သင်သာ ဇာတ်ညွှန်းဖတ်နေပြီဆိုရင်တော့ သင်ရဲ့ရုပ်ရှင်ထဲမှာ ကလေးတွေ၊ တိရိစ္ဆာန်တွေပါဝင်လှုပ်ရှားကြမလားဆိုတာ မြန်မြန်ကြီးပဲ ဂရုထားမိမှာပါပဲ။ ဘယ်လောက်ဣနြေ္ဒရရနေကြတဲ့သူလေးတွေပဲဖြစ်နေပါစေ ကလေးတွေနဲ့ တိရိစ္ဆာန်အကောင်ပလောင်တွေရဲ့သဘောကိုက ရိုက်ကွင်းမှာအချိန်ပိုပေးရတတ်ပါတယ်။ သူတို့တွေနဲ့ ၀န်းရံပြီး အလုပ်လုပ်ပုံ၊ ကိုင်တွယ်ပုံတွေက သင့်ရဲ့ရုပ်ပုံထွက်မှုမှာ အကျိုးသက်ရောက်ပါလိမ့်မယ်။ သူတို့က ခပ်ကြမ်းကြမ်းအကောင်မျိုးတွေဖြစ်နေရင် သင်က ယေဘူယျသဘောလောက်ပဲ အလွန်ဆုံးပြင်ဆင်ထားနိုင်မှာပါ။ တိရိစ္ဆာန်တွေဟာ သူတို့တစ်ခုခုလုပ်ချင်ပြီဆို လုပ်တော့တာပါပဲ၊ အဲဒီတော့
သင်က အဲဒီပုံရိပ်တွေကို အမိအရရိုက်ကူးမိအောင် အဆင်သင့်ဖြစ်နေတာအကောင်းဆုံးပါ။ ကျွန်တော် ကောင်းဘွိုင်ရုပ်ရှင်တစ်ကားအတွက်အလုပ်လုပ်ရတုန်းက ဇာတ်ဝင်ခန်းမှာ ကျွဲဖြူတစ်ကောင် ပါပါတယ်။ ကဲ .. ကျွဲက အဖြူရောင်ဆိုတာရှိမှမရှိတာပဲ။ အဲဒီတော့ လေ့ကျင့်ပေးတဲ့သူက ဒီအကောင်ကြီးကြီးကို ဆေးမှုတ်ပြီး ခြယ်သရတော့မှာပေါ့။ သေချာပါတယ်။ သူကတော့ ရေမှာပျော်တဲ့ ဆံပင်ဖြန်းဆေး ဒါမှမဟုတ် အဲဒီလိုမျိုးထဲက တစ်ခုခုကိုသုံးမှာပဲ။ ကျွဲကို ထိခိုက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်သေချာသိပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကျွဲရဲ့ခံစားချက်ကိုထည့်မပြောခဲ့ကြဘူး။ အဲဒီတောကောင်ကြီးဟာ ဖြူဖြူဖွေးဖွေးကြီးဖြစ်နေတာကို တော်တော်မပျော်မရွှင်ဖြစ်နေခဲ့တယ်ဗျာ။
ကျွဲဟာ ရိုက်ကွင်းရဲ့ တစ်ဘက်မှာ တစ်နေရာတည်းမှာပဲငြိမ်ငြိမ်လေးပဲ မြက်တွေကို ကြိတ်ဝါးပြီး မြုံ့နေတယ်။ ရိုက်ကွင်းထဲကအဖွဲ့သားတစ်ဦးက ရှုတင်အတွက် ဆက်တင်ပြင်ဆင်ရင်း အလုပ်ရှုပ်နေပါတယ်။ နေရောင်ဖမ်းယူတဲ့ ငွေပြား ဒါမှမဟုတ် ခဲသားရောင်ပြန်ဘုတ် ၁၀ခုကို ထိမ်းကြိုးတွေနဲ့ တင်းတင်းကျပ်ကျပ် ချည်နှောင်နေတယ်။ ရောင်ပြန်ဘုတ်ကြီးတွေက လူကြီးတစ်ယောက်မှ ကိုင်တွယ်နိုင်တာပါ။ လူကြီးတစ်ယောက်တောင် တစ်ကြိမ်မှာ တစ်ခုပဲ အလွန်ဆုံးသယ်နိုင်ပါတယ်။ အဲဒီအချိန်မှာပဲ
တစ်ဘက်ကမြက်တွေကပဲ ပိုပြီးအရသာကောင်းသလိုလို၊ ကျွဲကြီးက ဆုံးဖြတ်လိုက်ပြီး ကျော်ဖြတ်ကာ လျှောက်လာပါတော့တယ်။ သူကို ကြိုးတစ်ချောင်းနဲ့ချည်ထားတာဆိုတော့ ကြိုးကိုလည်း သူနဲ့တစ်ပါတည်းဆွဲယူလာတာပေါ့။ သူကတော့အေးအေးမှန်မှန်ပဲ လမ်းလျှောက်လာတာပါပဲ။ ကြိုးက သူသွားရာလမ်းတလျှောက်ရှိနေတဲ့ လေးလံတဲ့ရောင်ပြန်ဘုတ်ကြီးတွေနဲ့ စတန်းတွေအားလုံးကို ရိုက်ချသွားတော့တယ်။ အဖွဲ့သားတွေလူစုကွဲ ဟိုဒီပြန့်ကျဲကုန်ကြတယ်။ ကျွန်တော်က ကျွန်တော့်ကင်မရာကြီးဆွဲကိုင်ပြီး ပြေးတယ်။ ကျွန်တော်က အကူလက်ထောက်တစ်ဦးဆိုတော့ ဒီကင်မရာကိစ္စကကျွန်တော့်မှာတာဝန်ရှိတာကိုး၊ ဒီလိုအဖြစ်မျိုး ကျွန်တော့်ဘ၀မှာ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲရှိခဲ့မယ်ထင်ရဲ့၊ ကင်မရာကြီးက ထရိုင်ပေါ့ကြီးနဲ့ ပေါင်၅၀လောက်လေးတယ်ဗျ၊ ရှုတင်မှာတော့ ဟာရီကိန်းတစ်ခု မွေနှောက်တိုက်ခတ်သွားခဲ့တဲ့ပုံစံမျိုးဖြစ်သွားတော့တာပဲ၊ ကျွန်တော်တို့ရဲ့ ရိုက်ကွင်းကလေးလံလှတဲ့ပစ္စည်းတွေတော့ သစ်ခက်ကွေးကွေးကောက်ကောက်လေးလိုပဲ အကုန် ပြန့်ကျဲကုန်ပါပြီ။ ကျွဲကတော့ အေးအေးဆေးဆေး မြက်တွေဝါးနေပြီ။ တစ်ဦးတစ်ယောက်ကို ကျွဲလုပ်တယ်(ခြိမ်းခြောက်တယ်)လို့ ကျွန်တော်တို့ ပြောနေကြတဲ့ စကားရဲ့အဓိပ္ပါယ်ကို အဲဒီနေ့မှာ ကျွန်တော် သင်ယူခဲ့ရတာပဲ။ ဒီအကောင်ကြီးက ဆော့ကစားချင်တာမဟုတ်ပဲ အစားစားရုံစားချင်ခဲ့တာလို့ပဲ ကျွန်တော်ကြံဖန်ပျော်လိုက်ရပါသေးတယ်။ ဒါပါပဲ ကျွန်တော်တို့ တိရိစ္ဆာန်တွေကို ဘာမှလွှမ်းမိုးထိန်းချုပ်လို့မရပါဘူး၊ သင်တို့အလုပ်လုပ်ရမယ့် ဘယ်လိုတိရိစ္ဆာန်မျိုးမဆို အတူတူကြီးပါပဲ။
သင့်ရဲ့ရိုက်ကူးရေးအစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်စေတတ်တာက မယဉ်ပါးတဲ့တိရိစ္ဆာန်ကြီးတွေဖြစ်ဖို့မလိုပါဘူး။ ကျွန်တော် ဒစ်စနီရုပ်ရှင်ဟောင်း The Cat From Outer Space မှာ ရက်သတ္တပတ်များစွာအလုပ်လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အင်မတန်ချစ်စဖွယ်ကောင်းလှတဲ့ ကြောင်အစစ်လေးတွေအသုံးပြုခဲ့တယ်။ တစ်ည လေယာဉ်ထားတဲ့ရုံမှာ ကျွန်တော်တို့ ရိုက်ကွင်းအတွက်ရှိနေကြတယ်။ လေယာဉ်ရုံကတော့ ကျွန်တော်တို့လိုအပ်တဲ့ နေရာလွတ်ကျယ်ကျယ်ကြီးမှာ အာကာသယာဉ်ပုံစံငယ်တွေအတွက် စင်တစ်ခုလို အစားထိုးတည်ဆောက်ပြင်ဆင်ထားတယ်။ ကျွန်တော်တို့မှာ “ဇာတ်လိုက်”ကြောင်(ဇာတ်လိုက်ဆိုတဲ့အတိုင်း ပရိသတ်တွေရဲ့ အာရုံကိုစွဲဆောင်မယ့် နုနုရွရွပြောဆိုသရုပ်ဆောင်မယ့်သူပေါ့)နဲ့ နောက် သူ့အတွက်အစားထိုး စတန့်ကြောင်တစ်ကောင်ရှိပါတယ်။ ရိုက်ကွင်းမှာမီးပေးတာ အသင့်ဖြစ်တဲ့အခါ၊ ကြောင်လေကျင့်သင်ကြားပေးသူက ကျွန်တော်တို့ရဲ့ စတား ဇာတ်လိုက်ကျော်ကိုယူမလာပါတယ်။ ကြောင်ငယ်စတားလေးက ချက်ချင်းပဲ သူ မြန်နိုင်သမျှအမြန်နှုန်းနဲ့ ထပြေးတော့တယ်။ မိနစ်တွေတော်တော်ကြာသွားပြီးတဲ့အခါ ကျွန်တော်တို့ရဲ့စတားလေးက ဘယ်သူမှလက်လှမ်းမမှီတဲ့ အမြင့်ဆုံးအမိုးရဲ့အမိုးတန်းပေါ်မှာ တညောင်ညောင်အော်နေတာ ကျွန်တော်တို့ကြားလိုက်ရပါတယ်။

ကောင်းပါပြီ၊ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့မှာ တစ်ခြားကြောင်တစ်ကောင်ရှိသားပဲ၊ ထရိန်နာက တစ်ခြားကြောင်တစ်ကောင်ယူလာပါတယ်။ ဘာတွေဖြစ်လည်း သင်သိလား၊ ရိုက်ကွင်းမှာရှိတဲ့ အဖွဲ့သား၈၀လောက်ဟာ ၀ိုင်းဖွဲ့ကော်ဖီသောက်တဲ့သူကသောက်တယ်၊ စကားစမြည်ပြောတဲ့သူတွေက ပြောနေကြပြီ။ အချိန်ပိုတွေအလုပ်လုပ်ရပြီလေ၊ အဲဒီနေ့မှာ ပရိုဂျူဆာတွေက ခေါ်တဲ့အထိ ၈ နာရီ၊ ၉ နာရီ လောက် အလုပ်လုပ်ခိုင်းခဲ့ကြတယ်တဲ့။ ကျွန်တော်ကတော့ အဲဒီကိုပြန်မသွားဖြစ်လို့ ဘယ်လိုရိုက်ချက်တွေရိုက်ကူးခဲ့ကြလည်းမသိလိုက်ပါဘူး။ ကျွန်တော်ထင်ပါတယ်၊ အန်ကယ်ဝေါ့ထ်မှာ အမှန်ကန်ဆုံးစိတ်ကူးရှိနေခဲ့မှာပါ။ အန်ကယ်ဝေါ့ထ်မှာ အကောင်ပုံလေးတွေဆွဲပေးမယ့် animator တွေရှိတဲ့အခါမျိုးပေါ့။
တိရိစ္ဆာန်လေးတွေကပေးတဲ့ ရိုက်ကူးထုတ်လုပ်မှုအခက်အခဲတွေအပြင် သူတို့နဲ့၊ သူတို့ရဲ့ လေ့ကျင့်ပေးသူတွေနဲ့လည်း အလုပ်လုပ်ရမှာပါ။ တိရိစ္ဆာန်လေးတွေဘေးမှာဆို ထုံးစံအတိုင်း သင် ငြိမ်ငြိမ်လေးနေဖို့ လိုအပ်ပါတယ်။ သူတို့က မြန်ဆန်တဲ့လှုပ်ရှားမှုတွေကို မကြိုက်ကြဘူး။ Studentfilmmakers မဂ္ဂဇင်းရဲ့ အတွဲ ၇၊ အမှတ် ၂ စာအုပ်ရှိထားဖို့လိုလိမ့်မယ်။ အဲဒီမှာ တိရိစ္ဆာန်တွေရဲ့အာရုံထိခိုက်လှုပ်ရှားလွယ်တဲ့ လိုအပ်ချက်တွေ သင်နားလည်နိုင်မှာပဲ။ သင့်ရဲ့ပြောင်မြောက်တဲ့ရိုက်ချက်မျိုး အမြဲတမ်း မဖန်တီးနိုင်ပါဘူး။ အဝေးကြည့်မှန်ဘီလူးတွေ မကြာခဏသုံးရလိမ့်မယ်။ ဒါဆို တိရိစ္ဆာန်တွေကနေ လုံခြုံစိတ်ချရတဲ့ အကွာအဝေးမှာရှိနေနိုင်ပါမယ်။ သင့်အတွက်လုံခြုံတယ်၊ တိရိစ္ဆာန် တွေအတွက်လည်း အာရုံမနောက်ဖို့ စိတ်ချရတယ်။ ဒီလုပ်ငန်းလုပ်နေသူအတွက် အကြီးအကျယ်အံ့အားသင့်စေနိုင်တဲ့ စွန့်စားမှုမျိုးအတွက်လည်း အမြဲပြင်ဆင်ထားရပါဦးမယ်။ တစ်နေ့ ယူနီဗာဆယ်ကနေ ရုပ်ရှင်တစ်ကားအတွက်အလုပ်လုပ်ဖို့ ကျွန်တော့်ဆီဖုန်းခေါ်လာပါတယ်။ သူတို့ခေါ်တာက ကြောင်လူတွေအတွက်တဲ့။ ကျွန်တော် အဲဒီအကြောင်းဘာမှမသိခဲ့ဘူး။ ကင်မရာပိုင်းဌာနက ခေါင်းဆောင်ကကျွန်တော့်ကို ဖုန်းထဲမှာ မေးတယ်။ “ကြောင်တွေနဲ့ ပတ်သက်ပြီးခင်ဗျားမှာ အခက်အခဲတစ်စုံတစ်ရာရှိသလား” တဲ့။ အဲဒီအခိုက်အတန့်လေးမှာ ကျွန်တော်က ကျွန်တော့်ရဲ့ချစ်စဖွယ် အဖြူအနက်ကြား ကြောင်လေးရော့ကီကို ပွတ်သပ်နေတာလေ။ ရော့ကီက ဒီကမ္ဘာကြီးထဲမှာ အနူးညံ့ဆုံးစိတ်နေစိတ်ထားရှိတဲ့ကောင်ငယ်လေးပေါ့။ ဒါကြောင့် ကျွန်တော့်ဘာသာ တဟိဟိရယ်လိုက်သေးတယ်။ ပြီးတော့ ကျွန်တော် “ဟင့်အင်း” လို့ပဲ ဖြေလိုက်ပါတယ်။
ပြီးတော့ ရိုက်ကွင်းစင်ပေါ်ကို ရောက်သွားခဲ့တယ်။ ယူနီဗာဆယ် Art Department က ပါရမီရှင်တွေက အသံခန်းစင်မြင့်ကို အာဖရိကမြက်ခင်းကွင်းပြင်ကျယ်ကြီးမိတ္တူပွားလိုက်သလို အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြောင်းလဲထားကြတယ်။ ဟုတ်တယ်၊ တကယ့်အာဖရိကမှာလိုပဲ။ ကျွန်တော် ဆိုးဆိုးဝါးဝါးခံစားမှုတစ်ခုစပြီး ရလာတော့တယ်။ ကျွန်တော်မှန်တယ်ဗျ။ အဲဒါ Cat From Outer Space က ကြောင်ငယ်လေးမဟုတ်ဘူး။ အဲဒါတွေက ခြင်္သေ့တွေ နဲ့ ကျားတွေပါ။ အလိုလေးဗျာ။ ကျွန်တော် မူးမိုက်သွားမတတ်ကြောက်ရွံ့နေတဲ့အခြေအနေမှာပဲ ပထမဆုံးရိုက်ချက်အတွက် ကင်မရာပြင်ပါတယ်။ ဒါရိုက်တာက ကျားကို ကင်မရာဆီတည့်တည့်ပြေးလာသင့်တယ်လို့ ဆုံးဖြတ်လိုက်ပါတယ်၊ ပြီးမှ နောက်ဆုံးစက္ကန့်မှာ တစ်ခြားတစ်ဘက်ကို ကင်မရာဘက်ပြောင်းမယ်ပေါ့။ အဲဒါကို တစ်ကြိမ်တစ်ခါလေးတောင် ဘယ်သူကမှ ဒီပူစီကြီးကို ရှင်းမပြကြပါဘူး။ ကျွန်တော်တော့ ကြောင်ကြီးကျွန်တော်တို့ဆီ ဖြောင့်ဖြောင့်တန်းတန်းပြေးလာစေဖို့ ဆုတောင်းနေရတာပေါ့။ ကျွန်တော့်ရဲ့တာဝန်ခံကတော့ သူ့ကိုယ်ပိုင်အဲဒီသက်ရှိအကောင်ကြီးတွေထဲက တစ်ကောင်က zoom ဆွဲထားတဲ့ထရိုင်ပေါ့အောက်မှာ ကြောင်တစ်ကောင်လိုပဲ သူ့ရဲ့ ခြေထောက်တွေကို ပွတ်တိုက်နေတယ်။ နည်းနည်းကြာတော့ ထရိန်နာက ကြောင်ကြီးတွေထဲက တစ်ကောင်နဲ့ တစ်ခုခုလုပ်စရာရှိဟန်တူရဲ့ သွားစရာကိစ္စပေါ်လာပါလေရော။ သူက အသားစိမ်းပြားတွေထည့်ထားတဲ့ဗန်းကြီး ကျွန်တော့်ကို လက်လွှဲပေးပြီး ပြောပါတယ်။ “သူ အသားစားချင်ရင် စားပါစေ” တဲ့။ နောက်ပြောင်တာမဟုတ်ဘူး။ ကျွန်တော် ကန့်ကွက်ဖို့ မလုပ်နိုင်ခဲ့ပါဘူး။ ကွင်းပြင်ကျယ်ထဲ ရောက်တတ်ရာရာလျှောက်သွားနေကြတဲ့ အကောင်ကြီးတွေထဲက ကျွန်တော်ပြောတဲ့ တစ်ကောင်က ညစာအတွက် လာခဲ့ပါပြီ။ အင်မတန်ယဉ်ကျေးသိမ်မွေ့စွာ၊ နုနုရွရွလေးပဲ သူ့ရဲ့လက်ဖ၀ါးနဲ့ အသားကို အသာအယာပုတ်ချလိုက်ပါတယ်။ ကျွန်တော့်တို့ကြားမှာ ten-foot pole ဆိုတဲ့စကားပုံလာ စကားအတိုင်းပဲ မလှုပ်မရှားရဲ၊ ဘာကိုမှမထိမကိုင်တဲ့ အခြေအနေရှိနေခဲ့ကြတဲ့အတွက် ၀မ်းမြောက်ရပါသေးတယ်။ အဲဒီလိုအနေအထားမှာတောင်မှ ဒီဧရာမအဟိတ်တိရစ္ဆာန်ကောင်ကြီးက ကျွန်တော့်ရဲ့ပုခုံးကို ဆုတ်ဖြဲဖို့ ကြိုးစားခဲ့လေမလား ကျွန်တော်ထင်မိခဲ့ပါတယ်။ အဲဒါကြောင့် သင် တိရစ္ဆာန်အကောင်ပလောင်တွေနဲ့ အလုပ်မလုပ်ခင် နှစ်ကြိမ်ပြန်စဉ်းစားပါ။ ကြိုတင်ပြင်ဆင်ပါ။ ခပ်သန့်သန့်အတွင်းခံတစ်ချို့လည်း ယူသွားပါ။ ။
Kids and animals oh my - Jack Anderson
Kids and animals oh my - Jack Anderson
No comments:
Post a Comment