Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ဖြိုးဖြိုးဖတ်ဖို့. Show all posts
Showing posts with label ဖြိုးဖြိုးဖတ်ဖို့. Show all posts

Monday, March 09, 2015

တပေါင်းသာခေါင် လများနောင်

တပေါင်းသာခေါင် လများနောင် 
တပေါင်းရယ်တဲ့ ချိန်ခါမှီ ၊
ရွက်ဟောင်း ကို လေနှင်လို့ ၊
ပန်းတော်ဝင် ရွှေအင်ကြင်းရယ်၊သင်းပျံ့ ခဲ့ ပြီ။
နီတျာတျာ သန္တာနှစ်လိုပ ၊
စီအမြွှာညှာပရစ်ကယ်တို့  ၊
ဝနာသစ် ပြောင်းခါမှီ၊
ဆောင်းရာသီရယ်တဲ့ လောင်ကျွမ်း။
ဘရဂုဏ္ဏီမှာ တူအညီ သော်တာပြည့်ပါလို့ ၊
မျှော်ကြည့်သူ ကြည်ကြည်သာလို့ ၊
သည်အခါ ငွေသောင်ဦးမှာ၊
သဲပုံဆို စေတီထူးကို 
 ဖူးမျှော်ကြစမ်း။    ။ 
(အမည်မသိ)

Wednesday, October 01, 2014

သီတင်းကျွတ် လပြည့်ည

ဖြိုးဖြိုးဖတ်ဖို့
ကောင်းကင်ကြီးက ကြည်လင် အေးမြလိုက်တာ။ ဒီကနေ့ ဟာ သီတင်းကျွတ်လပြည့်နေ့ ။ 
အရပ်ထဲက ခလေးတွေ နေ့ မရှောင် ညမရှောင် အုံးအုံးကျွက်ကျွက် ညံစာ လို့  ဗြောက်ဖေါက်သူဖေါက် မီးပန်း ရှို့သူရှို့ ပျော်နေကြတယ်။ သူတို့ ဒီလိုပျော်နေကြတဲ့အကြောင်းရင်း ဘာ့ကြောင့်ဆိုတာ သူတို့ သိကြရဲ့လား။ သူတို့မိခင်တွေက ပြောပြကြရဲ့လား။ ခလေးတယောက်က ဘာကိုကြားလို့လည်းမသိ။ ... မင်္ဂလာ ဆောင် ပွဲလေး ကျင်းပ နေတယ်  သူများကို  အားကျမိတယ် အချစ်ကလေး ..ရယ်   ဘယ်လို လဲ ပြော ... တဲ့ ဆိုနေလိုက်တာ။ များသောအားဖြင့် လူတွေဟာ သီတင်းကျွတ်ရင် မင်္ဂလာဆောင်ပွဲတွေ လာတော့မယ် ဆိုပြီး လက်ဖွဲ့ ငွေအတွက် စိတ်ပူ နေကြသလား မသိနိုင်ပါ။
လပြည့်ညရဲ့  ပ၀င်းတဲ့ လမင်းဟာ ဗုဒ္ဓမြတ်စွာဘုရားကို သူ့ အလှ သူ့ ရောင်ခြည်နဲ့အားရ ပါးရ  ပူဇော်ဖို့ထွက်ပြူလာဟန်ရှိရဲ့။ ပြာမှောင်ရီလဲ့နေတဲ့ ကောင်းကင်ကြီးမှာတော့  ကြယ်ကလေးတွေကို  မတွေ့ရဘူး။ ဘယ်ဆီများရှောင်ပုန်းနေကြပါလိမ့်။ လရောင်ကို မတုပနိုင်လို့  အားမတန် မာန်လျော့ ပုန်းကွယ်နေသလား။

Tuesday, June 24, 2014

ကျောက်ဆည်မြို့ က ရိုးရာ ဆင်ပွဲတော်

ကျောက်ဆည်မြို့ဟာ မန္တလေးနဲ့ ဆိုရင်  မိုင် ၃၀ပဲ ကွာလှမ်းပါတယ်။ မြို့အ၀င်မှာတော့ မြန်မာမှု မြန်မာ့ဟန် သွန်းထုထားတဲ့ ရုပ်ကြွ ဆင်ကြီးနှစ်ကောင်က လှိုက်လှဲစွာ ဆီးကြိုနေမှာ ဖြစ်တယ်။တချို့ က ကျောက်ဆည်ကို ဆင်မြို့တော်လို့တောင် တင်စားခေါ်ဝေါ်ကြတာပါ။

ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ ဒီလို ဆင်ပွဲတော်မျိုး မရှိပါဘူး။ ဆင်ပွဲတော်ရဲ့ သမိုင်းကြောင်းကို နည်းနည်းပြောပြဖို့ ဆိုရင် အနော်ရထာ ဘုရင် ခေတ်ကို ပြန်သွားရပါလိမ့်မယ်။ အနော်ရထာဘုရင် ဟာ လယ်တွင်းကိုးခရိုင်  ဆည်မြောင်း ချောင်းကန်တွေ တူးဖေါ်ခဲ့တယ်ဆိုတာ လူတိုင်းသိမှာပါ။သီဟိုရ်ဘုရင့်ထံမှလည်း စွယ်တော်တဆူ ဆင်ဖြူတော်နှင့် ပင့်ဆောင်ခဲ့သေးတာပါ။ အဲလို ပင့်ဆောင်ရာမှာ ဘုရင်က အဓိဌာန်နဲ့  ဆင်ဖြူတော်ကို လွှတ်ပါတယ်။ ဆင်ဖြူတော်ဝပ်ရာ ဌာန နှစ်ခုမှာ ဘုရားစေတီ တဆူစီ တည်ပါတယ်။သာလျောင်းတောင် ဆင် ၀ပ်ရာကို  ရွှေသာလျောင်းဘုရားဆိုတာ တည်ထားကိုးကွယ်လျက် ခုတိုင် ထင်ရှား တည်ရှိနေပါတယ်။ ဆင်ကမယ့်သများဟာ မကမီ ရွှေသာလျောင်းဘုရားကို လက်ရာရစ် သုံးကြိမ်  ဦးတိုက် ကံတော့ကြရပါတယ် တဲ့။ 

အနော်ရထာမင်းကြီးဟာ သီတင်းကျွတ်လဆန်း၁၄ရက်နဲ့ လပြည့်နေ့များမှာ ရွှေဆင် ငွေဆင်အရုပ်နဲ့ တကွ လှူဖွယ်ပစ္စည်းတို့ကို ဆင်ပေါ်မှာ တင်ပြီး လှည့်လည် လှူဒါန်းစေပါတယ်။ဒါ့ကြောင့်လည်း ဆင်လှူပွဲတော်လို့ ခေါ်တာပါ။လှည့်လည်ရတဲ့ အကြောင်းရင်းက လူတို့ ကြည်ညိုစေရန် သာဓုခေါ်ယူနိုင်စေရန် ဖြစ်ပါသတဲ့။အနော်ရထာခေတ်ကတည်းက ခုချိန်ထိ ဆင်လှူပွဲ ပြုလုပ်ခဲ့ရာမှာ  တဖြည်းဖြည်း နားရွက် လှုပ်တဲ့ ဆင် ဦးခေါင်းလှုပ်တဲ့ဆင် များကို တီထွင်လာရာက လူပါ ၀င်ကနိုင်တဲ့ ဆင်ကြီးများကို ၀ါးနှင့် ခွေ ရစ်ပြီး ဆန်းသစ် တီထွင် လာကြတယ်။ ကျောက်ဆည်သား ဆရာငယ် တီထွင်လိုက်တဲ့ “နွဲ့ဆိုး" ဆင်ဟာ အလွန်နာမည်ကြီးပါတယ်။ သူ က လိုက်ရင် နွဲ့တဲ့တဲ့ ဆိုးတိုးတိုး မို့ လူတွေ ကြည့်လို့ မရိုး နိုင် ကြည့်မ၀ ရှုမ၀နိုင်ကြပါဘူး တဲ့။

ဆင်ရုပ်ကြီးထဲကို ရှေ့တယောက် နောက်တယောက် လူဝင် ကကြရတာပါ။ အဲလို ကတဲ့အခါ ရိုးရာ ဆင်အက ၊ ဘော်ကြယ်အက၊ ဆင်ကလေးအက ရယ်လို့ သုံးမျိုးရှိပါတယ်။
ဆင်ကတဲ့အခါ  အစဉ်အလာအရ ဆိုရင် ပထမ ဘုရားကံတော့ခန်း။ ဆင်ဖမ်းခန်း။အယိုင် အကခန်း ရယ်လို့ ပိုင်းခြားနိုင်ပါသေးတယ်။အဲလိုမျိုး ကတဲ့အခါ မြန်မာ့တူရိယာ ပစ္စည်းတွေကိုသာ သုံးစွဲ တီးမှုတ်ကြပါတယ်။မောင်း။ ဒိုး။နှဲ။ လင်ကွင်း။ ၀ါးလက်ခုပ်။ အိုးစည် စတဲ့ တူရိယာများနဲ့ ဇတ်ကွက် ဇတ်လမ်းဆင် ကကြတာမျိုးလည်း ရှိပါတယ်။ အလွန်ကြည့်ကောင်းတဲ့ပွဲပါ။ အနော်ရထာ ခေတ်ကနေ ရေတွက်ကြည့်ရင် နှစ်၉၀၀ ကျော် ကြာမြင့်လာသည့်တိုင် မရိုးနိုင်ပဲ ယနေ့တိုင် ခေတ်စားနေဆဲ ဖြစ်ပါတယ်။ပိုလို့ ပိုလို့ ခေတ်စားလာတယ် လို့တောင် ပြောရမှာဖြစ်တယ်။ဒီလို ရိုးရာမပျက် ထိမ်းသိမ်းစောင့်ရှောက်ခြင်းဖြင့် အနော်ရထာ မင်းကြီးကို ကျေးဇူးတုံ့ပြန်ရာရောက်ပြီး စပါးဆန်ရေ ပေါများကြွယ်ဝစေတယ်လို့ ကျောက်ဆည်သားတို့က အယူ ရှိပါတယ်။

ကမ္ဘာလှည့် နိုင်ငံခြားသားများအကြိုက် ပွဲတော်တခု ဖြစ်မယ် ဆိုတာလည်း  သေချာပြောရဲပါတယ်။

ခင်မေသစ် 
ကိုးကား မြန်မာ့အလင်း သတင်းစာ။အောက်တိုဘာလ ၇ရက်၊ တနင်္လာနေ့ ၊ ၂၀၁၃

Monday, December 02, 2013

ဆယ့်နှစ်လရာသီ

မဟာ ပိန်းနဲရယ်နဲ့ နတ်ပွဲ ..အလီလီ.. 
အော် .နတ်တော်လမှာတော့ ..ပျော်ကြ. ပါးကြသည်…..

ဘာလိုလိုနဲ့ နတ်တော်လကို ရောက်ခဲ့ပြန်ပြီ။ဖြိုးဖြိုးရေ..။ နာရီလက်တံတွေက နှေးကွေးလိုက်တာ လို့ တခါတလေ အောက်မေ့မိပေမဲ့ တကယ်တော့ တဂျက် ဂျက် သူရွေ့ရှားနေပုံက မြန်ပါတယ်။ဟိုတလောကတင် လူ တွေ Happy New Year ဆိုပြီး သံကုန်အော် ကြိုခဲ့ကြတာ ဘာမှ မကြာသေးဘူး။ ခု သူတို့ပဲ နိုဝင်ဘာကို ရက်ရက်စက်စက် နှင်ထုတ်လို့ ပေါင်မုံ့တချပ် ၀ိုင် တခွက်နဲ့ ဒီဇင်ဘာကို ကြိုဆိုနေကြပြီလေ။ ပြီးရင် သူတို့ပဲ သွားတော့ ဒီဇင်ဘာရေလို့ နှင်ထုတ်ကြဦးမယ်  နှစ်သစ် ဇန်န၀ါရီဆိုပြီး ကြိုဆိုကြဦးမယ်။ တတ်လည်း တတ်နိုင်တယ်။ ဟင်း…

ဘာပဲဖြစ်ဖြစ် မေမေကတော့ နေ့လ နာရီတွေ အချိန်တွေ ကုန်ဆုံး ပြောင်းလဲ နေတိုင်း မေမေ၀င်းရဲ့ သီချင်းကလေးကို ကြားယောင်နေတယ်။ ဗိုလ်အောင်ဒင် ရုပ်ရှင်ကားထဲမှာ  မမြ၀င်း(မေမေ၀င်း) က သူ့ချစ်သူ ပုလိပ်အရာရှိ ဦးဘချစ်ကို တမ်းတပြီး ဆိုတဲ့ သီချင်းပါ။ ခင်မောင်ရင် (ဗိုလ်အောင်ဒင်)ဟာ လူဆိုးကြီးမဟုတ်ပါဘဲ လမ်းစရိတ်ရှာရင်း  မလွှဲမရှောင်သာ မမြ၀င်း ကို ပြန်ပေးဆွဲသွားရတာလေ။
သီချင်းလေးက တစ်လပြီးတစ်လ ရာသီပန်းတွေရော ကြယ်နက္ခတ်တွေရော ရာသီပွဲတွေရော ဖေါ်ပြထားတယ်။ သီချင်းရေးဆရာက ဂီတာသောင်း တဲ့။

အော်..တနေ့ တနေ့ ရယ်နဲ့ တရွေ့ရွေ့ အချိန်ကုန်ပြီ.. နှစ်လတာရှည်…ဘယ်အချိန်ကျကာမှ..မြနဲ့လေ…
ချစ်သူမောင်နဲ့ ပေါင်း..ရမယ်လို့ …မျှော်မှန်း ..ဆ .ကာပ  တမ်း .တနေသည်….ဆယ့်နှစ်လ ရာ ..သီ…
မမြ၀င်းက သူ့ချစ်သူနဲ့ လက်ထပ်ဖို့ စေ့စပ်ထားပြီးပါ။ အင်စပက်တော်မင်းက အလုပ်မအားနိုင်လို့ ကြန့်ကြာနေခိုက် ..ဗိုလ်အောင်ဒင် ဖြစ်မဲ့သူ ခေါ်ဆောင်ရာနောက် ..လိုက်ပါသွားရတာကိုး။

တန်ခူးလ  .သင်္ကြန်ခါမှီ ..ချစ်သူ သက်လှယ် ..မောင်လာမယ် ပြော …ပြော…၊ မျှော်ရသူ  မြကလေးမှာတော့…စိတ်မအေးစရာ  ..ကြုံ လာပြန်သည်..။ကဆုန်လ၀ယ် ..ညောင်ရေပွဲ..မောင်နဲ့ နွဲ  ..ရပါမည်..။ နယုန် ..လကုန်    ၀ါဆို အတွင်း…ပုန်းညက်ညို  ..မာလာမင်းက ..သင်း..လှတဲ့ ….ဒီချိန်ခါမှာ…မောင်မလာ  .ရှောင်ခွာပြေး..ဝေးရပါပြီ… အော် …လေးလရာသီ…ရှိပြီ  မောင်ရဲ့  ..မေ့ကာ နေသလား…ရက်စက်လေ  အား..သည်။

တစ်န့ တစ်နေ့ ရယ်နဲ့ အချိန်တွေ ကုန်လာလိုက်တာ ..ဦးဘချစ်က ပေါ်မလာပါဘူး။ ရင်တမမနဲ့ သူ့  မှာလည်း စိုးရိမ်ပူပန်နေရတာပါ။ မြမြဘယ်ရောက်နေမှန်းမသိပါဘူး။ ဗိုလ်အောင်ဒင် ဘယ်ရောက်နေမှန်း ..မသိနိုင်ပါဘူး။ မြမြ ဘာဖြစ်နေပြီလဲ သူ မသိ နိုင်တာတွေပါ။ စုံစမ်းနေဆဲပါ။ ဦးဘချစ်ရဲ့ အရည်အသွေးကို စိတ်ချယုံကြည်နေတဲ့ .မြမြခမြာ..တနေ့သော်လည်း ရောက်လာနိုး တနေ့သော်လည်း ရောက်လာနိုး သီချင်းကလေး ဆို ဆိုပြီး မျှော်နေရှာတာပါ။။ 

 .ဗိုလ်အောင်ဒင် ရုပ်ရှင် ကို  မေမေ ၁၁နှစ် ၁၂နှစ် သမီးလောက် ရှိအုံးမယ်။ အကိုကြီး မောင်ကြည်ရှင် ပြလို့ ကြည့်ခဲ့ရတယ်။ မေမေ၀င်းက.အော်...တနေ့  တနေ့ ရယ်နဲ့  ..လို့ အစချီကာရှိသေး မေမေက မျက်ရည်တွေ ၀ိုင်းလာနေပြီ။ အဲဒလောက် မေမေ၀င်းက အဆိုပိုင်တာပါ။
မြမြက တော့ .ဘာ့ကြောင့် သူ့ကို ရှာမတွေ့တာလဲ မသိပါဘူး။ ချစ်သူက စိမ်းသွားလေပြီလား တွေးပူနေရှာတယ်။ တလပြီး  တလ မျှော်နေရတာ လေးလ ရှိပါပြီ။တဲ့။

ရာသီ ချိန်ဝယ်.. နေမိန္ဒရ….၀ါခေါင် လမို့ ..တမ်းတကြာရှည်. ..ဤရာသီ..တော်သလင်း..မှာ 
..အော် ..မျှော်ရင်း..ကျွန်မကတော့ ..လွမ်းရပါသည်..၊

ရက်လ ကြာလာသည်နဲ့အမျှ ဗိုလ်အောင်ဒင်ကလည်း မမြ၀င်းအပေါ် သနားစိတ်ဝင်ပြီး ချစ်လာတယ်။ဒါပေမဲ့ သူက သစ္စာ ရှိတယ်ကွဲ့။ မမြ၀င်းဆီက အချစ်ကို ရိုးရိုးသားသား တောင်းခံတယ်။  လက်ဖျားနဲ့တောင် မထိဘူး။ မမြ၀င်းကို သနားပေမဲ့ သူကလည်း ချစ်နေတော့ ပြန်မပို့ ချင်တာလည်းပါတယ်။

 ဗိုလ်အောင်ဒင် ကားထဲမှာ ခင်မောင်ရင် ဆိုခဲ့တဲ့ သီချင်း လေးတွေ အရမ်းကောင်းတယ်။ သနားဖို့လည်းကောင်းတယ်။ဘာဂျာလေး ဆွဲပြီး ဆိုတဲ့ သီချင်းဆို မေမေက ခုထိ မြင်ယောင် ကြားယောင်ဆဲပေါ့။ ဆင်း…ရူပကာ ..မြင်ကတဲက  ဘ၀င် ထဲမှာတော့ ကွယ်..ဆိုတဲ့သီချင်းပေါ့။ ရုပ်ကော အသံကော ချောတာရော ခန့်တာရော..ခင်မောင်ရင် ကို မှီတဲ့သူ ခုခေတ် ထိ မပေါ်သေးဘူး။(မေမေ့အထင်)

တဖြည်းဖြည်းနဲ့  သာမန် တောသားလေး အောင်ဒင်ဟာ လူကုံထံ အသိုင်းအ၀ိုင်းမှာဝင်ဆန့်ပြီး  နာမည်ရ ထင်ရှားလာတယ်။မြေပေါ်မှာတော့ သူက မရှိဆင်းရဲတွေကို ပေးကမ်းထောက်ပံ့နေတဲ့ အလှူရှင် သူဌေးကြီးပေါ့။ နောက်ကွယ်မှာတော့ မျက်နှာဖုံးစွပ်ပြီး ကုန်တိုက်တွေ ဘဏ်တိုက်တွေ ၀င်စီးတယ်။မတရား ချမ်းသာနေတဲ့ သူတွေထံက ငွေကို တရားသဖြင့် ရအောင် အလှူခံတယ် လုတယ်ပေါ့။ဗိုလ်အောင်ဒင်ဟေ့ ဆိုရင် ဖိန့်ဖိန့်တုန် ကြောက်ကြရတော့ ဘယ်သူမှ ကြာကြာ မဆိုင်းရဲဘူး။ထုတ်ပေးကြရတယ်။မျက်နှာဖုံးစွပ်နဲ့ဆိုတော့ ဗိုလ်အောင်ဒင် ဆိုတာ ဘယ်သူလဲ  ရဲကတောင် မသိဘူး။

လျှပ်တပြက် အသွင် ပြောင်း လှုပ်ရှားတတ်သူ  သွက်လက်ဖြတ်လတ်သူ ဆိုတော့ ရဲက လိုက်မမှီဘူးပေါ့။
အင်္ဂလိပ်အစိုးရ အုပ်ချုပ်မှု အောက်မှာဆိုတော့ wanted ထုတ် ရတဲ့ အထိပါပဲ။ ဆုတော်ငွေ ဘလောက် ပေးမည်ပေါ့။သတင်းစာတွေကနေ ကြော်ငြာတာ ဘယ်ဘဏ်တိုက်ကို ၀င်စီးတာ ဖြတ်ကနဲ ဖြတ်ကနဲပြသွားတာ တော်တော်ကောင်းတယ်။ဒါရိုက်တာက ရွှေဒုံးဘီအောင်လားမသိဘူး။ 
ဒီလိုနဲ့ အချိန်ရာသီက ရပ်မနေတော့ ရှစ်လ ရှိခဲ့ပါပြီ တဲ့။ မမြ၀င်းက..။

ဆီမီး ရောင်ရှိန် ..ထိန်ဝါလင်း…သီတင်းကျွတ်တော့ မည်   သီတင်းကျွတ်တော့မည်..အော်..သီတင်း ကျွတ် တော့မည်..တန်ဆောင်မုန်း..မှာ..မောင်ဖုန်း ..မလာတော့  ..နှစ်လ တာရှည် ..ရှစ်လ ရာသီ..ရှိပြီ ..မောင်ရဲ့ …မေ့ကာ နေသလား ..ရက်စက်လေ အား..သည်။
ဗိုလ်အောင်ဒင် က လူလည်ကွဲ့ သူ့နောက်  ဘသူမှ လိုက်မလာနိုင်အောင် တတောဝင် တတောထွက် တတောင်တက် တတောင်ဆင်း အမြဲ နေရာပြောင်းတယ်။ ဆင်တွေနဲ့ သွားရတယ်။

မဟာ ပိန်းနဲရယ်နဲ့ ..နတ်ပွဲ အလီလီ..အော်..နတ်တော်လမှာ..တော့ …ပျော်ကြ ..ပါးကြ သည်…ပြာသိုမှာ ..ခွာညိုသင်း..တယ် …မြူနှင်းတွေ…ဝေေ၀ စီစီ..မောင်..လာမယ်ဆိုတဲ့ ရက်ကို….မြကလေး…မျှော်ဆဲ….
နတ်တော်လမှာတော့ နတ်ပွဲ အလီလီ ဆိုသလို  နတ်တွေ မြူးတဲ့ လပေါ့။ မေမေတို့ က ထေရ၀ါဒမို့ နတ်ပွဲတွေနဲ့ ကင်းပေမဲ့ မြန်မာနိုင်ငံ တ၀ှမ်းက လူတွေ လူတွေ ဆိုင်ရာ ဆိုငရာ် နတ်ပွဲ တွေရှိရာ သွားကြ ပျော်ကြ ရေကြည်ဆက်ကြ ဘာဆက် ညာဆက်ကြပေါ့။ မသွားမဖြစ် သွားကြရတဲ့ သူတွေ  ခုထိ ရှိတယ်။

တပိုတွဲ..ပေါက်လဲ ငယ် ..တဲ့  ထိန်ထိန်လျှံ…..ကျေးငှက်သံ တစာစာ နဲ့  …ထမနဲ ပွဲလဲ  နွဲ ကြပြီ…
မိန်ရာသီ…လတပေါင်း..မှာ…..ရွက်ဟောင်း..ကြွေ လျက်…..မောင်မလာ ..ရှောင်ခွာ ထွက် တော့ ..ဆယ့်နှစ်လ ရာသီ..အော်…ဆယ့်နှစ်လ ရာသီ….ရှိပြီ  မောင်ရဲ့ …မေ့ကာနေသလား…ရက်စက်လေအား…သည်..။

ကဲ ဖြိုးဖြိုးရေ..ခေတ်ဟောင်း မြန်မာ ကျေးလက် တေးသီချင်းတွေဟာ ဘယ်လောက် အဆီအနှစ် ပါသလဲ။ သုတ ရသ ဘယ်လောက် စုံလင် သလဲ။ ချစ်သူကို လွမ်းတာ ရိုးရိုးလွမ်းတယ်မပြောဘူး။ အဆီအနှစ်တွေ ရသ တွေ သုတတွေနဲ့ လွမ်းပြီးပြောတာ နော။ အသံသာတာရော။ ဒီသီချင်းမှာ မြန်မာဆန်တာရော သိမ်မွေ့တာရော ယဉ်ကျေးတာရော.မျိုးစုံ တွေ့ရလိမ့်မယ်။
ဒီသီချင်းကလေးတွေ မပျောက်ပျက် စေချင်ပါဘူး။ ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ မေမေကတော့ ထင်တာပဲ။

ခင်မေသစ်

Saturday, November 16, 2013

ဆေးပေါင်းခတဲ့ လပြည့်ည

ကျွန်မတို့ နေပြည်တော်ပျဉ်းမနားမှာ ယခင်နှစ်များက အကန့်အသတ်နဲ့ သာ ကျင်းပခဲ့ရတဲ့ နှစ်ကျိပ်ရှစ်ဆူ ဘာသာရေးပွဲတော်ကြီးဟာ အသွင်ကူးပြောင်းရေးကာလမှာ  အေးချမ်းပျော်ရွှင်စွာ စည်းစည်ကားကား ခမ်းခမ်းနားနား ညလုံးပေါက်  အောင်အောင်မြင်မြင် ကျင်းပ ပြီးစီးခဲ့တာ ၀မ်းမြောက်စရာပါပဲ။

ဝတ်ဖြူတော်အသင်းအဖွဲ့အားလုံးနှင့် ဋ္ဌာနဆိုင်ရာ အားလုံး ဟာလဲ စည်းကမ်းရှိရှိ တက်ညီ လက်ညီ ပူးပေါင်းလက်တွဲလို့ ပွဲတော်ကြီးမှာ ပါဝင်ဆင်နွဲသွားကြတာ အားရစရာ မြင်တွေ့ခဲ့ရပါတယ်။ လူငယ်တွေကလဲ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အဆိုတော်ကားများကို အားပေးခဲ့ကြတယ်။

မယ်တော်မိနတ်သားအမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းအား အဦးဆုံး အဘိဓမ္မာတရားတော်ကို ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရှင် တာဝတိံသာမှဆင်းသက်ကြွမြန်းလာချိန်  ရည်မှန်းပူဇော်ခဲ့ကြတဲ့ သီတင်းကျွတ် မီးပူဇော်ပွဲကြီး ပြီးပြန်ပါပြီ။
“သီတင်းကျွတ်ပွဲတော်ကြီး ..ပြီးတော့..တန်ဆောင်မုန်း  တန်ဆောင်တိုင် .. ဆီမီးကမြိုင်.. မသိုးအလှ  မြတ်သင်္ကန်း ကပ်ဖို့ …ရွှေတိဂုံ .. ကုန်းတော်  ကြိုင်ကာလှိုင် .. ယက္ကန်းခတ်သံ ကလေးက .. အလွန်ပဲ.. မြိုင် ..  မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ..ကထိန်ပွဲကျင်း..ပါတဲ့ .. လတန်ဆောင်တိုင်..” တဲ့။
 တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီး ကျင်းပကြဖို့ အချိန်ရောက်လာပြန်လာပါပြီ။

မြောက်ပြန်လေ သွင်းပါလို့ ငွေနှင်းရယ်စိုစို ၊
မြင်တိုင်းငယ် ပြိုသည် ရွှေကျီးညိုတာရာနှင့်၊
ကြတ္တိကာ ထွန်းတဲ့လကိုလေး။

တန်ဆောင်ငယ်မာသ၊ဆယ့်နှစ်လတွင် ၊
ချမ်းမြဧယင်၊ဗြိစ္ဆာခွင်သို့ ၊ရက်ငင်ပြောင်းခွာ၊
ခ၀ဲညှာလဲ၊ ခိုင်လွှာဝတ်မုံ၊ရနံ့ထုံတယ်၊
ဘုန်းဂုဏ်ကြော့သမ္ဘိန်၊မှာ၊
လှူကထိန် သဘင်ခင်းပါလို့၊
ကျင်းကြတယ်လေး။       ။

တကယ်တော့ တန်ဆောင်မုန်းလဟာ  လတကာတို့တွင် အမြတ်ဆုံးလို့လဲ သတ်မှတ်ခံထားရတာပါ။ကြတ္တိကာနက္ခတ်နဲ့ ကျီးတာရာနက္ခတ်တို့ဟာ စန်းလနဲ့ယှဉ်ပြိုင်ထွန်းလင်းတဲ့အချိန်လို့ဆိုပါတယ်။ ခ၀ဲညွန့်ခ၀ဲပန်းရနံ့ တို့ကလဲ လေယူရာ သင်းထုံပျံ့ နှံ့ လို့ နေပါတယ် တဲ့။ ရာသီပန်းက ခ၀ဲပေါ့။

လှူကထိန်သင်္ကန်းနဲ့ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ် ဆိုတဲ့အတိုင်း ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ့ ကျင်းပကြတာဟာ ဒီတန်ဆောင်မုန်းလပါပဲ။ တောင်ထိပ်မီးပွဲသဘင်လ၊ လည်း ဖြစ်ပါတယ်။ သင်္ကန်းနဲ့တကွ ရဟန်းတော်များအတွက် လိုအပ်မဲ့ အသုံးအဆောင်ပစ္စည်းမျိုးစုံ လှူဒါန်းကြပါတယ်။ဆွမ်းတော်ကြီးပွဲတင်ခြင်း စသည် ပြုလုပ်ကြတယ်။ တချို့မြို့နယ်တွေမှာ နိဗ္ဗာန်ဈေးတို့ စတုဒီဿာတို့ ဖွင့်လှစ် ခြင်း ကျွေးမွေးခြင်းဖြင့် ကုသိုလ်ယူကြတယ်။

တချို့ကလဲ မြန်မာနိုင်ငံရဲ့ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဘုရားပွင့်တော်မူရာ အိန္ဒိယနိုင်ငံရဲ့ သီတင်းကျွတ်လပြည်နေ့နဲ့ထပ်တူဖြစ်နေတဲ့အတွက် ဒုတိယအကြိမ်မြတ်ဘုရားအား ဆီမီးပူဇော်ခြင်းဖြစ်တယ်လို့လည်း ယူဆကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညဟာ နက္ခတ်တာရာ အစုံလင်ဆုံးညမို့ ဆေးပေါင်းခတယ်လို့ အယူရှိပါတယ်။ အထူးသဖြင့်မဲဇလီပင်မှာ  ဆေးပေါင်းခတယ်လို့ ရှေးလူကြီးများက ယူဆကြပါတယ်။

လ ဟာလဲ မိုးသားကင်းစင်ပြီး အ၀န်းအ၀ိုင်းပိုကြီးမားပါတယ်။ ပိုပြီးထိန်ထိန်ညီးနေတတ်ပါတယ်။ အဲဒီ ထိန်ညီးနေတဲ့ လရောင်အောက်က ကွပ်ပြစ်ပေါ်မှာ ကျွန်မတို့ ငယ်ငယ်က လက္ဘက်ရည်ကြမ်းနဲ့ မဲဇလီဖူးသုတ်ကို နှမ်းမြေပဲ နိုင်နိုင် ကြက်သွန်ကြော်ဆီကျက် နိုင်နိုင်ဆမ်း အချဉ်ကလေးညှစ်ပြီး အမေက ကျွေးလို့ တ၀ကြီး စားခဲ့ရတယ်။
(ဖြိုးဖြိုးကိုတော့ ..လျှပ်စစ်မီးတွေ ထိန်ညီးနေတဲ့ ရန်ကုန် တိုက်ခန်းထဲမှာ မဲဇလီဖူးသုပ်ကျွေးခဲ့ဖူးပါတယ်။)

အထူးသဖြင့် တန်ဆောင်မုန်းလမှာ  မသိုးသင်္ကန်းယက်လုပ်ပူဇော်ကြတဲ့ အစဉ်အလာရှိပါတယ်။မသိုးသင်္ကန်းရဲ့ အဓိပ္ပါယ်ကတော့ နေ့မကူး လမကူး တနေ့တည်း အပြီး ဗိုင်းငင် ၀ါဖတ် ဆေးဆိုး ယက်လုပ် ချုပ်ကြရပါတယ်။ မနက်မိုးလင်းလင်းချင်း ရွှေတိဂုံဘုရားမှာ မသိုးသင်္ကန်းကပ်လှူကြတာ တွေ့ဖူးကြမှာပါ။ ယက္ကန်းစင်တော် တွေကို သုဇာတာ၊ သုမာလာ၊ သုနန္ဒာ စသည်အမည်ပေးပြီး နှစ်ယောက်တတွဲ ယက်လုပ်ပြိုင်ပွဲဝင်ကြရတယ်။ အင်းလေးဒေသမှာတော့ ကြာသင်္ကန်းဆိုတာ ယက်လုပ် ပူဇော်ကြတယ်။ တကယ့် ကြာပန်းအရိုးတွေက အမှေးပါးလေးတွေကို ခွာယူ အမျှင်ပြု ယက်လုပ်ထားခြင်းဖြစ်တယ်။

သီတင်းကျွတ်မှာ မီးထွန်းတဲ့အဓိပ္ပါယ်က ဘုရားရှင်ကို ရည်မှန်းပြီး ပူဇော်ခဲ့ကြတာဖြစ်ပြီး တန်ဆောင်တိုင် မီးထွန်းတာက အမှန်အတိုင်းဆိုရင် ရှေးရှေးမင်းများအုပ်ချုပ်စဉ်အခါသမယက  တောင်ထိပ်နက္ခတ်ပွဲသဘင် ဆင်ယင်ကျင်းပရာမှာ ကြတ္တိကာ လို့ အမည်ရတဲ့ ဖျောက်ဆိတ်ကြယ်ကို ရည်မှန်းပြီး နက္ခတ်ဆရာတွေက  မီးနတ်ာသားကို ပူဇော်တဲ့အနေနဲ့ မီးထွန်းညှိတာဖြစ်ပါတယ် တဲ့။ အဲဒါကြောင့် တောင်ထိပ်မီးပွဲ သဘင်လလို့ ခေါ်ပါတယ်။ ရှေးအခါက ဒီလို တန်ဆောင်တိုင်ညမျိုးဟာ မိုးသားတိမ်လိပ်တွေ ကင်းစင်ပြီး ရာသီဥတု သာယာလွန်းတာကြောင့် တောင်ထိပ်ပေါ်မှာ ပျော်ရွှင်မြူးထူးစွာ နက္ခတ်ပွဲသဘင် ဆင်ယင်နေတဲ့ စတုမဟာရစ်ဘုံက နတ်ဒေ၀တာတွေကိုတောင် လူတွေ က မြင်နိုင်ပါသတဲ့။

ဦးပုညရဲ့ ရေသည်ပြဇာတ်မှာတောင် ရေသည်ယောက်ျားမြောက်မြို့ရိုးကြား ပြေးပြေးယူရတဲ့ အသပြာပဲနိဝက်ဟာ   အဲဒီ နက္ခတ်ပွဲသဘင်မျိုးမှာ  သုံးဖြုံးပါဝင်ဆင်နွဲနိုင်ဖို့ပါပဲ။ ပြီးတော့သီဝိဘုရင်ကြီးကို  ပန်းတွေနဲ့ ကြဲပေါက်ခဲ့တဲ့အလှထိပ်ခေါင်တင်ဥမ္မာဒန္တီကို တဒဂ်ကလေး မြင်ရရုံနဲ့   ဆင်ထက်ကကျလို့ သွက်သွက်ခါ အောင် ရူးသွားရတာလဲ  ဒီလို တန်ဆောင်တိုင်ညရဲ့ နက္ခတ်ပွဲသဘင်မျိုး မှာပါပဲ။ လူငယ်တွေကတော့ကျီးမနိုးပွဲ နဲ့ ပျော်ကြ ပါးကြတယ်။ ပစ္စည်းတွေ ဟိုရွှေ့ ဒီရွှေ့ လုပ်တာ ခိုးတာဝှက်တာ အချင်းချင်း ကျီစားကြတာမျိုးလဲလုပ်ကြတယ်။

ဘခင်ကိုပြစ်မှားမိတဲ့ အဇာတသတ်မှာတော့ဒီလို သာတောင့်သာယာထွန်းလင်းတောက်ပနေတဲ့ လရောင်အောက်မှာ မအေးမြနိုင်ဘဲ သူ့တကိုယ်လုံး မီးလို ပူနေသတဲ့။ အမတ်ကြီးတချို့ရဲ့ တိုက်တွန်းချက်နဲ့ အသိတရားဝင်ပြီး မြတ်စွာဘုရားကျောင်းတော်ကို တခမ်းတနားထွက်ကြွခဲ့တာလဲ ဒီတန်ဆောင်မုန်းလပြည့်ညပါပဲ။ အဇာတသတ်မင်း အေးရိပ်ရှာတဲ့ည ဟာ ဒီတန်ဆောင်မုန်းလပြည့်ည ဖြစ်ပါတယ်။

ရာသီက စိုစွတ်ဟန်ရှိပေမဲ့ များသောအားဖြင့် ခြောက်သွေ့ပြီး ပြာလွင် ထိန်တောက်နေတဲ့ ကောင်းကင်အောက်မှာ  လက်ဝဲလက်ယာ မီးရှူးမီးတိုင်တွေ ထွန်းညှိပူဇော်လို့ ဆင်မြင်းရထားဗိုလ်ပါ မောင်းမမိဿံ အစုံအလင်နဲ့ အမှားကိုပြင်ဆင်ဖို့ တခန်းတနားကြွချီလာတဲ့ အဇာတသတ်မင်းဟာ ဘုရားကျောင်းတော်နဲ့နီးလာလေလေ စိတ်ကြည်နူးချမ်းမြေ့လာလောလေ ဖြစ်လာပါရော။ ဘုရားရှင်ကလည်း သာမညဖလသုတ္တန်ကို ဟောကြားဆုံးမတော်မူဖို့ အသင့်စောင့်ဆိုင်းနေတာပါ။ ဒီလိုညမျိုးမှာ အဇာတသတ်ဟာ လမ်းမှန်ရောက်ပြီး သောတာပန်ဝင်ခဲ့ပါတယ် တဲ့။

လူသားအားလုံးဟာလဲ မိမိတို့မှာ အပြစ်ရှိတယ်လို့ ခံယူမိရင် ပြန်လည်ပြင်ဆင်ဖို့ အချိန်မနှောင်းသေးပါဘူး။ မိမိတို့ ယုံကြည်သလို မိမိတို့ဘ၀ကို အလှဆုံးဖြစ်အောင် တန်ဘိုးရှိစွာ ဖန်တီးရယူနိုင်ဖို့ လိုပါတယ်။ ဒါဟာ ဗုဒ္မဘာသာဝင်ကောင်းတွေရဲ့ အမူအကျင့်တွေပါဘဲ။

သတိရလို့ ပြောချင်သေးရဲ့။ ဖြိုးဖြိုးတို့ ငယ်ငယ်က တပ်တွင်းဓမ္မာရုံရှေ့မှာ အယူလွဲတဲ့ သစ္စက ပရဗိုဇ်ကို ဘီလူးက တင်းပုတ်ထု ဆုံးမတဲ့ပုံ စက်ခလုတ်တွေနဲ့ဆင် ပြသပါတယ်။ အရုပ်တွေက တလှုပ်လှုပ်နဲ့ ဘီလူးက ထုလိုက် ရသေ့က  ရှောင်လိုက် ဖြိုးဖြိုးတို့ မောင်နှမ  သိပ်သဘောကျကြတာလေ။ ကြည့်လို့ မ၀ကြဘူး။ မပြန်ချင်ကြဘူး။ခု ဖြိုးဖြိုးကို မှတ်မိလားမေးတော့ လှုပ်လှုပ်တွေပဲ မှတ်မိသတဲ့။

အရေးကြီးတာကလေးတစ်ခု ပြောဖို့ မေ့တော့မလို့။ ဒီတန်ဆောင်မုန်းလဆုတ်(၈)ရက်နေ့ဟာ ပါတော်မူနေ့ဖြစ်ပါတယ်။၁၂၄၇ခုနှစ် တန်ဆောင်းလဆုတ်(ဂ)ရက်နေ့ဟာ ပါတော်မူနေ့ပါ။ အင်္ဂလိပ်ခေတ်က တားမြစ်ခဲ့တာကြောင့် ပါတော်မူနေ့ရယ်လို့ ကျင်းပခွင့် မရခဲ့ပေမဲ့  တေးရေးဆရာ ရွှေတိုင်ညွန့်ကတော့  ဒီလို ရေးဖွဲ့ခဲ့တယ်။

”ထောင့်နှစ်ရာ လေးဆယ့် ခွန်နှခု နှစ်မှာ.. အတည် ..တန်ဆောင်မုန်း.. လဆုတ်.. (ဂ)ရက် နေ့ကိုတော့… မမေ့နိုင်ပါ သည်။   ယနေ့တိုင်တာရှည်… ရေမြေ့ရှင်ကို….ယူငင်ကာ သွား××တော့…လူရှင်တကာ အများ..တို့ …ကြေကွဲကြလို့ ..ရေနဲငါးပုံညီ….အော် …သီပေါရာဇာ..ပါတော်မူရှာပြီ..။ ကိုယ့် ဘုရင် ..ကိုယ့်..သခင်ကို မျှော်မှန်းရည် ..ယနေ့တိုင်..မမေ့နိုင်ပါတော့....သည်..”

ဒီသီချင်းကို စိန်ပါတီက သီဆိုထားပြီးတော့ မာမာအေးက ပြန်လည်သီကြူးခဲ့ရာမှာ လူတွေ မျက်ရည်ပေါက်ပေါက်ကျအောင် ဖမ်းစားနိုင်ခဲ့တယ်။ ဘုရင်စံနစ်ကို တမ်းတနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်မင်း ကိုယ့်ချင်းဘ၀ကနေ ကျွန်သပေါက်ဖြစ်ခဲ့ရတဲ့နေ့ကို မမေ့ကြဖို့ပါ။ ဒီတန်ဆောင်မုန်းလ ထဲမှာ သီပေါမင်းတရားကို ကုလားဖြူတွေ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာမျိုးချစ်တစ်စုက “အမျိုးသားနေ့”ရယ်လို့ သတ်မှတ်ခဲ့ကြတာလည်း ဒီတန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့မှာပဲ ဖြစ်ပါတယ်။ အမျိုးသားနေ့ကိုတော့ ယခုတိုင် နှစ်စဉ် ကျင်းပခဲ့ကြတယ်။

ကြည်နူး .ပြီ…ရည်စူး..သည် ..ရှီဦး×.ချီ..ခြောက်ပါး..ရောင်ခြည်…ပရမေ  အရှင်.မှန်း×× ပါလို့ ..ရွှေသင်္ကန်း..ကိုတဲ့ ..လှူဒါန်း…ကြပါ တဲ့ လရာသီ××…။ ဝေစီစီ..ရီ××ဝေေ၀..မြူခြေ တိမ်ခိုး…ရောင်စုံ ဖျြိုး×××..မိုးဝဿန် အချိန်..ဆုံး..တန် ဆောင်မုန်း  ရယ်တဲ့ြေိစ္ဆာ..ကြတ္တိကာ  ကြယ်မင်း..ပုလဲဆင့် ..ခ၀ဲပွင့် .. မြမာလာလို … ဒီချိန်ခါ .မွှေးထုံပျံ့သင်း××….

.ဗမာတိုင်းပြည်..ကျွန်မတို့ ဗမာတိုင်းပြည်. လတန်ဆောင်တွင် ဘုရားကို သာ ပင်..  ရွှေသင်္ကန်းနဲ့ ..လှူဒါန်းကြဖို့  စိတ်ကမှန်းရည်..လှူဒါန်းမည်…မသိုးသင်္ကန်းနဲ့ ..လှူဒါန်း..မည်..စေတနာ ..စိတ်ထားကောင်း နဲ့ အတည်..။ကုသိုလ်တရား…ယခုလိုပွား…ထင်ရှား လှတဲ့ ရှေးရေစက်အညီ…
စိန်ပါတီရဲ့  ..ထူးတဲ့ မေတ္တာရည်....လှူဒါန်းမည်..မြတ်နိဗ္ဗာန် သို့ရည် ..စေတနာ.စိတ်ထားကောင်းတော့သည်…

ဒီသီချင်းကို ရွှေတိုင်ညွန့်က ရေးပြီး စိန်ပါတီ က သီဆိုထားပါတယ်။ သီချင်းအမည်က "ကထိန်သင်္ကန်း" ပါတဲ့။

ခင်မေသစ်

Thursday, October 10, 2013

ဝါလကင်းလွတ် သီတင်းကျွတ်

ရှေးမြန်မာ လူမျိုး တွေဟာ ၁၂လရာသီ ပွဲတော်များနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဗုဒ္ဓဘာသာ ပီပီသသ ဗုဒ္ဓဘုရား၏ အဆုံးအမ အောက်မှာ ငြိမ်ဝပ်ပိပြားစွာ အေးအေးချမ်းချမ်း ရိုးရိုးသားသား ရောင့်ရဲတင်းတိမ် နေထိုင်ခဲ့ကြတယ်။ သီတင်းကျွတ်လဟာ ဗုဒ္ဒဘာသာ ၀င် ရဟန်းတော်များ ၃လတိုင်တိုင် ကျောင်းတွင်းမှာပဲ ၀ါဆိုနေထိုင်ခဲ့ကြရာက ကင်းလွှတ်ခဲ့တာကို ရည်ညွှန်းဖေါ်ပြနေတာပါ။ ရာသီက တူရာသီ ၊ အာသာဝတီကြယ်နဲ့ စန်းယှဉ်မွန်းတည့်တယ်လို့ အဆိုရှိတယ်။ရာသီပန်းကတော့ Nymphaea Lotus ခေါ်တဲ့ ကြာဖြူပန်းပါ။ ဗုဒ္ဓဘုရားရှင်ဟာ တာသတိံသာ နတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသီတနတ်သားကို အမှူးပြုပြီး အဘိဓမ္မာတရားကို ၀ါတွင်း သုံးလတိုင်တိုင် ဟောကြားခဲ့တာဖြစ်တယ်။တနည်းအားဖြင့်  သီတင်းကျွတ်လပြည့်နေ့ကို  အဘိဓမ္မာ အခါတော်နေ့လို့ ခေါ်ဆိုနိုင်တယ်။

သီတင်းကျွတ်လပြည့်နေ့မှာ လူနတ်ဗြဟ္မာတို့ စီချယ် ပြုလုပ်အပ်တဲ့ ရွှေစောင်းတန်း ၊ငွေစောင်းတန်း စသည်တို့ဖြင့် နတ်ဗြဟ္မာတို့က ခြံရံပြီး အလယ် ပတ္တမြားစောင်းတန်းမှ  သင်္ကဿနဂိုလ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့မှာ ဆင်းသက်ခဲ့တာဖြစ်လို့ မြတ်ဘုရား ဆင်းသက်ကြွမြန်းရာ လမ်းတလျှောက် လူတို့က ရောင်စုံ မီးများထွန်းညှိ ပူဇော်ခဲ့ကြတာပါ။ 

 ထိုမှသည် နှစ်စဉ် ကျင်းပခဲ့ကြတာမို့ သီတင်းကျွတ်  ဆီမီးပူဇော်ပွဲ ဟာ မြန်မာတို့ရဲ့ ၁၂လရာသီ ပွဲတော်ကြီး ဖြစ်လာခဲ့တာပေါ့။တာဝတိံသာ နတ်ပြည်မှာ ရှိတဲ့ စူဠာမဏိ စေတီတော်ကိုလည်း ရည်စူးပြီး မီးရှူး မီးပန်းများပြစ်လွှတ် ပူဇော်ကြသေးတာပါ။ဗုဒ္ဒမြတ်စွာရဲ့ အဆုံးအမအောက်မှာ ကျိုးနွံ နေထိုင်ကြတဲ့ မြန်မာများဟာ သီတင်းဝါလ ကင်းလွှတ်ခဲ့တဲ့ သီတင်းကျွတ်လမှာ မိဘ ဖိုးဖွား သက်ဝါကြီးသူများကို  မင်္ဂလာ တရားတော်နှင့်အညီ မန်မာနလျော့ချလို့  ကံတော့ခဲ့ကြတာဟာလည်း ချစ်စရာ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တခုအဖြစ် တွေ့မြင်နိုင်ပါတယ်။

 ဒါဟာ တဦးကို တဦး လေးစား ချစ်ခင်ခြင်း၊မေတ္တာဖြင့် သနားစာနာခြင်း ။ကူညီ ရိုင်းပင်းခြင်း ဖြစ်တဲ့အတွက်  ဗုဒ္ဒဘာသာဝင် အမျိုးကောင်းသားသမီးတို့ရဲ့ ထူးမြတ်တဲ့ စိတ်နေစရိုက်ကိုလည်း ဖေါ်ပြရာ ရောက်ပါတယ်။ တမျိုးပြောရရင် အမျိုးဂုဏ်ကို မြှင့်တင်ရာရောက်ပါတယ်။ရဟန်းတော်များအချင်းချင်းလည်း ပ၀ါယဏာ ပွဲ ပြုလုပ် ကာ အပြစ်ရှိက ဖြေလျော့ပေးပါရန် ပန်ကြားရ တာမို့ ဗုဒ္ဒဒဿန အယူအဆဟာ အလွန်သိမ်မွေ့ ထူးခြားလှပါတယ်။ 
ဘုရားရှင် ဟောကြားခဲ့တဲ့ အဘိဓမ္မာ တရားတော်ဟာ ခုနှစ်ကျမ်းရှိတယ်။
၁။ဓမ္မသင်္ဂဏီကျမ်း ၂။ဝိဘင်းကျမ်း။၃။ဓါတုကဓါကျမ်း။၎။ပုဂ္ဂလပညတ်ကျမ်း၊၅။ကထာဝတ္ထုကျမ်း၊၆။ယမိုက်ကျမ်းနဲ့ ၇။ ပဌာန်းကျမ်း တို့ ဖြစ်တယ်။
ဒီတရားကို သုံးလတိုင်တိုင် ဟောကြားခဲ့ရတာဖြစ်လို့ လူသားစစ်စစ်ဖြစ်တော်မူတဲ့ ဘုရားရှင်ဟာ လူသားတို့ ဘာသာဘ၀ ဆွမ်းစားခြင်း ရေချိုးခြင်း ကိုယ်လက်သန့်စင်ခြင်းတို့ကို ဟိမ၀န္တာတောင်က စန္ဒကူးတောမှာ ပြုလုပ်ခဲ့ရတာပါ။တရားဟော မပျက်အောင်လည်း နိမိတ္တ ရုပ်ပွားတော် ဘုရားတဆူ အဓိဌာန်နဲ့ ဖန်ဆင်းထားခဲ့ရတာပါ။
ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေဖြင့်သော်၎င်း ဗုဒ္ဒဘာသာဝင် မြန်မာ လူမျိုးတို့ အနေဖြင့် သော်၎င်း မိမိတို့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရင်း ငြိမ်းအေးချမ်းသာစွာ လိုက်နာ ကျင့်သုံးနိုင်ကြပါစေ အရာရာ သည်းခံ ခွင့်လွှတ်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

လှိုင်လှိုင်သာ သင်းတော့တယ် ကန်မင်းငယ့်နန္ဒာ၊
လျှံဝင်းလဲ့ထိန်ထိန်ဖြာတယ်၊ပွင့်ကြာဖြူမြိုင်မြိုင်နဲ့ 
ကြိုင်ကြိုင်သင်းတဲ့ လကိုလေး။
တူရာသီငယ်၊ အာဿဝဏီ ကြယ်မြတ်
ရောင်ရှိန်လျှပ်လို့ သုဒသ်ကယ့်နန်းလို၊
မီးမြင့်မိုရ်နှင့်၊ ၀ါဆိုကင်းလွတ်၊ သီတင်းကျွတ်မို့ ၊
ဘုံထွတ်ကယ် ဥကင်၊ ပွင့်စပယ် ရွှင်သောခါ၊
တိုင်းခွင်ပြည့် အောင်ချာမှာ၊ ဆီမီးဝါ ထိန်ထိန်လင်းပါလို့ 
(ကွယ်) ၀င်းလှတယ်လေး။
(အမည်မသိ ရှေးစာဆို)

မေမေ ခင်မေသစ် 

Thursday, September 12, 2013

ကျားမင်းသမီး

အင်းတော်ကြီး အင်း photo credit  (www.indawshan.com) : http://www.indawshan.com/2012/02/indawgyi-lake.html
ကျွန်မ အလယ်တန်းကျောင်းသူဘ၀တုံးက မဂ္ဂဇင်းတအုပ်ထဲမှာ “ကျားမင်းသမီး” ခေါင်းစဉ်နဲ့ ၀တ္ထုတပုဒ်ဖတ်ရတယ်။
ဝတ္ထုကြောင်းကလေးက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ အင်္ဂလိပ်ခေတ်က ထမံသီရွာမှာနေတဲ့  ရှမ်းလူမျိုးအချို့ဟာ လူအဖြစ်ကနေ ကျားဘ၀ကို ပြောင်းလဲနိုင်တဲ့ စွမ်းအင် ရှိကြောင်း အခြေခံပြီး အချစ်ဇတ်လမ်းကလေးတခု ဖန်တီးတင်ဆက်ထားတာပါ။ ရေးသူကို  မမှတ်မိတော့ဘူး။ မဂ္ဂဇင်းစာအုပ်ကိုလည်း မမှတ်မိတော့ဘူး။ အဲဒီဇတ်လမ်းကလေး  မှတ်မိသလောက် ဖြိုးဖြိုးကို ပြောပြချင်လို့။
(နာမည်တွေတော့ အကုန်မေ့ကုန်ပါပြီ။ ဇာတ်ကြောင်းကလေးနည်းနည်းပါးပါး ပဲ မှတ်မိတော့တာပါ။)

တနေ့တော့ သမိုင်းသုတေသီတယောက် သမိုင်းပြုစုဖို့ ဆိုပြီး ထမံသီ(ခု ဟုမ္မလင်းနားမှာ ရှိနေတုံးပဲ)ဆိုတဲ့ ရှမ်းရွာကလေးတရွာကို အခြေချ နေထိုင်ရင်း ရောက်ရှိလာတယ်။အဲဒီရွာက ခေတ်ပညာတတ်မိန်းခလေးတယောက်ရဲ့အိမ်မှာပဲ ငှားရမ်းနေထိုင်ရင်း သူ့အကူအညီကိုပါ ယူရတာပေါ့။ လိုအပ်တဲ့ အထောက်အထား အချက်အလက်တွေ ရှာဖွေစုဆောင်း ပေးရတာမျိုးပေါ့ကွယ်။အင်္ဂလိပ် မြန်မာ ကျမ်းကိုးစာအုပ်တွေအမျိုးမျိုပေါ့။ခုနှစ် သက္ကရာဇ် အတိအကျနဲ့ မှတ်တမ်းမှတ်ရာတွေ အဆင့်ဆင့်ကိုပေါ့။ဒီမိန်းခလေးက အဆန်းကွဲ့။ရုပ်ရည်ချောမောပြေပြစ်တယ်။ လှပ သိမ်မွေ့တယ်၊သွက်လက်ချက်ချာတယ်။အပြစ်ပြောစရာ ဘာမှမရှိဘူး။ ဒါပေမဲ့ နေ၀င်ရီ တရောအချိန်မျိုးမှာတော့ သူက အိမ်ကနေ ပျောက်ပျောက် သွားတတ်ပြီး ညသန်းခေါင်လောက်မှ ပြန်ပေါ်လာတတ်တာကို သုတေသီဆရာက သတိထားမိသွားသတဲ့။(ဒါကို သူက အစောပိုင်းမှာ စပ်စပ်စုစု မလုပ်ခဲ့ပါဘူး သူ့နာမည် မခင်ဖြူလို့ ဆိုကြပါစို့ကွယ် ။)
ပြီးတော့ သူ့အိမ်အောက်မှာ မြေတိုက်ခန်းကြီးရှိသတဲ့။ မြေတိုက်ခန်းထဲမှာက အနက်ရောင် ကျားရုပ်တု တကောင်နဲ့ အဖြူရောင် ကျားရုပ်တု တကောင် ရှိသတဲ့။ (ဒါပေမဲ့ စောစောပိုင်းက ဒါကို ဘယ်သူမှာ မသိကြဘူး။) ဧည့်ခန်းမှာလည်း အလှတင်ထားတဲ့ ကျားဖြူတကောင်နဲ့ ကျားနက်တစ်ကောင်ရှိသတဲ့။ဒါကိုတော့ လူတိုင်း မြင်ဖူးကြတာပေါ့ကွယ်။
တခြားအိမ်သားတွေလည်းဒီဇာတ်လမ်းမှာ ပါဝင်တာ သတိမထားမိဘူး။ အိမ်ဖေါ်အဒေါ်ကြီးတယောက်နဲ့ နေတာပဲရှိတယ်။
တနေ့တော့ (လာပြန်ဲပီ တနေ့တော့)ရန်ကုန်တက္ကသိုလ်က စာတမ်းပြုစုဖို့ အချက်အလက် ရှာဖွေဖို့ ဆိုပြီး နောက်ဆုံးနှစ် မဟာဝိဇ္ဇာ ကျောင်းသားတယောက်(ကိုစောနိုင်လို့ ဆိုကြပါစို့) ရောက်လာပြန်တယ်။ သူ့ စာတမ်းခေါင်းစဉ်က “ရှေးဟောင်းထမံသီ ယဉ်ကျေးမှု နှင့်ထမံသီလူမျိုးအကြောင်း ”ဆိုပါတော့လေ။
ထုံးစံအတိုင်း မျိုးတူရာ စုမိကြတော့ မခင်ဖြူတို့အိမ် ရောက်လာတယ်။ မခင်ဖြူဟာ ကိုစောနိုင်ကို  မြင်မြင်ချင်းပဲ ချစ်မိပါရောတဲ့။ ဒါပေမဲ့ ကိုစောနိုင်က  တည်ကြည်တယ်။ ပုံမှန်ဆက်ဆံတယ်။ ကိုစောနိုင်က တည်ကြည်လေ မခင်ဖြူက အားမရလေ။ာကာတော့ သူက စိတ်မရှည်ချင်ဘူး။ ကျားဖြူရုပ်ကလေးတရုပ်  ကိုစောနိုင်ရဲ့ အင်္ကျီ အိပ်ကပ်မှာ နေ့တိုင်းထည့်ပေးနေတာကိုး။ အဓိပ္ပါယ်က ချစ်တယ်ပေါ့။ ချစ်ရင် အဖြူရောင် ကျားရုပ်ကို လက်ဆောင်ပေးပြီး မုန်းရင် ကျားအနက်ကို မရောက် ရောက်အောင် ပို့တတ်သတဲ့။ ကျားရုပ်ပေးတဲ့သူဟာ ထမံသီလူမျိုးတို့ရဲ့ လူအဖြစ်ကနေ ကျားအဖြစ် ပြောင်းလဲနိုင်တဲ့ အတတ်ပညာကို တတ်မြောက်ကြသူများဖြစ်တယ်။ သူတို့ မုန်းပြီ ဆိုရင်လဲ ကျားနက်တကောင်ရောက်အောင်ပို့  သတိပေးပြီး ညအခါ ကိုက်သတ်ပြစ်လိုက်တာပဲတဲ့။  ကျားဘ၀ ပြောင်းလဲရာမှာလည်း ဂါထာရှိတယ်ကွဲ့။ ကိုစောနိုင်က ဘာမှ မတုံ့ပြန်ဘူး။ ထူးခြားဆန်းကျယ်မှုရှိတဲ့ မိန်းခလေးတယောက်မို့ စောင့်ကြည့် လေ့လာနေတာပါ။

ညနေစောင်းလို့ မှောင်လာတာနဲ့ တောထဲဝင်ပြီး ဂါထာရွတ် သမန်းမြက်ကို ပါစပ်းမှာကိုက် နောက်ဂျွမ်းသုံးကြိမ်ပြစ်လိုက်ရင် ကျားဖြစ်သွားတာပဲ။ပြီးတာ့ လရောင်အောက်မှာ ပျောက်သွားတယ်။တောထဲဝင်သွားတာပေါ့။သူတို့ ညအခါလည်း အစာရှာထွက်လေ့ရှိကြတယ်။ သမင် ဒရယ် ချေငယ် စိုင် ဆတ်တွေကို သတ်ဖြတ် စားသောက်တတ်လေ့ရှိတယ်တဲ့။ ဒါကို ကိုစောနိုင်က နောက်ရောင်ခံ လိုက်ကြည့်တော့ မြင်သွားတာပေါ့။ ဒီတော့ သူက ဘယ်ကြိုက်နိုင်မလဲ။ သူက မကြိုက်လေ ပိုကြမ်းလေပေါ့။ညသန်းခေါင်ယံအချိန်ဆို ကျား က သောင်းကျန်းတော့တာပဲ။ ကျားဟိန်းသံတွေ ကြားရတယ်။ ကျားက ပြတင်းပေါက်ကနေ ခုန်ကျော်ဝင်လာတယ်။ မြေတိုက်ခန်းထဲလိုက်စူးစမ်းသူတွေကို ခုန်အုပ်တယ်။ကိုက်သတ်ဖို့ ကြိုးစားတယ်။ သုတေသနဆရာကို ရန်မူနေတာလေ။ ဘယ်လိုပဲ ခွန်အားရှိတဲ့ ကျားဖြစ်ပေမဲ့ သေနတ်ကိုတော့ မတုပနိုင်ဖူးပေါ့။

အမှန်တော့ ခုလို သူတို့အကြောင်းကို လေ့လာနေတာ မကြိုက်ဘူး။ မုန်းနေတာ။ သူတို့အကြောင်းကို လူမသိစေချင်ဘူးလေ။ ဒါနဲ့ သုတေသီဆရာ့ အင်္ကျီအိပ်ကပ်မှာ 
(ဘလေဇာအင်္ကျီလို့ ဆိုတယ်။ ကုတ်အင်္ကျီ)
ကျားနက် တကောင် ထည့်ပေးလိုက်တယ်။ ဘယ်လိုမှ ဖယ်ရှားပြစ်လို့ မရဖူး တဲ့။ ပြန် ပြန်ရောက်နေရောတဲ့။ ဘယ်လိုရောက်နေမှန်းလည်း သူတို့ မသိကြဖူးတဲ့။ ကိုစောနိုင်က သေနတ်ရှိတယ်။အင်္ဂလိပ်အုပ်ချုပ်မှုအောက်မှာထင်တယ်။ ဇာတ်လမ်းက။ ဒီတုံးက လူတွေ  သေနတ်ကိုင်ခွင့်ရှိပုံရတယ်။
ကိုစောနိုင်က ကျားကို သေနတ်နဲ့ပြစ်ခတ်ရာမှာ ကျားသေသွားတယ်။ ကျားသေပြီးနောက်မှာ မျက်စိရှေ့မှာပဲ ကျားဟာ တဖြည်းဖြည်း လူအဖြစ် ပြောင်းလဲသွားပါတယ်။ ခြေထောက်ကလေးတွေကနေ စပြီး ပြောင်းလဲတာပါ။ လူမှ  လူမကလေးပါ။ မခင်ဖြူပါပဲ။ကိုစောနိုင်ဟာ အံ့သြပြီး ကြည့်နေရတော့တာပေါ့။ပြေးပွေ့လို့မဖြစ်နော်။

တချို့ စာတွေထဲမှာ တွေ့ရတာက ထမံသီ လူမျိုးဆိုတာ  BC184 လောက်က အဲဒီအရပ်ဒေသကို ထီးနန်းစိုက်ထူ မင်းလုပ်တော်မူခဲ့တဲ့  ရှမ်းလူမျို့း ဥတ္တရစောဖြူမင်း အဆက်အနွယ်တွေလို့ ဆိုပါတယ်။ ဥတ္တရ စောဖြူမင်းရဲ့ သားတော်ကြီးဟာ ထမံသီအတတ်ပညာကို ကျွမ်းကျင်စွာ တတ်မြောက်တာမို့ ရိုးရိုးကျားသာ မဟုတ်ပဲ ဖြူဆွတ်နေတဲ့ ကျားဖြူမျိုးကို ပြောင်းလွဲနိုင်တဲ့ အတတ်ပညာရှိတယ်လို့ ဆိုပါတယ်။ ဒါနဲ့ တဆက်တည်း ပြောရရင် ယခု ကချင်ပြည်နယ်က အင်းတော်ကြီးအင်းဟာရှေးယခင်က ဥတ္တရ စောဖြူမင်းရဲ့ ပိုင်နက်နယ်မြေတွေပါ။ ဧရာပတ္တရေနတ်နဂါးမျိုးတို့ ပြောင်းရွှေ့ ဖန်ဆင်း အခြေချလိုက်တာကြောင့် ဥတ္တရစောဖြူမင်းရဲ့ နယ်မြေတွေ ပျောက်ကွယ်သွားခဲ့တယ်လို့ ဆိုကြရဲ့။ နဂါးတွေက ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းလာတဲ့သဘောပါ။ ဒါက ကျမ်းကိုးမရှိပါဘူးနော်။ ကြားဖူးနားဝရှိတာပြောပြရခြင်းပါ။ မယုံရင် ပုံပြင်လို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။
photo from wiki
ခင်မေသစ်

Wednesday, July 17, 2013

ဝါဆိုလပြည့် ဓမ္မစကြာနေ့

(မေမေပို့ပေးတဲ့ စာ)
ပြုဗ္ဗသာန်ကြယ်ထွန်းလို့ ၊ လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ခြည်စိုက် ၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊
ပုန်းညက်ညို ပင်မင်းက ၊
သင်းပျံ့လိုကြူး။
စသည် ရှေးစာဆိုတို့က တင်စားဖွဲ့နွဲ့ခဲ့သည်။

“ရေလျှံတဲ့ လ၀ါဆိုမှာ ၊ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး။”
ဟူ၍တသွယ် “မာလာပုန်းညက် ပွင့်မှန်ကူတယ် ၊ မမူ့တမူ ခိုင်အနွဲ့၊ မကြူ့တကြူ ကြိုင်အလှဲ့နှင့် ၊ ဂနိုင်ပိုင်ချဲ့ ဘုရင်စံ။”
ဟူ၍တမျိုး ၀ါဆိုမိုးနှင့် ရာသီပန်းကို  ဖွဲ့နွဲ့ကြသည်။

ဗုဒ္ဓမြတ်စွာ သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဦးစွာ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ ဘုရားရှင်သည် မိဂဒါဝုန်တောရှိ အဇ္ဇပါလညောင်ပင်ရင်းဝယ် ထိုင်တော်မူကာ  ၀ါဆိုလပြည့် စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောခဲ့သည်။ထို့ကြောင့် ၀ါဆိုလပြည့်သည် ထူးခြားသော နေ့တနေ့ ဖြစ်သည်။
အချိန်က ယုဂန်ဖျားတွင် နေနှင့်လ နှစ်ပါး စုံညီ လင်းရောင်ဖြာလွင်ဆဲ။ နေမင်းက နှုတ်ဆက်ထွက်ခွာရန် အပြင် လမင်းက လည်း လပြည့်ညမို့  စောစီးစွာ ထွက်ပြူဝင်းပ လာနေစဉ်။

ဒွေမေဘိက္ခဝေ။ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ၊
ကတမေဒွေ ယောစာယံ ကာမေသု ကာမ သုခလိကာ၊
နုယောဂေါ၊ ဂါမ္မော၊ ပေါထုဇ္ဇနိကော၊အနရိယော၊ 
အနတ္တသံဟိတော၊
ယောစာယံအတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော၊
အနတ္တသံဟိတော။

အစချီကာပီသ ကြည်မြသော အသံတော်ဖြင့်  ဓမ္မစကြာ တရားတော်မြတ်ကို လူသားငါးဦးသာ ပါရှိသည့် နတ်ဗြဟ္မာတို့အား တရားရေအေး တိုက်ကြွေး ဟောကြားတော်မူခဲ့သည်။အယုတ်တရားနှစ်ပါး ဖြစ်သည့် ဆင်းရဲပင်ပန်းခြင်းသာ ဖြစ်စေသော   အစွန်းရောက် အတ္တကိလမထာ နုယောဂ နှင့်ကာမသုခလ္လိကာ နုယောဂ  တို့ကို ပယ်သတ်ရန်။အလယ်အလတ် မဉ္ဇိမပဋိပဒါ လမ်းစဉ်ကိုလိုက်ရန် ညွှန်ကြားတော်မူခဲ့သည်။ ထိုမှ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြစ်သော..

ကောင်းသောအယူယူခြင်း။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း
စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော  သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ဒုက္ခသစ္စာ ဆိုသည်မှာ မလိုလားအပ်သော ဆင်းရဲခြင်းမျိုးစုံ ကြုံဆုံရခြင်း။
သမုဒယသစ္စာ ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့သဖြင့် သောကဗျာပါဒဖြင့် ဆင်းရဲပင်ပန်းခြင်း။
နိရောဓသစ္စာဆိုသည်မှာ ထိုဒုက္ခအပေါင်းမှ ချုပ်ငြိမ်းခြင်း။ ကင်းပျောက်ခြင်း။
မဂ္ဂသစ္စာဆိုသည်မှာ. ဆင်းရဲခြင်းအကြောင်းရင်းအမှန်ကို ထိုးထွင်းရှုမြင် နိုင်ခြင်း တို့ဖြစ်သည်။ ထိုမှ အသဝေါတရားကုန်ခမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်ပါသည် တဲ့။
ကျွန်မတို့တတွေ ဘုရားပေးသည့်နည်းကို မသိ မဟုတ် သိကြပါသည်။ တကယ်လိုက်နာကျင့်သုံးဖို့က အဝေးကြီး။ ဒါန ကုသိုလ်နှင့်သာ သူသူငါငါ  လူ့ဘ၀ကို စွန်ခွာ ထွက်သွားနေကြသည်။ခေါင်းအမျိုးမျိုးပြောင်း၍ ဘ၀အထိုထို ကျင်လည်ကြရာတွင် အကယ်၍  လူပြန်မဖြစ်ခဲ့သည်ရှိသော်..ကျွန်မတို့ သာသနာနှင့် ကမ္ဘာ အသင်္ချေ ဝေးကြရတော့မည်။ လူ့ခေါင်း လူ့ဦးနှောက်ကို မပိုင်ဆိုင်သည့် ဘုံဘ၀တခုခုတွင် ရောက်ရှိသွားသည်ရှိသော် ယခုလို တရားတော်မြတ်ကို ဘယ်သို့ ဖြောင့်စွာ နာယူကြပါမည်နည်း။
“ခွင့်သာတုန်းမှ မရုန်းချင်လျှင် ၊အရှုံး နင့်ပြင် ရှိသေးရှာလိမ့်လား။” “ခွင့်သာဆဲမှ ၊ မခဲပါလျှင်၊ အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား။" “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား" ဟူ၍ လယ်တီဆရာတော်ဘုရားသက်ရှိစဉ်က မေးတော်မူခဲ့သည်။

ကျွန်မတို့ ဘယ်လို အဖြေမျိုးကို ပေးနိုင်မလဲ။ 

ခင်မေသစ်

Wednesday, June 26, 2013

နယုန်လပြည့်

သာစွလေ..၊
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ကောင်းကင် မိုးလ၊ကြယ်ဇေဋ္ဌနှင့်၊
ပြည့်ဝစင်ကြယ်၊စံပယ်မြတ်လေး၊
ပင်တိုင်းမွှေးသည်၊ရာသီမေထုန်၊
လနယုန်ဝယ်၊မြူးခုန်ပျော်ရွှင် ၊
မိုးလုလင်လည်း၊ရွာချင်ချိမ့်မျှ၊
သီလသမ္မာ၊မြတ်သံဃာတို့၊
သဒ္ဒါရှစ်စုံ၊သုံးပုံပိဋကတ်၊
ရုပ်ဓာတ်ပြညွှန်း၊အခန်းခန်းကို၊
ရွှေနန်းတော်တောင်၊မြတ်မာန်အောင်ဝယ်၊
များမြောင်စုဝေး၊စာမေးသဘင်၊
မွမ်းမွမ်းဆင်သည်၊လူရှင်ရပ်ထက်ဝန်း  တည့်လေး။     ။
(အမည်မသိ ရှေးစာဆို)

                ရှေးမြန်မာဘုရင်များလက်ထက်တော်ကတည်းက နယုန်လမှာ သံဃာတော်များ “စာတော်ပြန်ပွဲ” ပြုလုပ်ကျင်းပပေးတယ်လို့ သိရတယ်။ ယခုအခါ ပထမပြန်စာမေးပွဲ ဆိုတာရှိတယ်။ဘုရားရှင်သက်ရှိထင်ရှားရှိတော်မူစဉ်အခါက နယုန်လပြည့်မှာ နတ်ဗြဟ္မာများစုဝေးရောက်ရှိလာခြင်း ရဟန္တာများစုဝေးရောက်ရှိလာခြင်း၊ ဘုရားရှင်က  မဟာသမယသုတ်တော်ကို ပြန်လည်ချီးမြှင့် ဟောကြားခြင်း တို့ကြောင့် နယုန်လပြည့်ကို “မဟာသမယအခါတော်နေ့ " ရယ်လို့ သတ်မှတ်ထားပါတယ်။
ဂေါတမဘုရားရှင်းလက်ထက်က ကပ္ပိလ၀တ်ပြည်နှင့် ကောလိယပြည်အကြား ရှိ ရောဟနီမြစ်ရေကို သူပိုင် ငါပိုင် ရေလုကြတဲ့ နှစ်ပြည်ထောင်လယ်သမား ဆွေမျိုးသားချင်းများကို အချင်းချင်းညီညွတ်သင့်တင့်စွာ ခွဲဝေသုံးစွဲဖို့ ဘုရားရှင်က မျှတစွာ ဆုံးဖြတ်ဟောကြားခဲ့တယ်။နှစ်ပြည်ထောင် မင်းတို့ သွေးချောင်စီးမဲ့အရေးမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို မျှော်ကိုးပြီး ဘုရားရှင်က နှစ်နိုင်ငံစပ်ကြား ကောင်းကင်ယံမှာ ထက်ဝယ်ဘွဲ့ခွေ ထိုင်နေတော်မူလျက်  ဟောကြားဆုံးမခဲ့တယ်လို့ ငါးရာ့ငါးဆယ် ဇတ်တော်မှာလာပါတယ်။

နှစ်ဘက်သော မင်းညီမင်းသား ၅၀၀ တို့ဟာ လည်း ဘုရားရှင့်အထံတော်မှာ ရဟန်းပြုခဲ့ကြတယ် တဲ့။ အဲဒီ ရဟန်း၅၀၀ နဲ့ နတ်ဗြဟ္မာတွေ စုဝေးရောက်ရှိလာကြတာကြောင့် ဘုရားရှင်က  ငြိမ်းချမ်းစွာ တရားရေအေး တိုက်ကြွေးတဲ့ နေ့ကို “ မဟာသမယနေ့" ရယ်လို့ တင်စားခေါ်ဝေါ်တာပါ။

ဗုဒ္ဓဘာသာဝင်များဟာ သည်နေ့လို နယုန်လပြည့် ကြုံကြိုက်တုံး ကြုံကြိုက်ဆဲ ကာလမှာ သီတင်းသီလဆောက်တည်ခြင်း၊လှူဖွယ်ဝတ္ထုများဖြင့် ဘုရားကျောင်းကန်သွားရောက်ခြင်း။မဟာသမယသုတ်တော်ကို ရွတ်ဖတ်ခြင်း၊ မေတ္တာမျှဝေခြင်းစတဲ့ ကောင်းမှုကုသိုလ်တို့ကို ပြုလုပ်လေ့ရှိတယ်။

     ချိန်ခါသင့်ဆုံ၊ လနယုန်တွင်၊ နတ်စုံ စုဝေး၊ မြေ့မြေ့အေးသည်၊ နွေးထွေးလှိုက်လဲမဆုံးတည်း။

      (နယုန်မိုးသေး မြက်သားမွေး လို့ ဆိုပေမဲ့ ဒီနှစ် နယုန်က မိုးတော်တော်ကြီးပါတယ်။ ကဆုန်လကလည်း မိုးတော်တော်လေးရွာခဲ့တာမို့   မိုးဦးကျ စောသလိုပဲ။   အပူရှိန်ကျဆင်းသွားတဲ့အတွက် လူတွေ အပူဒါဏ်က ကင်းလွတ်အေးငြိမ်းခဲ့ကြပါတယ်။ ဘုရားတန်းခိုးတော်ကြောင့်ပါ။

ဒါပေမဲ့  ခုတလော ဗုဒ္ဓဘာသာဝင်များ လှုပ်လှုပ်ရှားရှားဖြစ်နေတာကြားနေရတယ်။ စိတ်မကောင်းစရာပါပဲ။
ဗုဒ္ဓ၀ါဒ ဟာ ငြိမ်းချမ်းရေးဝါဒပါ။ ဗူဒ္ဓရဲ့ လမ်းစဉ်ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ပါ။မေတ္တာတရားသက်သက်မို့ လုံးဝ အကြမ်းဖက်ခြင်းမရှိပါဘူး။
ဗုဒ္ဓဘာသာဟာ အလွန်နူးညံ့သိမ်မွေ့ပြီးတော့ နက်ရှိုင်းတဲ့အတွက် လိုက်နာဖို့လည်း ခက်ခဲပါတယ်။ တဘက်ကကြည့်ရင် ဗုဒ္ဓဘာသာဝင်များဟာလည်း လူသားများသာ ဖြစ်တဲ့အလျှောက် လူသားဆန်စွာ တုံ့ပြန်ခြင်းသဘောရှိတယ်လို့ နားလည်ထားပေမဲ့ အတတ်နိုင်ဆုံး သည်းခံခွင့်လွှတ်နိုင်ခြင်းက ပို ကောင်း ပို မြင့်မြတ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အနှစ်ချုပ်ဟာလည်း သည်းခံခွှင့်လွှတ်တတ်ဖို့ပဲ မဟုတ်ပါလား။ 
ဓမ္မပဒမှာ “လေညာသို့ ပြစ်လွှင့်လိုက်သော မြူမှုံသည် ထိုပြစ်လွှင့်သူ၏ အပေါ်သို့သာ ပြန်ကျသကဲ့သို့ မပြစ်မှားထိုက်သော ပုဂ္ဂိုလ်ကို ပြစ်မှားလျှင် ထိုအပြစ်သည် ထိုသူအပေါ်သို့သာ ကျရောက်နိုင်သည်။” လို့ ပြဆိုထားပြီးဖြစ်တယ်။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်များ ဟာ မိမိတို့ရဲ့ တဒင်္ဂဖြစ်ပေါ်လာတဲ့ဒေါသစိတ်ကို  မိမိတို့ ကိုယ်တိုင် ချိုးနှိမ်ပြီး (ဘုရားရှင့်စကားကို လိုက်နာသောအားဖြင့်)ငြိမ်းချမ်းစွာနေထိုင်ကြပါလို့ ပန်ကြားလိုပါတယ်။)

ပြီးတော့ “တခဲနက်သော ကျောက်တောင်သည် အရပ်လေးမျက်နှာမှ လာသော လေကြောင့် မတုန်မလှုပ်သကဲ့သို့ ပညာရှိတို့သည်ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်းတို့ကြောင့် မတုန်လှုပ်ကြကုန်။” လို့ ဓမ္မပဒမှာ ပြဆိုထားသည့်အတိုင်း ဗုဒ္ဓဘာသာဝင်တို့ဟာ ဘယ်သူဘာပြောပြော တုန်လှုပ်ယိမ်းယိုင်မှုမဖြစ်ကြပါနှင့်လို့ ပန်ကြားအစီရင်ခံပါရစေ။

ခင်မေသစ်

(မအားတာနဲ့ ဘလောဂ့်မှာ နယုန်လပြည့်နေ့ကျော်မှပဲတင်လိုက်ပါတယ်)

Thursday, May 23, 2013

ကဆုန်လပြည့် ဗုဒ္ဓနေ့

Photo Credit
“ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း" ဆိုသည့်အတိုင်း 
ဤနေ့သည် ဘုရားလောင်းသုမေဒါရှင်ရသေ့ ဘ၀ဖြင့် ဒီပင်္ကရာမြတ်စွာဘုရား အထံတွင်  ဗျာဒိတ်ခံယူသည့်နေ့၊ လုမ္ပနီဥယျာဉ်မှာ မယ်တော်မာယာမှ ဖွားမြင်တော်မူသောနေ့၊ မဟာဗောဓိပင်နှင့် ရွှေပုလ္လင်ကို အောင်မြင်တော်မူသောနေ့၊ သစ္စာလေးပါးမြတ်တရားကို ထိုးထွင်းသောဥာဏ်ဖြင့် ကိုယ်တော်တိုင် ပိုင်းခြားသိမြင် ဘုရားရှင်ဖြစ်တော်မူသောနေ့၊ ကုဿိန္ဒာရုံ မလ္လာမင်းတို့၏ အင်ကြင်းရဂုံတွင် နိဗ္ဗာန်စံပျော် ၀င်တော်မူသည့်နေ့ စသည် ထူးခြားလှသော နေ့ထူးနေ့မြတ်များ အဖြစ် အကြောင်းတိုက်ဆိုင်ပါသည်။

ထို့အပြင် မဟာဗောဓိပင်သည် သိဒတ္ထမင်းသားနှင့်အတူ ရှင်သန်ပေါက်ရောက်ခဲ့သည်ဖြစ်၍ ဖွားတော်မူဖက်ဟု ဆိုအပ်သည့်အပြင် ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဓါတုစေတီဟူ၍ စေတီသုံးမျိုးရှိသည်တွင် ပရိဘောဂစေတီအဖြစ်လည်း သတ်မှတ်ရှိခိုး ကံတော့နိုင်ပါသည်။ မြတ်ဘုရားအားရည်မှန်း၍ ပူအိုက်သော ဥတုရာသီတွင် ဘုရားအမှီပြု ပွင့်တော်မူရာ ညောင်ပင်အား ရေမပြတ်အောင် ရေသွန်းခြင်းအမှုကို ပင်းယခေတ်ကတည်းက ပြုကျင့်သည့်ဓလေ့ရှိသည်ဟု သိမှတ်ဖူးပါသည်။ ထိုမှ အင်းဝ  ကုန်းဘောင်ခေတ်စသည်တို့ တွင်လည်း မင်းခန်းမင်းနားဖြင့်  ညောင်ရေသွန်းခြင်းဓလေ့ ထွန်းကားခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ၊ သဲသာသောင်မြေ အစချီ ရတုပိုဒ်စုံတွင်လည်း မဲဇာရပ်သူတို့ ညောင်ရေ သွန်းလောင်းပုံမြင်ရသဖြင့် ရွှေပြည်တော်ကို လွမ်းမိကြောင်း ကို စာဖွဲ့ခဲ့ဖူးသည်။

ယခု မျက်မှောက်ခေတ်တွင်လည်း အမြို့မြို့ အနယ်နယ်တွင် ညောင်ရေသွန်းပွဲတော်အား ခန်းနားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ လူမသွန်းခင် နတ်သိကြားတို့ အဦးသွန်းလောင်းလေ့ရှိသည်ဟုလည်း အဆိုရှိပါ၏။ ထိုအဆိုမှန်ပြီထင်သည်။ ပျဉ်းမနားမှာ  ကဆုန်လပြည့်အကြိုနေ့ ညနေ ၄နာရီခွဲလောက်တွင် မမြှော်လင့်ပါပဲ ဒေ၀ါနတ်မင်းများတို့ အားပါးတရ မိုးကြီးရွာသွန်းစွေဖြိုးစေခဲ့သဖြင့် တမြို့လုံး အိုင်ထွန်းသွားတော့သည်။ သားငယ် သမီးငယ်တို့ အနီးမှာရှိစဉ် ငယ်ဘ၀က ပျဉ်းမနားမြို့ ဇေယျသိန်ကျောင်းတိုက်အတွင်းရှိ အနောက်မဉ္ဇိမဒေသမ မှ မျိုးယူပင့်ဆောင်စိုက်ပျိုးထားသော ဗောဓိပင်အား ပေါင်းမြက် သုတ်သင်ရှင်းလင်းခြင်း တံပြက်လှည်းကျင်းခြင်း ညောင်ရေသွန်းလောင်းခြင်း ရှိခိုးကံတော့ခြင်းစသည် ပြုခဲ့ကြရသည်မှာ သိုက်သိုက်မြိုက်မြိုက် နှင့် သားသမီးအခြံအရံနှင့်မို့ ခလေးတွေလည်းပျော် မိမိလည်းပျော် တပျော်တပါးရှိလှသည်။
ယခုသော်ကား ယခင်နှင့်မတူ ခြားနားခဲ့လေပြီ။

မြူခြေငယ်သန်းပါလို့ ၊ နေနန်းငယ် စက်ရှိန်၊
တောက်လောင်ငယ်ထိန်သည်၊ 
ဖန်သူရိန်တေဇာကြောင့် ၊ပူဗျာပါ ကဲတဲ့လကိုလေး။
ရာသီငယ်ပြိဿ၊မဟေသီလည်း ရွေညီခလို့ ၊
ပန်းမျာ့း စကားဝါ၊၀ိဿာခါနှင့်၊
တာရာခြံရံ၊စန်းငွေယုံဖန်သည့်နှယ်။
ဆဒ္ဒန့်ပိုင့်ဘွေဘုံမှာ။ နွေကဆုန် ညောင်ရေသွန်းချိန်မို့ ၊
လွန်း(လွမ်း) လှတယ်လေး။
(မဟာအတုလမင်းကြီး)

ခင်မေသစ်

Saturday, May 18, 2013

အောင်သပြေပွဲ အောင်မြေထဲမှာ ...


သပြေထွန်းတဲ့ တောင်ကျွန်းဒီပါ မင်္ဂလာ အခါရောက်ပီ..
အောင်အတိတ်နဲ့ အေင်နိမိတ်တွေဟာ  ..ထင်ပေါ်လာပါပြီ…။

ဟူ၍ သီချင်းရှိသည်။
တောင်ကျွန်းဆိုသည်မှာ မြန်မာ့ အယူအဆ နက္ခတ်ဗေဒပညာ အလိုအရ စကြာဝဠာ တခုတခုတိုင်းတွင် မြင့်မိုရ်တောင်ရှိသည်။ ထိုမြင့်မိုရ်တောင်ကို နေထွက်ရာ အရှေ့ကျွန်း။ နေ၀င်ရာ အနောက်ကျွန်း ။လမ်းပြကြယ်ဥက္ကာထွန်းလင်းရာ မြောက်ကျွန်း၊ ဒက္ခိဏခေါ် တောင်ကျွန်း တို့ဖြင့် ၀န်းရံထားသည်။ ဇမ္ဗူ လက်ျာတောင်ကျွန်းဟု အဆိုရှိသည်။ထိုလက်ျာတောင်ကျွန်းသည် ဇမ္ဗူ့သပြေပင်ပေါက်ရာဒေသဖြစ်သည်။ဇမ္ဗူ့သပြေပင်သည် တောင်ကျွန်းတွင်သာပေါက်သည်ဖြစ်၍ ဘုရားအဆူဆူသည် ထို တောင်ကျွန်းတွင်သာ ပွင့်တော်မူသည့် ထုံးရှိလေသည်။ အရိမေတ္တေယျဘုရားသခင် ပွင့်လျှင်လည်း တောင်ကျွန်းမှာသာ ပွင့်မည်ဟု အဟောရှိပါသည်။

ထို့ကြောင့် တောင်ကျွန်းသည် ကျက်သရေအဖြာဖြာနှင့် ပြည့်စုံသည်။
ဇမ္ဗူ့သပြေသည် အသီးသီး၏။ အသီးသည် ချိုဆိမ့်၏။ “၀ါဆို ၀ါခေါင် ရေတွေ ကြီးလို့ သပြေသီးမှဲ့ကောက်စို့ကွယ်" ဟု ဆရာ မင်းသုဝဏ်က ဆိုသည်။ ထိုဇမ္ဗူ့ သပြေသီးသည် မှည့်၍ရေတွင် ကြွေသော် ပလုံဟုမြည်၏။ ထိုအသီး၏ကြွေသော အသံတို့သည် သံစဉ် ခုနှစ်မျိုးကို ဖြစ်ပေါ်စေသည်ဟု အဆိုရှိသည်။ ထိုဇမ္ဗူ့သပြေသီးကို ကောက်ယူမျိုချသော ငါးကြီးအာနန္ဒာ၏ အသံသည် တဖန်တုံ ဂီတသံစဉ် ခုနှစ်ပါးကို ဖြစ်ထွန်းစေပြန်သည်ဟုလည်း အဆိုရှိသည်။
မြင့်မိုရ်တောင်ကို တောင်စဉ် ခုနှစ်တန်း၊ မြစ်ငယ်ခုနှစ်သွယ်၊ သမုဒ္ဒရာ ခုနှစ်စင်းက လက်ျာရစ်ဝန်းရံသည်။တဲ့။

ရှေးခေတ် ဂရိလူမျိုးတို့ သံလွင်ခက်ကို တန်ဖိုးထားမြတ်နိုးကြသကဲ့သို့ နေရာတိုင်းတွင် အဆောင်သဘောမျိုး ထိုးစိုက်ကြသလို ကျွန်မတို့ မြန်မာများလည်း သပြေကို အလွန်တန်ဖိုးထားထိုးစိုက်ကြသည်။ မြန်မာတို့သည် သပြေကို မြတ်နိုးတန်းဖိုးထားသည်။ သပြေခက်နှင့် ရေပက်သည်။ စစ်ချီစစ်တက်ရာတွင် အောင်ပါစေကြောင်း သပြေခက်ကို ကမ်းသည်။ ဂုဏ်ပြုသည်။တာအိုးတွင် အောင်အတိတ် အောင်နိမိတ်ကို ယူကာ သပြေကို နေ့ ခုနှစ်နေ့ ကိုယ်စားပြုသော  ၁။ တနင်္ဂနွေ အုန်း၊ တနင်္လာ ဂန့်ဂေါ်၊ အင်္ဂါ စိန်ပန်း၊ ဗုဒ္ဓဟူး  ရွက်လှ၊ကြာသပတေး မြေဇာ၊ သောကြာ သီးခက်၊ စနေ ဒန်းခက်။ စသည်တွဲဖက်၍ အစဉ်လိုက် ထိုးရပါသည်။ သပြေညာနု ငွေခရုနှင့် ဇေယျတု သဗ္ဗမင်္ဂလံ ဟု စာဆိုရှိသည်။ မြန်မာ့ယဉ်ကျးမှု အရ ရဟန်းခံ ရှင်ပြု ကုသိုလ်ကောင်းမှု အစုစု ပြုကြရာတွင် သပြေသည် မပါမပြီး ရှေ့တန်းမှ နေရာယူ စမြဲဖြစ်သည်။ မင်းခန်းမင်းနားများတွင် ဥပမာ ရှေးဘုရင်များ ရွှေနန်းတက်ပွဲ ဘိသိတ်ခံပွဲများတွင် ဘိသိတ်ဆရာသည် ခရုသင်းမှရေကို သပြေပန်းနှင့် ဦးခေါင်းတွင် သွန်းလောင်းခြင်း ဆွတ်ဖြန်းပေးခြင်းစသည်ပြုရသည့် ထုံးရှိသည်။ ပရိတ်တရားနာရာတွင်၎င်း။ ရေစက်ချအမျှပေးဝေရာတွင် ၄င်း သပြေသည် မပါမပြီးခဲ့။ စစ်ခမောက်များ စစ်သားတို့၏ ပခုံးထက်မှ တံဆိပ်များ တွင်လည်း အမြဲ နေရာယူခဲ့သည်။ တိုက်ပွဲမှ အပြန်လမ်းကိုလည်း သပြေကမ်း၍ ကြိုကြသည်။

ကျွန်မသည် သမီးကလေး ရုံးသွားတိုင်း သပြေပန်းကလေး တရွက်ဖြစ်ဖြစ် တခက်ဖြစ်ဖြစ် ပေးလိုက်ရမှ ကျေနပ်သည်။ အားရသည် စိတ်ဖြောင့်သည်။ သပြေကို ကျွန်မချစ်ပါသည်။ သပြေကို ရုက္ခဗေဒအလိုအရ Eugenia  လေးညှင်းမျိုးနွယ် အုပ်စုဝင်ဟု သိရသည်။ မြန်မာနိုင်ငံ အနှံ့ အပြားတွင် မျိုးစိတ်ပေါင်းများစွာ ပေါက်ရောက်ကြသော်လည်းအလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်စဉ်က ကိုယ်တော်တိုင် တွေ့မြင်ခဲ့ရသော  ဇမ္ဗူ့ သပြေကို  အမွန်မြတ်ဆုံးဟု ယူဆခဲ့သည်။ အမှန်မှာ သပြေသည် ဘယ်နှစ်မျိုးရှိရှိ အားလုံး တမျိုးစီ သူ့ အလှနှင့် သူရှိနေကြသည်။ အရွက် နုလျှင် ရဲတွတ်နေပြီး ရင့်လာလျှင် စိမ်းသွားသည်။ဇမ္ဗူ့သပြေမှာကား အညိုရောင် အဆင်းရှိသည်။

သပြေထွန်းတဲ့ တောင်ကျွန်းဒီပါ မင်္ဂလာ အခါရောက်ပီ 
အောင်အတိတ်နဲ့ အောင်နိမိတ်တွေဟာ ထင်ပေါ်လာပါပြီ 
လွတ်လပ်ရေးကို မှန်းရည်  ငါတို့ စံဌာနီ  ဗမာ့အောင်ပွဲကို မှန်းရည် အလွန်ပဲ သာယာစည် 
အောင်ပန်းဆွတ်ကာ  အောင်ဇေယျတုနဲ့ ခေတ်သစ်  ထူထောင်မည်
အောင်သပြေပွဲ  အောင်သပြေပွဲ အောင်မြေထဲမှာ လွတ်လပ်ကြပါပြီ။ 

ဗိုလ်ချုပ်ရောက်လေရာမှာ ပြည်သူလူထုက  သပြေပန်းကမ်း၍ အမြဲတမ်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါသည်။        ။

ခင်မေသစ်

Monday, April 08, 2013

ဆလိမ်ဝဆွဲ သဝေထိုးလို့ ဆွေမျိုးလည်းတော်ပါသည်

သင်္ကြန်အဖွဲ့လေး မရေးတော့ဘူးလားလို့ ဖြိုးဖြိုးမေးလာတော့ ဖြတ်ဆို ကျွန်မမျက်စိထဲ စောဥမ္မာရဲ့ ပုံပန်းသဏ္ဍာန်ကလေးက မမြင်ဖူးပါပဲ မှန်းဆပေါ်ပေါက်လာတယ်။  နှစ်စဉ် သင်္ကြန်ကျပြီဆိုတိုင်း ကျွန်မရင်ထဲ မကောင်းလွန်းလို့မကျေမနပ်ဖြစ် ခဲ့ရတာလဲ အမောပေါ့။
တစ်ခုသော သင်္ကြန်မှာပေါ့လေ..။ နရပတိစည်သူမင်းကြီးက 
(ဟုတ်ရဲ့လားမသိ၊ ရာဇ၀င်က ကြေပါဘိနဲ့။ နရသီဟပတေ့လား .နရတော့ နရ ကစတာပဲ။ နရက စတဲ့မင်းတွေက အများသား။)
မောင်းမမိဿံ ချွေရံ သင်းပင်းတွေလွှတ်ပြီး  “ငါ့မိဖုရားစောဥမ္မာကို ရေပက်ကစားချီကြ" လို့ စေခိုင်းလိုက်သတဲ့။ အချွေအရံများကလည်း မင်းမိဖုရားရယ်လို့ ဂရုမထားအားပါးတရ ပက်ကြ လောင်းကြဟန်တူတယ်။ မိဖုရားအရှက်ကြီးပြီး စေခိုင်းသူဘုရင့်အပေါ် ရန်ညှိုးသိုဝှက်လိုက်တယ်။ အခွင့်အရေးရတာနဲ့တပြိုင်နက် စားတော်ကဲကို လာဘ်ပေးပြီး စားတော်အုပ်ထဲ အဆိပ်ကိုထည့်စေသတဲ့။ ဘုရင်က ကံကောင်းနေသူဆိုတော့ စားတော်ခေါ်ကာနီးမှာ စားပွဲခုံလှုပ်တယ် မသင်္ကာဘူး ဆိုပြီး အစာကို ခွေးကျွေးကြည့်ရာမှာ ခွေးသေတဲ့အတွက် အဆိပ်ခပ်မှန်းသိပါလေရော။ စစ်မေးရာမှာ မိဖုရားရဲ့ အစီအမံဆိုတာ ပေါ်လွင်ထင်ရှားသွားတယ်။ ဘုရင်က ဒီလောက်ကလေးကျည်စယ်တာနဲ့ ဒီလိုလုပ်ရသလား သတ်စေ တချက်လွှတ်အမိန့်တော်။ ဆိုတော့ မိဖုရားသေပါလေရော။ ဘယ်သူမှားသလဲ။ ဘယ်သူလွန်သလဲ ဘယ်လိုပြောကြမလဲ။

သင်္ကြန်နဲ့ ပတ်သက်တဲ့ ကြေကွဲဖွယ်ဇတ်လမ်းကလေးတပုဒ်ပါ။ 
ဒါကို သရုပ်ခွဲကြည့်ရင် အတ္တဆိုတဲ့ မာန်မာနတွေကြောင့်ဆိုတာ ပေါ်လာတယ်။ ဘုရင်ကလည်း “ငါလို ဘုရင်ကို" ဆိုပြီး “ငါ" ကို ရှေ့တန်းတင်တယ်။ မိဖုရားကလည်း  "ငါလို မိဖုရားကို" ဆိုပြီး “ငါ" ကို ရှေ့တန်းတင်တယ်။
သီတဂူဆရာတော်က ဟောပါတယ်။ Everythings compound တဲ့။ငါဆိုတာ မရှိဘူး ဘုရင်ရော မိဖုရားရော ဘာသော ညာသော အားလုံးဟာ ရေ မြေ လေ မီး အစုအဝေးတဲ့။ ဒါပါပဲတဲ့။ ဂရိဘုရင် မိလိန္ဒကို ရှင်နာဂသိန် ရှင်းပြတာလည်း အဲဒါပဲ။
ခုအခါမှာသူရောကိုယ်ရော ငါ  ငါ နှင့် မာန်တက်နေကြတယ်။ ငါ့အမျိုး ငါ့တိုင်းပြည် ငါ့နိုင်ငံ ငါ့ ဘာသာ စသည် ငါတွေ များနေတယ်။ စာရင်းချုပ်လိုက်ရင် ငါဆိုတာ ဘယ်နေရာမှာမှ မရှိဘူး။ ဒီတော့ သူရော ကိုယ်ရော လျော့ကြပါလို့ ပြောချင်တယ်။ မကောင်းဟူသမျှ ဒေါသ မာန စသည် အားလုံးတန်ခူးလ သင်္ကြန်ရေနှင့်အတူ မျောပါ ဆေးကြောပစ်ဖို့သင့်ပြီ အားလုံးငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ကြပါဆိုတာ မေတ္တာရပ်ခံချင်ပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ကိုယ့်ဆန္ဒထက် တဘက်လူ ဆန္ဒကို အရင် ဦးစားပေး ဆွေးနွေးရပါလိမ့်မယ်။ ကိုယ့်စိတ်ကိုလဲ ချိုးနှိမ်ရပါမယ်။ အကောင်းဆုံးဖြစ်အောင် အဖြေရှာညှိနှိုင်းကြရမယ်။ စိတ်ရဲ့ ထကြွလှုပ်ရှားလာမှုကို ပညာနဲ့ ထိမ်းချုပ်နိုင်ရမယ်။ အဆင်ခြင်မဲ့ အပြုအမူတွေဟာ ပညာမဲ့ရာကျပါတယ်။ ဗုဒ္ဒဘာသာဝင်များဟာ ဗုဒ္ဓစကားကို နားထောင်ကြပါ လို့ ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာစစ်စစ်ဟာ ရန်မဖြစ်တတ်ပါဘူး။ (ဒီလိုပြောလို့ တခြားဘာသာတွေကရန်ဖြစ်တတ်တယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူး။) နှစ်သစ်မှာ စိတ်သစ် လူသစ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြပါလို့ ပြောချင်ပါတယ်။

သီတဂူဆရာတော်က ဆိုတယ်။ ဗုဒ္ဓဟာ မင်းတို့လို လူပါပဲ တဲ့။ အမိရှိတယ် အဖရှိတယ် ဆွေမျိုးရှိတယ်။ ဒါပေမဲ့သူ က teachingသမားသက်သက်ပဲတဲ့။ Godကိုမဟောဘူး။ ဗုဒ္ဓရဲ့ အဆုံးအမက God မဟုတ်ဘူး။ Damma တဲ့။ ဓမ္မကိုသာ ဟောတယ်။ မမြင်ရတဲ့ ကောင်းကင်ဘုံကိုမျှော်ကြည့်မနေပဲ ကိုယ့်ခန္ဒုာမှာ ဘာတွေ ဖြစ်ပျက်နေသလဲ ဓါတ်ခွဲကြည့်တဲ့။

၁။သုတ္တန်(နည်းလမ်း)
၂။ဝိနည်း(စည်းကမ်း)
၃။အဘိဓမ္မာ(ကျင့်စဉ်) ဒါပါပဲတဲ့။ အခု ဖြစ်နေတာက လူတွေဟာ သူရော ကိုယ်ရော  religion မှာ 
ယုံကြည်ခြင်းရယ် (believe)
ရှိခိုးခြင်းရယ် (worship)
ဆုတောင်းခြင်းရယ်(pray)မှာပဲ ရပ်တန့်နေသတဲ့။

ဆိုလိုတာက ကျင့်ကြံအားထုတ်မှုမှာ အားနည်းနေသတဲ့။ တဦးချင်း တဦးချင်းက ကျင့်ကြံအားထုတ်လိုက်ရင် အတ္တမာန ဒေါသမောဟ  ကို ထိန်းချုပ်နိုင်ရင်  တနွယ်ငင် တစင်ပါဆိုသလို ပွားများလာပြီး ကမ္ဘာကြီး တခုလုံး အခိုးအငွေ့တွေ လျော့ပါးကင်းလွတ် သွားပါလိမ့်မယ် တဲ့။ အားလုံးချစ်ချစ်ခင်ခင်နဲ့ ခွဲခြားဆက်ဆံမှုမပြုပဲ ဆွေမျိုးရင်းချာတွေလို စုပေါင်းပြီးနေရမယ်လို့ ဗုဒ္ဓက ဟောပါတယ်။

တစ်နေ့သောအခါမှာ ဗုဒ္ဓမြတ်စွာဟာ ရဟန္တာများခြံရံပြီး သံသုမာဂီရိမြို့တွင်း ဆွမ်းခံအ၀င် နကုလပီတာ နဲ့ နကုလမာတာ သူဌေးကြီးမောင်နှံဟာ ဗုဒ္ဓမြတ်စွာကို သူတို့ရဲ့ သားပါလို့ တန်းတန်းစွဲ အော်မည်ပြီးနောက်တော်က တကောက်ကောက် လိုက်သတဲ့။ တွေ့တဲ့ မြင်တဲ့ သူတွေက ရယ်မောလှောင်ပြောင်ကြတော့ ဘုရားရှင်က မိန့်တော်မူပါတယ်။ သံသရာခရီးတလျှောက် စုန်ချီ ဆန်ချီ ဘ၀များစွာကူးလူးခဲ့ရာမှာ တခုသောဘ၀တွင် တော်စပ်ခဲ့ကြပါလိမ့်မည်။ မိုးမြေကမ္ဘာအစကနေ အမျိုးတွေ ချည်းပါပဲ။ မောင်ရင်းနှမတွေ သားအမိ သားအဘတွေ တော်စပ်ခဲ့ကြဖူးသူတွေမို့ စိမ်းစိမ်းကားကားမနေကြလင့် လို့ မိန့်တော်မူသတဲ့.။

ဒါကို ရွှေတိုင်ညွန့်က ခုလို ရေးဖွဲ့ခဲ့တယ်။

နောင်မယွင်းသာပ ..မောင်အရင်းအချာ နှမတွေလဲ တော်စပ် ခဲ့ကြသည်..
အဘိဓမ္မာ သဘောတရားနဲ့ စိမ်းကားမနေကြပါနဲ့  ဘုရားဟောကို ယုံကြည်..မိုးမြေကမ္ဘာအစကတည်းက အမျိုးတွေ ချည်းသာပ ပေါင်းသင်းဆက်ဆံ ကြရပေမည်.. 
လောကမှာ ရှိတဲ့သူ အကုန်လုံး  ဆွေမျိုးတွေပါအတည်…။

ဂျပန် ဂျာ မန်..လန်ဒန်…နေပြည်….အီတလီ…အိန္ဒိယ ..စုံအညီ..ပြင်သစ်နဲ့လဲ ဆွေမျိုး စင်စစ် တော်ပါသည်..ဗမာ  ..ကရင်..ကချင် ..ပလောင်  တောင်သူ လူမျိုးလည်းပါသည်…
ကျမ်းအချုပ်မှာတော့ …ရှမ်းတရုတ်လည်း ပါသည်..
တကယ်ဝါမကြွားသည်..ဗမာတွေ  တရားရှိသည်.. သင့်သင့်မြတ်မြတ်နေကြသည်..
 တယောက်နဲ့ တယောက်ဟာ  အမှန်ချစ်ပါလို့ ..
ရန်မဖြစ်ကြပါနဲ့.. ဆလိမ်ဝဆွဲ  သဝေထိုးလို့  ဆွေမျိုးလဲ  တော်ပါသည်။

Florist

Wednesday, February 20, 2013

အသောက၏ နောက်ဆုံးစစ်ပွဲ

အမှောင်ခေတ်
ခရစ်တော်မပေါ်မီ သုံးရာစုနှစ်ခန့်က အိန္ဒိယနိုင်ငံ မာဂဓပြည်တွင်  “ဒေ၀ါနံ ပိယဒဿီအသောကာ" (လူနတ်အားလုံးချစ်ခင်သောမင်း)ဘွဲ့ခံဘုရင် မင်းကရာဇ်တပါးစိုးစံခဲ့သည်။ ထိုမင်းသည် စစ်ဘုရင်ဖြစ်သည့်အလျှောက် အခါမလပ် စစ်ရိပ်စစ်ငွေ့ကြားတွင် ကခုန်ပျော်ပါး မြူးတူးတတ်သူဖြစ်သည်။ 

သွေးတို့ဖြင့် သွန်းလောင်းထားသည့် စစ်မြေပြင်သည် သူ၏ မျက်စိထဲဝယ် လှပသော အိပ်စက်နားနေရန် စခန်းသာတခုဟု မှတ်ယူသည်။သွေးဆာသောဘုရင်ဟုလည်းခေါ်ဆိုနိုင်သေးသည်။ တိုက်ပွဲတိုင်း အောင်မြင်သဖြင့် စစ်တွင် ပျော်မွေ့လေ့ရှိခြင်းဖြစ်သည်။ စစ်ပွဲနှင့် ပတ်သက်လျှင်အသနားမဖက် ရက်စက်သူလည်းဖြစ်၏။ အသောက စစ်ချီတက်လာပြီဟေ့ဟုဆိုလျှင် ဖိန့်ဖိန့်တုန် ကြောက်ရွံ့ကြ၏။ မြင်းကို ကဆုန်စိုင်းလာသော အသောကသည် သံကုန်ဟစ်အော်၍၄င်း လက်တဘက်မှလည်း ဓါးကို လေတွင် ဝှေ့ရမ်း၍၄င်း သူရောက်လေရာ လမ်းတလျှောက် ပိုင်းဖြတ်ခုတ်ထစ်သွားသည်မှာ လူသူတိရိစ္ဆာန်သစ်ပင် မဆင်မခြင် မြင်မြင်ကရာရာပင်။အပိုင်းပိုင်းပြတ်သည်။

ထိုမင်းသည် အိမ်နီးချင်းနိုင်ငံများကိုသာမက    ဝေးလံခေါင်ဖျားသော တိုင်းနိုင်ငံများကိုလည်းချမ်းသာမပေး အရ အမိ သိမ်းပိုက်တတ်သည်။ ထိုမင်းသည် သူ၏ အဘိသိက်ခံပြီး ရွှေနန်းစံသက် ဂနှစ်မြောက်ပြီးချိန်တွင် မာဂဓ တိုင်းအား အခွန်ပဏ္ဏာမဆက် အံတုလာသော ကလိင်္ဂတိုင်းပြည်ကို သွားရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ထိုစစ်ပွဲသည် သူ၏အမှောင်ခေတ်ကိုအဆုံးသတ် ပိုင်းခြားပြစ်လိုက်သည့် စစ်ပွဲဟုလည်း ခေါ်ဆိုနိုင်သည်။ ကလိင်္ဂတိုင်းပြည်သည် မြေသြဇာကောင်းသဖြင့် လယ်ယာလုပ်ငန်းဖြစ်ထွန်းသည်။ဆန်ရေစပါးပေါများသဖြင့်လည်း ကြွယ်ဝသော တိုင်းပြည်နိုင်ငံဖြစ်သည်။

ခြေလျှင်တပ်သားခြောက်သောင်း၊ မြင်းတပ်သားတစ်သာင်း၊ ဆင်ခုနှစ်ရာရှိသည်။ အသောကသည် လွယ်လင့်တကူ သိမ်းပိုက်နိုင်မည်ခန့်မှန်းထားသော်လည်း ထင်သလောက်မဟုတ်ချေ။ကျောက်တုံးပေါင်းများစွာကို ကြိတ်ခွဲဖို့ ၀န်မလေးသော်လည်း စုပေါင်းထားသော သဲတပွင့်စီ တပွင့်စီကို အမှုံ့ကြိတ်ြဖိုခွဲဖို့  ခဲယဉ်းလှသည်။ ကလိင်္ဂပြည်သူတို့သည် မိမိတို့နိုင်ငံအတွက် ကျားမ မရွေး အရွယ်စုံ တုတ်ဆွဲ ဓါးဆွဲ ခုခံခဲ့ကြသည်။ ထို့ကြောင့် အသောကသည် စစ်နိုင်သော်လည်း အတော်လေး ပင်ပန်းဆင်းရဲခဲ့ရသည်။ စစ်သည်အများကျဆုံးခဲ့ကြရသည်။ 

ကလိင်္ဂသည် ထိုမျှ များပြားသော စစ်သည်ဗိုလ်ပါ အင်အားရှိသော်လည်း စစ်ဘုရင် အသောက ကိုမူ  မခုခံနိုင်။အရှုံးပေးလိုက်ရသည်။ အသောကသည် ကလိင်္ဂတိုင်းမှ လူပေါင်း တသိန်းငါးသောင်းကို သုံ့ပန်းအဖြစ်ခေါ်ဆောင်ခဲ့သည်။ ဒါဏ်ရာအနာတရ ဖြစ်သူ တသိန်းမျှရှိပြီး ထိုမျှမကသော ပြည်သူ တို့မှာ အကြောင်းမဲ့ ဘုမသိဘမသိ သေကြေပျက်စီးခဲ့ရသည်။ အိုးအိမ်စွန့်ခွာကြရသည်။မိဘဆွေမျိုးသားချင်းများကွဲကွာခဲ့ကြရသည်။ အာကာသကောင်းကင်ပြင်မှာတော့  ကြယ်တာရာကြီးတလုံးသည် ထွန်းလင်းတောက်ပစွာ  အနောက်ဘက် မိုးကုပ်စက်ဝိုင်းမှသည် တက်လတ်၍ ဂင်္ဂါမြစ်၏ရေအလျှင်တွင် အရိပ်ထင် ကခုန်လျက်။ အောင်နိုင်သူ၏အပြန်ခရီးကို ကောင်းချီးပေး လိုက်ပါပို့ဆောင်နေဟန်ရှိသည်။ အသောက၏အပြန်လမ်းသည်လည်း အောင်ပွဲရ စစ်သည်အပေါင်း ခြံရံလျက်  စစ်သွေးစစ်မာန် ထယ်ဝါ ၀င့်ကြွားလျက်။ အောင်စည်အောင်မောင်း ရိုက်ညောင်းမည်ကြွေးရင်း တေးသီကျူးသံ များဝေစီလျက် ထက်မိုးအာကာသို့တိုင် လွှင့်ပျံ နေသည်။

အသောကသည် တဖြည်းဖြည်းနှင့် မိမိကလိင်္ဂသို့ စစ်ချီတက်စဉ်ကလမ်းခရီးတွင်  မိမိကိုယ်တိုင် ဓါးတ၀င့်ဝင့် ဖျက်ဆီးပြစ်ခဲ့သော "ဗုဒ္ဓဂယာ”သို့ ရောက်ရှိလာသည်။ ဗုဒ္ဓဂယာတွင် တပ်စခန်းချ၍ ယာယီတဲနန်းဆောက်လုပ် နားနေသည်။
အလို..
ရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ် ။  ( တတိယ သင်္ဂါယနာတင်သူ)
အရှင်သူမြတ် ဘာလုပ်နေသနည်း။ အပျက်အစီး အုတ်ပုံတို့အကြားဝယ် ရှင်ရဟန်းသည် ထက်ဝယ်ဖွဲ့ခွေပြုလျက် ကျောက်ရုပ်ပမာ မလှုပ်မရှက် တရားရှုမှတ်နေဟန်တကား။
(အသောက စိုးစံသော မာဂဓ တိုင်းတွင် ဂိုဏ်းပေါင်းစုံ ရှိ၏။ ဗုဒ္ဓဘာသာမှ ခွဲထွက်သော တန္တရ၀ါဒဂိုဏ်းသည်လည်း လူကြိုက်များ၏။ မိဖုရားကြီးသည် ထိုအယူကို ယူသည်။ဘုရင်အသောကသည်ကား မည်သည့်အယူဟူ၍ အတိအကျမရှိ။ အားလုံးကို ဘာသာရေးလွတ်လပ်ခွင့်ပေးထားသည်။ အရှင်တိဿမထေရ်ကိုမူ အသောကသည် ကြည်ညိုရင်းစွဲ ရှိ၏။ရာဇဂြိုလ်တွင် ကျောင်းသင်ခန်း ဆောက်လုပ်လှူဒါန်းပေးသည်။)
အသောက၏ရင်ဝယ် လှိုက်ကနဲ တချက် ပူဆွေးသွားသည်။ အရှင်သူမြတ်ကို ဖူးတွေ့ရသည်မှာ မသက်မသာရှိလှသည်။ အခြေအနေကို အကဲခပ်ရှုစားပါမှ ပို၍ ပို၍ ပူးဆွေးလာသည်။ ကြည့်လိုက်စမ်းပါဦးကွယ်။ ဒါတွေ ဘယ်သူ့ လက်ချက်တဲ့လဲ။
(အသောက ကိုယ်ထဲမှ  နတ်တပါးက မေးသယောင်။)
အသောက လုပ်ခဲ့တာ။(သူ့ကိုယ်ထဲမှ အခြားနတ်တပါးကဖြေသည်။)
အလာတုံးက စစ်သွေးစစ်ဟုန် စစ်ရှိန်မြင့်တက် လောင်ကျွမ်းနေစဉ် အသောကသည် စေတီများကိုခလုပ်ကန်သင်းသဖွယ် ထင်မှတ်ကာ ဖြိုဖျက်ခဲ့၏။ ဘုန်းတော်ကြီးကျောင်းတိုက်များကို မီးရှို့ဖျက်ဆီးခဲ့၏။ ယခုသော် ထိုဖရိုဖရဲ ပြိုကွဲနေသော စေတီပုထိုးအုတ်ကျိုးအုတ်ပဲ့တို့အကြား အရှင်သူမြတ် သည် တည်ငြိမ်အေးဆေးစွာ တရားရှုမှတ်နေနိုင်သေးသည်တကား။

အသောကသည် ယာယီတဲနန်းတွင် စံမပျော်ချေ။ မိမိ၏မိုင်ပေါင်းများစွာ ပြန့်ပြူးတည်ရှိနေသော မာဂဓ တပ်မတော်ကြီးကို လှည့်လည်ကြည့်ရှုနေ၏။ မာဂဓတပ်မတော်သည် ထုနှင့် ထယ်နှင့် အားကောင်းမောင်းသန်ရှိနေဆဲ။ တပ်တော်ဦးတွင် မိမိ၏ အမှတ်အသား ဂဠုန်တံဆိပ်ပါ ရဲတံခွန်တို့သည် အောင်လံဝင့်ဝင့်ချီလျက် လေတွင် တလူလူလွှင့်နေဆဲ။ထောင်ပေါင်းများစွာသော ဆင်မြင်းရထား ကုလားအုတ်စသည် နားနေလျက်။
ရှေ့သို့ ဆက်လျှောက်လာသော် ဘုရားရေ..။ မဟာဗောဓိပင်။
လေးသင်္ချေနှင့် ကမ္ဘာတသိန်းပါရမီ ဖြည့်ဆီးပြီးမှ သိဒတ္ထမင်းသား သစ္စာလေးပါးတရားကို အကြွင်းမဲ့ သိရှိ နိဗ္ဗာန်စံပျော်သူ လူနတ်ဗြဟ္မာတို့ကို နိဗ္ဗာန်တံခါးဝသို့  ဆောင်ကျဉ်းခဲ့သူ  ဘုရားစင်စစ် ဧကန်ဖြစ်ခဲ့သည်ဟု နာမည်ကျော်ခဲ့သူ။ ၄င်း၏ ပါရမီဖြည့်ဖက် မဟာဗောဓိပင်ကို မိမိ ခုတ်လှဲ ပြစ်မိသည်တကား။ သိဒတ္ထသည် ကပ္ပီလ၀တ်မင်းနေပြည်မှ ဘုရင့်သားတော်တည်း။ မိမိသည်လည်း မာဂဓတိုင်း၏ ဘုရင့် သားပင်တည်း။ သို့သော် သိဒတ္ထသည် သတ္တ၀ါများကိုကယ်တင်သူ။ မိမိသည်ကား သတ္တ၀ါတို့ အသက်ကို သတ်ဖြတ်သူ။ဖက်ရွက်ပမာ ချေမှုံးဖျက်ဆီးသူ။ မိုးနှင့်မြေ ကွာခြားနေသည်။ မိမိဖျက်ဆီးခဲ့သော မဟာဗောဓိပင်သည်အပိုင်းပိုင်းပြတ်လျက်။ အကိုင်းများမှာမူ အသက်ဓါတ်ရှိနိုင်သေး၏။
အရှင်သူမြတ်ဘုရား… တပည့်တော် မှားပါပြီ။ မှားခြင်းကြီးမှားမိပါပြီ။
အသောကရင်တွင် လောင်မြိုက်နေသည်။

ပွဲတိုင်းကျော်ခဲ့တဲ့ တပည့်တော်ဟာ ယခုတော့ တပည့်တော်ရဲ့ အကျင့်ဆိုးအတွက် အရှုံးပေး လက်မြှောက်ပါပြီဘုရား။ တပည့်တော်ရဲ့ အောင်မြင်ခြင်းဟာ အစစ်မဟုတ် ရှုံးနိမ့်ခြင်းသာ ဖြစ်ပါတော့တယ်ဘုရား။ ဘယ်တော့မှ ဆေးကြောသန့်စင်ရန် ဖြစ်နိုင်မယ်မထင်တဲ့ အပြစ်ကြီးတခု တပည့်တော် ကျူးလွန်မိခဲ့ပါပြီ။

အရှင်သူမြတ်သည်လည်း မျက်ရည်လည်မတတ်ခံစားမိရင်း အသောက၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို လျော့ပါးသွားအောင် အဘယ်စကားဖြင့်ဖြေသိမ့် ပြောဆိုရမည်နည်း။ ကလေးငယ်တို့၏ ဟစ်အော်ငိုကြွေးသံများ၊ ခေါင်းတခြားကိုယ်တခြား ပုံပန်းမလှမပ အလောင်းကောင်များ အသောက မြင်ယောင် ထင်ယောင် ကြားယောင်လာသည်။ မိမိကျုးလွန်ခဲ့သောပြစ်မှုများ၏ သရုပ်ဖေါ် ပုံရိပ်တို့သည် မိမိမျက်စိရှေ့ဝယ် တခုပြီး တခု ဆင့်ကာ ထပ်ကာ ပေါ်လာနေသည်။ သူ၏ကျောက်စာတွင်  အသောကသည် မိမိ၏ ပြစ်မှုများကို ကိုယ်တိုင် ၂ပိုင်းခွဲ၍ ကမ္ဗည်းကျောက်စာတင်ခဲ့သည်။ အသောက ကျောက်စာတိုင်များ ဗုဒ္ဓဂယာတွင် ယခုတိုင် ထင်ရှားရှိသည်။

အမှောင်သို့ နှင့် အလင်းသို့။
အသောကသည် ဗောဓိညောင်ပင်မှနေ၍ နေရဉ္စရာ မြစ်ကမ်းပါး ရောက်လာသည်။နေရဉ္စရာမြစ်၏ရေစီးကြောင်းသည် ကျဉ်းမြောင်းသော်လည်း အရှိန်ဖြင့် စီးဆင်းနေသည်။ ဒီမြစ်ကမ်းပါးကို သိဒတ္ထ ရောက်ခဲ့တာပဲ၊ နေရဉ္စရာမြစ်ဟာ ခုလိုပဲ လှနေမှာပဲ။ သူက နတ်လူ သာဓုခေါ်ဖို့ရောက်လာတယ်။ ငါက ကလိင်္ဂတိုင်းကို ဖျက်ဆီးဖို့ ရောက်လာတယ်။ ကိုင်း ကြည့်စမ်း ..အသောက။ မင်းနဲ့ သိဒတ္တ ရည်ရွယ်ချက်ခြင်း ဘလောက်ကွာသလဲ။ အသောကသည် နောက်ထပ် စစ်ပွဲများကို မဆင်နွဲ ၀ံ့တော့။ ကလိင်္ဂသည် သူ၏ နောက်ဆုံးစစ်ပွဲ သာဖြစ်တော့သည်။

အသောကသည် မိမိရောက်ရှိနေသော သုည၏ အ၀န်းအ၀ိုင်းအတွင်း တလယ်လယ်ဖြစ်နေပြီး မလွတ်မြောက်နိုင်သေးချေ။သို့သော် အသောကသည် စိတ်အားမငယ်တော့။ အမိုက်မှောင်သည် မည်မျှပင် ထူပိန်းနေပါစေ၊ ယင်းနှင့် အချိုးတူု ဆတူ အလင်းရောင်ကို မလွဲမသွေ ရကိုရ ရမည်။ ဤ အမိုက်မှောင်အတွင်းမှ လွတ်လမ်းကို ရှာနိုင်ရမည်ဟု  အသောက ခံယူထားလိုက်သည်။ 

အလင်းခေတ်
ထို့နောက် အသောကသည် သူ့ နန်းတော်အတွင်း ကြီးစိုးနေသော အမြင်မတော်လှသည့် တန္တရ ဂိုဏ်းသမားများကို နှင်ထုတ်ခြင်း။ အရှင်မောဂ္ဂလိတိဿ မထေရ်၏ ဦးစီးလမ်းပြမှုဖြင့် တတိယ သင်္ဂါယနာတင်ရန် အထောက်အပံ့ပေးခြင်း။ သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဂမိတ္တာတို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်၍ လင်္ကာဒီပကျွန်း(သီဟိုရ်ကျွန်း)သို့ သာသနာပြု စေလွှတ်ခြင်း  စေတီပေါင်း ၈၄၀၀၀ ၊ ရေကန်ပေါင်း ၈၄၀၀၀  ကျောင်းတိုက်ပေါင်း ၈၄၀၀၀ ရေတွင်းပေါင်း ၈၄၀၀၀ တည်ခြင်း။ ကိုးတိုင်းကိုးဌာနတွင် ရဟန်းတော်များစေလွှတ်၍ သာသနာပြုစေခြင်း။ ဗုဒ္ဓသာသနာ ထွန်းလင်း ပြန့်ပွားစေခြင်း။ ဗုဒ္ဓဂယာတွင် အပျက်အစီးများပြင်ဆင်မွန်းမံခြင်း မိမိပိုင် ဘဏ္ဍာငွေမှ ၉၆ကုဋေမျှသော ဥစ္စာငွေကြေးကို သာသနာအကျိုးအတွက် ရည်မှန်းလှူဒါန်းခြင်း။ မိမိခန္ဒာကိုယ်နှင့် သားတော် သမီးတော်တို့အား ဘုရားဝေယျာဝိစ္စ အလုပ်အကြွေးအဖြစ် လှူဒါန်းခြင်း နေ့စဉ် သံဃာတော်အတွက် မိမိပိုင်ငွေ ၅သိန်းအကုန်အကျခံကာ ဆွမ်းကွမ်းလှူဒါန်းခြင်း စသည် ကမ္ဗည်းရေးထိုးခဲ့သည်ဟုဆိုပါသည်။

နောက်ဆုံး အသောကမင်းကြီးမှာ ဥစ္စာဓနဟူသည် မြူမှုံမျှပင် မကျန်အောင် နတ်ရွာမလားမှီအားလုံးလှူဒါန်းပြစ်ခဲ့သည်။ သျှိသျှားသီးတစ်ခြမ်းမျှသာ ကျန်သည်ဟုလည်း အချို့ကဆိုပါသည်။ အသောကမင်းကြီးဟာ ဗုဒ္ဓဘာသာအဖြစ် အတိအလင်း ကူးပြောင်းလာခဲ့သည်ကြောင့်  အလင်းခေတ်ထဲ ၀င်ရောက်လာခြင်းလို့ ဆိုရမှာ ဖြစ်ပါတော့သည်။         ။
(အကုသိုလ်ကို  ကုသိုလ်က အနိုင်ယူ ဖုံးလွှမ်းသွားစေခဲ့တာပါ) 

တရားအလာ…ယုံကြည်ကာသာ.. ပုတ္တရသ ရွှင်လန်းပြီးတော့ .. သင်္ကန်းကိုလဲ ချီပါ ….
သာသနာ့ အမွေခံ .. ဧကန် မှန်ခဲ့တာ .. အလှူ့တကာ  အလှူ့တကာ  သီရိဓမ္မာ .. အာသောက ရာဇာ…

ခင်မေသစ်
(ဗုဒ္ဓဂယာမှ အပျက်အစီးများမှာ အသောကကိုယ်တိုင် ဖျက်ဆီးသည်ဟု သမိုင်းတွင် တိတိကျကျမဆိုသော်လည်း ဗုဒ္ဒဘာသာနှင့် ပတ်သက်သမျှ ဘုရားစေတီ ကျောင်းကန်များ  ထိုခေတ်က အဖျက်အဆီးခံရသည်မှာ အမှန်ဖြစ်ပါသည်။ အသောမင်းကြီး နောက် အုပ်ချုပ်ခဲ့သော မင်းတို့သည် ဂျိန်းဘာသာဝင်များဖြစ်၍  ဗုဒ္ဓဘာသာသည် မူရင်းဒေသတွင် ကွယ်ပျောက်ကာ အရှေ့တိုင်းသို့ ရွေ့ ခဲ့သည်ဟု မှတ်ယူရမည် ဖြစ်ပါသည်။ )

ကိုးကား..
ပါရဂူ ၏ "မင်းနှင့်ပြည်သူ"

မောင်အံ့  ၏ "ဗုဒ္ဓ သာသာနာ ၂၅၀၀ခရီး"

Monday, February 18, 2013

ဒေသစာရီ ဝေသာလီ

ဝေသာလီမြို့သည် နတ်ပြည်နတ်လောက၏ ထယ်ဝါ ခန်းနားမှုကို အတုယူတည်ဆောက်ထားသည့်အလား  တောင်စဉ်ခုနှစ်ထပ်သည်  တံတိုင်းသဖွယ်ခန်းနားစွာ ကာရံထား၏။ သမုဒ္ဒရာခုနှစ်စင်းသည်လည်း ကျုံးသဖွယ် ပီပြင်စွာ ကာရံထား၏။ အဆောက်အဦတို့သည် ရွှေဖြင့်ပြီးသော စုလစ်မွန်ချွန်များဖြင့် နေရောင်တွင် ဖိတ်ဖိတ်တောက်လျှက်ရှိသည်။ ထိုအဆောက်အဦတို့ အထက် ဝေဟင်တွင် တံခွန်ကုက္ကားစသည်တို့မှာ တခုနှင့်တခု ရောနှောယှက်နွယ် ထိုးထွက် လွင့်ပျံနေ၏။ နတ်ဘုံနတ်နန်းပမာ ခုနှစ်ထောင့် ခုနှစ်ရာ ခုနှစ်ဆောင်ကုန်သော ရာဇာတို့၏ နန်းပြဿဒ်သည်လည်းခန်းနားသိုက်မြိုက်စွာ တည် ရှိ၏။ ဝေသာလီနှင့် တူသည့်မြို ဆိုသည်မရှိ။ လိစ္ဆ၀ီမင်းတို့နှင့်တူသည့် မင်းမရှိ။

အမိအဘဆရာသမား သွန်သင်ညွှန်ပြသည်ကို လိမ္မာစွာ လိုက်နာကြ၏။ကြီးသူကို ငယ်သူက ဂါရ၀တရားထား၏။ လေးစားရိုသေ၏။ နိုင်ငံသည် ကြွယ်ဝသည်။ သီးနှံစပါးပေါများ၏။ ရောင်းဝယ်ဖေါက်ကားသောသူများ ဖြင့် စိုပြေ၏။ အရပ်တကာမှလာရောက်ကြကုန်သော ရတနာကုန်သည်တို့ဖြင့်လည်း မြို့သည်တင့်တယ်လှ၏။ ကောင်းစွာ ၀တ်စားဆင်ယင်ထားသည့် မြိုသူမြို့သားများမှာလည်း  ပျားပန်းခပ်မျှ အေးချမ်းစွာ ဟိုသည် လှုပ်ရှားသွားလာနေသည်။ တ၀ီဝီမည်မစဲသော ပျားပိတုံးတို့ ပျော်ပါးမြူးထူးသည့် ပဒုမ္မာကြာမျိုးစုံ ဖူးပွင့်ရာ ရေကန်တို့ ဖြင့်လည်းလှပစိုပြေ၏။ ဝေသာလီတွင် ထိုသို့သော ရေကန်မျိုး ခုနှစ်ထောင်နှင့် ပန်းစုံပေါသည့် ဥယျာဉ်ပေါင်းသည်ကား ခုနှစ်ရာရှိသည်။ယင်းမြို့ကို စောင့်ရှောက်ရန် ဆင် မြင်းစစ်သည် တပ်သားများမှာ မရေမတွက်နိုင်ခြေ။ ဥဒဟို လှည့်လည်သွားလာနေကြသည်။

ရထားဘီးသံ မြင်းခွာသံ ပတ္တမြားခြူလုံးသံစသည် တို့ကား ပင်လယ်သမုဒ္ဒရာထက် တက်လာသည့် လှိုင်းတံပိုးသံကဲ့သို့  အရပ် ထက်ဝန်းကျင် ပြန့်နှံ့ လွှမ်းမိုး၏။ ညအခါ ကခြေသည်တို့၏ ခန်းမဆောင်များမှ ပေါ်ထွက်လာသော တေးဂီတသံများဖြင့်လည်းဖြင့်လည်း နားဝင်ငြိမ့်ညောင်းစွာ စဉ်ဆက်မပြတ် ကြားရနိုင်သေး၏။ ထို ဝေသာလီမြို့ကို အုပ်ချုပ်သော လိစ္ဆ၀ီမင်းတို့သည်ကား တိုင်းသူပြည်သားများအပေါ် ကျောသား ရင်သား မခွဲခြား သာတူညီမျှ အုပ်ချုပ်၏။ မျက်နှာမလိုက် သမာသမတ်ကျစွာ တရားနှင့်အညီ စီရင် အုပ်ချုပ်သဖြင့် တိုင်းပြည်အေးချမ်းဖွံ့ဖြိုး၏။ရန်ုဟူသည်လည်းမရှိ။ သာယာဝပြော စိုပြေသည်။ထိုလိစ္ဆ၀ီမင်းတို့ကို အစစအရာရာ ဆင်ခြင်တိုင်းထွာနည်းပေးလမ်းညွှန်နိုင်သူ ပညာရှိ သုခမိန် က၀ိအကျော်အမော်  မှူးမတ်များစွာ ခစားဝန်းရံကြကုန်သည်။

လိစ္ဆ၀ီရာဇာတို့သည် တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ရာ နှိုက် မိမိတို့ ရင်ကို တံတိုင်းပမာ မှတ်ယူကြကုန်၏။ ပျားပိတုံးတို့သည် ပန်းကို ညှိုးနွမ်းထိခိုက်မှု မရှိစေဘဲပန်းဝတ်ရည်ကိုစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည်လည်း တိုင်းသူပြည်သားကို ထိခိုက်နစ်နာမှု မရှိအောင် အခွန်အတုတ်ကို တော်သင့်ရုံ ကောက်ယူကြသည်။ ပင်လယ်သမုဒ္ဒရာအတွင်းချထားသော လှေနာဝါတို့သည် ပင်လယ်ရေကို မစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည် သူဌေးသကြွယ်တို့၏ ဥစ္စာကိုလည်း သိမ်းယူခြင်းမရှိချေ။ ယင်းတို့သည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တရားသဖြင့် အလှည့်ကျ စံနစ်ဖြင့်သာ အုပ်ချုပ် စိုးမိုးကြသည်။ လိစ္ဆ၀ီမင်းတို့၏ ဂုဏ်သတင်းကား လောကအလုံး ပျံနှံ့ ကျော်ကြား၏။

တနေ့သော် ထို အဖက်ဖက်မှ ပြည့်စုံ သော လိစ္ဆ၀ီမင်းသားတို့၏ ဝေသာလီမြို့တော်ကြီးတွင်  ဒုဗ္ဘိကန္တရကပ်၊ ရောဂါန္တကပ်၊ သတ္တန္တရကပ် စသည် ငတ်မွတ်ခေါင်းပါးခြင်း။ အနာရောဂါ ထူပြောခြင်း စသည် ၀ဋ်ကြွေးမကင်း၍ ကပ်ကြီးသုံးပါး ဆိုက်ရောက်လာသည်။ သီးနှံစပါးတို့သည် မအောင်မမြင် အလိုလို ညှိုးနွမ်းကုန်၏။ ဆံရေစပါးတို့သည် ရှားပါးကုန်၏။ကြာငါးပါးတို့ဖြင့် တင့်တယ်ဝေဆာကုန်သော ရေကန်တို့သည် အကြောင်းမဲ့ ခန်းခြောက်ကုန်သည်ဖြစ်၍ ပျားပိတုံးများ ရေကန်တို့ကိုစွန့်ခွာကြလေ၏။ယမမင်းသည် ရှိသမျှ ဒုက္ခအပေါင်းတို့အား ဝေသာလီမြို့အပေါ် စုပြုံ ကျရောက်စေသည့်အလား ဘေးဥပါဒ်အန္တရယ်အပေါင်းသည် နေ့ချင်းညချင်း သွန်းဖြိုး ကျရောက်လာသည်။ မရဏ စည်တော်ယွန်းသဖြင့် အိမ်တိုင်း အိမ်တိုင်းသည်ထိတ်ခြင်း လန့်ခြင်းဖြင့်သာ အတိရှိ၏။ မြို့ရိုးကျုံးပတ်လည် တံတိုင်းတို့တွင်  လူသေအလောင်းကောင်များပြည့်နှက်သဖြင့် တံတိုင်းတထပ် ကာရံသည့်ပမာ ဖြစ်လေ၏။ လူအများသည် ဘီလူးစားခံရမည် ဟုပူပန်ကြောင့်ကျလျက်နေကုန်၏။ အစာရေစာ ခေါင်းပါး သီးနှံစပါးရှားပါးလာသောအခါ လူတို့သည် သစ္စာ မစောင့်နိုင်တော့ချေ။။

လိစ္ဆ၀ီမင်းတို့သည် အကြောင်းရင်းကို ရှာကြကုန်၏။ပညာရှိအမတ်များနှင့် တိုင်ပင်နှီးနှော၍ ဆွေးနွေးအဖြေရှာကြ၏။ ထိုအခါ အမတ်များက မိမိတို့ အယူအဆကို အသီးသီး ပြောပြ ကြကုန်သည်။ နေမင်း၏ အရှိန်အ၀ါနှင့် တူသော လပြည့်ဝန်း၏ အေးငြိမ်းမှုကိုဆောင်သော ကမ္ဘာလောကကြီးတခုလုံးအား အေးငြိမ်းမှုကို ပေးနိုင်စွမ်းသော သကျသာကီနွယ်ဖွား ဘုရားရှင် သည် ယခုအခါတွင် ရာဇဂြိုလ်ပြည် ဘုရင် ဗိမ္ဗိသာရ၏ဝေဠုဝန်ကျောင်းဥယျာဉ်မှာ စံနေတော်မူပါသည်။ ”ဂေါတမဗုဒ္ဓ” ဟု အမည်တွင်ပါသည်။ ထို ဗုဒ္ဓ ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာ မရှိပါ ဟု တညီတညွှတ်တည်း လျှောက်ထားကြသည်။

ဘုရင် ဗိန္ဗိသာရ၏ ဝေဠုဝန်ဥယျာဉ်သည် ၀ါးရုံအတိပေါများသော  အင်းကြင်း သရဖီ စသည် ကြိုင်လှိုင်သင်းထုံသော နေရာဖြစ်၏။ နေ့ညမပြတ် ၀င်းလက်တောက်ပ၏။ အမြိုက်နှင့် ပမာတူသောဝေဠုဝန်ကျောင်းတော်ကို ဗိမ္ဗိသာရမင်း ဆောက်လုပ်လှူဒါန်းသည်။ လိစ္ဆ၀ီ မင်းသားတို့သည် ဘုရားရှင်အား ထိုနေရာမှ ပင့်ဖိတ်ခဲ့သည်။ ဝေသာလီ၏ အကျိုးစီးပွားကို မျှော်ကိုး၍ ဘုရားရှင်က ဝေသာလီသို့ ဒေသစာရီ ကြွချီ တော်မူခဲ့သည်။ ဗိန္ဗိသာရမင်းကြီးသည်လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မှုများ ခန်းနားစွာ ပြုလုပ်ပေးခဲ့သည်။ ဘုရားရှင်နှင့် ရှင်အာနန္ဒာအမှူးပြုသော နောက်ပါ ရဟန်းသံဃာများသည် ဂင်္ဂါမြစ်ကို ဖြတ်ကူးကာ ဝေသာလီသို့ ဆိုက်ရောက်အပြီး ရတနာ့သုတ် ပရိတ်အရံအတားများ ရွတ်ဖတ်သရစ္ဆျယ်ကြသည်။ ပရိတ်ရေများ ပရိတ်သဲများကို မြို့ရိုး အနှံ့ ပက်ဖြန်းကြစေသည်။ ရတနာသုတ်ကို မြတ်ဘုရားက ခုနှစ်ရက် ခုနှစ်လီ အကျယ်တ၀ံ့ ဟောကြားတော်မူသည်။

ထိုအခါ ဝေသာလီမြို့အလုံးမကြုံစဖူး  မိုးကြီးသည်းထန်စွာ ရွာသွန်းသည်။ မိုးရေကြောင့်အညစ်အကြေးများကင်းစင်ခြင်း၊ ပန်းသစ်ပင်တို့ အညွန့်အညှောက် ထွက်ပြူလာခြင်း ရေကန် ရေအိုင်မှအစ ချောင်းငယ်မြောင်းငယ်များ  ရေပြည့်လျှံခြင်း သတ္တ၀ါတို့ မြူးထူးပျော်ပါးခြင်း ရွှင်လန်းချမ်းမြေ့ခြင်း ဖြစ်ကြသည်။ မြတ်ဘုရားက ရတနာသုံးပါးကို နေ့ညမပြတ်ဆည်းကပ်စေ၏။ ဥပုဒ်နေ့တိုင်း သီတင်းသီလ ဆောက်တည်စေသည်။ ငါးပါးသော သီလကိုမိမိအသက်ကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းစေ၏။ ထိုအခါ ဝေသာလီသည် ယခင်ရှေးနည်အတိုင်း စိုပြေ တင့်တယ်သဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံ ဖြစ်ထွန်းခဲ့သည်။         ။

ဒါကတော့ ဆရာ "ပါရဂူ” ရဲ့ “ဒေသစာရီ ဝေသာလီ" ကို မိမိစကားဖြင့်  အကျဉ်းချုံးပြီး မျှဝေပေးလိုက်တာပါ။ သုတ ရသ စာပေကို မြတ်နိုးသူများ အလွန်ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်ပါ။ အိန္ဒိယ ရဟန်းတော် “ဘိက္ခူအာနန္ဒာ ကောသလ္လာယ" ဟိန္ဒူဘာသာနဲ့ ရေးဖွဲ့ထားတဲ့ (“ဗုဒ္ဓ ဂုဏာလင်္ကာရ") ဘုရားဂုဏ်တော်ဘွဲ့ လင်္ကာရှည်ကြီးကို “ဆရာပါ" က မြန်မာလို ကဗျာရှည်ကြီး ဖွဲ့နွဲ့ထားတာလို့ ဆိုရပါမယ်။ တခါတည်း ရတနသုတ်ဖြစ်ပေါ်လာပုံကိုလဲ သိရတာပေါ့။ ဗုဒ္ဓ ဟာ မိစ္ဆာဒိဋ္ဌိ တို့ရဲ့ အယူကို ပယ်နှုတ်ပြီး မဂ္ဂင်ရှစ်ပါးနဲ့ လမ်းညွှန်ခဲ့တာပါ။

မြတ်ဘုရား၏ အထူးထူးသော ဂုဏ်တော်တို့ကို ရည်ညွှန်းလျက် မေတ္တာစိတ်ယှဉ်သဖြင့် ဒီကဗျာလင်္ကာရှည်ကြီးကို မြန်မာလို ဘာသာပြန်ဖွဲ့ဆိုပါတယ် တဲ့။ (မေမေလည်း မေတ္တာစိတ်ယှဉ်သဖြင့် ပါပဲ)
“ဆရာပါ" က မြတ်ဗုဒ္ဓကို မပြတ် ဦးခိုက်ကြပါလော့။ ဥပုဒ်နေ့တိုင်းသီလ ဆောက်တည်ကြပါလော့ လို့ လည်း စာဖတ်သူတွေကို ပန်ကြားထားပါတယ်။

ခင်မေသစ်

Sunday, January 20, 2013

နွေမိန်တပေါင်း

အင်ကြင်းပန်းပေါ်မှ အင်းကြင်းပန်းပုံလေးပို့ပေးမယ်တဲ့။
ခုတော့ အိမ်ကပွင့်တဲ့ နှင်းဆီလေးပဲ မေမေက ပို့ပေးတယ်။
ရှေးရှေး စာဆိုတော်ကြီးတွေဟာ တပေါင်းလကို အထူး အသားပေး ဖွဲ့နွဲ့ကြ တယ်။ တပေါင်းသာခေါင် လများနောင် တဲ့။ ခေါင်ဆိုတာက အခေါင်အဖျား နောင် ဆိုတာက ကြီးမြင့်တာ။ လတကာထက် သာတာ အထက်တန်းကျတာပေါ့ကွယ်။

သိဒ္ဓတ္ထ မင်းသား ဘုရားအဖြစ်ရောက်တော်မူတာ ကြာပေမဲ့ ခမည်းတော် နေပြည် ကပ္ပိလ၀တ်စံဌာနီကို ချက်ခြင်းမသွားရောက်နိုင်ခဲ့ပါဘူး။ တောထွက်တော်မူလာစဉ်  ရာဇဂ္ဂြိုလ်ပြည့်ရှင် ဘုရင် ဗိဗ္ဗိသာရ က ငယ်ရွယ်တော်မူလွန်းပါသေးတယ် ထီးနန်းစိုးစံပြီး လောကီစည်းစိမ်ချမ်းသာ မှာပျော်ပါးပါအုံးလို့ ရာဇဂ္ဂြိုလ်ထီးနန်းကိုတောင် နှင်းအပ်သေးတာကလား။ 

သိဒ္ဓတ္ထက လက်မခံခဲ့ဘူး။ ဒါဆိုရင် ဘုရားဖြစ်တဲ့အခါ ဦးစွာ သူထံ ကြွလာပြီး တရားရေအေး အမြိုက်ဆေး တိုက်ကြွေးပါလှည့် လို့ ပင့်လျှောက်ထားပြီးဖြစ်လို့  မသွားရောက်နိုင်သေးတာပါ။ ခမည်းတော်နဲ့ဆွေတော် မျိုးတော်တွေကလဲ ဘုရားဖြစ်ပြီဆိုတော့ ဖူးချင်ကြတာပေါ့။ ကြွလာခဲ ကြွလာခဲ မျှော်နေကြရတာ လေ။ကြာတော့ မစောင့်နိုင်ကြဘူး။ ကာဠုဒါယီ အမတ်ကြီးကို ပင့်ဖိတ်ခိုင်းခဲ့တယ်။ ဒီအခါ အမတ်ကြီးက မြတ်စွာဘုရားကြွချင်တော်မူလာစိတ် ချက်ခြင်းပေါက်အောင်  လမ်းခရီးတလျှောက် တေင်တောတွေရဲ့ သာယာပုံ၊ ကျေးငှက်သာရကာတို့ တေးသီ ပျော်မြူး တွန်ကြူးနေကြပုံ ဘယ်သို့ ဘယ်ညာ စာစီကုံး ဖွဲ့နွဲ့လျှောက်ထားလိုက်တာ ဂါထာ(၆၀)တောင် ရှိသတဲ့။ရှင်အုံးညို ဆိုတဲ့ စာဆိုတော်က ရေးဖွဲ့ထားတာ ဂါထာခြောက်ဆယ်ပျို့ဆိုပြီး ခုထိထင်ရှားရှိနေပါတယ်။

နန်းတော်ရှေ့ ဆရာတင်ကလဲ အားကျမခံ “ရာသီတော်ဦး“တေးသီချင်းနဲ့ ခုလို ရေးဖွဲ့ ဖေါ်ကျူးခဲ့သေးတယ်။

တိမ်ပြာ မိလ္လာ ရီ…တပေါင်းလမီ လေညှင်းသွေးတော့ ..
မွှေးနံ့ကြည်..အင်ကြင်း သရဖီ ပွင့်လန်းကာ ပန်းရနံ့ချီ.. 
မိုင်မဟီ ..ရွက်သစ်လောင်းလို့  ..ရွက်ဟောင်းကြွေသည်..
ပျို့ ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်..။
ဖူးစာတော်ရေးလို့ ..စီ..
ပြောလိုက်ပါ့ ..သော်တာ ..ယုံစန္ဒီ…
မှာလိုက်ပါရစီ..၊
နွေဦးပေါက်လို့ အောက်မေ့သည်..ပျိုချစ်သူဆီ..
.နေ့တိုင်းဘဲ..စွဲ လန်း…ပန်းရနံ့ ကြည်..။
အာကာယံထဲ မှာ ၀ဲကာ ပျံသန်းကြ သည်.
ကျေးဖိုမသည် ..မိုးတိမ်ဦးမှာ ပျော်မြူးကာ ဖူးစာဖက်သည်.။
တမ်းတကာ ရည်မှန်းလို့ လွမ်းသည်..
တူနှကိုယ်ကြင်မည် ..တပေါင်းလဆန်းမီ..။ 
ရာသီတော်ပွဲ 
သဲစေတီ စဉ်လာရှေးထုံး နွဲပျော်မည်
ထူးမြတ်တဲ့ ခါမီ..ဘေးမသန်း ..အေးချမ်းမဲ့ ဌာနီ..။

ဘိုဘိုဟန်ရဲ့ ဆရာမ သီချင်း အလိုက် ပါ ။ သံစဉ်လေးက နားဝင်ချို အေးမြလွန်းလို့.. ဆိုကြည့်နိုင်အောင် ရေးပေးလိုက်တာပါ။ သီချင်းထဲမှာ ပါတဲ့ စာသားအရ  ရာသီပန်းက အင်ကြင်းပန်း သရဖီပန်း တို့ ပွင့်တယ်။ရွက်ဟောင်းကြွေလို့ ရွက်သစ် ပြောင်းတဲ့အချိန်။စိမ်းဖန့်ဖန့် ပုရစ်ဖူးကလေးတွေ ပြူထွက်စ အချိန်  ဆိုတာလဲ သိရပါတယ်။ မိုးဝသန်ကုန်ဆုံးစ မြစ်တွေ ချောင်းတွေမှာ ရေအကျမို့ ခလေးလူကြီး သဲပုံစေတီကလေးတွေ တည်ကြတယ်ဆိုတာလဲ ပေါ်လွင်နေတယ်။ တီတီတာတာ ကြည်ကြည်သာသာ လူးလာတုံ့ခေါက် ပျော်မြူးနေတဲ့ ငှက်တွေရဲ့သဘာဝကိုလဲ မျက်မြင် တွေ့ရှိနိုင်ပါတယ်။ 
မဟာအတုလမင်းကြီး ရေးဖွဲ့ခဲ့တဲ့ ဆယ့်နှစ်လရာသီဖွဲ့ တွေထဲမှာ တပေါင်းလကို ခုလို ဖွဲ့နွဲ့ ခဲ့တယ်။

မြိုင်ခြေငယ်သင်းပါလို့ ၊အင်ကြင်းငယ် ရွှေဖီ၊၀တ်မှုံငယ်စီသည်။
မြစ်နဒီ သောင်တခိုက မောင်မယ်ညိုမြူးတဲ့လကိုလေး။
ရာသီမိန်ဝယ် ၊ဂိမာန်ရွက်ပြောင်း လတပေါင်းမို့၊
ရွက်ဟောင်းကြွေကာ ၊ဥတ္တရာနှင့်၊
ကြယ်ပုရပိုဒ်၊လေးချက်ချိန်ကို။
တိမ်ခြေစိုက်လို့၊စလိုက်ကယ်ဖွေရှာ၊
ကိုတံငါလဲ၊ဘာသာသောင်ခွင်၊ပျော်မြူးသာရွှင်တော့တယ်၊
သဘင်လ ခါမှီဝယ်၊ သဲစေတီ ငွေသောင်ကမ်းရယ်က ၊
လွမ်းလှတယ်လေး။      ။

ဒါကလွမ်းချင်းပါ။ သူ့စာထဲမှာ အင်ကြင်း သရဖီ က ရာသီပန်း။ ဆိုတာရယ်။
မြစ်ကမ်းခြေရေနဒီမှာ မယ်ညို မောင်နှံ မြူးပျော်တဲ့လ ဆိုတာရယ်။
နက္ခတ်က ဥတ္တရာ ဆိုတာရယ် ရေကျချိန်မို့ တံငါသည်တို့ဘာသာဘာဝ  ပျော်ပျော်ကြီးပိုက်ချကြတယ် ဆိုတာရယ်။
သဲပုံစေတီများတည်ဆောက်ကြတယ် ဆိုတာရယ် သိလာရတယ်။
အမြို့မြို့ အရွာရွာမှာ တပေါင်းလဘုရားပွဲတော်များစည်ကားသိုက်မြိုက်စွာ ခြိမ့်ခြိမ့်သဲ ကျင်းပကြတယ်။
ရှင်ပြုနားသ အလှူပွဲများ လှူကြ တမ်းကြ ကုသိုလ်ပြုကြတယ်။အလှူ ၀တ်ဆံ လှည့်ကြတယ်
ပျဉ်းမနားမှာလဲ လောကမာရဇိန် လောကရန်နှိမ် ဘုရားပွဲ တော်များ နှစ်စဉ်ကျင်းပပါတယ်။
အဖေကြီးဂိုဏ်းဆိုတာ မေမေတို့ ပျဉ်းမနားပြောင်းလာကာစက တော်တော် နာမည်ကြီး တယ်။ တပေါင်းပွဲတော်ကို ဦးစီးကျင်းပကြတာပါ။

ရှင်ပြုလည်းပါတော့ ကွမ်းတောင်ကိုင်တွေ ရှင်ဘုရင် မိဖုရား စည်တော်ယွန်း  ထွက်တော်မူ ၀င်းခင်းလှည့်တာတွေနဲ့ တော်တော်ကြည့်လို့ ကောင်းပါတယ်။  ခလေးလူကြီး ပျော်ကြတယ်။  ဘုရားပွဲတော်က  မိမိတို့ နဲ့ သက်ဆိုင်ရာ ပစ္စည်းတွေ ၀ယ်ကြ ချမ်းကြ ပျော်စရာပါဘဲ။ ကုန်ပစ္စည်းမျိုးစုံ မရှိတာ မရှိ  ခလေးကစားစရာ၊ မီးဖိုချောင်သုံးပစ္စည်း၊ အထည်အလိပ် ပုဂံခွက်ယောက်လိုချင်တာအကုန်ရနိုင်တယ်။

မျက်လှဲ့ ရုပ်ရှင် ဂျင်ဝိုင်း ဆပ်က စသည် ပါနေကျ ပြ့ပွဲ ပြိုင်ပွဲ (လက်ဝှေ့ပွဲ) တွေမကျန် အမျိုးစုံ ရပ်ဝေး ရပ်နီး လာရောက် ရောင်းချသူ ရောင်းချ။ ၀ယ်သူ ၀ယ်ကြ ပြားပန်းခတ်လျက်ရှိနေကြတယ်။
ဖြိုးဖြိုး ငယ်တုံးက အဖေနဲ့ မျက်လှဲ့ပွဲလဲကြည့်တယ်။
၃ကားပေါင်းရုပ်ရှင် ငါးမူးလား တကျပ်လား မမှတ်မိ ကြည့်ကြတယ်။ ပွဲတော်က တပတ် ဆယ်ရက် ကြာတာပါ။
အဲဒါကြောင့်လည်း တပေါင်းလဟာ လတကာထက် သာလွန်ထူးခြားတဲ့လ လို့ဆိုကြတာ ဖြစ်ပါလိမ့်မယ်။

ခင်မေသစ်

Tuesday, January 15, 2013

ဘယ်ရှေးကံငယ်

(မေမေပို့ပေးတဲ့ စာကို မေမေပို့ပေးတဲ့ နှင်းဆီလေးတွေနဲ့ပဲ အတူတွဲထားလိုက်တယ်)
ပါရဂူရေးတဲ့ “ဓမ္မ၀တ္ထုတိုများ" စာအုပ် ဒီကနေ့ မေမေ၀ယ်လာလို့ ဖတ်ကြည့်ရင်း  “အရိယာလမ်းစဉ်“ ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖြိုးဖြိုးဖတ်ဖို့ ပြောပြချင်စိတ်ပေါ်လာတယ်။

ဟို ရှေးရှေး ဘုရားရှင် ပွင့်တော်မူစဉ်ကာလမှာ အရိယာသူမြတ်တို့ဟာမိမိအသက် ဘယ်မျှ အဖိုးအနဂ္ဂ ထိုက်တန်ပါစေ အခြားသေးနုတ်သိမ်ဖျင်းတဲ့ မည်သို့သော သတ္တ၀ါတို့ရဲ့ အသက်အတွက်ပင်ဖြစ်ပါစေ စွန့်လွှ့တ်အနစ်နာခံဖို့ ၀န်မလေး မကြောက်ရွံ့ကြဘူး တဲ့။

ပုထုဇဉ်လူသားဆိုတာ မကြာခဏ အမျက်ဒေါသ ပေါက်ကွဲလွယ်တတ်ကြတယ်။တခါတရံ ကိုယ့်ပစ္စည်းဘယ်ထားမှန်းမသိ အထားမှားလို့ အလွယ်တကူ ရှာမတွေ့ရင် ဘယ်သူယူတယ် ဘယ်ဝါယူတယ်လုပ်တတ်ကြတယ်။သူပိုင်အိမ်ခန်းစသည် ဘီရို ကိုတောင် ကျူးကျူးကျော် ကျော် ပိုင်စိုးပိုင်နင်း ဖွင့်ရှာတဲ့အထိ လောဘဇောတွေ မွှန်တတ်ကြတယ်။ဒါဟာ လူ့ ဓမ္မတာပါဘဲ။ အခုပြောပြမဲ့ ၀တ္ထုက ၅၅၀ ဇတ်တော်မှာ မဟာသုတသောမဇတ်လို့ အမည်ရပါတယ်။ ပိဋကတ်ကျမ်းစာများမှာ  ”ဓမ္မအတွက်” အသက်ပေးသွားကြတဲ့ အရိယာသူတော်စဉ်တွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ဝတ္ထုဇတ်လမ်းလေးက တော်တော်လေး ကြေကွဲ ရင်နင့်စရာပါဘဲ။