Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 31, 2012

မင်းနှစ်ပါး စီးချင်းထိုးခြင်း

မေမေပြောတဲ့ ပုံပြင်
တစ်ခါတော့ ကျွန်မတို့ မေမေက စစ်ဖြစ်လို့ ပြေးရ လွှားရတဲ့အခါ ပြည်သူပြည်သားများ ဆင်းရဲ ပင်ပန်းကြရတဲ့အကြောင်းတွေ ပြောရင်း ဟိုရှေးရှေးတုံးက မင်းနှစ်ပါး စီးချင်းထိုး ကြတဲ့အကြောင်းပြောပြပါတယ်။ ဗုဒ္မဘုရားရှင် ကိုယ်တော်တိုင်ကလဲ မင်းယောက်ျားများဟာ သေဘေးကြုံခဲ့ရင်တောင် လုံ့လ၀ီရိယမလျော့ရဘူး လို့ မဟာဇနက္ကဖြစ်စဉ်ကိုဟောပြီး ဆုံးမခဲ့ဖူးပါတယ်။ ဇနက္က၀တ္ထုကို ကျောင်းသားတိုင်း သိကြမှာပါ။  ခု မေမေပြောမယ့် ပုံပြင်ကလဲ ဇနက္ကမင်းသား အကြောင်းပါဘဲ။

မေမေက ပြောတယ်။

ဟိုရှေးရှေးတုံးခါက မိထိလာပြည်ကြီးမှာ ဇနက္ကမင်းကြီး မင်းပြုအုပ်ချုပ်နေတယ်တဲ့။ သူ့မှာ အရိဌဇနက္ကမင်းသား၊ ပေါလဇနကမင်းသားရယ်လို့ သားတော်နှစ်ပါး ရှိသတဲ့။ ရုတ်တရက် ခမည်းတော်မင်းကြီး နတ်ရွာ စံတော်မူရာမှာ ထီးနန်းအရိုက်အရာကို  ရွှေနန်းတော်ထုံးတမ်းနှင့်အညီ အကိုဖြစ်သူက ထီးမွေ နန်းမွေဆက်ခံရသတဲ့။

တစ်နေ့တော့ ညီတော် ပေါလ က ရွာနီးချုပ်စပ်ကနေ လူသူအင်အားစုရုံးပြီး နောင်တော်ကို လုပ်ကြံပုန်ကန်ခြားနားမယ် နန်းရပ်ထီးဖြူ လုယူမယ်ဆိုတဲ့ အကြံနဲ့ ချီတက်လာသတဲ့။  ဒီတော့ နောင်တော် အရိဌက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ ကြင်နာ သနားတတ်သူဖြစ်လေတော့  “ကဲ ..ကောင်းပီညီတော်။ညီနောင်နှစ်ပါး ကိစ္စမှာ တိုင်းသူပြည်သားတွေ ဆင်းရဲ ပင်ပန်းမှု ကြောင့်ကျမှု မဖြစ်ပါစေနှင့်။ ငါတို့နှစ်ဦးချင်း သေသည်အထိ စီးချင်းထိုးကြမယ်။ မင်းနိုင်ရင် မင်းဘုရင်လုပ်။ ငါနိုင်ရင် ငါဘုရင်လုပ်မယ်။ ငါ့ပြည်သူ ပြည်သားတွေကို မြေဇာပင် အဖြစ်မခံ နိုင်ဘူး" လို့ ပြောပြီး နှစ်ဦးသဘောတူ မြို့ပြင်ထွက် စီးချင်းထိုးကြတာပေါ့။

{ဒီနေရာမှာ ကျွန်မတစ်ခုတွေးမိတယ်ရှင့်။ အော်..စီးချင်းထိုးတယ် ဆိုတာ ခုခေတ်မှ ပေါ်တာမဟုတ်ဖူး။ ဘုရားရှင် ဇနက္ကမင်းကြီးဘ၀မှာကတည်းက ရှိနေတာဘဲ လို့ပေါ့။ ဟုတ်တယ်လေ။ ကျွန်မက ဟောလိဝုဒ် ကလာတဲ့ သမိုင်းရာဇ၀င် ရုပ်ရှင်တွေမှာသာ  လှံရှည်ကြီးတွေနဲ့ သံချပ်ဝတ်စုံတွေနဲ့ မြင်းကြီးတွေစီးပြီး စီးချင်းထိုးကြတာမြင်ဖူးနေတာဆိုတော့။ ဥပမာ  အင်္ဂလန် ရာဇ၀င်မှာ ကင်းဂျွန်လို  ခရူးဆိတ်ဒါတွေ အိုင်ဗင်ဟိုး လို သူရဲကောင်းတွေ  ယောက်ျားပီပီ သူသေ ကိုယ်သေ နှစ်ဦးချင်း ချကြတာမျိုးပေါ့။
(ကျွန်မက အဲဒီကားတွေ ကြည့်ပီး ရောဘတ်တေလာကို စွဲနေတာ)

ဆရာကြီး ရွှေဥဒေါင်းဝတ္ထုတွေမှာလည်း နှစ်ဦးချင်း ကိုယ်သေသူသေ ယောက်ျားပီပီ စိန်ခေါ်ပြီး သေနပ်ချင်းယှဉ်ပစ်ခတ်ကြတာမျိုးတွေ တော်တော်များများ  ဘာသာပြန်ဝတ္ထုတွေမှာ ဖတ်ဖူးပါတယ်။ အဲဒါ တကယ့်ကို မွန်မြတ်တဲ့ စိတ်ဓါတ်ပါဘဲ။ ဘေးလူတွေ ထိခိုက်နစ်နာမှုမရှိတော့ဘူးပေါ့ မြန်မာရာဇ၀င်မှာလည်း ရှိပါလိမ့်မယ်။ မြန်မာရုပ်ရှင်ဒါရိုက်တာများက ရိုက်ကူးပြသသင့်တယ်လို့ ထင်တယ်။ }

ညီတော် နောင်တော် ပြိုင်ပွဲမှာ ကံနိမ့်တဲ့  နောင်တော် အရိဌ က ရှုံးနိမ့်သွားပါတယ်။ ကိုယ်ဝန်အရင့်အမာနှင့် ကျန်ရစ်တဲ့ မိဖုရားကြီးကို သူရှုံးနိမ့်ခဲ့ရင် စမ္ပါနဂိုလ်ပြည်က တက္ကသိုလ်ဆရာကြီး ဒီသာပါမောက္ခထံ ခိုလှုံနေထိုင်ဖို့ မှာထားခဲ့တော့ မိဖုရားကြီးက မင်းကြီးကျရှုံးသွာမှန်းလည်းသိရော တောင်းတစ်လုံးမှာ ပတ္တမြားစတဲ့ နန်းစဉ်လက်ဝတ်ရတနာ တစ်ချို့ထည့်၊ အပေါ်က ဟင်းသီးဟင်းရွက်ဖုံးလွှမ်းပြီး ဈေးသည်ဟန်ဆောင်လို့ အနောက်တံခါးကနေ မထင်မရှား ထွက်သွားရှာရော တဲ့။ မိဖုရားကိုယ်မှာ ဘုရားလောင်းဇနက္ကမင်းသားလေး သန္ဓေယူနေတာဆိုတော့ လမ်းခရီးမှာ အနှောင့်အယှက် အဟန့်အတားမရှိဘူး။ မြင်းရထားပေါ်တက်ရာမှာလည်း လှည်းခုံ ဟာ မြေသားနှင့်အညီ နှိမ့်ပေးတဲ့အတွက် အလွယ်တကူတက်နိုင်ပြီး တက္ကသိုလ်ပြည်ကို ရောက်ရှိသွားပါရော တဲ့။

မင်းသားလေးဖွားမြင်လို့ အရွယ်ရောက်လာတဲ့အခါ အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီး မယ်တော်ကို မရမကမေးကြည့်တော့ အဖြစ်မှန်ကို သိသွားရောဆိုပါတော့။ သိလဲသိရော မိခင်ထံက လက်ဝတ်ရတနာတွေကိုတောင်း ထုခွဲ သင်္ဘောကြီးတစင်းတည်ဆောက်လို့ မိထ္ထီလာပြည်ကို ရှေ့ရှူ ထွက်လာခဲ့တာပေါ့။ လမ်းခရီးမှာ လေပြင်းမုန်တိုင်းမိတယ်။ သင်္ဘောနစ်တော့ သားစားရေသတ္တ၀ါတွေဘေးကလွတ်အောင်  ရွက်တိုင်ထိပ်ဖျားကနေ ခုန်ချတယ်။ ခုနှစ်ရက်တိုင်တိုင် လက်ပြစ်ကူးတယ်။ မဏိမေခလာနတ်သမီးက ကယ်တင်ပြီး မိထ္ထီလာနေပြည်ပန်းဥယျာဉ်ထဲက ကျောက်ဖျားပေါ်မှာ သွားသိပ်ထားတယ်။ မိထ္ထီလာနေပြည်မှာက ပေါလဇနက္ကမင်းကြီး နတ်ရွာစံသွားလို့ မင်းမဲ့ တိုင်းပြည်ဖြစ်နေုတော့ ဖုတ်သွင်းရထားလွှတ်တယ်။ ကျောက်ဖျာဆီဆိုက်သွားတယ်။ မင်းသားလေးကို မင်းမြောက်တန်ဆာငါးပါးနှင်းအပ်တယ်။ နှမတော် သီဝလီမင်းသမီးကို လက်ဆွဲပြီး နန်းတက်တယ်။ နောက် မကြာခင် ထီးနန်းကို စွန့် ခွာလို့ တောထွက်သွားတယ် တဲ့။

ဒီဇာတ်ကို မေမေပြောရာမှာ မေမေက ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်တော့ ၇ရက်လောက် ဆက်ပြောရတာပါ့။ ဇာတ်က တော်တော်ရှည်ပါတယ်။ ဖုတ်သွင်းရထားလွှတ်ရတဲ့အကြောင်းကိုလဲ ရှင်းပြတယ်။ အမှန်ကတော့ သစ္စာအဓိဌာန်ပြု မြင်းကတဲ့လှည်းရထားမှာ မင်းမြောက်တန်ဆာငါးပါးတင်ပြီး မင်းလောင်းဆီ လွှတ်လိုက်တာပါဘဲ။ ကျွန်မတို့ ငယ်ငယ်ကလေ တကယ်ဘဲ ဖုတ်ကောင်ဝင်မောင်းတယ်ထင်လို့။ ကြောက်လိုက်ကြတာ မပြောပါနဲ့တော့။ ခုခေတ်များ အဲလို ဖုတ်သွင်းရထားရှိရင် သိပ်ကောင်းမှာဘဲ။ ပင်ပင်ပမ်းပမ်း ရွေးကောက်ပွဲတောင်  လုပ်ဖို့  မလိုတော့ဘူးနော။

Florist

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပါ့ဖြိုးရေ
ငယ်ငယ်ကတည်းက ကြားဖူးတာ ဖုတ်သွင်းရထားဆိုက်ခံရတဲ့သူက ဘုရင်ဖြစ်သတဲ့..
အင်း ခုခေတ်ကျတော့ ရွေးကောက်ပွဲအောင်မှ မင်းဖြစ်တာ..
အဲဒီ ရွေးကောက်ပွဲမြင်းကလည်း သမာသမတ်ကျဖို့ လိုသေးတာနော်။း)

မိုးနတ်ကြယ်စင် said...

အမရေ.ပို့စ်အသစ်လေးလာရောက်အားပေးသွားတယ်နော်

mstint said...

ပုံပြင်လေးပြန်ဖတ်ရင်း ဖြိုးဖြိုးရဲ့မင်းနှစ်ပါးစီးချင်းထိုးနေတဲ့ ပုံလေးကိုမြင်တော့ အတွေးတွေရှေးခေတ်ကို မျောသွားတယ်။ နိုင်ငံတကာ ရာဇဝင်ကားတွေကို တီတင့်က ကြိုက်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်