Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, June 01, 2016

ခရီးသွားသတင်းများ

(မတင်ဖြစ်တာကြာတော့ သတင်းတွေက ဟောင်းကုန်ပြီ)

ဆေးမင်ကြောင်တွေ ရေစိမ်ချိုးခွင့်ပြတော့မလား


            ဂျပန်ကအများသုံးရေစိမ်ကန်(onsen)တွေမှာ ဆေးမင်ကြောင်ထိုးတားတဲ့နိုင်ငံခြားသားတွေ အဝတ်ဗလာကျင်းရေပူစိမ်ချိုးနေကြတဲ့မြင်ကွင်းမျိုးကိုမြင်တွေ့ရတာဟာ သိပ်မထူးခြားတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်ပါတယ်။ ဂျပန်နိုင်ငံက အဲဒီရေစိမ်ကန်တွေဆီ ကိုယ်ခန္ဓာဆေးမင်ကြောင်တွေထိုးထားသူဝင်ရောက်ခွင့် တားမြစ်ထားတဲ့စည်းမျဉ်းတွေ လျှော့ပေါ့ပေးဖို့ တိုက်တွန်းနေပါတယ်။ ဂျပန်ရိုးရာရေစိမ်ကန်တွေမှာ တရားဝင်ထုတ်ပြန်မထားပေမဲ့ ထုံးထမ်းစဉ်လာတစ်ခုနဲ့ ထိန်းချုပ်ထားခဲ့တာကြာပါပြီ။ အဲဒါတွေက ရေစိမ်မယ့်သူရဲ့ ကိုယ်ခန္ဓာဟာ ရေကန်ထဲမဝင်ခင် သတိထားပြီး ဆေးကြောသန့်စင်ထားရမယ်။ တွယ်ကပ်နေမယ့်အဝတ်မှန်သမျှ မျက်နှာသုတ်ပုဝါပါမကျန်ဖယ်ရှားပစ်ရပါမယ်။
ဆေးမင်ကြောင်တွေကိုလည်း လက်မခံဘူးလို့ ဆုံးဖြတ်ထားကြတာပါ။ ပြစ်မှုကျုးလွန်ကြတဲ့အုပ်စု နာမည်ကြီးယာကူဇာတွေမှာ ဂျပန်ရိုးရာဆေးမင်ကြောင်တွေ တစ်ကိုယ်လုံးနီးပါး အရေပြားပေါ်ဖုံးကာထားကြတယ်။ ဆေးမင်ကြောင်ရှိတဲ့လူတွေဟာ တခြားလူတွေကြောက်လန့်မှုကနေ ရှောင်ရှားရပြီး ဆိတ်ငြိမ်တဲ့ရေစိမ်ကန်မှာပဲ ရေစိမ်ချိုးကြလေ့ရှိတယ်။ အခုတော့ ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီက နိုင်ငံရဲ့ ခရီးသွားဧည့်သည်တိုးမြင့်ရေးအထောက်အကူပြုဖို့အတွက် နိုင်ငံခြားသားတွေကို တားမြစ်ထားတဲ့စည်းမျဉ်းတွေလျှော့ပေါ့ပေးဖို့ တောင်းဆိုထားပါတယ်။ "ကျွန်တော်တို့ "ဆေးမင်ကြောင်ခွင့်မပြုလို့" သတ်မှတ်မထားပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ကိုယ်ခန္ဓာမှာ ဆေးမင်ကြောင်တွေအပြည့်ဖြစ်နေတဲ့အခါမျိုး၊ sticker နဲ့ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ ရေစိမ်ကန်အသုံးပြုတာရှောင်ကြဉ်ဖို့ပြောကြရတယ်" လို့ ကမ္ဘာလှည့်ခရီးသွားများလှတဲ့ ပေါ်ပြူလာဒေသ ယာမာနာရှိ မှာရှိတဲ့ ရေစိမ်ကန်မန်နေဂျာ Yamagishi Ryokan က CNN ကိုပြောပါတယ်။ ကျွန်တော်တို့ဒေသခံ ဆေးမင်ကြောင် သမားတွေကိုလည်း နိုင်ငံခြားသားတွေလိုပဲ အတူတူဧည့်ဝတ်ပြုပါတယ်။ ဒါပေမဲ့ ဆေးမင်ကြောင်တစ်ကိုယ်လုံးအပြည့်ထိုးထားတဲ့ ဒေသခံဂျပန်တစ်ဦးတစ်ယောက်ကမှ ကျွန်တော်တို့ဆီဝင်မလာကြပါဘူး။ သူတို့ဟာ စည်းမျဉ်းတွေကို သူ့တို့ဘာသာသတိထားနေကြတယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်" လို့ ဆိုတယ်။ ပြီးခဲ့တဲ့လကထုတ်ပြန်ခဲ့တဲ့ တရားဝင်လမ်းညွှန်ချက်မှာတော့ ဆေးမင်ကြောင်တွေကို sticker နဲ့ ဖုံးကာထားဖို့၊ ဒါမှမဟုတ် ပုဂ္ဂလိကရေစိမ်ကန်ကိုအသုံးပြုဖို့ တာဝန်ရှိသူတွေကို အကြံပြုထားပါတယ်။ ကိုယ်ခန္ဓာပြုပြင်မွမ်းမံတဲ့အလေ့အကျင့်နောက်မှာ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရနဲ့ အနုပညာအရရွေးချယ်ကန့်သတ်မှုတွေရှိနေကြတယ်ဆိုတာ ရှင်းလင်းပြောပြနေသလိုပါပဲ။ တကယ်တော့ ဆေးမင်ကြောင်ဆိုတာဟာ ရေချိုးကန်ကို ညစ်ညမ်းသွားစေတဲ့အရာ မဟုတ်ပါဘူး။

Hello Kitty ရထားခရီးသွားမယ်
            Hello Kitty အရုပ်လေးတွေကို ချစ်ခင်နှစ်သက်ကြသူတွေကို ဆွဲဆောင်နိုင်တဲ့နည်းလမ်းအဖြစ် အရှိန်မြင့်ရထားတစ်စင်းမှာ Hello Kitty ရုပ်လေးတွေဆေးခြယ်ထားလိုက်ပါတယ်။ အဲဒီရထားဟာ Taipei နဲ့ Taitung မြို့တော်ကြားအပြန်အလှန်ပြေးဆွဲမှာပါ။ ပါးစပ်မပါတဲ့အရုပ်လေးရဲ့ ပရိတ်သတ် ၂၀၀ ကျော်ဟာ ကျွန်းရဲ့ မြောက်ဘက်နဲ့ အရှေ့တောင်ဘက်ဆီအသွား ၄ နာရီခရီးမှာ စကားပြောစရာမလိုလှဘဲ မြူးထူးပျော်ရွှင်ရယ်မောသွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။ ကြောင်မဟုတ်တဲ့ နာမည်ကျော် Hello Kitty ရဲ့ပုံလေးတွေကို ရထားရဲ့အပြင်ဘက်၊ အတွင်းဘက်နံရံတွေမှာ၊ ခေါင်းမှီအဖုံးအကာ၊ အစားအသောက်တည်ခင်းဧည့်ခံတဲ့တွန်းလှည်းလေးတွေနဲ့ အစားအသောက်ပြင်ဆင်ပေးတဲ့ဘူးတွေမှာ ရထားဝန်ထမ်းတွေဟာ Hello Kitty အပြင်အဆင်လေးတွေနဲ့ စီစဉ်ခင်းကျင်းထားပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ ပြုလုပ်ခဲ့တဲ့ဖွင့်ပွဲပြေးဆွဲနေ့တုန်းက ခေါင်းမှီအဖုံးအကာ ၃၀၀ ကျော် ခိုးယူသွားတာနဲ့ကြုံခဲ့ရတယ်လို့ Taipie Times မှာ သတင်းဖော်ပြခဲ့တယ်။ အဲဒီရထားကို ထိုင်ဝမ်မီးရထားအုပ်ချုပ်ရေးဌာန(TRA)၊ Eva Air နဲ့ ဂျပန်ကာတွန်းကုမ္ပဏီ Sanrio Taiwan တို့က နိုင်ငံတကာခရီးသည်တွေကို ဆွဲဆောင်ဖို့ ဒီဇိုင်းဖန်တီး ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ ရထားရဲ့ တွဲ ၈ တွဲမှာ ကွဲပြားတဲ့ခရီးသွားရှုခင်းမျိုးရရှိနိုင်အောင်လို့ တိုင်ပေ၊ အာရှ၊ သြစတြေးလျ၊ ဥရောပ၊ အာဖရိက၊ မြောက်နဲ့ တောင်အမေရိက နဲ့ မြောက်နဲ့ တောင်ဝင်ရိုးစွန်းက အထိမ်းအမှတ်အဓိကနေရာတွေနဲ့ ဒီဇိုင်းပုံဖော်ထားပါတယ်။ နောက်ဆုံးတွဲမှာတော့ ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက နိုင်ငံရှုခင်းတွေရေးဆွဲထားပါတယ်။ Sanrio ဂျပန်ကာတွန်းကုမ္ပဏီက အထူး Kitty ဇာတ်ကောင်လေးမှာ ရထားကက်ပ္ပတိန်ရဲ့ ဦးထုပ်နဲ့ ဝတ်စုံဝတ်ဆင်ထားပြီး ရထားမာစတာတစ်ဦးအဖြစ် ဧည့်ခံပါတယ်။ ၃၇၆ ခုံပါဝင်ပြီး Taipei နဲ့ Taitung ကြားခရီးလမ်းကို မတ်လ ၂၅ ရက်နေ့မှာ ပြေးဆွဲခဲ့ပါတယ်။ Hualien-Taitung ရထားလိုင်းဖွင့်ပွဲ နှစ် ၉၀ မြောက်အထိမ်းအမှတ်အဖြစ် မတ်လ ၂၇ နေ့က Taipei နဲ့ Hualien ဆီကိုလည်း Hello Kitty ရထားပြေးဆွဲခဲ့တယ်။ ဂျပန်ကာတွန်းကုမ္ပဏီ Sanrio ဟာ Hello Kitty ကာတွန်းဇာတ်ကောင်လေးကို ၁၉၇၄ ခုနှစ်မှာ စတင်ဖန်တီးခဲ့တယ်။ အဲဒီအချိန်ကတည်းက မိန်းကလေးငယ်လေးတွေ ကြိုက်နှစ်သက်လှတဲ့ဇာတ်ကောင်လေးဖြစ်လာခဲ့ပြီး James Bond, Willie Nelson, Jackie Chan နဲ့ Kate Moss တို့လို့ ကမ္ဘာကျော်ဇာတ်ကောင်တွေကြားထဲမှာပါ မနားတမ်းလူသိများနေခဲ့တဲ့ဇာတ်ကောင်လေးဖြစ်ခဲ့တယ်။ ဆယ်စုနှစ် ၄ ခုစာ ကြာပြီးတဲ့အချိန် Sanrio ရဲ့ နှစ်စဉ်လုပ်ငန်းလည်ပတ်ရာကရရှိခဲ့တဲ့ ဒေါ်လာ ၁၄၂ သန်းမှာ အကြမ်းဖျဉ်း ၇၅ ရာခိုင်နှုန်းက Hello Kitty ကြောင့်ရရှိခဲ့တဲ့အမြတ်အစွန်းလို့ ဆိုတယ်။

ဝေနေအောင်ပွင့်တဲ့ ဝါရှင်တန်က ချယ်ရီပန်းတွေ
            ဝါရှင်တန်က လေထဲမှာ ပန်းရောင်သွေး အဖြူဆင်လေးတွေနဲ့ ပွင့်ချပ်လေးတွေဝေဆာဖူးပွင့်နေခဲ့ကြတယ်။ အဲဒီချယ်ရီပန်းလေးတွေကို သူတို့ခံ့ညားထည်ဝါမှုအရှိဆုံးအချိန်တို့ထိကိုင်တွယ်ချင်တယ်ဆိုရင်တော့ အမျိုးသားချယ်ရီပန်းပွဲတော်ကိုသွားရမယ့်အချိန်ပဲပေါ့။ ပန်းပွဲတော်ကို မတ်လ ၂၅ ရက်နေ့ကနေ ဧပြီ ၁၇ ရက်နေ့အထိဖွင့်လှစ်ထားခဲ့တာပါ။ ချယ်ရီပန်းတွေအပွင့်ဆုံးအချိန် Peak bloom အဖြစ် ပန်း ၇၀ ရာခိုင်နှုန်းပွင့်တဲ့နေ့ကို National Park Service (NPS) ပန်းမန်ပညာရှင်တွေက တိုင်းတာသတ်မှတ်ပေးပြီး အဲဒီနေ့မှာ ချယ်ရီပန်းပွဲတော်ကို ဖွင့်လှစ်ပါတယ်။ ချယ်ရီပန်းပင်တွေကို ဝါရှင်တန်ဒီစီ Potomac မြစ်နဲ့ Washington ရေလက်ကြားက လူလုပ်ရေလှောင်ကန်၊ ကန်းရိုးတန်းလေးမှာစိုက်ပျိုးထားကြတယ်။ ပန်းတွေအပွင့်ဖူးဆုံးအချိန်ကို ၄ ရက်ကနေ ၁၀ အထိ သတ်မှတ်နိုင်ပြီး နည်းနည်းပိုအေးတဲ့ရာသီဥတုမျိုးမှာ ပန်းပင်တွေပေါ်က ပန်းအဖူးအပွင့်တွေကိုအချိန်နည်းနည်းပိုကြာအောင် ထိန်းထားပေးနိုင်တယ်လို့ NPS က ပြောပါတယ်။ ပွဲတော်ကျင်းပရာ ချယ်ရီပင်တွေကို ဝါရှင်တန်အတွက် ဂျပန်နိုင်ငံက လက်ဆောင်ပေးခဲ့တာပါ။ ၁၉၁၂ ခုနှစ်က ချယ်ရီပင်ပေါင်း ၃၀၀၀ကို လက်ဆောင်ပေးခဲ့တယ်။ ဖွင့်ပွဲအခမ်းအနားကို သမိုင်းဝင် Warner Theater မှာ ပြုလုပ်ခဲ့ပါတယ်။ ရက်သတ္တ ၃ ပတ် ကြာ ချယ်ရီပန်းပွင့်တွေရဲ့ အလှကိုကြည့်ရှုနိုင်ခဲ့တာပါ။ ဧပြီ ၁၆ ရက်နေ့မှာတော့ ချီတက်ပွဲအခမ်းအနားကို Constitution Avenue တစ်လျှောက်မှာ အုပ်စု ၁၀ ခုနဲ့ ပြုလုပ်ပါတယ်။ အထူးတန်းက ဒေါ်လာ၂၀ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်ရပ်ကြည့်မယ်ဆိုရင် အခမဲ့ပါ။

၂၀၁၆ အတွက် အကောင်းဆုံးလေဆိပ်တွေဆိုတာ
            ကမ္ဘာ့အကောင်းဆုံးလေဆိပ်ခေါင်းစဉ်တပ်ပြီးပေးတဲ့ SkyTrax World Airport Awards ရဲ့ နှစ်စဉ်မှတ်တမ်းမှာ စင်္ကာပူလေဆိပ်ဟာ ထိပ်ဆုံးမှာပဲ ၄ နှစ်ဆက်တိုက်နေရာယူထားပါတယ်။ SkyTrax ဆုတွေဟာ ခရီးသည်တွေရဲ့လေ့လာဆန်းစစ်ချက်တွေပေါ်မှာ မဲသန်းပေါင်းများစွာရဲ့စာရင်းအခြေခံတွေက်ချက်ခဲ့တာပါ။ ခရီးသည်ပေါင်းများစွာ ခရီးတစ်ထောက်နားကြတဲ့ ကျွန်းနိုင်ငံလေးရဲ့ ဧည့်ဝတ်ကျေပွန်မှုကို တကယ့်ကို ကျေနပ်နှစ်သက်ကြပါတယ်။ နောက်ဆုံးပေါ်လူကြိုက်များတဲ့ရုပ်ရှင်တွေ ၂၄ နာရီ အခမဲ့ပြသထားတဲ့ ရုပ်ရှင်ရုံ ၂ ရုံ၊ ခေါင်မိုးထိပ်ပေါ်က ရေကူးကန်နဲ့ လိပ်ပြာပန်းဥယျာဉ်တွေဟာ စိတ်ဝင်စားမှုပိုစေတဲ့အရာ၊ နေရာတွေပါ။ အဲဒါဟာ  လေဆိပ်အစုအဖွဲ့ဝင်အားလုံးရဲ့ အံ့ဘနန်းကြိုးပမ်းအားထုတ်မှုနဲ့ ပူးပေါင်းပံ့ပိုးမှုကြောင့်သာ ချန်ဂီလေဆိပ်ရဲ့ အောင်မြင်မှု ပိုပြီး ရှည်ကြာခဲ့တာပါလို့ လေဆိပ် CEO Lee Seow ကဆိုတယ်။ ဒုတိယနေရာမှာရှိနေတဲ့ တောင်ကိုးရီးယားရဲ့ Incheon နိုင်ငံတကာလေဆိပ်ဟာ နံပတ် ၂ နေရာကို ၂၀၁၃ ခုနှစ်ကတည်းက ရရှိခဲ့တာပါ။ ဒီနှစ်ရဲ့ ထိပ်ဆုံးက ၁၀  ခုစာရင်းဟာ အပြောင်းအလဲသိပ်မများလှပါဘူး။ SkyTrax ရဲ့ ၂၀၁၆ အကောင်းဆုံးလေဆိပ်စာရင်းဝင် ၁၀ ခုရဲ့ အမည်လေးတွေဖော်ပြပေးလိုက်ပါတယ်။
2016 SkyTrax World Airport Awards
1. Singapore Changi Airport
2. Incheon International Airport (South Korea)
3. Munich Airport (Germany)
4. Tokyo International Airport Haneda
5. Hong Kong International Airport
6. Chubu Centrair International Airport (Nagoya, Japan)
7. Zurich Airport (Switzerland)
8. London Heathrow Airport
9. Kansai International Airport (Osaka, Japan)
10. Hamad International Airport (Doha, Qatar)
Source: CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, June, 2016)

No comments: