Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, January 06, 2018

ဆရဲချန်ဘန်ညီဒန် Cрећан Бадњи дан

 
Orthodox ခရစ်ယာန်တွေအများဆုံးရှိကြတဲ့ ဆားဘီးယားမှာ ခရစ်စမတ်နေ့ကို ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပကြတယ်။ ရုံးပိတ်ရက်ပါ။ ခရစ်ယာန်ကျမ်းစာအလိုအရ Jesus Christ မွေးဖွားတဲ့ရက်အထိမ်းအမှတ်ပြုလုပ်ကြတာပါပဲ။ ဒါပေမဲ့ အော်သိုဒေါစ့်ခရစ်ယာန်တွေက 45 BC က Julius Caesar ဖန်တီးထားခဲ့တဲ့  ရှေးကျတဲ့ Julian Calendar ကိုအသုံးပြုထားတော့ ဇန်နဝါရီ ၇ ရက်ကို ခရစ်စမတ်နေ့အဖြစ်တွက်ထားကြတယ်။ အနောက်နိုင်ငံအများစုက ခရစ်ယာန်တွေအတွက်ကတော့  Pope Gregory ၁၅၈၂ ခုနှစ်က မူလ မိတ်ဆက်ခဲ့တဲ့ Gregorian Calendar အရ ဒီဇင်ဘာ ၂၅ ရက်နေ့ဟာ ခရစ်စမတ်နေ့ပေါ့။



ဆားဘီးယားနိုင်ငံ၊ ရုရှားနိုင်ငံနဲ့ တခြား အရှေ့ဥရောပပိုင်းမှာ ရောက်နေမယ့်သူတွေအတွက်ကတော့ ဇန်နဝါရီ ၆ ရက်မှာဆိုရင် "Cрећан Бадњи дан" "ဆရဲချန်ဘန်ညီဒန်" လို့နှုတ်ဆက်တာမျိုးကြုံရလိမ့်မယ်။ တိုက်ရိုက်အဓိပ္ပါယ်ပြန်ရရင်တော့ "ပျော်ရွှင်ဖွယ်ရာဝက်သစ်ချကိုင်းနေ့" လို့ ခေါ်ရမလားပဲ။ 

အထိမ်းအမှတ် ရက်စွဲတွေ ဘယ်လိုပဲဖြစ်ဖြစ်နေပါစေ ဓလေ့ရိုးရာလေးတွေက စိတ်ဝင်စားစရာကောင်းလှတယ်။ ဝက်သစ်ချပင်ကိုင်းလေးတွေ ခရစ်စမတ်အကြိုနေ့မှာ ပေးကြတာမျိုးဆိုရင် ဆောင်းတွင်းမှာ တခြားအပင်တွေ အရွက်တွေအကုန်ကြွေကျသွားတာတောင် ဝက်သစ်ချပင်(Oak tree)လေးက အရွက်တွေဟာ သစ်သားညိုရောင်လေးရှိနေပြီး ကြွေကျမသွားပါဘူး။ အအေးဒဏ်ကို ကြံ့ကြံ့ခံရင်း ဝက်သစ်ချကိုင်းလေးတွေမှာရှိနေနိုင်ဆဲပဲ။ အဲဒါကြောင့် ဝက်သစ်ချကိုင်းလေးကို ကျန်းမာ၊ ချမ်းသာ ဘေးရန်တွေကိုအံတုနိုင်တယ်ဆိုတဲ့အယူအဆမျိုးနဲ့ ဆွေမျိုး၊ မိတ်ဆွေအချင်းချင်း အမြတ်တနိုးဝေငှကြတယ်လို့ဆိုပါတယ်။ ဘုရားကျောင်းတွေမှာ ဒီလိုနေ့တွေမှာ ဝက်သစ်ချကိုင်းလေးတွလက်ဆောင်ပေးကြတယ်။ ဈေးတွေထဲမှာလည်း ဝက်သစ်ချကိုင်း လက်တစ်ကိုင်စာလေးတွေရောင်းကြပါတယ်။ ဝက်သစ်ချကိုင်းလေးနဲ့အတူ ပြောင်းဖူးစေ့၊ ဂျုံစေ့၊ ဂျုံနှံ၊ သစ်ကြားသီးလို အစေ့အဆန်လေးတွေလည်းထုပ်ပြီးအတူတူပေးကြတယ်။ အိမ်တံခါးမမှာချိတ်ထားကြတယ်။ နောက်ပိုင်းကြရင်တော့ အဲဒီဝက်သစ်ချကိုင်းလေးတွေမီးရှို့မီးလှုံပြီး ဆုတောင်းတာ၊ သစ်ပင်ကြီးတွေမှာ သွားချည်နှောင်ထားလိုက်တာ၊ တချို့က တစ်နှစ်ပတ်လုံး အိမ်တံခါးမမှာ ချိတ်ထားတာမျိုးလည်းပြုလုပ်တတ်ကြပါတယ်။ 

ခရစ်စမတ်နေ့ကိုတော့ Срећан Божић "ဆရဲချန်ဘောရစ်ခ်ျ" (Merry Christmas) လို့ နှုတ်ဆက်ကြတယ်။
Cрећан Бадњи дан !
Срећан Божић свима ... Merry Christmas for all !

ဖြိုးဖြိုး

No comments: