Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 21, 2016

ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ



ဂျွန်ရဲ့ ဆောင်းပါးပါ။ သဘောကျလို့ ခွင့်တောင်းပြီးတင်ထားလိုက်တယ်။

_ဂျွန်_
(2016 သြဂုတ်လထုတ် Beauty Magazineမှာရေးဖြစ်ခဲ့ ခံစားမှုဂီတဆောင်းပါးလေးပါ')
"ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများ"
ဂီတသည် အရောင်စုံသော ပန်းပွင့်လေးများနှင့်တူသည်
မိုးရွာပြီးသည့် ညနေခင်းတစ်ခု၌ပွင့်သော 
သက်တံ့ရောင်စဉ်နှစ်ထပ်လည်း ဖြစ်သည် 
ဂီတသည် ဘာသာစကားကို ကျော်လွန်သော
ဖို၊မ ခွဲခြားဆက်ဆံမှုအလျဉ်း မရှိသော 
လူ့နှလုံးသား၏ အလယ်ဗဟိုတွင် တည်ရှိသော
နတ်ရေကန်တစ်ခုလည်း ဖြစ်တော့သည်။

ဂစ်တာ 
ဂစ်တာ 

အိုဘယ့် အနုပညာကိုစောင့်ရှောက်သော
ဂီတသည်းခြေ ညဏ်ကွန်မြူးမှု့ကိုပေးသော Museနတ်ဘုရားမရေ
"လူတွေ ရင်ခိုက်အောင် ငိုလိုက်ကွာ ဂစ်တာလေးရာ
ပြေးလို့ဆော့ကစား ငါ့လက်များ ဒီလိုငိုရအောင်
ဖန်တီးသူဂစ်တာသမားဟာ လေ့ကျင့်ချိန်များ နှစ်ရှည်ကြာ"
ချာတိတ်ဘဝက နားထောင်ခဲ့ရသည့် ကိုလေးလွင်ရေးသည့်
သီချင်းတစ်ပုဒ် ဘဝမှာ ဂစ်တာနဲ့ပတ်သတ်လို့ အမှတ်တရတွေဟာ
များမြောင်လှပေတယ် 
၁၉၈၀/၉၀ပြည့်လွန်နှစ်တွေကို ပြန်ကြည့်ရင် 
လမ်းဘေးပလက်ဖောင်း ဂစ်တာဝိုင်းတွေ နယ်မြို့လေးတွေရဲ့ မီးရထားသံလမ်းပေါ်ကနေ ဂစ်တာတီးပြီး ဖိုသံပေးကြတဲ့ 
အလေ့အထတွေ မိန်းတက္ကသိုလ်ထဲ အဆောင်သူတွေရှေ့ 
ဂစ်တာဝိုင်းတွေ ချာတိတ်ဘဝရဲ့ အမှတ်သညာတွေထဲမှာ သူတို့ဟာ ကျနော့်ရဲ့ သူရဲကောင်းတွေပါ
ဂစ်တာဝိုင်းတွေတွေ့ပြီဆိုရင်ဖြင့် ကျနော့်မှာ မရှက်မကြောက် 
ဝင်ထိုင်ဝင်နားထောင်ဖြစ်တာပါပဲ
နယ်မြို့လေးတွေမှာဆိုရင် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ
မရှိမဖြစ်ထွန်းကားခဲ့တာပေါ့ ထွက်သမျှသီချင်းခွေမျိုးစုံကို အလုအယက်ဖွင့်ကြ အောက်ဆက်ဗွီဒီယိုတတ်နိုင်တဲ့ 
ဆိုင်တွေမှာဆိုရင်လည်း MTVအခွေတွေ ဖွင့်ခဲ့ကြပေါ့
တစ်ရက်သားမှာ ကျနော်ထိုင်နေကျတီးဆိုင်မှာ 
Music Videoအခွေ ဖွင့်နေတေယ် အရင်ဖွင့်နေကျ Aerosmithတို့ Gn'Rတို့ မဟုတ်ပဲ အမျိုးသမီးတစ်ယောက်ဟာ သူကိုယ်တိုင် ဂစ်တာကို ပိုင်ပိုင်နိုင်နိုင်တီးပြီးဆိုနေတာ 
အိုးးး ဘုရားသခင် 
ဒါဟာ ဒီမြေကမ္ဘာပေါ်က မိန်းမကော ဟုတ်ပါရဲ့လား
ဂစ်တာတီးပြီး သီချင်းဆိုတဲ့မိန်းမကို ကျနော့်ဘဝမှာ 
ဒါဟာ ပထမဦးဆုံး မြင်တွေ့ခဲ့ရခြင်းပါပဲ
(သူမဟာ ကျနော်တို့ဆီမှာ ခေတ်စားပေါက်မြောက်ခဲ့တဲ့
တစ်ခါကရောခ်အင်ရိုးသီချင်းရဲ့ မူလသံစဉ်ပိုင်ရှင်
Joan Jettဖြစ်ပါတယ်)
နောက် အဆိုတော်မဒီပေါ့ အသံချိုချိုလေးနဲ့ Musicစတိုင်မျိုးစုံ 
နိုင်နင်းစွာ ဆိုနိုင်တဲ့ အဆိုတော်တစ်ယောက်ပါ
တီဗွီChannelတစ်ခုမှာ သူ့သီချင်းကို သူကိုယ်တိုင်
ပိုင်ပိုင်နိုင်နိုင်ကြီး ဆိုတီးနေတာ ကြည့်ဖူးတယ်
အင်္လကာဂီတမှာ စာရေးဆရာမစုမီအောင်ဟာ ဂစ်တာကို အရူးအမူးချစ်မြတ်နိုးသူ ဂစ်တာသမားဖြစ်ချင်ခဲ့တဲ့ သူ့အိမ်မက်တွေကို စာနာစွာ ဖတ်ခဲ့ရဖူးတယ်
ယောက်ျားတစ်ယောက်တောင် ဂစ်တာသမားဖြစ်ဖို့ မလွယ်လှတဲ့ ခေတ်ကြီးထဲမှာ ဂစ်တာကို ရူးသွပ်စွာဖက်တွယ်ခဲ့တဲ့ 
မိန်းမသားများကို ကျနော် အလေးအညွတ်ပြုမိပါရဲ့
ကြာတော့လည်း ကြာခဲ့ပါပြီ
မပေါင်းဖက်ခဲ့ရတဲ့ ကျွန်တော့်ရဲ့အချစ်ဟောင်းကြီးဟာလည်း
ဂစ်တာကို ရူးသွပ်တဲ့ ဂီတကဗျာဆရာမတစ်ယောက်ပါပဲ
အနုပညာပန်းတိုင်ဂီတအိမ်မက်တွေနဲ့ ထုံမွှန်းစွာ 
ချစ်ခဲ့ကြစဉ်ကပေါ့ သူမရေးထားတဲ့ သီချင်းတွေကို 
ဖုန်းထဲကနေ ဂစ်တာတီးပြီးဆိုပြဖူးတယ် ကျနော်လည်း သူမကို 
အဝေးကနေသတိရချိန်တိုင်း ဖုန်းထဲကနေ ဂစ်တာတီးပြီးဆိုပြ
တကယ်တော့လည်းဗျာ ငွေကြေးစက်ရုပ်ယန္တရားတွေနဲ့ လည်ပတ်နေတဲ့ ရန်ကုန်ဆိုတဲ့ မြို့ပြကြီးဟာ သူ့ကျောရိုးပေါ်မှာ 
ဂစ်တာနှစ်လက်ကို ပေါင်းဖက်ခွင့်မပေးခဲ့ပါဘူး 
အိမ်မက်တွေဟာ အိမ်မက်တွေပါပဲ 
သူမ ဂစ်တာဆက်တီးဖြစ်နေမလားတော့ မသိ
ကျနော်ကတော့ အခုချိန်မှာ ဂစ်တာကိုကိုင်စွဲရင်း 
အိမ်မက်တွေတနင့်တပိုးနဲ့ ရန်ကုန်မြို့မှာ ကူးခတ်နေခဲ့ပြီ
ဂစ်တာ...ဘဝတစ်ခုလုံး ပုံအောချစ်ခဲ့ရပါသော နတ်ဒေဝတာ
ဂစ်တာ ငါဟာမင့်ကိုလည်းချစ်ခဲ့ရ
မင်းနဲ့ပတ်သက်တဲ့ အရာရာတိုင်းကိုလည်း သံယောဇဉ်ကြီးနေရဆဲ
ခေတ်ရေစီးတွေ ဘယ်လိုပဲပြောင်းသွားသွား
လူသားတွေဟာ ဂစ်တာကိုမက်စက်စွာ တီးခတ်ခဲ့ကြ
၆ကြိုးတပ် ၇ကြိုးတပ် ၈ကြိုးတပ်
အို မှော်စွမ်းအားလို တန်ခိုးတွေဟာ 
အဆုံးရှိပါဦးမလား မစ္စတာဂစ်တာ
ဂီတအလျင်စီးကြောင်းတွေထဲမှာ ဂစ်တာသူရဲကောင်းတွေများစွာ
ပေါ်ထွန်းခဲ့ကြပြီ အခုဆို ဂစ်တာတီးတဲ့ အမျိုးသမီးများစွာ 
ကမ္ဘာ့စင်မြင့်တွေထက်မှ ဓာတ်ပြားတွေပေါ်မှာ Youtubeမှာ 
အိုးးး တကယ့်Goddessတွေပါပဲ
ဟိုးအရင် Heavy Rockတွေ ခေတ်ကောင်းစဉ်မှာ
Lita Fordတို့ Ladyတွေဟာ စင်ပေါ်မှာတီးရင်းဆိုရင်း 
ဂစ်တာSoloတွေကို တကယ်ဖြဲနိုင်ခဲ့ကြတယ်
Countryဂီတတွေ Slow Rockတွေမှာလည်း Nancy Wilson
တို့ Bonnie Raittတို့ Sheryl Crowတို့အထိ 
လက်ဆင့်ကမ်း သယ်ဆောင်နေကြတုန်း 
ဟော ဒီဘက်ခေတ်အပြင်းစားMetalတွေကို ကြည့်ဦးမလား
Nita Straussတို့ Orianthiတို့ဟာ
တကယ့်ကမ္ဘာကျော်ပုရိသကြီးတွေ Guitar Heroကြီးတွေနဲ့
စင်ပေါ်မှာ ရင်ဘောင်တန်းပြီး တီးခတ်နေကြပြီ
ခက်ခဲနက်နဲလှတဲ့ Classicalဂစ်တာကို 
ရူးလောက်အောင်တီးခတ်နိုင်တဲ့ Sharon Isbinလို Ladyကြီးဟာဖြင့်ရင်လည်း တကယ့်အံ့ဖွယ်သရဲပါပဲ
ကျနော်တို့နိုင်ငံမှာကော 
ဟောရှိပါသကောဗျာ
The Mythဆိုတဲ့ Bandမှာ Bassဂစ်တာကိုတီးပြီး သီချင်းဆိုတဲ့ကောင်မလေးဟာ အဆိုကောအတီးကော မွတ်နေတာပဲ
နောက်ထပ်Underground Bandတွေမှာ
ရေးနိုင်တီးနိုင် ဆိုနိုင်တဲ့ Ladyလေးတွေလည်း သိပ်ရှိသပေါ့ဗျာ
City FM Showပွဲမှာ မိုက်ကယ်ဂျက်ဆင်ရဲ့ Black & Whiteသီချင်းကို တီးခတ်သွားတဲ့ မနုနုစိန်ဟာဖြင့်ရင်လည်း သူ့လက်သံဟာ တကယ်ကို ကြောက်စရာ။
သြော် ဂစ်တာကို ဘယ်သူတွေများ ဆက်ချစ်နိုင်ကြပါလိမ့်
ဂစ်တာဟာ ကမ္ဘာကြီးကို ပြန်လည်တီးခတ်နေခဲ့ပါပြီ
ဒါဟာ ကမ္ဘာမြေရဲ့ အမြုတေ ရှင်သန်ခြင်းပန်းပွင့်တွေနဲ့
ဂစ်တာတီးသော ဣတ္ထိယလက်ချောင်းများပါပဲ။

_ဂျွန်_
(Beauty Magazine, August, 2016)

No comments: