ပုံပြင် ၈
တစ်ခါက ရွာတစ်ရွာမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီရွာလေးမှာက အများစုကဆင်းရဲကြတယ်တဲ့၊ ဘုန်းတော်ကြီးက သူတတ်နိုင်သလောက် ရွာသူရွာသားတွေကို နေ့တိုင်း ပေါင်မုန့်တွေ ဝေငှပေးကမ်းတာပေါ့၊ ဒီလိုနဲ့ တစ်နေ့ကျတော့ အ၀တ်အစားနွမ်းနွမ်းလျလျ ၀တ်ထားတဲ့ ရွာသားတစ်ဦးက ဘုန်းတော်ကြီးအရှေ့ရောက်လာပြီး ခြေအစုံရပ်လို့ “အကူအညီတောင်းပါရစေ ဘုန်းတော်ကြီးခင်ဗျား” လို့ ပြောသတဲ့၊ ဘုန်းတော်ကြီးက ပြောပါပေါ့၊ အဲဒီ ရွာသားက “ကျွန်တော်က ဂျုံစိုက်တဲ့သူတစ်ဦးပါ ဒီနှစ်မှာ ဂျုံစိုက်ခင်းတွေလည်း မအောင်မြင်၊ အိမ်မှာကလည်း ကျွန်တော့်မိန်းမက ဖျားနာနေပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း စားစရာ ပေါင်မုန့်၊ နွားနို့မရှိတာနဲ့ ဒီလိုသာဆိုရင် ကျွန်တော်တို့ ငတ်ပြီး သေရပါတော့မယ်၊ ဘုန်းတော်ကြီး ကူညီပါဦး” လို့ ငိုကြွေးပြီးပြောတယ်၊ ဘုန်းတော်ကြီးက အေးဆေးဆေးဆေးပါပဲ၊ အနီးအနား လမ်းပေါ်မှာသွားနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ကောက်ယူလိုက်ပြီး အဲဒီရွာသားရဲ့ လက်ဝါးကိုတင်ပေးလိုက်တယ်တဲ့၊ ပုတ်သင်ညိုလေးက ချက်ချင်းပဲ အဖိုးတန်ကျောက်မျက်ရတနာဖြစ်သွားတယ်၊ ဘုန်းတော်ကြီးက ပြောရှာတယ်၊ အဲဒီ ရတနာကိုထုခွဲရောင်းချပြီး လိုသလို သုံးချည်ပါ လို့ ပြောပြီးပေးလိုက်တယ်တဲ့၊ ရွာသားလေးလည်း ၀မ်းသာအားရနဲ့ ချက်ချင်းထုခွဲရောင်းချပြီး ပေါင်မုန့်တွေ နွားနို့တွေဝယ်ခြမ်းတယ်၊ ဆရာဝန်တစ်ဦးကိုလည်း အမြန်ပင့်ပြီး အိမ်ကို အပြေးပြန်တာပေါ့၊ “သားတို့ သမီးတို့ရေ ဟောဒီမှာ အဖေ ပေါင်မုန့်ရလာပြီကွဲ့၊ မိန်းမရေ ငါတော့ ဆရာဝန် ပင့်လာတယ်ကွဲ့၊ မင်း .. နေကောင်းတော့မကွဲ့” လို့ ၀မ်းသာအားရ ပြောရှာတာပေါ့၊ ကလေးတွေလည်း ဆာလောင်မွတ်သိပ်စွာနဲ့ စားကြသောက်ကြ၊ မိန်းမလည်း နောက်တော့နေကောင်းသွားတယ်တဲ့၊ ကျန်တဲ့ ငွေကြေးတွေကိုလည်း နွားတွေ၊ ဆိတ်တွေဝယ်၊ ဂျုံစေ့တွေထပ်ဝယ်လို့ ဂျုံပင်တွေ စိုက်ကြပျိုးကြနဲ့ အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်။
ဒီလိုနဲ့ နှစ်တွေအများကြီးကြာတော့ ဘုန်းတော်ကြီးလည်း အသက်အရွယ်တွေကြီးရင့်ပြီး တောင်ဝှေးတစ်ချောင်းနဲ့ သွားလာရတဲ့အရွယ်လည်း ရောက်လာတာပေါ့၊ တစ်နေ့ ဘုန်းတော်ကြီးလမ်းလျှောက်ထွက်ရင်းနဲ့ ဘုန်းတော်ကြီးရှေ့ သားသားနားနားဝတ်ထားတဲ့လူငယ်လေး၊ လူချမ်းသာလေးတစ်ယောက်က လာရပ်တယ်၊ “ဘုန်းတော်ကြီး၊ ခဏလောက်ရပ်ပါဦး၊ ကျွန်တော် ဘုန်းတော်ကြီးကို ပေးစရာလေးရှိလို့ပါ၊ အိမ်ကိုလည်းခဏလောက်လိုက်ခဲ့ပါ” လို့ ဆိုသတဲ့၊ အိမ်ရောက်တော့ သူ့ရဲ့အိမ်ကိုလှည့်လည်ပြတယ်၊ သိုးခြံတွေ၊ ဂျူံစိုက်ခင်းတွေ တစ်မျှော်တစ်ခေါ်နဲ့ အလုပ်သမားတွေ အများကြီးကိုလည်း တွေ့ရတာကိုး၊ ဘုန်းတော်ကြီးကိုလည်းလူငယ်လေးက ပြောပြပါတယ်၊ “ကျွန်တော်က လွန်ခဲ့တဲ့နှစ်တွေအများကြီးတုန်းက ပေါင်မုန့်မစားရလို့ အသက်ဆုံးပါးလုနီးဖြစ်နေတဲ့ ဂျုံသမားရဲ့သားပါ၊ ဘုန်းတော်ကြီးပေးလိုက်တဲ့ ရတနာကို ကျွန်တော့်အဖေထုခွဲရောင်းချပြီး သင့်သလိုအသုံးပြုခဲ့ပါတယ်၊ အဖေလည်း အလုပ်တွေကြိုးစားလုပ်ကိုင်ခဲ့ပါတယ်၊ အမေ့ကိုလည်း ဆေးကုနိုင်ခဲ့တယ်၊ အမေလည်း သက်တမ်းစေ့နေနိုင်ခဲ့ပါတယ်၊ အဖေ မဆုံးပါးခင်က ဘုန်းတော်ကြီးရဲ့ ရတနာမျိုးကို အဖေ ပြန်ဝယ်ထားပြီး ဘုန်းတော်ကြီးကို တွေ့အောင်ရှာပြီး ပေးဖို့မှာခဲ့ပါတယ်၊ ဘုန်းတော်ကြီးရဲ့ ရတနာကို ဘယ်လိုအသုံးပြုခဲ့သလဲဆိုတာကိုလည်း ရှင်းပြပေးဖို့ အဖေက မှာခဲ့ပါတယ်၊ ဒါကြောင့် ကျွန်တော် ဒီနေ့ ဘုန်းတော်ကြီးကို ဒီလိုတွေ့ဖို့ ဖြစ်လာတာပါပဲ” လို့ ရှင်းပြပါတယ်၊ ဘုန်းတော်ကြီးကလည်း လွန်ခဲ့တဲ့နှစ်တွေက ဂျူံသမားနဲ့ တွေ့ချိန်ကအတိုင်း အေးဆေးတည်ငြိမ်ခြင်းမျိုးနဲ့ပဲ လူငယ်လေးပေးတဲ့ရတနာကို လက်ဝါးဖြန့်ပြီးယူပါတယ်၊ ပြီးတော့ မြေပေါ်ကိုချလိုက်တဲ့ အခါ၊ အဲဒီ ကျောက်မြတ်ရတနာတုံးလေးက ပုတ်သင်ညိုလေးအဖြစ် ပြန်ပြီး အသွင်ပြောင်းသွားခဲ့တယ်၊ ပုတ်သင်ညိုလေးလည်း အဝေးကို ထွက်ပြေးသွားတော့တယ်၊ ဘုန်းတော်ကြီးက ပြောပါတယ်၊ “လိုအပ်တဲ့သူအတွက် ကျောက်သံပတ္တမြားရတနာတွေက အသုံးဝင်ပေမဲ့ ငါ့အတွက်တော့ .. ကွယ် .. ပုတ်သင်ညိုတစ်ကောင်ပါပဲ” တဲ့။
ဒီပုံပြင်လေးကျတော့လည်း စိတ်ဝင်စားစရာကောင်းသလို ပုံပြင်ကပြောချင်တာတွေရှိတယ်ဆိုတာလည်း သိလိုက်ရတယ်၊ ရတနာက လိုအပ်တဲ့သူအတွက် အသုံးဝင်ပေမဲ့ မလိုအပ်တဲ့သူတွေအတွက်တော့ ပုတ်သင်ညိုတစ်ကောင်ပဲတဲ့၊ ကျွန်မတော့ အနီးအနား သွားသွားလာလာ ပုတ်သင်ညိုတစ်ကောင်မှ မတွေ့မိသလိုပဲ။
ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ ချည်မျှင်” တဲ့
1 comment:
အဲဒီပုတ်သင်ညိုလေး လိုချင်လိုက်တာနော်
တစ်ကောင်လောက်
ကျောက်မျက်ရတနာလေးဖြစ်သွားရင်သိပ်ကောင်းမှာဘဲ
ဖြိုးရရင် တစ်ကောင်လောက်နော်း)
Post a Comment