Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, January 03, 2014

မရဏဟိုတယ်က အပြန်

အထပ်ပေါင်း ၃၁ ထပ်ရှိသည့် Future ကုန်တိုက်ကြီးတစ်ခုအတွင်း၌ လှည့်လည်ကြည့်ရှုသူ၊ ဈေးဝယ်လာသူ အများအပြား ဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။  အသွေးအရောင်စုံ လူအပေါင်းတို့သည် ကုန်တိုက်ကြီးတစ်ခုလုံးရှိ အထပ်များတွင် ခြေချင်းလိမ် အောင် ပြည့်နှက်နေသည်။ စက်လှေကားများပေါ်တွင် ခြေထောက်ပေါင်းများစွာ တလိမ့်လိမ့် ဆင်း/တက် ပြုနေကြသည်။ ဓာတ်လှေကား များသည်လည်း မရပ်မနား ၃၁ ထပ်လုံး တက်လိုက် ဆင်းလိုက် ရပ်လိုက် နှင့်၊ အထပ်တစ်ထပ် တွင် ရပ်နားလေတိုင်း လူများ တွန်းတိုက် ရှောင်တိမ်းလျက် ၀င် ထွက် သွားလာနေကြသည်။ အထပ်တိုင်းတွင် ကုန်ပစ္စည်းအသစ်အရောင်းမြှင့်တင်ပွဲ၊ တေး အယ်လ်ဘမ်သစ် မိတ်ဆက် လက်မှတ်ထိုးရောင်းချပွဲ တစ်ခုမဟုတ်တစ်ခုက နေ့စဉ်လိုလို ရှိနေတတ်သည်။ R&Bအဆိုတော်မလေးတစ်ဦး၏ တေးအယ်လ် ဘမ်သစ်လက်မှတ်ထိုးရောင်းချပွဲ အခင်းအကျင်းရှေ့၊ လူအုပ်ကြီးကြားထဲ ရပ်လျက် သူတို့နှစ်ယောက် စကားအချီအတင် ပြောဆိုနေကြ သည်။
            “ဒီအဆိုတော်မလေးကို ရာစု သိပ်ကြိုက်တာ၊ ခဏလေးပါ မောင်ရဲ့၊ တစ်ပုဒ်လောက် နားထောင်စမ်းပါရစေဦး”
            သပြေသီးမှည့်ရောင် တောက်တောက်ပပ ခွေလိပ်ဝဲကျနေသည့် ဆံနွယ်လေးများကို တစ်ချက်သပ်ကာ ထက်ရာစုကို က လင်းစစ် ၏ပခုံးကို နွဲ့မှီရင်း ပြောလိုက်သည်။
            “ စီဒီလည်း ၀ယ်ပြီးနေပြီပဲစန်ကျူရီရဲ့၊ အိမ်ကျမှ နားထောင်ရောပေါ့”
            “ ရှင်ကလည်း…မတူဘူးလေ၊ ဒီမှာ Live ကြည့်ရတာနဲ့ ဘယ်တူပါ့မလဲ”
            ရှင် ဆိုသည့်အသုံးအနှုန်းကိုကြားလျှင်ကြားချင်း လင်းစစ် ပခုံးတွန့်မိသွားသည်။ ချစ်သူသက်တမ်း တစ်နှစ်အတွင်းမှာ ဒီမိန်း ကလေး ထက်ရာစုကို၏ စိတ်ကို ကောင်းကောင်းကြီး သူ သိခဲ့ပြီးပြီ။ ထက်ရာစုကို က သူ့ကိုယ်သူ ရာစု ဟုပြောသည်။ လင်းစစ်က စန်ကျူရီ (century)ဟုခေါ်သည်။ တစ်ခါတစ်ခါ စိတ်လောလျှင် ကျူရီ ဟု အတိုကောက်ခေါ်ဖြစ်သွားတတ်သည်။ ထက်ရာစုကိုသည် လင်းစစ်နှင့် စကြိုက်ကတည်းက သူ မခေါ်ခိုင်းရပါဘဲ `မောင်´ဟု စခေါ်ခဲ့သည်။ လင်းစစ်သည် သူ့ကိုယ်သူ မောင်ဟု ထည့်ထည့်ပြော ရန် ခုထိနှုတ်မရဲသေး။ `ကိုယ်´ ဟုသာ ထည့်သုံးတတ်သည်။ ထက်ရာစုကိုသည် စိတ်လက်ကြည်လင်နေတိုင်း မောင် ဟု ချွဲချွဲသဲသဲ ခေါ် တတ်ကာ တစ်ခါတစ်ခါသူမ အလိုကို မလိုက်မိလျှင် `ရှင်´ဟု သူ့ကို တစိမ်းဆန်ဆန်ပြောလေ့ရှိသည်။ လင်းစစ် လေပြေသွေး ရတော့ မည်။  
            “မဟုတ်ဘူး၊ liveကြည့်လို့ကောင်းတာ ကိုယ်လက်ခံပါတယ်၊ ၀ယ်စရာတွေက ရှိသေးတယ်လေ၊ အပြန် သိပ်နောက်ကျနေမှာ စိုးလို့ ကျူရီ့အတွက် ပြောတာပါကွာ”
            ထက်ရာစုကိုသည် လင်းစစ်လက်မောင်းကို ချိတ်တွဲ ဆွဲခေါ်ကာ ထိုနေရာမှ ဦးဆောင်လှည့်ထွက်လိုက်သည်။ သူတို့နှစ် ယောက်ကို ၀န်းကျင်ရှိ ဂီတပွဲလာပရိသတ်များက ကွက်ကြည့်  ကွက်ကြည့်လုပ်နေကြသည်။ ထက်ရာစုကိုသည် ရင်ညွန့်လည်ဟိုက်၊ လက်ပြတ်၊ အဖြူခံတွင် ပန်းပွင့်အနီများ ချင်းချင်းနီကြဲပက်ထားသည့် အဆင်ဒီဇိုင်းနှင့် ဒူးဖုံးရုံကလေး ရှည်သည့် ဂါဝန်အောက်ကားကား လေး ၀တ်ထားသည်။ နှုတ်ခမ်းဆိုးဆေးအနီက ၀င်းဝါဖြူနုသည့် မျက်နှာပြင်တွင်ထင်းခနဲ ရဲနေသည်။ မက်စ်ကာရာအကူမလိုဘဲ ကော့ပျံမည်းနက်နေသည့် မျက်တောင်ရှည်ရှည်အောက်က မျက်လုံးဝိုင်းဝိုင်းတို့က အလိုလို ကြည်တောက်ရွှန်း လက်နေသည်။ ဖိနပ်နီနီ၊ လက်ကိုင်အိတ်နီရင့်ရင့် တို့က အလှပဂေးမလေးကို အများအလယ် ထင်းခနဲဖြစ်စေလျက် အလှပိုကဲအောင် ဖြည့်စွက်ဝန်းရံထားသည်။ ဂျင်းဘောင်းဘီတိုပြတ်၊ ကိုယ်ကျပ်အကျီဝတ် ခေတ်ပေါ်မိန်းကလေးအများကြား ထက်ရာစုကို ပုံစံက သီးသန့်ကွဲထွက်ကာ ရှာရုန်အရပ် နှင်းဆီတစ်ပွင့်ပမာ မြင်သူတကာကို မိန်းမောသွားစေသည့်အလှတစ်ပါးဖြစ်နေသည်။ လင်းစစ်သည် ဆင်စွယ်ရောင်ရှပ် နှင့် ယော လုံချည် ခပ်ရိုးရိုးဝတ်ထားပြီး တကယ်တမ်းမှာ ထက်ရာစုကို၏ စတိုင်လ်နှင့် ခြားနားဆန့်ကျင်နေသည်။ သို့သော်ဒီခြားနားမှုကပဲ ဆွဲဆောင်မှုတွေဖြစ်နေပြန်ကာ လူတကာက သူတို့ကို စိတ်ဝင်စားတစားကြည့်နေကြသည်။
            “မောင် သတိထားမိလား လူတွေက မောင့်ကို ကြည့်နေကြတယ်”
” မဟုတ်တာ စန်ကျူရီကလည်း၊ မင့်ကို ကြည့်တာပါကွာ”
“ မဟုတ်ဘူး မောင့်ကို ကြည့်တာ တွေ့လား ဟိုမှာ ချာတိတ်မတွေ ရာစုကို ရှိတယ်တောင် မထင်ကြဘူး”
ထက်ရာစုကိုသည် တစ်နေရာဆီ မျက်စောင်းထိုးကာလှမ်းပြလိုက်ပြီး လင်းစစ် ၏ လက်မောင်းကို ပိုကဲ တိုးဖက်ရင်း ခပ်သွက် သွက် လျှောက်လိုက်သည်။ ရုတ်တရက် ခြေစုံရပ်ပြန်ကာ ထက်ရာစုကို အလန့်တကြားအော်လိုက်သည်။
“ ဘုရားသခင်…ပစ္စည်းထုပ်တွေရော…..”
“ ဟာ..သူတို့ လာပို့ပေးမယ့်ဟာ ကျူရီကလည်း…..”
“အို…ဟုတ်သားပဲ မေ့လို့မေ့လို့ ဒီ Future Mall က စနစ်တစ်မျိုးဆိုတာ မေ့မေ့သွားတယ်၊ အင်း… ၀ယ်သမျှ customer က လက်ထဲတစ်ပွေ့တစ်ပိုက်သယ်နေစရာမလိုဘဲ အိမ်တိုင်ယာရောက် ပို့တဲ့စနစ်က ကောင်းတော့ကောင်းပါရဲ့၊ ဒါပေမဲ့ လက်ထဲဘာမှ မကိုင်ရတော့ ရာစုတို့ ဘာတွေ ဘယ်လောက်ဝယ်ခြမ်းနိုင်တယ်ဆိုတာ သူများတွေက မသိနိုင်တော့ဘူးပေါ့၊ သူများတွေလို window shopping လုပ်ပြီး ပြန်သွားတယ်လို့ သိမ်းကျုံးအထင်ခံရမှာပဲ”
            “အာကွာ…မ၀ယ်တော့ရောဘာဖြစ်လဲ၊ ကိုယ်တော့ကြိုက်တယ်၊ ဒါမှ လူတန်းစားညီမျှသွားသလိုပဲ..မဟုတ်ရင် လူကုံထံတချို့ က မနိုင်မနင်းအိတ်တွေမျိုးစုံဆွဲလို့၊ တချိုမှာတော့ လက်ဗလာ မျက်စိသူငယ်နဲ့..၊ လူတန်းစားကွာဟမှုကြီးက အထင်းသားမြင်နေရ တာ…”
လင်းစစ်သည် သုံးနိုင်ဖြုန်းနိုင် ၀ယ်နိုင်ကြောင်း ကြွားဝါလိုစိတ်ရှိသည့် အမျိုးသမီးတို့၏သဘာဝကို နားလည်သော်လည်း မိမိ ချစ်သူ ထက်ရာစုကိုတွင် ဤသို့ ကြွားဝါ၀င့်ထည်စိတ် လွန်ကဲစွာရှိနေသည်ကို စိတ်ထဲ သိပ်တော့ မနှစ်မြို့ချင်သလို ခံစားနေရသည်။
“ခေါင်းတောင်မူးလာသလိုပဲ၊ ဗယ်လင်တိုင်းအမှတ်တရ ပစ္စည်းအရောင်းဆိုင်သွားမွှေချင်သေးတာ၊ နောက်နေ့မှ တစ်ခေါက် လာရရင် ကောင်းမယ်ထင်ရဲ့”
လင်းစစ်သည် ခေါင်းကိုဆတ်ခနဲညိတ်ကာ ပြောသည်။
“ဟုတ်တယ် မောင်လည်း ငြီးစီစီကြီး ဖြစ်လာပြီ၊ ပြန်ကြစို့”
အနီးဆုံးဓာတ်လှေကားရှိရာသို့ သူတို့ဦးတည်လိုက်ကြသည်။

`                                                                      xxxxxxx

ဓာတ်လှေကားတွင်းရောက်လျှင် လင်းစစ်က မြေညီထပ် G ခလုတ်ကို နှိပ်လိုက်သည်။ ဘက်သုံးဘက်အပြည့် new artဒီဇိုင်း ဖြင့် ခင်းကျင်းထားသည့် ထိုင်ခုံတန်းလှလှလေးအလယ်တွင် ထက်ရာစုကို ဦးစွာဝင်ထိုင်လိုက်သည်။ လင်းစစ်သည် ချစ်သူ့အပါး တိုးကပ်ကာ ၀င်ထိုင်သည်။
“အား..ထူးထူးဆန်းဆန်း ဒီနေ့ ခါတိုင်းနဲ့မတူ ကိုယ်တို့နှစ်ယောက်တည်း..very nice”
ပြောပြောဆိုဆို လင်းစစ်သည် ထက်ရာစုကို ကို ရင်ခွင်ထဲဆွဲသွင်းကာ သိမ်းကျုံးပွေ့ဖက်ထားလိုက်သည်။ ထက်ရာစုကို သည် မျက်လုံးထောင့်ကပ်ကာ စဉ်းစားဟန်ပြုသည်။
“ ဟုတ်ပါရဲ့ ခါတိုင်း ဒီဓာတ်လှေကားထဲ လူတွေ ညပ်ပိတ်သိပ်နေတတ်တာ…”
“ ကိုယ် လမ်းကြောင်းရှင်းထားလိုက်တာ သိလား”
ထက်ရာစုကိုက ပါးပြင်ဆီကျရောက်လာသည့် လင်းစစ်၏အနမ်းကို တစ်ခဏ ခေါင်းမော့ခံယူလိုက်သော်လည်း မျက်မှောင် ကြုတ် ကာ “ဘာလို့ လူရှင်းနေရတာလဲ ”ဟု စဉ်းစားဟန်ပြုနေသေးသည်။
“ကိုယ်တို့လက်ထပ်မယ့်ရက် နီးလာပြီနော်၊ Valentine’s Day မှာ မင်္ဂလာဆောင်ရမှာ ကလေးဆန်နေမလားပဲ…”
“ အဲဒါ မောင့်စိတ်ကူးပဲလေ..”
“ ချစ်တဲ့နေရာမှာတော့ ကိုယ် ကလေးမဆန်ပါဘူး၊ အရာရာကိုစောင့်စည်းခဲ့ပါတယ် စန်ကျူရီအသိပါပဲ ”
ထက်ရာစုကိုသည် လင်းစစ်ရင်ခွင်ထဲ ပိုတိုးဝင်ကာ လေသံဖြင့်ပြောလိုက်သည်။
“သိပါတယ်မောင်ရဲ့ မောင်က တည်ကြည်တယ် ”
“မင်းကိုလည်း ကိုယ်တကယ်ချီးကျူးမိပါတယ်စန်ကျူရီ၊ အ၀တ်အစားလှတပတတွေ ဒီဇိုင်းအဆန်းတွေ ကိုယ်ပေါ်တင်ပေမဲ့ မင်းစိတ်နှလုံးက တည်ငြိမ်တယ်”
“ ဒါပေါ့ဒါပေါ့.. နှစ်ယောက်တည်းရှိမှတော့ အပြန်အလှန်ပင့်မြျှောက်ကြတာပေါ့ ခစ်ခစ်ခစ်”
သူတို့ တစ်ယောက်မျက်နှာ တစ်ယောက်အပြန်အလှန်ကြည့်ကာ ပြိုင်တူရယ်မောလိုက်ကြသည်။ ထိုသို့ ရယ်နေရင်းက ရုတ်တရက်အလန့်တကြား ထရပ်ကာ ထက်ရာစုကို ပြောသည်။
“ အမလေး မောင်ရေ၊ ဓာတ်လှေကားစီးရတာကြာလိုက်တာနော်”
“ဟုတ်တယ် ကြာနေတယ်၊ ဟိုမှာလည်း ဘယ်အထပ်ကို ရောက်နေတယ်ဆိုတာ signal မပြဘူး”
နံရံတစ်နေရာဆီ မော့ကြည့်ကာ လင်းစစ်ပြောလိုက်ပါမှ ထက်ရာစုကို မျက်လုံးများဝိုင်းစက်အံ့သြသွားသည်။
“ဟုတ်ပါရဲ့ ဘယ်အထပ်ကိုရောက်နေတာလဲ၊ ground floor က မရောက်နိုင်သေးဘူးလား..အို မောင်ရေ ရာစု အသက် ရှူကျပ်လာသလိုပဲ…”
“ဟုတ်တယ် ..ကိုယ်လည်း ဒီလိုပဲ”
လင်းစစ်သည် ထက်ရာစုကို၏လက်ကိုတွဲကာ ဓာတ်လှေကားအပေါက်ဝဘက်ဆီ လှည့်ရပ်ရင်းပြောသည်။ `ဓာတ်လှေကား ရပ်များနေသလား´၊ `မရပ်ဘူး သွားတော့သွားနေတယ်´၊`ဒါ ဘာဖြစ်ရတာပါလိမ့်´၊ `နေရတာ ပူစပ်ပုလောင်ဖြစ်လာတယ် …´။ ထိုသို့ တစ်ယောက် တစ်ပေါက်ပြောရင်း လက်ချင်းတွဲ ကျောချင်းကပ်ကာ ဟိုဟိုဒီဒီ မျက်စိဝှေ့ယမ်း လှည့်ကြည့် မိကြသည်။
“ဓာတ်လှေကားဟာ ground floor ကို မရောက်နိုင်တာမဟုတ်ဘူး၊ ရောက်လို့မှ လွန်တောင်လွန်နေတာ၊ သွားပြီ..ကိုယ့် အထင် ဒါ ဒါဟာ မြေပြင်ကို ထိုးဖောက်ပြီး မြေစိုင်ခဲတွေ အထပ်ထပ်ကြားကို တိုးဝင်နေတာပဲ…ဟုတ်တယ်၊ ဒါပဲရှိတော့တယ်…”
“ဟင် ဘယ်လိုလုပ်ကြမလဲမောင်ရေ…မြေအောက်မှောင်မိုက်ထဲ….အို …ငရဲ ကို ရောက်သွားမှာလား..ခက်တာပဲ အိုလုပ်ပါဦး မောင်ရေ ဓာတ်လှေကားကို ရပ်အောင်လုပ်၊ ဒါမှမဟုတ် အပေါ်ပြန်တက်အောင် လုပ်စမ်းပါ…”
လင်းစစ်သည် အဖြေရှာသောမျက်လုံးများဖြင့် ငြိမ်သက်စွာစောင့်ကြည့်နေသည်။ ထက်ရာစုကိုသည် အယောင်ယောင် အမှား မှားဖြင့် နံရံတစ်နေရာက ခလုတ်များကို ဟိုနှိပ်ဒီနှိပ်လျှောက်နှိပ်ရင်း နှုတ်ကလည်း တဖွဖွတတွတ်တွတ်ရွတ်နေသည်။
…အကယ်ရွေ့ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ… အကြောင်းမူကား…….
ထိုအခိုက် ဓာတ်လှေကားသည် တုန့်ခနဲ တန့်ရပ်သွား၏။ နှစ်ယောက်သား ပြိုင်တူ Praise the Lord ဟု ၀မ်းမြောက်စွာ အသံ ထွက် အော်ဟစ်လိုက်ကြသည်။ သူတို့မျက်နှာမူနေရာမှ တံခါးချပ်သည် ဘေးတိုက်တရွေ့ရွေ့ လှုပ်ရွေ့သွားပြီး လူရိပ်တစ်ခု ပေါ်လာ သည်။ အနက်ရောင်ဝတ်ရုံရှည်ဖားဖားကြီး ခြုံရုံထားသော အဘိုးအိုတစ်ဦး…။ သူကိုင်ဆောင်ထားသော ဆီမီးတိုင်မှအပ ၀န်းကျင်တစ်ခု လုံးသည် ကြောက်လန့်စရာ ကျပ်ခဲမှောင်မိုက်နေသည်။ ထက်ရာစုကို သည် လင်းစစ်၏လက်ကို အားကိုးတကြီးဆုပ်ကိုင်လိုက်လျှင် လင်းစစ်သည်လည်း တင်းကျပ်စွာ တုံ့ပြန် ဆုပ်ကိုင်မိပါလေ၏။

xxxxx

“ မရဏဟိုတယ်မှ ကြိုဆိုပါတယ်” “ မရဏဟိုတယ်မှ ကြိုဆိုပါတယ်” “ မရဏဟိုတယ်မှ ကြိုဆိုပါတယ်”
အနက်ရောင်ဝတ်ရုံဖားဖားကြီးများ ခြုံရုံထားသည့် ပုံစံတူ လူတချို့က ကျယ်လောင်သောအသံဖြင့် ၀ိုင်းကာ ပြိုင်တူအော်ကြ သည်။ နှစ်ယောက်သား ကြက်သီးဖြန်းဖြန်းထကာ ထိတ်လန့်သွားသည်မှာ ဆိုဖွယ်ရာမရှိတော့ချေ။
“ကြိုဆိုပါတယ်မစ္စတာလင်းစစ် နဲ့ မစ္စထက်ရာစုကို ခင်ဗျား”
သူတို့နာမည်ကို အတိအကျသိနေသည့် လူစိမ်းအဘိုးအိုကြောင့် နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အကြီးအကျယ် အံ့သြသွား၏။

“ ခင်ဗျား ဘယ်သူလဲ”
“ ဗေလဇေဗုလ ရဲ့တပည့်တော်တစ်ပါး လို့ပဲ မှတ်ထားပါလေ…”

ဗေလဇေဗုလ ဗေလဇေဗုလ…အို….နတ်ဆိုးမင်း ဗေ ဗေလဇေဗုလ…ငါတို့ကို ဘာများလုပ်မလို့လဲ…..ဟု ထက်ရာစုကို စိတ်ပျက်စွာ ညည်းညူမိချေ၏။
“ မကြာခင် လက်ထပ်တော့မယ့် လူကြီးမင်းတို့ မင်္ဂလာမောင်နှံကို ဒီမရဏဟိုတယ်မှာ ပျားရည်ဆမ်းအကြိုခရီးအဖြစ် လာ ရောက် အနားယူ တည်းခိုဖို့ ဗေလဇေဗုလ က လိုလေးသေးမရှိ စီမံပေးထားပါတယ်”
“ဘာရယ်..၊ဘာလုပ်ဖို့ကျွန်မတို့က ဒီမှာနေရမှာလဲ၊ ပြန်ဖို့သာစီစဉ်ပေးပါရှင်၊ ရှင်လိုသလောက် ငွေအသပြာ ကျွန်မပေး ပါ့မယ်…”
အသပြာဆိုသည့်စကားကြောင့် အဘိုးအိုသည် စိတ်ဆိုးသွားဟန်တူ၏။ သူတို့ကို စူးစိုက်ကြည့်လျက်`မိန်းကလေးပေးနိုင်တဲ့ အသပြာထက် အဆများစွာပိုသာတဲ့အသပြာတွေ ကျုပ်မှာအပုံအပင်ပဲ၊ ကျုပ်က ဗေလဇေဗုလ ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်တာ´
လင်းစစ်က ထက်ရာစုကို နားနားကပ်ကာ လေသံဖြင့်`သူ့ကိုပြန်ပြောနေလို့ အကျိုးမထူးဘူးကျူရီ၊ ကိုယ်တို့မီးစင်ကြည့် က ကြတာပေါ့၊ ဒီကနေ့လွတ်မြောက်ဖို့ ကိုယ့်တာဝန်ထားစမ်းပါ´ဟုပြော၏။ ဆီမီးတိုင်များထွန်းညှိထားသော်လည်း အမှောင်ထု သည် သိပ်သည်းလွန်းသဖြင့် အခန်းကျယ်ကိုထွင်းဖောက်လင်းဖြာနိုင်စွမ်းမရှိချေ။ နေရာတိုင်းတွင် အလားတူ အနက်ရောင်ဝတ်ရုံဖားဖား နှင့် ပုံစံတူ လူတချို့တုံ့ပယ်တုံ့ပယ် သွားနေကြသည်ကိုတွေ့ရပြန်၏။ ဧည့်ကြိုကောင်တာရှေ့ရောက်သည်နှင့် ..
“ ကဲ နေရမယ်ဆိုလည်း အခန်းသော့ပေးပါရှင်၊ ကျွန်မနားချင်လှပြီ” ဟု ထက်ရာစုကိုက ခပ်ငေါ့ငေါ့ပြောလျှင် အဘိုးအိုက ဟက်ခနဲရယ်ကာ ပြော၏။
“၀မ်းနည်းပါတယ်၊ လူကြီးမင်းတို့အတွက် တည်းခိုစရာအခန်းတစ်ခန်း စီစဉ်ပေးပြီးမှ ဗေလဇေဗုလ က ပြန်ဖျက်လိုက်တယ်၊ အခု ဟိုတယ်အတွင်း လေ့လာရေးသက်သက်သာ လိုက်လံကြည့်ရှုဖို့ ပြောင်းလဲစီစဉ်ထားပါတယ်”
ကောင်တာမှလူသည် ကွန်ပျူတာ key board မှ ခလုတ်များကိုကျွမ်းကျင်စွာရိုက်လိုက်ပြီး print out လုပ်၏။ လေဆာprinter မှ လျှောခနဲထွက်ကျလာသည့်စာရွက်ကို ဆွဲယူကာ သူတို့ဆီကမ်းပေးနေသည်။ ထက်ရာစုကိုသည် မှည်းမှောင်နေသည့်အဆောက်အဦ အတွင်း လျှပ်စစ်မီးအကူအညီတစ်စုံတစ်ရာမပါဘဲ အသုံးပြုနိုင်သည့် ကွန်ပျူတာများကို တအံ့တသြကြည့်ကာ `ငါ့အိမ်ကို သယ်သွား လိုက်ရ ကောင်းသား´ဟုတွေးနေမိသေးသည်။
“ ဒါဟိုတယ်ရဲ့walk in ၀င်လာမယ့်စာရင်း reservation လုပ်ထားတဲ့စာရင်းတွေပါ ပါတယ်”
နှစ်ယောက်သားခေါင်းချင်းဆိုင်ကာ ကမန်းကတန်းရှာဖွေဖတ်ရှုလိုက်ကြ၏။ သူတို့အမည်မတွေ့၊ မိတ်ဆွေအပေါင်းအသင်းတို့ ၏ နာမည်လည်း မတွေ့ရလျှင် စိတ်အေးသွားလေ၏။
“ လေ့လာရေးခရီးစဉ် စလိုက်ကြရအောင်၊ ကျုပ်နောက်လိုက်ခဲ့ပါ”
အဘိုးအိုနောက်သို့ သူတို့လိုက်သွားကြသည်။
“ ဒါကတော့ Lobby Lounge ၊ တည်းခိုမယ့်ဧည့်သည်တွေ ရောက်ရောက်ချင်း welcome drink တိုက်တဲ့နေရာလို့ မှတ်ထားပေါ့။ ဒီဟိုတယ်မှာတော့ စပျစ်ရည်နဲ့ လူသွေး ရောစပ်ထားတဲ့ juice တိုက်တယ်၊ ဧည့်သည်တွေအမောပြေ ထိုင်ကြည့်ဖို့ ကမ္ဘာ့ ကြောက်စရာအကောင်းဆုံး horror ဇာတ်လမ်းတွဲတွေ 24 hour service နဲ့ ဖွင့်ပေးထားတယ်”
ထက်ရာစုကိုသည် လင်းစစ်နောက်ကနေ ပုန်းလျှိုးကွယ်လျက် lobby ပတ်ပတ်လည် ထောင့်စွန်းနံရံတွေမှာ ကပ်ချိတ်ထား သည့် တီဗီဖန်သားပြင်တွေကို မရဲတရဲမျက်လုံးဝေ့ကြည့်ပြီး မျက်လွှာချထားလိုက်ကာလင်းစစ်လက်မောင်းကိုသာ အားကိုးတကြီး တွယ်ဖက်ထားသည်။ လင်းစစ်သည် ချောက်ချားစရာ ရုပ်ပုံများပြထားရာ၊ ဆိုးဆိုး ရွားရွားအသံများထွက်ပေါ်ရာနေရာဆီသို့ ပါးစပ် အဟောင်းသားနှင့် ကြည့်ရင်း အဘိုးအိုဦးဆောင်ရာနောက်သို့ ယိုင်နဲ့နဲ့ခြေလှမ်းများဖြင့်လိုက်ပါသွားသည်။ လျှောက်လမ်းတစ်ဖက် တစ်ချက်တွင် ထွန်းညှိထားသည့် ဆီမီးတိုင်များဆီက ညှော်နံ့နှင့်အတူ အပူဒဏ်ကို ခံစားနေကြရသည်။

“ ဒါက poolside ”
ကူးခတ်သူမရှိသော ကန်ရေပြင်သည် ကြည်လဲ့ငြိမ်သက်နေရမည့်အစား မည်းညစ်လှုပ်ခါနေသည်ကို ဆီမီးရောင်များ အောက် တွင် မြင်နေရသည်။ အဘိုးအိုက တရွေ့ရွေ့လျှောက်ရင်း ဆက်ရှင်းပြနေသည်။

“ဟိုတယ် တစ်ခုလုံး ၂၄နာရီအပူလှိုင်းတွေ လွှတ်ထားတယ်၊ အခု မောင်ရင်တို့ကြောင့် ခဏရပ်ပေးထားတာ၊ အပူလှိုင်းဒဏ်ကို ဘယ်လိုမှ မခံနိုင်ကြတဲ့တည်းခိုသူဧည့်သည်တွေဟာ ဒီကန်ထဲဆင်းပြီး လာစိမ်တတ်တယ်၊အပူဒဏ်က သက်သာရာရပေမဲ့ သူတို့ရင်ဆိုင် ရတာ လူသွေးစုပ်တဲ့ တီ၊ ကျွတ်၊ `မျှော့ တွေနဲ့ မြွေတွေပဲ….”
သူတို့နှစ်ယောက်လုံး ကြက်သီးဖြန်းဖြန်းထသွား၏။
“ ဒီဘက်ကတော့ sea food centre,ဧည့်သည်တွေအတွက် ညစာကို ဒီမှာ ပြင်ဆင်ကျွေးမွေးတယ်”
ဗိုက်ဆာနေသော ထက်ရာစုကိုသည် လှပခမ်းနားစွာပြင်ဆင်ထားသည့် စားကောင်းသောက်ဖွယ် ပင်လယ်အစာများကို မြင် ယောင်လာမိသေး၏။
“ဒီမှာ ပင်လယ်စာအကုန်ရတယ်၊ ဒါပေမဲ့ ဘာကိုမှ ချက်ပြုတ်ကြော်လှော်မထားဘူး၊သွေးညှီနံ့တထောင်းထောင်းနဲ့ အရိအရွဲတွေ ပေကျံနေတဲ့ သားစိမ်းငါးစိမ်းတွေ တုံးတစ်ကျွေးတာ”
ရင်ထဲ အော်ဂလီဆန်ကာ ပျို့အန်ချင်လာသည်။ လင်းစစ်ကို ကြည့်လျှင် ဗိုက်ကိုနှိပ်လျက် ရှုံ့မဲ့နေသည်ကို တွေ့ရ၏။
“အခန်းတွေဘက်ကြည့်ရအောင်၊ ဒီဟိုတယ်မှာ လာတည်းမယ့်ဧည့်သည်တွေရဲ့ နောက်ကြောင်းရာဇ၀င်မှတ်တမ်း အသေးစိတ်အချက်အလက်တွေ ကွန်ပျူတာထဲမှာအပြည့်အစုံရှိတယ်၊ ကွန်ပျူတာကစိစစ်ပြီးအဖြေထုတ်ပေးတဲ့နည်းအတိုင်း ဗေလဇေဗု လ က နေရာချပေးတာပဲ၊ ပထမတုန်းက မောင်ရင်တို့အမည်ကို check in guest စာရင်းထဲမှာ သူက တွေ့လိုက်တယ်ပြောတယ်၊ နောက်တစ်ခေါက်ပြန်ရှာတော့ မတွေ့တော့ဘူးတဲ့၊ ကွန်ပျူတာပဲမှားသလား ဗေလဇေဗုလ ပဲ မှားသလား မဆိုနိုင်ဘူး”
သူတို့လျှောက်လာရာ လူသွားလမ်းတစ်ဖက်တစ်ချက်ရှိ အခန်းများဆီမှ ပုပ်သိုးသိုးအနံ့အသက်များ နှာဝသို့တိုးဝင်လာကြပြီး ညည်းတွားအော်ဟစ်သံများကိုလည်း နားမဆံ့အောင်ကြားနေရပြန်သည်။ နှာခေါင်းကိုပိတ်ရမည်လား နားကိုပိတ်ရမည်လား မသိကြ တော့။ ခေါင်းတို့သည် မူးဝေနောက်ကျိလာပြီး ခြေတို့သည် ခွေကျယိုင်လဲတော့မတတ်။ ထွက်ပြေးဖို့လမ်းစရှာမရသော လင်းစစ်သည် ချစ်သူ့အပေါ်စိုးရိမ်စိတ်ဖြင့် အဘိုးအိုထံတောင်းပန်တိုးလျှိုးမိတော့၏။

“ဒီလောက်ဆို လုံလောက်ပါပြီခင်ဗျာ၊ ကျွန်တော်တို့ကို ပြန်ခွင့်သာပြုပါတော့လား ”
“မဖြစ်သေးဘူး၊ ဗေလဇေဗုလ က special deluxe room တချို့ကို လိုက်ပြဖို့ မှာထားသကွဲ့” ပြောရင်း အဘိုးအိုက အခန်းတစ်ခန်းရှေ့အရောက် တံခါးကို ဆွဲဖွင့်လိုက်သည်။
ခုတင်တစ်လုံးထက်၌ လက်ခြေတို့ကို သံကြိုးခတ်ထားသော မိန်းမတစ်ယောက် ညည်းတွားအော်ဟစ်နေသည်ကို တွေ့ရ သည်။ ထိုစဉ် မည်းနက်သော အသွေးအရောင်၊ များပြားထူထဲသော အမွေးအမှင်တို့နှင့် ပြည့်စုံသော ရှည်လျားကြီးမားသည့် အတေင်ပံ များရှိသည့် လင်းတငှက်တစ်ကောင်သည် ပြတင်းပေါက်မှပျံဝင်လာပြီး ထိုမိန်းမ၏ကိုယ်ပေါ်၌နားလေ၏။ ခြေသည်းတို့သည် မိန်းမ၏ ၀မ်းဗိုက်ကို စူးနစ်ဖောက်ဝင်သွားသဖြင့် မိန်းမသည် အလွန်နာကျင်လျက်အော်၏။ မာခေါက်သော နှုတ်သီးချွန်ချွန်တို့သည် မိန်းမ၏ အ၀တ်အစားတို့ကို လိုက်လံကိုက်ဖြတ်လေ၏။ အ၀တ်တို့သည် စုတ်ပြဲ၍ ကိုယ်မှ ကွာကျလေသော် နှုတ်သီးသည်အသားစိုင် တို့ကို ထိုးဖောက်မိချေ၏။ သွေးစတို့ ယိုစီးထွက်ကာ အလူးအလဲခံစားနေရသော မိန်းမကို သူတို့မကြည့်ရက်စွာ မျက်နှာလွှဲရင်း ဘာကြောင့် ဒီလိုဖြစ်ရသည်ကို မေးခွန်းထုတ်မိလေ၏။
“အင်း အများက စက်ဆုပ်ရွံရှာဖွယ်အမှုလို့ သတ်မှတ်ထားတဲ့ကိစ္စပေါ့၊ ဒီမိန်းမက လှသလောက် မကောင်းတဲ့အလုပ်နဲ့ သက်မွေးခဲ့တယ်။ ရိုးရိုးသားသားအလုပ်မလုပ်ဘဲ သိက္ခာမဲ့တဲ့အလုပ်မှာ ပျော်ပျော်ကြီးကျက်စားခဲ့တယ်၊ မောင်ရင်တို့ စကားနဲ့ပြောရရင် ဇယားတို့ ပူစီတို့ ပေါ့၊ ဒီလိုမိန်းမမျိုးဟာ ဒီဟိုတယ်ရဲ့ စပါယ်ရှယ်အခန်းမှာ ဒီလိုအပြစ်ဒဏ်ခံစားရတာပဲ”

xxxxxx

အဘိုးအိုသည် နောက်ထပ် အခန်းတံခါးတစ်ချပ်ကို ဆွဲဖွင့်ရာ လူတစ်ရပ်စာမြင့်သော ကျောက်စရစ်ခဲ့အစုအပုံကြီးကိုသာတွေ့ ရလျှင် `ဟင် ဘယ်သူမှမရှိပါလား´ဟု ထက်ရာစုကို လွှတ်ခနဲပြော၏။ အဘိုးအိုက ရယ်၍ ရှေ့သို့တိုးကြည့်စေ၏။ ကျောက်စရစ်ပုံ နောက်ကွယ်၌ လူတစ်ယောက်သည် ဆောင့်ကြောင့်ထိုင်လျက် ကျောက်စရစ်ခဲတို့ကို လက်ဖြင့်ကောက်ယူကာ ပါးစပ်အတွင်းသို့ အပြည့် အသိပ်ကြုံးထည့်၍ ၀ါးနေသည်ကိုမြင်၏။  သွားတို့သည် ကျိုးတစ်ဝက်၊ ကြေတစ်ဝက်၊ သွေးတို့သည် မေးဖျားတို့ ချင်းချင်းနီရဲသည်အထိ ယိုစိမ့်ကျလျက်……။ ထက်ရာစုကို သည် နှုတ်ဖြင့်အသံထွက်မမေးနိုင်တော့ဘဲ လက်ညိုးညွှန်လျက်သာ မေးရတော့၏။ အဘိုးအိုသည် ခေါင်းညိတ်ရင်းက “သူတစ်ပါးကို လိမ်လည်လှည့်စားခဲ့လို့ပဲပေါ့၊ ကိုယ်တိုင်စားသောက်ရဖို့အတွက် သမာသမတ်ကျကျ သစ္စာရှိရှိ မှန်မှန် ကန်ကန် မလုပ်ဆောင်ဘဲ မသမာတဲ့နည်းလမ်းနဲ့ တစ်ဖက်သားအပေါ် အားထုတ်ကျင့်ကြံခဲ့လို့ပဲ” ဟု ဆိုသည်။

“ ကိုင်း နောက်တစ်ခန်းကြည့်ရအောင် ဒီအခန်းကိုတော့ မောင်ရင်ပိုစိတ်ဝင်စားမယ်ထင်ရဲ့ ”
တံခါးဖွင့်လိုက်သည်နှင့် ပုပ်အဲ့အဲ့အနံ့ကို ရသည်။ ခန္ဓာကိုယ်၌ အ၀တ်တစ်ပိုင်းသာရှိသော လူတစ်ဦးသည် ဒယိမ်းဒယိုင်ဖြင့် လမ်းလျှောက်နေလေ၏။ နံရိုးတို့သည် အရေပြားရှေ့သို့ ငေါထွက်ကာ ပြိုင်းပြိုင်းထလျက်၊ မျက်နှာသည် မျက်တွင်းဟောက်ပက်ဖြင့် လူရိုးခေါင်းတစ်ခုနှယ် အသားအရေရှာမရ။ လက်ခြေတို့သည် ကျူရိုးတံတို့နှယ်ရှိ၏။ ၀န်းကျင်၌ များစွာသော ပုလင်းခွံတို့သည် လဲတချို့၊ ကွဲတချို့၊ ပုလင်းကွဲစတို့ ခြေဖ၀ါးသို့ စိုက်ဝင်နေသော်လည်း ထိုလူသည် လျှောက်မြဲလျှောက်လျက်။ ပါးစပ်ကလည်း ညည်းသံတစ်ခု ထွက်ပေါ်နေသည်။ ကြည့်နေစဉ်တွင်ပင် ထိုလူသည် အာခေါင်တွင် လက်ထိုးလျက် ဝေါ့ခနဲ အန်ချလေ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် ရွံရှာဖွယ်သူ့အန်ဖတ်များကို  သူ့ဘာသာလေးဘက်ကုန်း၍ လျှာဖြင့်လျက်ကာ ပြန်စားနေလေ၏။ ထက်ရာစုကိုသည် ရွံရှာလွန်းသဖြင့် လင်းစစ်၏ရင်ခွင်ထဲ မျက်နှာသိုဝှက်ကာ ထိုအခြင်းအရာကို အလျင်အမြန်ကျောခိုင်းရ၏။

“လူငယ်တွေအဆိုးဆုံးပဲ မကောင်းမှန်းသိရက်နဲ့ မြည်းစမ်းကြတယ်၊ သေရည်သေရက်ပင်ကိုက မူးယစ်ဆေးတစ်မျိုးပဲ ဆိုလေတော့ လူကို စွဲငြိစေတော့တာပဲ။ ဒါနောက်ဆုံး ဒါနောက်ဆုံးနဲ့ ပြန်ပြန်သောက်ကြတယ်၊ မိုက်တဲ့အကျင့်ကို ထပ်ခါတလဲလဲကျင့် မိသားစု ဇနီးမယားကို ဒုက္ခပေး၊ ဒီလူက ဒါ့အတွက် ပေးဆပ်နေရတာ”
လင်းစစ်သည် မျက်စိမျက်နှာပျက်ကာ နောင်တရလျက်ရှိ၏။ ဒါလောက်ဆိုးဝါးသတဲ့လားတွေးကာ တုန်လှုပ်နေသည်။ ထက်ရာစုကိုသည် ရုတ်တရက် အဘိုးအိုကိုလှည့်မေး၏။

“ကျွန်မ ကျွန်မကော ဒီဟိုတယ်ကို တစ်နေ့ရောက်လာနိုင်သလား၊ ဘယ်လိုအခန်းမျိုးဟာ ကျွန်မအတွက် အသင့်ဖြစ်နေမှာ ပါလိမ့်…”

“ စန်ကျူရီ….” ဟု လင်းစစ်က အကျယ်ကြီးအော်ကာ ဟန့်တားလိုက်သည်။
စိုးရိမ်စိတ်ဖြင့် သူတားဆီးသော်လည်း နောက်ကျသွားချေပြီ။အဘိုးအိုက သဘောကျစွာ တဟားဟား ရယ်မောလျက် သိရမယ်၊ သိရစေ့မယ်၊ လာ လာ..ဟုခေါ်ကာ အခန်းတစ်ခန်းထဲ ၀င်သွားသည်။ လင်းစစ် လှမ်းဆွဲနေသည့်ကြားကပင် ထက်ရာစုကို သည် အဘိုးအိုနောက်ကနေ မရဲတရဲ သို့သော် သိချင်စိတ်ပြင်းပြစွာ ကပ်လိုက်သွားသည်။ လန့်ဖျတ်ကာ ခြေလှမ်းတုံ့ခနဲဖြစ်သွားသည့် ထက်ရာစုကို အား လင်းစစ် အလွန်ပင် စိတ်ပူပန်သွားမိသည်။ သူတို့မြင်တွေ့လိုက်ရသည့် အခန်း၏နံရံတို့သည် မှန်သားပြင်အတိပြီး သောကြောင့် ကိုယ့်ပုံရိပ်ကိုယ်ပြန်မြင်ကာ လန့်သွားခြင်းပင်။ တဟာရှ သားရေခြေနင်း၊ ပိုးဖဲခြယ်လှယ်သော အ၀တ်တန်ဆာ၊ ရွှေငွေ လည်ဆွဲရတနာတို့များစွာ ၀တ်ဆင်ထားသော ဂိလဒ် တောင်ပေါ်မှ ဆင်းလာသော ဆိတ်အုပ်စု ကဲ့သို့ ဆံပင်များဖြင့် တစ်ကိုယ်လုံး အပြစ်တစ်စုံတစ်ရာမျှမရှိ၊ မိန်းမတကာတို့ထက် အဆများစွာအဆင်းလှပသော မိန်းမငယ်တစ်ဦးကို လှပခမ်းနားသော ချပ်ဝတ် တန်ဆာများ ဆင်မြန်းလျက် တွေ့မြင်ကြရ၏။ ထိုမိန်းမငယ်သည် မှန်ထဲက ပုံရိပ်ကိုကြည့်ရင်း မိမိကိုယ်မိမိအကျေနပ်ကြီး ကျေနပ်နေပုံလည်းရ၏။ ဒီအခန်းသည် ထူးခြားစွာ မွှေးရနံ့တစ်မျိုး သင်းပျံ့နေသေး၏။ ထက်ရာစုကိုသည် နားမလည်ဟန်ဖြင့် အဘိုးအိုကို ကြည့်သော် အဘိုးအိုက ဆက်သာကြည့်ရန် မေးငေါ့ညွှန်ပြလေ၏။ ကြည့်နေစဉ်မှာပင် လှပသောမိန်းမငယ်၏ မျက်နှာသည် အရေတို့တွန့်ရှုံ့လာကာ အဘွားအိုတစ်ဦးအသွင် လျင်မြန်စွာပြောင်းလဲသွား၏။ `သူလာပြီ…သူလာပြီ…´ဟု စူးစူးဝါးဝါးအော်ဟစ်လိုက် သဖြင့် သူတို့ထိတ်လန့်သွားကာ နောက်သို့ခြေတစ်လှမ်းဆုတ်မိလိုက်ကြ၏။ မိန်းမငယ်၏နက်မှောင်သန်စွမ်းသော ဆံပင်တို့သည် တစ်ယောက်ယောက်က ဆွဲဖြတ်နေသည့်အလား အထွေးလိုက်အပုံလိုက် ကျွတ်ကျကုန်လေ၏။ မိန်းမငယ်သည် နာကျင်လွန်းလှသဖြင့် ဦးခေါင်းကို လက်အစုံဖြင့်ဖိကိုင်ကာ ညည်းတွားအော်ဟစ်နေသည်။ လက်သည်း ခြေသည်းတို့သည် စက္ကန့်ပိုင်းအတွင်း မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ရှည်လျား ချွန်မြစါာ ရှေ့သို့ ငေါထွက်လာကြသည်။ မိန်းမငယ်သည် တစ်ခါ လက်တို့ကို ဆန့်တန်းမြှောက်ခါလျက် အော်ဟစ်လိုက်ပြန်သည်။ အ၀တ်တန်ဆာတို့ အကျိုအကြားမှ ပုရွက်၊ ခါချဉ်၊ ပိုးဟပ်၊ လောက်ကောင်တို့သည် တစ်မုဟုတ်ချင်း ထွက်လာကြပြီး မိန်းမငယ်၏ခန္ဓာအနှံ့ ပြေးလွှားကိုက်ဖဲ့ကြကုန်၏။ ပိုးကောင်မွှားကောင်များကို လက်ဖြင့်ခါချသော်လည်း မရနိုင်။ အဖုအပိမ့်တို့ထကာ ယားယံလွန်းသဖြင့် လက်သည်းတို့ဖြင့် ကုတ်ခြစ်ပြန်သော် ချွန်မြသောလက်သည်းတို့သည် တွန့်ရှုံ့သော အရေပြား တို့ကို ပေါက်ပြဲစေ၍ သွေးတို့စို့ထွက်လာချေ၏။ မှန်ထဲမှ ဆိုးဝါးသောရုပ်သွင်ကို မိန်းမငယ်သည် ပြန်၍ပြန်၍ကြည့်ကာ မှန်ချပ်တို့ကို လက်ဖြင့် ပြင်းစွာပုတ်ရိုက်လေသော် မှန်သည်ကွဲလျက် မှန်ကွဲစတို့သည် လက်ဖ၀ါးပြင်သို့ စူးနစ်စိုက်ဝင်ကြ၏။ နောက်ဆုံး၌ မိန်းမငယ် သည် ကိုယ်၌ဆင်ယင်ထားသမျှတို့ကို ဆွဲဖြုတ်ခွာကျဉ်၍ အဝေးသို့ လွှင့်ပစ်ကာ `သွားကြ၊ သွားကြ လှသလောက်ကြောက်စရာ ကောင်းတဲ့ပစ္စည်းတွေ´ ဟု ကြီးသောအသံဖြင့်အော်ဟစ် ရုန်းကန်နေပြန်သည်။

ထက်ရာစုကိုသည် အသည်းအူတို့တုန်ခါသည်အထိ ကြောက်ရွံ့တုန်လှုပ်သွားတော့၏။ ဒုက္ခခံနေရသူမိန်းမငယ်အတွက် ထိခိုက်စာနာမိကာ မျက်ရည်တို့ စီးသွယ်ကျဆင်းလာခဲ့၏။

“မာနကြီးပြီး လိုချင်တပ်မက်စိတ်များသူ၊ ဆင်းရဲငတ်မွတ်သူတွေကို ပေးကမ်းရက်ရောခြင်းမရှိသူ၊ သူ မိမိရဲ့တစ်ကိုယ်စာ အလှအပအတွက်သာ အားထုတ် အချိန်ဖြုန်းနေသူမိန်းမတွေဟာ အခုလိုပဲ ဖြစ်လိုက်ပျက်လိုက်နဲ့ ဒီလိုအခန်းမှာ နေနေရတယ်ကွဲ့”

ထက်ရာစုကိုသည် လူတကာငေးမောရလောက်အောင် လှပချောမောသော မိမိ၏အလှအပတို့၌ မာန၀င့်ထည်ခဲ့ဖူး၏။ အလှအပ အသုံးအဆောင် အ၀တ်အထည်တို့ များပြားစွာရှိပါလျက် နောက်ဆုံးပေါ် အဆင်ဒီဇိုင်းများနောက်သို့လိုက်ကာ လိုချင်တပ် မက်စိတ် များမိခြင်းအပေါ် ယခု လန့်ထိတ်နေမိရပါပြီ။ မိမိ၏အာနည်းချက်တို့ကို ပြန်မြင်လာသည်။ အမည်နာမ တိတိကျကျ ထုတ်ဖော် ကြေညာပေးသော  အလှူဒါနပွဲလမ်းသဘင်များမှာ လက်မနှေး၊ ၀န်မလေး အခါခါ လှူဒါန်းခဲ့ဖူးသော်လည်း ခြေတို့လက်တို့နှင့် တောင်း ရမ်းလာသော လမ်းဘေးပလက်ဖောင်းပေါ်က သူဆင်းရဲကလေးများကို ပေးကမ်းစွန့်ကြဲဖို့တော့ အမြဲတုံ့နှေးခဲ့ဖူးသည်။ သူဖုန်းစားများကို ဖြတ်သွားဖြတ်လာ တွေ့မိလျှင် မျက်နှာလွှဲဖယ်ကာ တိမ်းရှောင်ထွက်သွားဖူးသည့် မိမိ၏အားနည်းချက်တို့ကို ထက်ရာစုကို တစ်ကွက်ချင်း ပြန်မြင်ယောင်လာသည်။

`ကြောက်စရာကောင်းလှရဲ့ ကြောက်စရာကောင်းလှပါရဲ့´ဟုတတွတ်တွတ်မြည်တမ်းကာ နောင်တမျက်ရည်တို့ သွန်ချမိ တော့၏။ သိမ့်သိမ့်ခါခါ တုန်လှုပ်ငိုကြွေးနေသည့် ထက်ရာစုကို၏ကိုယ်လေးအား လင်းစစ်သည် အသာပွေ့ယူဖေးမရင်း သူကိုယ်တိုင် လည်း စကားပင်မဆိုနိုင်တော့အောင် တိတ်ဆိတ်စွာ ထိခိုက်ခံစားနေရလေသည်။
            ဒီလောက်ဆို လုံလောက်ချေပြီဟု ယူဆလျက် အဘိုးအိုသည် သူတို့နှစ်ဦးအား ပြန်ခွင့်ပြုရန် လာလမ်းအတိုင်း ပြန်လည် ခေါ်ဆောင်လာသည်။ ဓာတ်လှေကားတံခါးဝသို့ရောက်ပြီ။
            “အခုလို နာရီပိုင်းမျှနဲ့ ပြန်ခွင့်ပြုတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ”ဟု မမေ့မလျော့ လင်းစစ် ဆိုလိုက်သည်။
            “ အင်း…ဟိုတယ်ထုံးစံအရဆိုရင်တော့ thank you ဆိုရင် you are welcome လို့ ဆိုရစမြဲပဲကွယ့်၊ ဒါပေမဲ့ မောင်ရင်တို့ ကိုတော့ good bye လို့ပဲ နှုတ်ဆက်ချင်ပါရဲ့”
            အပြန်အလှန်လက်ဆွဲနှုတ်ဆက်လျက် သူတို့သည် အမည်နာမတောင်မသိလိုက်ရသည့် အဘိုးအိုနှင့်တကွ မှောင်မိုက်အတိပြီး သော “မရဏဟိုတယ်”ကို ကျောခိုင်းကာ ဓာတ်လှေကားတွင်းသို့ ခြေစုံချလိုက်ကြသည်။ တံခါးချပ်ပိတ်သွားသည်နှင့် ဓာတ်လှေကား သည် အပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ထိုးတက်သွားသည်။ မြန်ဆန်လွန်းသောအရှိန်ကြောင့် သူတို့နှစ်ဦးစလုံး ဦးခေါင်းများ မူးနောက်ရီဝေကာ ချာချာလည်သွားတော့၏။
xxxxxx

            “ အိုး..မူးလိုက်တာ၊ မူးလိုက်တာ၊ ကျွန်မ ဘယ်ကိုရောက်နေတာလဲ၊ ရှင် က ဘယ်သူလဲ…မောင်..အဲ လင်းစစ် ကို ခေါ်ပေးကြပါ”
            “ အိုအို ဗြုန်းစားကြီး မထနဲ့ဦးလေ၊ ရှင့်ခေါင်းမှာ ဒဏ်ရာရထားတယ်၊ ငြိမ်နေမှဖြစ်မယ်၊ ဒါ ဆေးရုံပေါ်မှာပါ”
            သူနာပြုဆရာမလေးသည် ရုန်းကန်လျက်ထရန်ပြင်နေသော ထက်ရာစုကိုအား အိပ်ရာထက်အသာပြန်လှဲ အိပ်စေ၏။
            ခဏလေးခဏလေး ရှင်သတိရပြီဆိုတဲ့အကြောင်း ကျွန်မသတင်းသွားပို့လိုက်ဦးမယ် ဆိုကာသူနာပြုသည် အခန်းပြင်ထွက် သွားကာ မြန်ဆန်စွာပြန်ရောက်လာ၏။
“ စန်ကျူရီ…”       
            သူနာပြု၏နောက်တွင် ပြုံးတစ်ဝက် စိုးတစ်ဝက်မျက်နှာဖြင့် လင်းစစ်ကို မြင်သည်။
            “ မောင်…”
            မင်္ဂလာပွဲအတွက် လိုအပ်သောပစ္စည်းတချို့ဝယ်ပြီးအပြန် လမ်းတစ်နေရာ၌ မျက်နှာချင်းဆိုင်ဝင်လာသော ကားတစ်စီးကို ရှောင်တိမ်းရာက သူတို့ကား လမ်းဘေးသို့ထိုးစိုက်ကျသွားခဲ့သည်တဲ့။
            “ ကိုယ်လည်း သတိလစ်သွားခဲ့သေးတယ်စန်ကျူရီ၊ မင်းထက်စောပြီး ပြန်သတိရခဲ့တာ…”
            “ မောင်သိလား…ရာစုလေ အိပ်မက်လိုလို ဘာလိုလိုနဲ့ ငရဲပြည်က မရဏဟိုတယ်ကို အလည်တစ်ခေါက်ရောက်ခဲ့တယ်”
            “မြတ်စွာဘုရား ဘာပြောလိုက်တယ် စန်ကျူရီ…မရဏဟိုတယ်..ဟုတ်လား…တိုက်ဆိုင်လိုက်တာ…ကိုယ်လည်း ရောက်ခဲ့ တယ်”
            “ ဟင်”
            ပြန်လည်ပြောဆိုကြရာမှ သူတို့နှစ်ဦး၏အဖြစ်သည် အိပ်မက်ဟုပင် ဆို၍မရလောက်အောင် တစ်ထပ်တည်းကျနေသည်ကို ထူးဆန်းစွာ သိလိုက်ကြရ၏။
            “ ကိုယ် ဒီကရှေ့ ဘီယာအရက်လုံးဝမသောက်တော့ဘူး စန်ကျူရီ”
            “သိပ်ကောင်းတာပေါ့မောင်..ရာစုလည်း အ၀တ်အစားတွေအသစ်အဆန်းပေါ်တိုင်း ဗုန်းပေါလအော မ၀ယ်တော့ဘူး၊ မ၀တ် ချင်တဲ့အ၀တ်အစားတွေ အဟောင်းတန်းမှာ တစ်ဝက်ဈေးနဲ့သွားရောင်း၊ တစ်ခါ ကိုယ့်အတွက်ချည်းပဲ အသစ်ထပ်ဝယ်နဲ့ အဲဒါမျိုး တွေ မလုပ်တော့ဘူး၊  လမ်းမှာ ပိုက်ဆံလာတောင်းသမျှမရှိဆင်းရဲသူတွေကိုလည်း မျက်နှာလွှဲမသွားတော့ဘူး၊ သူတို့ဘယ်လိုပုံစံ ဘယ်လို နည်းလမ်းနဲ့ပဲ လာတောင်းတောင်း ကိုယ့်ရှေ့လာရပ်တောင်းမှတော့ အားလုံးကို ရက်ရက်ရောရော ပေးကမ်းလိုက်တော့မယ်”
            “ ဒါပေါ့ ဒါပေါ့ ဒါကလည်း အလှူတစ်မျိုးပဲ”
            “ တကယ်တော့ ရာစုတို့နှစ်ယောက်လုံး မရဏဟိုတယ်ကို ရောက်ခဲ့တဲ့အဖြစ်ဟာ အိပ်မက်လည်း မဟုတ်ဘူး၊ တကယ့်အဖြစ် လည်းမဟုတ်ဘူး မောင်ရဲ့”
“ ဒါဖြင့်….”
“ ဘုရားသခင်ရဲ့အကြံအစည်တစ်ခုပေါ့”
            “ တကယ်အံ့သြစရာပဲကွာ တစ်ယောက်ယောက်ကိုသာ ပြောပြရင် ယုံမှာမဟုတ်ဘူး”          
            နှစ်ဦးစလုံး၏အာရုံထဲတွင် မရဏဟိုတယ်ကို ဘယ်တော့မှ မေ့ပျောက်၍ရနိုင်မည်မထင်။

စုမီအောင်
(စုံနံ့သာ၊ အမှတ် ၁၊ ဇန်န၀ါရီ၊ ၂၀၁၃)

No comments: