Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 02, 2014

ညွှန်းတဲ့ ရုပ်ရှင်


Jack Ryan: Shadow Recruit
Action / Drama / Thriller
Paramount Pictures
ဒါရိုက်တာ - Kenneth Branagh
ထုတ်လုပ်သူ - Lorenzo di Bonaventura, Mace Neufeld
ဇာတ်ညွှန်း - Adam Cozad, David Koepp
ဝတ္ထု - Jack Ryan by Tom Clancy
သရုပ်ဆောင်များ - Chris Pine, Kevin Costner, Kenneth Branagh, Keira Knightley

စစ်အေးခေတ်နောက်ပိုင်း သူလျှိုထားမှုတွေအကြောင်း အသေးစိတ်ရေးသားခဲ့တဲ့ နာမည်ကျော်အမေရိကန်စာရေးဆရာ Tom Clancy ရဲ့စီအိုင်အေသုတေသနအရာရှိ Jack Ryan ဇာတ်ကောင်၊ ဇာတ်လမ်းတွဲတွေရဲ့ ၅ ပိုင်းမြောက်ရုပ်ရှင်ပါ။ ပြီးခဲ့တဲ့ ၄ ပိုင်းမှာတော့ ဂျက်ရိုင်ယန်အဖြစ် အလက်ဆ်ဘောလ်ဒ်ဝင်၊ ဟယ်ရီဆန်ဖို့ဒ် နဲ့ ဘန်အက်ဖလက်ခ် တို့ သရုပ်ဆောင်ခဲ့ကြတယ်။ Shadow Recruit မှာတော့ Start Trek into Darkness နဲ့ Rise of the Guardians သရုပ်ဆောင် ခရစ်ပိုင်း က ဂျက်ရိုင်ယန်အဖြစ်ပါဝင်ထားတယ်။ ဒါရိုက်တာကတော့ Thor ဒါရိုက်တာ Kenneth Branagh ပါ။ စီအိုင်အေလျှို့ဝှက်သုတေသနအရာရှိ လူငယ်လေး ဂျက်ရိုင်ယန်က ယူအက်စ်စီးပွားရေးကို ပြိုယိုင်လဲပျက်စီးအောင် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုနဲ့ကြိုးစားမယ့် ရုရှားရဲ့ကြံစည်မှုကို ဖော်ထုတ်မှာပါ။ လိမ်လည်လှည့်ဖြားခြင်းပရိယာယ်က ကစားပွဲတစ်ပွဲပဲ။ အဲဒီကစားပွဲမှာ ကစားတဲ့ရှရှားဇာတ်ကောင် ဗစ်ခ်တာချဲရဲဗင် (Kenneth Branagh) က ပြောတယ်။ “မင်းတို့ အမေရိကန်တွေဟာ မင်းတို့အကြောင်းပဲတွေးကြတယ်။ သိသာလွန်းတယ်။ မင်းလည်း အရိုင်းကောင်ပဲဖြစ်မှာပဲ” တဲ့။ “မင်းကသာ ဆတ်ဆတ်ထိမခံဖြစ်နေတာပါကွာ” ဂျက်ရိုင်ယန်က ပြန်ပက်တယ်။ ယုံကြည်မှုဆိုတာ အထင်အမြင်မှားခြင်းတစ်ခု၊ ဥာဏ်ကြီးတာကသာ လက်နက်တစ်ခု။ အဲဒီလိုအယူအဆတွေနဲ့ အပြန်အလှန်ပစ်ပေါက်၊ ကစားနေကြတဲ့ ကြမ်းကြမ်းရမ်းရမ်းကစားပွဲမှာ ဂျက်ရိုင်ယန်ရဲ့ ဇနီးအလှလေး ကက်သီရိုင်ယန်(Keira Knightley) က ဓားစာခံဖြစ်ဦးတော့မယ်။ Tom Clancy ရဲ့ စီအိုင်အေအေးဂျင့်ဝတ္ထုတွေကို ဗီဒီယိုဂိမ်းမျာစွာထုတ်လုပ်ခဲ့ကြတဲ့အထိ အက်ရှင်ပရိသတ်တွေအကြိုက်တွေ့ခဲ့ပေမဲ့ စာရေးဆရာရဲ့နောက်ထပ် စီအိုင်အေ အေးဂျင့်ဇာတ်လမ်းတွေ ဖတ်ရှု/ ဂိမ်းတွေဆော့ကစားဖို့ မဖြစ်နိုင်တော့ပါဘူး။ အောက်တိုဘာ ၁ ရက်နေ့က Tom Clancy ဆုံးပါးခဲ့ပါပြီ။  တိုက်ဆိုင်စွာပဲ Shadow Recruit ရုပ်ရှင်ပိုစတာကို အောက်တိုဘာ ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပြီး၊ ရုပ်ရှင်နမူနာကို အောက်တိုဘာ ၃ ရက်နေ့က ဖြန့်ချိပြသခဲ့ကြတယ်။

******************
I, Frankenstein
Action / Fantasy / Sci-Fi
Lionsgate
ဒါရိုက်တာ - Stuart Beattie
ထုတ်လုပ်သူ - Tom Rosenberg, Gary Lucchesi, Andrew Mason, Richard S. Wright
ဇာတ်ညွှန်း - Stuart Beattie
ဝတ္ထု - story by Kevin Grevioux, Stuart Beattie, Based on graphic novel I, Frankenstein by Kevin Grevioux
သရုပ်ဆောင်များ - Aaron Eckhart, Bill Nighy, Yvonne Strahovski, Miranda Otto, Socratis Otto, Jai Courtney, Kevin Grevioux

အင်္ဂလိပ်စာရေးဆရာမ Mary Shelley ရဲ့၁၉ ရာစုက ကျော်ကြားခဲ့တဲ့ Gothic ဝတ္ထုဇာတ်ကောင် ဖရန်ကန်စတိန်းကို အခြေခံရိုက်ကူးထားတာပါ။ သိပ္ပံပညာရှင်ကြီး ဖရန်ကန်စတိန်းရဲ့ သိပ္ပံစမ်းသပ်ထဲကထွက်ပေါ်လာခဲ့တဲ့ ကိုးရိုးကားယား ပုံပမ်းမကျန သတ္တဝါကြီး Adam က အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတယ်။ အာဒမ်(Aaron Echart) ဟာ အလောင်းကောင်တွေရဲ့အစိတ်အပိုင်းတွေစုစည်းပေါင်းစပ်၊ လျှပ်စစ်ဓာတ်ရိုက်သွင်းပြီး ရှင်သန်လာခဲ့ရသူပေါ့။ ရှေးဟောင်းမြို့တော်ကြီးထဲက ထာဝရန်ရှင်သန်နိုင်ကြတယ်ဆိုတဲ့ လူမျိုးစုနှစ်စုရဲ့ တိုက်ပွဲကြီးက အပြင်းအထန်ဆင်နွှဲနေကြတာ။ ကြာမြင့်နေခဲ့ပြီ။ မပြီးနိုင်မစီးနိုင်၊ မနိုင် မရှုံး၊ အပြီးမသတ်နိုင်တဲ့စစ်ပွဲကြီးမှာ အာဒမ်က သူ့ကိုယ်သူရှာဖွေတွေ့ခဲ့သတဲ့။ သူ ဘာလုပ်ရမယ်ဆိုတာသိခဲ့တယ်။ သူက အဆုံးသတ်လမ်းဆီခေါ်သွားမှာလားပဲ။ ဘီလူးမိစ္ဆာကြီးတွေရဲ့ ခေါင်းဆောင် နာဘီးရီးရပ်စ်(Bill Nighy)၊ အာဒမ်ကို အကူအညီပေးမယ့်မိန်းကလေး တာရာ(Yvonne Strahovski)၊ Gargoyle လူမျိုးစုရဲ့ ဘုရင်မ လီယိုနိုး(Miranda Otto)၊ Gargoyle စစ်တပ်ရဲ့ ခေါင်းဆောင် ဂီဒီယွန်(Jai Courtney) နဲ့ အာဒမ်ကို ဖန်တီးခဲ့တဲ့ သိပ္ပံပညာရှင်ကြီး ဒေါက်တာ ဗစ်တာဖရန်ကန်စတိန်း(Aden Young) တို့ ရဲ့ သေသေကြေကြေတိုက်ပွဲတွေကို သြစတြေးလျ မဲလ်ဘုန်းရှုခင်းတွေမှာ ဖန်တီးရိုက်ကူးထားပါတယ်။

******************
Labor Day
Drama
Paramount Pictures
ဒါရိုက်တာ - Jason Reitman
ထုတ်လုပ်သူ - Lianne Halfon, Russell Smith, Jason Reitman, Helen Estabrook
ဇာတ်ညွှန်း - Jason Reitman
ဝတ္ထု - Based on Labor Day by Joyce Maynard
သရုပ်ဆောင်များ - Kate Winslet, Josh Brolin, Gattlin Griffith, Tobey Maguire

ဟန်နရီဝီးလ်လား(Tobey Maguire)ဆိုတဲ့လူ၊ အသက် ၃၀နှစ်အစောပိုင်းနေ့တစ်နေ့ထဲမှာ သူ့ရဲ့ အသက် ၁၃နှစ်ငယ်ဘဝနေ့ရက်တွေကို တွေးတော၊ အချိန်တွေ၊ နေ့ရက်တွေ၊ အဖြစ်အပျက်တွေကို ပြန်လည်ရေတွက်ကြည့်နေတယ်။ နွေနေ့ရက်တွေကုန်ခါနီး အားလပ်ရပ်ဟာ အရင်ရက်တွေလိုပဲ အထီးကျန်ခြောက်ကပ်စွာကုန်ဆုံးသွားမှာပါပဲ။ ဟန်နရီလေး(Gattlin Griffith) သူ့ရဲ့အချစ်တော် ဟမ်းစတားလေးနဲ့ ဆော့ကစားရင်း တီဗီအစီအစဉ်တွေကြည့်တစ်ချက်မကြည့်တစ်ချက်နဲ့၊ တခဏလေးအတွင်း သူ့ရဲ့အတန်းဖော်သူမလေးကို သတိရလိုက်သေးတယ်။ ဟန်နရီရဲ့မေမေက အိမ်ထောင်ကွဲနေသူ၊ စိတ်ဓာတ်အမြဲကျဆင်း၊ မြင်မြင်ရာကိုကြောက်ရွံ့နေတတ်တဲ့အမျိုးသမီးတစ်ဦး အဒဲလ်(Kate Winslet) ပေါ့။ မနှစ်မြို့စရာစည်သွတ်ဗူးတွေနဲ့ အအေးခံအစားအစာတွေသာ အော်ဂလီဆန်လောက်အောင် နေ့တိုင်းစားသောက် အသက်ဆက်ခဲ့ရတဲ့မိသားစုထဲက မိန်းကလေးတစ်ဦး၊ အဒဲလ်ဟာ လူထူထူထပ်ထပ်နဲ့ ဟင်းလင်ပြင်ကိုအကြောက်လွန်တဲ့ Agoraphobia ရောဂါမျိုးတောင်ရှိနေသလားပဲ။ တစ်ရက် Labor Day  မတိုင်ခင်နေ့မှာပေါ့ သိပ်ကိုပျင်းရိငြီးငွေ့လာတဲ့ ဟန်နရီက အဒဲလ်ကို ဈေးဝယ်ထွက် သွားကြဖို့ပူဆာတယ်။ စူပါမားကက်ကြီးထဲမှာ ဖိုသီဖတ်သီ လူတစ်ဦးနဲ့ ဟန်နရီဆုံတယ်။ အဲဒီလူ ဖရန့်(Josh Brolin)ဦးခေါင်းမှာ ဒဏ်ရာကြီးနဲ့၊ သွေးစီးယိုကျနေတယ်။ လူစိမ်းသိပ်ကြောက်တတ်တဲ့မေမေ အဒဲလ်နဲ့ ဟန်နရီတို့ အကူအညီပေးရတော့မယ်။ ဖရန့်က အကျပ်ကိုင်တာကြောင့် အိမ်ကိုခေါ်သွားကြရတယ်။ ဖရန့်ခ်က အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့သူတဲ့။ အကျဉ်းသား၊ အပြစ်သားဖြစ်နေခဲ့တဲ့ ဖရန့်ခ်ကို ကြောက်ရွံ့နေခဲ့ကြသေးတယ်။ နောက်တော့ ဟန်နရီကို ဘေ့စ်ဘောကစားဖို့ သင်ကြားပေးတဲ့သူ၊ အဒဲလ်ရဲ့ စိတ်ဓာတ်ကျဆင်းနေမှုတွေကို ဖယ်ရှားပေးလိုက်တဲ့ဖရန့်ခ်ဖြစ်လာတော့တယ်။ ဟန်နရီဝီးလ်လား ပြန်လည်ရေတွက်နေခဲ့တဲ့နေ့ရက်တွေ၊ အဖြစ်အပျက်တွေထဲမှာ စိတ်ချောက်ချားစရာတွေရှိနေခဲ့သလား ဒရာမရုပ်ရှင်ကြိုက်ပရိတ်သတ်တွေ သိချင်နေကြမှာအသေအချာပါ။

******************
47 Ronin
Action / Adventure / Fantasy
Universal Pictures
ဒါရိုက်တာ - Carl Erik Rinsch
ထုတ်လုပ်သူ - Scott Stuber, Pamela Abdy, Eric McLeod
ဇာတ်ညွှန်း - Chris Morgan, Hossein Amini
သရုပ်ဆောင်များ - Keanu Reeves, Rinko Kikuchi, Tadanobu Asano, Hiroyuki Sanada

၂၀၁၃ ရဲ့ နောက်ဆုံးနေ့ရက်တွေကို နှုတ်ဆက်လိုက်မယ့် ရုပ်ရှင်ပါ။ ၂၀၁၂ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ပြသမယ်လို့ သတင်းထုတ်ပြန်ထားခဲ့ကြပေမယ့် ၂၀၁၃ ဖေဖေါ်ဝါရီ ၈ ရက်နေ့ကို ရွှေ့ခဲ့ကြတယ်။ နောက်ထပ်တစ်ခါ ၂၀၁၃ ခရစ်စမတ်နေ့မှာ ပြသမယ်လို့ ဆိုထားပြန်တယ်။ ဟန်ဂေရီရဲ့ မြို့တော် ဘူဒါပက်စ်မှာ 47 Ronin ဇာတ်ဝင်ခန်းတွေ စတင်ရိုက်ကူးထားတယ်။ ပြီးတော့ လန်ဒန်က စတူဒီယိုခန်းမထဲနဲ့ စကော့တလန် Isle of Skye၊ ရုပ်ရှင်ဇာတ်သိမ်းပိုင်းကိုတော့ ဂျပန်မှာရိုက်ကူးခဲ့ကြတာပါ။ ၁၈ ရာစုက ဂျပန်ဆာမူရိုင်းအုပ်စု ထဲက Forty-seven Ronin ရဲ့ တကယ့်ဘဝဖြစ်ရပ်တွေကို ဆန်းဆန်းပြားပြားဇာတ်ရုပ်တွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ fantasy action ရုပ်ရှင်ပါ။ ရိုနင်ဆိုတာ ဆာမူရိုင်းအကြီးအကဲမရှိတော့တဲ့အုပ်စုထဲက ဆာမူရိုင်းတစ်ဦးပေါ့။ ဂျပန်သမိုင်းမှတ်စုတွေမှာတော့ 47 Ronin ဆိုတာ အဲဒီခေတ်က ဆာမူရိုင်းသူရဲကောင်း Bushidō ရဲ့ အမည်ဝှက်လို့ဖော်ပြကြတယ်။ သူတို့ရဲ့အရှင်သခင်ကို လုပ်ကြံသတ်ဖြတ်သွားသူကို လက်စားချေလိုတဲ့သူ 47 Ronin ဆာမူရိုင်းဇာတ်ကောင် ကိုင်(Kai) အဖြစ် Keanu Reeves က သရုပ်ဆောင်တယ်။ ဂျပန်သွေးတစ်ဝက် အင်္ဂလိပ်သွေးတစ်ဝက် Kai နဲ့အတူ Hiroyuki Sanada, Tadanobu Asano, Rinko Kikuchi, Kou Shibasaki နဲ့ Jin Akanishi တို့ပါဝင်ထားတယ်။ ထူးခြားတာ ပိုပြီးသဘာဝကျကျဖြစ်စေချင်တာကြောင့် ယူအက်စ်ရုပ်ရှင်လောကမှာ မှတ်မိနေကြသရုပ်ဆောင်တွေကို ရွေးချယ်မထားပါဘူး။ စွန့်ပစ်ပယ်ခွာခြင်း၊ ကျွန်ပြုခြင်းတွေဟာ တစ်နေရာဆီဦးတည်နေပြီ။ အဲဒါ လက်စားချေဖို့အတွက်ပါပဲ။ 47 Ronin ရဲ့ အပြင်းထန်ဆုံးသောရည်မှန်းချက်တဲ့။ အံ့ဘနန်းအထူးပြုလုပ်ချက်တွေ၊ ဘူဒါပက်စ်မြို့တော်အလှအပ နဲ့ ဂျပန်ဆာမူရိုင်းတို့ရဲ့ပြောင်လက်ထက်ရှတဲ့ ဓားတဝင့်ဝင့် ရင်ဆိုင်တိုက်ခိုက်ကြပုံတွေ အသည်းယားစဖွယ် ကြည့်ရှုနိုင်ကြပါလိမ့်မယ်။        ။
ဖြိုးဖြိုး
(Yati Magazine, January, 2014)

No comments: