Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 21, 2018

အိမ်နေရင်း ယောဂကျင့်မယ်ဆိုရင်

အိမ်မှာနေရင်းနဲ့ပဲ ယောဂလေ့ကျင့်ခန်းစချင်တယ်။ ဒါပေမဲ့ဘယ်က ဘယ်လိုစရမှန်းမသိဘူးဆိုသူလေးတွေအတွက် ဒီအချက်လေးတွေကို ဖတ်ကြည့်ထားဖို့ ညွှန်းပါရစေ။ အိမ်မှာယောဂလေ့ကျင့်တာ ထိုက်တန်တဲ့အလုပ်တစ်ခုပါ။ ယောဂသင်တန်းတစ်ခုရဲ့ စတူဒီယိုထဲမှာ အတန်းချိန်တွေပြီးမြောက်အောင်မြင်အောင်ပြုလုပ်နိုင်တယ်ဆိုတာလည်း သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်လေ့ကျင့်ခန်းတစ်ခုကို နေရာမရွေး၊ နေ့/ ည အချိန်မရွေးပြုလုပ်နိုင်သေးတာပါပဲ။ ကိုယ်ဝတ်ချင်တာလည်း ဝတ်နိုင်တယ်။ လေ့ကျင့်ခန်းလုပ်ဖို့ ကိရိယာအသုံးအဆောင်တွေလည်း များများစားစားမလိုလှပါဘူး။ အားလုံးထဲကအကောင်းဆုံးက အိမ်မှာ ယောဂလေ့ကျင့်တာဟာ ကိုယ်တို့ရဲ့ ကိုယ်ပိုင်ကိုယ်ခန္ဓာလေးကို ဂရုစိုက်ပေးဖို့ သင်ကြားပေးနိုင်တာပါ။ နေ့ရက်တစ်ရက်ထဲ ကိုယ်ရသလောက်အချိန်လေးမှာပဲ ကိုယ့်အတွက် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာနှစ်ခုလုံးအတွက် အထောက်အပံ့ပေးမယ့်နည်းလမ်းတစ်ခုကို စတင်ဖို့ ဘာတွေလိုအပ်မှာလဲ။

၁. ယောဂ (mat) အခင်းလေးတစ်ခုနဲ့ တချို့အသုံးအဆောင်လေးတွေဝယ်ပါ။

ယောဂနဲ့ ပတ်သက်လို့ အကောင်းဆုံးအချက်တွေထဲက တစ်ခုက ကိရိယာအသုံးအဆောင်အများကြီးမလိုအပ်တာပေါ့။ ဒါပေမဲ့ အခင်းလေးတစ်ခုနဲ့ အသုံးအဆောင်လေးတချို့ကတော့ ကိုယ့်အတွက်ချိန်သားကိုက်ဖို့နဲ့ တချို့အနေအထားတွေအတွက် ပိုပြီးသက်တောင့်သက်သာရှိစေတယ်။ အနောက်နိုင်ငံတွေမှာ ယောဂပထမဆုံးစတင်ခေတ်စားလာတော့ ယောဂကျင့်သူတွေက မျက်နှာသုတ်ပုဝါ ဒါမှမဟုတ် ချည်သားအခင်းလေးတွေအသုံးပြုလေ့ကျင့်ကြတယ်။ ၁၉၈၀ခုနှစ်ပိုင်းတွေတုန်းကတော့ အခန်းတွေထဲမှာ ဖုန်မှုန့်တွေစုပ်ယူဖို့အသုံးပြုကြတဲ့ sticky mat ကို ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြသတဲ့။ ဒီနေ့ခေတ်မှာတော့ yoga mat နဲ့ အသုံးအဆောင်တွေထုတ်လုပ်မှုဟာ သိပ်ပြီးရောင်းအားကောင်းအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းဖြစ်နေပြီဆိုတော့ ယောဂအသုံးအဆောင်တွေဟာ ရွေးချယ်ဝယ်ယူနိုင်တာတွေသိပ်ကိုများနေပြီပေါ့။ ဒါပေမဲ့ ယောဂအသုံးအဆောင်ဝယ်ယူဖို့ စတင်တဲ့နေရာမှာပဲ ပိုက်ဆံခပ်များများသုံးလိုက်မယ်ဆို လေ့ကျင့်ခန်းမစရသေးဘဲ စိတ်ပင်ပမ်းစရာဖြစ်သွားမှာပဲ။ အဲဒီအတွက် လက်တစ်ကမ်းမှာရှိတဲ့ အိမ်သုံးပစ္စည်းလေးတွေအစားထိုးအသုံးပြုနိုင်ကြပါတယ်။


၂. နေရာလေး သတ်သတ်ရှင်းထားပေးပေါ့။


အပြည့်စုံဆုံးစိတ်ကူးကမ္ဘာထဲက ယောဂစတူဒီယိုလေးမှာဆိုရင် ကိုယ့်ရဲ့ယောဂအခင်းလေးက အသုံးပြုပြီးတာနဲ့လည်း ပြန်လိပ်ထားစရာမလို အမြဖြန့်ချထားနိုင်မှာပဲ။ ဒါပေမဲ့ကိုယ်တို့အများစုအတွက် အဲဒီလိုတသီးတသန့်မလိုအပ်လှပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် ပန်းခြံလေးတစ်ခုရှိရင် ပန်းခြံထဲကနေရာတစ်ခု၊ မရှိခဲ့ရင်လည်း လေ့ကျင့်နိုင်မယ့်နေရာလေး၊ တိတ်ဆိတ်ပြီး ငြိမ်းချမ်းတဲ့နေရာလေးတစ်နေရာပေါ့။ ဘေးမှာနံရံတစ်ခုကပ်လျက် နီးနီးနားနားရှိနေနိုင်ရင်ပိုကောင်းမှာပါ။ အဲဒါ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ တချို့က သူတို့ရဲ့ယောဂလေ့ကျင့်တဲ့နေရာလေးမှာ စိတ်ခွန်အားရအောင် ဖယောင်းတိုင်လေးတွေ၊ အမွှေးနံ့သာဖြန်းထားလိုကြတယ်။ အဓိကအရေးအကြီးဆုံးအရာက ခုန်ခုပ်လှုပ်လှုပ်ဆော့ရမယ့်အနေအထားအတွက်၊ လိုအပ်သလိုကိုယ်ခန္ဓာဆန့်ထုတ်နိုင်ဖို့ လုံလောက်တဲ့ကွက်လပ်လေးရှိနေဖို့ပါပဲ။ စားပွဲတွေ၊ ထိုင်ခုံတွေ၊ စာအုပ်စင်တွေမထိခိုက်မိနိုင်တဲ့ နေရာမျိုးပေါ့။ ကိုယ့်ရဲ့စိတ်ကို ဗယောက်ဗယက်မဖြစ်တည်ငြိမ်စေမဲ့ ဗယောက်ဗယက်ကင်းစင်ဇုံလေးဖြစ်ဖို့လည်း အရေးကြီးပါတယ်။

၃.  လေ့ကျင့်ချိန်ရွေးပြီး အောင်မြင်ပြီးမြောက်အောင်။
ဘယ်အချိန်မှာယောဂလေ့ကျင့်နိုင်မလဲ ဆုံးဖြတ်ဖို့ပါ။ ကိုယ်က နံနက်ခင်းလူလား ညနေခင်းလူလား။ နံနက်ခင်းမှာ အချိန်အားရနိုင်မလား ညနေခင်းမှဖြစ်မှာလား။ ဒါမှမဟုတ် နေ့လယ်ခင်း အလုပ်ကနေ အချိန်အားရတုန်း ယောဂလေ့ကျင့်ခန်းလေးယူမလား။ အဲဒါကို ပထမဆုံးရွေးရမှာပါ။ အချိန်မှန်ဖြစ်နေဖို့ကလည်း အရေးကြီးသေးတာကိုး။ ဘယ်လောက်ကြာကြာအချိန်ရမလဲ။ သူငယ်ချင်း ယောဂကျင့်တဲ့အခါ နေ့စဉ် ၁ နာရီကျင့်တယ်။ အဲဒါကို မေ့ထားလိုက်ပါ။ ကိုယ်နဲ့အသင့်တော်ဆုံးအချိန်၊ အသင့်တော်ဆုံး လေ့ကျင့်ခန်းကသာ အကောင်းဆုံးပါပဲ။ ၁၀ မိနစ်လေးပဲအချိန်ရှိတယ်ဆိုရင်တောင် အဲဒီ ၁၀ မိနစ်စာ လေ့ကျင့်ခန်းလေးရဲ့အကျိုးကျေးဇူးက သိပ်များလှတယ်။ (၁၀ မိနစ်တောင် အချိန်အားမရှိဘူးဆိုရင်တော့ Facebook မှာ browse လုပ်နေတဲ့အချိန်ထဲက ဖဲ့ယူရတော့မှာပေါ့။) ရက်သတ္တ တစ်ပတ်မှာ နေ့ရက်အတိအကျ၊ အချိန်မှန်လေ့ကျင့်နိုင်မယ့်အချိန် ရွေးချယ် ဆုံးဖြတ်လိုက်ပါ။ အဓိကကတော့ ကိုယ့်ဘဝ၊ ကိုယ့်အချိန်တွေနဲ့အချိတ်အဆက်မိနေဖို့ပါပဲ။

၎. ကျေးဇူးပြုပြီး 3P ကို သတိထားပါ

ကိုယ့်ကိုယ်ခန္ဓာရဲ့ အကန့်အသတ်တွေကို အမြအလေးထားပေးဖို့ပါ။ 3P ဆိုတာကတော့ Pain နာကျင်တာ၊ Pinch ဆွဲဆိတ်ထားသလိုခံစားရတာ ပြီးတော့ Pushing ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးလွန်းတာ အဲဒါတွေကို ဆင်ခြင်ပေးရမှာပါ။ ယောဂ စပြီးကျင့်သူတစ်ဦးအတွက် နာကျင်မှုနဲ့ သက်တောင်သက်တာမရှိမှု အဲဒီနှစ်ခုကို ကွဲပြားအောင်ရှင်းပြဖို့ခက်မှာပဲ။ နာကျင်တာကတော့ ပူပူလောင်လောင် နဲ့ စူးရှနာကျင်နေတာမျိုးပေါ့။ သက်တောင့်သက်သာမရှိတာမျိုးကတော့ လေ့ကျင့်ခန်းယူတဲ့အချိန် စိတ်ဝင်တစားမရှိ နှေးကွေးလေးလံနေတတ်တာမျိုးပါ။ ယေဘူယျအားဖြင့်တော့ ဆက်ထုံးအဆစ်အမြစ်တည်ဆောက်မှု (ဒူး၊ ကျောရိုး၊ တင်ပါးဆုံ၊ လည်ပင်း စသဖြင့်) အဲဒီ အတွင်းပိုင်းတွေထဲက နာကျင်တာဆိုရင်တော့ လေ့ကျင့်ခန်းယူတာရပ်လိုက်ဖို့ ပြောကြလိမ့်မယ်။ နည်းနည်း အသေးစိတ်ပြောရရင်တော့ နာကျင်မှုခံစားရတယ်ဆိုရင် အနေအထားတစ်ခုနဲ့စတဲ့အချိန်မှာ ရုတ်တရက် ပြောင်းလဲလိုက်တာထက် ဖြည်းဖြည်းသက်သာ လှုပ်ရှားပေးရပါလိမ့်မယ်။ သက်တောင်သက်သာမရှိတဲ့ ခံစားမှုဆိုရင်တော့ အသုံးပြုနေတဲ့ယောဂအသုံးအဆောင်ပစ္စည်းလေးတွေကို ပိုပြီးနူးညံ့တာ ပြောင်းလဲအသုံးပြုတာမျိုး ချိန်ညှိအသုံးပြုပေးရပါလိမ့်မယ်။ အသုံးအဝင်ဆုံးအကြံဥာဏ်ကတော့ ယောဂလေ့ကျင့်ခန်းမစခင် သွေးပူလေ့ကျင့်ခန်းကို ကိုယ့်ခန္ဓာအစိတ်အပိုင်းအားလုံးအတွက် ပြည့်စုံအောင်အချိန်ပေးပြုလုပ်ပေးဖို့ရယ်၊ ယောဂ အဆင့်မြင့်အနေအထားတွေကို တစါဆင့်တက်ပြောင်းလဲတဲ့အချိန်တိုင်းမှာလည်း သွေးပူလေ့ကျင့်ခန်းကို မေ့မပစ်လိုက်ဖို့ အရေးကြီးလှပါတယ်။

၅. နည်းနည်းလေး အစီအစဉ်ချလုပ်ဆောင်လိုက်တာဟာ အချိန်တွေအများကြီးချွေတာနိုင်မယ်။
ယောဂစာအုပ်တွေ၊ အွန်လိုင်းသင်တန်းတွေကြည့်ပြီး ကိုယ်နဲ့သင့်တော်မယ့် ယောပအနေအထားတွေ စုပြီးမှတ်ထားလိုက်မယ်။ ပြီးရင်တော့ ယောဂ mat လေးပေါ်မှာ ယောဂကျင့်စဉ်လေး မြန်မြန် အကောင်အထည်ဖော် စတင်ဖို့ပါပဲ။ “သင့်ရဲ့လေ့ကျင့်ခန်းစလုပ်ပါ၊ အားလုံးဖြစ်လာလိမ့်မယ်” ဆိုတဲ့ အိန္ဒိယလူမျိုး ယောဂဆရာကြီး Pattabhi Jois ရဲ့ စကားကို အမြဲအမှတ်ရလိုက်ပါ။

၆. ကိုယ်ခန္ဓာကို Savasana နဲ့ အတူဖြေလျော့ပါ။
တစ်နေ့တာ ယောဂလေ့ကျင့်ခန်းတစ်ခုပြီးပြီဆိုရင် Savasana (ရှာဗာစာန)နဲ့ ကိုယ်ခန္ဓာကို ဖြေလျော့ပေးဖို့ အထူးအရေးကြီးလှတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အချိန်အတောအတွင်းမှာ အာရုံကြောစနစ်ဟာ လှုပ်ရှားမှုတွေနဲ့တစ်သားတည်းဖြစ်သွားစေဖို့ Savasana လိုအပ်ပါတယ်တဲ့။ Savasana ဆိုတာကတော့ Sava က corpse၊ asana ကတော့ pose အဲဒီနှစ်ခု ပေါင်းထားတဲ့စကားလုံးပါ။ သက်မဲ့အနေအထားပေါ့။ ယောဂ mat ပေါ် ၁၅ မိနစ်ကနေ မိနစ် ၃၀အထိ စိတ်ရောကိုယ်ပါ သက်မဲ့အနေအထားနဲ့ ဖြေလျော့ငြိမ်သက်လဲလျောင်းရတာမျိုးပါ။ အချိန်မရတဲ့သူလေးတွေအတွက်တော့ အချိန်နည်းနည်းနဲ့ပဲ သက်မဲ့အနေအထား ပြုလုပ်နိုင်ပါတယ်။

၇. နောက်ဆုံးတစ်ချက်ကတော့ မပျက်မကွက်/ မှန်မှန်လေ့ကျင့်ပေးဖို့ပါ။
ယောဂလေ့ကျင့်ခန်းပဲဖြစ်ဖြစ်၊ ကိရိယာ/ ကိရိယာလွတ် ဘယ်လိုလေ့ကျင့်ခန်းမဆို မှန်မှန်ပြုလုပ်ပေးမှ ထိရောက်မှုရှိကြတာပါ။ ရက်သတ္တတစ်ပတ်မှာ တစ်ကြိမ် တစ်ရက်ထဲပြုလုပ်တယ်ဆိုရင်တောင် အကျိုးကျေးဇူးကတော့ရှိနေပါသေးတယ်။ ရက်သတ္တတစ်ပတ်မှာ ၃ ကြိမ် က သိပ်ကောင်းပါတယ်။ နေ့တိုင်းဆိုရင်တော့ အကောင်းဆုံးပေါ့။ အဓိကဖြစ်တဲ့ ကိုယ့်ရဲ့ ပန်းတိုင်ဆီကို အရောက်လှမ်းကြဖို့ပါပဲ။ ကျန်းမာသွက်လက်တဲ့သူလေးတွေအဖြစ် ရှင်သန်နေထိုင်သွားချင်ကြတယ် မဟုတ်လား။

ဖြိုးဖြိုး
Source: How to do yoga at home? | www.ekhartyoga.com

No comments: