Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, October 07, 2010

လမ်းပေါ်က အိမ်၊ အိမ်ထဲက ပိုင်ရှင်မဲ့ကျွန်တော်တို့


ဒီကောင်တွေက ခပ်ဆိုးဆိုးပါ၊ ကျွန်တော်လည်း လိမ္မာတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ဆိုးတာထက် သူတို့က ပိုဆိုးတယ်၊ ကျွန်တော်ကတော့ လူ ဆိုတော့၊ “လူ”ဆိုး ဆိုးတယ်ပေါ့ဗျာ၊ သူတို့က ခွေးတွေ၊ လမ်းပေါ်ကခွေးတွေ၊ ဆိုတော့ “ခွေး”ဆိုး ဆိုးတယ်၊ ခွေးဆိုတဲ့ အတိုင်း ကိုက်တယ်၊ ဆွဲတယ်၊ ဟောင် တယ်၊ ၀ရုန်းသုန်းကားဖြစ်အောင်လုပ်တယ်၊ သူတို့ကို လူတွေကမုန်းကြတယ်၊ သူတို့ကိုမုန်းတဲ့သူတွေကို ကျွန်တော်ကမုန်းတယ်၊ သူတို့က ကျွန်တော်တို့ အားလုံးကိုမုန်းတယ်၊ ဒီလိုနဲ့ ကျွန်တော်တို့တွေ အမုန်းသံသရာနေ့ရက်တွေထဲ ဗရုတ်ဗရက်ဖြတ်သန်းနေကြတုန်းပဲ၊ ပြေးတဲ့အခါပြေးတယ်၊ လိုက်တဲ့အခါ လိုက်တယ်၊ ခြောက်တဲ့အခါခြောက်တယ်၊ ငေါက်တဲ့အခါငေါက်တယ်၊ တောက်ခေါက်တဲ့လူတွေ၊ တုတ်ဆွဲတဲ့သူတွေ၊ မျက်စိပြူးပြလေ့ရှိတဲ့ ပြူးပြူးပြဲပြဲလူတွေ၊ စက်သေနတ်ကကျည်တွေလွှတ်သလို စကားလုံးတွေ တဒုတ်ဒုတ် ပစ်လွှတ်တဲ့သူတွေ ဒီလိုလူတွေကို သူတို့ ခါးခါးသီးသီးမုန်းတယ်။


ကျွန်တော် ဒီတိုက်ခန်းနားမှာ နေလာတာ တစ်နှစ်ကျော်ခန့်ရှိပြီ၊ ဒီအနီးအနားဝန်းကျင်ကလူတွေနဲ့ ကျွန်တော် သိပ်အစေးမကပ်လှပါဘူး၊ မေးထူးခေါ်ပြောလောက်ပဲ၊ မေးထူးခေါ်ပြောတောင်မဟုတ်ဘူး၊ မေးရင်လည်းမထူး၊ ခေါ်လည်းမခေါ်၊ ပြောလည်းမပြော၊ မျက်နှာလွှဲနေလိုက်တာကတောင် ပိုများပါသေးတယ်၊ ဒီတော့ကျွန်တော် .. လူတွေနဲ့ ပေါင်းသင်းလို့မရဘူးပေါ့၊ ကျွန်တော်က ဒီမြို့လေးရဲ့ တစ်ခုတည်းသော နာမည်ကြီးဘဏ်ကြီးမှာ ညစောင့်လုပ်တယ်၊ ညစောင့်လုပ်တော့ နေ့မှာအိပ်တယ်၊ မနက်ပိုင်းတစ်ပိုင်းလုံး မွန်းလွဲပိုင်းလောက်ထိက ကျွန်တော့်ရဲ့အိပ်ချိန်ပဲ၊ အိပ်ယာထရင်တော့ ကျွန်တော်အပြေးလေ့ကျင့်တယ်၊ ပြီးမှ နေ့လည်စာလိုလို ညစာလိုလို ကြားစာ စားတယ်၊ ပြီးရင် ညနေ ပန်းခြံသွားထိုင်ပြီး ကောင်မလေးတွေကိုကြည့်တယ်၊ ကောင်မလေးတွေရယ်လို့လည်း မဟုတ်ဘူး၊ အကုန်လုံးကြည့်တယ်။ မျက်စိထဲဝင်လာသမျှမြင်ကွင်း အကုန်ကြည့်တယ်။ မျက်စိထဲမ၀င်တောင် ခေါင်းငဲ့ကြည့်တယ်။ ဘယ်ပြန် ညာပြန် ဆုံလည်လိုလည်ပြီးတော့လည်း ကြည့်တတ်သေးတယ်။

ကျွန်တော် အပြေးလေ့ကျင့်ပြီဆို အိမ်ရှေ့နား လမ်းပေါ်ကအိမ်သေးလေးထဲက ခွေးသုံးကောင်က လိုက်လာလေ့ရှိတယ်၊ အစပိုင်းတော့ ကျွန်တော့်ကို သူတို့ သိပ်ဂရုမစိုက်ပါဘူး၊ အသေးဆုံးကောင်၊ အမွှေးက အညိုနု၊ အညိုရင့်၊ အမဲရောင်.. အရောင်ရှိတဲ့ အမွှေးတဖွားဖွားနဲ့၊ သူက ဗိုလ်အကျဆုံးပဲ တော်တော်ကြီးဆိုးတယ်၊ ကျွန်တော့်ကိုတွေ့တာနဲ့ သူက ပြေးပြေးလာတာ၊ ခရီးဦးကြိုပြုတာတော့ မဟုတ်ဘူးဗျို့ ကိုက်မလို့ဟန်ပန်ကြီးနဲ့၊ ဒါပေမဲ့ .. ကျွန်တော်က ခွေး၊ ကြောင် အကောင်ပလောင်တွေနဲ့ သိပ်အကျွမ်းတ၀င်ရှိတာ၊ ဘယ်လိုပေါင်းသင်းရမလဲ အထာနပ်ပြီးသား၊ ကိုက်မလို့ ပြေးလာတဲ့ အဲဒီစုတ်ဖွားတော့ ကျွန်တော့်နားရောက်တာနဲ့ ခြေလှုပ်၊ လက်လှုပ် အမြီးတလှုပ်လှုပ်နဲ့၊ သူကပဲ ကျွန်တော့်ကို ချော့မြှူရတော့တာ၊ အဲဒီလို အကောင်ပလောင်တွေနဲ့ အင်မတန်တည့်တဲ့ကျွန်တော်ပေါ့၊ လူတွေသာ သိပ်ကြည့်မရတာ၊ ဒီကောင်လေးတွေတော့ အတော်သဘောကျတယ်၊ ဆိုးတဲ့ကောင်လဲ အော် သူ့ခမြာဆိုးရှာတယ်ဆိုပြီး သဘောကျ၊ ငြိမ်ပြန်တော့ အော် သူလေးကတော့ ငြိမ်ကုပ်ကုပ်လေး ဆိုပြီး သဘောကျ၊ ၀တုတ်နေတဲ့ ခွေးကျပြန်တော့ သူ့ခမြာ ၀နေရှာတယ်၊ အစား တော်တော်ကြီးရှာတယ် ဆိုပြီး ကြံဖန်သနားပြီး သဘောကျပြန်တာပဲ၊ အဲဒီလို အကုန် သဘောကျလိုက်တာ။

ကျွန်တော့်အိမ်မှာ ကြက်သားဟင်းချက်ပြီဆို ပစ်ရတာကခပ်များများရယ်၊ ကျွန်တော်မစားတဲ့အပိုင်းတွေက များတယ်၊ အရိုးမကိုက်၊ အရေပြားမစားရဲ၊ အရိုးနုမစားရဲ၊ ပေါင်သား သွေးကြောရဲရဲများမြင်ရရင် အသည်းတွေယားလွန်းလို့ အဲဒီနေရာကို လှည့်ပတ် ရှောင်ရှားပြီး စားတတ်တာ၊ ဆိုတော့ဗျာ ကျွန်တော်စားပြီးရင်တောင် အရိုးတွေအသားတွေက တစ်ပြုံကြီး ကျန်သေးတယ်၊ ကျွန်တော်ဒီအရိုးတွေကို ဟို ခွေးသုံးကောင်ကို ချကျွေးတာပေါ့၊ ဒီလိုနဲ့ အဲဒီသုံးကောင် ... ကျွန်တော်နဲ့ ခွဲခြားမရအောင် ခင်မင်ကုန်ကြရော၊

အဲဒီ သုံးကောင်မှာ အသေးဆုံးကောင်၊ အငယ်ဆုံးတော့ မဟုတ်လောက်ဘူး၊ သူက အကောင်လေးသာသေးတာ မျက်လုံး ကြည့် ကြည့် လိုက်ရင်သိတယ်ဗျ၊ ရုပ်ကြည့်ရတာ အသက်ကြီးပုံပဲ၊ အဲဒီအသေးဆုံးကောင်က တော်တော်လည်လည်ဝယ်ဝယ် ရှိတယ်၊ နေရာတကာရှေ့ဆုံးက လမ်းကူးပြီဆို မီးစိမ်းမှ ကျကျနနကူးတယ်၊ လူရှင်းရင်လည်း အခြေအနေကြည့်ပြီ လှစ်ကနဲ ခပ်မြန်မြန် လေးကူးတယ်၊ အင်မတန်စမတ်ကျတဲ့ ဟန်ပန်နဲ့၊ ဒါနဲ့ ကျွန်တော်က သူ့ကို စမာ့ထ်(smart) လို့ခေါ်တယ်၊ ကျန်တဲ့ နှစ်ကောင်က နောက်လိုက်တွေ၊ နောက်တစ်ကောင်က အမဲရောင် ခပ်သွယ်သွယ်၊ ခေါင်းငိုက်စိုက်ချပြီး လျှောက်တတ်တယ်၊ သူတို့ သုံးကောင်ထဲမှာ အငြိမ်ဆုံးပဲ၊ သူ့ကိုတော့ ခွိုင်းယက်ထ်(quite) လို့နာမည်ပေးလိုက်တယ်၊ အကြီးဆုံးက ဘစ်ဂ်(big)၊ အရွယ်အကြီးဆုံးပေမဲ့ အီးပေါလောကြီး၊ လမ်းကူးရင် ချီတုံချတုံဖြစ်တယ်၊ ကားလာနေတာတွေ့ရင်လည်း သူ့မှာ ပြာယီးပြာယာနဲ့ ကားကိုကြည့်လိုက် လမ်းကိုကြည့်လိုက်၊ တကယ်တမ်းလဲ ကူးရော ၀ရုန်းသုန်းကားကြီး၊ အလန့်လန့် အဖြတ်ဖြတ်ကူးတယ်၊ လမ်းတ၀က်ကျရင် တ၀ုတ်ဝုတ်ဟောင်ပြီး ကျောကော့ပြီး၊ ပြန်ပြေးရင်ပြေး လာတတ်သေးတာ၊ ကျွန်တော် သူ့ကို အဲဒီလို ၀ရုန်းသုန်းကားပုံစံနဲ့တွေ့တာ ခဏခဏပဲ၊ ၀တုတ်ကြီး ဘစ်ဂ်များ လမ်းလျှောက်ရင် အသားစိုင်ကြီးတွေ လှုပ်လီလှုပ်လဲ့ ယမ်းယမ်းပြီးလျှောက်တယ်၊ အမြီးကြီးကို တဖွားဖွားရမ်းတယ်၊ ကြောင်လေးတွေ တွေ့ရင် ဘယ်တော့မှအလွတ်မပေးဘူး၊ ပြေးပြီး လိုက်ကိုက်တယ်၊ ဘစ်ဂ်လာပြီဆို ကြောင်နယ်နမိတ်က ကြောင်လေးတွေတော့ အကုန်လုံး အပင်ပေါ် တက်ပြေးရတော့တာ၊ ဘစ်ဂ် အဲဒီနားက မခွာမချင်း အပင်ပေါ်မှာ နားနားနေနေ နေပေတော့ပဲ။ 
(ဘစ်ဂ် တို့မလာမှ သူတို့လည်း အေးအေးဆေးဆေး ဆော့ရတယ်)
သူတို့ရဲ့လမ်းပေါ်က အိမ်လေးရှိရာနေရာက သူ့တို့ နယ်နမိတ်၊ အဲဒီကနေ စင်္ကြန်တစ်ခုကို ဖြတ်ရင်တော့ ကြောင်တွေရဲ့နယ်နမိတ်၊ ကြောင်လေးတွေ အကောင်ကြီး အကောင်သေး အများကြီးပဲရှိတယ်၊ လမ်းပေါ်မှာပဲ နေတဲ့ ကြောင်လေးတွေ၊ လမ်းပေါ်က ဘစ်ဂ်၊ စမာ့ထ်၊ ခွိုင်းယက် တို့လိုပါပဲ၊ ဘစ်ဂ်၊ စမာ့ထ်၊ ခွိုင်းယက် တို့သုံးကောင် အရွယ်အစား အမူအကျင့်ကွဲပြားပေမဲ့ တူတာက ဗိုလ်ကျတတ်တဲ့အကျင့်ပါပဲ၊ သုံးကောင်လုံးပဲ ကြောင်လေးတွေကို လိုက်ကိုက်တယ်၊ နယ်ကျွံလာတဲ့ ခွေးတွေဆိုလည်း နောက်တစ်ခါ သူတို့ဘက်ခြေဦးမလှည့်ရဲအောင် ၀ိုင်းခြောက်ကြတယ်၊ သူတို့ကို မကြည်ဖြူတဲ့သူဆို မှတ်ထားတတ်တယ်၊ တွေ့တိုင်း လိုက်ဆွဲတယ်၊ တစ်ခါ စမာ့ထ်ပေါ့ .. ဒီနားက လူတစ်ယောက် သူတို့ရှေ့ကဖြတ်အသွား၊ အဲဒီတစ်ခေါက်က ဟောင်လဲမဟောင်ဘူး အသာလေး နောက်ကလိုက်သွားပြီး၊ ခြေသလုံးသားကို ဆတ်ကနဲ ကိုက်လိုက်တာ၊ ဟိုလူမှာ.. အော်နည်းပေါင်းစုံနဲ့အော်တော့တာဗျို့၊  စိတ်တိုတာများ ခုန်ပေါက်နေတာပဲ၊ ရှေ့တိုးလိုက် နောက်ဆုတ်လိုက် တုတ်ပြေးရှာမလို၊ ခဲနဲ့ ကောက်ပေါက်မလို ဟန်လုပ်သေးတာ၊ စမာထ့်တို့ကလည်း တရှိန်ထိုး ပြေးကိုက်၊ အော်ဟစ်ပြီးဟောင်၊ အဲဒီလူက ခုန်ပေါက်၊ အလိုလေးဗျာ၊ ဗရုတ်ဗရက်ကြီး၊ ကြည့်ရတာ ဆိုးဝါးလိုက်တဲ့ မြင်ကွင်း၊ ကျွန်တော့်မယ်၊ ဟို သုံးကောင်ကို ဘယ်လိုချော့မော့ခေါ်ရမယ် မသိဘူး၊ ဘယ်လိုမှ မတတ်နိုင်တာနဲ့ ဘေးနားကပဲ အသာရပ်ကြည့်နေရတော့တာ။

ပြီးတော့ ကားတွေကိုလည်း သူတို့ မုန်းသေးတယ်၊ ဘာကြောင့်ရယ်မသိဘူး၊ ကားတစ်စီး မောင်းပြီး သူတို့နားကဖြတ်သွားပြီဆို ကားဘီးအနားထိ တိုးကပ်ပြီး သံကုန်ဟစ်၊ ဟောင်တတ်ကြတယ်၊ သုံးကောင်သား တိုက်ပွဲတစ်ခုမပျက်မကွက် တိုက်နေကြ သလိုမျိုး၊ သူတို့ အစွမ်းတွေ အားကုန်ထုတ်သုံးနေကြတာ၊ တကယ်တမ်းက သူတို့ အန္တရာယ် သူတို့ကိုယ်တိုင် ရှာနေမိမှန်း မသိကြဘူး၊ ကားလဲ ခပ်ဝေးဝေးရောက်သွားရော၊ ရှေ့တန်းက တာဝန်ပြီးဆုံးလို့ တိုက်ပွဲအောင်မြင်ပြီးပြန်လာတဲ့ တပ်သားတွေ လို ခေါင်းတွေက တမော့မော့၊ ခပ်ကျော့ကျော့မျက်နှာပေးနဲ့ ပြန်လာတတ်သေးတာ၊ တစ်ခါ ဘစ်ဂ့်မှာ နောက်ပိုင်း အမြီးဘေး အသားစိုင်ကြီး၊ အသားစတွေလန် ဒဏ်ရာကြီးရတာလည်းတွေ့ဖူးတယ်၊ စမာ့ထ်လည်း နောက်ခြေထောက် ထော့နဲ့ထော့နဲ့ လျှောက်နေခဲ့ရတာလည်းတွေ့ဖူးရဲ့၊ ခွိုင်းယက်ကိုလည်း ဒဏ်ရာတစ်ချို့နဲ့ တွေ့ဖူးတာပဲ၊ ဘယ်လိုကောင်တွေလည်း မသိပါဘူး၊ နားကိုမလည်ဘူး၊ ကျွန်တော့်မှာတော့ သူတို့ကို ခင်မင်နေတော့ ကားဘီးအောက်ရောက်ကုန်မှာစိုးလို့ အော်ပြီး တားခဲ့ရတာ အမော၊ ဒီလိုနဲ့ ရင်တထိတ်ထိတ် ကျန်ခဲ့ရပေါင်းလည်းများပြီ။

တစ်ခါကတော့ တော်တော်ရယ်ရတယ်ပြောရမယ်၊ ကျွန်တော် အလုပ်မသွားရတဲ့ ညနေ၊ မှောင်နေခဲ့ပြီ၊ ဒီအနီးအနား ပြေးမယ် ဆိုပြီး ၀တ်စုံပြည့်ဝတ် အိမ်ကထွက်ခဲ့တယ်၊ အိမ်တံခါးမ ဖွင့်လိုက်တာနဲ့ “ဟေး” လို့ ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်၊ သူတို့က ပြေးလာကြတယ်၊ ကျွန်တော်ပြေးတော့ နောက်ကလိုက်ကြတယ်၊ ကျွန်တော်မြန်မြန်ပြေးရင် သူတို့ မြန်မြန်ပြေးတယ်၊ ကျွန်တော် မောလာလို့ ခပ်ဖြည်းဖြည်းလမ်းလျှောက်ရင် သူတို့လည်း ခြေလှမ်းနှေးနှေးလှမ်းလို့ လမ်းဘေးဝဲယာ ဟိုဒီ ခေါင်းတထိုးထိုးနဲ့ စပ်စုခွင့်ရကြတယ်၊ ကျွန်တော့်တိုက်ခန်းနား အဆောက်အဦတွေ သုံး၊ လေးပတ် ပတ်ပြီး ပြေးနေကြပါ၊ အဲဒီနေ့က နဲနဲအေးတော့ ၀တ်ထားရတဲ့ အင်္ကျီကသယ်ရတာနဲ့ကို မနိုင်မနင်းဖြစ်နေတာဗျို့၊ စင်္ကြန်တစ်ခုအကွေ့အရောက် နဲနဲမြင့်နေတဲ့ တမံသလင်းကို လည်း လှမ်းအတက်၊ မျက်လုံးထဲ ပြာကနဲ၊ လူကလည်း ချာကနဲ၊ ဘိုင်း .. ဆို လဲပါလေရော၊ အိုး .. ဘာပြောကောင်းမလဲ .. ဟို သုံးကောင်သား ကျွန်တော့်ဆီ ပြေးလာကြတာ၊ ၀ိုင်းနေတာပဲ၊ ကျွန်တော် တစ်ခုခုဒုက္ခရောက်မှန်းတော့သိကြတယ်၊ ဘယ်လို ကယ်ရမယ်သာမသိတာ၊ ဘစ်ဂ် ဆို လဲကျနေတဲ့ ကျွန်တော့်ကိုယ်ကြီးပေါ်ကို ရှေ့လက်နှစ်ချောင်းပစ်တင်ပြီး ဘာလုပ်မှန်း မသိဘူး၊ ပြာယာကိုခတ်နေကြတာပဲ၊ စမာ့ထ် က ကျွန်တော့်မျက်နှာအနီးနားတိုးတိုးပြီး ရှုးရူးရှဲရှဲနဲ့၊ ခွိုင်းယက်ထ်လည်း ဒီလိုပဲ ကျွန်တော့်အနားမှာ ပတ်ချာလည် လှည့်ပြေးနေတယ်၊ ဘစ်ဂ် က ပိုဆိုးတယ် သူ့လက်ကြီးနှစ်ချောင်းဖိထားတော့ ကျွန်တော့်မှာ ပိုပြီး ထရခက်နေတော့တာပေါ့၊ သူ့ထူပုံထူနည်းကြီးကလည်း၊ ကျွန်တော့်မှာ ဒီသုံးကောင်နဲ့ ရယ်ရခက် ငိုရခက်၊ ဒါနဲ့ လူးလဲထပြီး၊ အနားက အုတ်ခုံမှာထိုင်၊ ကိုယ့်ဘာသာ၊ ဘယ်နေရာတွေ ထိခိုက်ဒဏ်ရာရလည်း တစ်ခုချင်း ပြန်စစ်ဆေးရသေးတယ်၊ ဒူးနားက စပ်ဖျဉ်းဖျဉ်းနာသလိုဖြစ်နေလို့ ဒူးကိုလှန်ကြည့်ရော၊ သုံးကောင်သား ကျွန်တော့်ကို ခေါင်းနဲ့ခွေ့၊ အတင်းတိုးပြီး ကြည့်ကြသေးတာဗျို့၊ အဲဒီလို ကြောင်တောင်တောင် သုံးကောင်ပါဗျာ။

တစ်ည .. အဲဒီချစ်ရတဲ့ သုံးကောင်ကြောင့်၊ ကျွန်တော်တော့ ရိုက်ပေါက်နဲ့လွတ်ခဲ့ရတာ သီသီလေးရယ်၊ အဲ့ဒီနေ့က ကြက်ရိုးတွေ တစ်ပြုံကြီး ပန်းကန်ထဲ ထည့်လာပြီး ဘစ်ဂ်၊ စမာ့ထ်၊ ခွိုင်းယက်ထ် လို့ အော်ခေါ်ရင်းအလာ ... ကျွန်တော့်အနား သူတို့ သုံးကောင်ရောက်လာကြပြီ၊ ကျွန်တော်က အရိုးတွေ ချကျွေးမလို့ ပြင်တုန်းရှိသေး၊ အိမ်နားက အခန်းတစ်ခန်းက လူ ဗျာ၊ ကျွန်တော်တို့ အနား ဒေါကြီးမောကြီး ရောက်လာပြီး “ဟေ့လူ ဟေ့လူ .. ခင်ဗျား ဒီကောင်တွေကို ဒီနေရာမှာ လာလာမကျွေးစမ်းပါနဲ့ဗျာ၊ သွားပါ၊ သွားပါ၊ ဟိုဘက် ဝေးဝေးကို ယူသွားပြီး ကျွေးစမ်းပါ၊ ဒီကောင်တွေ ညည ဟောင်ကြတာ ငါ ဘယ်လိုမှ အိပ်လို့ မရဘူးကွ၊ တော်တော် အသံကျယ်တဲ့ ကောင်တွေ၊ တစ်ညလုံး အိပ်ပဲအိပ်ရတယ်မရှိဘူး၊ ခင်ဗျားလုပ်တာနဲ့ ဒီကောင်တွေ ဒီနားကမခွာတော့ဘူး” တဲ့ ကျွန်တော့်ကို အပြစ်တင်ပါလေရော၊ မျက်မှောင်ကို အစွမ်းကုန် ကြုံ့ထားတဲ့ အဲဒီလူကို မသိမသာအကဲခတ်လိုက်တော့ ဗလကြီးက ခပ်ကောင်းကောင်းရယ်၊ ခါးမှာလည်း စတီးကြိုးကြီး တွဲလောင်း ချိတ်ထား သေးရဲ့၊ လက်ထဲမှာလည်း ကားသော့တွေလား၊ မီးခံသေတ္တာသော့တွေလားပဲ၊ သော့တွေအများကြီးကို တချွင်ချွင် မြည်အောင် လက်ဝါး နှစ်ဘက် ဟိုဘက်သည်ဘက်ပို့ရင်း၊ ကျွန်တော့်ကို ပေစောင်းစောင်း ကြည့်ရင်းပြောနေတာဗျာ၊ ရန်လိုနေတဲ့ ဟန်ကလည်း အပြည့်၊ ကျွန်တော်ကလည်း ခပ်ဆိုးဆိုးပဲဟာ၊ ဒီလောက်ခြောက်ရုံနဲ့ ကြောက်တတ်တာမှမဟုတ်ပဲ၊ ခပ်သေးသေး ကျွန်တော့်ရင်အုပ်ကို နဲနဲကျယ်ကားလာအောင် ခါးကိုဆန်ု့ရင်း ချဲ့လိုက်သေးတယ်၊ ပြီးမှ .. “ဘာဗျ .. ကျွန်တော် ဘာမှ လာမကျွေးလည်း ခင်ဗျားကောင်တွေက ဒီမှာပဲ ရှိနေတာလေဗျာ၊ ဒီကောင်တွေဟောင်တာ ကျွန်တော်ဟောင်တာမှ မဟုတ်တာ၊ ဘယ်နှယ့် ကျွန်တော်လုပ်လို့ ခင်ဗျားမအိပ်နိုင်ဖြစ်ရမှာလည်း၊ တွေ့လား၊ ဒီမှာ .. ကျွန်တော့်အရင် ဘယ်သူကျွေးထားမှန်းမသိတဲ့ အစာတွေ၊ ဟိုနားသွားကျွေးလည်း သူတို့ စာပြီးပြန်လာ၊ ဒီမှာ ဟောင်ကြမှာပဲ၊ ခင်ဗျား အိပ်မရရင် ဆရာဝန်ကိုသာ သွားပြချည်ဗျို့၊ မဟုတ်ရင်လည်း နားထဲ ဂွမ်းသာဆို့ထားပေတော့” လို့ ဆက်တိုက်ပြောပစ်လိုက်တော့တယ်၊ ဟုတ်တယ်ဗျာ၊ ဘယ့်နှယ်၊ သူ့ဘာသာ ဘာအပူဖိစီးမှန်းမသိ၊ လမ်းပေါ်ကဟောင်နေတဲ့ ခွေးကြောင့် တံခါး သုံးထပ်လောက်ရှိတဲ့ အခန်းထဲက အိပ်မပျော်နိုင် ဖြစ်နေရတယ်လို့ပဲ၊ ခက် ခက်ရချည်ရဲ့၊ ပထမတော့ အဲဒီ ဗလကြီးကြီးလူ ကြောင်စီစီဖြစ်သွားလိုက်သေးတယ်၊ ကျွန်တော် သိပ်ဒေါသထွက်မှန်းပဲ သိလို့လား၊ သူကပဲ တရားနည်းလမ်းမကျပြောတာ ပြန်ဆင်ခြင်မိလို့လားတော့ မသိဘူး၊ နောက်တော့ .. အဲဒီလူ ကျွတ်ကနဲ စုတ်သတ်ပြီး ခြေဆောင့်နင်း .. ထွက်သွားတော့တယ်၊ အဲဒီလို အဖြစ်ကလည်းကြုံသေးတာ။

ဗိုလ်ကျတတ်တဲ့ ဒီကောင်တွေ သူတို့လည်း အလှည့်ဆိုတာတော့ကြုံတာပဲ၊ တစ်ခါတော့ သူတို့တွေ ကျွန်တော်ပြေးတဲ့ နောက်ကိုလိုက်ရင်း သူတို့နယ်ကျော်သွားကြတယ်၊ တခြားခွေးတွေက နယ်ကျော်လာတဲ့ သူတို့ကို ကောင်းကောင်းကြီး ပြန်တွယ်တော့တာဗျို့၊ ဖြစ်ချင်တော့ ကျွန်တော်က တွေ့တဲ့ အကောင်တိုင်းနဲ့ ခင်တတ်တယ်၊ ကျွန်တော်ထင်ပါတယ်၊ အဲဒီတခြားနေရာကခွေးတွေလည်း ကျွန်တော် တစ်ခါ အရိုးတွေချကျွေးဘူးတယ်၊ သူတို့က ကျွန်တော့ကိုမှတ်မိမယ်ထင်တယ်၊ ကျွန်တော့်ကိုတွေ့တော့ ပထမတော့ သူတို့ အမြီးလှုပ်၊ ခေါင်းလှုပ် လုပ်ပြ၊ နှုတ်ဆက်နေကြတာ၊ အဲဒီမှာ ဘစ်ဂ် က ၀ုန်းကနဲ အဲဒီခွေးဆီပြေးသွားလိုက်တယ်၊ အခြေအနေ၊ အချိန်အခါ မကြည့်တတ်တဲ့ ဘစ်ဂ် က ဘယ်တော့မဆို ဒီလိုပဲ၊ အစက အဲဒီခွေး တစ်ကောင်တည်း ဘစ်ဂ် လဲ သူ့နားရောက်ရော နောက်ထပ် ခွေးရဲဖော်ရဲဖက်တွေ ဘယ်ကမှန်းမသိ ထွက်လာလိုက်ကြတာ၊ လေးကောင်လောက်ရှိမယ်၊ သူတို့က ပြန်လိုက်တာပေါ့၊ ဘစ်ဂ် ခမြာ အဲဒီတော့မှ အမြီးကြီးတန်းလို့ တဟုန်ထိုး ပြန်ပြေး လာပါလေရော ခွိုင်းယက်ထ်က နဂိုထဲက ကြောက်တတ်တဲ့ကောင်၊ အဖော်အားကိုးနဲ့သာမိုက်ရဲတာ၊ ခု သူဆရာတင်ထားတဲ့ ကောင်တွေလည်း အခြေမလှရော ကြောက်တတ်လိုက်တာ၊ ကျွန်တော့်နားကို ပြေးလာပြီး နောက်ကျောဖက်ဝင်ပုန်း၊ ပြီးတော့ လက်နှစ်ချောင်းမြှောက်ပြီး ဖက်တက်တာ၊ သူ့ကိုပဲ ချီပွေ့ထားရဦးတော့မယ်၊ ရုတ်တရက်ဆိုတော့ ကျွန်တော့်မှာ အလန့်တကြား ဖြစ်မိရဲ့၊ ကြောင်တွေလို လက်သည်းရှည်နဲ့မကုတ်မိလို့ပဲ တော်တော့တယ်၊ တကယ်ပဲဗျာ၊ ဒီကောင်တွေနဲ့တော့သိပ်ခက်တာပဲ၊ အမှိုက်လှည်းလေးတွေနဲ့ အမှိုက်လှည့်သိမ်းတတ်တဲ့ ဂျစ်ပဆီကောင်လေးတွေ၊ ဂျစ်ပဆီလူကြီးတွေလည်း သူတို့မုန်းတယ်၊ ရိပ်ကနဲ မြင်လိုက်တာနဲ့ ပြေးကိုက်ချင်ကြတာ၊ တစ်ခါကလည်း စမာထ့်၊ တစ်ဖက် စင်္ကြန်အောက်က လှည့်ဝင်လာတဲ့ ဂျစ်ပဆီလူငယ်လေးနှစ်ယောက်ကိုမြင်ရော ထိုးဟောင်ရင်း အရှိန်နဲ့ပြေးတာ၊ အဲဒီအချိန် ဘစ်ဂ် ကအိပ်နေတာဗျို့၊ သူ့သူငယ်ချင်းဟောင်သံလည်းကြားရော သူကလည်း ဘာမသိညာမသိစွတ်ပြေးပြီး ဟောင်တော့တာ၊ သူ ပြေးတာက တစ်ခြားတစ်ဖက၊် ကျွန်တော့်မှာဗျာ ရယ်လိုက်ရတာ ခွက်ထိုးခွက်လန်ပဲ၊ ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေတောင် မျက်စောင်းထိုးသွားကြလေရဲ့။

အဲဒီလို ဆိုးကြလွန်းတာတွေက သူတို့အတွက် အန္တရာယ်ကြီးနေတယ်ဆိုတာ သုံးကောင်သား မသိနိုင်ကြဘူး၊ တစ်နေ့ပေါ့ .. ကျွန်တော်အလုပ်ပြီး ပြန်လာတဲ့အချိန်မှာ လူကြီးနှစ်ယောက် သူတို့တွေအကြောင်းကိုပြောနေကြတယ်၊ သူတို့ .. သိပ်ဆိုးတဲ့ အကြောင်း၊ အခုတလော သူတို့ .. ကိုက်လွှတ်လိုက်တဲ့သူ အရေအတွက် များလာတယ်ဆိုတဲ့အကြောင်း၊ သူတို့ကို ဒီအတိုင်းလွှတ်ထားဖို့ မသင့်တဲ့အကြောင်း၊ တစ်ခုခုလုပ်သင့်ကြောင်း(သတ်ပစ်ကြဖို့အထိ)၊ ဒေါသထွက်ထွက်၊ ချိုးချိုးဖဲ့ဖဲ့ပြောနေကြတယ်၊ ကျွန်တော်စိတ်ပူမိတယ်၊ ဒါနဲ့ပဲ ကျွန်တော့်လို ..သူတို့ကို အစာကျွေးလေ့ရှိတဲ့ အမျိုးသမီးကြီးကို မေးကြည့်ရတယ်၊ သူက ရှေ့နေတဲ့၊ သူကပြောပြပါတယ်၊ ဒီလို အကောင်ပလောင်လေးတွေကို အသက်ရန်ရှာတာ၊ လုံခြုံစိတ်ချရမယ့်နေရာတစ်နေရာမှန်း မသေချာနိုင်ရင် အဲဒီတစ်နေရာရာ ပို့ပစ်တာတွေက တရားဥပဒေနဲ့ မလွတ်ကင်းဘူးလို့ ရှင်းပြတယ်၊  သူတို့အတွက်ပေးထားတဲ့ အသုံးအဆောင် မှို့ယာ၊ အိမ်ခန်းတွေကတော့ စည်ပင်သာယာနဲ့ဆိုင်နေတော့ ရှင်းပစ်လို့ရတယ်လို့ ဆိုတယ်။

ကဲ .. ကောင်းရော .. နောက်ရက်တွေမှာ ကျွန်တော်စိတ်ပူနေတဲ့အတိုင်းပဲ၊ သူတို့နားခိုစရာ .. သူတို့ရဲ့အိမ်လေး၊ သူတို့ရဲ့ မှို့ယာထူကြီး အဲဒါတွေ ဘာတစ်ခုမှ မရှိတော့ဘူး၊ အလကားနေရင်း လမ်းပေါ်ကခွေးတွေနဲ့ ရန်ဖြစ်လိုတဲ့လူတစ်ချို့က ဖျက်ဆီး ပစ်လိုက်ကြပြီ၊ အခုအချိန်က ဆောင်းဦးရာသီ၊ သူတို့ အေးနေကြတော့မှာပဲဗျာ၊ ကျွန်တော့်အိမ်ထဲလည်း ခေါ်သွားလို့မရ၊ ဒီကောင်တွေကလည်း အဟောင်၊ အကိုက်မလျှော့လေတော့၊ ကျွန်တော်ဘာလုပ်ရပါ့မလဲ၊ လမ်းပေါ်က အထိန်းအကွပ်မရှိတဲ့ ဘစ်ဂ်၊ စမာထ့်၊ ခွိုင်းယက်ထ်တို့ကတော့ ဆိုးချင်တိုင်းဆိုး၊ ထင်တိုင်းကြဲနေတုန်းပါပဲ၊ သူတို့ ဆိုးလေလေ၊ သူတို့အတွက် အန္တရာယ်ကြီး လေလေ ဖြစ်နေပြီ၊ ကျွန်တော်နားမလည်ဘူး၊ အဲဒီလူတွေကို ဘာလို့မုန်းတာလဲ၊ အဲဒီလူတွေက ဘာလို့ မုန်းကြတာလဲ၊ ကျွန်တော့်ရှေ့မှာဆို အဆိုးဆုံး စမာထ့်တောင် ချိုသာနူးညံ့နေတတ်တာပါဗျာ၊ သူဆို လမ်းမပေါ်ကျောလှန်ချ၊ ကိုယ်ကိုတွန့်ပြီး ချွဲနေတတ်တာ၊ ခွိုင်းယက်ထ်ဆိုလည်း စမာထ့်က အဲဒီလိုဟန်မျိုးလုပ်နေပြီဆို အားကျမခံ လုပ်ပြတတ်တာ၊ တကယ် ကျွန်တော်ဖြင့်အံ့သြရော၊  သူတို့ ရင်ဘတ်ကိုပွတ်ပေးရင် ကျောနဲ့ တမံတလင်းပွတ်၊ ကိုယ်ကို တွန့်လိမ် တွန့်လိမ် မနားတမ်း လုပ်ပြတတ်တာ၊ ဒီလောက်နားလည်တတ်တဲ့ သူတို့သုံးကောင်အကြောင်း ကျွန်တော်တို့အပြန်ပြန်အလှန်လှန် နားလည်ကြသလို နားလည်အောင် လူတွေကို ဘယ်လိုပြောပြရပါ့မလဲ။

အဲဒီနေ့ က ပန်းခြံမှာသွားထိုင်တယ်၊ ငေးတယ်၊ ကျွန်တော်ရဲ့မြင်ကွင်းထဲမှာ လူတွေ ပန်းခြံထဲမှာ ကြည်ကြည်နူးနူး ပျော်ရွှင်နေကြတယ်၊ သူတို့နဲ့ အတူပါလာတဲ့ ခွေးလေးတွေ၊ ခွေးကြီးတွေ ဆော့ကစားနေကြတယ်၊ ခွေးပိုင်ရှင်တွေက စကားစမြည်ပြောနေကြတယ်၊ မိတ်ဆက်ကြတယ်၊ ခွေးတွေကလည်း နှုတ်သီးချင်းတို့ထိ နှုတ်ဆက်ကြတယ်၊ ခွေးလည်ပတ်ကြိုးလေးတွေ ဖြုတ်ပေးလိုက်ကြတယ်၊ အဖြူရောင်အမွှေးဖွားဖွားနဲ့ ခွေးကြီးတစ်ကောင် ပန်းခြံထဲက ရေပန်းအောက်မှာ ရေစက်တွေနဲ့ဆော့တယ်၊ ရေပန်းကထွက်နေတဲ့ရေကို လျှာနှဲ့လျက်ရင်း ရေသောက်တယ်၊ ရေလျက်တယ်ပေါ့ဗျာ၊ ပန်းခြံထဲက လူတွေအားလုံးရဲ့အကြည့်က အဲဒီခွေးကြီးဆီကို စုပြုံနေတယ်၊ အဲဒီခွေးကြီး တော်တော်ကြီးကို ပျော်နေတယ်၊ ရေပန်းက ကျလာတဲ့ရေအောက်မှာ အကြိမ်ကြိမ်ဖြတ်ပြေးတယ်၊ မောရင် ရေလျက်ပြန်တယ်၊ လူတွေကြည့်တယ်၊ သဘောကျကြတယ်၊ ခွေးပိုင်ရှင်က အင်မတန်နှစ်လိုတဲ့အကြည့်နဲ့ ကြည့်ရင်း ပြုံးနေတယ်၊ ခွေးကြီးနားကို ခွေးလေး နှစ်ကောင်ရောက်လာကြတယ်၊ သူတို့တွေ ပြေးလွှားရင်း ဆော့ကြတယ်၊ လူတွေကြည့်တယ်၊ သဘောကျကြတယ်၊ လူတွေက သူတို့ကို ချစ်တယ်၊ သူတို့ကလည်း လူတွေကို ချစ်တယ်။

ပန်းခြံထဲက ခွေးသုံးကောင် ...
ကျွန်တော့်အိမ်နားက ... ခွေးသုံးကောင် .. ဘာတွေကွာခြားနေကြတာလဲ၊
ဘစ်ဂ်၊ စမာ့ထ်၊ ခွိုင်းယက်ထ် .. သူတို့ က လူတွေကို မုန်းတယ်၊ လူတွေက သူတို့ကို မုန်းတယ်၊
ကျွန်တော်က လူတွေကို မုန်းတယ်၊
ကဲ.. ဘာတွေမှားနေကြပြီလဲ... ဘာတွေကွာခြားနေကြပြီလဲ ..
ပိုင်ရှင်ရှိ၊ အထိန်းအကွပ်ရှိ၊ အမိအဖရှိ၊
ပိုင်ရှင်မဲ့၊ အထိန်းအကွပ်မဲ့၊ အမိအဖမဲ့၊
ဒီလို ရှိ/မဲ့ ကွာခြားမှုတွေ နဲ့အတူ ..
အမုန်းတရားတွေကရော ...
ရှိခြင်း၊ မရှိခြင်းတွေဆီ .. ဦးတည်နေတာလားပဲ ..

ကျွန်တော် မမုန်းချင်ပါဘူး၊ တကယ်ဆို ကျွန်တော် သိပ်ချစ်တတ်ပါတယ်။ အထူးသဖြင့် ဘယ်သူမှ ချစ်မယ့်သူမရှိတဲ့ ဘစ်ဂ်၊ စမာ့ထ် နဲ့ ခွိုင်းယက် တို့ကိုပေါ့။

ဖြိုးဖြိုး
(Yati Magazine, February, 2018)
 ဘစ်ဂ်
 စမတ့်ထ်(ခုတော့လည်း သူမဟုတ်သလို)
 ဘစ်ဂ် အဲဒီလို ချွဲပြီဆို ခွိုင်းယက်ထ်ကလည်း လိုက်လုပ်တာပဲ
 ဘစ်ဂ်က အစသန်တယ်

 ကြောင်လေးလည်း ဘစ်ဂ်လာမလား မျက်စိပြူးနေအောင် ကြည့်နေရရှာတယ်
 သနားကမားမျက်နှာပေးနဲ့( ဟိုနေ့က လိုက်ကိုက်နေတာ သူမဟုတ်သလိုပဲ)
 ခွိုင်းယက်ထ် က အားအားရှိ အိပ်နေတာပဲ

4 comments:

Anonymous said...

စဉ်းစားစရာ တွေ အများကြီးနဲ့ ညီမဝတ္ထုလေး ကိုဖတ်သွားတယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ခွေးသုံးကောင်ရဲ့ စရိုက်ကို ဖွဲ့တာများ ပီပြင်လွန်းလိုက်တာ။
ကျွန်တော်ဆိုတဲ့ တစ်ယောက်ရဲ့ကလည်း ဘယ်သူများပါလိမ့်
ဖြိုး ၀တ္ထုရေးတာသိပ်ကောင်းတာဘဲ။ လူတွေရဲ့ စရိုက်ကိုရော အကောင်တွေရဲ့ စရိုက်လေးတွေပါ ပီပီပြင်ပြင်ရေးဖွဲ့နိုင်တယ်...
ပြီးတော့ တိရိစ္ဆာန်တွေကို ချစ်တတ်တဲ့စိတ်ကို အထင်းသား မြင်ရတယ်..
အများကြီးရေးနိုင်ပါစေ။

လွတ်ငြိမ်းလေပြေ (breeze) said...

I feel that these dogs are smiling to camera :)
I also love dogs.
Thanks Phyo :)

မိုးယံ said...

ဦးနုရဲ့ မိတ္တဗလဋီကာတော့ သေချာမဖတ်ဖူးဘူး။ ဖြိုးဖြိုးရဲ့ ခွေးဋီကာကို စေ့စေ့စပ်စပ် ဖတ်သွားတယ်။ ရေးတတ်လိုက်ပုံများ ဖတ်ရတာ ဖတ်ဖတ်မော။ အဲ လို ရသလေးတွေ အတွေ့အကြုံ လေးတွေ မိုက်တယ်။