၁၉၅၈ခုနှစ်မှာ ကျွန်မပျဉ်းမနားမြို့ကို အခြေချနေထိုင်ခဲ့ရပါတယ်။ မကြာခင်မှာဘဲ ပျဉ်းမနားမြို့ရဲ့ နာမည်ကြီး နှစ်ကျိပ်ရှစ်ဆူပွဲတော်ကြီးနဲ့ တိုးမိတော့တာပါဘဲ။ဒီပွဲဟာ ပျဉ်းမနားမြို့ရဲ့ ထုံးတမ်းစဉ်လာ အရ နှစ်စဉ်ကျင်းပလာခဲ့တာတဲ့။အဓ္ဓိပါယ်ကတော့ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများ လှည့်လည်အပူဇော်ခံတဲ့ပွဲပေါ့။ ဒေသစာရီ ကြွချီတဲ့ပွဲ ဆိုပါတော့။ ဘုရားရုပ်ပွားတော်များကို လူတွေက ကြွချီပေးရတာပေါ့လေ။ သဘောက။
ဒီတုံးကဘုရားရုပ်ပွားးတော်များခမြာ လူတွေထမ်းတဲ့ ပခုံးပေါ်မှာ ဆိုက်ကားတွေပေါ်မှာလူတွေအပူဇော်ခံဖို့ လိုက်ပါလာကြရတာဆိုတော့ သက်သက်သာ သာမရှိလိုက်တာလို့ ကျွန်မစိတ်မောမိပေမဲ့ ပခုံးထမ်းရတဲ့ အကျိုး ကျေးဇူး ဆိုက်ကားတွန်းရတဲ့ အကျိုးကျေးဇူး မနည်းလှဘူးလို့ တွက်မိပါတယ်။
ဒါ့အပြင် ဒီတုံးက ပျဉ်းမနားဟာ လမ်းတွေက မကောင်းဘူး ကျဉ်းကလဲကျဉ်း ဘုရားကိုယ်တော်တွေ တလှုပ်လှုပ်နဲ့ လမ်းတကာ လိုက်ပါ ကြရတာဆိုတော့ မြင်ရတဲ့သူက(ကျွန်မက) သိပ် စိတ်မချမ်းသာလှဘူး။ ဒါဖြစ်သင့်သလားပေါ့။ ကျွန်မတွေးမိတယ်။ ကျွန်မက တမျိုး။ ဘာဘဲဖြစ်ဖြစ် သူများတွေ လုပ်သမျှ ပြစ် လက်ခံတတ်တဲ့အကျင့်က မရှိဘဲ ဝေဖန်တတ်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ်လေ ဒါရိုးရာအစဉ်အလာ ဘာသာရေးပွဲတော်ဘဲဟာ တောင်တောင်အီအီ မပြောသင့်ပါဘူး။ နော်။ ရပ်ရွာသာယာရေးအတွက်မို့လား။ ထားလိုက်ကြရအောင်။ ဒီတုံးက ဘုရားပွဲတော်ဆိုတော့ ဘာသာ သာသနာနဲ့ ဆက်နွယ်တဲ့ တေးသီချင်းများကို တီးမှုတ်ကခုန်ကြတာဆိုတော့ ကျွန်မအရမ်းကြည်နူးမိတယ်။
ဥပမာ ရောင်တော်ဖွင့် သီချင်း ။ရွှေတိဂုံ သမိုင်းသီချင်း ၊ အောင်ခြင်းရှစ်ပါး ၊ ဗောဓိပင်နဲ့ရွှေပုလ္လင်သီချင်း ..စတဲ့ သီချင်းတွေကိုသာ တီးကြ မှုတ်ကြတာဆိုတော့ ကြက်သရေလဲရှိ ကြည်နူးစရာလဲကောင်း ပေါ့။ ရှေ့ဆုံးမှာ မတ်ရပ်ဘုရားရုပ်ပွားတော်ကြီးပင့်ဆောင် လှည့်လည်လာရင်း တေးသီချင်းဖွင့်လာတာလေ။
ရွှေဘုန်းတော် ရောင်ခြည်.. ခြောက်ရောင်.. ကွန့်မြူးသည် ..တန်ခိုး တော် အနန္ဒ ပြည့်စုံလှ ..ကြည်နူး လို့သာ ..ဖူးခိုက်သည် .. မီးရေ တောက်ပွား ခြောက်ပါးသောရောင်ခြည်..ဖြူသော ရောင်ခြည် .. ညိုသောရောင်ခြည် ..နိသော ရောင်ခြည် ..ေ၇ွှသော ရောင်ခြည် ..ကြည်ညိုဖွယ် ကောင်းလိုက်ပါတဲ့ ..မောင်းသော ရောင်ခြည်….
စသည်
ဆိုလိုက်တော့ ဘုရားကိုယ်တော် ရုပ်ပုံတော်မှာ ပူဇော်ထားတဲ့ မီးရောင်တွေက တဖြတ်ဖြတ် တလက်လက်နဲ့ ရောင်ခြည်တော် ခြောက်သွယ် လှည့်ပတ်ကွန့်မြူးနေဟန် ဆင်ယဉ်ထားတာတာမို့ အရမ်းကို ကြည်နူးမိပါတယ်။ ပြီးတော့ ..
မြတ်ဘုရား ××…ရွှေတိ ဂုံ ..လေးဆူဓါတ်ပုံ ခိုလှုံ ..ရည် စူးလို့သာ .ဖူးမျှော်ပါကုန်.. ခြောက်သွယ် မီးရေ.ပြည့်စုံ ..ကျွန်းဇမ္ဗူမှာ ..အံ့ချီး၍ မကုန် ……ဥက္ကလာ တိုင်း…ဋ္ဌာနီ ရဂုံ ညီနောင် တပုဿနဲ့ဖလိကတို့ တူယှဉ်နွဲကာ.. စုံ ဋ္ဌာနီ ရွှေဂုံ ..ပြန်ရောက်မှ ကြုံ ဗိုလ်ခြေများစွာ..ဖူးမျှော်ကြပုံ ကျွန်း ဇမ္ဗူမှာ.အံ့ချီး လို့ မကုန်...
တကယ်ဘဲ ကြည်နူးရပါတယ်။
ဘုရားပွဲ ဆိုတော့ တကယ့်ကို ဘုရားနဲ့ပတ်သက်တဲ့ သီချင်းတွေ ကိုသာ ဆိုကြတာပါ။ စောစောလဲ ပွဲသိမ်းပါတယ် ။
နှစ်ကျိပ်ရှစ်ဆူလှည့်လည် အပူဇော်ခံပွဲ အတွက် မြို့ဦးဓမ္မာရုံ အသင်းသားများ ဤသို့ ဤနှယ် အလှူခံထွက်ကြတယ်။ နောက်တော့ ခေတ်နှင့်အညီ တိုးတက်ဖွံ့ဖြိုးလာသည့်အလျှောက် ရုပ်ပွားတော်များကိုဂျစ်ကားတွေမှာ အလှဆင် ဒက်ကရေးရှဲန်အမျိုးမျိုးထွင် ပင့်ဆောင်ကြတယ်။ အစိုးရ ဌာန တခုတခုစီကဖြစ်စေ ကျောင်း ရုံးစသည် ပုဂ္ဂိုလ်တဦးဦးကဖြစ်စေ ဘုရားတဆူ နှစ်ဆူ စသည် တာဝန်ယူ ပင့်ဆောင်ကြရတာပါ။ ကိုယ်ပင့်ထားတဲ့ ဘုရားကားနောက်ကမှ ကိုယ့်တီးဝိုင်းအဖွဲ့ကား လိုက်ပါသီဆိုကြရတာပေါ့။
တီးဝိုင်းအဖွဲ့များဟာလဲ သုံးတန်လိုကားတွေပေါ်မှာ စတေ့(ဂ်ျ) စင်မြင့် ဇတ်ခုံဆောက် ပြီး တူရိယာပစ္စည်းတွေတင် အဆိုတော် များငှားရမ်းပြီး သီဆိုလာတြတယ်။ဒေသခံ ၀ါသနာအိုးများ မြေစမ်းခရမ်းပျိုး ကြရင်းလဲ သီဆိုလာ ကြတယ်။စောစောပိုင်းမှာတော့ ဘုရားသီချင်းလောက် အဓိက ထားသီဆိုကြတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ သီချင်းမျိုးစုံ သီဆိုလာတာ တွေ့ရတယ်။ ပြီးတော့ ၀တ်စားဆင်ယင်ရာမှာလဲ ထိုင်မသိမ်းင်္ကျီဝတ်ပြီး မြန်မာသံစစ်စစ်သီချင်းများ သာ သီဆိုကခုန်ကြရာက ခုခေတ်မှာတော့ အများကြားတဲ့မြင်တဲ့အတိုင်းပါဘဲ။ ခေတ်ကြီးက တဟုန်ထိုး ပြောင်းလဲသွားပြီ။ကျွန်မဖြင့် မျက်စိတောင်လည်သွားတယ်။ ဖြိုးဖြိုးတို့ မောင်နှမ ငယ်ငယ်က ဆိုရင် ကျွန်မသူတို့လက်ဆွဲပြီး ရန်ကုန်က အဆိုတော် ဘိုဘိုဟန်တို့ပါတဲ့ ကားနောက်ကို တကောက်ကောက် မိုးအလင်း လိုက်ကြည့်ကြတာပါ။ လမ်းဒေါင့်မှာကားထိုးပြီးလဲ ကားခေါင်မိုးပေါ် ဖြိုးဖြိုးတို့ကို တင်ပြီးပေးကြည့်ရတယ်။
ဖြိုးဖြိုးဆယ်ကျော်သက်ကလေးမှာ တော့ သူ့အမ စုမီ နဲ့ နှစ်ယောက်သား ကားစင်မြင့်ပေါ် ကိုယ်တိုင်တက်သီချင်းဆိုကြတယ်လေ။ အပြာနုရောင် ဖဲဂါဝန်တိုတိုလေးတွေနဲ့။ လှမှလှ။ ဒီတုံးက ဖြိုးဖြိုးဆိုတာ အင်္ဂလိပ်သီချင်း စုမီနဲ့ အတူဆိုကြတာလေ။ သီချင်းနာမည် မေ့နေလို့။ ဖြိုးဖြိုးတော့မှတ်မိမယ်ထင်ပါရဲ့။ အဲဒီအချိန်မှာကတည်းက ဘုရားသီချင်းတွေ ပျောက်သလောက်ပါဘဲ။ သိပ်မကြားရတော့ပါဘူး။ အဲ တခုတော့ရှိရဲ့။ ဘုရားကားတွေမှာတော့ ဘုရားသီချင်းဖွင့်တယ်။ သူ့ခေတ်နဲ့သူပေါ့လေ။ ဘုရားပွဲဆိုပေမဲ့ အပျော်အပါးသက်သက်လို ဖြစ်နေတော့တယ်။
ပြီးတော့ သူသူကိုယ်ကိုယ် (များသောအားဖြင့်လူငယ်တွေက)ဘုရားပွဲတော်လို့ အာရုံထားကြည်နူးဖို့ထက် သီတင်းကျွတ်ရင် ဘုရားပွဲ ကျင်းပတော့မယ် ရန်ကုန်က ဘယ်သူပါမယ် ဆိုတာသာ အာရုံရောက်နေကြတော့တယ်။ ခုလဲ ဖြိုးဖြိုးက မေမေ ဘယ်သူတွေပါသလဲတဲ့။ လှမ်းမေးနေလေရဲ့။
အော် ခေတ်က ပြောင်းလဲလာတာကိုး။
Florist
အရုဏ်ဦးဆွမ်းကပ်ပွဲ
တူရိယာ သံစုံကျင်းပါလို့ လင်းပြီတဲ့ နိဗ္ဗာန်ဆော်၊
ကျုံးတဲ့လို့အော် ၊ ထကြပါနော်၊
တကြော်ကြော် သူနှိုး။
ကညာခင် ငွေစင်ပန်းရယ်နှင့်၊
သဒ္ဒါရွှင် ရွှေလင်ပန်းရယ်နှင့်။
ဓမ္မာရုံ ၀တ်ဖြူ အသင်းတို့ရယ် ၊
ဆွမ်းကပ်ဖို့ဗျိုး။ ။
ကြက်သရေ တက်နေ၀င့်ပါလို့၊
မနက်ခင့်ချိန်ယာယာ၊ဆွမ်းကပ်ဖို့လာ၊
ရွှန်းသစ်တဲ့သူ့မူရာ ကညာနွဲ့လှယမင်း၊
ပါးထက်မှာ ဗေဒါကွက်နှင့်၊
လှရက်လေခြင်း။ ။
ကောင်းကင်က မှိုင်းနီလာ၊ တိမ်စူကာ ဖြူပြာလဲ့ ၊
ထွန်းတဲ့ရောင်ဝါ။
ကျေးငှက်တို့ မာဂဓါ ဘာသာကွဲ့ဖေါ်နှော။
လင်းအရုဏ်ရောင်ခြည်ဦးမှာ မြူးကြပြီကော။ ။
ဒေါနနဲ့ သပြေခိုင် နှင်းပန်းခရေနှင့်၊
ဝါရွှေနီ စုံရနံ့ငယ် သင်းပျံ့ပျံ့လှိုင်၊
မလေးငဲ့ကေသာခိုင် ကြိုင်ကြိုင်တဲ့ ဇွန်ကုံး။
သည်ရွာမှာ အလှဆုံးပေါ့ကွယ် ခေါင်းမော့လို့ ပြုံး။ ။
ပျဉ်းမနားမြို့ ၀တ်ဖြူတော်အသင်းများ၏ အရုဏ်ဦးဆွမ်းကပ်ပွဲမျာကို မှတ်တမ်းတင်ပါသည်။
(၁၉၈၄ခုနှစ် အောက်တိုဘာလထုတ်မြ၀တီ မဂ္ဂဇင်းနှင့်၁၉၈၄ခုနှစ်ထုတ်နိုဝင်ဘာလထုတ် ဂီတပဒေသာမဂ္ဂဇင်းတို့တွင် ဖေါ်ပြပါရှိသည်ကို ထပ်ဆင့် ဝေမျှပါသည်။)
ဒီဓါတ်ပုံကလေးက ဖြိုးဖြိုးငယ်ငယ် သူ့သူငယ်ချင်းတွေနဲ့ မနက်လေးနာရီထ မြို့ဦးဓမ္မာရုံ အသင်းနဲ့ ဆွမ်းကပ်ပြီးအပြန်မှာ ရိုက်ထားတဲ့ပုံပေါ။့မနက်ခင်း အရုဏ်ဦးအချိန်ကလေးမှာ ဘုရားသီချင်းတွေ တီးမှုတ်သီဆိုပြီး ဆွမ်းကပ်ထွက်လာကြတဲ့အခါ ကြားရသူတိုင်း အလွန်သာယာနာပျော်ဖွယ်ကောင်းပြီး ကြည်နူးစရာကြီးပေါ့ ကျွန်မဖြင့် နားထဲက မထွက်ဘူး။ မျက်ရည်စို့မတတ်ပါဘဲ။ ဖြိုးဖြိုးကလေးလဲ ဒီတုံးက ဆွမ်းကပ်လိုက်ရတာ ပျော်နေပါတယ်။
ခင်မေသစ်
No comments:
Post a Comment