Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (ဟန်ဆဲလ် နဲ့ ဂရဲတဲလ်)

ပုံပြင် ၃

မေမေပြောပြတဲ့ ဟန်ဆဲလ် နဲ့ ဂရဲတဲလ် ...

ဟိုရှေးရှေးတုံးက ..
တောရွာလေးတရွာမှာ အဖေရယ် အမေရယ်  သားလေး Hansel ရယ် သမီးလေး   Gretelရယ်ရှိကြတယ်ကွဲ့၊ အော်... အခုပြောပြမှာက ပြဇာတ်ကွဲ့၊ (အဲဒီတုန်းက မေမေက သူ .. ငယ်ငယ်က သင်ခဲ့တဲ့ ပြဇာတ်တိုလေးတွေကို အပိုင်းလိုက်ပြောပြခဲ့တာ)၊ မေမေ ငယ်ငယ်က  Wesley ကျောင်းမှာနေစဉ် သင်ရတဲ့  reader 1 လား  2 လား  မမှတ်မိတော့ဘူး၊  စာအုပ်ထဲ က  ပြဇာတ်တိုလေးပေါ့။ Hansel & Gretel  တဲ့၊ (အဲဒီလိုလဲ ရှင်းပြခဲ့သေးတယ်)

အဲဒါနဲ့ ပြောရရင် ပြကွက် ( ၁) ဟန်ဆဲလ်တို့ အမေက မီးဖိုနားမှာ ခုံကလေးနဲ့ ထိုင်ပြီး အပ်ချုပ်နေတယ်၊  ဟန်ဆဲလ် က ပြတင်းပေါက်ကနေ အပြင်ကို မျှော်ကြည့်နေတယ်၊ ဂရဲတဲလ်က တယောက်တည်း လှည့်ပတ်ကနေရာကနေ  “မောင်လေးရေ  မမနဲ့  လာကပါလား၊ ပျော်စရာပါကွယ် လာပါ”  လို့ ခေါ်နေတာကိုး၊ ဟန်ဆဲလ်လည်း သူ့အမကိုကြည့်ရင်း စိတ်ပါလာတာနဲ့  .. ”အေးပါ မမရဲ့  ကမှာပေါ့” ဆိုပြီး  အပြေးကလေး တွဲကတော့တာပေါ့။

နောက်ပြကွက်တစ်ခု (၂) အကလွန်တဲ့  မောင်နှမ  စားပွဲပေါ်က နွားနို့အိုးကို ၀င်တိုက်မိပါရော၊ ဘာပြော
ကောင်းမလဲ၊ ဗြန်းကနဲ  ကွဲတော့တာပဲ၊ သူတို့ အမေက အပ်ချုပ်နေရာက  နို့အိုးလဲကွဲတာ မြင်ရော အရမ်းဒေါသထွက်ပြီး  စိတ်ဆိုးလွန်းလို့ “ထွက်သွား ငါ မမြင်ချင်ဘူး၊ ထင်းကောက်ခဲ့ကြ၊ တစ်ယောက်တစ်စည်းရမှ အိမ်ပြန်လာခဲ့”  ဆိုပြီး ဒါဏ်ပေးတာပေါ့။

ပြကွက်(၃)  တောနက်ထဲမှာ ကလေးတွေ မျက်စိသူငယ် နားသူငယ်နဲ့  ထင်းခြောက်တွေ စုနေကြတယ်၊ မောင်လေးက  “မမရေ မောင်လေးတို့ .. ထင်းတွေ ပွေ့ပိုက်အိမ်ပြန်ရင်တောင် မေမေက စိတ်ဆိုးပြေပါ့မလားဟင်၊ နွားနို့ မရှိတော့ဘူးဆိုတော့  မေမေ ဘာနဲ့  မုံ့ဖုတ်မလဲ၊ မောင်လေးတို့ ဘာစားရမလဲ မသိဘူးနော်”  နဲ့  တတွတ်တွတ် ပြောနေရှာတာပေါ့၊ အစ်မလုပ်သူကတော့ ထင်းတွေကိုသာ သဲကြီးမဲကြီး ကောက်နေရှာတယ်။

ပြကွက် (၄) မှာတော့ ကလေးနှစ်ယောက် တောထဲမှာ လမ်းပျောက်ပြီး အိမ်မပြန်နိုင်ပဲ တလယ်လယ်ဖြစ်နေတဲ့အခန်းပေါ့၊

ပြကွက်(၅) မောင်နှစ်မနှစ်ယောက် မှောင်မိုက်နေတဲ့  ညကို ဘယ်လို ဖြတ်သန်းရမလဲ  မသိပေမဲ့ ဘုရားဝတ်ပြုဆုတောင်းဘို့ကိုတော့ မမေ့ကြပါဘူး၊ “မောင်လေးရေ .. မမတို့ ဘုရားရှိခိုးကြမယ်  ကောင်းကင်တမန်တွေကိုလဲ  စောင့်ရှောက်ပေးဘို့ ဆုတောင်းကြရအောင်” လို့ အမဖြစ်သူက  တိုက်တွန်းတယ် ။ ဆုတောင်းပြီးတော့ နှယောက်သား တဦးကိုတဦး တင်းတင်းကြပ်ကြပ် တွယ်ဖက်ရင်း သစ်ပင်ခြေရင်းမှာပဲ မောမောပမ်းပမ်း  နားနေ အိပ်စက်ကြတယ်၊ အိပ်မက်ထဲမှာတော့ angel ခေါ်တဲ့ နတ်တမန်လေးတွေဟာ ဟိုဟို ဒီဒီ ပျံဝဲရင်း ကလေးနှစ်ယောက်ကို စောင့်ရှောက်နေကြပါတယ်၊ သစ်ရွက်ကလေးတွေ အများကြီး ကလေးတွေ ကိုယ်ပေါ်  ခြွေချပြီး   အအေးဒါဏ်ကာကွယ်ဖို့ ခြုံစောင်သဖွယ်  ဖုံးလွှမ်းပေးနေပါတယ်၊ တစ်ညလုံးလိုလို အနီးအနားမှာပဲ ပျံဝဲ စောင့်ရှောက် ပေးနေတြတာပါ၊ ကလေးနှစ်ယောက်ဟာ နွေးနွေးထွေးထွေးနဲ့  အိပ်လို့ ကောင်းနေကြတာမို့ မနက်မိုးလင်းလို့ မျက်နှာကိုနေရောင်ထိုးမှပဲ နိုးလာကြတယ်။ ညက အိပ်မက်ထဲမှာ ကောင်းကင်တမန် နတ်ကလေးတွေ  ပျံဝဲစောင့်ရှောက် ပေးနေကြတယ်လို့ အိပ်မက်မက်တဲ့အကြောင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ပြောပြကြရင်း စိတ်အားထက်သန်စွာနဲ့ ပျော်ရွှင်နေကြတာပေါ့၊

ပြကွက် (၆) မှာတော့ သူတို့နှစ်ဦး ထင်းရှာရင်း  အလွန်လှပတဲ့ ရောင်စုံအိမ်ကလေးတလုံးကို တွေ့မြင်လိုက်ကြတယ်၊ သစ်ပင်ခြုံနွယ်တွေက လေအဝှေ့ တစ္ဆေညည်းတွားသံလိုလို ကြားရပြန်တော့ မောင်ငယ်လေးက ပိုကြောက်တာပေါ့၊ ပြီးတော့  ရောင်စုံအိမ်ကလေးက လှလဲလှ၊ မွှေးလဲမွှေးတာကြောင့်  ရှေ့ကိုတိုးလို့ တိုးလို့စူစမ်းကြတယ်၊ ထူးဆန်းတဲ့ အိမ်လေးလျှို့ဝှက် သွေးဆောင်နေတာကြောင့် ဟန်ဆဲလ်လေး က  စိတ်မထိန်းနိုင်ပဲ  အပြေးကလေးသွားလို့ အိမ်ခေါင်မိုးလေး တစ်စိတ်တစ်ပိုင်းကို ဖဲ့စားလိုက်တာနဲ့ တပြိုင်နက် ..
Little mouse ! Little mouse !
Who is eating my house ? 
ကြွက်ကလေး၊ ကြွက်ကလေး  ငါ့အိမ်ကို ဘယ်သူဖဲ့စားနေသလဲ ---
ဆိုတဲ့အသံ က သစ်ရွက်ကြို သစ်ရွက်ကြားက လေတိုးသံနဲ့အတူ ထွက်ပေါ်လာပါတယ်၊ မောင်လေးက
“ဟော.. ဘာသံလဲ  .. မမရေ” တဲ့၊ မောင်လေးကမေးတော့  မမဂရဲတဲလ်  က မောင်ငယ်လေးကို နှစ်သိမ့်တယ်၊
“ဘာသံမို့လဲ မောင်လေးရဲ့  .. မမဖြင့် မကြားပါဘူး” လို့  မသိကျိုးကျွံပြုလိုက်တယ်၊ မောင်လေးလဲ အတင့်ရဲပြီး နောက်ထပ် မုံ့အိမ်လေးက မုံ့တစ်ဖဲ့ ချိုးစားပြန်ပါရော၊ မုံ့ လည်းစားလိုက်ရော .. စောစော  က အသံက ပေါ်လာပြန်တာပေါ့၊
Little mouse ! Little mouse !
Who is eating my house ? 
ကြွက်ကလေး၊ ကြွက်ကလေး  ငါ့အိမ်ကို ဘယ်သူဖဲ့စားနေသလဲ ---
ဒီတစ်ခါတော့ အသံတင်မကတော့ဘူး၊ ရုပ်ပါ ပေါ်လာတယ်ကွဲ့၊ နှာတံကောက်ကောက်၊ နှဖူးမောက်မောက်၊ မျက်တွင်းဟောက်ဟောက်နဲ့ စုန်းမအိုကြီး တယောက်  တောင်ဝှေးကြီး တဒေါက်ဒေါက်ထောက်ပြီး ပေါ်လာတော့တာပေါ့။
စုန်းမကြီးက  “လာစမ်း.. ကောင်ကလေး၊ နင် ငါ့အိမ်ကိုစားပစ်လို့ ငါလဲ နင့်ကိုပြန်စားရမယ်   ဟီး ..ဟီး”  တဲ့လေ..။

နောက်ဆုံးပြကွက်မှာတော့ ..
စုန်းမအိုကြီးက မောင်ငယ်လေးကို ကြိုးတချောင်းနဲ့ချည်နှောင်ထားတယ်၊ အစ်မကိုတော့ ရေနွေးအိုး မီးထိုးခိုင်းတယ်လေ၊ မောင်ငယ်လေးကို ရေနွေးအိုးထဲထည့်ပြီး ကိတ်မုံ့ဖုတ်စားဖို့ပေါ့၊ ရေနွေးအိုးတယ်လို့ အတန်ကြာတော့ စုန်းမအိုကြီးက  ရေနွေးပွက်ပလားလို့  မမ ဂရဲတဲလ်ကို အကြည့်ခိုင်းတာပေါ့၊ ဥာဏ်သွားတဲ့ ဂရဲတဲလ်လေးက  “ဖွားဖွားရယ်  ကျွန်မအရပ်က ပုပုကလေးရယ်..၊ ဘယ်မှာ ရေနွေးအိုးကြီးကို  ကြည့်လို့ရပါ့မလဲ၊ ဖွားဖွား ကြည့်လိုက်လေ” လို့  ချိုချိုသာသာလေး နဲ့ ပြုံးပြုံးလေး  ကနွဲ့ကယလေး ပြောတာကိုး၊ ဒီတော့ စုန်းမအိုကြီးက နားဝင်သွားပြီး  ကိုယ်တိုင်  အိုးကြီးနားသွားပြီး ငုံ့ကြည့်သတဲ့၊ အိုးကြီးက လူတစ်ကိုယ်လုံးမြုပ်သွားအောင် ကြီးတာကိုးကွဲ့၊

လား .. လား၊ ဒီတော့ မမ ဂရဲတဲလ်လေးက ဘာပြောကောင်းမလဲ၊ တစ်ခါတည်း ပြေးလာပြီး စုန်းမအိုကြီးရဲ့  ခြေထောက် နှစ်ချောင်းအသာမ၊ အိုးထဲ ထည့်ချပြစ်လိုက်တာ .. အိုးကြီးထဲ ဇောက်ထိုးမိုးမျှော် ဦးခေါင်းစိုက်ကျပါလေရောတဲ့၊ စုန်းမကြီးပေါ့။

ဟန်ဆဲလ်လေးလဲ မမဂရဲတဲလ်က နွယ်ကြိုးကြီးဖြည်ပေးလို့  လွတ်မြောက်သွားတာပေါ့၊ ရေနွေးအိုးကြီးထဲ ကျသွားတဲ့ စုန်းမအိုကြီးကိုယ်က အခိုးအငွေ့တွေ လွင့်ပျံလာလိုက်တာ ပိန်းပိတ်အောင် မှောင်ကျသွားသတဲ့၊ အမြင်ရှင်းကြည်လင်လာတဲ့အခါမှာတော့  အိုးကြီးရော စုန်းမကြီးရော မုံ့အိမ်လေးရော မရှိတော့ဘူး၊ အဲဒီနေရာမှာ စိုပြည်လန်းဆန်းတဲ့ သစ်ပင်ပန်းမန်တွေနဲ့လှနေသတဲ့၊  ဒါနဲ့ မောင်နှစ်မ နှစ်ယောက်လဲ အိမ်ပြန်ချင်လှပြီလေ၊ ဗိုက်တွေလဲ ဆာလှပေါ့၊ သနားပါတယ်၊ သူတို့အမေ့ကို မျက်နှာလုပ်ဖို့ ထင်းတွေ အမြန်စုကောက်ကြတာပေါ့၊

ဒီအခါမှာ  ဟိုး အဝေးကနေ.. ဟန်ဆဲလ်ရေ .. ဂရဲတဲလ်ရေ နဲ့ တကြော်ကြော် အော်ခေါ်ရှာဖွေနေတဲ့ အဖေ အမေတွေရဲ့အသံကို ကြားလိုက်ရတယ်၊ အဲဒီအခါမှာတော့ ပြဇာတ်တိုလေးရဲ့  ဇတ်သိမ်းပိုင်းကလေးပေါ့၊ သူတို့ မိဘတွေနဲ့ ပြန်လည် ပေါင်းစည်းတွေ့ဆုံပြီး ပျော်ပျော်ပါးပါးကခုန်လို့  ကိတ်မုံ့တွေစားလို့ .. ချစ်ချစ်ခင်ခင်နေသွားကြသတဲ့ ကွဲ့၊ ပုံပြင်ကလေးကတော့ ...အဲ .. ဟုတ်ပေါင် ပြဇာတ်ကလေးကတော့ ဒါပါပဲတဲ့ကွယ် လို့ အဲဒီလိုပြောပြီး မေမေက စနောက်ခဲ့သေးတယ်၊။

ဟန်ဆန်လ်၊ ဂရဲတဲလ်ပုံပြင်လေးနားထောင်ခဲ့ရတုန်းက စိတ်ကူးနဲ့ ကိတ်မုန့်အိမ်လေးမှန်းဆကြည့်ပြီး စားချင်စိတ်တွေတဖွားဖွား ပေါ်ခဲ့ဖူးတယ်၊ အဲဒီအခါ စိတ်ထဲ ပုံဖော်ထားတဲ့ စုန်းမကြီး၊ ခါးကိုင်းကိုင်း၊ တောင်ဝှေးကြီးနဲ့၊  သူ့ရဲ့ပုံစံကြီးမျက်လုံးထဲပေါ်လာရော၊ ကိတ်မုန့်အိမ်လေးစားချင်စိတ်လေး တစ်ခါတည်းပြေးပါလေရော၊ ငယ်ငယ်တုန်းကတော့ အဲဒီလို ကိတ်မုန့်အိမ်မျိုး တောထဲမှာ တကယ်ရှိနိုင်တယ် ထင်ခဲ့မိတာပဲ၊ အင်တာနက်ဆိုတာလည်း မသိခဲ့သေး၊ အင်တာနက်မှာလည်း မရှာနိုင်ခဲ့၊ စိတ်ကူးနဲ့ ကိတ်မုန့်အိမ်လေး ပုံဖော်ကြည့်ရတာအမောပေါ့၊ နောက်တော့ မေမေ့ဆီမှာ အသုံးအဆောင် ပစ္စည်းတွေအကုန်ပါတဲ့အင်္ဂလိပ်စာအုပ်ကြီးတစ်အုပ် ရောက်လာတယ်၊ တကယ်က အင်္ကျီပုံစံတွေကြည့်ချင်လို့ပါ၊ မေမေက အကျီလည်းချုပ်တတ်တယ်၊ အနောက်တိုင်းဂါဝန်ပုံလှလှလေးတွေ သမီးတွေ ချုပ်ပေးချင်တော့ အဲဒီစာအုပ်ကြီးဝယ်လာတာတဲ့၊ ဘယ်က၀ယ်လာလဲတော့ မသိပါဘူး၊ အဲဒီ အင်္ဂလိပ်စာအုပ်ထူကြီးရလာတဲ့နေ့က ပုံလှလှလေးတွေကြည့်ပြီး ထမင်းဟင်းမေ့ ပျော်နေခဲ့တာ မှတ်မိပါသေးရဲ့၊ စာရွက်တွေ တစ်ရွက်ချင်း တစ်ရွက်ချင်း ... သေချာလှန်ကြည့်နေရင်း တစ်နေရာရောက်တော့ ကိတ်မုန့်အိမ်ပုံလေးတွေ့လိုက်ရတယ်၊ အိုး ပျော်လိုက်တာ၊ အနားမှာလည်း အဖွားအိုကြီးတစ်ယောက်ပုံ၊ ပြီးတော့ ကလေးလေး ၂ ယောက်ပုံလည်းတွေ့တယ်၊ သေချာပြီပေါ့၊ ဒါ ဟန်ဆဲလ်နဲ့ ဂရဲတဲလ်ပဲ၊ မေမေ့ကို ချက်ချင်းပြေးပြီးမေးမိခဲ့တယ်၊ “မေမေရေ ဒါ ဟန်ဆဲလ်နဲ့ ဂရဲတဲလ်လား၊ ဒါကရော ကိတ်မုန့်အိမ်လေးလား၊ ဟုတ်လားမေမေ” လို့ မေးခဲ့တယ်၊ မေမေ က “အိုး .. ဟုတ်ပါရဲ့ .. ဒါလေးက ဟဲန်ဆဲလ်လေးပေါ့၊ သူက ဂရဲတဲလ်လေး၊ ဒါ စုန်းမကြီးပေါ့၊ မေမေပြောတဲ့စုန်းမကြီးပုံစံနဲ့ တူရဲ့လား” လို့ မေမေက ပြန်မေးတယ်၊ ကျွန်မကတော့ “သိပ်တူတာပဲပေါ့၊ စာအုပ်ထဲမှာတော့ သမီးထင်ထားတာထက် အရပ်ကပုနေတယ်” လို့ ပြန်နောက်မိတယ်၊ စာအုပ်ကြီးထဲမှာက ကတွန်းရုပ်ပုံစံလေးတွေကိုး၊ မေမေပုံပြောတိုင်း ကိတ်မုန့်ဖုတ်တယ် ဆိုတာ ကြားရရင်လည်း သိပ်စိတ်ဝင်စားတာပဲ၊ ကျွန်မတို့ကကိတ်မုန့်ဆိုတာ ဆိုင်က၀ယ်စားကြတဲ့လူမျိုးတွေကိုး၊ ကိုယ်တိုင်မှ ကိတ်မုန့်ဖုတ်လေ့မရှိတာပဲနော်။

No comments: