Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 29, 2016

မမြင်မတွေ့နိုင်တော့တဲ့ ထူးခြားအံ့သြဖွယ်ရာတွေ

နယူးဇီလန်သားတစ်ဦးကို ၁၈၈၆ ဇွန်လ ၁၀ရက်နေ့တုန်းက ဘာတွေဖြစ်ပျက်ခဲ့သလဲလို့ မေးမြန်းကြည့်ရရင် သူတို့ပြောပြပါလိမ့်မယ်။ ဂြိုဟ်ကမ္ဘာကြီးမှာ အံ့သြဖွယ်ရာ ၈ ခုတောင် ပျောက်ဆုံးသွားခဲ့တယ်လို့ပေါ့။ နယူးဇီလန်နိုင်ငံမြောက်ပိုင်း Rotomahana ရေကန်မှာရှိနေခဲ့တဲ့ ပန်းရောင်နဲ့ အဖြူရောင်လှေကားထစ်တွေဟာ ၁၈၈၆ ဇွန်လ ၁၀ ရက်နေ့ Tarawera မီးတောင်မပေါက်ကွဲခင်တုန်းက ကမ္ဘာ့အကြီးဆုံး ဆီလီကွန်ဒြပ်ပေါင်းမျှော်စင်အထပ်အလွှာတွေဖြစ်ပြီး တောင်ပစိဖိတ်နဲ့ အကြီးမားဆုံး ၁၉ ရာစုဆွဲဆောင်မှုအရှိဆုံးနေရာဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုမှာပဲ ကမ္ဘာ့အံ့သြဖွယ်ရာအသစ်တစ်ခုလည်း ပေါ်ပေါက်ခဲ့သေးတယ်။ ဝိုင်မန်ဂူရေပူစမ်းဟာ အနက်ရောင်ရွံ့နဲ့ သဲတွေရောပါနေပြီး ကောင်းကင်ဆီ ပေပေါင်း ၁၅၀၀ ခန့်(၄၆၀မီတာ)အထိ တိုးထွက်ခဲ့တော့ ကမ္ဘာကြီးကမြင်ခဲ့ဖူးသမျှ စွမ်းအားကြီးလှတဲ့ရေပူစမ်းတွေထဲမှာ စွမ်းအားအကြီးဆုံးတစ်ခုဖြစ်သွားခဲ့တယ်။
အဲဒီဆွဲဆောင်မှုအသစ်ကြောင့် ကမ္ဘာအနှံ့ကစိတ်ဝင်တစားရှိသူတွေ နယူးဇီလန်ရဲ့ မြောက်ပိုင်းမီးတောင်ကျွန်းဆီ လျှံကျလာခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၀၄ အလယ်ပိုင်းလောက်မှာ တိုးထွက်နေတဲ့ရေပူစမ်းဟာ ငြိမ်သက်ငုပ်လျှိုးသွားခဲ့တယ်။ တဖြည်းဖြည်းနိမ့်ကျ အားလျော့နည်းသွားခဲ့ပြီး ၁၉၀၄ နိုဝင်ဘာ ၁ ရက်နေ့မှာတော့ လုံးဝရပ်တန့်သွားခဲ့ပါတယ်။ ပန်းရောင်နဲ့ အဖြူရောင်လှေကားထစ်တွေနဲ့ ဝိုင်မန်ဂူရေပူစမ်းဟာ ထာဝရပျောက်ကွယ်သွားခဲ့တာဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က ကမ္ဘာလှည့်ခရီးသွားတွေ မှတ်မှတ်ရရမှတ်တမ်းတင်ခဲ့ကြတယ်။ အခုတော့ သမိုင်းစာအုပ်ရဲ့စာမျက်နှာတွေပေါ်က ဆွဲဆောင်မှုရှိတဲ့နေရာအဖြစ်ပဲ ထင်ကျန်ခဲ့ရပါတယ်။ နောက်ထပ် ပျောက်ကွယ်သွားခဲ့တဲ့ ကမ္ဘာ့နေရာတွေကို လိုက်ကြည့်ရအောင်နော်။

1. Original Pennsylvania Station (New York)
လက်ရှိ Penn Station ဟာ ဆွဲဆောင်မှုမရှိတော့တဲ့ ရှုပ်ရှုပ်ထွေးထွေး မျက်နှာကြက်နိမ့်နိမ့်စင်္ကြသွားလမ်း မြေအောက်လိုဏ်တစ်ခုဖြစ်နေမှာပဲ။ ဒါပေမဲ့ နယူးယောက်ရဲ့ ပထမဆုံး Penn Station ဟာ အဆင်အပြောက်အမွှမ်းများများတန်ဆာဆင်ကြတဲ့ ၁၉ရာစု Beaux Arts စတိုင်လ်အပြည့်နဲ့ ခမ်းနားထည်ဝါခဲ့ပါတယ်။ မူလအမိုးခုံးအသွင်အပြင်ဟာ မုခ်အခုံးတွေ မားမားစွင့်စွင့်မြင့်ခဲ့ပြီး ကြည့်ကောင်းလှတဲ့တိုင်လုံးတွေဟာ နှစ်စဉ်ဘူတာထဲဖြတ်သန်းသွားလာကြတဲ့ ခရီးသည်ပေါင်း သန်း ၁၀၀ ကျော်ခန့်ကို ကြွကြွရွရွကြိုဆိုနိုင်ခဲ့တယ်။ ၁၉၄၀ ခုနှစ်အလယ်ပိုင်းနှစ်တွေဟာ ဘူတာရဲ့ ရွှေရောင်ခေတ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ၁၉၅၀ နောက်ပိုင်းနှစ်တွေမှာ တာဘိုင်းအင်ဂျင်လေကြောင်းလိုင်းတွေပေါ်လာတဲ့ Jet Age ခေတ်အစပိုင်းနဲ့ ပြည်နယ်အချင်းချင်းဆက်သွယ်တဲ့ အဝေးပြေးစနစ်လည်းပေါ်လာတော့ ခရီးသွားအရေအတွက် ထိခိုက်ကျဆုံးမှုတွေရှိလာတယ်။ Penn ပလာဇာနဲ့ Madison Square ပန်းခြံတို့ကို ၁၉၆၂ ခုနှစ်မှာစတင်ကြေညာဖွင့်လှစ်ခဲ့တယ်။ နောက်ထပ် တစ်နှစ်ကြာပြီးတော့ မူလ Penn Station ရှိတဲ့မြေအောက်လိုဏ်ကိုပိတ်သိမ်းလိုက်ပြီး မြေတိုက်ခန်းခပ်သေးသေးအဆောက်အအုံတစ်ခုအဖြစ် ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၃ခုနှစ်က Penn Station ပြိုပျက်သွားတာဟာ အငြင်းပွားစရာမရှိခဲ့တာတော့မဟုတ်ပါဘူး။ ရောမခေတ်ကြော့ကြော့မော့မော့လက်ရာ အကြီးမားဆုံး၊ အဆင့်အမြင့်ဆုံးအထင်ကရအဆောက်အဦတွေထဲက တစ်ခုကိုဆန့်ကျင်ပြီး အထိမ်းအမှတ်လက်ရာကိုဖျက်ဆီးပစ်လိုက်ဖို့ နိုင်ငံက ဘယ်လိုခွင့်ပြုပေးခဲ့သလဲလို့ နယူးယောက်တိုင်းမ်စ်သတင်းစာက မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီအရေးကိစ္စတစ်ခုလုံးဟာ ယူနိုက်တက်စတိတ်မှာ မော်ဒန်သမိုင်းရွေ့လျားမှုအတွက် အပြောင်းအလဲလို့ပဲ ညွှန်းဆိုကြတယ်။ Penn Station ဖြိုချခဲ့ပြီး ဆယ်စုနှစ်အတွင်း Grand Central Terminal ကိုတော့ နယူးယောက်စီးတီးရဲ့ အထိမ်းအမှတ်အဆောက်အဦ ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအရ ကာကွယ်ထားနိုင်ခဲ့ပါတယ်။

2. Guaíra Falls (Paraguay, Brazil)
Guaira ရေတံခွန်ဟာ စက္ကန့်တိုင်းမှာ ရေကုဗပေ ၁၇၅၀၀၀၀ ဖြတ်သန်းနေတာကြောင့် ကမ္ဘာမှာ အားအကောင်းဆုံးရေတံခွန်တစ်ခုတစ်ခုအဖြစ် မဆိုင်းမတွသတ်မှတ်ခဲ့ကြတယ်။ အဲဒီပမာဏဟာ နိုင်ရာဂရာရေတံခွန်စီးဆင်းနှုန်းထက် ၂ ဆနဲ့ ဗစ်တိုးရီးယားရေတံခွန်စီးဆင်းနှုန်းရဲ့ ၁၂ ကြိမ်ပိုများတဲ့နှုန်းပါ။ ဆယ်စုနှစ်သုံးခုစာကြာပြီးတဲ့အခါ ကမ္ဘာ့အကြီးမားဆုံးရေတံခွန်တွေထဲက တစ်ခုဟာ ထုထည်ကြီးမားလှတဲ့ရေအားလျှပ်စစ်စီမံကိန်းတစ်ခုအတွက် တည်ဆောက်မှုမှာ နစ်မြုပ်ပျက်သုဉ်းသွားခဲ့ပါတယ်။ အဲဒီ Itaipu ဆည်အောက်ကြမ်းပြင်မှာရှိခဲ့တယ်ဆိုတာ သဲလွန်စကျန်ရှိနေသေးတာကပဲ ကံကောင်းတယ်လို့ ပြောရတော့မှာပါ။ အဲဒီသဘာဝတရားအတိုင်းပေါ်ထွက်ခဲ့တဲ့ ထူးခြားအံ့သြဖွယ်ရာကို ၁၉၈၂မှာ ဆုံးရှုံးခဲ့ရတယ်။ ဘရာဇီး-ပါရာဂွေးနယ်စပ်က ပရာနာမြစ်အထက်ပိုင်ဟာ တစ်ချိန်ကတော့ ပြည်တွင်းနဲ့ နိုင်ငံတကာခရီးသည်တွေကို မက်လုံးပေးဆွဲဆောင်နိုင်ခဲ့တဲ့ပါတယ်။ ရေတံခွန်မှာ စုစုပေါင်း ရေတံခွန်ငယ်လေးတွေ ၁၇ ခု ပါဝင်ပြီး ၃၇၅ပေခန့်အမြင့်ရေကျဆင်းတယ်။ အင်မတန်ကျယ်လောင်လှတဲ့ရေတံခွန်ကြီးရဲ့ အော်သံဟာ မိုင် ၂၀ ကနေတောင်ကြားနေခဲ့ရပါတယ်တဲ့။

3. Original Shakespeare's Globe (London)
ပြီးခဲ့တဲ့ ၅ ရာစုကျော်လောက်က လန်ဒန်မြို့၊ သိမ်းစ်မြစ်ရဲ့ကမ်းခြေတွေမှာ Globe ပြဇာတ်ရုံ အနည်းဆုံး ၃ ရုံနဲ့ တင့်တယ်နေခဲ့တယ်။ ပထမဆုံး မူလ Globe ဟာ ဝီလျံမ်ရှိတ်စပီးယား ပြဇာတ်ကခဲ့တဲ့ Lord Chamberlain's Men ကုမ္ပဏီကနေ ၁၅၉၉ ခုနှစ်မှာတည်ဆောက်ခဲ့ပါတယ်။ ၁၆၁၃ ဇွန်လ ၂၉ ရက်နေ့ Henry VIII ရဲ့ ပြဇာတ်အတွင်းမီးသင့်စွဲလောင်ပြီး ပျက်စီးခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နှစ်ကြာခဲ့ပြီးတဲ့အခါ အဲဒီနေရာပဲ ဒုတိယ Globe Theatre ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ ပြဇာတ်ရုံကလည်း ၁၆၄၂ အလယ်ပိုင်းလောက်မှာ ကဇာတ်ဖျော်ဖြေရေးကို ဆန့်ကျင်တဲ့ အင်္ဂလိပ်ပြုပြင်ပြောင်းလဲရေးပရိုတက်စတင့်အုပ်စု Puritan တွေက သောင်းသောင်းညံညံကန့်ကွက်ကြတာကြောင့် ပိတ်ခဲ့ပါတယ်။ ပထမဆုံး Globe Theatre နဲ့ ဂန္တဝင်ပြဇာတ်တွေ ကမ္ဘာကို မိတ်ဆက်ခဲ့တဲ့ ပြဇာတ်ရုံကို ခေတ်မီပြန်လည်တည်ဆောက်ခဲ့ပြီး Shakespeare's Globe လို့အမည်ပေးထားခဲ့ပါတယ်။ အဲဒီပြဇာတ်ရုံကို ၁၉၉၇ မှာ မူလဇာတ်ရုံရဲ့ ခန့်မှန်းခြေအမြင့်နီးပါး ၇၅၀ ပေအမြင့်ပြဇာတ်ရုံအဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ကြတယ်။

4. Sutro Baths (San Francisco)
Sutro Baths ကို ၁၈၉၄ မှာ အများပြည်သူအတွက် ပထမဆုံးဖွင့်လှစ်ခဲ့တယ်။ ၃ ဧက အိမ်ရာအဆောက်အဦပုံစံ အဆင့် ၇ ဆင့် ရေကူးကန်(အပူချိန်အမျိုးမျိုး)ကို ကြီးမားလှတဲ့ မှန်ချပ်တွေနဲ့ကာရံထားပါတယ်။ ဒိုင်ဗင်ဘား၊ အမြင့်ဒိုင်ဗင်၊ ရေလွှာလျှောနဲ့ ကောင်းကင်ဘားတွေပါရှိတယ်။ အဆောက်အဦထဲမှာ တစ်ကြိမ်မှာ လူပေါင်း ၁၀၀၀၀ လက်ခံထားနိုင်ပြီး ရေပေါ်ရေအောက်ကစားနည်း ဆွဲဆောင်စရာတွေမဟုတ်တဲ့ တခြားစိတ်ဝင်စားစရာတွေလည်း အများကြီးရှိနေပါတယ်။ အီဂျစ်မံမီရုပ်အလောင်းတွေ ရှိတဲ့ သဘာဝသမိုင်းပြတိုက်၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံက ယဉ်ကျေးမှုသမိုင်းလက်ရာတွေ စုစည်းထားတဲ့ ပန်းပုပြခန်းတစ်ခန်းလည်းရှိနေတယ်။ ကျောက်သားကျောက်ဆောင်ထူတဲ့ ဆန်ဖရစ္စကိုကမ်းရိုးတန်းမှာ အခြေတည်ထားတဲ့ အဲဒီအဆောက်အဦကို တခြားကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှမရှိနိုင်တဲ့ ကစားကွင်းတစ်ခုအဖြစ် စဉ်းစားတည်ဆောက်ခဲ့ကြတာပါ။ အဆောက်အဦးအတွင်းလည်ပတ်ဖို့ မြင့်မားလှတဲ့အသုံးစရိတ်တွေ တိုးလာခဲ့တာနဲ့အမျှ ရေချိုးကန်တွေဟာ စီးပွားရေးအရ အောင်မြင်မှုမရှိတဲ့လုပ်ငန်းတစ်ခုဖြစ်နေခဲ့တယ်။ စီးပွားပျက်ကပ်ဘေး Great Depression အတောအတွင်းမှာ ပိုင်ရှင်တွေက ရေချိုးကန်ကို ရေခဲစကိတ်ကွင်း ပြောင်းလဲလိုက်ပါတယ်။ ၁၉၆၄ မှာတော့ အပြီးတိုင်ပိတ်လိုက်ကြတော့တယ်။ နောက်၂ နှစ်ကြာတဲ့အခါ မီးသင့်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့အပိုင်းကို Golden Gate National Recreation Area ရဲ့ အစိတ်အပိုင်းအဖြစ် ကာကွယ်ထိန်းသိမ်းခဲ့ကြတယ်။

5. Porcelain Tower of Nanjing (China)
The Garden of Paradise လို့ ခေါ်တဲ့ ၁၈၃၉ ခုနှစ်က နတ်သမီးပုံပြင်မှာ East Wind လို့ အမည်ပေးထားတဲ့ ဆယ်ကျော်သက်လေးဟာ အရှေ့ကနေ အိမ်ကိုပြန်လာခဲ့ပြီးတဲ့အချိန် မိခင်ကိုပြောပါတယ်။ "တရုတ်ပြည်က ကျွန်မပြန်လာခဲ့ပါတယ်။ Porcelain ကြွေမျှော်စင်မှာ တစ်ခဏလေး ကပြီး ခေါင်းလောင်းတွေကိုတီးခဲ့တာပေါ့" လို့ Hans Christian Andersen ရေးသားခဲ့ပါတယ်။ ဒတ်ခ်ျစာရေးဆရာရေးသားခဲ့တာ စိတ်ကူးယဉ်ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ချင်ဖြစ်မှာပါ။ ဒါပေမဲ့ ဝင်းလက်ရွှန်းလဲ့တဲ့ကြွေသားအချပ်အခဲတွေဟာ သူ့ရဲ့ စိတ်ကူးဖန်တီးမှုသက်သက်တော့ မဟုတ်ခဲ့ပါဘူး။ အလယ်ခေတ်ရဲ့ အံ့ဖွယ် ၇ ပါးထဲက တစ်ခုအဖြစ်သတ်မှတ်ထားထားတဲ့ Nanjing ရဲ့ ကြွေသားမျှော်စင်ကို မင်မင်းဆက်ရဲ့ တတိယဧကရာဇ်ဟာ ၁၅ ရာစုအစောပိုင်းမှာ တည်ဆောက်ခဲ့ပါတယ်။ ၉၇ ပေ အဌဂံပုံစံအခြေပြုပြီး ပေ ၂၆၀ အမြင့်ရှိခဲ့တယ်။ အဲဒီတောက်ပြောင်ချောမွတ်လှတဲ့ ကိုးထပ်ဆောင်ဘုရားဟာ Nanjing က ယန်ဇီမြစ်တောင်ဘက်ကမ်းပါးထက် မားမားစွင့်စွင့်မြင့်နေတဲ့ မျှော်စင်တစ်ခုအဖြစ်တည်ရှိခဲ့ပါတယ်။ ၁၈၅၀ ခုနှစ်တွေမှာဖြစ်ပွားခဲ့တဲ့ Taiping ပုန်ကန်မှုမှာ ဖျက်ဆီးမခံရခင် ၄ ရာစုကျော် ရပ်တည်နေနိုင်ခဲ့တာပါ။ ၂၀၁၀ ခုနှစ်ထိတိုင် မထိမခိုက် ကျန်ရှိနေခဲ့တဲ့ကြွေသားတွေကို အလယ်ခေတ်အထိမ်းအမှတ်အဖြစ် ပြန်လည်တည်ဆောက်ဖို့ စီးပွားရေးသမားတစ်ဦးက ဒေါ်လာ ၁၅၆ သန်းလှူဒါန်းခဲ့ပါတယ်။ (တရုတ်နိုင်ငံသမိုင်းမှာ ပမာဏအများဆုံးတစ်ဦးတည်းအလှူရှင်ဖြစ်ခဲ့တယ်။)

6. The New York Hippodrome
နယူးယောက်မြင်းပြိုင်ကွင်းဟာ ကမ္ဘာ့အကြီးဆုံးအဆောက်အဦဖြစ်ခဲ့ပြီး ၁၉၀၅ ခုနှစ်မှာ မန်ဟက်တန်မြို့လယ်မှာဖွင့်လှစ်ခဲ့ပါတယ်။ ပေ ၁၀၀အကျယ်နဲ့ ပေ၂၀၀ အကျယ် စင်မြင့်တွေရှိပြီး ပွဲကြည့်ပရိသတ် ၅၃၀၀ ကြည့်ရှုနိုင်ပါတယ်။ အဲဒီအချိန်တွေတုန်းက Harry Houdini နဲ့ the "Jumbo" ဂီတသရုပ်ဖော်ဖျော်ဖြေပွဲလို အကြီးကျယ်ဆုံးပွဲတွေနဲ့ ဆွဲဆောင်ခဲ့တဲ့ ဧရာမအဆောက်အဦကြီးအတွက် ဆန်ဖရစ္စကိုရဲ့ Sutro Baths လိုပဲ ထိန်းသိမ်းစောင့်ရှောက်ရမယ့်အသုံးစရိတ်တွေ တရိပ်ရိပ်ထိုးတက်လာခဲ့ပါတယ်။ မြင်းပြိုင်ကွင်းဖွင့်လှစ်ခဲ့ပြီး ၁၇ နှစ်ကြာတဲ့အခါ ပိုင်ရှင်တွေက ၈ရာစုနဲ့ ၁၆ရာစုအတွင်းခေတ်စားခဲ့တဲ့ စပိန် Moorish စတိုင်လ်အဆောက်အဦကို variety show ပြဇာတ်ရုံပုံစံပြောင်းလဲပြင်ဆင်ခဲ့တယ်။ ၅နှစ်ကြာပြီးတဲ့အခါ ရုပ်ရှင်ရုံဖြစ်လာခဲ့တယ်။ နောက်ပိုင်း အော်ပရာပြဇာတ်ရုံအဖြစ်နဲ့ နောက်ဆုံးမှာတော့ အားကစားခန်းမတစ်ခုအဖြစ်ပြောင်းလဲခဲ့ပါတယ်။ Great Depression ရဲ့ ရိုက်ခတ်မှုကြောင့်ပဲ နောက်ဆုံးတော့ ဒီအဆောက်အဦဟာ ထိတ်လန့်တုန်လှုပ်စရာကြုံခဲ့ရတော့တာပေါ့။ ဆက်လက်ရပ်တည်နိုင်စွမ်းမရှိတော့ဘဲ ၁၉၃၉ မှာတော့ သာမန်ရုံးခန်းအဆောက်အဦတစ်ခုနဲ့ ကားဂိုထောင်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ရတော့တယ်။

7. Chacaltaya Glacier (Bolivia)
Chacaltaya ရေခဲမြစ်ဟာ Andes တောင်တန်းတွေကြားမှာ ပေပေါင်း ၁၇၄၀၀ ရှည်လျားစွာတည်ရှိတယ်။ ဘိုလီးဗီးယားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်နေတဲ့ ထိပ်တန်းနေရာတွေထဲက တစ်ခုပါ။ ကမ္ဘာမြေကြီးရဲ့  အမြင့်ဆုံးနှင်းလျှောစီးအဖြစ် ကမ္ဘာတစ်ဝှမ်းက နှင်းလျှောစီးဝါသနာကြီးသူတွေ အင်မတန်နှစ်သက်တဲ့နေရာဖြစ်ခဲ့တယ်။ ကမ္ဘာကြီးနွေးလာတဲ့အခါ နှစ်ပေါင်း ၁၈၀၀၀ သက်တမ်းရှိနေခဲ့တဲ့အံ့သြဖွယ်ရာကြီစဟာ နှင်းလျှောစီးရေခဲအတုံးအခဲတွေဟာပျော်ကျလာခဲ့တော့ ဧည့်သည်တွေလည်း အရောက်မသွားနိုင်ကြတော့ဘူး။ တောင်အမေရိကမှာ ပထမဆုံးကြိုးနဲ့ဆွဲယူထားတဲ့ အမြင့်ဆုံးနှင်းလျှောစီးအိမ်အဖြစ် ကမ္ဘာမှာထင်ရှားခဲ့တယ်။ ဧဝရတ်တောင်ခြေစခန်းထက် ပိုပြီးမြင့်မားနေပါတယ်။ ၂၀၁၂ မှာ အကန့်အသတ်မရှိ ပိတ်သိမ်းဖို့မပြုလုပ်ခင်မှာ Chacaltaya ဟာ အီကွေတာနဲ့ အနီးဆုံး နှင်းလျှောစီးဧရိယာပါ။ ဒေသခံ Aymara ဘာသာစကားနဲ့ ရေခဲတံတားလို့ အဓိပ္ပါယ်ရပါတယ်။ ရေခဲမြစ်တွေအများကြီးထဲကတစ်ခုဖြစ်တဲ့ Chacaltaya ဟာ လုံးဝပျောက်ဆုံးသွားလုနီးပါးအခြေအနေရှိနေပါတယ်။

8. Disney's River Country and Discovery Island (Florida)
Walt Disney World ရဲ့ ပထမဆုံးရေကစားပန်းခြံ River Country ဟာ ဆယ်စုနှစ်တစ်စုစာ ဖလော်ရီဒါ Bay Lake ကမ်းခြေတွေမှာ ရွှင်မြူးတဲ့နေ့ရက်တွေဖန်တီးခဲ့ပါတယ်။ ယမ်းခါဆော့ကစားနိုင်တဲ့ဒန်းတွေ၊ ရေလွှာလျှောနဲ့ ရေထဲဆော့ကစားစီးနိုင်တဲ့ဖောင်တွေ ပြည့်နှက်နေခဲ့တဲ့ "စတိုင်ဟောင်းရေကူးကန်" တစ်ခုပါ။ ၂၀၀၁ မှာ နှစ်စဉ်ပြုလုပ်နေကြအတိုင်း ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ပြီးတဲ့နောက် ဘယ်တော့မှ ဖွင့်မလာခဲ့တော့ပါဘူး။ ပန်းခြံတာဝန်ရှိသူတွေကတော့ 9/11 အပြီးစီးပွားရေးကြောင့်နဲ့ Walt Disney World ရဲ့ ပန်းခြံအသစ်၂ခု Typhoon Lagoon နဲ့ Bizzard Beach ရဲ့အောင်မြင်မှုတွေကြောင့်လို့ ရည်ညွှန်းကြတယ်။ Bay Lake ဟာ တခြားပိတ်သိမ်းသွားခဲ့တဲ့ Disney ပန်းခြံ Discovery Island ရဲ့ အိမ်ဖြစ်ခဲ့ပါသေးတယ်။ ပျက်စီးခြင်းမရှိခဲ့ဘဲ စွန့်လွှတ်ခဲ့တဲ့ အဲဒီ တိရစ္ဆာန်ရုံပန်းခြံဟာ ၁၉၇၀ ခုနှစ်တွေမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့နေရာပါ။ ၁၉၉၉ မှာ ပိတ်ခဲ့ကြပါတယ်။ တိရစ္ဆာန်တွေအားလုံးကို အိမ်အသစ်ဖြစ်တဲ့ Disney ရဲ့ Animal Kingdom ကို ပြောင်းရွှေ့ခဲ့ကြတယ်။ Animal Kingdom ကို ၁၉၉၈က ဖွင့်လှစ်ခဲ့ပြီး ပိုပြီးကြီးမားတဲ့ တိရစ္ဆာန်ရုံဖြစ်ပါတယ်။ အဲဒီ River Country နဲ့ Discovery Island နှစ်ခုလုံးကို စူးစမ်းလေ့လာသူတွေဝင်ရောက်ခြင်းမရှိအောင် Disney ဝန်ထမ်းတွေက ဆက်လက်ပြီးစောင့်ကြည့်နေရဆဲပါ။

9. Royal Opera House of Valletta (Malta)
ပရိသတ်တွေရဲ့ မျက်ရည်ကျဆင်းစေခဲ့တဲ့ ပြဇာတ်ရုံတွေလိုပါပဲ Malta နိုင်ငံမြို့တော် Valletta က Royal Opera House ရဲ့ ဇာတ်ကြောင်းကလည်း ဝမ်းနည်းစရာပြည့်နေခဲ့ပါတယ်။ လန်ဒန် Covent Garden ရဲ့ ဗိသုကာပညာရှင် Edward Middleton Barry ရဲ့ ဒီဇိုင်းဖြစ်ပြီး ၁၈၆၀ ခုနှစ်တွေမှာ တည်ဆောက်ခဲ့တယ်။ အတွင်းပိုင်းမီးသင့်လောင်ကျွမ်းမှုမဖြစ်ခင် ၆ နှစ်ခန့် Malta ရဲ့ မြို့တော် သရဖူကရတနာတစ်ပါးဖြစ်ခဲ့တာပေါ့။ ၄နှစ်ခန့်ကြာပြီးတဲ့နောက် မီးတောက်တွေကြားလောင်ကျွမ်းသွားခဲ့တဲ့ပြဇာတ်ရုံကို တတ်နိုင်သလောက် ထိန်းသိမ်း ပြုပြင်ထားခဲ့ပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လေကြောင်းကကျဲချခဲ့တဲ့ဗုံးဆံတိုက်ရိုက်ထိမှန်ပြီး ပျက်စီး သွားခဲ့ပြန်တယ်။ ကျန်ရှိနေခဲ့တဲ့တိုင်လုံးတချို့ကို လေဟာပြင် Royal Piazza ပြဇာတ်ရုံရဲ့ နောက်ခံတိုင်လုံးတွေ အဖြစ် ထားရှိအသုံးပြုခဲ့ကြတယ်။

10. Jonah's Tomb (Iraq)
အီရတ်နိုင်ငံ Mosul မြို့က Jonah ရဲ့ ဂူသင်္ချိုင်းကို စစ်ပွဲအတွင်းဆုံးရှုံးသွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည်တွေဆွဲဆောင်ခဲ့တဲ့နေရာစာရင်းမှာ အသစ်ထပ်မံပေါင်းထည့်လိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားရဲ့ အစ္စလာမ်မစ်နိုင်ငံတော်တည်ဆောက်လိုတဲ့ စစ်သွေးကြွတွေ ဒါမှမဟုတ် ISIS တွေဟာ ၂၀၁၄ ဇူလိုင်လမှာ Mosul ရဲ့ အအိုမင်းဆုံး ဗလီတစ်ဝိုက် ပေါက်ကွဲစေတဲ့ပစ္စည်းတွေတည်ပြီးဖြိုခွဲခဲ့ပါတယ်။ အဲဒီနေရာဟာ Jonah တမန်တော်ရုပ်အလောင်းမြုပ်နှံထားရာနေရာအဖြစ် ရိုးရာဓလေ့ထုံးစံအရသတ်မှတ်ထားခဲ့ကြတယ်။ Jonah တမန်တော်ဟာ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာနှစ်ခုလုံးမှာ အရေးကြီးတဲ့တမန်တော်အဖြစ် Islamic နဲ့ Judeo-Chrisitan ထုံးထမ်းအစဉ်အလာအရသတ်မှတ်ထားကြတယ်။ Jonah ဟာ ဝေလငါးတစ်ကောင်းမျိုချခံခဲရတယ်လို့ ဖော်ပြကြတယ်။ Jonah ရဲ့ ဂူသင်္ချိုင်းဟာ ဘုရားဖူးတွေအတွက် ကျော်ကြားတဲ့နေရာဖြစ်ခဲ့ပါတယ်။ ISIS တွေက အစ္စလာမ်ဘာသာမှာပစ်ပယ်ရမယ့်ရိုးရာဓလေ့ထုံးစံထဲက ရုပ်ထုကိုးကွယ်မှုထွန်းကားနေတဲ့နေရာအဖြစ် သတ်မှတ်ပြီး ဖျက်ဆီးပစ်ခဲ့တာပါ။        ။
Source: The best tourist attractions that no longer exist | CNN

ဖြိုးဖြိုး 
(Living Fashion Magazine, July, 2016)

1 comment:

Aunty Tint said...

Thanks a lot Phyo ♥♥♥