အလင်းနဲ့မှတ်တမ်းဝင်ခဲ့တဲ့ မိသားစု
ဒေးဗစ်ရစ်ချတ်စ်အတွက်တော့ အားလပ်ရက်ရာသီဟာ ပျော်ရွှင်မှုတွေ၊ ကောင်းချီးသြဘာသံတွေညံတဲ့အချိန်ပါ။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းဝင်နိုင်ခဲ့တာမို့လည်း စိတ်လှုပ်ရှားနေကြတယ်။ သြစတြေးလျမြို့တော် ကင်မ်ဘာရာကအိမ်မှာ မီးလုံးပေါင်း သန်းတစ်ဝက်ကျော်နဲ့အလှပြုပြင်ဆင်ယင်ထားကြတာပါ။ ဒီအဆောက်အဦလေးရဲ့ ထူးခြားလှပတဲ့အလင်းတွေအတွက် ခေါင်းစဉ်တစ်ခုခုရစေချင်ခဲ့ကြတယ်။ အံ့သြဖွယ်ရာ အလင်းတွေဟာ ၃၁ မိုင်တောင်ရှည်လျားပါတယ်။ ရစ်ချတ်ဟာ ၂၀၁၁ မှာ မီးလုံးပေါင်း ၃၃၁၀၃၈ လုံးနဲ့ အလှဆင်ခဲ့ပြီး ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီလိုအလင်းတွေထူးခြားလှပနေနိုင်ဖို့က လတွေအတော်များများအချိန်ပေးရတာကြောင့် နောက်တစ်ကြိမ်အလှမဆင်တော့ဘူးလို့လည်း ဆုံးဖြတ်ချက်ချက်ခဲ့တယ်။ ၂၀၁၂ မှာ နယူးယောက်၊ Lagrangeville မိသားစုတစ်စုက အဲဒီအခွင့်အရေးကိုအရယူပြီး မီးလုံးပေါင်း ၃၄၆၂၈၃ နဲ့ အလင်းတွေခင်းကျင်းပြသလိုက်တယ်။ ရစ်ချတ်က ဒီနှစ်မှာသူ့ရဲ့မှတ်တမ်းကို ပြန်သိမ်းယူချင်ရုံမဟုတ်ဘဲ သူ့ရဲ့ စံချိန်ကို အချိန်အကြာကြီးထိန်းသိမ်းထားချင်တာပါ။ ၂၀၁၃ မှာတော့ မီးလုံးအရေအတွက် ၅၀၂ ၁၆၃ အထိ တိုးပြီးအလှဆင်ခဲ့တာပါ။ ဂင်းနစ်အဖွဲ့က မီးလုံးတွေ တစ်ခုစီမရေတွက်ခဲ့ပါဘူး။ မီးလုံးဝယ်ယူခဲ့တဲ့လက်ခံဖြတ်ပိုင်းတွေရယ်၊ သန်းတစ်ဝက်ရှိတဲ့အလင်းတွေကြားအကွာထဲမှာရှိနေတဲ့ LED မီးလုံးတွေကို ရေတွက်ပြီးစစ်မှန်ကြောင်းသက်သေပြတာပါ လို့ ရစ်ချတ်ကပြောပြပါတယ်။ ရစ်ချတ်မိသားစုဟာ အိမ်နီးချင်းထောင်ပေါင်းများစွာဆီက အလှူငွေတွေကောက်ခံရယူခဲ့ပါတယ်။ ပြီးခဲ့တဲ့၂ နှစ်က ဒေါ်လာ ၇၈၀၀၀ မွေးကင်းစကလေးရုတ်တရက်ဆုံးပါးတဲ့ရောဂါစု (SIDS) နဲ့ Kids ACT အတွက် လှူဒါန်းဖို့ရံပုံငွေရှာခဲ့ကြတာပါ။ အဲဒီလှူဒါန်းငွေတွေနဲ့ SIDS နဲ့ ကလေးငယ်ဆုံးပါးခဲ့တဲ့မိသားစုတွေအတွက် ကျန်းမာရေးအတိုင်ပင်ခံ နှစ်ဦး ငှားရမ်းပေးနိုင်ခဲ့ကြတယ်။ ဒီနှစ်အတွက်တော့ ဒေါ်လာ ၁၀၀ ၀၀၀ စုဆောင်းနိုင်ဖို့ ရစ်ချတ်ကမျှော်လင့်ထားပါတယ်။ “အဲဒါဟာ ကျွန်တော်တို့ရဲ့ စိတ်ပါဝင်စားမှု” ပါလို့ ဆိုတယ်။ ရစ်ချတ်နဲ့ ဇနီးဂျိန်းနီရန်တို့ရဲ့ ကလေးငယ်တစ်ဦး လွန်ခဲ့တဲ့ဆယ်စုနှစ်က SIDS နဲ့ ဆုံးရှုံးခဲ့ရတယ်။ သူတို့မှာ ကလေး ၃ ယောက်ရှိကြတယ် အသက် ၁၃ နှစ်နဲ့ ၆ နှစ်ကလေးတို့ပါ။ ရစ်ချတ်ဒီစီမံကိန်းကို အောက်တိုဘာလက စတင်ခဲ့တယ်။ အလုပ်မသွားခင်၊ အလုပ်ကပြန်လာတဲ့အချိန်နဲ့ အလုပ်အားရက်တွေမှာ မီးလုံးတွေတပ်ဆင်ခဲ့တာပါ။ ဂင်းနစ်အဖွဲ့မရောက်လာခင်ညက နောက်ဆုံးမီးလုံးတစ်လုံး တပ်ဆင်နေခဲ့ပါတယ် လို့ ရစ်ချတ်က ပြောပါတယ်။ ဂင်းနစ်website မှာ “ခရစ်စမတ်မီးအလင်းအများဆုံးအိမ်- သန်းတစ်ဝက်ကျော်ပါတယ်” လို့ ဖော်ပြထားပါတယ်။ မီးလုံးလေးနဲ့ ပြည့်နေတဲ့ လိုဏ်ခေါင်းအောက်မှာဖြတ်လျှောက်လိုက်တာနဲ့ အချိန်ကိုက်ထွက်ပေါ်လာတဲ့ ဂီတတေးသွားလေးကို နားထောင်ရတာ ကြည်နူးစရာပဲ လို့ ဧည့်ပရိတ်သတ်တွေကချီးမွမ်းကြတယ်။ ရစ်ချတ်မိသားစုရဲ့ လျှပ်စစ်မီတာခကတော့ လစဉ် ဒေါ်လာ ၂၅၀၀ လောက်ကုန်ကျမှာပါ။ “လျှပ်စစ်မီတာခကုန်ကျစရိတ်ဟာ ရံပုံငွေလှူဒါန်းတာထက်တော့ နည်းပါသေးတယ်။ အဲဒီကုန်ကျစရိတ်ကို ဇနီးသည်ကမသိပါဘူး။ သူ့ကို သွားမေးရင်လည်း ကျွန်မ မသိချင်ပါဘူးရှင် လို့ပဲ ဖြေပါလိမ့်မယ်” လို့ ရစ်ချတ်ကပြောပါတယ်။
ဂျပ်စတင်ဘီဘာရဲ့ဆေးမင်ကြောင်အလှ ပြသ
“All That Matters” အဆိုတော်လေးရဲ့အစီအစဉ်တွေပြည့်နေတဲ့သြစတြေးလျခရီးစဉ်မှာ ဘိုင်ရွန်ဘေး၊ Wategos Beach မှာ ရေလွှာလျှောစီးရင်းအနားယူခဲ့ပါတယ်။ သူငယ်ချင်းတချို့နဲ့ နာရီအနည်းငယ်အချိန်ဖြုန်းခဲ့ကြတယ်။ ရေလွှာလျှောစီးဘုတ်ပြားပေါ်မှာကျင်လည်စွာ တွဲခိုဆော့ကစားနေတဲ့ ဘီဘာဟာ သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကိုလည်း လှစ်ဟထားတယ်။ ဘီဘာရဲ့ခန္ဓာကိုယ်ဟာ ကြည့်ကောင်းလာတယ်လို့ သူ့ရဲ့ပရိတ်သတ်တွေက ချီးမွမ်းပါတယ်။ ဘီဘာကမ်းခြေမှာဆော့ကစားနေတဲ့ဓာတ်ပုံတွေ Twitter မှာတင်လိုက်တော့ ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ တွတ်စီတွတ်စီသံလေးတွေညံစီသွားတော့တယ်။ ဘီဘာရဲ့ ဘယ်ဘက်လက်ဖျံက လင်းယုန်ငှက်တစ်ကောင်ပုံ ဆေးမင်ကြောင်အသစ်ကိုလည်း ပြသလိုက်တယ်။ အသက် ၁၉ နှစ်အရွယ် ကနေဒီးယန်းအကျော်အမော်လေးရဲ့ သြစတြေးလျခရီးးဟာ Believe အယ်လ်ဘမ်ဖျော်ဖြေရေးပွဲခရီးစဉ်ထဲက နောက်ဆုံးဂီတပွဲဖြစ်ပါတယ်။ ၂၀၁၂ စက်တင်ဘာ ၂၉ ရက်နေ့က ယူနိုက်တက်စတိတ်မှာစတင်ခဲ့ပြီး အမေရိက၊ ဥရောပ၊ အာရှ၊ အာဖရိက၊ သြစတြေးလျ နဲ့ နယူးဇီယန်မှာ show ပေါင်း ၁၅၀ခန့်သီဆိုခဲ့တာပါ။ သြစတြေးလျမှာ Gold Coast ဟိုတယ်မှာတည်းခိုခဲ့ပြီး ဟိုတယ်ရဲ့နံရံမှာ graffiti ဆေးခြယ်ရေးဆွဲခဲ့ပါတယ်။ ဘီဘာက သူသဘောကျတဲ့ ကာတွန်းရုပ်ပုံတစ်ခုကို အလင်းပါ(fluorescent) မှုတ်ဆေးမျိုးနဲ့ ဆွဲခဲ့ပါတယ်။ တချို့သြဇီတွေက ဘီဘာရဲ့ လက်ရာကို လက်ခံကြပေမဲ့ တချို့ကတော့ စမ်းတဝါးဝါးရေးဆွဲထားတဲ့လက်ရာမျိုးလို့ ထင်မြင်ကြတယ်။ Gold Coast ဟိုတယ်ကပဲ နံရံဆေးခြယ်ပန်းချီရေးဆွဲဖို့ ခွင့်ပြုပေးခဲ့တာပါ။ ဘီဘာရဲ့ လက်ရာကို ဖယ်ရှားပစ်မှာမဟုတ်ဘူးလို့လည်း ဟိုတယ်ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်ပါတယ်။
နှောင့်နှေးနေတဲ့ ချာလီချက်ပလင်ကမ္ဘာ
ချက်ပလင်ရဲ့ ကမ္ဘာဟာ ဖရန့် ၅၅ သန်း(ဒေါ်လာ သန်း ၆၀) တန်တဲ့ စီမံကိန်းပါ။ အဲဒီစီမံကိန်းကတော့ ၂၀၁၅ မှာ ချာလီချက်ပလင်ရဲ့ ဆွစ်ဇာလန်ကအိမ်ကို ပြတိုက်အဖြစ်ပြောင်းလဲဖွင့်လှစ်နိုင်ဖို့ပါ။ ဒါပေမဲ့ အခုတော့ အဆောက်အဦထဲမှာ ကျောက်ဂွမ်းသတ္ထုအမှုန်အမွှား asbestos တွေ တွေ့ရှိရတာကြောင့် နှောင့်နှေးစရာဖြစ်လာပါတယ်။ ချက်ပလင်ရဲ့စံအိမ်ဟာ ဗော့ဒ်ဒေသ၊ Corsier-sur-vevey က Le Manoir de Ban စံအိမ်ပါ။ ဂန္တဝင်ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာလည်းဖြစ်တဲ့ ချာလီချက်ပလင်ဟာ အဲဒီအိမ်မှာ သူ့ရဲ့ နောက်ဆုံး ၂၅ နှစ်တာကာလတွေကုန်ဆုံးစေခဲ့တယ်။ စီမံကိန်းရဲ့ အစပိုင်းမှာ ခွင့်ပြုချက်ရရှိဖို့ နဲ့ စံအိမ်ကနေ ပြတိုက်အဖြစ်ပြောင်းလဲတဲ့အခါ ဘဏ္ဍာရေးပံ့ပိုးမှုအတွက် ၁၀ နှစ် ခန့် လှုပ်ရှားဆောင်ရွက်ခဲ့ကြရတာပါ။ ဒီစီမံကိန်းအတွက် ခွင့်ပြုချက်ကို Vevey ဧရိယာထဲက မြူနီစီပယ် ၁ဝ ခုမှာ တောင်းခံခဲ့ရတယ်။ အစီအစဉ်စတင်နိုင်တဲ့အချိန်မှာမှ ရှာဖွေတွေ့ရှိမှုပေါ်ပေါက်လာခဲ့ပါတယ်။ ပထမတော့ အမိုးမှာပဲ အဲဒီသတ္ထုအမှုန်အမွှားတွေရှိတယ်ထင်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ပန်းချီကားတွေ၊ ကြမ်းပြင်၊ ဆက်ကြောင်းတွေ၊ နေရာတိုင်းမှာတွေ့ခဲ့ရတယ် လို့ ဗိသုကာပညာရှင်၊ စီမံကိန်းတာဝန်ရှိသူ ဖီးလစ်မေလန်က ပြင်သစ်သတင်းစာ 20 Minutes ကိုပြောကြားခဲ့ပါတယ်။ အဲဒီအမှုန်အမွှားတွေဖယ်ရှားတဲ့အခါ အနည်းဆုံး သုံးလခန့်အချိန်ယူရမှာပါ။ ၁၉၉၀ အစောပိုင်းကာလအထိ အဲဒီသတ္ထုမှုန်ကို မီးအန္တရာယ်ကာကွယ်နိုင်ဖို့ ဆွစ်ဇာလန်မှာ အသုံးများခဲ့ကြတယ်။ နောက်ပိုင်းကာလတွေမှာ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် အသုံးမပြုဖို့တားမြစ်ခဲ့တာပါ။ အဲဒီ asbestos အမျှင်၊ အမှုန်အမွှားတွေဟာ အဆုတ်နာရောဂါဖြစ်ပွားစေနိုင်ပါတယ်။ asbestos တွေဖယ်ရှားရာမှာ ဖရန့် ၂၀၀ ၀၀၀ နဲ့ ၃၀၀ ၀၀၀ ကြား ကုန်ကျမှာပါ။ ပြတိုက်မှာ စကီးနှင်းလျှောစီးအပမ်းဖြေစခန်း နဲ့ အနားယူပန်းခြံတွေလည်းပါဝင်လိမ့်မယ်။ ပြတိုက်မှူးကတော့ ချာလီချက်ပလင်ရဲ့ သားဖြစ်တဲ့ ဆွစ်နိုင်ငံသား မိုက်ကယ်ချက်ပလင် ပါ။
ရီရို ဒီ ဂျနေးရိုး ရဲ့ ၂၀၁၃ ခရစ်စမတ်သစ်ပင် အလှဆင်
ကောင်းကင်ဆီ ၈၅ မီတာအမြင့်ထိ မြင့်မားပြီး မီးရောင်စုံအလှအပတွေနဲ့မွှမ်းမံထားတဲ့ ရီရိုရဲ့ ခရစ်စမတ်သစ်ပင်ဟာ ကမ္ဘာတဝှမ်းမှာ အကြီးဆုံးပါ။ လေထဲမှာ မီးရှုးမီးပန်းတွေလွှတ်တင် အင်မတန်ကြီးမားတဲ့ ခရစ်စမတ်သစ်ပင်မီးအလှဆင်တာဟာ ရီရို ဒီ ဂျနေးရိုးရဲ့ အမှတ်အသားတစ်ခုလိုပါပဲ။ ဘရာဇီးနိုင်ငံ ရီရို ဒီ ဂျနေးရိုးမြို့ Lagoa မှာ နိုဝင်ဘာ ၃၀ ရက်နေ့က မီးအလှဆင်အခမ်းအနားစတင်လိုက်တာပါ။ အဲဒီ မီးအလှဆင်အခမ်းအနားဟာ ရီရိုမှာတော့ ကာနီဗယ်ပွဲတော်၊ နှစ်သစ်ပွဲတော်ပြီးရင် အကြီးကျယ်ဆုံး အခမ်းအနားပါ။ ခရစ်စမတ်အားလပ်ရက်ကာလတွေတလျှောက်လုံး မီးထွန်းညှိထားမှာပါ။ ဒီနှစ်ဟာ ၁၈ ကြိမ်မြောက်မီးအလှဆင်ခြင်းဖြစ်ပြီး Lagoa ဒေသ Cantagalo ပန်းခြံမှာရှိပါတယ်။ ညနေ ၈ နာရီကနေ မီးအလင်းစဖွင့်မှာဖြစ်ပြီး အကအဖွဲ့တွေလည်းဖျော်ဖြေပါတယ်။ Charles Dicken ရဲ့ အားလပ်ရက်ဂန္တဝင်သီချင်း A Christmas Carol သီချင်းကိုလည်းသီဆိုကြမှာပါ။ Chirs Van Allsburg ရဲ့ The Polar Express လည်းအပါအဝင်ပါ။ အံ့ဘနန်းထူးခြားလှပလွန်းတဲ့ မီးရှုးမီးပန်းတွေလည်း ပစ်လွှတ်ပါလိမ့်မယ်။ နှစ်တိုင်းမှာ မတူကွဲပြားတဲ့ မီးပွင့်အပြင်အဆင်လေးတွေဖန်တီးကြတယ်။ မီးပွင့်ပေါင်း သုံးသန်းကျော်၊ တဖျတ်ဖျတ်မှိတ်ချည်ဖွင့်ချည်မီးအလင်း နှစ်ထောင်ခန့်၊ ပိုက်လုံး မီတာတစ်ရာ၊ LED ရောင်ပြန် တစ်ရာ တပ်ဆင်ထားပါတယ်။ ၂၀၁၃ အတွက် ခေါင်းစဉ်က “A celebration of Life” ပါ။ ခရစ်စမတ်ပင်ဟာ ပထမဆုံးအပြာရောင်မီး နဲ့ စတင်လင်းလက်လာပြီး ငါး၊ လင်းပိုင်၊ ကြယ်ငါး နဲ့ ရေနဂါး ပုံသဏ္ဍန်လေးတွေ ပုံဖော်ပါတယ်။ ပင်လယ်သမုဒ္ဒရာထဲက သတ္တဝါလေးတွေကို ဂုဏ်ပြုချင်တာလို့ဆိုတယ်။ ပြီးရင်တော့ နွေးတဲ့အရောင်အသွေးဖြည်းဖြည်းချင်းပြောင်းလဲသွားပြီး ကောင်းကင်မှာ ငှက်လေးတွေ အုပ်စုသင်းဖွဲ့ပျံသန်းနေတဲ့ပုံစံ ပုံဖော်ပါတယ်။ မီးအစိမ်းရောင်က သစ်တောကိုကိုယ်စားပြုပြီး လိပ်ပြာလေးတွေနဲ့ မျောက်၊ ဘရာဇီးကလူသိများလှတဲ့ ကြက်တော စသဖြင့် တဖြည်းဖြည်းချင်းပြောင်းလဲသွားတာပါ။ နောက်ပိုင်းမှာ လူမျက်နှာသဏ္ဍာန်ပြောင်းလဲပြီး လူသားသက်ရှိဘဝကိုချီးမွှမ်းတဲ့အခမ်းအနားအဖြစ် သစ်ပင်ရဲ့အရောင်အသွေးတွေ၊ စိမ်းမြမြအရောင် ပြောင်းလဲသွားခဲ့တယ်။ ရီရို ရဲ့ ခရစ်စမတ်သစ်ပင်ဒီဇိုင်းပညာရှင်က အေဘယ်လ်ဂိုးမက်စ်ဖြစ်ပါတယ်။
အွန်လိုင်းမှာလျှို့ဝှက်ပေါက်ကြားသွားတဲ့ ဝတ္ထုတိုတွေ
JD Salinger ထုတ်ဝေဖြန့်ချိခြင်းမပြုလိုတဲ့ ဝတ္ထုတိုသုံးပုဒ်ဟာ အခုရက်ပိုင်းမှာ အွန်လိုင်းမှာပြန့်နေခဲ့ပါတယ်။ The Ocean Full of Bowling Balls, Paula နဲ့ Birthday ဝတ္ထုတိုသုံးပုဒ်ဟာ အမေရိကန်စာကြည့်တိုက်နှစ်ခုမှာပဲ ဖတ်ရှုနိုင်တာပါ။ The Catcher in the Rye ရေးသားခဲ့တဲ့အမေရိကန်စာရေးဆရာ JD Salinger ရဲ့ အဲဒီတိုသုံးပုဒ်ဟာ scan ကော်ပီဖတ်ထားပြီး အွန်လိုင်းမှာတင်ခဲ့ရာက လျှင်လျှင်မြန်မြန်ပျံ့နှံ့သွားခဲ့တာပါ။ “ဝတ္ထုတိုသုံးပုဒ်” လို့ နာမည်ပေးထားတဲ့ ကော်ပီပေါင်းချုပ်ရဲ့ ကျောဘက်မှာ အနက်ရောင်အဖုံးပါရှိပြီး ထုတ်ဝေသူဆီ ဝတ္ထုတိုတွေအကြောင်းဆွေးနွေးရေးသားထားတဲ့ Salinger ရဲ့ စာတစ်စောင်လည်းပါရှိတယ်။ လောစ့်အင်ဂျယ်လိစ်တိုင်းမ်သတင်းစာက ဝတ္ထုဝေဖန်ရေးဆရာ ဒေးဗစ်အူလင်းက “The Ocean Full of Bowling Balls” ဆိုရင် တစ်ခါမှမဖတ်ဖူးခဲ့ဘူး။ အဲဒီဝတ္ထုဟာ Princeton တက္ကသိုလ်စာကြည့်တိုက်မှာ စုဆောင်းထားတဲ့ Salinger ရဲ့စာပေလက်ရာတွေပါ။ ကျောင်းကဆရာတွေနဲ့ စာသင်သားတွေသာ ဖတ်ရှုနိုင်တယ်။ တခြားနှစ်ပုဒ်ကိုတော့ University of Texas ရဲ့ Ransom Center မှာဖတ်ဖူးခဲ့တယ်။ ဒီဝတ္ထုတိုသုံးပုဒ်က တကယ့်အစစ်အမှန်တွေ” လို့ ပြောပါတယ်။ Ransom Center မှာ လက်ရေးစာမူ မိတ္တူတွေရှိပြီး ဧည့်သည်တော်တွေဖတ်ရှုနိုင်ပေမဲ့ ဖြန့်ဝေဖို့ကိုတော့ တားမြစ်ထားပါတယ်။ Princeton စာကြည့်တိုက်က လက်ရေးစာမူကို မိတ္တူကူးဖို့က ပိုပြီးခက်ခဲနိုင်တယ်လို့ ဆိုတယ်။ Salinger ရဲ့ပုံနှိပ်စာမူ The Catcher in The Rye ဟာ လောကကြီးကို ငြီးငွေ့စိတ်ပျက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးရဲ့ ပုံပြင်တစ်ပုဒ်ပါပဲ။ အမေရိကန်မော်ဒန်ဝတ္ထုလောကမှာ အင်မတန်အရေးပါတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ ကော်ပီ ၆၅ သန်း ကျော်ရောင်းချနိုင်ခဲ့တယ်။
Living on a Prayer သီချင်းကိုသီဆိုခဲ့တဲ့ မင်းသားဝီလျမ်
ရံပုံငွေပျော်ပွဲရွှင်ပွဲတစ်ခုမှာ မင်းသားဝီလျမ်ဟာ ဘွန်ဂျီုဗီနဲ့ အတူတွဲလို့ Living on a Prayer သီချင်းကို သီဆိုခဲ့ပါတယ်။ ဘွန်ဂျိုဗီရဲ့ hit အဖြစ်ဆုံးသီချင်းကို ဧည့်သည်တော် ၆၀၀ ခန့် နဲ့ တခြားဂီတကြယ်ပွင့်တွေရှေ့မှာ သီဆိုခဲ့ကြတာပါ။ Kensington Palace Centrepoint မှာပြုလုပ်တဲ့ လူငယ်အိုးအိမ်မဲ့ကုသိုလ်ဖြစ်အဖွဲ့ကပြုလုပ်တဲ့အခမ်းအနား Winter Whites ပျော်ပွဲရွှင်ပွဲအပြီးမှာ အံ့အားသင့်ဖွယ်ကောင်းတဲ့အခိုက်အတန့်လေး အတူဆင်နွှဲခဲ့ကြတာပါ။ တေလာဆွစ်ဖ်လည်း ပါဝင်သီဆိုခဲ့တယ်။ အဲဒီပွဲမှာ ဂျွန် မင်းသားဝီလျမ်ပေးအပ်တဲ့ Centerpoint Great Britain Youth Inspiration Award ဆု ကို ဘွန်ဂျီူဗီရရှိခဲ့ပါတယ်။ ဝီလျမ်ဟာ Centerpoint ရဲ့ထောက်ပံ့လျှုဒါန်းသူအဖြစ် ၂၀၀၅ ခုနှစ်ကတည်းက လှုပ်ရှားခဲ့တယ်။ နိုင်ငံတဝှမ်း လူငယ်အိုးအိမ်မဲ့အဆုံးသတ်ရေး လုပ်ဆောင်ချက်တွေမှာ အမြဲလှုံဆော်အားပေးခဲ့သူပါ။ Centerpoint ရဲ့ ရည်မှန်းချက်ကတော့ အိုးအိမ်မဲ့ လူငယ် ၈၀၀၀၀ ရဲ့ ဘဝအခြေအနေတိုးတက်တောက်ပလာစေဖို့ မိသားစုကိုအထောက်အပံ့ပေးခြင်း၊ အဆောက်အဦ နဲ့ အလုပ်အကိုင်ရှာဖွေပေးခြင်းစတာတွေ ဆောင်ရွက်နေပါတယ်။ ဘာမင်ဂန်မြို့တောင်ကောင်စီမှာ အသက် ၁၆ ကနေ ၂၅ အတွင်း လူငယ် ၄၅၀၀ ခန့် အိုးအိမ်မဲ့နေကြတယ်။ “ဘယ်လိုလူငယ်လေးပဲဖြစ်ဖြစ် သေရေးရှင်ရေးတမျှ ခက်ခဲကျပ်တည်းနေတဲ့ စီးပွားရေးအခြေအနေ၊ ပြဿနာတွေပြည့်နေတဲ့မိသားစုမှာ မွေးဖွားလာဖို့ တောင်းဆိုကြမှာမဟုတ်ဘူး။ ဘယ်လိုလူငယ်လေးတစ်ဦးတစ်ယောက်ကမှ မျှော်လင့်ချက်မဲ့ရလာဒ်ပဲရှိလာမယ့် လမ်းမပေါ် ထွက်လာချင်ကြမှာဟုတ်ဘူး။ လမ်းမပေါ်မှာ ရုန်းမထွက်နိုင်တဲ့အခြေအနေမျိုးပဲ မျှော်လင့်ချက်မဲ့စွာလည်ပတ်နေမယ်။ အဲဒါ သူတို့သိကြပါတယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း၊ အုပ်စုတွေရဲ့ သင်္ကေတဆိုတာ အကူအညီလိုအပ်တဲ့နေရာကို အားလုံးစုပေါင်းပြီးဖြည့်ဆည်းပေးဖို့ပါ။ သူတို့ဒီလိုအခြေအနေမျိုးနဲ့ ရှင်သန်နေရတယ်ဆိုရင်တောင် လူတစ်ယောက်စီတိုင်းရဲ့ ဘဝတွေဟာ တိုင်းတာပြလို့မရလောက်အောင် တန်ဘိုးကြီးမားပါတယ်” လို့ ဝီလျမ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို နောက်ထပ်တစ်ခါ သီချင်းမဆိုတော့ပါဘူး လို့လည်း ရယ်ရယ်မောမောဆိုခဲ့တယ်။
ဖြိုးဖြိုး
(Yati Magazine, January, 2014)
No comments:
Post a Comment