Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, August 25, 2016

ကင်ဆာရောဂါကို ကာကွယ်တိုက်ခိုက်နိုင်မယ့် ရိုးရှင်းတဲ့နေ့စဉ်အစားအစာလေးတွေ

ကင်ဆာဆဲလ်တွေဟာ ပုံမှန်ဆဲလ်တွေထက် ကြီးထွားနှုန်းပိုမြန်တယ်ဆိုပေမဲ့ ကင်ဆာဆဲလ်တွေက တစ်ညတာအတွင်း ကြီးထွားလာကြတာတော့မဟုတ်ပါဘူး။ ကင်ဆာတိုက်ခိုက်နိုင်တဲ့ အစားအစာတွေနဲ့ လူနေမှုစတိုင်က ကင်ဆာဆဲလ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေနှုန်းကိုလည်း သိသိသာသာလျှော့ချပေးနိုင်တယ်။ အလေးထားစရာ/ လိုအပ်သမျှအားလုံးကိုတော့ ဆရာဝန်နဲ့ အမြဲတမ်းစစ်ဆေးသင့်ပါတယ်။ စားနေကျအစားအစာတွေထဲမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတချို့ကို ပေါင်းထည့်ပေးပါ။ ကင်ဆာကို ကာကွယ်ဖို့ ကူညီပေးပြီး တခြားရောဝါတွေကိုလည်း ဟန့်တားထိန်းချုပ်ထားပါ။

၁. ဆီရွေးချယ်သုံးပါ
သံလွင်ဆီတွေနဲ့ စမ်းသပ်မှုတစ်ခုမှာ သုတေသနပြု ကင်ဆာဖြစ်စေတဲ့ပစ္စည်းတွေကိုတိုက်ခိုက်နိုင်တယ်ဆိုတာတွေ့ရှိခဲ့ကြတယ်။ သံလွင်ဆီဟာ နှလုံးတစ်ခုတည်းအတွက် အကူအညီပေးရုံတင်မကဘဲ ကင်ဆာကို ဟန့်တားနိုင်တယ်။ ဆလတ်အတွက်ပြင်ဆင်တဲ့အခါမှာ သံလွင်ဆီကို အသုံးပြုတာအကောင်းဆုံးလို့ဆိုကြတယ်။

၂. Selenium ကြွယ်ဝတဲ့ ကြက်သွန်ဖြူစားပါ

ကိုယ်တို့ရဲ့ ကိုယ်ခန္ဓာကလိုအပ်တဲ့ မရှိမဖြစ်သတ္ထုဓာတ်တွေကို လျှပ်ကူးနိုင်တဲ့ပစ္စည်းပါတဲ့ သတ္ထုမဟုတ်တဲ့ မီးခိုးရောင်ပုံဆောင်ခဲလေး selenium က ပရိုတိန်းထဲ ပေါင်းစပ်တဲ့အခါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ antioxidant လို ဆောင်ရွက်ပါတယ်။ အဲဒါဟာ ကင်ဆာကိုဦးတည်စေတဲ့ပျက်စီးမှုတွေကို လျှော့ချပေးနိုင်တယ်။ ကြက်သွန်ဖြူကနေ selenium အမြောက်အများရရှိနိုင်တယ်။ ကင်ဆာကိုတိုက်ဖျက်ဖို့ ကိုယ်ခံအားစနစ်ကို သဘာဝအတိုင်းကာကွယ်ပေးတဲ့ ဆာလ်ဖာဒြပ်ပေါင်းပါဝင်တယ်။ ကင်ဆာအဖြစ်အသွင်ပြောင်းသွားခြေရှိတဲ့ ကျူမာကြီးထွားမှုကို လျှော့ချပေးပါတယ်။ ငါးအမျိုးတော်တော်များများနဲ့ ဘရာဇီးအခွံမာသီး (Bertholletia excelsa) တွေမှာလည်း selenium ပါဝင်ကြတယ်။

၃.  ခရမ်းချဉ်သီးဆော့

ရက်သတ္တပတ်တစ်ပတ်မှာ ခရမ်းချဉ်သီးဆော့ စားပွဲတင်ဇွန်း ၁၀ ဇွန်းနဲ့ အထက် စားပေးရင် သေချာပြီးသားကင်ဆာဆဲလ်တွေ ကြီးထွားလာနေတာကိုလျော့နည်းသွားစေတယ်။ ခရမ်းချဉ်သီးထဲက ဖြတ်လတ်တက်ကြွတဲ့ပါဝင်ပစ္စည်း carotenoid ရောင်ခြယ်ပစ္စည်း lycopene ရဲ့ antioxidant ဓာတ်သတ္တိကြောင့်လို့ သုတေသနပညာရှင်အများက ယုံကြည်ကြပါတယ်။ ခရမ်းချဉ်သီးထုတ်ကုန်အားလုံး lycopene အများကြီးပဲပါဝင်ကြတယ်။ ထူးခြားတာက ခရမ်းချဉ်သီးဆော့ကိုချက်ပြုတ်ပြီးမှ ပိုပြီးရရှိနိုင်တာမျိုးပါ။ ခရမ်းချဉ်သီးဆော့ကို ချက်ပြုတ်မယ်ဆိုရင် ပန်းဂေါ်ဖီစိမ်း (ဘရော့ကိုလီ)၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ကန်စွန်းရွက်အနွယ်ဝင် cruciferous ဟင်းသီးဟင်းရွက်တွေနဲ့ ရောနှောချက်ပြုတ်တာကောင်းပါတယ်။ အဲဒီဟင်းရွက်တွေဟာလည်း ကင်ဆာကို ကာကွယ်တဲ့ဓာတ်ပေါင်းတွေကြွယ်ဝကြတယ်။

၎. အသည်းကို ကာကွယ်ပေးပါ
သင့်ရဲ့အသည်းဟာ အဆိပ်အတောက်တွေရှင်းလင်းနေစေဖို့ အဓိကအင်္ဂါပါ။ အသည်းကို ကာကွယ်ဂရုစိုက်တာပါ တစ်ကိုယ်လုံးအတွက်လည်း ဂရုစိုက်ရာရောက်ပါတယ်။ ဘရော့ကိုလီအစို့အညှောက်( ၃/ ၄ ရက်သား ဘရော့ကိုလီအပင်ပေါက်လေး)၊ ကျောက်ပွင့်/ ပင်လယ်ရေညှိ နဲ့ အစိမ်းရင့်ရောင်တွေဟာ အသည်းရဲ့ လုပ်ငန်းတာဝန်တွေကို ကောင်းမွန်တိုးတက်စေဖို့ ကူညီတယ်။ ဆီးကျိတ်၊ အဆုတ်၊ ရင်သား နဲ့ အူမကြီးကင်ဆာတွေကို ဖြစ်နိုင်ခြေနှုန်းလျှော့ချပေးပါတယ်။ မျိုးဗီဇအဆင့်မှာ အဆိပ်အတောက်ဖယ်ရှားစေတဲ့အင်ဇိုင်းတွေကို ပြန်ပြီးနိုးကြားတက်ကြွစေခြင်းနဲ့ ကင်ဆာဖြစ်နိုင်ခြေနှုန်းကို လျှော့ချတာပါ။ အသည်းကျန်းမာရေးကို တိုးတက်စေတဲ့ တခြားဖြည့်စွက်ဆေးတွေမှာ Choline (cruciferous ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတတ်တယ်။ B Complex ဗီတာမင်တွေလို ဆောင်ရွက်တဲ့ အဟာရဓာတ်ပေါကြွယ်လှပါတယ်။)၊ N-acetyl-cysteine (တစ်ရက်မှ ၆၀၀ မီလီဂရမ်), ဆူးပန်းတစ်မျိုး milk thistle (တစ်ရက် ၂၀၀ မီလီဂရမ်) နဲ့ rosemary ကထုတ်ထားတဲ့အဆီ (တစ်ရက် ၁၅၀ မီလီဂရမ်) တို့ကလည်း အသည်းကျန်းမာရေးကို တိုးတက်စေပါတယ်။

၅. ပန်းဂေါ်ဖီစိမ်း (Broccoli)
ဘရော့ကိုလီဟာ ကင်ဆာကိုကာကွယ်နိုင်တဲ့ စူပါအစားအစာပါ။ မကြာခဏစားပေးသင့်ပါတယ်။ မိုက်ကရိုဝေ့ဖ်မီးဖိုနဲ့ ပြင်ဆင်ချက်ပြုတ်တာဟာ ကင်ဆာကာကွယ်နိုင်တဲ့ ရသပစ္စည်းတွေ ၉၇ရာခိုင်နှုန်းခန့် ဖျက်စီးခံရတယ်လို့ စပိန်သုတေသနတစ်ခုကတွေ့ရှိထားပါတယ်။  ပြုတ်/ ပေါင်းတာမျိုးက အကောင်းဆုံးပါ။ snack လို အစိမ်းစားပေးလို့လည်းရပါတယ်။ ဒါမှမဟုတ် စွပ်ပြုတ် နဲ့ ဆလတ်အတွက် ပြင်ဆင်စားသုံးနိုင်ပါတယ်။

၆. လင်မနစ် သံပရာ ရှောက်ရည်
ရှောက်၊ သံပရာမျိုးဝင်အသီးတွေကို နေ့တိုင်းစား/ ဖျော်ရည်သောက်ပေးရင် ပါးစပ်၊ လည်ချောင်းနဲ့ အစာအိမ်ကင်ဆာတွေကို တစ်ဝက်အထိ လျှော့ချနိုင်တယ်လို့ သြစတြေးလျ သုတေသနပညာရှင်တွေက တွေ့ရှိထားတယ်။

၇. နံနက်ခင်းတွေမှာ ကွေကာနဲ့ ဘလူးဘယ်ရီ
ဘလူးဘယ်ရီဟာ antioxidant အစွမ်းတွေရှိတဲ့ နံပတ် ၁ အစားအစာတစ်မျိုးဖြစ်ပါတယ်။

၈. ဆော်လမွန်ငါး
ရက်သတ္တတစ်ပတ်မှာ ငါးကို ၄ ကြိမ်ထက် ပိုပြီးစားရင် leukemia သွေးကင်ဆာ၊ myeloma ရိုးတွင်းချဉ်ဆီထဲ plasma cell ပွားများတဲ့ကင်ဆာ၊ non-Hodgkin's lymphoma သွေးဖြူဥကင်ဆာ တွေ ၃ပုံ ၁ပုံခန့် လျော့ကျနိုင်ပါတယ်။ အဆီများတဲ့ငါးတွေဖြစ်တဲ့ (ဆော်လမွန်၊ ငါးကွမ်းရှပ်၊ halibut ပင်လယ်ငါး၊ ငါးသေတ္တာငါး နဲ့ တူနာငါး နဲ့ ပုဇွန်၊ ခုံးကောင်)တို့ကလည်း အမျိုးသမီးတွေမှာဖြစ်တဲ့ သားအိမ်ကင်ဆာမျိုးတွေကို လျှော့ချပေးနိုင်တယ်။

၉. ကီဝီသီး
ကီဝီသီးကို တစ်ဝက်လှီးဖြတ်လိုက်ပြီး ဇွန်းနဲ့ အသားတွေကို ကော်စားလိုက်ပါ။ ကီဝီသီးဟာ ကင်ဆာတိုက်ဖျက်နိုင်တဲံ antioxidant လက်ဗစ်ဗုံးသေးသေးလေးတစ်လုံးလိုပါပဲ။ ဗီတာမင် C, ဗီတာမင် E, lutein နဲ့ copper ဓာတ်တွေလည်း ပါဝင်သေးတယ်။

၁၀. ကြက်သွန်မြိတ်လေးတွေ
ကြက်သွန်နီတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့်လျှော့ချနိုင်ပါတယ်။ ဒါပေမဲ့ အစိမ်းစားတာဟာ ချက်ပြုတ်လိုက်တာထက် ဓာတ်သတ္တိအပြင်းဆုံးလို့ဆိုပါတယ်။ နွေဦးကြက်သွန်၊ ကြက်သွန်နီဥလေးတွေနဲ့ ကြက်သွန်မြိတ်လေးတွေ အစိမ်းစားပေးတာဟာ အထိရောက်ဆုံးပါပဲ။

၁၁. ပန်းသီးကို အဆာပြေမုန့်စားသလိုစားပေးပါ
ပန်းသီးမှာပါဝင်တဲ့ သဘာဝအမျှင်ဓာတ်ဟာ အူမထဲမှာ အချဉ်ပေါက်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်ဖို့အကူအညီပေးတဲ့ ဓာတုပစ္စည်းတွေထုတ်လုပ်ပေးပါတယ် လို့ ဂျာမန်သုတေသနတစ်ခုမှာဖော်ပြထားပါတယ်။

တခြားကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့အစားအစာတွေထဲမှာ ထောပတ်သီးကို ဆလတ်အဖြစ်လုပ်စားတာ၊ ပဲပင်ပေါက်၊ မုန်လာဥနီ(အထူးသဖြင့် အဆုတ်ကင်ဆာ)၊ ချယ်ရီသီးအချဉ် (sour cheery) pancake ၊ ချယ်ရီသီးအချဉ်/ သလဲသီး/ အာဒါလွတ်ဥတို့နဲ့ ခပ်ပြစ်ပြစ်ဖျော်ထားတဲ့ ဆော့၊ ကော်ဖီ (တစ်ရက်ကို ကော်ဖီ ၄ ခွက်ကနေ အထက်သောက်တဲ့သူတွေဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်းလျော့နည်းတယ်လို့ဆိုပါတယ်။)၊ ပြောင်းဖူး၊ ကြက်ဥအနှစ်(အနှစ်မှာ ဗီတာမင် D ပါဝင်ပြီး တချို့ကင်ဆာတွေ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလျှော့ချပေးနိုင်တယ်။ ဒါပေမဲ့ အနှစ်ရော အကာပါအပြည့်အဝစားတာအကောင်းဆုံးပါပဲ။)၊ ဂျင်း/ ဂျင်းသုပ်/ ဂျင်း tea (သားအိမ်ကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်။)၊ ရှောက်ချိုသီး၊ ရှောက်ပန်းသီး(ဆီးကျိတ်ကင်ဆာကာကွယ်ပေးပါတယ်။)၊ စပျစ်သီး/ စပျစ်သီးခြောက် (အဆုတ်ကင်ဆာအတွက် အထူးအကာအကွယ်ပေးနိုင်တယ်။) မှို(Portobello/ white mushroom တို့မှာ အထူးသဖြင့် ဆီးကျိတ်ကင်ဆာတိုက်ဖျက်နိုင်တဲ့ သတ္ထုဓာတ်အရင်းအမြစ်တွေကြွယ်ဝလှတယ်။)၊ ပဲစိမ်းလုံး(green pea) တွေဟာ အစာအိမ်ကင်ဆာအတွက် အထူးသင့်တော်လှပါတယ်။)၊ သလဲသီးဖျော်ရည်(တစ်ရက်ကို ၈အောင်စ နေ့စဉ်သောက်ပေးရင် ဆီးကျိတ်ကင်ဆာဖြစ်စေတဲ့ antigen - PSA  အဆင့်နှေးကွေးသွားစေပါတယ်။)။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ လိုအပ်သလို များများစားပေးရင်းနဲ့ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။
Ref: 30 Proven Foods to Help Prevent Cancer/ 8 Little Things You Can Do Every Single Day | Reader's Diegest


ဖြိုးဖြိုး
(Living Fashion Magazine, September, 2016)

No comments: