Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 19, 2012

အန္တရယ်ကြားမှ အံ့ဘွယ်သူရဲ လွန်မြောက်ခြင်း

“ Hero of the Miracle Crash “  by  Dave Sanderson , RD oct 2009
(ခရီးသည် ဒေ့ဗ်ဆဲန် ဒါဆန်  ဟာ ဟဒ်ဆန်မြစ်ထဲ ထိုးကျသွားတဲ့ လေယာဉ်ပျက်ကနေ  အိမ်မက်ဆန်ဆန် အသက်မသေရှင်ကျန်ခဲ့ ရပုံ ကို  ခုလို စိတ်ဝင်စားဖွယ်  ပြောပြခဲ့တယ်။  )

ကျွန်တော်ဟာ လေကြောင်းခရီးမိုင်ပေါင်း ၁၆၀၀၀၀ ကီလိုမီတာ သွားရောက်ခဲ့ဖူးပါပြီ။ အဲဒီခရီးစဉ်အတွင်း တကြိမ်တခါမှ မကြုံ မဆုံဖူးသေးတဲ့ ခရီးစဉ်တစ်ခု ရှိခဲ့ပါတယ်။  ဖြစ်ရပုံက အလွန်ထူးခြားဆန်းကြယ်တဲ့အတွက် အမှတ်တရ ပြန်ပြောင်းပြောချင်နေတယ်။ ကျွန်တော်ဟာ   “အော်ရဲ ကဲလ်" က အရောင်းမန်နေဂျာတယောက် ဖြစ်ပါတယ်။   ဒီတော့  လေယာဉ်အမြဲ စီးရတယ်။ အလုပ်ချိန်သိမ်းလို့ အိမ်ပြန်ရင် လေယာဉ်က နောက်ကျတတ်တဲ့အခါရှိတယ်။  ဇန်န၀ါရီ ၅ရက်  က မြောက် ကာရိုလိုင်းနား ပြည်နယ်  ချားလော့ထ် ကို နယူးရော့ခ် ကနေ သွားဖို့ ကျွန်တော် ညနေ ၅ နာရီ လေယဉ်လက်မှတ် တင်ကြို ပြုလုပ်ခဲ့ပါတယ်။ ပစ္စည်းတွေကိုလည်း အဲဒီနေ့မနက် ၁၁နာရီခွဲလောက်ကတည်းက ထုပ်ပိုးသိမ်းဆည်းထားလိုက်တယ်။ ခရီးသွားဧဂျင်စီက ကွန်တော်တောင်းသလို မဟုတ်ပဲ၊ ၃.၂၅ လေယာဉ် ခရီးစဉ်၊ ယူအက်စ် လေကြောင်းလိုင်း အမှတ် ၁၅၄၉   နဲ့  လိုက်ပါနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒါကတော့ ကျွန်တော် ပုံမှန်အိမ်ပြန်နေကျ လေယာဉ်ပါပဲလေ။ ၁နာရီခွဲ နောက်ကျပြီးမှ  ကျွန်တော် မြေပြင်ကို ရောက်မှာဖြစ်တယ်။ ပြောရရင် ၂နာရီလောက် နောက်ကျပြီးမှ  ကျွန်တော့် ခလေးတွေနဲ့  ဇနီးသည်ကို တွေ့ ရမှာပါ။

ဖြစ်ချင်တော့...၊
ကျွန်တော်စီးတဲ့ လေယာဉ်က လေထဲမှာ. မိနစ်၉၀ လောက်ပဲ ပျံသန်းလိုက်ရသေးတယ်။ တစ်ခါတည်း ဘယ်ဘက်အင်ဂျင် က ပြဿနာ ဖြစ်လာပါရော။  ကျွန်တော် က  အဲဒီဘက်အခြမ်း ထိုင်ခုံ အမှတ် 15A  မှာ ထိုင်တာကိုးဗျ။ ရုတ်တရက်  မီးတောက်မီးလျှံကြီးနဲ့အတူ နားမခံနိုင်စရာ ပေါက်ကွဲသံကြီးက ဟိန်းထွက်လာတော့တယ်။ 


လေယာဉ်ကြီးက ကြောက်ခမန်းလိလိ တုန်ခါလှုပ်ရမ်းပြီးတော့ ပျံသန်းမှု စွမ်းအားတွေ ကုန်ခမ်းသွားပုံပါပဲ။ လေယာဉ် စီးခရီးသည်တွေခမြာ  ကျောက်ရုပ်ကြီးတွေလို့ ငြိမ်ကျပြီး ဘာလုပ်ကြရမယ် ဆိုတာ  ဘယ်သူမှ  မသိနိုင်ကြတော့ဘူး။  ၀ဲယာ ဟိုဘက် ဒီဘက် လှည့်ကြည့်၊ တစ်ဦးကို တစ်ဦး စူးစမ်းတဲ့မျက်နှာနဲ့ ကြည့်၊ ဘယ်သူ့ဘယ်သူကိုမှ အားကိုးရမှန်းမသိ  ဖြစ်နေကြပြီ။ ကျွန်တော်အထင် တောင်ပန်ဟာထခုခုနဲ့များ မတော်တဆ  ထိခိုက်ခဲ့သလားလို့။ ကျွန်တော်တို့  ဂျော့ဂ်ျဝါရှငိတန် တံတားကြီးကို ကျော်ဖြတ်ခဲ့ကြကြောင်း တစ်ယောက်ယောက် ပြောသံ ကြားရတယ်။ ကျွန်တော်တို့ လေယာဉ်ဟာ သိပ်ကိုမှ နိမ့်နိမ့်ကလေး ပျံသန်းလာတယ်တဲ့။  ဘုရားတဖို့ကိုတော့ ကျွန်တော် မမေ့ခဲ့ဘူ။ ကျွန်တော်တို့ လေယာဉ်ဟာ ခု အနိမ့်ပိုင်းမှာ ရှိနေတယ်။ ရေတွေကိုပဲ ထင်းထင်းကွင်းကွင်း မြင်နေရတယ်။ နယူရော့ခ်မြို့နောက်ခံနဲ့ ရှုခင်းရှုကွက်တွေက တဖြည်းဖြည်း နီးနီးလာတယ်။ ကျွန်တော် ထင်ပါတယ်။ လေယာဉ်မှူးဟာ  ဟဒ်ဆန်မြစ်ထဲ ကို ထိုးချလိုက်ပြီ လို့ ။ ထင်တဲ့အတိုင်းပါပဲ။

နောက် စက္ကန့် ၃၀ အကြာမှာတော့ လေယာဉ်မှူး က သူ့ ရဲ့  လေယာဉ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပြီ ဆိုတာ ကြေညာလိုက်ပါတယ်။ ဒီတော့မှ ကျွန်တော်လဲ သက်ပြင်းချလိုက်မိတယ်။ ကျွန်တော့ ပတ်လည်ဝေ့၀ဲကြည့်လိုက်တော့ တချို့ လက်ချင်းချိတ်လို့၊ တချို့ လဲပြိုလို့၊ တချို့ ဘုရားဝတ်ပြု ဆုတောင်း လို့။ အို .. ကျွန်တော်ကရော .. ကျွန်တော်ကလည်း သူတို့လိုပါပဲ။ ကြောက်ကြောက်လန့်လန့်နဲ့ ရှေ့ က ခုံကို အသေ ဖမ်းဆုပ်လို့တွတ်တွတ်  တွတ်တွတ် နဲ့ ဘုရား စာတွေ ရွတ်နေမိပါတယ်။ နောက်ထပ် ဆယ်မိနစ်အကြာမှာတော့ ကျွန်တော်တို့ အားလုံးရဲ့အသက်တွေ ဘေးမသီ ရန်မခ ရှင်ကျန်နေနိုင်ခဲ့တယ် ဆိုတာ  အာမခံနိုင်ပါပြီ။ ဒါဟာ အမှန်တော့ ဖြစ်နိုင်စရာမရှိတဲ့ အိမ်မက်ဆန်ဆန် ဒဏ္ဍာရီတခုပါပဲ ။

အံ့သြစရာက ရေ တွေ  ရေတွေ .. ကျွန်တော်တို့ ခြေမျက်စိမှာရှိနေတယ် ။ လူတွေက လေယာဉ်အတောင်ပံတွပေါ်  တိုးတက်နေတယ်။ ကျွန်တော်လဲ သူတို့လိုပဲ အတောင်ပံပ်ါကို တက်ရောက်နိုင်ဖို့ ကြိုးစားနေရပြီ။ ကျွန်တော့်နောက်မှာ တယောက်မှ မရှိတော့ပါဘူး။ ကျွန်တော့အနီး မှာတော့ အမျိုးသမီးတယောက် အမြင်မတော် ဖြစ်နေပါတယ်။ ကျွန်တော်က  “ခင်ဗျာ့ ပစ္စည်းတွေ ချပစ်ပါ  လက်လျော့ပါ"လို့ အတန်အတန်ပြောနေပါလျက်။ သူမက သူမရဲ့ ခရီးဆောင်အိပ်နဲ့လက်ဆွဲအိပ်ကို မနိုင်မနင်း သယ်ယူလာပြီး နောက်ဆုံး လူသွားလမ်းပေါ်လွှတ် ချလိုက်တယ် ။ ရေတွေက လူသွားလမ်းကို ဖုံးနေတာမို့ သူမရဲ့ ပစ္စည်းတွေဟာရေထဲ ကို ချော် ထွက်ကုန်တယ်။ အဲဒါကို ကျွန်တော် အပိုင် ရယူ ပေးခဲ့ပါတယ်။ ဒါပေမဲ့ ခက်ခက်ခဲခဲပါ။ ခြေတစ်ဘက်က လေယာဉ်ပေါ်မှာ။  ခြေတစ်ဘက်က အတောင်ပံပ်ါမှာ၊ အိုး.. ဆိုးလိုက်ပုံက  အရာရာတိုင်း ..နေရာတိုင်း ..ပတ်ပတ်လည်  ချော်ထွက်နေတယ်။ အတောင်ပံတစ်ဘက်တစ်ချက်မှာလဲ လူတွေ ပြည့်နက်လာတယ်။ လူတွေလူတွေ အတောင်ပံ တွေပေါ်မှာ၊ ပြွတ်သိပ်လို့။ လေသွင်းသက်ကယ်လှေ တွေလဲ များများလာပြီ။

မိန်းမတယောက် ခလေးကလေးချီလို့ ၉လ အရွယ် သားကလေး။ အသက်ကယ်လှေပေါ် ခုန်တက်ဖို့ တွန့်ဆုတ်နေတယ်။ ခလေးကို တယောက်ယောက်ပေးလိုက်ဖို့ကိုလဲ စိတ်မချတဲ့ပုံပဲ။ ကျွန်တော်က  တမီတာလောက်ပဲ ဝေးတဲ့ အသက်ကယ်လှေထဲ ရောက်နေနှင့်ပြီးဖြစ်တဲ့မိန်းမတယောက်ဆီ လှမ်းပေးဖို့ ပြောပါတယ်။  ဒါပေမဲ့ သူမ သိပ်ကို ကြောက်ရွံ့နေတယ်။ ခလေးရဲ့အလေးချိန်ကို သူမ မထိန်းနိုင်ရင်  နှစ်ယောက်စလုံး မြစ်ထဲ ဂျွန်းပြန်ကျသွားနိုင်ပါတယ်။

အဲဒီနေ့က နယူးရော့ခ်ရဲ့အပူရှိန်ဟာ  အနှုတ် ၁၁ ဒီဂရီ ဆဲလ်စီယပ်စ် ရှိတာမို့ အေးခဲ  နေပါတယ်။ ဒီရေခဲရေထဲမှာ လူတွေ ၁၅မိနစ်ထက် ပိုပြီး ရပ်တည် နေနိုင်ပါ့မလား။ ဒါပေမဲ့ နောက်ဆုံးမှာတော့  အသက်ကယ်လှေပေါ်က လူတွေဆီ သူမ ယုံကြည် စွာ လွှဲအပ်လိုက်တယ် ။ သူမကိုယ်တိုင်လဲ လှေပေါ်ကို တက်ရောက်နိုင်ခဲ့တယ်။ ရေစီးကလည်း ဆိုးဆိုးဝါးဝါးကို သန်နေတာပါ။ လှေတွေ မတိမ်းမစောင်း ရပ်တည်နေဖို့ကျွနိတော် မျှော်လင့်ပါတယ်။ နောက်ထပ် ၁၀ မိနစ် အလွန်မှာတော့ ဆွဲသင်္ဘောငယ် တစင်းရောက်လါတယ်။ ၀န်ထမ်းတွေက ကြိုးတချောင်း သက်ကယ်လှေဆီ ပစ်ပေါက်ပေးခဲ့ပေမဲ့ လေယာဉ်ကိုယ်ထည်ကိုပဲ ထိမှန် လှုပ်ခါသွားစေခဲ့တယ်။ လှုပ်ခါသွားတဲ့လေယာဉ်ကြီး က ၇ိုက်ပုတ်လိုက်တဲ့အတွက် စင်ထွက်လာတဲ့ ရေခဲမှုံတွေက ကျွန်တော့ ကျောပြင်ကို ရက်စက်ကြမ်းတမ်းစွာ  ပုတ်ခတ်ကျီစယ် သွားတယ်။ အသက်ကိုပင်နှုတ်ယူသွားသလား ထင်မှတ်စေတယ်။
ကျွန်တော် Titanic   ရုပ်ရှင်ကို ပြေးမြင်မိတယ်။ ကျွန်တော်တို့ လီယိုနာဒိုလို  ရေခဲမြစ်အတွင်း  ငုပ်လျိုးပျောက်ကွယ်ကြရမှာလား။ ကျွန်တော်တို့ ဒီ လေယဉ်တောင်ပန်ပေါ်က အမြန် လွတ်မြောက်ဖို့ လိုပါတယ်။ နောက်ထပ်လဲ  လှေတွေ ပိုပို ရောက်လာဖို့ အရေးကြီးပါတယ်။ ကျွန်တော် သူတို့ဆီရောက်အောင် သွားဖို့  မြစ်ထဲ ခုန်ဆင်းလိုက်ပါတယ်။ ဒါပေမဲ့ ရေက အောက်ခြေမှာ ရေစီးသန်ပေမဲ့  အပေါ်ကြော အေးခဲနေပါတယ်၊ ရေကူးဖို့ နေနေသာသာ ကျွန်တော်ခြေထောက်တွေက ရုန်းကန်လှုပ်ရှားဖို့ လုံးဝ အားမရှိတော့ဘူး။ မာကျောကျော ရေခဲ ရေပေါ်မှာ  ခြေဒရွတ်ဆွဲနေတယ်။ လူနှစ်ယောက် ကျွန်တော့်လက်မောင်းကို မ ပြီးဆွဲတင်ကြတယ်။ ကျွန်တော် ကံကောင်းသွားပါတယ်။  ဖယ်ရီပေါ်ရောက်သွားတယ်။ ဒါပေမဲ့  တစ်ကိုယ်လုံးတောင့်ခဲနေတယ်။ အနီးက လူတယောက်က ကျွန်တော်ကို  လှုပ်လှုပ်ရှားရှား ကလေးနေ။ လမ်းတွေဘာတွေ ရှောက်ကြည့် တဲ့။ ဒါ့ကြောင့် ကျွန်တော် မတ်တတ်ရ့ပ်ကြည့်တယ်။ ချိန်သားမကိုက်ဘူး။ အချိန်မရွေး ကျွန်တော်  Hypothermia  ၀င်လာနိုင်တယ်။ ကျွန်တော် ဆရာဝန်နဲ့ ဆေးရုံမှာ တွေ့ဆုံစဉ် သူနာပြုတွေက တောင့်တောင့်ကြီး အေးခဲမာကျောနေတဲ့  ကျွန်တော့်ကိုယ်ကို  အပူဓါတ်ပေးထားတဲ့ စောင်တွေနဲ့အထပ်ထပ် ခြုံအုပ်ပေးတယ်။ ကျွန်တော့ ပရက်ရှာက ရော့ကက်နဲ့ အတူ မိုးပေါ်ရောက်နေတာမို့ အတော့ကိုဆိုးဝါးနေတာပါ။ ခြေထောက်ကသွေးတွေလဲ နှလုံးနဲ့ ဦးနှောက်ထဲကို ပြေးဝင်  ပုန်းခိုနေပြီး တဲ့။  နှလုံးရောဂါကတော့ အကြီးအကျယ် ရနိုင်နေပြီ။  ဒါပေမဲ့ ကျွန်တော် အိမ်ပြန်နိုင်ခဲ့ပါတယ်။
ကျွန်တော် အိမ်ပြန်ရောက်တော့ ဆယ်ကျော်သက်သမီး အကြီးမလေး  ချဲလ်ဆီး က “ဖေဖေ မသေရဘူးနော် ..၊ ကျမအသက်ရှင်နေတာထက် ဖေဖေအသက်ရှင်ဖို့က ပိုအရေးကြီးပါတယ်" တဲ့ဗျ။ ပြောတတ်လိုက်ပုံ။ ဒုတိယ သမီး ကောလင်း က “ဖေဖေ ပြန်လာတော့ သမီး သိပ်ပျော်တာပဲ။ ဖေဖေ့ကို ဘယ်လို ချစ်မှန်းမသိဘူး" တဲ့ဗျ။ တတိယးသမီးလေး  ကို့စ်နေးလ်  ကတော့ ဘာမှ ပြောမပြတတ်သလို  ကျွန်တော်မျက်နှာကိုပဲ တစိမ့်စိမ့်ကြည့်နေတာပဲ။ အငယ်ဆုံး ၇ နှစ်သားကလေး  ချဲ့န်စ်  ကလဲ   ဘာခံစားချက်မှ ရှိပုံမရသေးဘုး။ ဒါပေမဲ့ တစ်ညမှာတော့  အိပ်ယာအ၀င် သူ့ကို ကျွန်တော် နှုတ်ဆက်အပြီး စောင်တွေ ဘာတွေ ခြုံလွှမ်းပေးနေတုံး သူက  ရုတ်တရက်   "ဖေဖေ လေယာဉ် ဘာ့ကြောင့် ပျက်ကျတာလဲ ဟင်" လို့ ဒလစပ် မေးတော့တာပဲ။ ဒါ့ကြောင့်  အရွယ်နဲ့ မလိုက် မေးခွန်းထုတ်တတ်တဲ့သားကို ချီးကျူးရင်း    ကျွန်တော် သူ့မေးခွန်းကို ဂရုတစိုက်  စိတ်ရှည်ရှည် ထားပြီး အမှန်အတိုင်း မချွင်းမချန်   ဖြေဆိုပေးရပါတယ်။ ဘုရားသခင်ရဲ့  ကျေးဇူးတော်ကိုလဲ   ချီးမွမ်းဖို့  သားကို သင်ကြားရတယ်။
မှန်ပါတယ်ခင်ဗျာ။ ကျွန်တေိာတို့ အားလုံး ဘုရားသခင့် လက်ထဲမှာ ရှိနေကြတာမို့လား။ သူက ကျွန်တော်တို့ကို ရဲစွမ်းသတ္တိတွေလဲ ပေးတယ်။ ကျွန်တော်တို့လိုအပ်တဲ့အခါ။ (ဥပမာ  ကျွန်တော်တို့ လေယဉ်ပျက်ထဲကနေ ထွက်ခွာဖို့ခက်ခဲနေတဲ့အခါ)  ခွန်အား နဲ့  အကြံဥာဏ် တွေ ပေးပါတယ်။ သူကမှ ကျွန်တော်တို့ရဲ့လေယာဉ်မှူး အစစ်ပါပဲ။ ခရီးသည်   ၁၅၅ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၅ယောက်စလုံး ဘေးမသီ ရန်မခ  အန္တရယ်အတွင်းက လွန်မြောက်ခဲ့ကြပါတယ်။ ဒါဟာ စိတ်ကူးယာဉ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဟောလိဝုဒ် ရုပ်ရှင်ဇတ်ကားလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ မယုံချင့် ယုံချင် ပုံပြင် ကလေးလို လွမ်းမောစရာမှတ်တမ်းတစ်ခုအဖြစ်  သမိုင်းတွင်ရစ်မှာကတော့  အသေအချာပါပဲ ။          ။
Florist

2 comments:

mstint said...

အံ့ဖွယ်ထိတ်လန့်စရာပဲနော်။ တော်ပါသေးရဲ့ အားလုံးအသက်ဘေးကလွတ်မြောက်ကြတာ။
ရုပ်ရှင်တစ်ကားကြည့်ရသလိုပဲ ဖြိုးဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

SHWE ZIN U said...

ညီမ ဖြိုးရေ စာလေးဖတ်သွားတယ် ကျေးကျေး