Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 27, 2013

အတည်မကျ

အိပ်မက်(တစ်)
လူတွေများပြားလှတယ်။ သူတို့ဟာ ဝတ်ကောင်းစားလှတွေဝတ်စားလို့၊ အမွှေးနံ့သာရည်တွေလိမ်းကျံလို့ ဝန်းကျင်တစ်ခုလုံး မွှေးကြိုင်နေတယ်။ သူတို့အားလုံးဟာ တိုင်ပင်မထားကြဘဲနဲ့(တိုင်ပင်ထားကြဟန်လည်းတူတယ်)တစ်ယောက်ကတစ်ယောက်ကိုလက်ဆွဲနှုတ်ဆက် နေကြတယ်။ တစ်ယောက်က တစ်ယောက်ကှို တစ်ဆင့်ပြီးတစ်ဆင့် မိတ်ဆက်နေပေးလို့ ခုမှစတင်သိကျွမ်းကြပေမယ့်လည်း ရှေးရှေးဘဝ ကတည်းက ဖူးစာဆုံစည်းဖူးတဲ့သူတွေလို တစ်ယောက်ကတစ်ယောက်ကို ပါးချင်းဘယ်ပြန်ညာပြန်အပ်လို့ပွေ့ဖက်နှုတ်ဆက်နေကြတယ်။ တစ်ယောက်က တစ်ယောက်ကို အပြုံးတွေရက်ရောနေကြတယ်။ မပွေ့ဖက်ခင်မှာလည်း ပြုံးပြတယ်။ ပွေ့ဖက်အပြီးမှာလည်း ပြုံးပြတယ်။ ကျောခိုင်းလှည့်ထွက်သွားတော့ လည်း မျက်နှာတွေက တပြုံးပြုံးနဲ့။ အဲဒီအပြုံးတွေက အမှည့်လွန်သစ်သီးတွေလို အရည်တရွှမ်းရွမ်းထွက်နေကြတယ်။ 


အားလုံးထဲမှာ သူမ တစ်ဦးတည်းသာ ယောင်ချာချာဖြစ်နေခဲ့တယ်။ ယောင်ချာချာဖြစ်မှာပေါ့။ ဘယ်သူ့ကိုမှ သူမ မသိသလို ဘယ်သူကမှ သူမကို မသိကြပဲကိုး။ ဘယ်သူကမှ သူမကို အရေးတယူ နှုတ်ဆက်မနေကြ။ ဘယ်သူကမှ သူမကို အရေးတယူပြုံးပြမနေကြ။ ဘယ်သူကမှ သူမကို အရေးတယူနေရာမပေးကြ။ ဘယ်သူကမှ သူမကို အရေးတယူငဲ့ကြည့်မနေကြ။ ဘယ်သူကမှ သူမကို အရေးတယူမရှိလှတဲ့ အစိမ်းသက်သက် ဟောဒီလိုနေရာမျိုးကို သူမဘယ်လိုကြောင့်များ ရောက်ရှိနေတာပါလိမ့်။ ဒါဟာ ဘယ်လိုနေရာမျိုးပါလိမ့်။ လူတွေ ဘာ့ကြောင့် ဒီလောက်တောင် အပြုံးပန်းတွေ ဝေဆာနေကြတာပါလိမ့်။ သူတို့ ဘာတွေများလုပ်နေကြပါလိမ့်။ သူမကရော ဘာလုပ်ဖို့များ ရောက်လာရတာပါလိမ့်။ အလျှံတညီးညီး တောက်လောင်နေတဲ့မေးခွန်းတွေနဲ့ သူမ တစ်ကိုယ်လုံးပူလောင်နေသလိုပဲ။ လောလောဆယ်မှာတော့ အပြုံးတွေ ခြေချင်းလိမ် နေတဲ့နေရာတစ်ခုဖြစ်တယ်လို့ပဲ သူမက အကြမ်းဖျင်းသတ်မှတ်ထားလိုက်တယ်။ 

ဘေးနားက တစ်ကိုယ်တည်းပြုံးနေတဲ့အမျိုးသမီးကြီးတစ်ဦးကို သူမက ဦးထုတ်ချွတ် အရိုအသေပြုကာ ကျိုးကျိုးနွံနွံမေး လိုက်မိတယ်။ သိချင်ဇောအဟုန်ကြောင့် စကားလုံးတွေက အထစ်ထစ် အငေါ့ငေါ့နဲ့။
''ဒါ..ဒါ ဘာလုပ်နေကြတာပါလဲရှင်''
အမျိုးသမီးကြီးက သူမ မေးလိုက်တဲ့မေးခွန်းကို နည်းနည်းကလေးမှနားလည်ဟန်မရှိဘူး။ ယုန်သူငယ်လို မျက်လုံးတွေအဝိုင်း သားနဲ့ ပြီးတော့ ရွံရှာစက်ဆုပ်ဖွယ်ရာ ပိုးလောက်လန်းတစ်ကောင်ကို အရှင်လတ်လတ်မြင်လိုက်ရလို့ ပိျု့အန်ချင်သလိုဖြစ်သွားတဲ့ မျက်နှာထားမျိုးနဲ့ သူမကို ကြောင်စီစီ ရွံ့တွန့်တွန့်ကြီးပြန်ကြည့်နေတယ်။ သေချာတယ်။ သူမကို အဲဒီအမျိုးသမီးကြီး နှစ်မြို့ပုံမရဘူး။ ပြီးတော့ သူမ စကားကို အဲဒီ အမျိုးသမီးကြီး သေချာကြားလိုက်ရပုံ မပေါ်ဘူး။ ဒါနဲ့ပဲ သူမ နောက်တစ်ခေါက် ထပ်မေးလိုက်မိပြန်တယ်။
''ဒါဘာလုပ်နေကြတာပါလဲ အစ်မကြီးရှင့်''
အချိန်အားဖြင့် တစ်မိနစ်ခန့်ကြာသွားပေမဲ့ အမျိုးသမီးကြီးက သူမကို စောစောတုန်းကလိုပဲကြည့်နေဆဲဖြစ်တယ်။ စက္ကန့် ၆ဝ ဆိုတဲ့အချိန်ဟာ တစ်ဖက်လူရဲ့အမေးကိုခွန်းတုံ့ဖြေဖို့ လုံလောက်ရုံမက ပိုတောင်ပိုလျှံနေတဲ့အချိန်ပဲဖြစ်တယ်။ သူမ နားလည်ပြီ။ မြန်မာဘာသာစကားကို သည်အမျိုးသမီးကြီး ကောင်းစွာနားလည်တတ်ကျွမ်းပုံမပေါ်ဘူး။ ဒါနဲ့ ဘာသာစကားနောက်တစ်မျိုးနဲ့ ယဉ်ကျေးသိမ်မွေ့စွာ မေးလိုက် မိပြန်တယ်။

''....xxx.....xxx.....xxxx''

အမျိုးသမီးကြီးက ဒီတော့မှ ပြန်ဖြေတယ်။ အံ့သြစရာက ပြန်ဖြေတော့မြန်မာလိုစကားလုံးတွေနဲ့။ ဖြေမယ့်ဖြေတော့လည်း စက်သေနတ်နဲ့ ပစ်ထည့်လိုက်သလို ဒရစပ်ကြီး။

''ဘယ်လိုပါလိမ့်၊ အံ့များအံ့ပါရဲ့တော်။ ဒီကိုရောက်လာပြီး ဒါလောက်ကလေးမှမသိတာ တကယ့်ကိုအံ့ပါရဲ့။ ဒါမွေးနေ့ပွဲဟဲ့ မွေးနေ့ပွဲ..တကတဲမှပဲ ဘုမသိဘမသိ လာတဲ့သူကရှိသေး...ငါ့နှယ်တော်၊ ဘယ်လိုအုတ်ကြားမြက်ပေါက်တွေနဲ့ လာတိုးနေပါလိမ့်''

အမျိုးသမီးကြီးရဲ့မျက်နှာပေါ်ကနေ စောစောတုန်းက လူတကာနဲ့ဖလှယ်ခဲ့တဲ့အပြုံးတွေဟာ အဖတ်လိုက် အဖတ်လိုက် ကွာကျသွားတယ်။ သူ့ပါးစပ်က ဂငယ်ပုံသဏ္ဌာန်ဖြစ်သွားတယ်။ ပြီးတော့ သူမကို ခြေဆုံးခေါင်းဆုံးအပြန်ပြန် အလှန်လှန်ကြည့်တယ်။ ပြီးတော့ နှာခေါင်းရှုံ့တယ်။ ပြီးတော့....။

''ဒါ ဒါဖြင့် ဘယ်သူ့ရဲ့မွေးနေ့ပွဲဆိုတာ..အာ..အာ''

အမျိုးသမီးကြီးက နှာခေါင်းကိုရှုံ့ပွရှုံ့ပွလုပ်ရင်း ခပ်ကြီးကြီးတင်သားစိုင်တွေကို လှုပ်စိလှုပ်စိခါရင်း သူမအနားကနေ အိပဲ့အိပဲ့နဲ့ ထွက်သွားတယ်။ နောက် သူ့မိတ်ဆွေအဖော်တစ်ဦးနဲ့ စိန်စီထားတဲ့လက်တွေအချင်းချင်းချိတ်ရင်း သူမအနားကနေ ဖြတ်လျှောက်သွားပြန်တယ်။ သူမကို ယောင်လို့မှ ငဲ့မကြည့်ဘူး။ စောစောတုန်းက အဖတ်လိုက်ကွာကျကုန်တဲ့ အပြုံးတွေကို ဘယ်အချိန်ကများ သူ့မျက်နှာပေါ်ပြန်ပြီး ကောက်တပ်လိုက်ပါလိမ့်။ သူ့ပါးစပ်က စောစောတုန်းကနဲ့ မတူတော့ဘဲ ပစောက်ပုံသဏ္ဌာန်ဖြစ်နေပြန်တယ်။ 

ဘာပဲဖြစ်ဖြစ် အခြေအနေက စောစောတုန်းကနဲ့မတူတော့ဘူး။ ဘာမှမသိတဲ့ အခြေအနေကနေ တစ်စုံတစ်ရာကိုတော့ သူမ သိခွင့်ရလိုက်ပြီ။ မွေးနေ့ပွဲ..။ဟုတ်ပြီ။ ဘယ်သူ့ရဲ့မွေးနေ့ပွဲပါလိမ့်။ အဲဒီအခိုက် ပုံပြင်တွေထဲကနတ်သမီးတစ်ပါးလို တစ်ကိုယ်လုံးဝင်းထိန်တောက်ပပြီး ရက်ရက်စက်စက် လှနိုင်လွန်းတဲ့ မိန်းကလေးတစ်ဦးက သူမအနား ရောက်လာတယ်။ အားလုံးထဲမှာ အလှဆုံးနဲ့ အထင်ပေါ်ဆုံးမိန်းကလေးပါပဲ။ ရွှေဝါရောင်ဆံပင် (ဆေးဆိုးထား တာလည်းဖြစ်နိုင်တယ်)တွေကိုလည်း သေသပ်လှပစွာ အဆင့်အတန်းမြင့်မြင့်ထုံးဖွဲ့ထားတယ်။ ဝန်းကျင်တစ်ခုလုံး ဒီမိန်းကလေးလောက် လှပနိုင်လွန်းသူ မမြင်မိဘူး။ ဝန်းကျင်တစ်ခုလုံး ဒီမိန်းကလေးလောက် ပြုံးရယ်လို့နေတာ မတွေ့မိဘူး။ ဝန်းကျင်တစ်ခုလုံး ဒီမိန်းကလေးလောက် ပြေပြစ်ညက်ညောတဲ့သူ မမြင်မိဘူး။ ဝန်းကျင်တစ်ခုလုံး ဒီမိန်းကလေးလောက် ခံ့ညားထယ်ဝါနေတာ မမြင်မိဘူး။ သည်မိန်းကလေးဟာ သည်ပွဲရဲ့အရှင်သခင် သူဟာမွေးနေ့ရှင်ပဲ၊ သည်မိန်းကလေးကလွဲလို့ ဘယ်သူမွေးနေ့ရှင်ဖြစ်နိုင်ဦးမှာလဲ လို့ သူမ ကောက်ချက်ချလိုက်တယ်။ သူမကို မြင်တာနဲ့ မိန်းကလေးက ယဉ်စစဟန်နဲ့ အသာလှမ်းလာတယ်။ ပြုံးနေတဲ့ မျက်နှာလေးက သူမကိုမြင်တဲ့အခါ ပိုပြီး ရွှန်းလဲ့ဝင်းပလာတယ်။ အပြုံးတွေက သစ်ပင်ကြီးတစ်ပင်ရဲ့အကိုင်းအခက်တွေလို ပင်စည်တစ်ခုလုံး ဖြာဖြာဝေတယ်။ သူမအနီးကိုရောက်တဲ့အခါ မိန်းကလေးက လက်ကမ်းပေးတယ်။ မွေးနေ့လက်ဆောင်ပါမလာခဲ့တဲ့ ဗလာထည်လက်တွေနဲ့ပဲ မိန်းကလေးရဲ့ကမ်းလာတဲ့လက်ကို အားတုံ့အားနာ ဆွဲကိုင်လို့ လှုပ်ယမ်းနှုတ်ဆက်လိုက်ရတယ်။ မိန်းကလေးရဲ့လက်ဖဝါးလေးတွေက နူးညံ့ပြီး နွေးထွေးလိုက်တာ၊ မိမိလက်ဖဝါးတွေနဲ့များတော့ တသီးတခြားစီပဲလို့ စိတ်ထဲတွေးနေမိတယ်။ 

''အခုလို ကြွရောက်ချီးမြှင့်တဲ့အတွက် ဝမ်းသာလိုက်တာ.. တစ်ယောက်တည်းနဲ့တူပါရဲ့.. လာပါရှင်..'' 

ကမ္ဘာပေါ်မှာ ရှိရှိသမျှအသံတွေထဲမှာ ဒီမိန်းကလေးရဲ့အသံက တကယ့်ကိုအချိုသာဆုံးနဲ့ အသိမ်မွေ့ဆုံးဖြစ်တယ်လို့ သူမ စဉ်းစားနေမိတယ်။ မိန်းကလေးက သူမပခုံးကိုအသာပွေ့ဖက်ကာ စားပွဲတစ်နေရာသို့ခေါ်ဆောင်လာတယ်။ အခုလို အနီးကပ်ယှဉ်တွဲလျှောက်ရတော့မှ မလင်းတစ်ချက်လင်းတစ်ချက် ပမွှားပိုးစုန်းကြူးတစ်ကောင်နဲ့ အပြည့်ဝဆုံးသာနေတဲ့လမင်းတစ်စင်းလို သူမနဲ့မိန်းကလေးရဲ့အသွင်သဏ္ဌာန်က ကွာခြားလွန်းလှတယ်ဆိုတာကို ကောင်းကောင်းကြီးသတိပြုမိလိုက်တယ်။
သူမရဲ့အဝတ်အထည်တွေကို သူမပြန်ပြီးငုံ့ကြည့်နေရင်း မိန်းကလေးကို အထူးတလည် အားတုံ့အားနာဖြစ်နေမိတယ်။ တီရှပ် အဟောင်း တစ်ထည်နဲ့ ဆေးရောင်ပြယ်လွင့်နေပြီး အောက်ခြေအနားစတွေဖွာလန်နေတဲ့ဂျင်းဘောင်းဘီကိုဝတ်ထားတဲ့ သူမပုံစံက လက်ရှိအခြေအနေ နဲ့ နည်းနည်းကလေးမှ မအပ်စပ်တာတော့အမှန်ပါပဲ။ ဘယ်အပ်စပ်ပါ့မလဲ။ သူမက လမ်းဘေးမှာတောင်းရမ်းစားသောက်နေတဲ့ ခြေသလုံးအိမ်တိုင်မနဲ့ ဆင်တူတဲ့ ဝတ်စားဆင်ယင်ပုံမျိုးနဲ့လေ။ ဒီပုံစံ ဒီလိုအချိုးနဲ့များ သူမ ဘာ့ကြောင့် ဒီမွေးနေ့ပွဲကိုလာခဲ့မိတာပါလိမ့်။ မဝတ်နိုင် မစားနိုင်တာလဲ မဟုတ်ဘဲနဲ့ မိမိဟာဘာလို့များ ဒီလောက် မိုက်မဲရူးနှမ်းစွာ ဝတ်စားလာခဲ့တာပါလိမ့် လို့ သူမကိုယ်သူမ သိမ်ငယ်စွာတွေးနေမိတယ်။ သူမရဲ့ခိျု့ယွင်းအားနည်းချက်တွေကြောင့် မိန်းကလေးကို တစ်ဖက်သတ်ကျိတ်ပြီး အားနာနေမိရပေမဲ့ မိန်းကလေးကတော့ သည်အချက်ကို ထည့်သွင်း စဉ်းစားပုံမပေါ်ဘူး။  ဖြစ်နိုင်ရင် သူမရဲ့ပခုံးပေါ်တင်ထားတဲ့ မိန်းကလေးရဲ့လက်လှလှလေးကို ရင့်ရင့်သီးသီးပဲ ဖယ်ထုတ်လိုက်ချင်တယ်။ ဒါပေမဲ့ အဲဒီလို သူမ မလုပ်ဖြစ်ပါဘူး။ လူအနည်းငယ်ရှင်းတဲ့နေရာအရောက်မှာ မိန်းကလေးက သူမကို စားပွဲမှာ ဝင်ထိုင်စေတယ်။ ဆည်းလည်းသံလေးတစ်စ ထွက်ပေါ်လာပြန်တယ်။

''ဒီနေရာမှာ ထိုင်ပါရှင်''

ဘယ်သူကမှ အရေးတယူမရှိခဲ့တဲ့ သူမကို မိန်းကလေးက ဖော်ရွေစွာ နေရာပေးခဲ့တယ်။

''ကျေးဇူးပါ''

ခုမှပဲ မိန်းကလေးရဲ့ နုထွေးထွေးပါးပြင်ပေါ်က အနက်ရောင်စံပယ်တင်မှဲ့လေးတစ်လုံးကို သူမ ကောင်းစွာသတိပြုမိတော့တယ်။ သတိပြုမိမှာပေါ့၊ မှဲ့ကလေးက လှတာကိုး။ အို မဟုတ်ဘူး။ မိန်းကလေးကလှလို့ မှဲ့လေးကလည်း လှသွားတာနေမှာပါ။

''နေ့လည်စာကို စိတ်ကြိုက်သုံးဆောင်ပါ ပြီးတော့ ဝိုင်အနီလည်းသောက်ပါရှင်''

သူမလက်ထဲကို ဝိုင်တစ်ဖန်ခွက်ရောက်လာတယ်။ ဝိုင်အနီကို သူမ ဘယ်တုန်းကမှမကြိုက်ခဲ့ဖူးဘူး။ ဘယ်ကြိုက်ပါ့မလဲ။ သူမတကယ်ကြိုက်တာက ကော်ဖီပဲမဟုတ်လား။ သို့ပေမဲ့ စံပယ်တင်မှဲ့နဲ့ မိန်းကလေးရဲ့ ပျူငှါတဲ့ဖိတ်ခေါ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဝိုင်ခွက်ကို (တမက်တမောဟန် လုပ်ယူပြီး )ဆုပ်ကိုင်ထားလိုက်တယ်။ ဒါကို ကုန်စင်အောင် မိမိဘယ်လိုသောက်ရပါ့လို့ တွေးရင်း မိန်းကလေးအလစ်မှာ ဝိုင်အနီတွေကို မြက်ခင်းစိမ်းစိမ်းပေါ် သွန်မှောက်ချပစ်ဖို့ တစ်လက်စတည်း စဉ်းစားထားလိုက်တယ်။ 
အစကတည်းက'ကျွန်မ ဝိုင်အနီမကြိုက်ပါဘူး'လို့ ဘာလို့များ မငြင်းဆန်မိတာပါလိမ့်။ ဒီလိုငြင်းဆန်တာရယ် သောက်မလိုလို ယူပြီးကာမှ လူအလစ်မှာ မြေကြီးပေါ်သွန်ချပစ်တာရယ် ဘယ်ဒင်းကပိုပြီး ရိုင်းပျသလဲ၊ ဘယ်ဒင်းက ပိုပြီးယဉ်ကျေးသလဲ သူမအသေအချာ မပြောနိုင်ဘူး။ လောလောဆယ်မှာတော့ ဝိုင်ခွက်ကိုလက်ငါးချောင်းနဲ့ တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ကိုင်ထားလျက်ပါပဲ။ အဲဒီအခိုက်မှာပဲ လက်ခုပ်သံ တဖျောင်းဖျောင်းကို ရုတ်တရက်ကြားတယ်။ လက်ခုပ်သံတွေက အဝေးကြီးကနေ ဒရောသောပါးပြေးပြီးလာနေသလိုမျိုး သူမအနီးကို မထင်မှတ်ဘဲ ရောက်လာကြတယ်။ လူအားလုံးဟာ ပြောလက်စ စကားတွေရပ်တန့်၊ ဇွန်းခက်ရင်းတွေ ကမန်းကတန်းဖြုတ်ချပြီး ကောက်ခါငင်ကာ လက်ခုပ်လိုက်တီး ကြတယ်။ သူမကတော့ အဖြစ်အပျက်အားလုံးကို ကြောင်စီစီနဲ့ကြည့်နေတုန်းပဲ။ လက်ထဲမှာလည်း ဝိုင်အနီခွက်ကို တင်းတင်းကျပ်ကျပ်ကြီး ဆုပ်ကိုင်ထားတုန်းပဲ။ လက်ခုပ်သံ စတင်ပေါ်ထွက်ရာ လူစုစုနဲ့ဝိုင်းအုံနေတဲ့ နေရာတစ်နေရာကို အများနည်းတူ ရောရောင်ပြီးကြည့်နေလိုက်တယ်။

''ဟက်ပီး ဘာ့သ်ဒေး ထူးယူ...ပျော်စရာမွေးနေ့ သင့်အတွက် ဖြစ်ပါစေ''

လူစုစုနေရာကနေ ရုတ်တရက်ထွက်ပေါ်လာတဲ့သီချင်းသံအကြားမှာ လူအားလုံးဟာ တိုင်ပင်မထားပါဘဲနဲ့(တိုင်ပင်ထားခဲ့ပုံလည်းရတယ်)မွေးနေ့ဂုဏ်ပြုပွဲအထိမ်းအမှတ်သီချင်းကို သံပြိုင်သီဆိုလိုက်ကြတယ်။ စင်မြင့်တစ်နေရာထက်က တေးဂီတသံတခိျု့ထွက်ပေါ်လာတယ်။ ပြီးတော့ 'ဟေး'ခနဲ 'ဝေး'ခနဲအော်လိုက်တဲ့အသံရှည်တွေအဆုံးမှာ...

''ဦးညိုမောင်ကြီး ကျန်းမာပါစေ ချမ်းသာပါစေ သက်တော်ရာကျော်ရှည်ပါစေ..''

ဘုရားသခင်။ ဘာတွေဖြစ်ကုန်တာလဲ။ သူမ မျက်စိလည်သွားတယ်။ ဒါဖြင့် မွေးနေ့ရှင်က ဟော့ဟိုက လှလွန်းသူမိန်းကလေး မဟုတ်ဘူးပေါ့၊ သူမကို ဝိုင်အနီနဲ့တည်ခင်းဧည့်ခံခဲ့တဲ့ စံပယ်တင်မှဲ့နဲ့မိန်းမချောလေးမဟုတ်ဘူးပေါ့။ အနောက်တိုင်းဝတ်စုံကို သေသပ်ကျနစွာ ဝတ်စားထားတဲ့ မွေးနေ့ရှင်ဆိုတဲ့လူကြီးကို သူမ ငေးကြောင်ကြည့်နေမိတယ်။ အံ့သြမှုမြားအစင်းစင်းဟာ သူမ တစ်ကိုယ်လုံးကို ပြေးစိုက်ဝင်လာကြတယ်။ အံ့သြရတာနဲ့ပဲ သူမ ချက်ချင်းလက်ငင်းအရွယ်ကျလုပြီ။ ဒါ့ကြောင့် အများတကာ ချီးမွမ်းတေးဆိုသလို မသီဆိုဖြစ်ခဲ့ဘူး။ အများတကာ လက်ခုပ်တီးသလို သူမက မတီးဖြစ်ခဲ့ဘူး။ အများတကာ မြှောက်စားအော်ဟစ်သလို ဝေးခနဲ ဟေးခနဲ မအော်ဖြစ်ခဲ့ဘူး။ လက်ခုပ်သံတွေ တေးဆိုသံတွေ အကြားမှာ မွေးနေ့ရှင်လူကြီးကတော့ မိန့်မိန့်ကြီးပြုံးလို့နေတယ်။ 

''အဲဒီမွေးနေ့ရှင်လူကြီးနဲ့ ဟောဟိုက မိန်းမလှလေးက ဘာတော်သလဲဟင်''လို့ ဘေးနားကလူတစ်ယောက်ကို ခပ်တိုးတိုးမေးကြည့်လိုက်တယ်။ သူက တိုတိုတုတ်တုတ်ပြန်ဖြေတယ်။

'' ဘာမှ မတော်ဘူး''

လက်ထဲက ဝိုင်တစ်ခွက်ကို ဘယ်ပုံဘယ်နည်းသောက်ရပါ့(သို့မဟုတ်) ဘယ်ပုံဘယ်နည်း မှောက်သွန်ချပစ်ရပါ့လို့ စဉ်းစားရင်း သူမ ခေါင်းတွေချားရဟတ်တစ်စင်းလို ချာချာလည်ပြီး စိတ်တွေကလည်း ကသောင်းကနင်းနဲ့ ရှုပ်ထွေးလာတယ်။ သည်နေရာကနေ အမြန်ဆုံး ထွက်ခွာသွားချင်ဇောနဲ့ ရုတ်တရက် မတ်တပ်ထရပ်လိုက်တယ်။ ဝိုင်ခွက်ကို ကိုင်ထားလျက် တန်းလန်းနဲ့ပဲ။ သည်အချိန်မှာပဲ သူမနံဘေးကနေ ဖြတ်လျှောက်သွားတဲ့ လူတစ်ယောက်နဲ့ ပခုံးချင်းတိုက်မိသွားတယ်။ ဟန်ချက်ပျက်ပြီးတော့ သူမ တစ်ချက်ယိုင်သွားခိုက် သူမက ချော်လဲရောထိုင် သဘောမျိုးနဲ့ ဝိုင်ခွက်ကိုလွှတ်ချပစ်လိုက်တယ်။ စောစောက မွေးနေ့ရှင်လို့ထင်မှတ်ခဲ့မိတဲ့ အလှပဂေးမိန်းကလေးက သူမအနားကို မြားတစ်စင်းလို လှစ်ခနဲရောက်လာတယ်။ သူမ စိတ်လေသွားတယ်။ မိန်းကလေးရဲ့လက်ထဲမှာ နောက်ထပ်ဝိုင်အသစ်တစ်ခွက်နဲ့။ မိန်းကလေးကို ကြည့်ရတာ သူမကို အရိပ်တကြည့်ကြည့်နဲ့ရှိထားပုံပဲ။ အမှန်က သူဟာ သည်ပွဲမှာရှိရှိသမျှ လူအားလုံးကို အရိပ်တကြည့်ကြည့်ရှိနေခြင်းသာဖြစ်တယ်။

''အို ဝိုင်တွေဖိတ်စင်သွားတာ စိတ်မကောင်းလိုက်တာရှင်..ကျွန်မ ရှင့်အတွက် ထပ်ယူလာပါတယ်..''

ဒုက္ခပါပဲ..သေလိုက်စမ်းပါတော့လား လို့ အသံထွက် ကျိန်ဆဲမိတော့မလို့၊ သူမပါးစပ်ကို အချိန်မီ ဘရိတ်အုပ်လိုက်ရတယ်။
လက်ကတော့ မိန်းကလေးကမ်းပေးလာတဲ့ ဝိုင်ခွက်ကို လှမ်းယူမိပြီးသားဖြစ်နေတယ်။ 

''အေးအေးသက်သာ သုံးဆောင်ပါဦးရှင်''

မိန်းကလေးထွက်သွားတာနဲ့ ဖြစ်ချင်ရာဖြစ်တော့ဆိုတဲ့သဘောနဲ့ သူမက လက်ထဲကဝိုင်ခွက်ကို အားကုန်ညှစ်ပစ်လိုက်တယ်။ ညှစ်မှာပေါ့၊ လက်ထဲကဝိုင်းခွက်ကို ဘယ်လိုရှင်းထုတ်ရရင်ကောင်းမလဲ စဉ်းစားနေတုန်း နောက်တစ်ခွက်က ဗြုန်းစားဒိုင်းစားကြီး ရောက်ချလာတာကိုး။ မကျေမချမ်း ဖြစ်ရလွန်းတဲ့စိတ်တွေနဲ့ သေစမ်းဟာ၊ သေစမ်း သေလိုက်စမ်း...လို့နှုတ်ကနေ အသံထွက်အော်ပစ်လိုက်ရင်း ဝိုင်ခွက်ကို လက်နဲ့အားကုန်ဆုပ်ညှစ်ပစ်လိုက်တယ်။ သွေးချင်းချင်းနီသွားတဲ့ လက်တွေကို ဂရုမစိုက်အားဘဲ သည်နေရာကနေ သူမ ပြေးထွက်လာခဲ့တော့တယ်။ 

x x x x x

အိပ်မက်(နှစ်)
ပြေးခဲ့ရတာ ခြေကုန်လက်ပမ်းကျလုပြီ။ မိမိ ဘယ်ဆီရောက်လာတယ်ဆိုတာ သူမကိုယ်တိုင်မသိဘူး။ ခပ်လှမ်းလှမ်းက အိမ်တစ်အိမ်ရှေ့မှာ လူတွေစုစု စုစုနဲ့။ သူမ အဲသည်ကို ခပ်ဖြည်းဖြည်းဆက်လျှောက်သွားတယ်။ အိမ်ထဲကို ဝင်လိုက်တယ်။ ဘယ်သူကမှ သူမကို မဖိတ်ခေါ်ဘူး။ စားပွဲတစ်လုံးမှာ အသာဝင်ထိုင်လိုက်တယ်။ လူတွေဟာ အားလုံးပဲ စိတ်မသက်မသာဖြစ်နေကြပုံနဲ့ သက်ပြင်းတွေကို 'တဟင်းဟင်း'ချနေကြတယ်။ သူတို့အားလုံးဆီမှာ ရွှင်လန်းဝမ်းမြောက်တဲ့ ဟန်ပန်အမူအရာလည်း တစိုးတစေ့မျှမတွေ့ရဘူး။  ပြိုတော့မယ့်မိုးတိမ်တွေလို   မှိုင်းတိုင်းတိုင်း အုံ့တုံ့တုံ့နဲ့ မျက်နှာတွေအုံဖွဲ့နေကြပုံက ပုပ်အဲ့အဲ့သစ်သီးတွေနဲ့လည်း တူလွန်းနေပြန်တယ်။ သူတို့ဟာ အချင်းချင်းလည်း စကားတစ်လုံးမှ ပြောမနေကြဘူး။ သူမ မျက်မှောင်ကုပ်ပြီးစဉ်းစားနေမိတယ်။ 

'သည်လူတွေကို  မြင်ဖူးသလိုပဲ..ဘယ်နေရာမှာ ဘယ်တုန်းက မြင်ဖူးခဲ့ပါလိမ့်'

သူတို့အားလုံး ယိမ်းတိုက်ထားသလို တူညီစွာလုပ်နေတဲ့ အလုပ်တစ်ခုတော့ရှိတယ်။ အဲဒါကလည်း အံ့သြစရာ။ ပန်းကန်ပြား တွေထဲမှာ ထည့်ထားတဲ့ မည်းမည်းအစေ့လေးတွေကို တစွပ်စွပ်နဲ့ကောက်စားနေကြတာပဲ။ ဝန်းကျင်တစ်ခုလုံးဟာ 'တခွပ်ခွပ်'နဲ့ ကွာစိကိုက်သံတွေသာ အလုံးအရင်းနဲ့ ထွက်ပေါ်နေတယ်။ ပြီးတော့အားလုံးဟာ တိုင်ပင်မထားကြဘဲနဲ့ (တိုင်ပင်ထားကြပုံလည်းရတယ်) ယပ်တောင်တွေကိုယ်စီနဲ့ ငှက်တွေ အတောင်ပံခတ်သလို တဖျပ်ဖျပ်ခတ်နေကြတယ်။ အပူလှိုင်းတွေအလျှံတညီးညီးဖြတ်သန်း လွင့်ပံျ့နေသလို ပူစပ်ပူလောင်အရသာဆိုးကြီးကို သူတို့ ခံစားနေရပုံပဲ။ ဘယ်သူ့ကိုမှ သူမက မသိကျွမ်းသလို ဘယ်သူကမှ သူမကို မသိကြပြန်ဘူး။ ဒါဖြင့် သည်နေရာကို သူမ ဘာ့ကြောင့် ရောက်လာမိပါလိမ့်၊ ပြီးတော့ သူတို့ ဘာတွေ လုပ်နေကြတာပါလိမ့်။ အဖြေရှာမရတဲ့မျက်နှာနဲ့ သူမ ထိုင်ခုံလွတ်တစ်ခုမှာ အသာအယာဝင်ထိုင်လိုက်တယ်။ ဘေးခုံမှာထိုင်နေတဲ့ အနက်ရောင် ဝတ်စုံနဲ့ မိန်းမတစ်ယောက်က သူမကို လှည့်ကြည့်ပြီး နှာခေါင်းရှုံ့တယ်။ ပြီးတော့ သူမကို ရည်ရွယ်ပြီး မကြားတကြား ပြောလိုက်တယ်။ 

''ဝိုင်စော်နံလိုက်တာ..ခေါင်းတောင်မူးတယ်..ပိျု့အန်ချင်လာပြီ''

ပြောပြောဆိုဆို မိန်းမကြီးက တစ်ဖက်ထိုင်ခုံကို နေရာရွှေ့သွားတယ်။ သည်မိန်းမကြီးပြောမှ သူမကိုယ်သူမ ပြန်ပြီး သတိပြုမိတယ်။ နှာခေါင်းကို ရှုံ့ပွပွလုပ်ပြီး မိမိဘာသာအနံ့ခံကြည့်တယ်။ ဟုတ်ပါရဲ့..ဝိုင်နံ့က မကုန်ဆုံးခဲ့သေး။ သူမလက်ထဲမှာရော သူမ တစ်ကိုယ်လုံးမှာပါ ဝိုင်အနံ့တွေ ပေကျံစွဲထင်နေတုန်းပဲ။ အဲဒီအခိုက်မှာပဲ တစ်စုံတစ်ယောက်ဟာ သူမလက်ထဲကို တစ်စုံတစ်ခု လာထည့်ပေးသွားတယ်။ 
ဘာများပါလိမ့်။ ယပ်တောင် တစ်ချောင်းဖြစ်တယ်။ 

''ကျေးဇူးပြုပြီး ဒါကိုလည်း သုံးဆောင်ပါ''

သူမရှေ့ကို ရောက်လာတာက ကွာစိတစ်ပန်းကန်။ ရင်းနှီးဖူးသလိုအသံကြောင့် အသံရှင်ကိုမော့ကြည့်မိတယ်။ ဒီရွှေဝါရောင် ဆံပင်တွေကို မိမိဘယ်နေရာမှာမြင်ဖူးခဲ့ပါလိမ့်။  အခြေအနေအရပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဒါဟာ အသုဘအခမ်းအနားတစ်ခုဖြစ်လိမ့်မယ် ဆိုတာတော့ သူမ ကောင်းစွာ နားလည်လိုက်တယ်။  ဒါနဲ့ ရည်မွန်ပုံရတဲ့ အနားကမိန်းကလေးတစ်ယောက်ကို အသာလှည့် မေးလိုက်တယ်။

   ''ဒါ ဘယ်သူ့အသုဘလဲဟင်''
''ဦးညိုမောင်ရဲ့အသုဘအခမ်းအနားလေ''
''ရှင်...ဦးညိုမောင်...''

အာမေဍိတ်သံနဲ့အတူ သူမ ကယောင်ကတမ်းဖြစ်သွားပြီး ထိုင်နေရာက ထရပ်လိုက်တယ်။ တစ်စုံတစ်ရာကို အသေအချာသိချင် လာတယ်။ လူတွေကိုတိုးဝှေ့ပြီး အသုဘပြင်ဆင်ထားရာနေရာဆီ ကူးသွားလိုက်တယ်။ 
အစစ်ပဲ..ဒီလူကြီးမှ ဒီလူကြီးပဲ ငါ့အမြင် လုံးဝမမှားဘူး။ သူမ ဦးခေါင်းတွေ ချာချာလည်သွားတယ်။ အဲဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က သူမကို ဇွတ်အတင်း တွန်းထိုးဝင်တိုက်ပြီး ဦးညိုမောင်ရဲ့သက်မဲ့ခန္ခာပေါ် မျက်နှာအပ်ချပြီး ဟစ်ကာဟစ်ကာ ငိုတယ်။ 

''အမလေး ဦးညိုမောင်ရဲ့ ကျွန်မတို့ကို ထားခဲ့ပြီလား...''
 ''အမလေး ဦးညိုမောင်ရဲ့ ကျွန်မတို့ကို ထားခဲ့ပြီလား...''

အလို...စောစောတုန်းက မွေးနေ့ပွဲမှာ တွေ့ခဲ့ရတဲ့ မိန်းကလေး။ စံပယ်တင်မှဲ့နက်ကလေးနဲ့ မိန်းကလေး။ သည်နေရာကို ဘယ်တုန်းက ဘယ်လို ရောက်နေခဲ့တာပါလိမ့်။ သူ့ဆံပင်တွေက စောစောတုန်းကလို သေသပ်တဲ့ ထုံးဖွဲ့မှုမျိုးမတွေ့ရဘူး။ နဖူးပေါ်တခိျု့၊ ပါးပြင်ပေါ်တခိျု့၊ ပခုံးပေါ်တခိျု့ ဖွာကျနေပုံက ဖြစ်ကတတ်ဆန်း နိုင်လွန်းနေတယ်။ အဝတ်အစားတွေကလည်း ကျက်သရေမရှိ။ မှိုင်းတိုင်းတိုင်း မှောင်တောင်တောင်နဲ့။ မိန်းကလေးရဲ့အပြုံးကို ဘယ်သူ ခိုးယူ ဝှက်သိုထားသလဲ။ အပြုံးမပါတဲ့မိန်းကလေးကိုမြင်ရတဲ့အခါ သူမစိတ်တွေ စနိုးစနောင့်ဖြစ်လာတယ်။ မိန်းကလေးရဲ့မျက်နှာက လောလောဆယ် ပတ်ဝန်းကျင်မှာ မြင်နေရတဲ့လူတွေလိုပဲ၊ မဟုတ်ဘူး။ သူက ပိုဆိုးတယ်။ ကြည့်နေဆဲမှာပဲ မိန်းကလေးက ရုတ်တရက်ကြီး ငိုပွဲဆင်တော့တယ်။ ဘုရားသခင်။ သူ ဘာဖြစ်သွားပါလိမ့်။ သူငိုပုံက ကြောက်ခမန်းလိလိပဲ။ လူအမြောက်အမြားရှေ့မှာ ဆိုတာကို သတိမမူဘူး။ သတိလက်လွတ်နဲ့ မိန်းကလေးက စတင် အော်ဟစ်ငိုယိုလိုက်တဲ့အခါ အနားမှာရှိရှိသမျှ လူတွေကပါ မိန်းကလေးပြောသလိုလိုက်ပြီးပြော၊ လိုက်ပြီး ငိုယိုကြတယ်။ လှုပ်ခါနေတဲ့ ရွှေဝါရောင်ဆံပင်တွေ ကြားကနေ တစ်ချက်တစ်ချက်ပြူထွက်လာနေတဲ့ အဲဒီမိန်းကလေးရဲ့မျက်နှာကိုမြင်ရတာလည်း စိတ်မချမ်းသာစရာကောင်းပါဘိ။ ဘာအခြယ်အသမှ မရှိနဲ့၊ မွေးနေ့ပွဲတုန်းကပုံစံနဲ့တော့ တခြားစီပါပဲ လို့တွေးရင်း စိတ်ထဲ ပြင်းပြင်းပြပြသိချင်နေတဲ့ မေးခွန်းတစ်ခုကို အနားမှာရှိတဲ့လူကို လှည့်မေးလိုက်မိတယ်။ 

''ဟောဟိုက ငိုယိုနေတဲ့မိန်းကလေးက သေဆုံးသူနဲ့ ဘာတော်သလဲဟင်''
''ဘာမှ မတော်ဘူး''

အံ့သြရလွန်းလို့ သူမခေါင်းတွေ ချာချာလည်မူးဝေသွားတယ်။ မနေနိုင်မထိုင်နိုင် ထပ်မေးမိတယ်။ 

''အဲဒီမိန်းကလေးက ဘာလဲဟင်''

လူတစ်ယောက်ကို သူဟာဘာလဲလို့မေးရတာ နည်းနည်းတော့ ရိုင်းပျပျနိုင်သွားတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ မေးပြီးသွားပြီ။ ဘေးမှာ ရပ်နေတဲ့ လူစိမ်းက သူမကို တစ်ချက်ကြည့်တယ်။ သူကြည့်ပုံက တစ်စက်ကလေးမှ အသက်မပါဘူး။ ပြီးတော့ သူမ အမေးကို လည်း တုံ့ပြန်ဖြေဆိုခြင်းမရှိဘူး။ တစ်ဖက်ဘေးအနားက မိန်းမကြီးက မိန်းမတို့သဘာဝအရ အတင်းအဖျင်းပြောဆိုချင်ဟန်အပြည့်နဲ့ သူမအနားကို ဘေးတိုက်ပူးကပ်လာပြီး ခပ်တိုးတိုး လေသံနဲ့ ပြောဆိုလာတယ်။ 

''အဲဒီမိန်းကလေးလား၊ သူက ဒီနယ်မြေတစ်ဝိုက်မှာတော့ ဝင်ငွေအဖြောင့်ဆုံးပေါ့''
 ''ဝင်ငွေ....၊ သူက ဘာအလုပ်လုပ်လို့လဲ''

ခုချိန်ထိ ငွေဆိုလို့ ခြူးတစ်ပြားရအောင် မစွမ်းဆောင်နိုင်သေးတဲ့ သူမက မိန်းကလေးကိုအားကျစိတ်(တစ်နည်း) မနာလိုစိတ်နဲ့ မျက်ခုံးတွေမြင့်တက်သွားပြီး မေးလိုက်တယ်။

''ရှင်..ဘယ်...ဘယ်လို''

''ရော် ကြည့်ပါလား၊ ဒါသူ့အလုပ်ပဲလေ၊ ဘယ်သူသေသေ သူကဦးဆောင်ပြီး ဝမ်းနည်းပူဆွေးမှုကို ပြသပေးရတယ်၊ ပျော်ပွဲရွှင်ပွဲ ဆိုရင်လည်း သူပဲဦးဆောင်ပြီး ပျော်ရွှင်မြူးထူးပေးရတယ်၊ ဒါ သူ့အလုပ်ပဲ''

သူမ အံ့အားအသင့်ကြီးသင့်သွားပြီး ပါးစပ်ဟောင်းလောင်းတောင်ဖြစ်သွားတယ်။ စောစောကအိပ်မက်ကို ရုတ်တရက်ပြန်လည်မြင်ယောင်ရင်း ဒါ့ကြောင့်ကိုးလို့ စိတ်ထဲကောင်းကောင်းကြီး သဘောပေါက်သွားတော့တယ်။ ထိုအခိုက်မှာပဲ မိန်းကလေးက သူမအနားကို ဖျတ်ခနဲရောက်လာခဲ့တယ်။ သူ့မျက်နှာပေါ်မှာ လောလောလတ်လတ်ငိုထားတဲ့ မျက်ရည်စီးကြောင်းတွေတောင် မသွေ့ခြောက်သေးဘူး။ ပြီးတော့ မျက်ရည်လျှံနေတဲ့မျက်လုံးကြီးတွေနဲ့ သူမကို စူးစူးစိုက်စိုက်ကြည့်ရင်း မေးလာတယ်။ 

''ရှင် ငွေအများကြီးရတဲ့အလုပ်တစ်ခု လုပ်ချင်နေတယ်ဆို၊ ဆင်းရဲလွန်းလို့ ဘဝကိုစိတ်ပျက်နေတယ်ဆို''

ဒါ သူမ တစ်ကိုယ်ရေသာ ဖြစ်ပေါ်ခံစားနေတဲ့ကိစ္စ။ သူက ဘာလို့သိနှင့်နေရတာပါလိမ့်။ သူမ ရေငုံနှုတ်ပိတ် နေနေလိုက်တယ်။

''ဒီနေ့ကစပြီး ကျွန်မနဲ့အတူ အလုပ်လာလုပ်လှည့်ပါလား၊ ကျွန်မလို ရှင်ြွကယ်ဝချမ်းသာဖို့ ကျွန်မ အာမခံပါတယ် ''

ပြောပြောဆိုဆို မိန်းကလေးက သူမကို လက်တစ်ဖက်ကမ်းပေးလာတယ်။ သူမ လက်နှစ်ဖက်စလုံးကို တင်ပါးနောက်ကို ဝှက်ပို့ယှက်သိုင်းထားလိုက်ပြီး မသိကျိုးကျွံပြုလိုက်တယ်။ ပြီးတော့ အလန့်တကြားပုံစံနဲ့ သည်နေရာကနေ အမြန်ဆုံး ပြေးထွက်လာခဲ့တော့တယ်။

x x x x x

အဲသည်အိပ်မက်နှစ်ခုကို ရှေ့ဆင့်နောက်ဆင့် မက်ခဲ့တဲ့အချိန်ကစပြီး သူမရဲ့ ဘဝကိုအလိုမကျတဲ့စိတ်တွေ တစ်ချီတည်း လွင့်ပါး ပျောက်ကွယ်သွားတော့တယ်။ အငတ်ငတ်အပြတ်ပြတ်နဲ့ ခြေသလုံးအိမ်တိုင် လှည့်လည်ကျက်စားနေရတဲ့ သူဆင်းရဲဘဝကို မနှစ်ခြိုက်စဖူး အရမ်းကာရော နှစ်ခြိုက်ခုံမင်သွားတော့တယ်။ လက်ထဲမှာ ခြူးတစ်ပြားမှ မရှိလေတဲ့ သူမဘဝကို အခုကစလို့ နောက်ထပ် ဘယ်တော့မှ စိတ်ပျက်မှာ မဟုတ်တော့ဘူး။ 

စုမီအောင်
(Beauty Magazine)

No comments: