(နဘယံမ၈္ဂဇင်း အမှတ်(၂၇)၊ ဖေဖေါ်ဝါရီလ ၂၀၁၂) |
“မောင် .. အေးလိုက်တာကွာ၊ နေခြည် ဒီလောက်ကြီးအေးမယ်မှန်းမသိလို့ အ၀တ်အစားတွေ အလုံအလောက်ထည့်မလာခဲ့ဘူး၊ ခြေဖ၀ါးတွေအေးစက်နေပြီ၊ ခြေအိတ်ပါးလေးတွေပဲယူလာတာ၊ အေးတယ် အေးတယ်”
အေးလွန်းလို့ နေခြည် တချိန်လုံးအော်နေတော့ မောင်လည်း ပြာယာခတ်နေတော့သည်။ နေခြည် က အအေးမခံနိုင်တာ မောင်သိတာကိုး၊ အထူးသဖြင့် ခြေဖ၀ါးလေးတွေ၊ ဖြေဖ၀ါးတွေအေးတာများပြီး နည်းနည်းလောက်ဂရုမစိုက်လိုက်တာနဲ့ နောက်နေ့တွေဆို နေခြည် က ဖျားတတ်တော့တာ။
နေခြည်တို့ မောင့် အမေ မိသားစုရဲ့ဆွေမျိုးတွေရဲ့ ဇာတိရွာလေးက အိမ်ကို အခု အလည်အပတ်ရောက်နေကြပြီ၊ အဲဒီ အိမ်လေးမှာ ဘယ်သူမှ မနေကြတော့ဘူး၊ မောင့် အမေရဲ့ အဒေါ်တွေဆိုတာလည်း ဆုံးပါးသွားကြပြီ၊ ရွာထဲမှာတော့ ဆွေမျိုးနီးစပ်တော်သူတွေတော့ ရှိနေကြသေးသည်လို့ ဆိုတာပဲ၊ မောင်လည်း ဒီ အိမ်လေးကိုမရောက်တော့တာ ဟိုး ငယ်ငယ်ကလေးဘ၀ထဲကတဲ့။
မောင် က အိမ်ပေါ်ထပ်ကို တဒုန်းဒုန်းနဲ့တက်သွားသည်။ အောက်ထပ်က ဗီရိုတစ်ခုထဲမှာတော့ အိပ်ရာခင်းတွေ၊ ခေါင်းစွပ်တွေအစုံလိုက် ရှိနေကြသည်။ နေခြည် ခေါင်းအုံးစွပ်တွေလဲ၊ အိပ်ရာစွပ်တွေပါလဲပြီး အောက်ထပ်မှာ ဟိုဟိုဒီဒီ အမှိုက်လှဲ သန့်ရှင်းရေးလုပ်နေလိုက်ပါသည်။ ခဏနေတော့ မောင် အိမ်ပေါ်ထပ်က ပြန်ဆင်းလာသည်။ လက်ထဲမှာ ခြေအိတ်လေးတစ်စုံ .. အစိမ်းရင့်နဲ့ အညှိရောင်စပ်၊ ရွှေရောင်လိုင်းသေးသေးလေးတွေ တလက်လက်နဲ့ လက်ဖြစ်သိုးမွှေးခြေအိတ်ထူလေး .. လက်ဖြစ်သိုးမွှေးခြေအိတ်ကြမ်းကြမ်းတွေက အေးလွန်းလာတဲ့အခါ ၀တ်လိုက်ရင် သိပ်နွေးတာပဲ၊ ခြေအိတ်နုနုလေးတစ်ထပ်လောက်ခံပြီးဝတ်မှ၊ မဟုတ်ရင်တော့ ကြမ်းရှရှဖြစ်နေတတ်သည်။ နေခြည်လည်း ၀မ်းသာအားရ နေခြည်ခြေအိတ်လေးကို မချွတ်ပဲ ခပ်မြန်မြန်လေးစွပ်လိုက်တော့သည်။
ခြေအိတ်လေးက သိသိသာသာ နွေးနေလိုက်တာ .. မောင် .. လက်ဖ၀ါးနဲ့ အုပ်ပြီးယူလာခဲ့လို့နေမှာ။
“ဟယ်.. မောင် .. ခြေအိတ်လေးက ၀တ်ရတာ ဘယ်လိုလည်းမသိဘူး၊ တမျိုးပဲ၊ ရှည်ရှည်သွယ်သွယ်နဲ့၊ ခြေဖ၀ါးမှာ အံဝင်ဂွင်ကျလည်းမဖြစ်ဘူး၊ ခစ်ခစ်၊ ရေကူးဖိနပ်ကျနေတာပဲ၊ ဖားခြေထောက်လေ၊ ဘတ်လပ် ဘတ်လပ်နဲ့”
“-------” မောင်က ဘာလည်းမသိပြန်ပြောလိုက်သည်။ နေခြည်မကြားလိုက်ပါ၊
“မောင်... ခြေအိတ်က ပုံမှန်ထက် အလျားရှည်နေသလိုပဲ၊ ဗြက်ကျဉ်းကျဉ်းလေးနဲ့ ရှည်နေတာ၊ အဲဒီလိုခြေထောက်ရှိပါ့မလား၊ နေခြည့်ခြေထောက်ကပဲ ဗြက်ကျယ်လို့လားပဲ“
“------”
“မဟုတ်သေးပါဘူး၊ ဒီလောက်သေးသေးရှည်ရှည် ခြေထောက်မျိုးအဆန်းပဲ.. နေခြည် ဒီလိုခြေအိတ်မျိုးမတွေ့ဖူးပါဘူး၊ ... ဘယ်သူ့ ခြေအိတ်လဲ မောင်သိလား ... ဟိဟိ” မောင်က ဘာမှပြန်မပြောပါဘူး။
“မောင် .. ဒါ ဘယ်သူ့ခြေအိတ်လဲ” နေခြည်ထပ်မေးတော့မှ ...
“မောင်လည်း မသိဘူးလေ၊ မေမေ့ခြေအိတ်နေမှာပေါ့”
“မောင့် မေမေ ခြေထောက်ဆို နေခြည်နဲ့ တူတူလောက်ပဲ၊ နေခြည်သိတယ်လေ”
“ဒါဆို ....” မောင်က စဉ်းစားဟန်ပြုပြီး စကားကိုရပ်လိုက်သည်။
“သိပါဘူးကွာ .. မေးမနေပါနဲ့၊ ခြေအိတ်က အသစ်လေးလိုပဲ၊ ဒါနဲ့ မောင်လည်း ယူလားတာ၊ ဒီတစ်ညပဲ ၀တ်လိုက်နော်၊ မနက်ကျရင် မောင် ရွာထဲက လက်ဖြစ်ခြေအိတ်လေးတွေ ၀ယ်ပေးမယ်၊ နေခြည်ကိုယ်တိုင်လိုက်ခဲ့၊ နေခြည့်ခြေထောက်နဲ့ တော်တာရွေးပေါ့”
“အင်းပါ .. ခစ်ခစ်.. ခြေအိတ်ပုံလေးက ရယ်ရလို့”
ခြေအိတ်က နွေးနေတာပဲ၊ ၀တ်ရတာကျပ်ကျပ်တည်းတည်းနဲ့၊ ထိပ်ပိုင်းမှာ ခြေချောင်းတွေ နေရာက တော်တော်ကြီးရှည်ထွက်နေတာတစ်ခုပဲ၊ နေခြည် ခြေအိတ်ကို ပြန်ချွတ်ပြီး သေချာစွပ်ကြည့်ဖို့ ကြိုးစားမိသည်။
“အိုး ...မောင်”
“-----”
“မောင် လာပါဦး .. ခဏ .. ခဏ.. ခြေအိတ်က ဘယ်လိုပုံလဲ သေချာလာကြည့်ပါဦး၊ ဖနောင့်နေရာမှာ ချွန်ထက်နေအောင် ချုပ်ထားတယ်၊ ဘယ်လိုပုံကြီးလဲ။ ဘယ်ခြေအိတ်မှ ခြေဖနောင့်နေရာကို အချွန်ကြီး မချုပ်ပါဘူး၊ တကယ်ဆို ... ဖြေဖနောင့်တွေက အားလုံး အလုံးလေးတွေချည်းပဲကို ... ခြေဖနောင့်တွေကလေ .... ”
“မောင် .. ဒီခြေအိတ်ပိုင်ရှင်က ခြေဖနောင့်က ချွန်ထွက်နေတာဖြစ်ရမယ်၊ ခြေဖ၀ါးက သေးသေးရှည်ရှည်မြောမြော .. အမလေး .. ဂြိုဟ်သားတစ်ကောင်လို”
“--------”
“ဟာ ... ဟုတ်ပြီ”
“မောင် ... နေခြည် အကြံရပြီ”
“မောင်တော့ မယူဘူးနော်၊ နေခြည်ပဲ အဲဒီအကျန်ယူတော့” မောင်က စနောက်ပါသည်။
“တော်ပါ မောင်ကလည်း .. နေခြည် ခုပဲ လှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းရေးဖို့ စိတ်ကူးရပြီ သိလား .. ဒီလို ..လေ.. ”
“------------”
“ဇာတ်လမ်းက ဒီလို ... ကောင်မလေးနဲ့ကောင်လေးတစ်ယောက် ရွာတစ်ရွာကို အလည်ရောက်လာကြရော၊ ရွာက အိမ်တစ်အိမ်မှာနေကြရော .. အဲဒီမှာ ကောင်မလေးက ချမ်းတော့ သူ့ယောက်ျားက ဗီရိုတွေထဲ လျှောက်ဖွ၊ တွေ့တဲ့ခြေအိတ်တစ်ခုယူလာ၊ ခြေအိတ်က အခုလို ပုံအဆန်းဖြစ်နေတော့ ကောင်မလေးက ကြောက်သွား၊ နောက်တော့ ခြေအိတ်ပိုင်ရှင်ရဲ့ လှို့ဝှက်ဆန်းကြယ်အကြောင်းတွေသိလာကြ၊ အဲဒါနဲ့ သူတို့နှစ်ယောက်အဲဒီရွာလေးထဲက အမြန်ပဲထွက်ပြေးဖို့ပြင်ဆင်ကြရော .
ပြီးတော့ .. ဟီဟိ မောင် .. မကောင်းဘူးလား ဇာတ်လမ်းက၊ မိုက်တယ်နော် ..”
နေခြည်ပြောတဲ့ စကားတွေကို မောင်က အစကတော့ စိတ်ဝင်တစားနားထောင်နေခဲ့ပါသည်။ နောက်တော့ နေခြည့်ကို ကျောခိုင်းလိုက်ကာ စကားတစ်ခွန်းမှ ပြန်မပြောပါ၊ ကျောခိုင်းလှည့်မသွားခင် မောင့်မျက်နှာအရိပ်အကဲကို နေခြည်သေချာတွေ့လိုက်မိသည်။
မောင်က ဘာ့ကြောင့် .. နေခြည် ဒီလိုပြောတာမကြိုက်တာလဲ။
နေခြည်က သိပ်စကားများတာပဲလို့ မောင် တွေးနေပြီလား၊ နေခြည်က အဲဒီလိုပါပဲ၊ စကားတတွတ်တွတ်ပြောတတ်သည်။ ရယ်စရာကလည်း တချိန်လုံးပြောတတ်သေးသည်။ ရယ်စရာတစ်ခုခု နှုတ်ဖျားမှာပေါ်လာတာနဲ့ နေခြည်ကလွှတ်ကနဲ ပြော၊ မောင်က တဟားဟားရယ်နဲ့ မောင်က အမြဲသဘောကျနေခဲ့တာပါပဲ.. ပြီးတော့ နေခြည်က စာရေးဆရာရူး .. ရူးနေသူလေ၊ စာရေးဆရာမ အင်မတန်ဖြစ်ချင်သည်။ စာရေးတာတောင်မှ စုံထောက်ဇာတ်လမ်းမျိုး၊ အဆန်းတကြယ်တွေရေးချင်တာ၊ တကယ်တမ်းတော့ နေခြည် အလုပ်သွားအလုပ်ပြန်နဲ့ နေခြည့်စိတ်ကူးထဲက စုံထောက်ဇာတ်လမ်းတွေ လက်ကချမရေးဖြစ်ပါဘူး၊ နေခြည်ပြောသမျှကိုတော့ မောင်က နားထောင်ပေးရသည်ပေါ့၊ ခါတိုင်းတော့ မောင်ကလည်း တဟားဟားရယ်ကာ ဇာတ်လမ်းတွေပြင်ဆင်ဖြည့်စွက်ပေးတတ်ခဲ့သည်။ အခုတော့ မောင်က ဘာဖြစ်ရတာလဲ .... အိုး ....ခြေအိတ်လေးက နွေးလိုက်တာ၊ နေခြည့်သွေးကြောတွေထဲ အနွေးဓါတ်တွေ စီးဝင်လာနေကြပြီ။
မောင်က ခြေအိတ်လေးအကြောင်း စကားစ မခံတော့ချေ၊ အိမ်လေးထဲမှာ ပစ္စည်းတွေကို ရှင်းနေခဲ့ပါသည်။ တစ်ခါတစ်ရံ မြေတိုက်ခန်းထဲ ဆင်းသွားလိုက်သေးသည်။ အဲဒီညက ခရီးပမ်းလာကြတာကြောင့် စောစောပဲအိပ်ရာဝင်ကြသည်။ ခြေအိတ်ကိုတော့ နေခြည်ဝတ်ထားဆဲပဲ၊ ခြေအိတ်လေးရဲ့ အနွေးဓါတ်က နေခြည့်တစ်ကိုယ်လုံးကို လွှမ်းခြုံလို့ထားခဲ့သည်။
နေခြည် မြန်မြန်လေးပဲ အိပ်ပျော်သွားခဲ့သည်။
အိမ်မက်ထဲမှာ ...
နေခြည်က အိပ်ရာထဲမှာ ... ခြေထောက်ဆင်းထားသည်။ ပြီးတော့ ခြေအိတ်လေးကို ချွတ်ကာ ချွန်နေတဲ့ဖနောင့်နေရာလေးကို သေချာကိုင်ကြည့်နေခဲ့သည်တဲ့၊ ခြေအိတ်ကို သေချာငုံ့ကြည့်နေတဲ့အချိန် အနားမှာ တစ်ယောက်ယောက် လာရပ်သလို ခံစားလိုက်ရသည်။ နေခြည်ခေါင်းမော့ကြည့်လိုက်တဲ့ အခါ .. အနားမှာ ....
နီညိုရောင်ပုဝါစကို ခေါင်းကိုဖုံးကာထားတဲ့ အမျိုးသမီးကြီးတစ်ဦး၊ တစ်ကိုယ်လုံးကိုလည်း နီညှိုရောင် ခြုံထည်ကြီးလုံအောင်ဝတ်ဆင်ထားသေးသည်။ ပါးလျားလွန်းလိုက်တာ၊ ပိန်သွယ်လွန်းလိုက်တာ၊ ပါးရိုးတွေနေရာမှာလည်း ခွက်ဝင်နေသည်။ ဂြိုဟ်သားတစ်ကောင်လိုပဲ၊ နေခြည်ကြောက်ကြောက်လန့်လန့်နဲ့ ခြေအိတ်လေးကို လက်ထဲက ပစ်ချလိုက်သည်။ အမျိုးသမီးကြီးက နေခြည်ကို သေချာကြည့်ပြီး လက်နှစ်ဘက်ကို ဆန့်ထုတ်သည်။ နီညှိုရောင်ခြုံထည်ထဲက လက်နှစ်ဘက်က နေခြည်ရှိရာ တန်းတန်းမတ်မတ်ကြီးပဲ ထိုးထွက်လာခဲ့သည်။ အဲဒီအမျိုးသမီးကြီးရဲ့ လက်ဖ၀ါးထဲမှာ ခြေအိတ်တွေ .. ခြေအိတ်လေးတွေ အများကြီးပဲ .. ဖနောင့်ချွန်ချွန်နဲ့ ခြေအိတ်တွေပဲ ဖြစ်မှာပေါ့ .. အမျိုးသမီးကြီးက နေခြည့်ကို တခုခုခိုင်းစေချင်သလို၊ လက်နှစ်ဘက်ကို ဆန့်တန်းပြီး ရှေ့ကိုတရွေ့ရွေ့တိုးလာခဲ့သည်။ အမျိုးသမီးကြီးက အဲဒီခြေအိတ်တွေ အများကြီးပဲ နေခြည့်ကို ပေးချင်နေသတဲ့လား၊ အမျိုးသမီးကြီးက ပိုပိုပြီး နီးလာပြီ၊ လက်ထဲမှာက ခြေအိတ်တွေ၊ အမျိုးသမီးကြီးရဲ့ မျက်လုံးတွေက .. နေခြည့်ကို ခြေအိတ်တွေယူလိုက် ..ခြေအိတ်တွေယူလိုက်လို့ ပြောနေသလို ... နေခြည်ကြောက်ကြောက်လန့်လန့်နဲ့ အမျိုးသမီးကြီး လက်ဖ၀ါးထဲက ခြေအိတ်တစ်ခုကို လှမ်းယူလိုက်သည်။ ခြေဖ၀ါးမှာ စွပ်ကြည့်ပါသည်။ နွေးလိုက်တာ .. သိပ်နွေးတာပဲ ... ဒါပေမဲ့ နေခြည်နဲ့ မတော်ပါဘူး၊ ၀တ်ရတာအဆင်မပြေ၊ ကျပ်လိုက်တာ၊ ဖနောင့်နေရာကို ကြည့်လိုက်မိသေးသည်။ အဟုတ်ပဲ ဖနောင့်နေရာမှာ ချွန်နေတာပဲ၊ နောက်တစ်ခု လှမ်းယူပြီး စွပ်ကြည့်ပါသည်။ အဆင်မပြေ.. နွေးနေတာပဲ... နောက်တစ်ခု ...နွေးလိုက်တဲ့ ခြေအိတ်လေးတွေ ...
နေခြည် နှုတ်ကကို ရေရွတ်လိုက်မိသည်။ နွေးလိုက်တာ .. နွေးနေတာပဲ .. အမျိုးသမီးကြီးရဲ့ မျက်ဝန်းတွေကတော့ ပြုံးနေလိုက်တာ၊ ပြီးတော့ တဟီဟီ ရယ်မောနေခဲ့ပါသည်။ ရယ်သံတွေ အဆက်မပြတ်ကြားလာရတော့ နေခြည်ထိတ်လန့်တုန်လှုပ်လာခဲ့ပြီ။
“အမလေး.......” “------------” “သိပ်နွေးတာပဲ ..”နေခြည်ကြောက်ကြောက်လန့်လန့်နဲ့ အသံကုန်ဟစ်အော်လိုက်ပါသည်။
“နေခြည် ..” “နေခြည်” ..“ဘာဖြစ်တာလဲ ဟင်၊ အိမ်မက်ဆိုးမက်လို့လား ..”
နေခြည်လန့်နိုးလာတော့ မောင်က အနားမှာ ငုတ်တုတ်ထထိုင်ပြီး နေခြည့်ကို စိုးရိမ်တကြီးမေးနေခဲ့သည်။
“-----------”
“နေခြည် ဘာတွေ ကယောင်ကတမ်းအော်နေမှန်းမသိဘူး၊ နွေးတယ် နွေးတယ်လို့တော့ ကြားတာပဲ၊ ကျန်တာတော့ မောင် သေချာမသိဘူး”
“မောင် နေခြည် အိပ်မက်မက်တယ်။ အမျိုးသမီးကြီးတစ်ဦး၊ ဒီလို ခြေအိတ်တွေ အများကြီးနဲ့၊ ဒီလို ဖနောင့်ချွန်ချွန်နဲ့ ခြေအိတ်တွေလေ၊ မောင် .. ဒီခြေအိတ်က ဘယ်သူ့ခြေအိတ်လဲ .. အဲဒါ ဘယ်သူလဲဟင် ..”
“နေခြည်ရာ .. မမေးပါနဲ့ ... မေးမနေပါနဲ့လေ .. မောင်လည်း ....... မသိပါဘူး” မောင်က မမေးပါနဲ့လို့ပဲ တွင်တွင်ပြောသည်။ မောင့်မျက်နှာကပျက်နေလိုက်တာ။
မိုးလင်းလာတော့ ကြည်လင်နေတဲ့ မနက်ခင်းလှလှလေးရဲ့ နေရောင်နုနုနဲ့ အတူ ခြေအိတ် .. အိပ်မက် ... နီညိုရောင်အမျိုးသမီးကြီး အားလုံးကို နေခြည် သတိမရတော့ပါဘူး။ ခြံထဲ က မြက်ခင်းစိမ်းစိမ်းပေါ်မှာ လှည့်ပတ်ပြေးဆော့ရင်း ငှက်လေးတွေရဲ့ ကျီကျီကျာကျာ စကားသံလေးတွေကို နားစွင့်သည်။ မြက်ခင်းစိမ်းလေးတွေရဲ့ကြားထဲမှာ ကပ်ပြီးပွင့်နေတဲ့ ပန်းဝါ၀ါလေးတွေကိုလိုက်ကြည့်သည်။ အလေ့ကျပန်းဝါ၀ါလေးတွေကလှလိုက်တာ၊ ဟိုတစ်ဆုတ် ဒီတစ်ဆုတ်.. အဆုတ်လိုက်လေးတွေ မြေမှာကပ်ပြီးပွင့်နေကြသည်။ ဘာပန်းလဲတော့ နေခြည်မသိပါဘူး၊ မောင်လည်း မသိပါဘူး၊ မောင်ကပြောသည်။ “မြေမှာကပ်နေတယ်၊ အ၀ါရောင်ဆိုတော့ မြေကပ်ပန်းဝါ ပေါ့ကွာ၊” တဲ့ .. ကဲ .. အဲဒါတော့ သူပြောမှလား.. နေခြည်လည်း သိတာပေါ့...၊ မောင်က ခြံထဲမှာ ပေါက်တူးတစ်လက်နဲ့ မြေတွေကို ဟိုနား ဒီနား ပွနေအောင် တူးဆွနေသည်။“မြို့မှာကွာ ဒီလို မြေကြီးတူးဆွဖို့ က မလွယ်ဘူးလေ၊ ဒီတော့ တူးခွင့်ကြုံတုန်း မောင်တော့ တူးမဟေ့” လို့လည်း ဆိုရဲ့။
“မောင်ရေ .. နေခြည် မနက်စာပြင်တော့မယ်၊ နောက် နာရီဝက်လောက်ဆို တူးဆွတဲ့ ကြွက်အလုပ်တွေရပ်ပြီး အိမ်ထဲလာခဲ့နော်” နေခြည် ခပ်သောသောလေးပြောပြီး အိမ်ထဲပြေးဝင်ခဲ့သည်။
ပေါင်မုန့်တွေကို ခပ်ထူထူလေးလှီး၊ နွားနို့ထဲစိမ်၊ မွှေခေါက်ထားတဲ့ ကြက်ဥအနှစ်တွေထဲ စိမ်ကာ ဆီအိုးဆူဆူထဲ ပေါင်မုန့်တွေကိုထည့်ကျော်သည်။ မောင်က ပေါင်မုန့်ကြက်ဥကြော်ကြိုက်သည်၊ ပေါင်မုန့်ကြက်ဥကြော်ပြီးတော့ ရေနွေးကြမ်းတည်သည်။ နေခြည့်အတွက် ကော်ဖီကိုတော့ မောင်လာမှ ဖျော်ခိုင်းမည်။ မနက်စာပြင်ပြီးတဲ့အထိ မောင် မလာသေးပါဘူး၊ ဂျာနယ်တစ်စောင်ဆွဲယူဖတ်သည်။ ဂျာနယ်ဖတ်နေရင်းက နေခြည်ခြေထောက်တွေဆီ အကြည့်ကရောက်သွားမိသည်။ ခြေအိတ် .. ဖနောင့်ချွန်ချွန်ခြေအိတ် .. ပြီးတော့ အမျိုးသမီးကြီး .. နေခြည် .. အိမ်ပေါ်ထပ်ကို ပြေးတက်ခဲ့ပါသည်။ အိမ်ပေါ်ထပ်မှာ တစ်ခန်းဝင် တစ်ခန်းထွက် .. ဗီရိုတွေကို ဖွင့်ပြီှးရှာသည်။ အ၀တ်စင်တွေကြားထဲ လှပ်ကာရှာသည်။ ခြေအိတ်တွေအများကြီးပဲ ရှိရမည်။ ဒီအိမ်ထဲက တစ်နေရာရာမှာ ရှိကိုရှိရမည်။ အိမ်ပေါ်ထပ်တစ်ခုလုံး နေခြည် လျှောက်ကြည့်ခဲ့ပြီးပြီ၊ ဘာမှလည်းမတွေ့ပါဘူး၊ နေခြည် အခုထိမှတ်မိနေခဲ့တဲ့ အမျိုးသမီးကြီးရဲ့ အရိုးဂေါက်ဂက် ပါးလျားလွန်းလှတဲ့ မျက်နှာပုံစံမျိုး ဓါတ်ပုံဖြစ်ဖြစ်ပေါ့ ရှာမတွေ့နိုင်ဘူး၊ အိုး ... မြေတိုက်ခန်း ..
မြေတိုက်ခန်းရှိသေးတာပဲ၊ နေခြည် အောက်ထပ်ကို ဆင်းကာ ... မြေတိုက်ခန်းထဲက လှေကားထစ်တွေ တထစ်ချင်း ဆင်းလာခဲ့သည်။ မြေတိုက်ခန်းက အမှောင်သိပ်သိပ် ပြည့်လို့နေသည်။ ပစ္စည်းတွေ ရှုပ်ပွလို့နေသည်။ မီးခလုတ်ကိုဖွင့်လိုက်သည်။ ညာဘက် ထောင့်စွန်းနားမှာ ခပ်ဟဟပွင့်နေတဲ့ တံခါးတစ်ခု၊ အဲဒီမှာ အခန်းတစ်ခု ရှိနေသည်။ တံခါးကို ပိုပြီးဝင်သာအောင် ဆွဲဖွင့်ပြီး အခန်းထဲကို ၀င်လိုက်ပါသည်။ အခန်းထဲမှာ သစ်သားမှန်တင်ခုံကြီးကြီးတစ်ခု၊ သစ်သားဗီရိုကြီးကြီးတွေနဲ့၊ ကုတင်တစ်လုံး၊ နေခြည် ဗီရိုကြီးရဲ့အံဆွဲတစ်ခုကို ဖွင့်လိုက်တဲ့အခါ ...
ဟော ... တွေ့ရပါပြီ .. ခြေအိတ်တွေအများကြီးပဲ၊ ခြေအိတ်တစ်ခုကို မြန်မြန်လေးယူကြည့်လိုက်သည်။ ခြေအိတ်ပုံစံကိုပေါ့၊ တကယ်ပဲ ... ဖနောင့်ချွန်ချွန်နဲ့ ခြေအိတ်တွေ .. လက်ဖြစ်သိုးမွှေးခြေအိတ်ကြမ်းရှရှတွေ အရောင်စုံပဲ၊ မှန်တင်ခုံကြီးပေါ်မှာ ဓါတ်ပုံအယ်လ်ဘမ်တစ်အုပ်တွေ့ပါသည်။ နေခြည် အယ်လ်ဘမ်ကို ကြည့်လိုက်သည်။ အိပ်မက်ထဲက အမျိုးသမီးကြီး .. အမျိုးသမီးကြီးရဲ့ ဓါတ်ပုံတွေအားလုံး ခြုံထည်ကြီးခြုံထားသည်။ ခေါင်းမှာလည်း ပုဝါစကြီးဖုံးကာထားသည်။ ဓါတ်ပုံတိုင်းပါပဲ၊ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေချာမမြင်နိုင်ပါဘူး၊
“ဟော...”
အယ်လ်ဘမ်ထဲက သတင်းစာဖြတ်ပိုင်းလေးထွက်ကျလာသည်။ အချိန်က နေခြည်မမွေးသေးတဲ့အချိန် ခုနှစ်တစ်ခု၊ “---”ရွာက မကောင်းဆိုးဝါးမိန်းမကြီးတစ်ဦးရဲ့သတင်းကိုရေးလို့ထားသည်။ အဲဒီအမျိုးသမီးကြီးရဲ့ ကြောက်စရာအသွင်သဏ္ဍန်က လူတွေရဲ့အမြင်မှာ မကောင်းဆိုးဝါးလို့မြင်ခဲ့ကြသည်။ စုန်းမတစ်ဦးလို့ ယူဆခဲ့ကြသည်။ အမျိုးသမီးကြီးကို တွေ့လိုက်မိသူတွေက မကောင်းတဲ့နိမိတ်တွေ ဖြစ်လာတော့မည်လို့ အယူရှိခဲ့ကြသည်တဲ့၊ အမျိုးသမီးကြီးကို နောက်တော့ အပြင်မှာမတွေ့ကြတော့ဘူးလို့ ရေးထားသည်။ အမျိုးသမီးကြီး အိမ်ထဲကအိမ်ပြင်မထွက်တော့ ... အဲဒီနောက်ပိုင်း အမျိုးသမီးကြီးရဲ့ သတင်း ဘာဆိုဘာမှ မသိရတော့ဘူးလို့ သတင်းစာဖြတ်ပိုင်းမှာ ရေးထားပါသည်။
“နေခြည် .. နေခြည် .. နေခြည်ရေ ဘယ်မှာလဲ”
မောင့်အသံ ကြားလိုက်ရသည်။ အခန်းတံခါးကို ပြန်စိပြီး မြေတိုက်ခန်းလေးထဲက နေခြည် ပြေးထွက်ခဲ့တော့သည်။
မောင့်ကို မြေတိုက်ခန်းလေးထဲက အမျိုးသမီးကြီးအကြောင်း ထပ်မေးချင်သေးသည်။ အဲဒီအမျိုးသမီးကြီးက ဘယ်သူလဲ၊ ပြီးတော့ ဖနောင့်ချွန်ချွန်ခြေအိတ်တွေအကြောင်း နေခြည် သိချင်ပါသေးသည်။ နေခြည် ထပ်ပြီး မေးရင်လည်း “မမေးပါနဲ့ .. မမေးပါနဲ့လေ” လို့ ပဲ မောင်က ဖြေဦးမည် ထင်ပါသည်။ ။
5 comments:
မောင်က မမေးနဲ့ပဲ ပြောဦးမှာဆိုတော့.. မမေးပါနဲ့တော့လေ။
ဖနောင့်ချွန်ချွန် ခြေအိတ်များ... ယခင်က အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ဆိုင်ရှိသည်။ ယခုတော့ ကမ္ဘာမြေပေါ်မှာဆိုင်ခွဲ ထပ်ဖွင့်သည်ကြားသည်။ အန္တာတိကတိုက်တွင် နီညိုရောင်ခြုံထည်ကြီး ဆင်းမြန်လျှက် ပိန်သွယ်သော အမျိုးသမီးကြီးတစ်ဦးရောင်နေပါသည်။
ဟမ်... ဘာလို့  မဆက်တော့တာလဲ မဖြိုးရေ.. အဖြေရှာတာ မပါလို့  ဖတ်ရတဲ့သူ ကို စဉ်းစားစရာ ကျန်အောင်လုပ်သွားတယ်..... လောလောဆယ် ဒီမှာ ခြေအိပ်တွေ ကြောင်လေးတွေ ဆော့ပစ်လို့  စိတ်ညစ်နေတာနဲ့  တိုက်ဆိုင်နေတာ.. ဟီး..
အိပ်ယာထဲဝင်မှ ဆက်တွေးရဦးမယ်... :(
ဖြိုးရေ
ရွာသွားတုန်းက တကယ်တွေ့ခဲ့တာလား ခြေအိတ်လေးတွေလေ..
ဖတ်လို့ ကောင်းလိုက်တာ တစ်ထိတ်ထိတ်နဲ့ ဖတ်နေတာဖြိုးရဲ့။
ဖြိုး ခြေအိတ်လေးတွေ တကယ်ဝတ်ခဲ့ရတယ်ထင်တယ်.. ဇာတ်လမ်းလေးက ထူးဆန်းနေတယ်.. စိတ်ဝင်စားဖို့လည်း ကောင်းတယ်..
သူ... ဘာလို့မဖြေချင်တာလဲမသိဘုးနော်
မဖြိုးရေ... ၀တ္ထုတိုလေး လာဖတ်တယ်။ ခြေအိတ်လေးက ဘယ်သူ့ပာာလဲပာင်။ စိတ်ဝင်စားလို့ အဆုံးထိ ဖတ်တော့လည်း အဖြေက မသိဘူး။ ဇာတ်လမ်းလေးကို ထပ်ရေးပါဦး။ သိချင်တယ်း) ဖြစ်ချင်တော့ ည ၂ နာရီမှာ မဖြိုး ၀တ္ထုတိုလေးကို ဖတ်မိတော့ မြေတိုက်ခန်းထဲက စုန်းမကြီး အကြောင်း ရှာတွေ့သွားတဲ့ နေခြည် အစား ကျောချမ်းလိုက်တာ။
ဇာတ်လမ်းလေးက စိတ်ဝင်စားစရာကောင်းတာပဲ
ခြေအိပ်ကလေး ခြေအိပ်ကလေး...
ဇာတ်လမ်းက ဆက်ဦးမှာလားး)
Post a Comment