Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 27, 2010

Let It Snow! Let It Snow! Let It Snow!

 

အကို“ရရ”က သီချင်းဆိုတာ အားကြီးဝါသနာပါတယ်၊ သူဆိုထားတဲ့ သီချင်းတွေ ခဏခဏပို့ပေးတတ်တယ်၊
ဂရေဟမ်၊ ၀ိုင်ဝိုင်းသီချင်းတွေ တခြားအဆိုတော်တွေရဲ့ သီချင်းတွေလည်းပါတယ်၊ အင်္ဂလိပ်သီချင်းတွေလည်းပါတယ်၊ ကိုယ်ကမအားတဲ့အခါ “ဘယ်သီချင်းက ဘယ်လိုကောင်းပါတယ်” ချီးမွမ်းဖို့ မေ့သွားတတ်တယ်၊ အိမ်မှာတော့ တစ်ခုခုလုပ်နေလည်း သူ့သီချင်းတွေ ဖွင့်နားထောင်ပါတယ်၊ ခဏခဏလည်းနားထောင်တယ်၊ ကြိုက်လည်းကြိုက်ပါတယ်၊ သူ့ကိုတော့ မပြောမိဘူး၊
သူက အဲဒါကို စိတ်ကောက်မယ်ထင်ပါတယ်၊
ဒီ ဖိုင်လေးနဲ့ သူ စိတ်ကောက်ပြေကောင်းပါရဲ့ ...
Let It Snow ကိုတော့ အကြိုက်ဆုံးပဲ

Oh the weather outside is frightful,
But the fire is so delightful,
And since we've no place to go,
Let It Snow! Let It Snow! Let It Snow!

It doesn't show signs of stopping,
And I've bought some corn for popping,
The lights are turned way down low,
Let It Snow! Let It Snow! Let It Snow!

When we finally kiss goodnight,
How I'll hate going out in the storm!
But if you'll really hold me tight,
All the way home I'll be warm.

The fire is slowly dying,
And, my dear, we're still good-bying,
But as long as you love me so,
Let It Snow! Let It Snow! Let It Snow! 

မြန်မာနိုင်ငံရော၊ နိုင်ငံတိုင်း အေးအေးချမ်းချမ်းရှိကြပါစေ
ဆုတောင်းပါတယ်။

Friday, October 22, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ ( အရိယာဒ့်နဲ့ချည်မျှင်)

ပုံပြင် ၉

ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ချည်မျှင်”  တဲ့

ဂရိပုံပြင်ထဲက ခရိတ်ကျွန်း(Kait)မှာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ ရဲတိုက်ကြီးအနီးမှာ ရွာတစ်ရွာရှိတယ်တဲ့၊ အဲဒီရွာက လူတွေဟာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးကို သိပ်ပြီးကြောက်လန့်နေကြရတယ်၊ လာဘရင့်လို့ အသံထွက်ပြီး မပြောရဲလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြတယ်တဲ့၊ အဲဒီရဲတိုက်ကြီး က လူတိုင်းအတွက် အင်မတန်အန္တရာယ်ကြီးတယ်၊ ရဲတိုက်ထဲများရောက်လိုက်ပြီဆို အပြင်ပြန်ပြီးထွက်လို့ မလွယ်အောင် လမ်းသွယ်တွေအမျိုးမျိုးရှိတယ်၊ အတွင်းမှာ ၀င်္ကပါကြီးရှိတယ်၊ လာဘရင့်ရဲတိုက်ကြီးကို ပိုင်ဆိုင်တဲ့သူက လူစင်စစ်မဟုတ်ဘူး၊ မီနိုတားရ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ နွားရိုင်းတစ်ပိုင်း သတ္တ၀ါကြီးတဲ့၊ လူစင်စစ်မဟုတ်လို့လည်း ရွာသားတွေအားလုံးက ကြောက်လန့်နေကြရတာပေါ့၊ ကိုယ်ခန္ဓာကတော့ လူအတိုင်းပါပဲ၊ ခြေလက်တွေက ပုံမှန်လူသားလိုပဲ၊ ဦးခေါင်းကြီးကသာ နွားရိုင်းကြီးရဲ့ ဦးခေါင်းအကြီးကြီးနဲ့ ကြောက်စရာသိပ်ကောင်းတယ်တဲ့၊ ရဲတိုက်ထဲကနေများ သူ ဟိန်း ဟောက်လိုက်ပြီဆို ရွာသားတွေခမြာ ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်ကြတယ်၊ အိမ်ထဲမှာ ပုန်းပြီးနေကြရတယ်၊ သူ့ကိုလည်း အခွန်မှန်မှန် ပေးရသေးတယ်ဆိုပဲ၊ အခွန်အခကလည်း တယ်ပြီး ကြီးတယ်တဲ့၊ အဖိုးတန်ရွှေတွေနဲ့ လူတွေပါ ပေးရသတဲ့၊ ရွှေကိုယူတယ် လူတွေကိုတော့ ကိုက်ဝါးစားသောက်ပစ်တာပေါ့။

ပုံပြင်ထဲက ကျွန်မတို့တွေ (ပုတ်သင်ညိုလေးနဲ့ အသုံးမ၀င်တဲ့ရတနာ)

ပုံပြင် ၈

တစ်ခါက ရွာတစ်ရွာမှာ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးရှိတယ်၊ အဲဒီရွာလေးမှာက အများစုကဆင်းရဲကြတယ်တဲ့၊ ဘုန်းတော်ကြီးက သူတတ်နိုင်သလောက် ရွာသူရွာသားတွေကို နေ့တိုင်း ပေါင်မုန့်တွေ ဝေငှပေးကမ်းတာပေါ့၊ ဒီလိုနဲ့ တစ်နေ့ကျတော့ အ၀တ်အစားနွမ်းနွမ်းလျလျ ၀တ်ထားတဲ့ ရွာသားတစ်ဦးက ဘုန်းတော်ကြီးအရှေ့ရောက်လာပြီး ခြေအစုံရပ်လို့ “အကူအညီတောင်းပါရစေ ဘုန်းတော်ကြီးခင်ဗျား” လို့ ပြောသတဲ့၊ ဘုန်းတော်ကြီးက ပြောပါပေါ့၊ အဲဒီ ရွာသားက “ကျွန်တော်က ဂျုံစိုက်တဲ့သူတစ်ဦးပါ ဒီနှစ်မှာ ဂျုံစိုက်ခင်းတွေလည်း မအောင်မြင်၊ အိမ်မှာကလည်း ကျွန်တော့်မိန်းမက ဖျားနာနေပါတယ်၊ ကျွန်တော်တို့ရဲ့ ကလေးတွေလည်း စားစရာ ပေါင်မုန့်၊ နွားနို့မရှိတာနဲ့ ဒီလိုသာဆိုရင် ကျွန်တော်တို့ ငတ်ပြီး သေရပါတော့မယ်၊ ဘုန်းတော်ကြီး ကူညီပါဦး” လို့ ငိုကြွေးပြီးပြောတယ်၊ ဘုန်းတော်ကြီးက အေးဆေးဆေးဆေးပါပဲ၊ အနီးအနား လမ်းပေါ်မှာသွားနေတဲ့ ပုတ်သင်ညိုတစ်ကောင်ကို ကောက်ယူလိုက်ပြီး အဲဒီရွာသားရဲ့ လက်ဝါးကိုတင်ပေးလိုက်တယ်တဲ့၊ ပုတ်သင်ညိုလေးက ချက်ချင်းပဲ အဖိုးတန်ကျောက်မျက်ရတနာဖြစ်သွားတယ်၊ ဘုန်းတော်ကြီးက ပြောရှာတယ်၊ အဲဒီ ရတနာကိုထုခွဲရောင်းချပြီး လိုသလို သုံးချည်ပါ လို့ ပြောပြီးပေးလိုက်တယ်တဲ့၊ ရွာသားလေးလည်း ၀မ်းသာအားရနဲ့ ချက်ချင်းထုခွဲရောင်းချပြီး ပေါင်မုန့်တွေ နွားနို့တွေဝယ်ခြမ်းတယ်၊ ဆရာဝန်တစ်ဦးကိုလည်း အမြန်ပင့်ပြီး အိမ်ကို အပြေးပြန်တာပေါ့၊ “သားတို့ သမီးတို့ရေ ဟောဒီမှာ အဖေ ပေါင်မုန့်ရလာပြီကွဲ့၊ မိန်းမရေ ငါတော့ ဆရာဝန် ပင့်လာတယ်ကွဲ့၊ မင်း .. နေကောင်းတော့မကွဲ့” လို့ ၀မ်းသာအားရ ပြောရှာတာပေါ့၊ ကလေးတွေလည်း ဆာလောင်မွတ်သိပ်စွာနဲ့ စားကြသောက်ကြ၊ မိန်းမလည်း နောက်တော့နေကောင်းသွားတယ်တဲ့၊ ကျန်တဲ့ ငွေကြေးတွေကိုလည်း နွားတွေ၊ ဆိတ်တွေဝယ်၊ ဂျုံစေ့တွေထပ်ဝယ်လို့ ဂျုံပင်တွေ စိုက်ကြပျိုးကြနဲ့ အလုပ်ကြိုးကြိုးစားစား လုပ်ကိုင်ကြတယ်။

Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး)

နဲရှောပြောပြတဲ့ “ငှက်တောင်သုံးချောင်းနဲ့ မိုင်းတူးသမားလေး”

ရွာတစ်ရွာမှာ မိုင်းတူးသမားလေးတစ်ယောက်ရှိရောတဲ့၊ သူ့မှာ မိဘတွေကမရှိကြတော့ဘူး။ အဖွားနဲ့ပဲ နေတယ်တဲ့၊ (ဘာလို့မိဘတွေမရှိတော့တာလည်း မမေးတော့ပါဘူး၊ ပုံပြင်ရှေ့ကိုမရောက်မှာစိုးလို့) အဖွားနဲ့ မိုင်းသမားလေးက သိပ်ပြီး ဆင်းရဲကြတယ်၊ သူတို့ရဲ့ အိမ်ဆိုတာကလည်း လုံလုံခြုံခြုံကြီးမဟုတ်ဘူး။ အဲဒီရွာလေးမှာ နေနေကျမို့လိုသာပဲ၊ မိုင်းသမားလေးက တစ်နေကုန် အိမ်နဲ့ ခပ်ဝေးဝေး မိုင်းတွင်းကိုသွားရပြီး ညနေမိုးစုပ်စုပ်ချုပ်မှ အိမ်ကိုပြန်ရတယ်။ မိုင်းသမားလေးက ဆင်းရဲလွန်းလှပေမဲ့ အင်မတန်ရိုးသားတယ်။ အဖွားကိုလည်း သိပ်ချစ်ရှာတာ၊ အဖွားကလည်း မြေးလေးကို သိပ်ဂရုစိုက်တာပဲ၊ မိုင်းတူးသမားလေးမှာ သူ့လိုပဲ ပိုက်ဆံမရှိပဲ ရိုးသားတဲ့မိန်းကလေးတစ်ယောက်နဲ့လည်း ချစ်ကြိုက်နေသတဲ့။ ဒါပေမဲ့ သူတို့က လက်မထပ်နိုင်ကြသေးဘူး၊ နေစရာကလည်းအဆင်မပြေကြဘူး၊ ငါတို့တွေ ပိုက်ဆံစုကြဦးစိုရဲ့လို့ နှစ်ဦးသား သဘောတူ ပိုက်ဆံစုနေကြတဲ့အချိန်ပေါ့၊ တစ်နေ့တော့ မိုင်းသမားလေး မိုင်းတွင်းအလုပ်မှာ ရှိနေတဲ့အချိန် အဖွားက အိမ်မှာဆုံးပါးသွားရော၊ အဖွားရှိနေတုန်းကတော့ အိမ်နီးချင်းတွေက သိနေတော့ ဘာမှမလုပ်ကြပေမဲ့ အဖွားလည်း  အသက်မရှိတော့ဘူးလည်းဆိုရော၊ အိမ်နီးချင်းတွေက ရှိသမျှပစ္စည်းတွေ အကုန်သယ်မကုန်ကြတယ်။ မိုင်းသမားလေးလည်း ညမိုးချုပ်အလုပ်ပြီးလို့ အိမ်လည်းပြန်လာပါလေရော .. အိမ်မှာ ပစ္စည်းတွေ ဘာတစ်ခုမှမရှိတော့ဘူး အဖွားကလည်း အိပ်ယာလေးထဲမှာ အသက်ပျောက်နေရှာပြီ။ မိုင်းသမားလေးက ပူဆွေးသောကရောက်ပြီး ငိုကြွေးမိပေမဲ့ ဘယ်သူ့ကို အပြစ်ဆိုရမှန်းလည်း မသိတော့ဘူးတဲ့၊ အိမ်နီးချင်းတွေကလည်း မသိချင်ယောင်ဆောင်နေကြတယ်။ နောက်ဆုံး အဖွားရဲ့ ခေါင်းအုံးအောက်က ငှက်တောင်လေး ၃ တောင်ကိုတွေ့သတဲ့၊ အဖွားကိုသိပ်ချစ်တော့ အဖွား အမြတ်တနိုးသိမ်းထားတဲ့ ငှက်တောင်လေးတွေကို မိုင်းတူးသမားလေးက တယုတယကိုင်တွယ်ပြီး သူ့ရဲ့ ဦးထုပ်လေးထဲ ထိုးစိုက်ထားလိုက်တယ်။ ပြီးတော့ အဖွားကို ကောင်းမွန်စွာ သဂြိုဟ်ရတာပေါ့၊ အစကတည်းက ဆင်းရဲလွန်းတဲ့မိုင်းသမားလေးခမြာ ခုဆို ဘာတစ်ခုမှကို မရှိတော့တဲ့ဘ၀မှာ သူ့ရဲ့ချစ်တဲ့သူလေးနဲ့ လက်ထပ်ရဖို့လည်းဝေးရပြီ ဆိုပြီး အဲ့ဒီအတွက်လည်း ၀မ်းနည်းနေခဲ့တယ်။ ဒါပေမဲ့လည်း ရိုးသားကြိုးစားလိုတဲ့ လူငယ်လေးက နောက်တစ်နေ့မှာတော့ ပူဆွေးသောကတွေမေ့ဖျောက်ပြီး မနက်စောစောထ၊ အလုပ်သွားဖို့ ပြင်ရတော့တာပေါ့၊ အလုပ်ကိုပုံမှန်သွားခဲ့တယ်။

ပုံပြင်ထဲက ကျွန်မတို့တွေ (ဒုတ်ထောက်မင်းသား)

ပုံပြင် ၆

ဖေဖေ့ရဲ့ “ဒုတ်ထောက်မင်းသား ပုံပြင်”


ရှေးရှေးတုံးက  တက္ကသိုလ်ပြည်မှာ အတိုင်းတိုင်း အပြည်ပြည်က ရောက်လာကြတဲ့ မင်းညီမင်းသားတွေကို မင်းတို့ တတ်အပ်တဲ့ အဋ္ဌာရဿ (၁၈)ပါး သင်ကြားပေးတဲ့ ဒီဿာပါမောက္ခဆရာကြီးတဦးရှိတယ်တဲ့၊ သူ့ မှာ ကောင်းခြင်းငါးဖြာ  ကြန်အင်လက္ခဏာနဲ့ ပြည့်စုံတဲ့ သမီးတော် တစ်ပါးလည်း ရှိသတဲ့၊ နက္ခတ်အလိုအရရော၊ ဇာတာအလိုအရပါ  မိဖုရားကြီးတစ်ပါးဖြစ်မယ်ဆိုတာ ယုံကြည်ထားတဲ့အတွက် သမီးတော်ကို မင်းသား တစ်ပါးပါးနဲ့ လက်ထပ်ထိမ်းမြားပေးလိုတဲ့ ဆန္ဒလည်းသူ့မှာရှိတယ်၊ ပညာသင်နှစ်ကုန်ဆုံးလို့ ပြည်တော်ပြန်ကာနီးမှာ ဆရာကြီးက မင်းညီမင်းသားများအားလုံး ရှေ့တော်မှာစုရုံးစေပြီး  ကြေညာချက်တစ်ရပ် ထုတ်ပြန်သတဲ့၊ အဲ့ဒီကြေညာချက်က ငါ့သမီးတော်ကို အလိုရှိသူ ဘယ်မင်းသားမဆို  ဓါးလှံလက်နက်သားရဲတွင်းထဲ ခုန်ဆင်းနိုင်စွမ်းရှိရင်  လက်ထပ်ထိမ်းမြားပေးစားမယ် ဆိုတာပါပဲ။

ပုံပြင်ထဲက ကျွန်မတို့တွေ (မြွေမင်းသား)

 ပုံပြင် ၅

ပြီးတော့ မြွေမင်းသားပုံပြင်ပေါ့၊ ဒီပုံပြင်လေးကိုလည်း မေမေ ခဏခဏပြောပြရတာပါပဲ၊

ရှေးရှေးတုံးက  ရွာတစ်ရွာမှာ ခ၀ါသည် အဖိုးကြီးအဖွားကြီး နှစ်ယောက်ရှိသတဲ့၊ သူတို့မှာ မကြီး မလတ် မထွေးလေးဆိုပြီး သမီး ၃ ယောက်ရှိသတဲ့၊ သူတို့နှစ်ဦးဟာ နေ့စဉ် နေ့တိုင်း  မြစ်ဆိပ်ကို အ၀တ်လျှော်ထွက်ရသတဲ့၊ တစ်နေ့တော့  သူတို့နှစ်ဦး မြစ်ထဲမှာ အ၀တ်လျှော်နေတုန်း ရေထဲမှာ .. သဖန်းခိုင်ကြီးတစ်ခိုင် မျောလာတာကိုး၊ အဖွားက “အဖိုးရယ် .. ဆင်းဆယ်လိုက်ပါ” ဆိုတော့ အဖိုးက ထုံပေပေနဲ့  ငြိမ်နေသတဲ့၊ ဒါနဲ့ စိတ်မရှည်တဲ့ အဖွားက ဗြတ် .. ဗြတ် .. နဲ့ ဆင်းဆယ်လိုက်တော့  သဖန်းသီးခိုင်ကြီး လက်ထဲ ပါလာတာပေါ့၊ သဖန်းသီးကြီးတွေက ၀င်းအိနေတာပဲ တဲ့၊ အိမ်ရောက်မှ သမီးတွေကို ကျွေးရမယ် ဆိုပြီး   အဖွားက တစ်လုံး ဆွတ်မြည်းလိုက်တယ်၊ “အဖိုးရယ် .. ချိုလှချည်ရဲ့ .. ရော့ .. တစ်လုံး၊ မြည်းကြည့်စမ်း” ဆိုပြီး ပေးသတဲ့၊ အဖိုးလဲ ချို လှ .. ချို လှနဲ့  စားလို့တစ်ခိုင်လည်းကုန်ရော ဗြုန်းဆို ရေထဲက မြွေကြီးတကောင် ဧရာမကြီး ရေကူးလိုက်လာတာမြင်ရောတဲ့၊ ဒါနဲ့ အဖိုးရော အဖွားရော အ၀တ်တွေ ကပြာကရာ စုထုပ်ပြီး အမြန် အိမ်ပြန်ပြေးကြတာပေါ့၊ မြွေကြီးက သူတို့နှစ်ဦးကို မဲ လိုက်နေတယ်ဆိုတာ သူတို့ သိနေတာကိုး၊ မြွေကြီးကလိုက် သူတို့က ပြေး  နဲ့ တော်တော် အဝေးရောက်တော့  သစ်ငုတ်တိုတစ်ခု နဲ့ တွေ့ သတဲ့၊ ဒါနဲ့ အဖိုးက “သစ်ငုတ်တိုကြီးရယ် မြွေကြီးများလိုက်လာရင် ကျုပ်တို့  ဒီလမ်းက သွားတယ်လို့ မပြောလိုက်ပါနဲ့၊ ရော့ နင်စားဖို့  သဖန်းသီးတစ်လုံး” လို့ ပေးလဲ ပေး ပြေးလဲ ပြေးကြတာပေါ့၊ ရှေ့မှာတစ်ခါ တွေ့တဲ့ သူတိုင်းကို သဖန်းသီး တစ်လုံးကျပေးရင်း သူတို့ ဒီလမ်းက မသွားဘူးဆိုတာပြောဖို့ မှာခဲ့တာပေါ့၊ ဒါနဲ့ သူတို့ အိမ်ကိုရောက်တော့ သမီး ၃ ယောက်ကိုခေါ်ပြီး ဝေစားဖို့ ပြောရင်း သဖန်းခိုင်ကြီးကိုပေးသတဲ့၊ မကြီး၊ မလတ်နဲ့  မထွေးလေးတို့လည်း ပျော်ပျော်ပါးပါး စားနေကြတာပေါ့၊ သဖန်းသီးကလည်း သိပ်ချိုတာကိုး၊

ပုံပြင်ထဲက ကျွန်မတို့တွေ (မောင်နီနဲ့မစီ)

ပုံပြင် ၎

နောက်ပြီး မောင်နီနဲ့မစီပုံပြင် .. ကြေးဖလားလေးခေါင်းဆောင်းတာဆို ခဏခဏအမှတ်ရမိတယ်၊ သနားလည်း သနားလို့၊ မောင်နီလေးက နဂါးလေးဖြစ်သွားရှာတာ ...

“နှမမုံ့ရောင်း မောင်မုံ့ထောင်း။ ကြေးဖလားလေးဆောင်း”  တဲ့၊ အဲဒီလို မေမေက သီချင်းလေးလို ရွတ်ပြတတ်သေးတယ်၊ ဟိုး ..  ရှေးရှေးတုံးက  ရွာတရွာမှာ အဖိုး အဖွား  ဇနီးမောင်နှံ ၂ ယောက် ရှိကြတယ်၊ သူတို့ မှာအရွယ်မရောက်သေးတဲ့ မောင်နီဆိုတဲ့ သားတစ်ယောက်နဲ့ မစီဆိုတဲ့ သမီးတစ်ယောက်လည်းရှိတယ်၊ တစ်နေ့မှာ မမျှော်လင့်ပဲဇနီးဖြစ်သူ ကွယ်လွန်သွားပါတယ်၊ ကလေး ၂ယောက်နဲ့  ကျန်ရစ်ခဲ့ရာမှာ  အလုပ်အကျွေးပြုစုမယ့် သူလိုနေတာကြောင့် နောက်အိမ်ထောင် ထူထောင်လိုက်ပါရော ကွယ်၊ နောက်မိန်းမက ကလေးနှစ်ယောက်ကို မကြည်ဖြူနိုင်ပါဘူး .. တဲ့၊ အမြဲပဲ တကျီကျီနဲ့၊ တောထဲ သွားစွန့်ပစ်ဖို့ ဆူဆူပူပူလုပ်လိုက်၊ ချော့ချော့မော့မော့ ပြောလိုက်နဲ့ တိုက်တွန်ုး  နားသွင်းနေလေ့ရှိတယ်၊ အဲဒါနဲ့ အဖိုးလည်း စိတ်ပေါက်ပေါက်နဲ့ ခလေးနှစ်ယောက်ကို လှည့်ဖျားခေါ်သွားပြီး ... တောထဲရောက်တော့ “သားတို့  သမီးတို့  ဒီမှာ နားနေကြအုံး .. ခဏနေရင် လာခေါ်မယ်” ဆိုပြီး သူ့မိန်းမရှိရာ အိမ်ကို ပြန်ပြေးပါလေရော၊ မိုးချုပ်ခါနီးတဲ့ တိုင်အောင် လာမခေါ်တော့ မောင်လုပ်သူက ကြောက်လာတာပေါ့၊

ပုံပြင်ထဲက ကျွန်မတို့တွေ (ဟန်ဆဲလ် နဲ့ ဂရဲတဲလ်)

ပုံပြင် ၃

မေမေပြောပြတဲ့ ဟန်ဆဲလ် နဲ့ ဂရဲတဲလ် ...

ဟိုရှေးရှေးတုံးက ..
တောရွာလေးတရွာမှာ အဖေရယ် အမေရယ်  သားလေး Hansel ရယ် သမီးလေး   Gretelရယ်ရှိကြတယ်ကွဲ့၊ အော်... အခုပြောပြမှာက ပြဇာတ်ကွဲ့၊ (အဲဒီတုန်းက မေမေက သူ .. ငယ်ငယ်က သင်ခဲ့တဲ့ ပြဇာတ်တိုလေးတွေကို အပိုင်းလိုက်ပြောပြခဲ့တာ)၊ မေမေ ငယ်ငယ်က  Wesley ကျောင်းမှာနေစဉ် သင်ရတဲ့  reader 1 လား  2 လား  မမှတ်မိတော့ဘူး၊  စာအုပ်ထဲ က  ပြဇာတ်တိုလေးပေါ့။ Hansel & Gretel  တဲ့၊ (အဲဒီလိုလဲ ရှင်းပြခဲ့သေးတယ်)

အဲဒါနဲ့ ပြောရရင် ပြကွက် ( ၁) ဟန်ဆဲလ်တို့ အမေက မီးဖိုနားမှာ ခုံကလေးနဲ့ ထိုင်ပြီး အပ်ချုပ်နေတယ်၊  ဟန်ဆဲလ် က ပြတင်းပေါက်ကနေ အပြင်ကို မျှော်ကြည့်နေတယ်၊ ဂရဲတဲလ်က တယောက်တည်း လှည့်ပတ်ကနေရာကနေ  “မောင်လေးရေ  မမနဲ့  လာကပါလား၊ ပျော်စရာပါကွယ် လာပါ”  လို့ ခေါ်နေတာကိုး၊ ဟန်ဆဲလ်လည်း သူ့အမကိုကြည့်ရင်း စိတ်ပါလာတာနဲ့  .. ”အေးပါ မမရဲ့  ကမှာပေါ့” ဆိုပြီး  အပြေးကလေး တွဲကတော့တာပေါ့။

ပုံပြင်ထဲက ကျွန်မတို့တွေ (ရွှေယုန်ရွှေကျား)

ပုံပြင် ၂

နောက်ပုံပြင်တစ်ပုဒ်က ရွှေယုန်ရွှေကျားပါ၊
ရှေးရှေးတုံးက  ရွှေယုန်နဲ့ ရွှေကျား ဆိုတဲ့ သူငယ်ချင်း အကောင် ၂ကောင်ရှိကြတယ် တဲ့၊   ရွှေယုန်က ပညာဥာဏ်အမျှော်အမြင်ကြီးပြီး ကောက်ကျစ်တဲ့ စိတ်ရှိတယ်၊ ရွှေကျားကြီးကတော့ သိပ်ရိုး သိပ်အ သတဲ့၊ သူက ဘာမှ မစဉ်းစားဘူး၊  သူများပြောတိုင်း ယုံတတ်တယ်၊ တစ်နေ့တော့ ....ရွှေယုန်နဲ့  ရွှေကျား တို့ နှစ်ကောင်သား လမ်းမှာဆုံကြသတဲ့၊ ဒီတော့ “မိတ်ဆွေ ယုန်ကလေးရေ... အသင် ဘယ်ကိုများသွားမလို့ လဲ” လို့ နှုတ်ဆက်မေးမြန်းသတဲ့၊ ဒီအခါမှာ  အလွန်အကြံကြီးပြီး သူတပါးကို ချလေ့ရှိတဲ့ ရွှေယုန်က   “သက်ကယ်ရိတ်သွားမလို့၊ မိတ်ဆွေ ကျားကြီးရေ ... လိုက်ခဲ့ပါလားဗျ” လို့ သွေးဆောင်ခေါ်ငင်သတဲ့၊ ရွေှ့ကျားလဲ  မနေသာပဲ လိုက်ရတာပေါ့၊  ထမင်းထုပ်ကလေးတွေ ကိုယ်စီနဲ့ပေါ၊ သက်ကယ်ရိတ်ထွက်လာကြရော ဆိုပါတော့၊  ဒါနဲ့  သက်ကယ်တောထဲ ရောက်ရော၊ ရွှေကျားကတော့  နေမပူခင် အလုပ်ပီးအောင်ဆိုပီး ကြိုးကြိုးစားစား လုပ်သတဲ့၊ ထမင်းလဲ မစားသေးဘူး၊ အထုပ်ကလေးဘေးမှာချပီး သက်ကယ်ရိတ်နေတာကွဲ့၊ ရွှေယုန်ကတော့  ဘယ်ဒီလိုဟုတ်မလဲ၊ သူ့ကိုယ်သူ ပညာရှိဆိုပီးတော့  ရွှေကျားအပေါ်  အမြဲ အသာစီးယူတယ်၊ နောက်ပီး ထမင်းထုပ်တွေဖြည်စားတော့တာပဲ၊ ရွှေကျားအထုပ်ကိုပါ ပြောင်သလင်းခါအောင်စားတာ၊ စားပြီး ရွှေကျားထမင်းထုပ်ထဲကို  နောက်ချေးတွေရယ်  သလဲ တွေရယ် ထည့်ထားသတဲ့၊ ထည့်ပြီး  နောက်ကျရင် နောက်ချေးနဲ့ သလဲပဲ စားရမယ်ဗျို့ လို့  အော်ဟစ်ပြောလိုက်သေးတာကွဲ့ ၊ ရွှေကျားတို့ အ ပုံများ .. ရွှေယုန်က သူ့ ကို ကျီစယ်တယ်ထင်နေတာ။

ပုံပြင်ထဲက ကျွန်မတို့တွေ (လိပ်ကမ္ဘာမကြီး)

ပုံပြင် ၁

ကျွန်မငယ်ငယ်က ပုံပြင်တွေနားထောင်ရတာ သိပ်ကြိုက်ပါတယ်၊ ကျွန်မမေမေ က ပုံပြောသိပ်ကောင်းတယ်၊ အဲဒီတုန်းက ကျွန်မက ပုံပြင်နားထောင်သူပေါ့၊ နောက်တော့ ကျွန်မမှာ တူလေးတစ်ယောက်ရလာခဲ့တယ်၊ တူလေးအတွက်တော့ ကျွန်မက ပုံပြင်ပြောတဲ့သူ ဖြစ်သွားပြန်ရော၊ ကျွန်မပြောတဲ့ ပုံပြင်တွေက မေမေပြောပြဖူးတဲ့ ဖားမရုပ်ဆိုးလေး၊ မြွှေမင်းသား၊ မောင်နီ မစီ၊ လိပ်ကမ္ဘာမကြီး အဲဒီပုံပြင်တွေတော့ မဟုတ်ပါဘူး၊ ကျွန်မက တူလေးကြိုက်တဲ့ စူပါမင်း၅ယောက်ကို၊ ကာတွန်းအောင်ရှိန် ဇာတ်ကောင် တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ ကိုပူစီ၊ မောင်စူပါ၊ ဦးစိတ်တို မျောက်ညို၊ သူတို့ တွေအားလုံးနဲ့ ပေါင်းပြီး ကြုံသလိုဇာတ်လမ်းဆင်ပြောပြလိုက်တာ၊ တူလေးက ရယ်စရာ အင်မတန်ကြိုက်တယ်၊ ကျွန်မလိုပဲ ဂြိုဟ်သားတွေ ပန်းကန်ပြားပျံတွေလည်း သိပ်ကြိုက်တယ်၊ အဲဒါတွေအကုန်လုံးကို ပေါင်းထည့်ပြီး ရယ်စရာဖြစ်အောင်ပြောရတာပါပဲ၊ “ဟိုးရှေးရှေးတုန်းက ရှေးရှေးကြီးတစ်ကောင်ရှိတယ်”  လို့ စပြောတာနဲ့၊ တူလေးက “အန်တီပကလည်း လုပ်ပြီ” ဆိုပြီး တခွီးခွီးရယ်တော့တာ၊ ကျွန်မက လျှောက်ပြောလည်း တူလေးကတော့ သဘောတွေကျ၊ အိပ်ရာဝင်ခါနီး မအိပ်နိုင်ပဲ တခွိခွိလုပ်နေလို့ တူလေး မေမေက “သားလေး အိပ်တော၊့ အိပ်တော့” လို့ သတိပေးရတဲ့ ညတွေလည်းမနည်းပါဘူး၊ တူလေးနဲ့ ပုံပြောပြဖူးတဲ့ ညတွေအကြောင်းပြန်စဉ်းစားမိတော့ ကျွန်မနားထောင်ခဲ့ရဖူးတဲ့ မေမေ့ရဲ့ပုံပြင်ပြောတဲ့ညတွေဆီကို အတွေးတွေက ရောက်သွားလိုက်တာ ...

Friday, October 15, 2010

တော်လှန်ရေးသမား၊ အကြမ်းဖက်သမား .. ဘယ်လိုကွာခြား

တော်လှန်ရေးသမားတစ်ဦးနဲ့ အကြမ်းဖက်သမားတစ်ဦးရဲ့ကွာခြားချက်အစစ်အမှန်တွေကို လူနည်းနည်းကပဲ နားလည် ကြပါတယ်၊ ဖြစ်ရပ်တွေအများကြီးမှာ တော်လှန်ရေးသမားကို အကြမ်းဖက်သမားတစ်ယောက်လို့ တံဆိပ်တပ်လိုက်ကြ တယ်၊ အပြန်အလှန်အားဖြင့် အကြမ်းဖက်သမားကို တော်လှန်ရေးသမားလို့ ထင်မြင်ယူဆကြတယ်၊ တကယ်တမ်းမှာ အဲဒီအခေါ်အဝေါ်နှစ်ခုအချင်းချင်း ကွာခြားချက်ကဆန့်ကျင်ဘက်ပါ၊ တော်လှန်၊ အကြမ်းဖက် ဒီအမျိုးအစားနှစ်ခုလုံးရဲ့ လုပ်ဆောင်မှုတွေကိုအဆုံးအဖြတ်ပေးတဲ့ အခြေခံစည်းမျဉ်းတွေဟာ အင်မတန်ကွဲပြားနေကြပါတယ်။

ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ကြည့်မယ်ဆိုရင် အကြမ်းဖက်သမားတစ်ဦးဟာ တခြားလူတွေ၊ ဂိုဏ်း၊ အဖွဲ့အစည်း၊ အစိုးရတွေကို သူတို့ရဲ့ လူမှုရေး၊ နိုင်ငံရေးရည်မှန်းချက်တွေအတိုင်း လက်ခံလိုက်နာလာအောင် တရားဥပဒေနဲ့ မညီတဲ့ အားကိုသုံးမယ်၊ အကြမ်းဖက်တိုက်ခိုက်တယ်၊ အတင်းအဓမ္မတိုက်တွန်းတယ်၊ အကြမ်းဖက်သမားတစ်ဦးဟာ သူလက်ခံထားတဲ့အဆင့်ကိုရဖို့ လှုပ်ရှားမှုအမျိုးမျိုးထဲက နည်းတစ်ခုခုနဲ့ကြိုးစားတယ်၊ ကျုးလွန်တယ်၊ သူတို့ရဲ့ လှုပ်ရှားမှုတွေရဲ့အချိန်အများစုမှာ ဥပဒေကနေ ဆန့်ကျင်ဖောက်ထွက်နေကြတယ်။

Monday, October 11, 2010

အဓိကရုဏ်းဖန်တီးချင်သူတွေအတွက် ဆင်ခြေတစ်ခု (သို့မဟုတ်)ဂေးများရဲ့စီတန်းလှည့်လည်မှု

ခေတ်တွေ စနစ်တွေ နိုင်ငံတိုင်းမှာပြောင်းလဲလာကြတယ်၊ ပြောင်းလဲဖို့ကြိုးစားလာကြပါတယ်၊ လူတိုင်း ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသင့်ကြပါတယ်၊ တစ်ခုခုကို “ကြောက်လို့လုပ်ရခြင်း၊ ကြောက်လို့ မလုပ်ရခြင်းတွေက” ပြောင်းလဲလာတဲ့ ခေတ်မှီကမ္ဘာကြီးထဲမှာ မရှိသင့်တော့ပါဘူး၊ လူသားတွေမှာ ယောက်ျား၊ မိန်းမ၊ homosexual ဆိုတာတွေ ယေဘူယျ ရှိနေပါတယ်၊ နိုင်ငံတိုင်းမှာ ရှိနေကြတယ်၊ ဂေး(ယောက်ျားချင်းသာစိတ်ဝင်စားသူ)တွေလည်း လူပါပဲ၊ နောက် အမျိုးသမီးချင်းသာစိတ်ဝင်စားကြသူတွေ၊ သူတို့တွေဟာ တကယ်တမ်းတော့ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုရှိနေကြသူတွေပါ၊ သူတို့ရဲ့ ရပ်တည်မှုကို လူသားထဲက လူသားတွေ အဖြစ် အသိအမှတ်ပြုသင့်ကြပါတယ်၊ တန်းတူ အခွင့်အရေးပေးသင့်ကြပါတယ်၊ နောက်ဆုံး အသိအမှတ် မပြုချင်ရင်တောင်မှ ဆန့်ကျင်တိုက်ခိုက်ဖို့ မလုပ်သင့်ပါဘူး၊ တစ်ဦးတည်းအမြင်နဲ့ အသိအမှတ်မပြုချင်ရင် ကိုယ်တစ်ဦးတည်း အမြင်နဲ့ ကြိုက်သလို နေနိုင်ကြပါတယ်၊ ဒီမိုကရေစီဘက်ကို ခြေဦးလှည့်နေကြပါပြီဆိုတဲ့ နိုင်ငံတွေမှာတောင် သက်ဆိုင်ရာ အာဏာပိုင်အစိုးရက သူတို့တွေရဲ့ တည်ရှိမှုကိုတရားဝင် ခွင့်ပြုထားပေမဲ့ အစွန်းရောက်ဘာသာရေးသမားတွေနဲ့ တစ်ချို့ အကြမ်းဖက် တိုက်ခိုက်လိုသူတွေက ဆန့်ကျင်လိုကြတယ်၊ အောက်တိုဘာ ၁၀ရက်တနင်္ဂနွေနေ့မှာ ဆားရ်ဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ရဲ့ မြို့လည် City Center ရင်ပြင်တ၀ိုက် ဂေးများစီတန်းလှည့်လည်ခြင်း (ဂေးပရိတ်) ပြုလုပ်ခဲ့ကြတယ်၊ ဒီ စီတန်းလှည့်လည်မှုကို ဆန့်ကျင်တဲ့ဘာသာရေးအစွန်းရောက်လွန်းသူတွေနဲ့ မိသားစုတန်းဘိုးထားသူတွေက အန်တီဂေးပရိတ် တစ်ခုကိုလည်း စနေနေ့မှာတစ်ရက်စောပြီး ဆန့်ကျင်ဆန္ဒပြလိုက်တယ်။

“ဂေးတွေ မြို့ထဲ စီတန်းမလှည့်နိုင်ဘူး” တဲ့

Thursday, October 07, 2010

လမ်းပေါ်က အိမ်၊ အိမ်ထဲက ပိုင်ရှင်မဲ့ကျွန်တော်တို့


ဒီကောင်တွေက ခပ်ဆိုးဆိုးပါ၊ ကျွန်တော်လည်း လိမ္မာတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်ဆိုးတာထက် သူတို့က ပိုဆိုးတယ်၊ ကျွန်တော်ကတော့ လူ ဆိုတော့၊ “လူ”ဆိုး ဆိုးတယ်ပေါ့ဗျာ၊ သူတို့က ခွေးတွေ၊ လမ်းပေါ်ကခွေးတွေ၊ ဆိုတော့ “ခွေး”ဆိုး ဆိုးတယ်၊ ခွေးဆိုတဲ့ အတိုင်း ကိုက်တယ်၊ ဆွဲတယ်၊ ဟောင် တယ်၊ ၀ရုန်းသုန်းကားဖြစ်အောင်လုပ်တယ်၊ သူတို့ကို လူတွေကမုန်းကြတယ်၊ သူတို့ကိုမုန်းတဲ့သူတွေကို ကျွန်တော်ကမုန်းတယ်၊ သူတို့က ကျွန်တော်တို့ အားလုံးကိုမုန်းတယ်၊ ဒီလိုနဲ့ ကျွန်တော်တို့တွေ အမုန်းသံသရာနေ့ရက်တွေထဲ ဗရုတ်ဗရက်ဖြတ်သန်းနေကြတုန်းပဲ၊ ပြေးတဲ့အခါပြေးတယ်၊ လိုက်တဲ့အခါ လိုက်တယ်၊ ခြောက်တဲ့အခါခြောက်တယ်၊ ငေါက်တဲ့အခါငေါက်တယ်၊ တောက်ခေါက်တဲ့လူတွေ၊ တုတ်ဆွဲတဲ့သူတွေ၊ မျက်စိပြူးပြလေ့ရှိတဲ့ ပြူးပြူးပြဲပြဲလူတွေ၊ စက်သေနတ်ကကျည်တွေလွှတ်သလို စကားလုံးတွေ တဒုတ်ဒုတ် ပစ်လွှတ်တဲ့သူတွေ ဒီလိုလူတွေကို သူတို့ ခါးခါးသီးသီးမုန်းတယ်။

ဆုံမှတ်

ကမ္ဘာစိုးမင်း (Kabar Soe Min)ရဲ့ကဗျာလေးပါ၊ facebook မှာတင်ထားတာဖတ်ရရင်း သဘောကျလွန်းလို့ ပြန်ပြီး ဝေမျှပါတယ်။

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။
အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်

တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။

(ကမ္ဘာစိုးမင်း)

Tuesday, October 05, 2010

နောက်တစ်ကြိမ် ဖြူဖြူ့ကို စလို့မရတော့ဘူး


 စိတ်မကောင်းလိုက်တာ၊ ဖြူဖြူ ဒီနေ့ပဲ သေသွားပြီ၊
နောက်တစ်ကြိမ် စလို့လည်း မရတော့ပါဘူး၊
ညက တစ်ညလုံး အသံ အဆန်းနဲ့ အော်နေတာ၊ ကွီ ကွီနဲ့၊ ဆေးခန်းသွားပြတော့ အဆုတ်မကောင်းလို့၊ ကျွေးရမယ့်ဆေးတွေပေးလိုက်ပြီး အပြန်လမ်းမှာပဲ သေသွားတယ်။
RIP Phyu Phyu !!

ဖြူဖြူ မတိုင်ခင် နဲရှော တူလေးရဲ့ ခွေးမလေး မက်ဂီလည်း သေသွားပြန်တယ်၊ ခုတစ်လော သေခြင်းတရားတွေနဲ့တွေ့နေရတယ်၊ အကောင်ပလောင်လေးတွေရဲ့ သေခြင်းတရားတွေပေါ့၊
မက်ဂီ မသေခင်ရက်ပိုင်းကပဲ အခန်းထဲအိပ်ရာပေါ်တက်ဆော့နေလို့ ဓါတ်ပုံရိုက်ဖြစ်လိုက်သေးတယ်။
RIP Maggi !!


သေခြင်းတရားတွေ ခုတလောတွေ့နေရတာနဲ့ “ကျွန်တော်သေတဲ့အခါ” ဆိုပြီး ငါသေရင်တော့ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်နဲ့ လျှောက်ရေးခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်၊ တကယ်ကြီး အဲလို လုပ်ချင်မိပါတယ်၊ တကယ် သေရင်သာ ဘယ်လိုသေရမယ်မသိဘူး၊
ကျန်တဲ့သူတွေက ဘယ်လိုလုပ်ပေးကြမယ်တော့မသိနိုင်ဘူး။

ပိုစ့်အဟောင်းကို ဒီမှာ ပြန်တင်ပါတယ်၊ သေတာတွေ စုထားတဲ့ သဘောပေါ့။

ကျွန်တော်သေတဲ့အခါ

Monday, October 04, 2010

I have no choice - I hear ...your ... voice

~ I have no choice ~I hear your voice ~



Like a prayer နားထောင်တိုင်း၊ ပြန်ကြည့်တိုင်း ကြိုက်တုန်းပဲ၊ မက်ဒေါနားပဲကြိုက်ပါတယ်၊ Mad' House  Like a prayer  တော့ မကြိုက်ဘူး၊ မက်ဒေါနားလည်း အဖြူ၊ အမဲ သင့်မြတ်ရေး လုပ်ခဲ့တာပဲနော်၊ ဒါမှမဟုတ် ခွိုင်ယာဆိုရင် လူမဲ တွေက ပိုပြီး အဆိုကောင်းလို့ထင်တယ်။