Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, April 28, 2013

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၄ )

  • မြင်ပါလှဲ့
  • ရာသက်တိုင်
  • ရှက်မရှိပန်း
  • မိုးသခင်သို့
  • လွမ်းဝသာန်

မြင်ပါလှည့်

ငှက်ဇင်ယော်ဖေါ်နှစ်ဦးရယ်က ၊
ယှက်တင်ပျော် ကြော်တကျူးပေမို့၊
မေရူးချင်ပေါ့ မိုးနတ်ရှင်။

ဟိုတောင်တန်းဆီက ၊
မှောင်သန်းကာပြာရီလဲ့တာကြောင့်၊
ငိုမဲ့သူ ဖြေမသိမ့်နိုင်ဘု၊
ဖြည်းလေပြေ ဆော်တငြိမ့်ပေမို့၊
ချမ်းစိမ့်လှအင်။

ရွှေညာသူ မောင့်ကိုလွမ်းပါဘိ၊
ငွေလွှာဖြူ စောင့်ကြိုမှန်းသော်လဲ၊
စခန်းက ဝေးသရှင်၊ ပြေးမြင်လှဲ့ပါတော့၊
မေ့သက်မှူး။

ညနေဆီ ရွှေမိုးမှုံတရီမို့၊
ဖြေမဆီ မောင့်ကိုလွမ်းမိတော့၊
မေမဒီ သဲကြွေ့ကျွမ်းရချည့်၊
မှန်းဆရည်စူး။      ။

(၁၉၅၇ခုနှစ် နိုဝင်ဘာလထုတ် မြ၀တီမဂ္ဂဇင်း)
******************


ရာသက်တိုင်

သွေမဖီ နှစ်ရှည်ပြောင်းစေတော့၊
မေမဒီ ချစ်ကြည်ကြောင်းကိုဖြင့်၊
ထပ်လောင်းပါလို့ ပြောလိုက်ချင်။

ဘ၀င်ညှိုးပါဘိ၊
ခိုကိုးသူ မရွှင်မြေ့အောင်လို့၊
ခွန်းထေ့ကာ မိန့်တော်ဆန်းတွေဖြင့် ၊
ချစ်သူရယ် လှောာင်ချင်စမ်းပါနှင့်၊
နွမ်းလျမရွှင်။

နှစ်တရာ သစ္စာချုပ်နိုင်ရဲ့၊
ပြစ်မခွာ မေတ္တာသုတ်ကိုဖြင့်၊
ထုတ်နှုတ်လို့ သုံးစို့ရှင်၊
အမုန်းမ၀င်ပါဘု ရာသက်လုံး။

ချစ်တဲ့သူရယ်၊
စိုးနှောင့် ပူမကြွယ်နှင့်၊
ပရိယါယ်ဥာဏ်မဖက်ပါဘု၊
ကျိန်သစ္စာ အမှန်ဆက်ပါ့မယ်၊
(ကွယ်)စွဲမက်ကြည်ပြုံး။        ။

(၁၉၅၇ခုနှစ် ဒီဇင်္ဘာလ မြ၀တီ မဂ္ဂဇင်း)

******************

ရှက်မရှိပန်း

ရှစ်တိုင်းနယ် အမ္ဗုန်တွင်းဆီက၊
ရစ်သိုင်းခြယ် မာန်ဟုန်သွင်းပါလို့၊
စစ်ခင်းတာလား မိုးနတ်မောင်။

အော် တိမ်တောင်ရိပ်တွေနှင့်၊
တိမ်လိပ်တွေ ရွေ့ရွေ့ပြေးပုံက၊
 ဆွေးအပူ ဖေးကူမ,မတဲ့အပြင်၊
အေးအတူ ပူအမျှရယ်လို့ ၊
ခွန်းဟကြူယောင်။

တော်သင့်ရုံ ထစ်ဟုန်ပြင်းသင့်ရဲ့၊
ဖေါ်လင့်မစုံ စစ်ကုန်ခင်းပါလို့၊
ပဇ္ဇုန်မင်းရယ်က မညှာကြင်ပေါင်၊
ဝဠာခွင်ဘောင်မတော့၊
နက်မင်ရည်သမ်း။

ဆင့်တိုးကာမှောင်၊
ရွှေမိုး ရွာမယောင်မို့၊
အာကာဘောင် စစ်တလင်းပေထင့်၊
သနင်းဆွေ မောင့်သက်မှူးမတော့ ၊
အရူးလို ထုကာ နှက်ချင်ရဲ့၊
ရှက်မရှိပန်း။      ။

 ၁၉၅၇ခုနှစ်။
******************

မိုးသခင်သို့

ရှုလေတိုင်း၊
အုံ့မှိုင်းမှုံဝေေ၀နှင့်၊
ရဂုံဗွေ မြရည်လွှမ်းပါလို့ ၊
စိုရွှမ်းဖို့ အမ္ဗုန်ဆင်။

ထက်ဗွေစွန်းဆီက၊
နေ၀န်းသူရိန်သော်မှ၊
ပူရှိန်တော် ရောင်မလွှတ်နိုင်ဘု၊
တောင်တညွှတ် တိမ်ဂဠုန်ပန်းငဲ့အပြင်၊
စိန်အစုံဆမ်းပါတဲ့ လျှပ်နွယ်ပွင့်သွင်။

ဒေ၀ါဆိုးဟန်ထင့်၊
ရွာဖြိုးထန် သဝေတုံ့ပါလို့၊
နေခြုံ့သူ ပူမစဲနိုင်ဘု၊
လှိုက်လှဲလို့ ငိုလိုက်ချင်၊
ပျိုမကိုဋ်ခင်မှာဖျာ့ ပူပုံပွား။

မတန်ပန်းပေမင့်၊
မြန်လှမ်းကာ ဆွတ်ချူမွှေးစေဖို့၊
ညွှတ်ပေးသူ တမြေကွာရဲ့၊
မပြေလာ စခန်းနော်အဝေးဆီက၊
မှန်းမျှော်တွေး ပူဗျာလောင်တော့၊
သူဇာမောင် တဖန် ညိုးအင်သို့၊
ဖြိုးစွေဆင် ဆက်ကာသွန်းဟန်ထင့်၊
မိုးသခင်ရယ်၊
လွန်လွန်းပြီ ဖျား။       ။

၁၉၅၈ခုနှစ် မြ၀တီ မဂ္ဂဇင်း။
******************

လွမ်းဝဿန်

အော်..မုရိုးစည်တော်၊
ဟီးရိုက်ဆော်လို့၊
ဆွေတော်ဒေ၀ါ၊
မိုးဣန္ဒာလဲ ၊
ညိုပြာသင်တိုင်း၊
တိမ်ပန်းဆိုင်းနှင့် ၊
အုံ့မှိုင်းငယ်ရီ ၊
ရှစ်ဋ္ဌာနီဝယ်၊
ဇာချည်မိုးပန်း၊
သွယ်သွယ်ငယ်တန်းသည်၊
စခန်းနယ်လုံး၊ဖုံးတော့တယ်။

စက်ခြည်ငယ်လျှံဝေ၊
ကျူးရင့်ခြွေ၍၊
တိမ်အိပြိုယောင်၊
မဲညိုရောင်နှင့်၊
အာဘောင်သန်ရင်း၊
ရှင်နတ်မင်းတို့၊
စစ်ချင်း နိုင်ရှုံး ပြိုင်သည့်နှယ်။

လျှပ်ခိုင်အနွယ်၊
အာကာလယ်မှာ၊
သွယ်သွယ်ယက္ကန်း၊
ယှက်ကာသန်းသမို့၊
အလွမ်းရယ်ပို၊ ငိုမလိုမဲ့၊
မပြေခဲ့နိုင်ဘူး မောင်ရယ်။      ။

၁၉၅၈ခုနှစ် ဇူလိုင်လထုတ် မြ၀တီ မဂ္ဂဇင်း


ခင်မေသစ်
ဆက်ရန်

1 comment:

Aunty Tint said...

ကဗျာစုစည်းမှုလေးပါလား ဖြိုးဖြိုးရေ...
လက်လှမ်းမှီသလောက် ဖတ်သွားတယ်နော်..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်