(မေမေ့ ရဲ့ စာ)
လူရယ်လို့ ဖြစ်လာရင် လူ့ဘ၀ရဲ့ နောက်ဆုံးအချိန်ကိုတော့ မလွှဲမသွေ တွေ့ရမှာ အစဉ်အလာပါပဲ။ အဲဒီအချိန်ကို ကျမတို့ ဘယ်လိုရင်ဆိုင်ကြမလဲ။ နောက်ဆုံးအချိန်ဆိုတော့ သေမင်း ခေါ်တဲ့ အချိန် မို့လား။ သေခြင်းတရားနဲ့ ကျမ ဘယ်တုံး ဘယ်ကာလက အနီးစပ်ဆုံးရင်ဆိုင်ခဲ့ရသလဲ ဆိုတာ ကြည့်ချင်ပါသေးတယ် ။
ကြည့်ပါရစေအုံး။
ပထမဦးဆုံးသေတယ်ဆိုတာ ကြားဖူးစတုံးက ဘာမှန်းမသိပါဖူး။ ကျမ အသက် ၅နှစ်လောက်မှာ အိမ်ဘေးက မိန်းမတယောက် ရုတ်တရက် အော်ငိုလိုက်တာ သဲထိတ်ရင်ဖို ကြားလိုက်ရော ကျမ အသံလာရာ လှမ်းကြည့်တော့ မိန်းမတယောက် တန်းလျာတခုပေါ်မှာ ခြေဆင်းထိုင်နေရာာက ဟစ်ငိုတာမြင်ရတယ်။ အဲဒီတုံးက ကျမ ဒီမိန်းမသေတယ် ထင်နေတာ။ သေတဲ့သူက ငိုနေတယ်ထင်တာ။
သေတဲ့သူက ဘယ်လိုကြီးလဲဆိုတာကို မသိသေးတာ။ အကောင် ပလောင်လေးတွေ သေတာပြုတာ တွေ့ဖူးပေမဲ့ မဆက်စပ်မိဖူးထင်တယ်။ ကျမ မှတ်မိသလောက် ပြောရရင် ...ကျမအသက် ၆ နှစ်လောက်က ဆိုပါတော့။ ကျမတို့အိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်မှာ မိန်းခလေးတယောက် ဆုံးလို့ တဲ့။ မေမေ့ညီမက သွားပါတယ် သူသွားတာ လူသေလို့ သွားတယ်ဆိုတာ မသိဘူး။
ခါတိုင်းလို အလည်အပတ်သွားတယ်ပဲ ထင်ပီး အဒေါ့် ထမီဆွဲ လိုက်သွားတာ။ အဲဒီအိမ်ရောက်တော့မှ အိမ်ရှေ့မှာ ဘွားကနဲ ပက်လက်ကြီး ဖွေးဖွေးကြီး စန့်စန့်ကြီး.. မြင်လိုက်ရော၊ ကျမ ထွက်ပြေးချင်လိုက်တာ ။
ထွက်ပြေးရင် ထဆွဲမှာစိုးလို့ မပြေးရဲဘူး။ လှုပ်ကို မလှုပ်ရဲတာ။ ကြည့်တောင်မကြည့်ရဲတာ။ ဒါပေမဲ့ ကျမ...
အဒေါ့် ရင်ခွင် မျက်နှာအပ်ပီး အသာလေး စောင်းငဲ့ချာင်းကြည့်ပါတယ်။ အမလေး မျက်နှာကြီးက ဖွေးလွန်းရတဲ့ အထဲ နှုတ်ခမ်းမှာလဲ ရဲတွတ်လို့။ ဖွေးပုံ ရဲပုံ တွေက လူသာမန်နဲ့ မတူဘူး။ မျက်လုံးတွေက မှိတ်နေပီး အရုပ်ကြီးလိုပဲ မလှုပ်မယှက်။ ငြိမ်ငြိမ်ကြီး။ လက်ကြီးတွေ ကဘေးမှာ ရှည်မျောမျော ကပ်လို့။ ဘုရားပွဲက အရုပ်နဲ့လဲ မတူ။ ထမီကြီး ကိုယ်ပေါ်လွှမ်းထားတယ်။ လူသေတယ်ဆိုတာ ဒါမျိုးလား။ ဒီပုံကြီး ဖြစ်သွားသလား ပေါ့။ ဒီတုံးက လူသေရင် အဲလို ဖွေးသွားတယ်ပဲ ထင်နေတာ။ လူက ချယ်ပေးထားမှန်းမသိဘူး။ အဲဒီအစ်မ က “အေးမိစံ” တဲ့။ အသက်ရှိတုံးက ဆို ချောချောလှလှလေး။ အပျိုပေါက်ကလေး။ နောက်နေ့ကျတော့ အသုဘချတယ်လို့ အဒေါ်က ပြောတယ်။ လှည်းပေါ်မှာ ပိတ်စတွေ အထပ် အထပ် အတွန့်အတွန့်တွေ ဝေဆာလို့။ ရှည်မျောမျော သေတ္တာကြီးထဲ ထည့်ယူသွားတယ်။ ပန်းတွေလဲကြဲ်ထားတယ် ထမင်းထုပ်တဲ့ ပါသေးတယ်။ ဒီတစ်ခါတော့ အဒေါ့်နောက် ထမီဆွဲ မလိုက်တော့ဘူး။ အဒေါ်က အသုဘပို့သတဲ့။ အဲဒီလှည်းနောက်မှာ ခြေလျင် လိုက်သွားတယ်လေ။ ငိုတဲ့သူကငို။ ကမ္ဘာပျက်သလားပဲ။
ကျမကြောက်လိုက်ပုံများ အဒေါ် ပြန်လာတော့ အနားမကပ်ရဲဘူး။ အဝေးကရှောင်နေတယ်။ နောက်တစ်ပတ်ကြာတော့ ရက်လည်ဆွမ်းကြွေးတယ်ဆိုပီး သေသူကို တရားနာဖို့ခေါ်လာတာ ဘုရားတွေမှာ လူတွေ လှူကြတဲ့ တံခွန်ကုက္ကားလှလှလေးတွေနဲ့။ ကျမက အဲဒီတုံးက စဉ်းစားတယ်။ ဘယ်လိုခေါ်လာတာလဲ။ သူဘယ်လိုလိုက်လာသလဲ တံခွန်ကုက္ကားတွေပေါ် စီးလိုက်လာသလား။ သေတဲ့လူက တံခိုးရှိသလား ကိုယ်ရောင်ဖျောက်လိုက်လာသလား။
ဒီနောက်မှာတော့ သေတယ် သေတယ်နဲ့ ကြားနေရပေမဲ့ တေ့တေ့ဆိုင်ဆိုင် မကြုံရတော့ မေ့မေ့လျော့လျော့ ပါပဲ။ ကျမ အထက်တန်းကျောင်းရောက်တော့ pre metric class လို့ခေါ်တဲ့ အကြို တက္ကသိုလ်ဝင်တန်း မှာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ရဲ့ မိခင် ကွယ်လွန်တော့ ကျမတို့ ကျောင်းသားတွေ အားလုံးသွားကြတယ်။ အလောင်းကြီးက ကုတင်ပေါ်မှာ ပက်လက်ကြီး ။သူကတော့ လူကြီးမို့ ထင်ပါ့ ထမီတထည် အင်္ကျီတ ထည်လွှားထားတာကလွဲလို့ ဘာမှ ချယ်သမထားဘူး။ ကျမ တည့်တည့်မ ကြည့်ရဲလို့ဘေးတစောင်လေးထိုင်ပီး မမြင်ချင်ယောင်ဆောင်နေရတယ်။ အသက်က ၁၇နှစ်တောင်ရှိနေပီ။ ကြောက်တုံး။ ကျမက ဘယ်တော့မဆို ..အသုဘ ဆိုရင် ဝေးဝေးရှောင်ပဲ။ ရှောင်လေ ကြောက်လေ ပဲ။ အဝေးက ငွေကြေးကူညီ ထောက်ပံ့တာမျိုးကိုပဲ ဦးစားပေးခဲ့တယ်။ အသုဘအိမ်က ယပ်တောင်တချောင်းကိုတောင် ကိုယ့်အိမ်ယူလာတာမျိုး မပြုစေရဘူး။ အသုဘအိမ်က ပြန်လာရင်လဲ ရေချိုးခန်းကို တန်းသွား ကိုယ်လက်သန့်စင် ဆေးကြောပီးမှ အိမ်ထဲ အ၀င်ခံတာ ကျမက။ အဲလောက် ကြောက်တာ ။ (ကျမတို့  မေမေ က အသုဘပြန်လာရင် အ၀တ်အစားတွေ အကုန်ချွတ် လျှော်ဖွတ်၊ ရေမိုးချိုး ကိုယ်လက်သန့် စင်ပီးမှ အိမ်ပေါ် တက်ရတာ။)
တစ်နေ့တော့ ကျမ စတုတ္ထ ကိုယ်ဝန်ကို မွေးဖွားသန့်စင်ပါလေရော။ ဒီတုံးက ဆောင်းတွင်းကြီး။ ကြမ်းလိုက်တဲ့ ဆောင်း ။ အသဲဆုံး ၊ အကဲဆုံး၊ နှင်းတွေက မိုးရွာသလိုပဲ။ မဲဇာာတောင်ချေ၊ ပတ်ပျိုးထဲကလို ဆီးနှင်းပေါက်လည်း၊ မိုလောက်ပြင်းထန်၊ ဆိုတာမျိုး တပေါက်ပေါက်တဖြောက်ဖြောက်နဲ့ တုန်ခိုက်နေအောင်ချမ်းရတဲ့...အထဲ တကယ်ပဲ ကြေကွဲ စရာ အဖြစ်နဲ့  တိုးခဲ့ရတယ်။ ကလေးက( မိန်းခလေး ) လှကလှနဲ့။ ၃ရက်အရ မှာ ရုတ်တရက် သေဆုံးသွားပါတယ်။ Jaundice အသားဝါရောဂါ ၀င်လာတာပါ။ ကျမမျက်စိအောက်မှာပဲ ဝေဒနာ အပြင်းအထန် ခံစားရင်း အမေ အဖေ အကို အမ မသိရှာပဲ အားလုံးကိုစွန့်ခွာထွက်သွားရှာတယ်။ ( ဒီအကြောင်း ကျမ ကြေကွဲမြစ် ခေါင်းစဉ်နဲ့ ပန်းအလင်္ကာမဂ္ဂဇင်းမှာ ၀တ္ထုတပုဒ်ရေးဖူးပါတယ်။) ကိုယ့်ရင်မှာ ဖြစ်တဲ့ ရင်သွေးလေး နဲ့ကျမှ အရူးအမူးဖြစ် စာနာ လာတတ်တယ်။
နောက် သတ္တမကိုယ်ဝန် ကို မီးဖွားရာမှာတော့ အသက်ပါမလာပါဘူး။ ယောင်္ကျားကလေးပါ။ (ကျမရဲ့မေမေက ဒီကလေးကို လှလွန်းလို့တဲ့ ပြောမပြီးနိုင်ဘူး။) ကို်ယ့်ရင်၌ ဖြစ်တည်လာတဲ့ ရင်သွေးတွေ ဆုံးပါးရတာနဲ့ ကြုံကြိက်ရမှ ကျမ သေသူတွေကို ကြည့်ရဲလာတယ်။ ဆွမ်းသွပ်တဲ့အခါမှာလဲ ကလေး ကောင်းရာသုဂတိ ရောက်စေဘို့ရည်ရွယ်လှူဒါန်းတာမို့ ကုသိုလ်ရအောင် ဆွမ်းသွပ်ထမင်းကို စားရဲ လာတယ်။ ဒီ့နောက်မှာ ဖေဖေက ဘုရားကန်တော့နေရာကနေ မူးတယ် မူးတယ် ပြောရင်း အသက်ထွက်သွားတယ်။ အသက်မရှုတော့ဘူး။ အောက်ထပ်ကလူ တာင် အပေါ်ထပ်အရောက် အသက်မမှီ ဘူး။ အသက်ပျောက်မြန်ပုံများ။ ဒီတုံးက ကျမက အဝေးကလာပီး ဖေဖေ့ကိုကန်တော့ရတာလေ။ အကိုတွေက ဖေဖေ့ခေါင်းကို ဖွင့်ပြပီး ကြည့် တဲ့  ။ တစ်ချက် အပြေးအလွှားကြည့်ပီး အမြန် လက်ဝါးနဲ့ အုပ် ငိုလိုက်တယ်။ မကြည့်ရဲဘူး။ ည ညကျတော့လဲ ကြောက်ပီး မအိပ်ရဲဘူး။ ဖေဖေ့ကို ကလန်ကဆန်လုပ်ဘူးထားတော့ လာခြောက်မလား နဲ့။ ဘာမှလည်း မဟုတ်ဘူး။
ဒီ့နောက် မေမေ၊ မေမေ့ကျတော့ ကံမကောင်းဘူး။ ဖေဖေ့လို ကုသိုလ်မကောင်းဘူး။ ဝေဒနာ ခံစားရတာ တစ်လနီးပါးပဲ။ ရန်ကုန်ဆေးရုံကြီးမှာ ဆရာဝန် သူနာပြုတွေ လုပ်သရွေ့ခံရရှာတယ်။ ၉ နှစ်သား မြေးကလေး အာကာ မမျှော်လင့်ပဲ ဆုံးပါးသွားတော့ တော်တော်လေး ခံနိုင်ရည် ရှိသွားပြီ။ အယူမသီးတော့ဘူး။ ကလေးကိုတော့ နှမြောဝမ်းနည်းတာပေါ့။ ဖြစ်ရလေခြင်းလို့ ကြေကွဲရပေမဲ့ ဟိုငယ်ငယ်ကလို ဟိုဟာရှောင် ဒီဟာရှောင် မလုပ်တော့ပါဘူး။ ကိုယ်နဲ့ အနီးစပ်ဆုံး လူတွေ သေကြတယ်ဆိုတော့ တကယ့်ကို အတွေ့အကြုံက များလာပြီး ရင့်ကျက်လာပြီ။ သေခြင်းတရားနဲ့ ရင်ဆိင်ရဲလာပြီ ဆိုရမှာပါ။ စာကလေး ပေကလေး တော်တော်ဖတ်ထားပီဆိုတော့ ခံနိုင်ရည်ရှိလာပီလို့ထင်တာပဲ။ သေပီးရင် ဘာဖြစ်မလဲ။ အဲဒါကလဲ အသိချင်ဆုံးအရာပါ။ နောက်ဆုံးအချိန်ရောက်ရင် ဘယ်လိုရင်ဆိုင်ရမလဲ။ ဘယ်နည်းဘယ်ပုံသေမလဲ။ ဖြိုးကနဲ ဖြတ်ကနဲသေရင် တော်ပါရဲ့ ။ မေမေ့လို ဝေဒနာခံစားနေရရင် ဘယ်လို လုပ်ရမလဲ။ ကျမရဲ့နောက်ဆုံးအချိန်ကို ကျမ ဘယ်လို ရင်ဆိုင်ရမလဲ။ ကျမ အများကြီး လိုနေအုံးမှာဖြစ်ပါတယ်။
ရှေး..ရှေး အတိတ်ဘ၀က ကျမရဲ့ ကုသိုယ်ကံအကြောင်းတရားက ဘယ်လိုပါလဲ။ ကျမ မသိ မမြင်နိုင်ပါ။ နောင်အနာဂါတ်ကာလ၏ အမေးပုစ္ဆာကလဲ ကျမ ဘယ်လို အဖြေကြိုထုတ်ထားနိုင်ပါ့မလဲ။ ပြောနိုင်တာက ဗုဒ္မ ဟောကြားဆုံးမသလို ကျမတို့  မမေ့မလျော့မပေါ့ဆပဲ။ ၀ိပဿနာတရားကို အမြဲ ရှုမှတ် ဆင်ခြင် နေခြင်းဖြင့် ရှောင်လွှဲမရမယ့်သခြင်းတရားကို ရဲရဲဝံ၀ံ ရင်ဆိုင်နိုင်ဖို့ အသင့်အနေအထားမှာ ရှိရမှာ ဖြစ်ပါတယ် ။
ကံစိတ်ဥတုအဟာရ အကြောင်းတရားလေးပါး ပေါင်းစပ်၍ ပြုပြင်စီရင်အပ်သော သင်္ခါရတရားတို့ သည် အမြဲမရှိကုန် ...တဲ့။ ဖြစ်ခြင်းနှင့် ပျက်ခြင်းသဘောတရားသာ ရှိကုန်၏ တဲ့။ ဖြစ်၍ပျက်၏။ ထို ရုပ်နာမ်သင်္ခါရတို့၏ ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္မာန်သည်သာ ချမ်းသာခြင်းမည်သည် တဲ့။ စဥ့်ပါဆရာတော်က ဗုဒ္မရဲ့  အယူအဆကို ခုလို ဆင့်ပွား ဟောကြားခဲ့တယ်။ ကျမအနေနဲ့ အများကြီး အမျာကြီး ရင့်ကျက်ဖို့ လိုနေသေးတယ် ဆိုတာပါပဲ။ ကျမရဲ့ နောက်ဆုံးအချိန် နောက်ဆုံးနေ့ နောက်ဆုံးစက္ကန့်သည်။ ဘယ်တော့လည်း ဘယ်သူမှ မသိနိုင်ပါ။ ။
ခင်မေသစ်

No comments:
Post a Comment