲ့  လူနှစ် က ကျွန်မကို ကယ်ရီ လုပ်ပေးရတယ်။ အချိန်မှန်ဆိုက်တယ် ဆိုတဲ့ ရထားကို ဘူတာမှာ ၄နာရီတိတိ ကြာတဲ့အထိ စောင့်ခဲ့ရတယ်။ ရထားဝင်လာတော့ ဗလတောင့်တဲ့ သားလေးသူငယ်ချင်း မျိုး က ပွေ့ တင်ပေးလို့  ကျေးဇူးခါခါ တင်ရပါတယ်။ ရထားပေါ်မှာ ကျွန်မတင် မက တခြားခရီးသည် တယောက်မှာလည်း ဒီလိုမိုး ပုံဆိုး ပန်းဆိုး ပါလာသေးတာမို့ ..အော် ဒုက္ခ  ဒုက္ခ လို့ သာ ညည်းမိပါတော့တယ်။ ဘူတာမှာ မျက် နှာငယ်လေးနဲ့  သမီးအငယ်လေးကို မျက်စိထဲက မထွက်ပဲ စိတ်မချနိုင်လွန်းလို့ ရူးရလိမ့်မယ်။ ဆေးရုံရောက်တော့လည်း ဓါတ်လှေကား မတွေ့ တာလား တမင်ပဲ လှေကားကနေ တထစ်ချင်း တက်တာလား မသိ ကျွန်မကိုယ်ကြီးကို လှေကားပေါ် ပွေ့ တင်ရတဲ့ ခင်ပွန်းသည် က သူ့ လည်ပင်းကို ဖက်မထားရကောင်းလားလို့  ငေါက်ငမ်းးတာကိုလည်း ခံရပါသေးတယ်။  ဒီလိုပဲ သူက စိတ်မထင်ရင် မထင်သလို ငေါက် ငမ်းနေကျပါလေ။ ဒီလိုမျိုး ငေါက်ငမ်းခံရတိုင်း သူပြုဖူးတဲ့ ကျေးဇူးတရားတွေဟာ အရာမထင် မှေးမှိန် သွားစေပြီလို့ ကျွန်မ ခံစားမိတယ်။

ဒါပေမဲ့  ပြုတ်ကျသွားမှာလည်း ကြောက်ရတော့ ကမန်းကတန်း ယောင်ရမ်း ဖက်တွယ်လိုက်ရသေးရဲ့ ။ လိုအပ်တဲ့ စာရွက် စာတမ်းတွေ ရုံးခန်းမှာ သူ ဖြည့်စွက်နေခိုက် ကျွန်မမှာတော့ လူနာတွေ ပြည့်သိပ်ကျပ်ညပ်နေတဲ့ အခန်းကြီးတခုထဲက ကြမ်းရှရှ ပေတေတေ ခုတင်တလုံးပေါ်မှာ ညှိုးငယ် နှုံချိစွာ နေခဲ့ရတယ်။ ဆရာဝန်တွေ တယောက်ပြီး တယောက် လာကြည့် တစ်မျိုးပြီး တစ်မျိုး ပြောကြ ဘေးလူတွေက တိတ်တိတ်မနေ ဟိုမေး ဒီမေး လုပ်ကြ စိတ်ရှုပ်ရ။ဒီလိုနဲ့ပဲ သုံးရက်လုံးလုံး ဆေးသောက်ရင်း ဒုက္ခခံခဲ့ ရတယ်။ နောက်နေ့  မှာတော့ ward servant တယောက် ကျွန်မကို အစိမ်းရောင် အင်္ကျီတထည်နဲ့  cap တခု လာပေးတယ်။ အို ကျွန်မ အစိမ်းပုပ်ရောင်ကြီးကို မုန်းလိုက်တာ။ တီဗွီတွေမှာ ဆိုရင် ကျွန်မ ဘယ်တော့မှ မကြည့်ဘူး။ အမြဲ မျက်နှာလွှဲပြစ်တာ။ ခု ကျွန်မ  အဟင့် ။
မျက်ရည်က ကျလာရော..။ 
ရေသောက်မထားနဲ့ တဲ့။ ကျွန်မကိုယ်ပေါ် သူတို့  အစိမ်းရောင်ပုပ်ကြီး စွပ်ချလိုက်တယ်။ ခေါင်းမှာလည်းစွပ်လိုက်ပြီ။ ကျွန်မကို ခွဲစိတ်ခန်း ပို့ ကြတော့မယ်။ 
ကျွန်မရဲ့  ရေးကြီးသုတ်ပြာ လုပ်မှု တွေက ကောင်းကျိုး မပေးခဲ့ ဘူး။ ခု ကျွန်မ နောင်တရပါပြီ အရိုင်းစပယ် ကြည့်ချင်ဦးဟဲ့ လို့  မဆီမဆိုင် အပြစ် ဖို့ နေမိသေးတယ်။

မျက်နှာလေး ဇီးရွက်လောက်နဲ့ ပါသွားတာပါ။ ဓါတ်လှေကား တစ်ခုကနေ  အင်း ..အဆင်းလား  ..အတက်လား..သေချာမသိ။ သွားတယ်။ ကွင်းပြင် ကျယ်ကြီး တခုကို ဖြတ်တယ် ..။ တွန်းလှည်းဟာ သမံတလင်းပေါ်မှာ .ဂျောင်း .ဂျောင်း ..ဂျိမ်း..ဂျိမ်း.. ဂျိုင်း..ဂျိုင်း.. နဲ့  ။ အို .ဆူညံ.ပွက်လောရိုက်လို့ ။ ငရဲပြည်က ငရဲသားတွေ ထင်တယ်။ မဟုတ်ရင် အဖရိက လူရိုင်းတွေ ထင်ရဲ့ ။ သားကြီးအောင်နဲ့ သူ့ အဖေက တွန်းလှည်းနောက်က ပြေးလိုက်လာကြတယ်။ တွန်းလှည်းက ကျွန်မကို ..ဘယ်ဆီ ဘယ်ဝယ် ခေါ်လေတယ် မသိ။ အို . ဒါ သချိုင်း တခု ဆီကိုလား။ ကျွန်မ အသုဘ ချခံ ရပြီလား။ စိတ်တွေ လှုပ်ရှား ရင်ခုန်လိုက်တာကွယ်။ ဘယ်လိုမှ ထိန်းချုပ်မရဘူး။ ယောက်ယက်ခတ်နေပြီ။ နားကလောအောင် တဂျုံး ဂျုံး  တဂျိုင်း ဂျိုင်း  ဆူဆူညံညံ ဘယ်ဆီ ပို့ ဆောင် နေပါသလဲ။  တွေးပြီးရင်း တွေး ဗျာများနေတယ်။ အချိန်တွေ ရှည်ကြာ လွန်းလှချည်ရဲ့ ။

ဒါပေမဲ့ တွန်းလှည်းက အခန်းကျယ်ကြီးတခုရှေ့  ရပ်လိုက်ပါပြီ။ နောက်မှ အိမ်သားတွေ ဘယ်သူမှ ပါမလာကြတော့ဘူး။ အားငယ်လိုက်တာ။ ဘုရားရှိတယ် လို့  တော့ ဆင်ခြင်မိပါရဲ့ ။ ကျွန်မကို လူနှစ်ယောက်က မပြီး ခွဲစိတ်ခန်း ကုတင်ပေါ် တင်လိုက်ကြတယ်။ ဂျောင်းကနဲ တံခါးကြီးပိတ်သွားတော့ ထိတ်ကနဲ ရင်ခုန်သွားတယ်။ ကျွန်မခေါင်းပေါ်မှာ အ၀န်းအ၀ိုင်းတွေ က ဘာတွေလဲ။ ရောင်စုံ ဆလိုက်တွေလား။ မုန်းချင်စရာ။ ကျွန်မကိုယ်ပေါ်မှာတော့ လင်းလက် မနေပါဘူး။ မှေးမှိန် ဖျော့တော့ ပျောက်ကွယ် သွားမတတ်။ ယူနီဖေါင်း အစိမ်းဝတ်လူတွေက Mask တွေ ကိုယ်စီ နဲ့ ကျွန်မဘေးမှာ ၀ိုင်းအုံနေကြတယ်။ တယောက်ကမေးတယ်။ 
ကြောက်သလား  တဲ့။ ကြောက်တာပေါ့လို့  ကျွန်မက ဖြေပေမဲ့  သူကြားပုံ မရဘူး။ မကြောက်နဲ့ နော် ခဏလေး သည်းခံ။ မနာဘူး။ ငြိမ်ငြိမ်လေးနေရင် ရပြီ။ တဲ့။  ဆက်ပြောတယ်။
ဟုတ်…ဟုတ်..။

ဒီလို ဆိုတော့လည်း ကျွန်မက ဆရာဝန့် စကား နားထောင်သား။
 ဆေးရုံဆေးခန်း အနံ့ တွေက တကယ် မသတီစရာပါပဲ။ ဘယ်လို အနံ့ ကြီးပါလိမ့်။ မူးလိုက်တာ ချာချာလည်နေပြီ။ဟော..။ကြားရဲ့ လား။ ကျွန်မရဲ့  ခါးဆစ်ရိုးကို ထုံဆေးထိုးမတဲ့။ တစ်ယာက်က တစ်ယောက်ကို  ON ခိုင်းနေတယ်။ နောက်တယောက်ကတော့ ကျွန်မကို ပုဇွန်ထုပ်ကွေး ကွေးပါ တဲ့။ ဘုရားရေ။ ရက်စက်ပါပေ့ကွယ်။ ဘယ်လိုမှ ကွေးမရ။ တစ်ယောက်က ကျွန်မကို ခပ်ကြမ်းကြမ်း ဆွဲယူကွေးညွှတ်ပြစ်လိုက်တယ်။ 
အမေ့ ....
ကျွန်မကို ချိုးဖဲ့ လိုက်လေသလားကွယ်။ 
ကျွန်မ မအော်ပါဘူး။ အမေ့တစ်လုံးပဲ ယောင်ထွက်သွားတာ။  
အသည်းခိုက်အောင် နာလှပေမဲ့ ခပ်မဆိတ် သည်းခံခဲ့တယ်။ ဒုတ်ကနဲ အရိုးထဲ ဆေးဝင်သွားပြီး ခဏအကြာကျွန်မရဲ့  ခန္ဒာကိုယ် တခုလုံး တဖြည်းဖြည်း မှုံဝါး ပျောက်ကွယ် သွားသလို ခံစားလိုက်ရတယ်။
အကြောက်တရား ဖုံးလွှမ်းလာပလား ဆိုမှဖြင့် အသိစိတ်က ကင်းဝေးသွားခဲ့ ပြီပေါ့။ ကျွန်မရဲ့  ၀ိညာဉ်ဟာ  ကျွန်မရဲ့ ကိုယ်ထဲကနေ လွင့်စင် ထွက်ခွာ သွားတယ်။  လေထဲမှာ ပေါ့ပေါ့ပါးပါးလေး မျောနေတယ်။ ဘယ်ဆီ ဘယ်ဝယ် ကိုလဲကွယ်။ ကျွန်မ၀ိညာဉ်ကို ဘယ်သူ နှုတ်ယူ ခေါ်ဆောင်သွားသလဲ။ 
Stage Show ပွဲကလေး တခု ရှေ့ မှာ။ 
သားကြီး အောင် ရယ်။ စောဝီလ်ဖရက် ရယ်၊ စောကလေးရယ်  ကိုတင်ဝေရယ်။ ဂစ်တာ တီးခတ်နေကြတယ်။ သမီးညိုရယ် သမီးစု ရယ် စောဝီလ်ဖရက် ရယ်  က တေးသီချင်းတစ်ပုဒ်ကို သံပြိုင် သီဆို လို့ ။ 
 နားထောင်စမ်း။ လွမ်းဖို့ ကောင်းလိုက်တာ။  
စိမ့်ရှိုင်း ..နက်တယ်..ကလူသလို  ..လူကို ..မြှူဆွယ်  ကျီ ..စယ်… ဘုရား  သခင် ရှေ့  ကျွန်ုပ် ရောက်တယ် ..တမလွန် ဘုံ မှာ အိပ်စက် ရ ဖို့  ကွယ် ..။

အသံတွေ က တူတူ ညီညီ စီစီ  ကလေး။ သာယာလှသည်။ ရင်မှာ လှပ်ကနဲ  လှပ်ကနဲ .။
ငွေစန္ဒာ ယာဉ်အရောင်  ..ပြိုးပြိုး  ပြက်ပြက်  ဆောင် ..မမြင်ဖူး လို့ ..အတော်ကြာအောင် …ငေးမော ကြည့်တယ်  တိမ်လွှာ ဆိုင် လို..ပေါ့ပေါ့ ..ပါးပါး  ကွယ် …။
ဟုတ်ပါရဲ့ ။ တကယ့်ကို ပါးပါးလှပ်လှပ်..ကလေး။ ပေါ့ပေါ့လေး။  
စင်မြင့်မှာကတော့ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးလို့ ။ကျွန်မရဲ့  .ခန္ဒာ ကိုယ်ကတော့ တိမ်လွှာပြင် ပြားချပ်ချပ် လေးလို ဖြည်းဖြည်းလေး..။ကြယ်တာရာတွေ ကြားမှာ မျော လွင့်နေပါကလား။
စင်ပေါ်မှာလည်း သီကျူးး မြဲ ။ စင်အောက်မှာလည်း ပရိသတ်များ ငြိမ်ကုပ် ဆဲ။ တုတ်တုတ်မှမလုပ် ။တေးချင်းဝယ် လိုက်ပါမျောလွင့် နေကြသည်။ 
ဘယ်ဆီ ဘယ်ဝယ်  ခေါ်တယ် …မသိပဲ ..။ဖြည်းဖြည်းလေးနဲ့ .. ငြိမ့်ငြိမ့်လေး..သယ် တဲ့။
ဘယ်ကို ဘယ်သူ  ညှို့ ငင် ခေါ်ယူ နေသလဲ။ ကျွန်မ မသိနိုင်ပါပြီ။ ကျွန်မ ဦးဏှောက်တွေ ဆူဝေ လျှံထွက် နေ ပြီလား။
ဘယ်ဆီ ..ဘယ်ဝယ် ..ခေါ်တယ်  ..မသိပဲ ..အသိခက်ပြီ နော် ကွယ် ..တယောက်ထဲလည်း  လိုက်ခဲ့ ပြောတယ် ..တမလွန် ဘုံ ..မှာ ..အိပ်စက်ရဖို့  ကွယ် ..။
တကယ်ပါပဲ။ ရွေ့ ရွေ့ ကလေး။ ရွေ့ တယ် ဆိုရုံ လေး။ slow motion ကလေး။ 
ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ခွဲစိတ်ခန်းမကြီး ဟာ ပြန်လည် လှုပ်ရှား သက်ဝင် လာတယ်။ အိုကေ တဲ့။ 
အိုကေဆိုပါလား။ ဘာလဲ အိုကေ။ 
ခံစားမှု ကင်းမဲ့ လျက်က ကျွန်မရဲ့  ခန္ဓာကိုယ်ဟာ သူတို့  ဆွဲမတင်ပို့   သလို တွန်းလှည်းပေါ် ရောက်လာ ခဲ့ ရပြီ။
 ဟော..ကြားရပြန်ပါပြီ။ မညီမညာနဲ့။ ဆူပွက်နေတဲ့ ငရဲသားတွေရဲ့  ဗုံ သံတဲ့လား။ တွန်းလှည်းရဲ့  ဘီးနဲ့ သမံတလင်းနဲ့  ထိတွေ သံ က မိုးချုံးသံလို ဂျုံးဂျုံး ဂျိုင်းဂျိုင်း မနားတမ်း ရိုက်ခတ်မည်ဟီးလို့။ ဒါဟာ တစ်နည်းအားဖြင့် ကျွန်မရဲ့  အသိဥာဏ်ကို ပီပြင်စေခဲ့ပုံ ရတယ်။ ဟုတ်တယ်။ ကျွန်မ ခွဲစိတ်ခန်းက အောင်အောင်မြင်မြင် နဲ့  လွတ်မြောက်ခဲ့ရပါပြီ။  
ကျွန်မအိပ်ပျော်သွားတယ်။ 

ကျွန်မ အိပ်ယာက နိုးလာချိန်မှာတော့ ညနေခင်း ဧည့်လာချိန်ပေါ့။ အမလေး ..လေ့.။ နှစ်ရှည်လများ အိပ်မောကျနေတဲ့  Sleeping  Beauty ကလေးများလား ကျွန်မကိုယ် ကျွန်မ ထင်နေသေးတော့။ သားကြီးနဲ့ ချွေးမလေးက နာလား မေမေ  တဲ့။ မေးတယ်။ နာတာပေါ့ လို့  ကျွန်မက မျက်ရည်လေးဝဲရင်း မပွင့်တစ်ပွင့် ဖြေလိုက်တယ်။ သူတို့  ဖေဖေကြီးက အေးပေါ့  ထုံဆေး ပြယ်သွားတော့ နာတာပေါ့။ ခဏပါ။ မနက်ဆို ပျောက်ပြီ  တဲ့။ ဆေးပြင်းလိပ်ကြီးခဲပြီး ပြုံးပြုံးဖြီးဖြီး ဆိုတယ် ။ နောက်နေ့ မှာတော့ ကျွန်မကို အခန်းပြောင်း ပေးလိုက်ကြတယ်။ ငရဲခန်းလိုပါပဲ။ အော်သူအော်။ ငိုသူငို။ ဆူ သူဆူ။ တ သူတ။ တယောက်တစ်မျိုးနဲ့ ။ ပွက်လောရိုက်လို့ ။ ပုံ သဏ္ဍာန်က စုံမှ စုံ ။

လက်ကျိုးတဲ့သူ။ ခြေကျိုးတဲ့ သူ ။ တင်ပဆုံရိုးကျိုးတဲ့သူ ။ ခါးဆစ်ရိုး ကျောရိုး ပြုတ်တဲ့သူ။ မျိုးစုံနေတာပါ။ အခန်းကကျယ်သလောက် တိုးလျှိုပေါက် မြင်နေရတယ်။ ဘာမှ အကာအကွယ် မရှိဘူး။ အော် မကောင်းဆိုးဝါးတွေနဲ့  အိမ်မက် ကမ္ဘာထဲမှာ တလူးလူး တလွန့် လွန့်  လုံးထွေးကျင်လည် ခဲ့ရတဲ့  နေ့ တွေ မနည်းပါလား။ ဒါဟာဘယ်မှာ အမြဲ ရှိနေပါ့မလဲ။ နေ့သစ် အလင်းသစ် တခုတော့ မုချ ပေါ်ထွက် လာရမှာ လေ။ 
ဟော..ပန်းယူဦးမလား တဲ့။ စပယ်ပန်းသည်ကလေး လာနေပါပြီ။

တစ်ကုံးပေးပါကွယ်  ဆိုတော့  သုံးကုံးယူလိုက်ပါလား တဲ့။ ကျွန်မ ပြုံးနေမိတယ်။ ဒါဟာ ပြက္ခဒိန်မှာ ရေးခြစ်ဖို့  မလိုတဲ့ အမှတ်သညာ တခုပါ။ စံပယ်ကုံးလေးတွေ ညှိုးခြောက်သွားပေမဲ့ ကျွန်မ လွင့်မပြစ် ခဲ့ပါဘူး။ ခုဆို ရှစ်ကုံး ရှိနေပါပြီ။ ဒီမှာ ရှစ်ရက် ကြာပြီမို့  နောက်နှစ်ရက် ဆို အိမ်ပြန်ရတော့မှာပါ။ ဒေါက်တာ ဇော်မျိုးလွင်ကဆို ညတိုင်း ကျွန်မကို လာ လာ အားပေးရှာပါတယ်။ ခြေထောက်ကို လေ့ကျင့်ခန်း များများလုပ်ဖို့  ပြောရင်း တခါတည်း လုပ်နည်းလုပ်ဟန်ပါ ပြသပေးတာမို့  အထူး ကျေးဇူးတင်ရပါတယ်။ ဆေးကျောင်းသားတွေ တစ်အုပ်ကြီးနဲ့ဆရာဝန် တစ်ယာက်ကဆို ကျွန်မရဲ့  ပုံဆိုး ပန်းဆိုး ဒူးခေါင်းကြီးကို ပြပြ ပြီး လက်ချာပေးရတာ အမော။ ကျွန်မမှာ ရှက်ရှက်နဲ့  အောင့်အီး သည်းခံခဲ့ရတယ်။ အဲဒီနေ့ က ကလေးတွေ အဖေ ပေါ့။ တနေကုန် ပေါ်မလာဘူး။ မနက် အစောပိုင်း ရေနွေးဖြည့်ပေးခဲ့ပြီးကတည်းက တစ်ခါတည်း ပျောက်သွားလိုက်တာ သားနဲ့ ချွေးမလေးက ခေါက်ဆွဲထုပ်တွေ အချိုရည် ပုလင်းတွေ လာပို့  ထားလို့ သာ တော်တော့တယ်။ ဆေးရုံက ဆင်းမယ် ဆိုတော့လည်း ထမ်းစင်နဲ့ က မလွတ်ပြန်သေးဘူး။ အလာတုံးကလိုပဲ ထမ်းစင်နဲ့  သယ်  လူတွေ ပွေ့ ချီ ပွေ့ ချ။ ကိုယ်သာမက သူတစ်ပါးကိုပါ ဒုက္ခရောက်စေပြီးမှ အိမ်ပြန်ရောက်ခဲ့တာမို့  စိတ်မကောင်းပါဘူး။ ဆေးရုံက အထွက် ward servant တယောက် ပေးလာတဲ့ ချိုင်းထောက်ကြီးကို ကျွန်မ သာမန်အချိန်တုံးက ဆိုရင် ရဲရဲ တောင် မကြည့်ဝံ့ပဲနဲ့ ခုအခါမှာတော့ လက်ရှိအချိန်ကို အောင်မြင်စွာ ကျော်လွှားနိုင်ဖို့  ခွန်အားတခုအနေနဲ့ သူ့ ကို မှီတွယ် ရမှာပါလားဆိုပြီး မကြည့်ဝံ့ ကြည့်ဝံ့  မထိဝံ့ ထိဝံ့ နဲ့ ပဲ ပေစောင်း ပေစောင်း ကြိုဆို လိုက်ရပါတော့တယ်။          ။

ခင်မေသစ်
(ဒါ ကိုယ်တွေ့ အဖြစ်အပျက် ဇာတ်လမ်းကလေးပါ။ ကျွန်မ ခံစားခဲ့ရတာတွေ မချွင်းမချန် ရေးထားတာ။ အဲဒီတုံးက BBC က ဦဖေသန်း က စိတ်ဓါတ်မကျဖို့  အားပေးခဲ့လို့  ကျေးဖူးတင်ခဲ့ရပါတယ်။ ဝေဒနာ အရှင်းမပျောက်မီ အိမ်တိုင်ယာေ၇ာက်  dressing လုပ် ဆေးထည့်ပေးရင်း အားပေးစကား အမြဲ ပြောတတ်တဲ့ ဆရာမလေး  အေး ကိုလည်း အထူး ကျေးဇူးတင်ရှိပါတယ်။)

No comments: