Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 01, 2016

အောင်မြင်ကျော်ကြားသူတို့ သတင်းများ

ယူအက်စ်သမ္မတရဲ့ သမီး မာလီယာ ဟားဗာဒ်တက္ကသိုလ်တက်မယ်
သမ္မတ ဘားရက်အိုဘားမားရဲ့ သမီးကြီး Malia ဟာ သူမရဲ့ ပညာရေး တစ်နှစ်ခန့်ရပ်နားထားလိုက်ပြီး လာမယ့် ၂၀၁၇ မှာ ဟားဗတ်ဒ်တက္ကသိုလ်ကိုတက်ရောက်မယ်လို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် Malia ဟာ ဟားဗတ်ဒ်ဥပဒေကျောင်းမှာ တက်ရောက်ခဲ့တဲ့ မိဘတွေရဲ့ခြေလှမ်းအတိုင်း ပညာရေးကိုဆက်လှမ်းပါလိမ့်မယ်။ အဲဒီသတင်းကို Michelle Obama က ထုတ်ပြန်ခဲ့ပြီး အထက်တန်းအောင်မြင်ပြီးအနားယူမယ့်တစ်နှစ်မှာ Malia ဘာတွေသင်ယူလေ့လာမလဲ အတိအကျတော့မပါဝင်ခဲ့ဘူး။ ၂၀၁၇ ဆောင်းဦးမှာ Malia ရဲ့ ဟားဗတ်ဒ်တက္ကသိုလ်နေ့ရက်တွေစတင်ပြီး ၂၀၁၂ မှာ ဘွဲ့ရရှိမှာပါ။
Malia ဟာ အထက်တန်းကျောင်း အားကစားကလပ် Ivy League နဲ့ East Coast က Liberal Arts ကျောင်းတွေကို အကြိမ်များများ စိတ်ဝင်တစားသွားရောက်နေခဲ့တယ်လို့ New York Times သတင်းစာက ဖော်ပြပါတယ်။ သမ္မတ အိုဘားမားနဲ့ ဇနီးတို့ပြောတာက ဇန်နဝါရီမှာ သမ္မတတာဝန်ကထွက်ခွာခဲ့ရင်လည်း ဝါရှင်တန်မှာပဲ ဆက်နေသွားဖို့ရှိပါတယ်။ အဲဒါမှ သမီးငယ် Sasha သူမရဲ့အထက်တန်းပညာရေးဒီမှာပဲ ပြီးဆုံးနိုင်မယ်တဲ့။ "ကျွန်တော်တို့ဆုံးဖြတ်ချက်က တကယ်တော့နည်းနည်းအကျပ်ရိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အစဉ်အလာအရ သမ္မတတွေဟာ သူတို့အလုပ်ပြီးရင် ဒီအနီးအနားတစ်ဝိုက်တွယ်ကပ်မနေကြဘူး။ အဲဒီအတွက် ကျွန်တော် စိတ်ထဲခပ်လေးလေးနဲ့ တွေးနေမိတယ်" လို့ သမ္မတအိုဘားမားက ရယ်မောစရာပြောဆိုသွားခဲ့တယ်။

Purple Rain ပေါ့ပ်စတားရဲ့အင်္ကျီ လေလံတင်
ပြီးခဲ့တဲ့ဧပြီလ ၂၉ ရက်နေ့က မမျှော်လင့်ဘဲသေဆုံးခဲ့တဲ့ ပေါပ့်စတား Prince ရဲ့ ၁၉၈၄ ခုနှစ်ကရုပ်ရှင် Purple Rain ထဲမှာ ဝတ်ဆင်ခဲ့တဲ့ ဆိုင်ကယ်စီးအပေါ်ဝတ်အင်္ကျီကို လေလံတင်ရောင်းချပါလိမ့်မယ်လို့ ရောင်းချမယ့်ကုမ္ပဏီက ကြေညာခဲ့ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ Prince ဟာ မိန်းကလေး Apollonia နဲ့အတူ တောအုပ်ထဲကဖြတ်စီးရင်း ဝတ်ဆင်ခဲ့တဲ့ V လည်ပင်းပုံစံဂျာကင်အနက်ရောင်ပါ။ ကိုယ်ထည်မှာ အဖြူရောင်လိုင်းဖြတ်လေးတွေပါတဲ့ဒီဇိုင်းဖြစ်ပြီး တံတောင်ဆစ်အောက်ဘက်ဆီမှာ သားရေအနက်ရောင်လက်ရှည်အင်္ကျီကို Profiles in History လေလံပွဲမှာ ရောင်းချမှာပါ။ လေလံပွဲကို ကယ်လီဖိုးနီးယားပြည်နယ် Calabasas မှာ ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင် ၁ ရက်နေ့အထိပြုလုပ်ပါလိမ့်မယ်။ Prince မသေဆုံးခင် ရက်သတ္တခြောက်ပတ်လောက်ကတည်းက လေလံဂေဟာက ဒီအင်္ကျီကို လက်ခံရရှိခဲ့တယ်လို့ Profiles in History လေလံပွဲဆက်သွယ်ရေးတာဝန်ခံ Brian Chanes က ပြောပါတယ်။ အင်္ကျီကို ဒေါ်လာ ၆၀၀၀ ကနေ ဒေါ်လာ၈၀၀၀အတွင်း တန်ဘိုးသတ်မှတ်ထားပေမဲ့ ဇွန် ၂၉ ရက်နေ့ရောင်းချတဲ့အခါမှာတော့ ပိုများတဲ့ဈေး ဒေါ်လာ ၁၀၀၀၀၀ ကျော်ရရှိလာလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။ လေလံပွဲမှာ Britney Spears, Katy Perry နဲ့ Alicia Keys တို့ရဲ့ဝတ်စုံတွေလည်းပါဝင်ကြတယ်။ Michael Jackson ရဲ့ ၁၉၉၂ Dangerous Tour အတွင်းဝတ်ဆင်ခဲ့တဲ့ Swarovski ခရစ္စတယ်ကျောက်လေးတွေမြှုပ်သွင်းစီခြယ်ထားတဲ့ လက်အိတ်လည်း ပါဝင်တယ်။ Prince သေဆုံးသွားခဲ့တော့ Purple Rain ရုပ်ရှင်ကို စိတ်ဝင်စားမှုတွေ ပြန်ပြီးရှင်သန်လာကြတယ်။ ယူအက်စ်က ရုပ်ရှင်ရုံ ၁၅၀ ကျော်မှာ လက်တလောပြန်ပြီးပြသနေပါတယ်။ အဲဒီရုပ်ရှင်မှာ Prince ရဲ့ အကောင်းဆုံး soundtrack အဖြစ် အော်စကာဆုရရှိခဲ့တာပါ။ သူ့ရဲ့ နောက်ထပ်ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Under the Cherry Moon (၁၉၈၆) နဲ့ Graffiti Bridge (၁၉၉၀) တို့ရိုက်ကူးခဲ့ပြီး ပိတ်ကားထက်က Prince ဘဝ အဆုံးသတ်သွားခဲ့ပါတယ်။ နောက်ထပ်ရုပ်ရှင်တွေမရိုက်ခဲ့တော့ပါဘူး။ Prince တွဲဘက်ဒါရိုက်တာအဖြစ် ဂီတဖြေဖျော်ပွဲမှတ်တမ်းရုပ်ရှင် Sign of the Tims ကို ၁၉၈၇ မှာ ရိုက်ကူးခဲ့တယ်။

Tomb Raider ရုပ်ရှင်ကားသစ်အတွက် ဂျိုလီမဟုတ်တဲ့ မင်းသမီးအသစ်
အော်စကာဆုရှင် Alicia Vikander ဟာ Angelina Jolie ရဲ့ ခြေလှမ်းတွေကိုအမီနင်းလျှောက်လို့ ဗြိတိသျှရှေးဟောင်းသုတေသနပညာရှင်၊ ရဲဝံ့စွန်းစားသူ Lara Croft ရဲ့ အက်ရှင်ကြမ်းကြမ်းတွေပြည့်နှက်နေတဲ့ Tomb Raider ရုပ်ရှင်မှာ သရုပ်ဆောင်မယ်လို့ ဆိုတယ်။ "ခုနောက်ဆုံးပြန်ရိုက်မယ့်ရုပ်ရှင်မှာလည်း မူလဇာတ်လမ်းကျောရိုးအတိုင်းယူထားတယ်။ ငယ်ရွယ်တဲ့မိန်းကလေး Lara အဖြစ် Vikander ရဲ့ ပထမဆုံးစွန့်စားခန်းအတွေ့အကြုံရုပ်ရှင်တစ်ကားပါ" လို့ နော်ဝေးလူမျိုးဒါရိုက်တာ Roar Uthaung က လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းစာကိုပြောပါတယ်။ မူရင်း Lara Croft: Tomb Raider ကို၂၀၀၁ မှာပြသခဲ့တယ်။ ၁၉၉၆ ခုနှစ်က ဗီဒီယိုဂိမ်းကို အခြေခံပြီး ရုပ်ရှင်အဖြစ်ဖန်တီးခဲ့ကြတာပါ။ Jolie ဟာ ၂ နှစ်ကြာပြီးတော့ Lara Croft Tomb Raider: The Cradle of Life ကို ထပ်ပြီးရိုက်ကူးခဲ့တယ်။ နှစ်ကားစလုံး ဝေဖန်ရေးဆရာတွေ သည်းသည်းလှုပ် ဝေဖန်ကြတဲ့အောင်မြင်မှုမျိုးတော့မရရှိခဲ့ပါဘူး။ Jolie တစ်ဦးတည်းအတွက်တော့ ချီးမွန်းခံခဲ့ရတဲ့ရုပ်ရှင်ပေါ့။ မူရင်း ရုပ်ရှင်ဟာ ကမ္ဘာတစ်ဝှမ်းမှာ ဒေါ်လာ ၂၇၅ သန်းရယူနိုင်ခဲ့ပြီး နောက်ဆက်တွဲရုပ်ရှင်ကတော့ ဒေါ်လာ ၁၅၇ သန်း အကျိုးအမြတ်ရခဲ့ကြတယ်။ ၂၀၁၂ မှာ ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ရရှိခဲ့တဲ့ MGM ကတော့ Vikander ကို ငှားရမ်းလိုက်ပြီးဆိုတာ တရားဝင်ထုတ်ဖော်မပြောသေးပါဘူး။ Vikander ဟာ ၂၀၁၅ ကိုယ်ရေးအတ္ထုပတ္တိဒရာမာရုပ်ရှင် The Danish Girl မှာ Gerda Wegener အဖြစ်သရုပ်ဆောင်ခဲ့ပြီး အကောင်းဆုံးဇာတ်ပို့ဆုအော်စကာရရှိခဲ့တာပါ။ တစ်နှစ်တည်းမှာပဲ ဗြိတိသျှ သိပ္ပံဆန်းကြယ်ထိတ်လန့်သည်းဖိုရုပ်ရှင် Ex Machina မှာ လူနဲ့သိပ်တူတဲ့စက်ရုပ် Ava အဖြစ်သရုပ်ဆောင်ထားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က Gothenburg မှာ မွေးဖွားခဲ့ပြီး Stockholm မှာ Royal Swedish ဘဲလေကျောင်းမှာအကသင်ခဲ့ပေမဲ့ အဲဒီဆယ်ကျော်သက်အရွယ်လေးမှာ ဒဏ်ရာအနာတရရရှိခဲ့တာကြောင် ဘဲလေးအကကိုစွန့်လွှတ်ခဲ့ရပါတယ်။ နောက်ပိုင်း Swedish ရုပ်ရှင်လေးတွေမှာ သရုပ်ဆောင်လာခဲ့ပြီး ၂၀၁၂ သမိုင်းမှာထင်ရှားခဲ့တဲ့ Anna Karenina မှာ သရုပ်ဆောင်ခဲ့တာပါ။ လက်ရှိ Jason Bourne မှာ သရုပ်ဆောင်ထားတယ်။ အဲဒီရုပ်ရှင်မှာ Matt Damon ကိုလည်း အတိတ်မေ့နေတဲ့ ထိပ်တန်းသူလျှိုတစ်ဦးအဖြစ် စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမှာပါ။ 

ဆယ်ကျော်သက်လေးတွေအသည်းစွဲခဲ့ဖူးတဲ့နစ်ကာတာနဲ့ ဘေဘီလေး
အမေရိကန် Pop, R&B ဂီတအဖွဲ့ Backstreet Boys ရဲ့ အဖွဲ့သားတစ်ဦးဖြစ်တဲ့ Nick Carter က သားလေး Odin Reign ရဲ့ ဓာတ်ပုံကို ပရိသတ်တွေအတွက် ပထမဆုံးအကြိမ်ပြသခဲ့ပါတယ်။ ရက်သတ္တတစ်ပတ်သား ဘေဘီလေးရဲ့ အနှီးထုပ်လေးနဲ့ပုံကို ဧပြီ ၂၉ရက်နေ့က Instagram မှာ တင်ခဲ့တာပါ။ "ဘယ်လောက်အေးချမ်းလိုက်တဲ့သူလေးလဲ ကျွန်တော်ချစ်တယ်" လို့ ခေါင်းစဉ်တပ်ထားတယ်။ "ဒယ်ဒီ မကြာဘူး၊ အိမ်ပြန်ခဲ့မယ် Odin" လို့လည်းရေးထားတယ်။ အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Nick ရဲ့ ဇနီး Lauren က Odin လေးကို ဧပြီ ၂၀ ရက်နေ့က မွေးဖွားခဲ့ပါတယ်။ နာရီ ၃၀ ကြာမွေးဖွားဖို့စောင့်ဆိုင်းနေခဲ့ရပြီးမှ အိမ်မှာပဲ မွေးဖွားနိုင်ခဲ့ပါတယ်။ ဧပြီလ ၁၆ ရက်နေ့တုန်းကတော့ Nick က သူ့ပရိသတ်တွေကို ကလေးအတွက် နာမည်ပေးထားပြီ။ လှို့ဝှက်နာမည်ကို အခုမပြောသေးပါဘူး လို့ စနောက်နေခဲ့တာပါ။ Odin ဆိုတဲ့ နာမည်ဟာ ဂျာမန်ဒဏ္ဍာရီထဲက လူအများကြည်ညိုမြတ်နိုးကြတဲ့ နတ်ဘုရားတစ်ပါးရဲ့ နာမည်လို့ ဆိုတယ်။ Nick ဟာ Lauren နဲ့ ၂၀၁၄ ခုနှစ်မှာလက်ထပ်ခဲ့ပြီး Lauren ကိုယ်ဝန်ဆောင်နေချိန်မှာ ညို့ဓာတ်အပြင်းဆုံးနဲ့ ချစ်စရာအကောင်းဆုံး၊ သူ သိပ်ပြီးချစ်ခင်မြတ်နိုးရပါတယ် လို့ ပြောပြခဲ့သေးတယ်။ "Odin Reign လေး ရလာခဲ့တဲ့အချိန်မှာ သူ့ဘဝရဲ့ အံ့အားသင့်စရာအကောင်းဆုံး၊ ရူးလောက်စရာအကောင်းဆုံးအချိန်" ပါပဲတဲ့ ဘေဘီလေးက Nick ရဲ့ ချိုမြတဲ့သီချင်းသစ်တစ်ပုဒ်ဖြစ်နေတော့မှာပေါ့။
ကလေးရော လူကြီးတွေပါ စိတ်ဝင်စားတဲ့ ဒစ်စနေးရဲ့အစီအစဉ်တွေ
Disney က The Jungle Book နဲ့ Maleficent နောက်ထပ်ဇာတ်လမ်းတွဲတွေရဲ့ စီစဉ်နေပါတယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ Disney ရဲ့ လာမယ့်ရုပ်ရှင်အသစ်တွေမှာ Angelina Jolie ကိုလည်း ၂၀၁၄ က နာမည်ကြီးရုပ်ရှင်ထဲကလိုပဲ မြင်တွေ့ရဦးမယ်လို့ ဆိုတယ်။ Jungle Book ရုပ်ရှင်အသစ်မှာလည်း ဒီရက်သတ္တပတ်တွေက ရရှိခဲ့တဲ့အောင်မြင်မှုတွေကိုကျော်ဖြတ်နိုင်လိမ့်ဦးမယ်။ ဒါရိုက်တာလည်း Jon Favreau ကပဲ ဆက်ပြီးဖန်တီးဦးမှာပါ။ Tim Burton ရဲ့ ဆင်လေး Dumbo ကာတွန်းရုပ်ရှင်နဲ့ Peter Pan ဇာတ်လမ်းထဲက နတ်သမီးလေး Tinker Bell ရုပ်ရှင်တို့ကိုလည်း အမေရိကန်သရုပ်ဆောင်မလေး Reese Witherspoon နဲ့ ပြန်လည်ရိုက်ကူးမယ်လို့ အတည်ပြုခဲ့တယ်။ 101 Dalmations မူရင်းရုပ်ရှင်တွေကို Cruella နာမည်နဲ့ အဓိကသရုပ်ဆောင်နေရာမှာ Emma Stone က ပါဝင်လိမ့်မယ်။ Mary Poppins ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုလည်း Emily Blunt နဲ့ ရိုက်ကူးဖို့ အများကြီးပဲဆွေးနွေးနေကြပါပြီလို့ဆိုတယ်။ အမေရိကန်စာရေးဆရာမ Madeline L'Engle' ရဲ့ A Wrinkle in Time ကိုလည်း လှုပ်လှုပ်ရှားရှားအက်ရှင်တွေအပြည့်နဲ့ ကျောက်ဆောင်ကြီး Dwayne Johnson နဲ့ရိုက်ကူးမှာပါ။ ကလေး လူကြီးစိတ်ဝင်စားခဲ့ကြတဲ့ Jungle Book ရုပ်ရှင်ပြသပြီး ပထမရက်သတ္တပတ်မှာ ကြေညာခဲ့တဲ့ ဒီကြေညာချက်ဟာ Disney ရဲ့ ရုပ်ရှင်တွေကို နှစ်သက်စွဲလန်းကြတဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာအစီအစဉ်တွေဖြစ်နေခဲ့ပါတယ်။ လူမည်းသရုပ်ဆောင် Idris Elba နဲ့ Sir Ben Kingsley တို့ သရုပ်ဆောင်ထားကြတဲ့ Jungle Book ဟာ ပြသပြီး နှစ်ပတ်အကြာမှာ ဒေါ်လာ ၅၃၃သန်း ရရှိခဲ့တယ်။

ရီဟန်းနားနဲ့ လီယိုနာဒိုတို့ သည်းသည်းလှုပ်နေကြပြီလို့ဆိုပေမဲ့
စူပါစတားစုံတွဲရဲ့ အပြင်းစားမဟုတ်ခဲ့တဲ့ ထွေလီကာလီအချစ်ဇာတ်လမ်းဟာ တစ်နှစ်ကျော်ကြာလာတဲ့အခါ အေးစက်သွားသလိုပဲလို့ ထင်ကြေးပေးကြသူတွေရှိနေတယ်။ Leonardo က ပထမဆုံးအော်စကာဆု ရယူသိမ်းပိုက်နိုင်ခဲ့ပြီးတော့ ပျော်ရွှင်မြူးထူးနေခဲ့တယ်။ အကယ်ဒမီဆုပေးပွဲအပြီး The Revenant အတွက် ဆုတံဆိပ်အောင်မြင်မှုကို အိမ်ကိုတစ်ပါတည်းယူဆောင်သွားနိုင်ခဲ့တယ်။ Leonardo ဟာ အော်စကာဆုပေးပွဲကာလအတောအတွင်း Rihanna နဲ့ ကြည်ကြည်နူးနူးနမ်းရှုတ်နေခဲ့ကြတဲ့ပုံတွေ ပုံနှိပ်ထုတ်ဝေခဲ့တာကို ဥပဒေအရတားမြစ်ဖို့တောင်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ Coachella Valley ဂီတနဲ့အနုပညာပွဲတော်မှာ သူတို့ရဲ့ အရင်နေ့ရက်တွေလိုပဲ ချစ်ခင်နှစ်သက်နေကြတဲ့စုံတွဲအဖြစ် မြင်တွေ့ခဲ့ကြပြန်တယ်။ အသက် ၂၈ နှစ် Rihanna နဲ့ အသက် ၄၁ နှစ် Leonardo တို့ဟာ Neon Carnival ပွဲတော်မှာ မခွဲမခွာရှိနေခဲ့တယ်။ အဲဒီပွဲတော်ကို ရောက်လာခဲ့ကြတုန်းက တသီးတခြားစီရောက်လာခဲ့ကြတာပါ။ သူတို့ကြားမှာ ထူးခြားနက်နဲတဲ့ပြောင်းလဲမှုရှိနေတယ်လို့ အတွင်းသိတစ်ဦးကပြောပြန်တယ်။ DJ က Rihanna ရဲ့ သီချင်းတစ်ပုဒ်နဲ့ ပွဲတော်လာပရိသတ်တွေကိုကြိုဆိုလိုက်တော့ သူတို့နှစ်ဦးဟာ သိပ်ကိုကြည်နူးပျော်ရွှင်သွားကြပုံနဲ့ တစ်ဦးနားတစ်ဦးကပ်ကာ စကားတိုးတိုးဆိုကြတယ်။ အဲဒီအချိန်ကာလတွေမှာတွေ့ရတဲ့ Rihanna ရဲ့ အပြုံးက သိပ်ပြီးနိုးကြားလွန်းတယ်။ သူမ မျက်နှာပေါ်မှာတွေ့မြင်ရခဲတဲ့ အပြုံမျိုးလို့ဆိုကြတယ်။ Rihanna ကတော့ တစ်ကိုယ်တည်းဘဝကိုပဲ သာယာကြည်နူးနေတုန်းပဲ လို့ ပြောပါတယ်။ "ကျွန်မ အခုတစ်ကိုယ်တည်းပါပဲ။ အဲဒါ ကျွန်မ မကြိုက်ပါဘူး။ ဟုတ်တယ် ကျွန်မ အမျိုးသားတွေကို မုန်းတီးတယ်။ ကျွန်မ ပါးကန်ပြားထဲ ရှိနေတာတွေသိပ်များနေတယ်ဆိုတာပဲ တွေးနေမိတယ်။ သူတို့ကို ပုံမှန်ဆက်ဆံရေးမျိုးဧည်ခံနေဖို့အချိန်မရှိလှဘူး။ စာလုံးလေးတွေပို့ဖို့အချိန်လည်းမရှိပြန်ဘူး။ အခု ရူးနှမ်းနှမ်းဖြစ်ရုံပါ" တဲ့။ ဒါပေမဲ့ Rihanna ကိုချစ်ခင်နှစ်သက်တဲ့ပရိသတ်တွေကတော့ သူမမျက်နှာပေါ်မှာ နိုးကြားတက်ကြွတဲ့ချစ်စရာအပြုံးလေး အမြဲမြင်တွေ့လိုကြတာပေါ့။
ဖြိုးဖြိုး
(Yati Magazine, June, 2016)

No comments: