Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, April 17, 2013

The Lady vs Lady Gaga

Congratulations Aunty Su !
Happy Myanmar New Year  1375 !


အရင်က မေမေရေးဖူးတဲ့ The Lady စာလေးပြန်တင်လိုက်ပါတယ်။
ကျွန်မ ဟိုရက်တွေက ရေးဖြစ်တဲ့ Lady GaGa ဘဝနေထိုင်မှုစတိုင်လ် နည်းနည်းပါးပါးရေးထားလည်း တစ်ခါတည်း ဒီမှာတင်ထားလိုက်ပါတယ်။
အန်တီစုအကြောင်းကဖြင့် စာဖွဲ့စရာမလိုလောက်အောင်မြန်မာလူမျိုးတိုင်း နဲ့ တခြားတိုင်းပြည်ကလူတွေအတော်များများလည်း သိနေခဲ့ကြပါပြီ။
လေဒီဂါဂါဆိုရင်တော့ ထူးထူးခြားခြား အထူးသဖြင့် ကို့ရိုးကားရားဝတ်စားဆင်ယင်တတ်တယ်ဆိုပြီးတော့ သိလိုက်တာပါ။ တကယ်တမ်းတော့ လေဒီဂါဂါ သူ့လူမျိုးတွေကို လွှမ်းမိုးနိုင်တာကလည်း သူရဲ့ Born This Way ကြောင့်ပါ။ သူရဲ့ ဖြူတဲ့စိတ်နဲ့ လူနေမှုစတိုင်လ်ကြောင့်ပါပဲ။
အဲဒါနဲ့ပဲ "The Laday vs Lady Gaga" အတူတူဖတ်ရအောင်တင်ပေးလိုက်ပါတယ်။

ဟီလာရီ ကလင်တန်ဟာ ကမ္ဘာလုံးဆိုင်ရာ နာမည်ကြီး အဆင့်မြင့် သံတမာန်တဦးလည်းဖြစ်သလို အမေရိကန်ပြည်ထောင်စုရဲ့ အားအထားရဆုံး နိုင်ငံခြားရေးဝန်ကြီးတဦးလည်းဖြစ်တယ်။သူမဟာ ၂၀၁၁ခုနှစ်က တနေ့ တခြား နာမည်ကြီးကြီးလာတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးတွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားေ၇ာက်ခဲ့တယ်။ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက ပြောဆိုရာမှာ သူမဟာ မြန်မာလူထုအတွက် အကြောက်တရားမရှိ စွန့်စားဝံ့သူဖြစ်တယ်။ ခင်ပွန်းနဲ့သားတွေကို စွန့်လွှတ်ပြီး ၁၅နှစ်တိုင်တိုင် နေအိမ်အကျယ်ချုပ်အကျဉ်းချခံထားရခြင်းကိုလည်း သတ္တိရှိရှိ ကြံ့ကြံ့ခံရပ်တည်ခဲ့တယ်တဲ။့ အို..ဘုရားသခင်။ မယုံကြည်နိုင်စရာပါဘဲ။

သံတမန်အရာရှိ မီလန်နီ ဗာဗွီယာက  “သူမရဲ့နေအိမ်မှာ ၂နာရီကြာ တွေ့ဆုံခဲ့ ကြစဉ်အတွင်း  ဟီလာရီ ကလင်တန်ဟာ  တော်တော်ကို စိတ်လှုပ်ရှားခဲ့ရတယ်” လို့  နယူးစ်ဝိခ် ကို ပြောပါတယ်။ ဘယ်လောက်များ ရဲဝံ့တဲ့ အမျိုးသမီးပါလဲ။ မြန်မာနိုင်သားတွေ အချိန်အတော်ကြာ ကတည်းက အမျှော်လင့်ဆုံး အတောင့်တဆုံး အလိုချင်ဆုံး  တောင်းဆိုနေကြတဲ့ သူတိုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ သူမဟာနိုင်ငံရေးစင်မြင့်မှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာခဲ့ရသူ နိုင်ငံရေးသမားစစ်စစ် တယောက်ဖြစ်လာခဲ့ရတယ်ဆိုတာ ပေါ်လွင်မနေဘူးလား။ ကရုဏာကင်းမဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ အောက်မှာ ဒါဟာ အန္တရယ်မကင်းတဲ့ အလုပ်တွေပါဘဲ။ ဒီမိုကရေစီကို မြည်းစမ်းဖို့ တစ်လက်မချင်းတိုးဝင်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် လွယ်မှာတော့ မဟုတ်ပါဘူး။ သူမဟာ ရသရွေ့ အခွင့်အရေးကို ပေးသလောက်ယူရင်း လာမယ့်ဧပြီလဆန်းတစ်ရက်မှာ ပါလီမန်ရွေးကောက်ပွဲဝင်ဖို့ရှိပါတယ်။ သူမထုဆစ်ထားတဲ့ ရုပ်လုံးက ဘယ်လိုပါလဲ။ တောင်အာဖရိက နယ်လ်ဆင် မင်ဒဲလားလူမည်း သမ္မတဖြစ်လာတဲ့ ပုံပမာလား။ သူလဲ သူမလိုဘဲ အကျဉ်းကျခံခဲ့ရတာ နှစ်တွေ မနည်းဘူး။
ဒီမိုကရေစီအတွက်အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြသူကျောင်းသားအများအပြားထဲမှာ အသက် ၃၆နှစ်အရွယ် မဇင်မာအောင် ဟာလည်း ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ပြီး သူမဟာ အကျဉ်းထောင်မှာ ၁၁နှစ် ကျခံခဲ့ရသူဖြစ်တယ်။ ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာ ထူးခြားပြောင်မြောက်တဲ့ သူရဲကောင်း ပုံရိပ်တွေပါဘဲ။ ကျွန်မတို့ အနောက်နိုင်ငံတွေက တရားဝင်ခွင့်ပြုထားတဲ့ လွတ်လပ်မှုဆိုတာ ဒီလောက်တောင်  ခိုင်မာမယ်မထင်မိဘူး။ ပြီးခဲ့တဲ့ နှစ်က တက္ကဆပ်ဥပဒေနှင့်အညီ မိသားစုရံပုံငွေ စီမံကိန်းတခုဦးတည်ဆောင်ရွက်ဖို့ ရှိပါလျက်  ပျက်ပြယ်သွားတယ်။ တက္ကဆပ်တာလီဘန်တွေဟာ ဆင်းရဲ မွဲတေသူ အမျိုးသမီး ၁၃၀.၀၀၀ အတွက် ဆေးဝါးအကူအညီပေးမှု စီမံကိန်းကို ပယ်ချခဲ့ကြတယ်။ ၁၉၆၅ခုနှစ်မှာ အဆင့်မြင့် တရားရုံးက ခွဲဝေတာဝန်ချထားပေးပြီး ခက်ခက်ခဲခဲ ကြိုးကြိုးပမ်းပမ်းဆက်စပ်လို့  အမေရိကန်ဘ၀ထဲကို ဆွဲယူသွတ်သွင်းခဲ့တယ်။ အာရပ်နွေဦးမှာ သူတို့ နိုးထလာခဲ့ပြီ်လေ။ သူတို့ လူ့အခွင့်အရေးတွေလည်း အတော်အတန်ရရှိလာပါပြီ။

၂၀၁၀ခုနှစ်မှာတော့ အမျိုးသမီးတွေအတွက် လှုံ့ဆော်တဲ့ ပုံပြင်လေးတွေ ဖတ်လာ ကြားလာနေရပါပြီ။  ကျွန်မတို့ နယူးရော့ခ်က လင်ကွန်းစင်တာမှာ မတ်လ ၈ရက်ကနေ ၁၀နေ့အထိ နှစ်စဉ် အမျိုးသမီးများနေ့ကို ကျင်းပနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ရုပ်လုံးတွေက အသစ်နဲ့  အဟောင်းကြားမှာ  ကြွတက်လာဖို့ ဆိုတာ တော်တော်လေးတောလိုနေပါသေးတယ်။ ကျွန်မတို့ အမျိုးသမ်ီးတွေဟာ ရုပ်ဝါဒကြီးစိုးတဲ့ တရုတ်ပြည်က တာရီယာရင်ပြင်မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ကြတယ်လေ။ ဆိုမာလီကဒုက္ခသည်စခန်းစတာတွေမှာရော အမျိုးမျိုးဒုက္ခကြုံဆုံနေရတုံးဘဲ။

မြန်မာနိုင်ငံက မဇင်မာအောင်ကတော့ ယခု  ကျွန်မတို့နှင့်အတူ ရှိနေပါပြီ။ ရုပ်ရှင် သရုပ်ဆောင်တွေ မဟုတ်သော်လည်း ကျွန်မတို့ အမျိုးသမီး တွေ အခု စင်မြင့်ထက်ကို တက်လာနိုင်ပါပြီ။ ဒီလို နေရာ ရရှိဖို့ ကျွန်မတို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတာပါ။ အကြောက်တရားမရှိရဲဝံ့သူ အမျိုးသမီး ၁၅၀ကို ရွေးလိုက်တော့ မျက်စိရှေ့မှာ အထူးရောက်လာတဲ့ ချစ်စရာ့ မျက်နှာလေးတခုကတော့  သတင်းထောက်မလေး “မာရီ ကိုလ်ဗင်” ပါ။ သူမဘယ်ဘက်မျက်လုံးကဗုံးစကို့ သီရိလင်္ကာမှာ ဖယ်ထုတ်ခဲ့ရတာပါ။ နယူးစ်ဝ်ခ်က ခရစ်တိုဖါ ဒစ်ကီ ကလည်းပြောပါတယ်။ သူမဟာတကယ် အကြောက်တရားမရှိဘူး။ အချိန်တိုင်း အန္တရယ်တွေပြွမ်းနေတဲ့ အာဆတ်အုပ်ချုပ်မှုအောက်က ဆီးရီးယားလို နေရာမျိုး ဘက္ကဒက်လို ငရဲတွင်းမျိုးမှာ အလွန်ကို အန္တရယ်တွေ ကြီးမားလွန်းတဲ့ဒုက္ခသုက္ခတွေကို သတ္တိရှိရှိ ရင်ဆိုင်ပြီး ကြံ့ကြံ့ခ်ံခဲ့သူဖြစ်တယ် တဲ့။
သူမက “ဘာဘဲဖြစ်နေနေ ကျွန်မတို့  သတင်းအမှန်ရဖို့ တိကျဖို့ထက် ဘယ်အရာက အရေးပို ကြီးမလဲ”တဲ့။ အကြောက်တရား ကင်းမဲတဲ့ မိန်းခလေး ရှာမှရှားပါဘဲ။

ကျွန်မတို့ မစ်ရှင်အဖွဲ့ဟာ Newsweek မှာ  ကိုယ့်နည်းကိုယ့်ဟန်နှင့်  ကမ္ဘာပေါ်ကနာမည်ကျော်  အမျိုးသမီးကြီးများကို ခုလို  တရင်းတနှီးတွေ့ ဆုံခဲ့ကြတယ်။

တူနာဘရောင်း
နယူးစ်ဝ်ခ် အယ်ဒီတာချုပ်

“စုကြည်ကြမ္မာ”

အောင်ဆန်းစုကြည်ဟာ ခင်ပွန်းနှင့်သားတွေကိုစွန့်လွှတ်ပြီး မြန်မာနိုင်ငံ  ဒီမိုကရေစီရဖို့၂၂နှစ်ကြာ တိုက်ပွဲဝင်ခဲ့တယ်။ မကြာမှီ သူမ ရွေးကောက်ပွဲ ၀င်ရတော့မှာဖြစ်တယ်။ ဒီ ဂုဏ်သရေရှိ အမျိုးသမီးကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးမဖက် စွန့်လွှတ်အနစ်နာခံမှု မှာ ရှည်လျားတဲ့ ခရီးကြမ်းကို ရှောက်လှမ်းနေရသလိုပါဘဲ တဲ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ထူးထူးကဲကဲ ထိပ်ဆုံးကို ရောက်လာရမှာပါ  လို့  သူမရဲ့ ဇာတ်လမ်းလေးကို  ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူ “ရေဘက်ကာ ဖရေဲန်” က ခုလို သတင်းပို့ပါတယ်။

မြူးထူးပျော်ရွှင်နေတဲ့ လူအုပ်ကြီးက သူမကို ၀န်းရံနေတယ်။ ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်အကျဥ်းကျခံနေခဲ့ရရာက လွတ်မြောက်လာခဲ့နေ့ဘဲဖြစ်ပါတယ်။ လက်နက်မဲ့မိန်းမတယောက်ရဲ့ တကိုယ်တော်စွန့်စားမှုပါ။ ပြောင်မြောက်တဲ့ သတ္တိဖြစ်လို့  ဘာနှင့်မှ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ ၁၉၈၉ခုနှစ်က ရန်လိုတဲ့ လက်နက်ကိုင်စစ်သားတွေရဲ့ သေနတ်ပြောင်းဝနှင့် တည့် တည့်တိုးပြီး သေဖို့ တဲတဲလေးဘဲ လိုတော့တဲ့အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူးတယ်။ ဒါပေမဲ့သူမရဲ့ ပြတ်သားတင်းမာတဲ့ မျက်နှာပေးကြောင့် စစ်သားတွေဟာ ပြစ်မိန့်ရပြီးတောင်  ပြစ်ဖို့ တွန့်ဆုတ်သွားကြတယ်။ နှစ်အနည်းငယ်အတွင်းကလည်း သူမဟာ အကျဉ်းကျခံ ပါတီဝင်များလွတ်မြောက်စေဖို့ အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ ပို အံ့သြဖို့ကောင်းတာကသူမဟာ ယဉ်တန်းတခုနှင့် လိုက်ပါလာစဉ်အတွင်း လုပ်ကြံခံရပေမဲ့ အဲဒီအန္တရယ်ကလည်း လွတ်မြောက်ခဲ့တယ်။

သူမဟာ မြန်မာနိုင်ငံ ကို စစ်မှန်တဲ့ ဒီမိုကရေစီစံနစ်ထူထောင်ဖို့ ယတိပြတ်ဆုံးဖြတ်ထားပြီး မဟတ္တမဂန္တီနှင့် နယ်လ်ဆင် မင်ဒဲလားတို့ လို အကြမ်းမဖက် အနုနည်းကျင့်သုံးဖို့ ကိုလည်းစိတ်အားထက်သန်သူဖြစ်တယ်။ သူမကို ကြည့်ရင် မယိမ်းမယိုင်ခိုင်မာမြဲမြံ်ပြီးပြတ်သားတဲ့စိတ်ရှိသူ ဖြစ်မှန်း သိသာထင်ရှားပါတယ်။ စွန့်လွှတ်စွန့်စားသူ ကိုယ်ကျိုးမဖက် အနစ်နာခံလိုသူဆိုတာ ဟာလည်း ပေါ်လွင်လှပါတယ်။ ရန်ကုန်ရှိ  သူမနေအိမ်အတွင်း အကျဉ်းကျနေစဉ်မှာတော့ သူမရဲ့ ငယ်ရွယ်သူ သားနှစ်ယောက်ဟာ  သူမမျက်ကွယ်မှာ  ကြီးပြင်းလာခဲ့ကြရတယ်။ ဒါ့ထက်ဆိုးတဲ့ အဖြစ်က ၁၉၉၉ခုနှစ်မှာ သူမခင်ပွန်း မိုက်ကယ်အဲရစ် အော့(က်စ်) ဖို့ (ဒ်) နေအိမ်မှာကွယ်လွန်စဉ်နောက်ဆုံးနှုတ်ဆက်ဖို့ပင်အခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ သူမဟာပြိုလဲမသွားပါဘူး။ သူမစိတ်ကိုချုပ်တီးပြီးကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ပြည်သူလူထုက စိတ်ကူးနှင့် မျှော်မှန်းနေတဲ့ အ၇ာကို ဖြည့်ဆီးဖို့သူမဟာ မိသားစုဆိုတာထက် ပိုပြီး နိုင်ငံ ဆိုတာကို ရွေးချယ်လိုက်ရခြင်းဟာ နိုင်ငံချစ်စိတ်အကြောင်းရင်းတခုဖြစ်တယ်။ ဒီလိုရွေးချယ်မှုရဲ့ အကျိုးသက်ရောက်မှုက ပြည်သူလူထု မျှော်မှန်းတောင့်တခဲ့တဲ့ အရာကို ရရှိဖို့ ရှေ့သို့ တက်လှမ်းခြင်းဘဲဖြစ်နိုင်ပါလိမ့်မယ်။ ၁၉၉၀ခုနှစ် ရွေးကောက်ပွဲဟာ အောင်နိုင်ပေမဲ့ ဆုံးရှုံးခဲ့ရတယ်။ နေအိမ်အကျဉ်း၂နှစ် ကျခံရပြန်တယ်။ လူထုဟာ သူမနာမည်ကို တိုးတိုးကလေးဘဲ ပြောရဲကြတယ်။

သူမဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်း ခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းရဲတစ်ဦးတည်းသော သမီးဖြစ်တယ်။ ဆိုတာ လူတိုင်းသိတယ်။ အောင်ဆန်းဟာ နောက်ဆုံးမှာ အင်္ဂလိပ်အစိုးရနှင့် စေ့စပ်ဆွေးနွေးပြီး လွတ်လပ်ရေးကို အရ ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ ၁၉၄၇ခုနှစ်မှာဘဲ မသမာသူတစုက လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ သူကွယ်လွန်အပြီး၆လအကြာမှာ အင်္ဂလိပ်အစိုးရက မပေးမဖြစ် လွတ်လပ်ရေးကို ပေးလိုက်ကြရတယ်။ သူမဟာ အောင်ဆန်းကွယ်လွန်ချိန်မှာ ၂နှစ်သမီးလောက်ရှိသေးပေမဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးမစ်ရှင်အဖွဲ့တွေ သူမဘေးမှာ ၀န်းရံနေပြီးအောင်ဆန်းရဲ့ နိုင်ငံရေး ဒဏ္ဍာရီပုံပြင်တွေကြားမှာ ကြီးပြင်းလာရသူတစ်ဦးဆိုရင် မမှားပါဘူး။ နိုင်ငံရေး အယူအဆသဘောတရားတွေက သူမကိုယ်မှာ ပူးကပ်ခိုအောင်းလာတယ်ဆိုရမှာပါ။ ဒါဟာ အောင်ဆန်းသွေးပီသခြင်းပါဘဲ။

နက်နက်နဲနဲ မျှော်လင့် စောင့်စားမှုကနေ တွေ့ထိခံစားနိုင်မှု သူမကို ဖမ်းစားထားတဲ့ သူမရဲ့ မမြင်နိုင်တဲ့ အရှိတရားသတ္တိတွေက  အကြီးအကျယ် အားလျော့နေတဲ့ လူထုကိုလက်တွေ့ကျကျ ခွန်အားတွေ ပေးကမ်းနိုင်ပါလိမ့်မယ်။ နှစ်ပေါင်းများစွာ ကုန်လွန်လာတဲ့အခါ ကျွန်မ မကြာခဏ စဉ်းစားကြည့်မိတယ်။ စုကြည်ရဲ့ ခြေလှမ်းတွေဟာအကြောက်တရားမရှိ အန္တရယ်တွေဆီ ဦးတည် လှမ်းလျှောက်နေတယ် ဆိုတာ။ လွန်ခဲ့တဲ့ လေးနှစ်က ကျွန်မရေးခဲ့တဲ့ .. အခုဖြစ်လာတဲ့ The Lady ဇာတ်လမ်းပေါ့။ ဒါရိုက်တာက Luc Besson ပါ။ ယူအက်စ်မှာရိုက်ကူးပါတယ်။ ခုတော့ ခိုးကူးခွေတွေဟာ မြန်မာနိုင်ငံက လမ်းမတွေပေါ် ပြန့် နှံ့နေပါတယ်။

ပရောဂျက်စီမံကိန်းအရ ကျွန်မဟာတတ်နိုင်သလောက် စုကြည်ရဲ့ မိသားစုတွေ မိတ်ဆွေ အပေါင်းအသင်းတွေနှင့် ဆက်သွယ်ပြီးစူးစမ်းလေ့လာခဲ့ပါတယ်။ သူမခင်ပွန်း မိုက်ကယ်အဲရစ်ဟာ သူမအနောက်ကနေ အကူအညီ အထောက်အပံ့တွေ ဘယ်လိုပေးခဲ့တယ်ဆိုတာ သူတို့  မမောနိုင်မပန်းနိုင်ပြောခဲ့ကြတယ်။ ဟောလိဝုဒ်ရဲ့ အမယ်စုံလှတဲ့ ရုပ်ရှင် ကားတွေထဲမှာ ဒီဇာတ်လမ်းကလေးက တကယ့်ကို ဆွတ်ပျံ့တိမ်းမူးဖွယ် အကောင်းဆုံး ဖြစ်မှာပါ။ အပြင်မှာတော့ အမျိုးမျိုးကွဲပြားစွာ ပြောကြတာပေါ့။ အဲရစ်က  တိဘက် ဘူတန်နှင့် နီပေါလ် တို့မှာ သမိုင်းသုတေသီလုပ်နေတာပါ တဲ့။ အရပ်ရှည်တယ်။ ရွှေရောင်ဖျော့ဖျော့ဆံနွယ်ရှိတယ်။ ပြာလဲ့လဲ့မျက်လုံးကလေးလည်း ရှိတယ် စသဖြင့်။ သူဟာ ဆေးလိပ်နဲ့အရက်ကိုလဲ ကြိုက်တယ်။ အပေါင်းအသင်များပြီးဖေါ်ရွေတတ်တယ်။ အမူအရာ အသံ ကောင်းတယ်။ စုကြည်ကတော့  သေးကွေးကြုံလှီပြီး ဆံပင်ကအနက်ရောင်ရှိတယ်။ သေရည်သေရက်ကို ရှောင်ကျဉ်တယ်။ သိပ်ကိုမှ အိနြေ္ဒကြီးတယ် တည်တည်ကြည်ကြည်နေတတ်တယ် စသည် ပြောချင်ကြတယ်။

သူတို့ တွေ့ကြပုံက ဆန်းတော့ဆန်းသား။ စုကြည်ဟာ ဒဿနိကဗေဒ။ နိုင်ငံရေးဘာသာရပ်၊ စီးပွားရေးဘာသာရပ်တို့ကို လေ့လာဖို့ ၁၉၆၄ခုနှစ်က အော့(က်စ်) ဖို့(ဒ်) တက္ကသိုလ်ကို ရောက်ရှိလာတာပါ။ ပန်းကလေးတပွင့်နှစ်ပွင့် အမြဲ ပန်ထားတတ်ပြီး ရိုးရာ လုံချည်ကလေးနှင့် စုကြည်ဟာ ရိုးရိုးကလေးနှင့် လူတွေကို ဖမ်းစားနိုင်တဲ့ ညှို့ဓါတ်အပြည့်အ၀ရှိတယ်။   မိုက်ကယ်က တွေ့တွေ့ချင်း တကယ်  “ခိုက်” သွားတာဖြစ်ပါလိမ့်မယ်။ အနောက်နိုင်ငံသူတွေနဲ့ မတူကွဲပြားတဲ့ “အလှ”ကို မိုက်ကယ် ခံစားတွေ့ရှိသွားတယ်။ ဆန်းသစ်တဲ့ စုကြည်ရဲ့ ရူပါရုံက အဲရစ်ကို အပြတ်ဖမ်းစားသွားတာပါ။ သူဟာ စိတ်ကူးယဉ်အချစ်တွေနှင့် ပါဝင်ဖွဲ့စည်းထားပြီး အချစ်ကို တလေးတစားတန်ဘိုးထားတတ်ကြတဲ့ အလေ့အကျင့်တခုကို အရှေ့တိုင်းသူ စုကြည်ထံမှာ တွေ့ရှိသွားတာပါ။ သူတို့နှစ်ဦး လက်မထပ်မှီ စုကြည်က “မြန်မာနိုင်ငံက သူမကို အလိုရှိလာရင် အလိုရှိ လာတဲ့တစ်နေ့ သူမ ပြန်သွားမယ်” လို့ တောင်းဆိုခဲ့ရာမှာ “မိုက်ကယ်”က ဒီအပေးအယူကိစ္စဟာ အဆုံးစွန်ခါးသီးဖွယ်ဖြစ်ပေမဲ့ မဆိုင်းမတွဘဲ သဘောတူညီခဲ့ပါတယ်။ ဒီလို သဘောတူညီခဲ့ခြင်းဟာ မိုက်ကယ့်အဖို့  သူမရဲ့ စိတ်ဓါတ်ကို ထူးထူးခြားခြားဂုဏ်ပြုချီးကျူးခဲ့တဲ့ သဘောကို သက်ရောက်စေခဲ့ပါတယ်။

ဒီလိုနှင့် သူတို့နှစ်ဦး ၁၉၇၂ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦး အော့(က်စ်)ဖို့(ဒ်) ရဲ့ အရိပ်အာဝါသကောင်းတဲ့ အစွန်အဖျားကလေးမှာ အခြေချနေထိုင်ရင်း အဲရစ်က အငယ်တန်း သုတေသနမှူး။ စုကြည်ကတော့ အတုယူဖွယ် စံပြ အိမ်ရှင်မဘ၀နှင့် ပျော်ရွှင်ခဲ့ကြတယ်။ ၁၆နှစ်အကြာမှာတော့ သားကလေးနှစ်ယောက်ရရှိထားပြီး ဘ၀ဟာ ပြည့်စုံလာပြီဆိုရမယ်။ စုကြည်ဟာ ခလေးတွေကို  တုန်နေအောင်ချစ်ရှာတယ်။ သူမအဖို့ အလွန်တရာ များပြားကျယ်ဝန်းလှတဲ့ အ်မ်တွင်းကိစ္စအ၀၀ကို စိတ်ပါလက်ပါကြီး လုပ်ကိုင်ရင်း ခလေးတွေကိုလည်း ကိုယ်တိုင် ထိန်းကျောင်းလာခဲ့တာ။ သူမရဲ့ကလေးများမွေးနေ့တွေမှာဆိုရင် လက်ရာမြောက် စီမံချက်ပြုတ်ကြွေးမွေးရင်း ပါတီပွဲကို ကျင်းပပြုလုပ်ပေးခဲ့တယ်။ အနောက်တိုင်းအယူအဆမှာ  မိန်းမ ယောင်္ကျား တန်းတူညီတူအိမ်မှုကိစ္စတာဝန်ယူကြပေမဲ့ စုကြည်ကတော့ အနောက်တိုင်းအယူအဆကို  အာခံပြီး  မြန်မာမိန်းခလေးပီပီ ကျိုးကျိုးနွံနွံ ခင်ပွန်းသည်ရဲ့ ခြေအိပ်များပါမကျန် ဖွတ်လျော်သန့်စင်ပေး မီးပူထိုးပေးခဲ့တယ်။

အဲဒီလို အော့(က်စ်)ဖို့(ဒ်) တက္ကသိုလ် အိမ်သူဇနီးဘ၀ကနေ တနေ့မှာအကြီးဆုံး  လူ့အခွင့်အရေးလှုပ်ရှားသူ အဖွဲ့ဝင်တဦးဖြစ်လာပုံက..ပြောရရင်ကံတရားရဲ့ ပြုပြင်စီမံမှု ပါဘဲ။၁၉၈၈ခုနှစ်တရက်မှာ “စုကြည်နှင့်အဲရစ် “တို့ စာအုပ်ကိုယ်စီ  ဖတ်ရင်း တိတ်ဆိတ်ငြိမ်သက်နေကြစဉ် မြန်မာနိုင်ငံမှ နေ စုကြည်မိခင် ဝေဒနာဆိုးဝါးလာကြောင်း အခြေအနေမကောင်းကြောင်း  ဖုန်းတချက်ဝင်လာတယ်။ သူမဟာ ချက်ခြင်းဘဲ  ကောက်ကာငင်ကာ အထုပ်အပိုးပြင် ထွက်လာခဲ့ရတယ်။သူမ “အတတ်နိုင်ဆုံးစောစောပြန်လာခဲ့ပါမယ်” လို့ “အဲရစ်” ကို ကတိပေးခဲ့ပေမဲ့ အဲဒီနေ့ကစလို့ သူမကို “အင်္ဂလန်မှလူတွေ”  မတွေ့ကြရတော့ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။ မြန်မာနိုင်ငံမှာက နိုင်ငံရေး ကသောင်းကနင်းဖြစ်နေချိန်ပါ။ သူမဟာ  ရောက်ရောက်ချင်း မိခင်ကြီးကို ပြုစုဖို့ ရန်ကုန်ဆေးရုံကြီုးကို တန်းသွားပါတယ်။ ဒါပေမဲ့  သူမအဦးဆုံးတွေ့မြင်လိုက်ရတာက ကန့်ကွက်ဆန္ဒပြမှုကြောင့် ရက်စက်စွာ စစ်တပ်က ပစ်သတ်လိုက်လို့ ကျောင်းသားတွေ မချိမဆန့် သေကြေ ဒါဏ်ရာရနေကြရတာကိုဘဲ။ အသတ်ခံရတဲ့ ထောင်ပေါင်းများစွာသော ကျောင်းသားတွေရဲ့ သွေးတွေက အေးခဲနေပါပြီ။ ကံကြမ္မာအလှည့်အပြောင်းမှာ  ဖြစ်ရိုးဖြစ်စဉ်မဟုတ် မဖြစ် သင့် မဖြစ်ထိုက်တာတွေ။
စုကြည် ကြည့်လိုက်တယ်။ သူတို့တတွေ ဖရိုဖရဲနှင့်။

တော်လှန်ရေးမှာ ဦးးဆောင်မည့်  ခေါင်းဆောင်ကောင်းမရှိ။ လစ်ဟာနေတဲ့နေရာက သူမနေရာဖြစ်မှန်း  ချက်ခြင်းသိလာတယ်။ သူမနေရာကို သူမရှင်းရှင်းသိမြင်လာတယ်။ သူမ “အဲရစ်” ထံ အရေးတကြီး ခွင့်ပန် တောင်းဆိုလိုက်တယ်။

အောင်ဆန်းသွေး အောင်ဆန်းသမီးလေးဟာ အချိန်တန်တော့ အိမ်ပြန်လာပါပြီ။

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”

ကျောင်းစာသင်နှစ် ကုန်ဆုံးချိန်မှာ အဲရစ် က ခလေးတွေခေါ်ပြီး ရန်ကုန်မှာ စုကြည်နှင့် တွေ့ဆုံကြတယ်။ “ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းကတော့ သမိုင်းတွင်ရစ်အောင်လူမဆန်တဲ့ လုပ်ရပ်တွေကို ကြောက်ခမန်းလိလိ  လုပ်နေတယ်။ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ သူ့ အသံလွှင့်မိန့်ခွန်းတွေက  လူတိုင်းကို  အံ့အားသင့်စေပြီး သူ့အပေါ် ယုံကြည်မှု မရှိကြဘူး။ ရန်ကုန်တက္ကသိုလ်ပညာသင်ကြားရေးစံနစ်ကို ကြည့်ပြီး အဲရစ်က အားမရဘူး။ ဒီမိုကရေစီရဖို့ အလွန်အရေးကြီးကြောင်း သဘောပေါက်နားလည်ထားတဲ့ တက္ကသိုလ် ပညာရေးအဖွဲ့ဟာ စုကြည်ကို ဦးဆောင်လှုပ်ရှားဖို့ တိုက်တွန်းခဲ့ကြတယ်။ သူမနောက်မှာ သူမဖခင်ရဲ့ စည်းလုံးညီညွတ်စွာ မားမားမတ်မတ်ရပ်တည်နေတဲ့ လူထုအင်အားအများကြီးရှိနေပါတယ် တဲ့။ သူတို့ရဲ့တောင်းဆိုမှုအပေါ်မှာ မိုက်ကယ်နှင့် စုကြည်တို့ စိုးရိမ်မကင်းတော့ ဖြစ်ခဲ့ကြရတယ်။ မိဘတွေရဲ့ ကံကြမ္မာနှင့် ပူးကပ်ဆက်နွယ်နေတဲ့ ခလေးတွေရဲ့ဘ၀ကို  ဘယ်လောက်များ ပူပန်ကြရရှာမလဲ။ ပျော်ရွှင်စရာတွေနှင့်ကင်းကွာသွားနိုင်ပါတယ်။ ဒါပေမဲ့ သူမအဖြေက ပြတ်သားပါတယ်။ သူမ ကြားဖြတ်အစိုးရဖွဲ့ဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချတယ်။ လူထုကို မိန့်ခွန်းချွေဖို့ ရာမှာလည်း မိုက်ကယ် က ပြင်ဆင်ပေးတယ်။ သူမမိန့်ခွန်းချွေရာမှာ လူထုပရိတ်သတ် သန်းဝက်လောက် စုရုံး အားပေးခဲ့ကြတယ်။ စောစောပိုင်း၂လလောက်မှာတော့.. တည်ငြိမ်တဲ့ လှုပ်ရှားမှုမျိုးရှိခဲ့ပေမဲ့ ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်တဲ့ အုပ်ချုပ်သူလူတန်းစားကို ပုန်ကန်ဖို့ လူထုကအုံကြွလာရာမှာ စုကြည်ဦးဆောင်လှုပ်ရှားရတော့တယ်။

ခလေးနှစ်ယောက်ကိုတော့ ဗြိတိန်ကို ပြန်ပြီးကျောင်းတက်စေခဲ့ပါတယ်။ မိုက်ကယ်ကတော့ သူမအနားမှာ ဖေးမကူညီဖို့ ၂လလောက်အထိ နေခွင့်ရရှိခဲ့ပေမဲ့ တညမှာတော့ လက်နက်ကိုင် စစ်သားတွေ ရောက်လာပြီး သူ့ ကို အိမ်ထဲကနေ ဆွဲထုတ်ပြစ်ခဲ့တယ်။ လတွေ နှစ်တွေ ကုန်လွန်သွားခဲ့တယ်။ သားနှစ်ယောက်လည်း လူကြီးတွေဖြစ်လာခဲ့ကြပါပြီ။ နောက်၅နှစ်အကြာ..၁၉၉၁ခုနှစ်မှာ စုကြည်ကို  နိုဘယ်ဆုချီးမြှင့်လိုက်ကြတယ်။ ဒါပေမဲ့ သူမဟာ ဒီဆုကို ကိုယ်တိုင် တက်ရောက်ယူခွင့်မရတဲ့အပြင် နေအိမ်အကျယ်ချုပ်ကျခံသွားရတယ်။ မိုက်ကယ်အဲရစ်နှင့် သားနှစ်ယောက်ဟာ သူမ အကျယ်ချုပ်ဘ၀ရှိနေစဉ်အတွင်းနှစ်ကြိမ်လာရောက်တွေ့ဆုံခွင့်ရခဲ့တယ်။

နေအိမ်အချုပ်ကျစဉ် သူမဟာ ကမ္မဌာန်းတရားကျင့်စဉ်များလေ့လာဖတ်ကြားခြင်း လက်တွေ့ ကျင့်ကြံအားထုတ်ခြင်း။ ဗုဒ္ဓအဆုံးအမကို ခံယူခြင်းမဲန်ဒဲလားနှင့် ဂန္ဒီ စာအုပ်များရေးသားခြင်းဖြင့် အချိန်ကို ကုန်လွန်စေခဲ့တယ်။ သူမအလိုရှိလျှင် အချိန်မရွေး မိသားစုရှိရာ ပြန်ပို့ပေးမည်ဟု ကမ်းလှမ်းခဲ့ပေမဲ့  သူမက လက်မခံပါဘူး ညင်းပယ်ခဲ့တယ်။ အမှန်တော့ စစ်အစိုးရက သူမကို ထွက်ပေါက်ပေးခဲ့တာဖြစ်ပေမဲ့ ဒါကို အဲရစ်ကရော စုကြည်ကပါ သဘောမတူခဲ့ကြပါဘူး။ သူမသာ ပြန်သွားခဲ့ရင် နောက်ထပ်မြန်မာနိုင်ငံပြန်လာဖို့်ပြည်ဝင်ခွင့်ဗီဇာ ရဖို့ဆိုတာ ခက်ခဲသွားပြီ။ ဒါကို  သူတို့  နှစ်ဦးစလုံးသိနားလည်ကြပြီးဖြစ်တယ်။

မိုက်ကယ်အဲရစ်ဟာ သမိုင်းဆရာ ဖြစ်သည့်အလျှောက် သူတို့နှစ်ဦးရဲ့ ဖြစ်စဉ်တွေဟာ သမိုင်းတွင်ရစ်မဲ့ ဖြစ်စဉ်တွေဖြစ်တယ်။ ဒီသမိုင်းကို  ကိုယ်တိုင်ရေးထိုးနေတယ်ဆိုတာ ကောင်းကောင်း သိနေကြတယ်။ စုကြည်ဖုန်းလက်ခံခွင့်ရတိုင်းသူတို့ နှစ်ဦး ဖုန်းအဆက်အသွယ် ပြုလုပ်ခဲ့တယ်။ စုကြည်လိုအပ်တဲ့ စာအုပ်တွေ သူက ရှာဖွေပေးပို့ခဲ့တယ်။ သူ့ ရဲ့ အိပ်ယာပေါ်မှာဆိုရင် စုကြည်ရဲ့ ဓါတ်ပုံ ဧရာမအကြီး ကြီးကိုလဲ  ချိတ်ဆွဲထားတယ်။ နံရံတွေမှာဆိုရင်လဲ စုကြည်ရရှိခဲ့တဲ့ ဆုတံဆိပ်တွေနှင့် ပြည့်နက်နေတယ်။  သူတို့တစုံတရာ ဆက်သွယ်မှု မလုပ်နိုင်တဲ့အခါ  စုကြည်သေပြီလားသူ အမြဲ တွေးပူနေတယ်။ ကနဦးတုံးက  စုကြည်ရဲ့  စန္ဒယားလက်သံကလေး အိမ်တွင်းမှာ လွင့်ပျံ့စီးမျောနေရင် ကြည်နူးခံစားလေ့ရှိတဲ့ အဲရစ်ဟာ ခုအခါမှာတော့ စန္ဒရားသံတွေ ဆိတ်သုဉ်းနေပြီဖြစ်လို့  သူ့ရင်မှာ ကြေကြေကွဲကွဲ ခံစားနေရပါတယ်။

၁၉၉၅ခုနှစ် မှာ တညမှာ စုကြည်ထံက မမျှော်လင့်ဘဲ ဖုန်းလက်ခံ ရရှိလိုက်တယ်။ သူသိပ်ဝမ်းသာသွားတယ်။ သူမဟာ ဗြိတိသျှသံရုံးထဲကနေ ဖုန်းပြောနေတာပါတဲ့။ သူမကို လွှတ်ပေးလိုက်ပီ တဲ့။ သူမကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ဖျောင်းဖျနိုင်ခဲ့မယ် ထင်ကြောင်း သူမပြောခဲ့တယ်။ အဲရစ်နှင့်ခလေးတွေ ဗီဇာ ရရှိခဲ့တယ်။ ဒါပေမဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးကိစ္စတွေနှင့် နိုင်ငံရေးသမားတွေက ရှုပ်ထွေးနေဆဲပါ။ ခုတခေါက် သူတို့နှစ်ဦးတွေ့ဆုံခဲ့ခြင်းဟာလည်း နောက်ဆုံးအကြိမ်ပါဘဲ။ သူတို့ တဦးကို တဦး နားလည်ခွင့်လွှတ်ခဲ့ကြတယ်။ ဒီနောက် သုံးနှစ်အကြာမှာ ကုမရတဲ့ ကင်ဆာရောဂါက မိုက်ကယ့်ရင်မှာ အမြစ်တွယ်သွားပြီ။ တဲ့။ သူက ချစ်ဇနီးဆီ အကြောင်းကြားရင်း  နောက်ဆုံးအနေနဲ့ နှုတ်ဆက်လိုကြောင်း ဗီဇာ တောင်းခံခဲ့တယ်။စစ်အစိုးရက ပယ်ချပါတယ်။ အကြိမ်သုံးဆယ်မက တောင်းခံခဲ့ပါတယ်။ မရပါဘူး။ လူသားချင်းစာနာမှုမရှိတဲ့ စစ်အစိုးရဟာ  နောက်ဆုံးခရီးအတွက် ချစ်ဇနီးကို နှုတ်ဆက်ဖို့ သေလုဆဲ ရောဂါသည်ကို ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ပါဘူး။ ပုပ်ရဟန်းမင်းကြီး “ဂျွန်ပေါလ်နှင့်သမတ ဘီလ် ကလင်တန်” တို့က ပန်ကြားံစာတွေပေးပို့ခဲ့တာတောင် သူတို့က ရက်ရက်စက်စက် ပယ်ချခဲ့တယ်။

နောက်ဆုံးမှာ အရာရှိကြီးကြီးတယောက်ရောက်လာတယ်။ အော့(က်စ်) ဖို့(ဒ်)နေအိမ်သို့ ပြန်လိုရင် ပြန်နိုင်ပြီး တဖန် ပြန်လာခွင့်မရှိပါဘူးတဲ့။ ဒီလိုဆိုတော့ တသက်လုံးသူမဟာ ပြည်ပြေးတယောက်ဖြစ်နေပါလိမ့်မယ်။ ဘာတွေမှ တိုက်ပွဲ မ၀င်ရဘဲ အဆုံးသတ်သွားမှာပါ။ ဒါဟာ တကယ်တော့ စုကြည်ကို ရာဇသံပေးလိုက်တာပါ။ မိသားစုကိုရွေးမလား။ နိုင်ငံကိုရွေးမလား ပြတ်ပြတ်သားသား ရွေးချယ်ရလိမ့်မယ်။ ခဏတော့  စုကြည်စိတ်ရှုပ်ထွေးသွားတယ်။ ဒီလို အကျဉ်းအကြပ်တွေကြားမှာ သူမအနေနှင့် လုပ်နိုင်တာကို သူမက ဗြိတိသျှသံရုံးမှတဆင့် ဖုန်းဆက်လိုက်တယ်။ သူတို့က သူမပြန်လာမှာ မဟုတ်ဘူးလို့ခြေထိုးနေကြတယ်။  “မိုက်ကယ် ”က သူမဒီလို မဟုတ်ပါဘူး ဆိုတာ တွင်တွင် ညင်းဆိုပါတယ်။
စုကြည်ဟာနောက်ဆုံးမှာ စိတ်ဓါတ်ကြံ့ခိုင်စွာ နိုင်ငံဘက်မှ ရပ်တည်လိုက်တယ်။ ချစ်ဇနီးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခွင့်ကလေးတောင် မရဘဲ နောက်၂ရက်အကြာမှာ မိုက်ကယ် သေဆုံးသွားပါတယ်။

စုကြည်ဟာ သူမ၀တ်ဆင်နေကျ အတိုင်း ရိုးရာထမီဝတ်ပြီးးနှင်းဆီပန်းတပွင့်ပန်ကာ တည်တည်ခန့်ခန့်ဘဲ သံရုံးသွားပြီး ၀မ်းနည်းကြောင်းမှတ်တမ်းတင်ခဲ့တယ်။ ရုပ်ရှင်မှာတော့ သူမဟာ အချစ်ကို အဓိက အစိတ်အပိုင်းတခုအနေနှင့် ရင်ထဲမှာ သိမ်းဆည်းထားရှိကြောင်းး အလေးအနက်  ပြောသွားတယ်။ စုကြည်ဟာ သူမခံစားချက်တွေနှင့်သွေဖီကာအပြင်ပန်းက သံမဏိလို မာကျောခက်ထန်နေခဲ့တယ်။ ဂျာနယ်လစ်တယောက်က “သူမလက်ထပ်ပွဲဟာ ကြေကွဲဖွယ် ဂရိပုံပြင်တခုလိုဘဲ”တဲ့။ ပြောပါတယ်။ သူမဟာ ဒီရွေးချယ်မှုအတွက် ခွင့်လွှတ်ဖို့ သူ့ကို  တောင်းပန်ခဲ့ပါတယ်။ သူမဟာ မတွေမဝေ မယိမ်းမယိုင် ပြတ်သားစွာရွေးချယ်ခဲ့မှုအပေါ် နောင်တလဲ မရခဲ့ဘူး။ ကျွန်မရေးခဲ့သလိုပါဘဲ။ ဒီလိုစွန့်လွှတ်စွန့်စားခဲ့ရပေမဲ့ လဲ တိုးတက်မှု က နှေးကွေးပြီး  မပြောပလောက်သေးဘူး။ ဒါပေမဲ့လည်း တစတစနှင့် ကျွန်မတို့တတွေ ကမ္ဘာပေါ်က  အာဏာရှင်စံနစ်ပြိုလဲမှုကို မျက်ဝါးထင်ထင်  တွေ့မြင်လာရပြီ။ မြန်မာနိုင်ငံဟာလည်း နောက်ဆုံးမှာ စစ်အစိုးရက  ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားပါမယ်လို့ အတည်ပြု ပြောဆိုနေပါပြီ။

တွေ့လည်ုး  တွေ့မြင်ကြရပြီ။ အထူးခြားဆုံးကတော့ စုကြည်နှင့်သူမရဲ့ အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်ဟာ တရားဝင်ရပ်တည်နိုင်ခဲ့အပြီး ဧပြီလ ၁ရက်နေ့မှာ ကျင်းပမဲ့ ရွေးကောက်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ အခွင့်ရရှိသွားပါပြီ။ ဆိုတာပါဘဲ။ သူမရဲ့ရန်ကုန် ပုသိမ် မဲဆွယ်တရားပွဲဟာ စိတ်အားထက်သန်နေတဲ့ လူထုကြီးက လမ်းမတလျှောက်သောင်းသောင်းဖျဖျကြိုဆိုခဲံ့ကြတယ်။

အပူချိန်မြင့်တက်လွန်းတဲ့ နေရောင်အောက်မှာ သောင်းနဲ့ချီတဲ့ လူထုပရိသတ်ကြီးဟာ သူမဟောပြောတာကို နားထောင်ဖို့ အားကစားကွင်းဆီကို စုရုံးချီတက်နေကြတယ်။ ပါတီအလံတွေကို ဝှေ့ရမ်းပြီး “အမေ ဒေါ်စု ကျန်းမာပါစေ” တဲ့။ အော်ဟစ်ကြွေးကြော်သံတွေ ဟိန်းထွက်လာတယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ဝေဖန်ရေးဆရာတွေအဖို့  အလွန်အံ့အားသင့်စရာပါဘဲ။ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ရာနှင့်ချီ လွှတ်ပေးခဲ့ပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲ လည်း လာပါတော့မယ်။ လုပ်ရန်ရှိတာတွေ တခုပြီးတခု တန်းစီနေတယ်။ တိုင်းရင်းသားလူမျိုးစုတွေနှင့်လည်းအပြစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေပါပြီ။ သတင်းမီဒီယာတွေ လျော့ပေါ့ပေးနေကြပါပြီ။ စီးပွားရေး ပိတ်ဆို့မှုလဲ တဖြည်းဖြည်းရုပ်သိမ်းတော့မှာဖြစ်တယ်။ အနောက်နိုင်ငံတွေနှင့် ကုလသမဂ္ဂကတော့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိ မရှို စောင့်ကြည့်အုံးမယ်လို့ ပြောနေပါတယ်။ စုကြည်ကလဲ ဒါကို သဘောတူပါတယ်။

စုကြည်နှင့် သူမပါတီဟာ အများဆုံးမဲ အရေအတွက် ရရှိပြီးအောင်နိုင်လိမ့်မယ်ဆိုတာ  သေချာသလောက်ပါဘဲ။ မိခင်က ဒီမိုကရေစီအတွက် ကြိုးပမ်းနေချိန် သားတွေ ဘယ်လိုနေကြသလဲ။ သားအကြီး “အလက်ဇန်းဒါး” က အသက်၃၈နှစ် ရှိနေပါပြီ။ သူက အမေရိကားမှာနေတာပါ။ နောက် သားငယ်  “ကင်  (မ်)” က ၃၄နှစ် သူက ဗီဇာရရှိတဲ့အတွက် မိခင်ထံ ခေတ္တလာရောက်လည်ပတ်နိုင်ခဲ့တယ်။ မိခင်ကို မြင်မြင်ချင်း ဟန်ဆောင်မှုမပါ ပွင့်လင်းရင်းနှီးစွာ ပွေ့ဖက်နှုတ်ဆက်တယ်။ သူံလက်မောင်းပေါ်မှာ ဒီကနေ့ ခေတ်လူငယ်တွေအကြိုက် တက်တူး ထိုးထားတာလဲ တွေ့မြင်နိုင်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒေါင်းအလံက လေမှာ လွင့်ပျံ့နေခဲ့ပြီ။ တခါတုံးက စစ်အစိုးရရဲ့ ဆူးညှောင့်ခလုပ် NLD ဟာ ဒီကနေ့ မှာ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးပွဲတွေနှင့် ပွင့်လင်းညင်သာတဲ့ ခေတ်ကြီးထဲ တိုးဝင်ခဲ့နိုင်ပါပြီ။

တောင်အာဖရိက မင်ဒဲလားပမာ သူမအောင်ပွဲတွေ ရရှိလာပါပြီ။ စုကြည် နေ့ညမလပ် မက်ခဲ့တဲ့  ဒီမိုကရေစီအိပ် မက်ကို ၅၉သန်းမျှသော ပြည်သူလူထုကိုပါ မျှဝေ ခံစားမက်စေ တော့မှာဖြစ်ပါတယ်။ ကျွန်မတို့အားလုံး စုကြည်ရဲ့ ကံကြမ္မာကိုတော့ ဆက်ကြည့်ရအုံးမှာဖြစ်ပါတယ်။

Source : Newsweek mar12,2012
The Lady’s destiny
Florist  မြန်မာမှုပြုသည်။

******************

လေဒီဂါဂါ ရဲ့ Born this way လူနေမှုစတိုင်လ်
“လေဒီဂါဂါ” နာမည်မြင်လိုက်တာနဲ့ အားလုံးရဲ့ရင်ကိုပထမဆုံးရိုက်ခတ်လိုက်တာက အများနဲ့မတူ တစ်မူထူးလှတဲ့အပြင်အဆင်ပါ။ စတက်ဖနီဂျာမနော့ထ်တာ အမည်နဲ့ မွေးဖွားခဲ့တဲ့အဲဒီမိန်းကလေးဟာ လေဒီဂါဂါဆိုတဲ့ စင်ပေါ်ကနာမည်နဲ့ပဲ ပိုပြီးလူသိများခဲ့တယ်။ ဒီနေ့ အကျော်ကြားဆုံးအမေရိကန်အဆိုတော်၊ သီချင်းရေးတဲ့သူတွေထဲက တစ်ဦးဖြစ်နေပါပြီ။ ဂါဂါရဲ့မိဘတွေက သူမကို The Beatles, Stevie Wonder, Bruce Springsteen, Pink Floyd, Led Zeppelin နဲ့ Elton John တို့လို ဂီတသမားတွေရဲ့ သီချင်းတွေနဲ့ ထိတွေ့ရင်းနှီးစေခဲ့တယ်။ ဂါဂါ ကလေးဘဝတစ်လျှောက်လုံး အဲဒီဂီတသမားတွေရဲ့သီချင်းတွေလွှမ်းမိုးနေခဲ့ပြီး အခုထက်တိတိုင် မိဘတွေက တိုက်တွန်းနေကြဆဲပါပဲတဲ့။ သူမကို အဆိုတော်အဖြစ်ပထမဆုံးလက်ခံပြီး အထောက်အပံ့ပေးခဲ့တာက Def Jam Records ပါ။ Def Jam နဲ့ ၂၀၀၅ မှာ စာချုပ်ချုပ်ခဲ့ကြတယ်။ ပထမဆုံးအယ်လ်ဘမ် The Fame ကို ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး လူပြောများတဲ့၊ စီးပွားရေးအရလည်းအောင်မြင်တဲ့အယ်လ်ဘမ်အဖြစ် ကမ္ဘာတစ်ဝှမ်းက music chart တွေမှာ ထိပ်ဆုံးမှာရှိခဲ့တာပါ။ အယ်လ်ဘမ် Born This Way ကို ၂၀၁၁ မေလမှာထွက်ရှိခဲ့တယ်။ ပထမဆုံးရက်သတ္တပတ်မှာပဲ ကော်ပီ ၁၁၀၈၀၀၀ ကျော်ရောင်းချခဲ့ရပြီး Born This Way ရဲ့ အောင်မြင်မှုဟာ The Fame ထက်တောင်ကျော်လွန်သွားခဲ့တယ်။ သူမရဲ့သီချင်းတွေမသက်ဆိုင်တဲ့ ကျော်ကြားမှုက ထူးခြားလှတဲ့အဝတ်အစားအပြင်အဆင်တွေကြောင့်ပါပဲ။ ၂၀၁၀ MTV Video Music Award ဆုပေးပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အသားလွှာနီရဲရဲအဝတ်အစားဒီဇိုင်းကြောင့် တိရစ္ဆာန်အခွင့်အရေးကာကွယ်သူ၊ အဖွဲ့အစည်းတွေရဲ့ ပြစ်တင်ဝေဖန်မှုတွေလည်းရရှိခဲ့သေးတာပေါ့။
တကယ်ဆို လေဒီဂါဂါဆိုတဲ့မိန်းကလေးဟာ ရွှေနှလုံးသားပိုင်ရှင်တစ်ဦးပါတဲ့။ သူမဟာ လူတွေလိုအပ်တဲ့အချိန်တိုင်းမှာ အကူအညီပေးလိုက်ဖို့ အမြဲတမ်းအဆင့်သင့်ရှိနေတတ်တယ်လို့ဆိုတယ်။ ပြီးခဲ့တဲ့နှစ်တွေက ဂျပန်ငလျင်အပြီး လှူဒါန်းနိုင်ဖို့ကိုယ်တိုင်အလှူငွေမတည်၊ စုဆောင်းပြီး ဒေါ်လာသန်းများစွာလှူဒါန်းခဲ့သူပါ။ သူမ စုဆောင်းထားတဲ့ အမှတ်တရပစ္စည်းတွေရောင်းချခဲ့တဲ့အခါ ကုသိုလ်ဖြစ်လုပ်ငန်းတွေအတွက်ပဲ ရည်ရွယ်ခဲ့ပါတယ်။ ဂါဂါလက်မှတ်ပါရှိတဲ့ရေအိမ်သုံးကြွေခွက်ကို (အသုံးမပြုရသေးလို့တော့ဆိုပါတယ်) ဒေါ်လာ ၄၆၀၀၀၀ နဲ့ လေလံတင်ရောင်းချပြီး လှူခဲ့တယ်။ HJV/ AIDS တိုက်ဖျက်ရေးအတွက်လည်း အမြဲတက်တက်ကြွကြွပါဝင်ခဲ့တာပါပဲ။ Estee Lauder ကုမ္ပဏီခွဲ MAC အလှကုန်ပစ္စည်း(Make-up Art Cosmetics) ရဲ့ Viva Glam နှုတ်ခမ်းနီကြော်ငြာအနုပညာရှင်အဖြစ်လည်း လက်တွဲပါဝင်ခဲ့ပါတယ်။ Viva Glam နှုတ်ခမ်းနီရောင်းချရသမျှအမြတ်ငွေအားလုံးကို MAC AIDS Fund (M•A•F) အဖွဲ့ကနေ ကမ္ဘာတစ်ဝှမ်းက HIV/ AIDS ဝေဒနာရှင်တွေအတွက်အထောက်အပံ့ပေးကြတယ်။  ဂါဂါ ထောက်ခံကြော်ငြာထားတဲ့ အဲဒီ Viva Glam နှုတ်ခမ်းနီ နဲ့ နှုတ်ခမ်းအဆီရောင်းချရငွေ ဒေါ်လာ ၂၀၂သန်းကျော်စုဆောင်းနိုင်ခဲ့ပြီး HIV နဲ့ AIDS တိုက်ဖျက်ရေးအတွက်လှူဒါန်းနိုင်ခဲ့ကြပါတယ်။ သူမအကြောင်းအကျဉ်းချုပ်ပြောရရင်တော့ ဒါဟာ သူမရဲ့ “Born This Way” ပါ။ သူမရဲ့ လူ့သားဖြစ်တည်မှုဘဝအပေါ် နားလည်ခံစားတတ်မှုစတိုင်လ်ပါပဲ။
ဂါဂါရဲ့ လူမှုရေးလုပ်ငန်းတွေကတော့ ဆိုင်ကလုံးစန္ဒီကြောင့်ဘေးဒုက္ခသည်တွေအတွက် Red Cross ကို ဒေါ်လာ ၁ သန်းလှူခဲ့တာပါ။ Stand Up To Cancer ဖောင်ဒေးရှင်းအတွက် ရံပုံငွေရှာဖွေပေးတဲ့အဖွဲ့သားတစ်ဦးပါပဲ။ အဲဒီဖောင်ဒေးရှင်းဟာ ကင်ဆာသုတေသနလုပ်ငန်းနဲ့ ဆေးသိပ္ပံပညာရှင်တွေကို ရံပုံငွေထောက်ပံ့ပါတယ်။ ကင်ဆာဝေဒနာရှင်တွေအတွက် ကုထုံးအသစ်တွေရရှိလာဖို့ အသက်ဘဝတွေကယ်ဆယ်ပေးနိုင်ဖို့ အထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းပါ။ ကမ္ဘာတစ်ဝှမ်းက ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေနဲ့ ဖိနှိပ်ခံလူသားတွေကို အထောက်အပံ့ပေးနိုင်အောင်ဖွဲ့စည်းထားတဲ့ Artists for Peace and Justice(APJ) အဖွဲ့မှာလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ထားတယ်။ အဲဒီအဖွဲ့ကို အော်စကာဆုရ ကနေဒီးယန်းဒါရိုက်တာ ပေါလ်ဟက်ဂစ် နဲ့ မိတ်ဆွေသူငယ်ချင်းတွေက ၂၀၀၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်က ဟေတီက ဆင်းရဲနွမ်းပါးမှုအပြင်းထန်ဆုံးနေရာတွေမှာ ကျောင်းတွေတည်ဆောက်ဖွင့်လှစ်နိုင်ဖို့ပါ။ ကလေးငယ်တွေရဲ့ ပညာရေး၊ အစားအစာ၊ သန့်ရှင်းတဲ့ရေ နဲ့ ပုံမှန်ဆေးဝါးကုသမှုခံယူနိုင်ရေး စတဲ့အထောက်အပံ့တွေအတွက်လည်း စီစဉ်ပေးနေကြတယ်။ လေဒီဂါဂါဟာ အစစ်အမှန် ပရဟိတဒါနအလှူရှင်ပါပဲ။ ကုသိုလ်ဖြစ်အဖွဲ့တော်တော်များများ ပါဝင်လုပ်ကိုပ်နေပါတယ်။ သူမကိုယ်တိုင်ဖွဲ့စည်းထားတဲ့ ကုသိုလ်ဖြစ်အဖွဲ့ “Born this way” ကို ၂၀၁၂ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တယ်။ သူမရဲ့ ဖောင်ဒေးရှင်းကတော့ လူငယ်တွေအတွက် နူးညံကြင်နာတတ်တဲ့ယဉ်ကျေးမှု၊ ရဲဝံ့မှု၊ သည်းခံနာယူစိတ်ရှိဖို့ နဲ့ လုပ်ပိုင်ခွင့်အခွင့်အလမ်းတွေရရှိနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေရှာဖွေဖို့ အထောက်အပံ့ပေးမှာပါ။ လူငယ်တွေ မိမိကိုယ်တိုင်ယုံကြည်ချက်ရှိမှု၊ လူကောင်းလေးတွေအဖြစ်ရပ်တည်ရှင်သန်မှု၊ အနိုင်ကျင့်လိုတဲ့စိတ်မျိုးမမွေးမြူဖို့ နဲ့ ရည်မှန်းချက်ကောင်းထားဖို့ တိုင်ပင်ဆွေးနွေးထောက်ပံ့ပေးသွားမယ့်အဖွဲ့အစည်းလို့ဆိုပါတယ်။ သူမ အင်မတန်နှစ်သက်ခဲ့တဲ့ Steinway Grand စန္ဒရားကို ဒေါ်လာ ၆ သောင်း နဲ့ လေလံတင်ရောင်းချဖို့ ပြုလုပ်ခဲ့တယ်။ ရရှိလာမယ့်ငွေကြေးကို ကြိုးစားနေတဲ့လူငယ်အနုပညာရှင်တွေကိုထောက်ပံ့မယ် အဖွဲ့ Ten ‘o’ Clock Classics ကိုလှူဒါန်းမှာပါ။
ဂါဂါက အောင်မြင်ကျော်ကြားသူတစ်ဦးဆိုတော့ ပိုင်ဆိုင်မှုတွေကလည်း ခပ်များများပါပဲ။ ဂါဂါပိုင်ဆိုင်တဲ့ကားတွေထဲမှာ ငွေရောင် Audi R8 ကားလေးကို အမြတ်တနိုးရှိလှတယ်။ လောစ့်အိန်ဂျယ်လိစ်က သူမရဲ့ ဘီဗာလီဟေးလ်စ်အိမ်နီးချင်းတွေဆီ အလည်အပတ်ထွက်တဲ့အခါ အကြိမ်တော်တော်များများ အဲဒီငွေရောင်Audi ကားလေးကို မောင်းလေ့ရှိတယ်။ ကားလေးရဲ့ ဒီဇိုင်းဟာ အရှိန်မြန်အောင်ပုံဖော်ဒီဇိုင်းထုတ်ထားပြီး ဒေါ်လာ ၂၀၅၀၀၀ တန်ကြေးရှိပါတယ်။ တစ်နာရီမှာ ကီလိုမီတာ ၃၂၀ မောင်းနှင်နိုင်တယ်။ မီးတွေက LED မီးလုံးတွေပါ။ သတ္ထုဆေးခြယ်ထားပြီး တံခါးနှစ်ပေါက်ပါ ပုံစံမျိုးပါ။ 
ရှေးဟောင်းဂန္တဝင်ကားပုံစံကိုလည်း ဂါဂါက နှစ်ခြိုက်သေးတာပါပဲ။ အနီရောင် Rolls Royce Corniche III ကားကို မြို့ထဲသွားသွားလာလာမောင်းတတ်ပါတယ်။ အင်ဂျင်စနစ်က ခေတ်မှီ MK-Motronic ကို ပြောင်းလဲတပ်ထားတယ်။ အချိန်ကာလအကန့်အသတ်မရှိအမြဲတမ်းလှပသစ်လွင်နေတတ်တဲ့ ရိုးရိုးရှင်းရှင်းဒီဇိုင်းကို ၁၉၈၉ သြစတြီးယားနိုင်ငံ Frankfurt Mortor ကားပြပွဲမှာပြသခဲ့တယ်။ ချမ်းသာကြွယ်ဝပြီး ကျော်ကြားတဲ့သူတွေ ပိုင်ဆိုင်ကြတဲ့ကားလို့ဆိုတယ်။
ထူးထူးခြားခြားဝတ်စားဆင်ယင်တတ်တဲ့မိန်းကလေးဟာ အနက်ရောင်ကားတွေကိုလည်း ရူးသွပ်ပါတယ်။ သူမပိုင်ဆိုင်တဲ့အနက်ရောင်ကားက ဇိမ်ခံကား Porsche Panamera S ကားပါ။ Porsche brand တွေထဲမှာ ခမ်းနားထည်ဝါမှုအရှိဆုံးကားလို့လည်းဆိုကြသေးတယ်။ ကားရဲ့အတွင်းကိုယ်ထည်တော်တော်လေးခံ့ညားထည်ဝါပါတယ်တဲ့။ မာဆေးဒီးစ်အနက်ရောင် Chevrolet Suburban နဲ့ GL-Class SUV မာဆေးဒီးစ်တွေလည်း ပိုင်ဆိုင်ပါတယ်။ အဲဒီ SUV ကားကိုလည်း  မကြာခဏမောင်းလေ့ရှိတယ်။  ၇ ဦး သက်တောင့်သက်သာလိုက်ပါနိုင်ပြီး ရာသီဥတုတိုင်းနဲ့ကိုက်ညီအောင်ထိန်းချုပ်တဲ့စနစ်ပါရှိတယ်။ 

ဂါဂါရဲ့ Chevrolet Suburban က ၁၉၃၆ ခုနှစ်က ထုတ်ခဲ့တဲ့ အမျိုးအစားဖြစ်ပြီး နှစ်ရှည်လူကြိုက်များနေဆဲကားပါ။  အရွယ်ခပ်ကြီးကြီး အသေးစားထရပ်ကားပုံစံမျိုးပါ။ တစ်နာရီကို မိုင် ၆၀ နှုန်းနဲ့ ၉ စက္ကန့်အတွင်းရောက်ရှိနိုင်တာမို့ အင်မတန်မြန်ဆန်လွန်းတဲ့ကားပါပဲ။ နောက်တစ်စီး ဂါဂါ သဘောကျသေးတာက လက်လက်ပြောင်ပြောင် Lincoln MKZ အနက်ရောင်ကားပါ။ အင်ဂျင်က အားကောင်းလှတဲ့ V6 အင်ဂျင်ဖြစ်ပြီး ကိုယ်ထည်က ကာဗွန်ဖိုင်ဘာအသားပါ။

ဂါဂါရဲ့ အနုပညာလက်ရာစုဆောင်းမှုမှာဆိုရင် သူမရဲ့ ဆန်းပြားတဲ့အဝတ်အစားစတိုင်လ်လိုပဲ တစ်မူထူးခြားလှပါတယ်။ ဈေးကြီးမြင့်လှတဲ့ ပန်းချီကားတွေနဲ့ တခြားလက်ရာတွေကို ဝယ်ယူစုဆောင်းထားတာဟာ ရင်းနှီးမြှပ်နှံမှုတစ်ခုလို့ တခြား စုဆောင်းသူတွေလိုပဲ သူမက ယုံကြည်ပါတယ်တဲ့။ သြစတြီးယန်း performance artist – Leigh Bowery နဲ့ အီတလီလူမျိုး artist Francesco Vezzoli တို့လို့ ထူးခြားဆန်းပြားတဲ့အနုပညာလက်ရာတွေကို ပုံအောဝယ်ယူစုဆောင်းတတ်သူပါ။

ဂါဂါကြိုက်တဲ့ အသုံးအဆောင်ပစ္စည်းထဲက သကြားလုံးပန်းရောင်လို့ခေါ်ကြတဲ့ တောက်တောက်ပပချစ်စရာပန်းရောင်ရှိတဲ့ iPad 2 ပါ။ Apple ရဲ့ ကန့်သတ်ထုတ်ဝေတဲ့ iPad ပါ။ အဲဒီ iPad 2 ရဲ့ Apple တံဆိပ်မှာ ၁၄ ကာရက်ရွှေနဲ့ အဖြူရောင် VS စိန်ပွင့်တွေစီခြယ်ထားပါတယ်။ သူမရဲ့ အံ့အားသင့်စရာ iPad 2 လေးပါပဲတဲ့။

လေဒီဂါဂါ ရဲ့ ခမ်းနားထည်ဝါတဲ့နန်းတော်ပုံစံ အဆောက်အဦက စကော့တလန်မှာ ရှိနေပါတယ်။ အဲဒီကြီးမားလှတဲ့စံအိမ်ဟာ ပေါင် ၈ သန်း တန်ကြေးရှိတယ်။ ဧရိယာ က ၂၀၀ ဧက ရှိတာပါ။ အိပ်ခန်း ၆၀ ပါရှိပြီး စတုရန်းပေ ၁၃၀၀ ရှိ၊ မီးဖိုခန်း ၃ ခန်း ပါတဲ့ ကြီးမားကျယ်ပြန့်တဲ့ ကပွဲခန်းမတစ်ခု ရဲတိုက်ထဲမှာရှိနေပါတယ်။ Bel-Air မှာတော့ တိုက်ခန်းတစ်ခန်းကို တစ်လ ဒေါ်လာ ၂၅၀၀၀ ပေးပြီး ငှားထားတယ်။ နယူးယောက်မှာလည်း မိဘအမွေအနှစ်အိမ်တစ်အိမ်ကို အခုပိုင်ဆိုင်ထားပြန်တယ်။ အဲဒီအဆောက်အဦဟာ ၁၉၂၇ ခန့်မှာ တည်ဆောက်ခဲ့ပြီး အီဂျစ်ရှေးဟောင်းလက်ရာပုံစံပန်းပုရုပ်တွေ ပါရှိတယ်။ နယူးယောက်စီးတီးရဲ့ အနောက်ဘက်ခြမ်းမှာတည်ဆောက်ထားပါတယ်။

လေဒီဂါဂါဟာ အားလပ်ရက်တွေရခဲ့ပြီဆိုရင်တော့ Crete ဆိုတဲ့ ဂရိကျွန်းလေးဆီအပြေးသွားတော့တာပါပဲ တခြားဂီတသမားတွေ၊ ရုပ်ရှင်စတားတွေပါ ဂရိကျွန်း Crete မှာ အပမ်းဖြေဖို့ အင်မတန်နှစ်သက်သဘောကျကြသတဲ့။
ကျွန်းလေးဟာ ဂရိကျွန်းတွေထဲက အကြီးဆုံးကျွန်းတစ်ကျွန်ဖြစ်ပြီး ၂၆၀ ကီလိုမီတာ ရှည်ပြီး ၆၀ကီလိုမီတာ ကျယ်ဝန်းတဲ့ သာယာလှပတဲ့ကျွန်လေးပါ။ အဲဒီသာယာလှပလွန်းတဲ့ ကျွန်းလေးမှာရှိတဲ့ အဆင့်မြင့်ဟိုတယ် Elounda မှာ ဂါဂါ နဲ့ အမျိုးသားမိတ်ဆွေ လုစ်ကားလ်တို့ အနားယူအပမ်းဖြေခဲ့ကြတယ်။ အလွန်အမင်းပျော်ရွှင်ကြည်နူးနေပုံရတဲ့ ဂါဂါတို့စုံတွဲဟာ ရေစပ်စပ်လေးမှာ နေစာလှုံကြတယ်၊ အဲဒီညမှာတော့ ဟိုတယ်ရဲ့ အပြည့်စုံဆုံးညစာကို နှစ်ယောက်အတူစားခဲ့ကြပါတယ်။    ။
Source : http://www.bornrich.com
ဖြိုးဖြိုး

1 comment:

An Asian Tour Operator said...

ဂါဂါ အိုလာလား လဲ ထူးခြားသူတစ်ယောက်ပဲ နော်..