Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 07, 2015

ဟိုသတင်း ဒီသတင်း

ခရီးသွားသတင်းများ

ရနံ့ မွှေးမွှေး လေဆိပ်ဆိုတာ
ကွာဝေးလှတဲ့ခရီးရှည်သွားရတဲ့အခါ  ညီးစော်နံမယ်၊ အနံ့တွေစုပြုံလာတဲ့အခါ ခရီးသွားတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြမယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်ကနေ အပြင်ဘက်ခြေလှမ်းလိုက်တာနဲ့ သင်းပျံ့တဲ့ရနံ့ရနေမယ်ဆိုရင်တော့ ညီးစော်နံနေတာတွေ လျှော့သွားဖို့ တစ်နည်းနည်းနဲ့ အကူအညီပေးနိုင်မှာပါပဲ။ အားလပ်ရက်ခရီးတွေလှည့်လည်သွားလာခဲ့ပြီး အိမ်ပြန်ချိန်ထိတိုင် အကောင်းဆုံးအမှတ်တရတွေကိုဆောင်ယူသွားဖို့ သင်းရနံ့တွေက ဖန်တီးပေးနိုင်တာ သိသာထင်ရှားလှတယ်တဲ့။ အဲဒီစိတ်ကူးမျိုးနဲ့ပဲ ယူကေက ဟိသရိုးလေဆိပ်မှာ “ရနံ့မွှေးကမ္ဘာလုံး” ကို တပ်ဆင်ထားလိုက်ပါပြီ။

ခရီးထွက်ခွာကြမယ့် ခရီးသည်တွေသွားလိုရာအရပ်ဆီထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့အချိန် မှာ စွဲမက်နှစ်သက်ဖွယ်ကောင်းလှတဲ့ ရနံ့တွေကို အဲဒီ ကမ္ဘာလုံးပုံစံလေးထဲက လွှင့်ထုတ်ပေးနေမှာပါ။ အဲဒီကမ္ဘာလုံးထားရှိတဲ့နေရာက Terminal 2 မှာဖြစ်ပြီး အဲဒီ နေရာကနေ နိုင်ငံ ၅ နိုင်ငံ ဘရာဇီး၊ တရုတ်၊ ဂျပန်၊ တောင်အာဖရိက နဲ့ ထိုင်းနိုင်ငံဆီ ထွက်ခွာမယ့်ခရီးသည်တွေ ဖြတ်သန်းသွားလာကြတယ်။ "အသစ်ဖန်တီးထားတဲ့သင်းရနံ့ကို Terminal 2 ကို ဖြတ်သန်းသွားမယ့် ခရီးသည်တွေခံစားသယ်ယူသွားနိုင်ကြမယ်" လို့ လေဆိပ် အမှုဆောင်အရာရှိ နော်မန်ဘိုအီဗင်က ပြောပါတယ်။ အဲဒီနိုင်ငံတွေ ဘယ်လိုရနံ့မျိုးကို ကြိုက်နှစ်သက်နိုင်မလဲ။ သူတို့နှစ်သက်နိုင်မယ့် ရနံ့တွေ ရောနှောပေါင်းစပ်ဖန်တီးကြဖို့ ဟိသရိုးရနံ့မွှေးကမ္ဘာလုံးနောက်ကွယ်က ရနံ့ဒီဇိုင်းအဖွဲ့က စဉ်းစားကြပါတယ်။ တောင်အာဖရိကရဲ့ ရနံ့ဆိုရင် ဆာဖာရီခရီးကြမ်းနှင်တဲ့အရသာမျိုးရရှိနိုင်အောင် ပန်းပေါင်းရနံ့၊ မြက်ကြမ်းတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေဆီက ဖြတ်သန်းလွင့်မျောလာတဲ့ အနံ့မျိုးနဲ့ အာဖရိကမှာတွေ့ရတဲ့ rock hyrax ကြွက်ကတိုးနံ့မျိုးတွေပေါင်းစပ်ဖန်တီးရပါလိမ့်မယ်။ ဘရာဇီးကတော့ မိုးများတဲ့ရပ်ဝန်းဒေသက  ဒေသခံအကောင်လေးတွေရဲ့ အနံ့၊ ကော်ဖီ၊ ဆေးရွက်ကြီးနဲ့ စံပယ်ရနံ့တွေကို ပွေ့ဖက်နှစ်သက်ကြမှာပါ။ ဂျပန်နိုင်ငံဆိုရင် အေးမြမြ သမုဒ္ဒရာရေပြင်ကျယ်အနီးတိမ်းညွတ်ဖြန့်ကျက်နေတဲ့ ပင်လယ်ကျောက်ပွင့်တွေ၊ ခရုခွံတွေဆီက ထုတ်ယူထားတဲ့ ရနံ့ရယ်၊ လဘက်စိမ်းနဲ့ ပယင်း၊ ပြီးတော့  ကျယ်ပြောလှတဲ့ပစိဖိတ်ကျွန်း ကမ်းရိုးတန်းရွာငယ်လေးတွေအနီးအနားရနံ့တွေဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးကျွမ်းဝင်နေတဲ့ ရနံ့တွေပါ။ တရုတ်နိုင်ငံအတွက် ထူးခြားနက်နဲတဲ့ဘုရားကျောင်းတွေမှာရနိုင်တဲ့အမွှေးနံ့သာ ရနံ့တွေ၊ ပင်လုံးကြိုင်ပန်းပင်ရနံ့တွေကို အထူးပြုဖန်တီးနိုင်ပြီး ထိုင်းနိုင်ငံအတွက်ဆိုရင်တော့ ခံတွင်းမြိန်စေတဲ့ စပါလင်၊ ဂျင်း နဲ့ အုန်းသီး အရောအနှောအနံ့မျိုးတွေပါ လို့ ရနံ့ဒီဇိုင်းအဖွဲ့က လေ့လာထားကြတယ်။

ကမ္ဘာ့အရှည်ဆုံး ပိုးလမ်းမ ရထားလမ်းသစ်
တရုတ်နိုင်ငံဟာ အကောင်းဆုံး အသာလွန်ဆုံးတွေကို လုပ်ဆောင်တတ်သူလို့ လူသိများလှတယ်။ အခုနောက်ထပ်ဖြည့်နိုင်သေးတာက မာရသွန်ရထားခရီးလမ်းတွေပါ။ အဲဒီခရီးစဉ်တွေဟာ ပြိုင်ဘက်ကင်းလောက်အောင် အောင်မြင်မှုတွေရရှိနေတယ်လို့ ဆိုတယ်။ Yixin'ou လို့ အမည်ပေးထားတဲ့ ကုန်တင်ရထားကြီးတစ်စင်းရဲ့ ခရီးစဉ် ဒီဇင်ဘာ ၉ ရက်နေ့က စတင်ပြီးစီးခဲ့ပါတယ်။ နိုင်ငံ ၈ နိုင်ငံကို ကွေ့ကွေ့ကောက်ကောက်ဖြတ်သန်းသွားမှာဖြစ်ပြီး ခရီးစဉ်က ၂၁ ရက်ကြာမြင့်ပါတယ်။ ကမ္ဘာ့အရှည်ဆုံးဆက်တိုက်ရထားခရီးလမ်းအဖြစ် အမည်တွင်သွားခဲ့တာပါ။ နိုဝင်ဘာ ၁၈ ရက်နေ့မှာ တရုတ်နိုင်ငံ အရှေ့ပိုင်း ရီဝူ မြို့တော်ကနေ ခရီးစဉ်စတင်ခဲ့ပြီး ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်၊ ဂျာမနီ နဲ့ ပြင်သစ်နိုင်ငံတွေကို ဖြတ်သန်းကာ စပိန်နိုင်ငံမြို့တော် မက်ဒရစ်ဒ် မှာ ခရီးစဉ်ပြီးဆုံးပါတယ်။ ကွန်တိန်နာ ၃၀ လုံးပါရှိပြီး ကလေးကစားစရာ၊ စာရေးကိရိယာ နဲ့ တခြားအမျိုးအစားတွေအပြည့် သယ်ဆောင်သွားတယ်။ အပြန်ခရီးမှာတော့ စပိန်ရဲ့ ထုတ်ကုန်တွေ၊ ဝိုင်၊ သံလွင်ဆီ နဲ့ ဝက်ပေါင်ခြောက်ကျပ်တိုက်ကင်တွေပြန်လည် သယ်ဆောင်လာပါလိမ့်မယ်။ စပိန်တို့မျှော်လင့်တာက သူတို့ရဲ့ ထုတ်ကုန်တံဆိပ်တွေ တရုတ်နိုင်ငံမှာ ချဲ့ထွင်နိုင်ဖို့ ပါ။ စပိန်ပြည်သူ့လုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်နာပက်စတာက အဲဒီခရီးကို "ရထားလုပ်ငန်းအတွက် အဓိကအရေးပါတဲ့မှတ်တိုင်တစ်ခု" လို့ သတ်မှတ်ခဲ့တယ်။ တရုတ်နိုင်ငံနဲ့ စပိန်နိုင်ငံ နှစ်နိုင်ငံထုတ်ကုန်ဖြန့်ကျက်ပို့ဆောင်ရေးအတွက် ပုံမှန်လုပ်ငန်းတစ်ခုလို လည်ပတ်နိုင်ဖို့ စမ်းသပ်ခဲ့ကြတဲ့ခရီးပါ။ မက်ဒရစ်ဒ် မြို့တော်ဝန် အန်နာဘိုတယ်လာစာရာနိုက "၂၁ ရာစုရဲ့ ပိုးလမ်းမ" လို့ အမည်ပေးလိုက်တယ်။ တရုတ်နိုင်ငံနဲ့ ဂျာမနီနိုင်ငံက မြို့တွေဖြစ်တဲ့ Chongqing ကနေ Duisburg၊ Beijing ကနေ Hamburg ခရီးစဉ်အတွက် ပုံမှန် ရထားပို့ဆောင်ရေးရှိနှင့်နေပြီးသားပါ။

မြစ်ထဲက ထူးခြားဆန်းကြယ်လှတဲ့ ရေခဲ Pancake တွေ
မဲလ်ဂစ်ဆန်ရိုက်ကူး/ သရုပ်ဆောင်ခဲ့တဲ့ Braveheart ရုပ်ရှင်နဲ့ Loch Ness ရေအိုင်ကြီးနဲ့အတူ ဒဏ္ဍာရီထဲက လည်ပင်းရှည်သတ္တဝါကြီး ထူးခြားဆန်းကြယ်မှုတွေရှိနေတဲ့ စကော့တစ်ရှ်ဒေသမြစ်ထဲမှာ ထူးခြားတဲ့ pancake ပုံသဏ္ဍန် ရေခဲချပ်ပြားတွေတွေ့ရှိခဲ့ကြတယ်။ အဲဒီထူးထူးဆန်းဆန်း အေးခဲနေတဲ့ ပန်းကန်ပြားပုံစံတွေကို ကမ်းရိုးတန်းမြို့တော် အက်ဘာဒီးန်ရှိရာ အရှေ့ပိုင်းဒေသတွေမရောက်ခင် ဗြိတိသျှဘုရင်မကြီးနွေရာသီစံအိမ်၊ ဘဲလ်မိုရဲလ်ရဲတိုက်တွေဖြတ်သန်းလာတဲ့ ရေလမ်းကြောင်း River Dee အနီးအနားမှာ တွေ့ခဲ့ကြရတာပါ။ River Dee Trust အဖွဲ့ ဇီဝဗေဒပညာရှင် ဂျေမီအာခါ က ဘယ်လ်မိုရဲလ်က Lummels ရေအိုင်ကနေ ဘဲလ်မိုရလ်ရဲတိုက်အထိ ရေစုန်မိုင်ပေါင်းမျာစွာအထိ ဓာတ်ပုံရိုက်ကူးထားကာ စူးစမ်းရှာဖွေမှုပြုလုပ်ခဲ့တယ်။ အစပိုင်းမှာတော့ pancake ပုံစံတွေဖြစ်ပွားခဲ့သလဲမသေချာခဲ့ပေမယ့်၊ ဝေ့လည်လှည့်နေတဲ့ဝဲကတော့တစ်ခုထဲမှာ ရေခဲတွေဗလုံစီပေါ်ထွက်စေတဲ့ ရှားပါးတဲ့ဖြစ်စဉ်ကြောင့်ဖြစ်ပွားခဲ့ရတယ်လို့ အဲဒီအဖွဲ့ကပြောပါတယ်။ "မအေးခဲသွားသေးတဲ့ရေမြုပ်ဗလုံစီအပိုင်းအစလေတွေဟာ တစ်ခုစီရိုက်ခတ်ပြီး ချပ်ပြားဝိုင်းတစ်ခုစီကြီးထွားလာတယ်။ အဲဒီနေရာတွေမှာ တွယ်ကပ်ပြီးအေးခဲကုန်တာကြောင့်ဖြစ်ရတယ်" လို့ အဖွဲ့ရဲ့ website မှာရေးထားပါတယ်။ ကြည်လင်တဲ့ကောင်းကင်အခြေအနေကြောင့်လေထဲအပူချိန်ဟာ ညပိုင်းမှာ ပိုပြီးအေးတယ်။ ဒါပေမဲ့ နေဘက်မှာ ပိုနွေးသွားတယ်။ အဓိပါယ်ကတော့ ချပ်ပြားဝိုင်းလေးတွေဟာ ညပိုင်းဟာကြီးလာကြတယ်။ နေ့ပိုင်းမှာတော့ နေရောင်ကြောင့် အဝိုင်းလေးတွေပျော့ပြောင်းလာပြီး တွန်းတိုက်မိကာ ကွဲပွားသွားကြတယ်။ နောက်တစ်နေ့ညမှာ ပိုပြီးကြီးမားတဲ့ အနားသတ်အဝန်းအဝိုင်းလိုင်းတွေပေါ်လာပြီး ရေခဲ pancake လေးတွေပေါ်လာခဲ့တယ်။ အန္တာတိက ဒါမှမဟုတ် ဘဲလ်တစ်ပင်လယ်မှာသာ တွေ့မြင်ရလေ့ရှိတဲ့ pancake တွေ River Dee မှာ တွေ့မြင်ခဲ့ရတာဟာ ပထမဆုံးအကြိမ်ပါ။ ထူးခြားဆန်းကြယ်တဲ့ ရေခဲ pancake လေးတွေကြောင့် စကော့်တစ်ရှ်မြစ် River Dee တစ်ဝိုက် လေ့လာကြည့်ရှုသူများပြားခဲ့ကြပါတယ်။

မှန်သားလျှောက်လမ်းမှာ ထိထ်လန့်စရာ
လန်ဒန် Tower Bridge ရဲ့ မှန်လျှောက်လမ်းပေါ်ကနေ မြင်ရတဲ့မြင်ကွင်းဟာ ထိတ်လန့်စရာကောင်းသလောက် နည်းနည်းအသည်းထိတ်စရာအဖြစ်အပျက်လည်း ဖြစ်သွားခဲ့ပါတယ်။ Tower Bridge မှာ အသစ်ဖွင့်လှစ်ခဲ့တဲ့ မှန်လျှောက်လမ်းဟာ သိမ်းမြစ်အထက် ၁၃၈ ပေအမြင့်ကနေ တိုးလျှိုပေါက်မြင်တွေ့ရတဲ့မြင်ကွင်းကြောင့်ပဲ ပူပန်ကြောင့်ကြစရာဖြစ်နေခဲ့ပြီးသားပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ လျှောက်လမ်းပေါ်က လူတစ်ဦးဟာ ဘီယာပုလင်း လွတ်ကျခဲ့တဲ့အခါ မှန်ဟာ ကွဲထွက်သွားခဲ့တယ်။ သတင်းကောင်းကတော့ ခရီးသွားဧည့်သည်တွေအတွက် အန္တရာယ်တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ပါဘူး။ အဲဒီကျိုးပဲ့ကွဲရှမှုဟာ မှန်ရဲ့ခံနိုင်ရည်ကို ပိုပြီးသိရအောင် စတေးလိုက်ရုံလောက်လေးပဲ ဖြစ်ခဲ့တယ်လို့ Tower Bridge တာဝန်ရှိသူတွေက ပြောပါတယ်။  မတော်တဆမှုအပြီး နှစ်ရက်အကြာမှာ ခရီးသွားတွေစိတ်ဝင်စားလှတဲ့ မှန်လျှောက်လမ်းကို ပုံမှန်အတိုင်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မှန်ကွဲသွားတဲ့အချိန်မှာမျက်မြင်တွေ့ခဲ့သူ ပီတာဂေါ်ဒန်က twitter မှာရေးခဲ့တာက အဲဒီအချိန်မှာ အသွားချွန်ချွတ်ရှုးဖိနပ်စီးသူတစ်ယောက် ဖြတ်လျှောက်သွားတဲ့အခါ မှန်သားဟာပိုပြီး ဆိုးဆိုးဝါးဝါးကွဲသွားခဲ့တယ်တဲ့။ Tower Bridge ရဲ့ West Walkway လျှောက်လမ်းမှာ မှန်တစ်လွှာဟာ ဘီယာပုလင်းလွတ်တစ်လုံးလွတ်ကျပြီးကွဲသွားပေမယ့် ချက်ချင်းပဲ အဲဒီအထပ်မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဧည့်သည်တွေကို မှန်ကွဲစတွေမထိခိုက်အောင် ကာကွယ်နိုင်ခဲ့တယ်။ အဲဒီနေ့ မနက်ခင်းမှာပဲ ပြင်ဆင်နိုင်ခဲ့တယ်။ ပိုပြီးထူတဲ့ အလွှာ ၄ လွှာ မှန်ချပ်ကို ၂၄ နာရီအတွင်းအစားထိုးတပ်ဆင်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေကို လန်ဒန်ရဲ့ အထင်ကရ Tower Bridge က ဆက်လက်ကြိုဆိုနေဆဲပါ လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်။ အီဖယ်မျှော်စင်ရဲ့ မှန်ချပ်အလွှာကို အောက်တိုဘာလမှာဖွင့်လှစ်ခဲ့ကြတယ်။ ချီကာဂိုမြို့ Willis Tower ရဲ့ ၉၉ ထပ်မှာ အသည်းထိတ်စဖွယ်မြင်တွေ့ရတဲ့ မှန်ချပ်တွေနဲ့ အထပ်ကိုတည်ဆောက်ထားပါတယ်။ Grand Canyon မှာလည်း ၁၄၅၀ မီတာအမြင့်မှာ မှန်သားကောင်းကင်လျှောက်လမ်းတည်ဆောက်ဖွင့်လှစ်ထားပြီး ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နေကြပါတယ်။ Tower Bridge ရဲ့ အနောက်ဘက်ပိုင်းမှာ ပထမတည်ဆောက်မှုအဖြစ် မှန်သားအထပ်ကို ၁၉၈၀  ကတည်းက ဖွင့်လှစ်ထားခဲ့တာပါ။ အရှေ့ဘက်ပိုင်းက ဒုတိယမှန်သားလျှောက်လမ်းကိုတော့ ဒီဇင်ဘာ ၁ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ 
Source : CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, February, 2015)

1 comment:

Lorem Ipsum said...

မှန်ပေါ်လျှောက်ရမှာမကြောက်ဘူး :P