Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 01, 2013

အေးအေးပူပူ စိမ်းလန်းတဲ့နေ့ ထဲမှာ ရှိနေမယ့်လူ

 သတ္တ၀ါအစုံစုံမှီတင်းနေထိုင်တဲ့ ကမ္ဘာကြီးက ပူလိုက်၊ အေးလိုက်။ လက်ရှိနေထိုင်တဲ့ မြန်မာပြည်ကလည်း ပူလိုက်၊ အေးလိုက်။ ကျွန်မတို့ ရင်အတွင်းသားထဲမှာလည်း ပူလိုက်၊ အေးလိုက်။ မိုးဘယ်လောက်ရွာရွာ တစ်စတစ်စနှင့် နေရာအနှံ့ အပူတွေ ပိုများလာသလိုလို ကျွန်မတို့ခံစားနေကြရသည်…။ သဘာဝ ကပ်ဘေးဆိုးနဲ့ ဥတုကြောင့်ဖြစ်တဲ့အပူလား၊ စစ်ကြောင့်ဖြစ်တဲ့အပူလား၊ အချစ်ကြောင့်ဖြစ်တဲ့အပူလား။ မငြိမ်မသက် ဟိုကသည်က ထထပွက်တဲ့ ပဋိပက္ခတွေကြောင့်ဖြစ်ရတဲ့ အပူလား။ အခြား အကြောင်း ကြောင်းတွေ ကြောင့်လား။ ကျွန်မတို့ အားလုံး ပူတော့ ပူနေကြရသည်။ ပူသည်ဖြစ်စေ အေးသည်ဖြစ်စေ ဘယ်လိုခြေအနေမျိုးမှာဖြစ်ဖြစ် ဂီတတစ်ပုဒ်တော့ ရွေးချယ်နားထောင်ဖို့လိုသည်။ ဂီတအနုပညာက အရာရာကို ကျော်လွှားဖြတ်သန်းဖို့ ခွန်အားအစုံစုံပေးမည်ကို ကျွန်မယုံကြည်လက်ခံထားတဲ့အတိုင်း ရှင်တို့အားလုံးကိုလည်း ဝေမျှပြောပြချင်ပါသည်။ ဒါဖြင့်..ဘယ်လိုဂီတမျိုးကို နားထောင်ကြမလဲ။ Music Plus မှာအဖြေရှိပါသည်။
xxxxxx

၂၀၀၅ နှစ်ကုန်ပိုင်းလောက်ကတည်းက solo music album တစ်ချပ်ထွက်ရှိခဲ့ဖူးသည်။ “ ဘာဖြစ်ချင်မှန်းမသိဘူး” ဆိုတဲ့ title လို သူ ဘာတွေဖြစ်ချင်မှန်း မသိခဲ့။ လုပ်သင့်တာ မလုပ်သင့်တာတွေလည်း မသိခဲ့။ Punk,Alter, Genres သီချင်းတွေကို ရှာရှာဖွေဖွေ လိုလားချစ်မက်သူ လူငယ်ထုပရိသတ်ကသာ သူ့ကိုကောင်းကောင်း သိကြသည်။ ပျံ့ပျံ့နှံ့နှံ့ကြီး ခရီးမရောက်ခဲ့။ ဒါ ဘာကြောင့်ပါလိမ့်။ 
“VCD မထွက်ဖြစ်တာရယ်၊ ကြော်ငြာအားနည်းတာရယ်၊ နားစွဲလွယ်တဲ့ သီချင်းမျိုးတွေနည်းတာကြောင့် ဖြစ်မယ်ထင်တယ်။ အဲဒီအချိန်တုန်းက မိုးဟန်သက် ဆိုတဲ့အမည်နဲ့ သီချင်းတွေလည်း ရေးရေးနေတော့ အဲဒီနာမည်နဲ့ပဲ လုပ်လိုက်တာ၊ own tune တွေ ရေးရေးနေပေမဲ့ ဆိုချင်နေတဲ့ copy သီချင်းတွေရှိလို့ copy တွေပဲ ဆိုခဲ့တာ။ တေးရေးတွေက ကိုအငဲ၊ ဇ၀ါ၊ ငယ်ဆူးသစ်၊ ဇေယျာလင်းစံ။ ကျွန်တော်လည်းရေးတယ်။တစ်ရပ်ကွက်တည်းနေတဲ့ ကိုငယ်ဆူးသစ်ကတစ်ဆင့် ကိုအငဲတို့ ဇ၀ါတို့နဲ့အဖွဲ့ကျသွားပြီး သီချင်းအပ်ဖြစ်ခဲ့ တာ။ အဲဒီတုန်းက လူငယ်ဆိုတော့ ပျော်စရာတွေချည်းပဲ။ အခက်အခဲဆိုရင်လည်း ခက်တယ်တောင်မထင်ဘဲ ပျော်ပျော်ကြီးပဲ ဖြတ်သန်း ခဲ့တာပဲ။ အခွေပျံ့ဖို့ မပျံ့ဖို့လည်း မတွေးမိဘူးဗျ။

            ငါးတန်းအရွယ်ကတည်းက ဂစ်တာကို တရှိုက်မက်မက်ဖက်ပွေ့တီးခတ်ခဲ့တဲ့သူ့အတွက် ဂီတဆိုတဲ့အရာကို တစ်ကြိမ်နဲ့တော့ လက်မလျှော့ချင်၊ နောက် ၅နှစ်အကြာမှာ ဒုတိယallbum (စိမ်းလန်းတဲ့နေ့)ကို ဖန်တီးဖြစ်ခဲ့ပြန်သည်။ ဒီတစ်ခါမှာတော့ သူ့အမည်ရင်း အောင်ဖြိုး ဆိုသည့်နာမည်နှင့်။ ရတနာမြိုင်တေးသံသွင်းက ဖြန့်ချိခဲ့သည်။ သီချင်းပုံစံတွေက အရင်album အတိုင်းပဲလား၊ ဘာတွေ ကွာခြားသွားပါလိမ့်၊ ဘယ်သူတွေနဲ့ တီးခတ်ထားပါလိမ့်။
          “အရင်ကနဲ့ ကွာတော့ကွာသွားတယ်။ နောက်album မှာ ရော့ခ်အခြေခံတဲ့ သီချင်းတွေချည်းပဲလုပ်ဖြစ်တယ်။ Band က Conqueror ၊ Bass- ကိုဂျက်၊ Keyboard- လီယိုနာ့မောင်မောင်လွင်၊ Drums- ရဲလင်းနဲ့ ဘိုတောက်၊ Guitar နဲ့ arrangement ကClassic Studio က ညီညီမောင်၊ အချိန်တော်တော်ယူပြီး သေချာလုပ်ဖြစ်ခဲ့တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် လူကြီးလည်း ပိုဆန်လာ တယ်လို့ မြင်မိတာပဲဗျ။ စိတ်သစ်၊ လူသစ်၊ နာမည်သစ်၊ သီချင်းသစ်တွေနဲ့ ပေါ့။”

ဂီတဈေးကွက်မှာ ဂီတသမားတစ်ယောက် သီချင်းခွေထုတ်သည်နှင့် VCD တွေပါ ပူးတွဲထုတ်ဝေချိန် သူကတော့ VCD အားမကိုးဘဲ Audio သက်သက် album ကိုသာ ခပ်ရဲရဲ ထုတ်လိုက်သည်။ အဲဒီကာလ သူ့အပျော် သူ့ခံစားချက်တချို့ကို မှန်းဆမြင်ယောင်ကာ သူ ပြောပြသည်။
          “ အဲဒီအချိန်တုန်းက တိုက်တိုက်ဆိုင်ဆိုင် မျိုးကြီးရဲ့ ယူလိုက် အခွေလည်း ထွက်တာ မှတ်မိတယ်။ အဲဒီတုန်းက ကျွန်တော် တော်တော်လေး ပီတိဖြစ်ရတယ်။ ကျွန်တော့်အယ်လ်ဘမ် ထွက်ထွက်ချင်း သိပ်မကြာဘူး၊ လှည်းတန်းဘက်မှာ ဆိုင်တစ်ဆိုင်က ဖွင့်သံကြားတော့ ပျော်သွားတာပဲဗျ”

လူပြိန်းကြိုက် ပေါက်စာသားအလွယ်တွေနှင့် ခပ်လွယ်လွယ် ဆိုနေကြသည့် မြန်မာပြည်ကအဆိုသမားတချို့အပေါ် သူဘယ်လိုမြင်မှာ ပါလိမ့်၊ မေးကြည့်တော့ ခပ်ပြုံးပြုံး သူ ပြောသည်။
“ဘယ်လိုမှ မမြင်မိပါဘူးဗျာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိသင့်တာပဲမဟုတ်လား၊ အနုပညာဆိုတာက ပုံသေနည်းနဲ့ ထုတ်ထားတဲ့ ပစ္စည်းတစ်ခုမှ မဟုတ်တာ၊ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ကြိုက်တဲ့ပုံစံတွေပဲ လုပ်နေတာပဲလေ”

နိုင်ငံခြားသီချင်းတွေ အချိန်ယူနားထောင်ဖြစ်ရာက သီချင်းရေးဖို့ စိတ်အားထက်သန်ကာ သီချင်းတွေ အတော်များများရေးခဲ့ပြီးသူ တစ်ယောက်။ နှလုံးသားကို လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းသည့် ဂီတသူရဲကောင်းတွေ သူ့မှာ ရှိနေမည်မှာ အသေအချာ။ ဘယ်သူတွေပါလိမ့်။
“ ဒါက ၊ အကြိုက်ဆိုတာက နှစ်အလိုက်၊ ကိုယ့်အသက်အရွယ်အလိုက် ကြိုက်တာတွေ များများလာတယ်ဗျ။ ၂၀၀၉ လောက်တုန်းကတော့ James Blunt , Daniel Powter, Keane, Cold Play တို့နဲ့မျောပြီး ၂၀၁၀ လောက်ကျတော့ The Usedတို့၊  Bulletတို့၊  Avenged Sevenfoldတို့ကို ငြိနေပြန်ရော၊ အကုန်လုံးက ကောင်းနေတာပါပဲဗျာ ”

သူ့သီချင်းတွေမှာ လူငယ်ပီပီ အချစ်အကြောင်းကတော့ မပါမဖြစ် တွေ့နေရသည်။ ထဲထဲဝင်ဝင်ခံစား ကြည့်မည်ဆိုလျှင်တော့ ဘ၀နေနည်း နှင့် ပတ်ဝန်းကျင်မှ မြင်တွေ့ထိခတ်သမျှ အရာခပ်သိမ်းတို့က အဓိက lyrice အဖြစ် မင်းမူနေတတ်သည်ကို နားထောင်ခံစားဖူးသူတိုင်း သိမြင်နိုင်သည်။ သူကတော့ ဒီလိုလေးပဲ ရိုးရိုးသားသား ပြောသည်။
“ကျွန်တော်ကိုယ်တိုင် လူငယ်တစ်ယောက်ဖြစ်နေတော့ သီချင်းlyrics တွေက လူငယ်တွေရဲ့လွတ်လပ်မှုနဲ့ သူတို့ရဲ့ ခံစားချက်တွေကိုပဲ ကိုယ်စားပြုနေမှာပါဗျာ ”

အဆိုသမားကောင်းဖြစ်ဖို့ ဘယ်လိုအချက်အလက်တွေကို  လိုက်နာကျင့်ကြံရမှာပါလိမ့်။ ပါးနပ်သည့် ရော့ခ်အဆိုသမား တစ်ယောက် အနေနှင့် သူဘယ်လို ဖြေမလဲဆိုတာကလည်း စိတ်ဝင်စားစရာ။
 “သီချင်းတွေကို နားရည်ဝအောင် စိတ်နှစ်ပြီး ထပ်ပြန်တလဲလဲ နားထောင်နေဖို့လိုတယ်။ ဘယ်သူ့သီချင်းမဆိုပေါ့။ အခု ကျွန်တော်တို့ လုပ်နေတဲ့ Music Trend ကိုက မိခင်ဂီတမဟုတ်တော့ နိုင်ငံခြားခွေများများနားထောင်ပေးဖို့လိုတယ်ဗျ။ သူတို့ဆီက အသံထုတ်တဲ့နည်း စနစ်ပိုင်းကိုပဲ ယူပြီး ကိုယ့်ပင်ကိုယ်သံနဲ့ပဲ အားထုတ်ဆိုကျင့်ပေးဖို့လိုမယ်၊ သူတို့ရဲ့ အသံcolor ၊ စကားလုံး၊ အယူအဆတွေ လွှမ်းမိုး မှုကိုတော့ မခံသင့်ဘူးဗျ”

အခုအချိန်မှာ နောက်ထွက်မည့် အယ်လ်ဘမ်အတွက် သူ studio ၀င်နေပြီ။ စိမ်းလန်းတဲ့နေ့ ဒုတိယအယ်လ်ဘမ် audio ကိုလည်း ပရိသတ်တွေအကြိုက် VCD ထွက်ဖို့ပြင်ဆင်နေပြီ။ တော်တော်အလုပ်ရှုပ်နေမည့်ကာလ တစ်ခု။ တခြားအဆိုတော်တွေအတွက်လည်း သီချင်းတွေ ရေးပေးနေဆဲ။ နေရာတစ်ခုမှာ သူ စွဲစွဲမြဲမြဲ ခြေချနေခဲ့ပြီ။ သူ့လို အခြေမချနိုင်သေးတဲ့ ၀ါသနာအိုးလေးတွေအတွက် အကြံတစ်ခုခု စေတနာအပြည့်နှင့် သူပေးချင်ပုံလည်း ရသည်။
“ဂီတက ပေါ့သေးသေးလုပ်လို့တော့မရဘူး၊ သူ့ကို နားလည်သွားဖို့ များများလေ့လာ၊ ကိုယ့်ပုံစံ ကိုယ့်အကြိုက်နဲ့ကိုယ် များများလေ့ကျင့်၊ ထပ်ကာထပ်ကာ အားထုတ်နေဖို့တော့လိုမယ်၊ နည်းနည်းလေး အနေဝေးသွားတာနဲ့ သူ(ဂီတ)က ကိုယ့်ကို သွေအေး ပြီးဖယ်ကြဉ်သွားမှာပဲ၊ ဒါကြောင့် များများထိတွေ့နေရမယ်၊ ပြောသာပြောရတာ၊ လက်ရှိသွားနေတဲ့ခေတ်ရေစီးက ဂီတထက် ပိုအားကောင်းတဲ့ တခြား entertainment တွေများလာတော့ လူတွေအာရုံများနေကြတယ်ဗျ။  သီချင်းတွေဘက် ဟိုအရင်ကလောက် မစူးစိုက်နိုင်ကြတော့ဘူးဗျ။ internet တွေ အလွယ်တကူသုံးနိုင်နေပြီဆိုတော့ အကျိုးရှိရှိသုံးမယ်ဆိုရင် ပေါ်ပေါက်လာမယ့် မျိုးဆက်သစ် တွေရဲ့ဂီတအရည်အသွေးကတော့ စံချိန်မီဖြစ်မှာသေချာပါတယ်ဗျာ”

ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးပြင်းခဲ့သည့် သူ့မှာ ကျောင်းဆရာဖေဖေနှင့် ကျောင်းဆရာမ မေမေ ရှိသည်။ သူက မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သည်။ မွေးချင်း ရှစ်ယောက်မှာ သူ့လိုပဲ ဂီတကို စူးစိုက်နစ်ဝင် ဖန်တီးနေသူ နောက်ထပ် နှစ်ယောက် ရှိသေးသည်။ ဘယ်သူ တွေပါလိမ့်…။
          “ဟုတ်တယ်၊ ကျွန်တော့်အောက်က ညီလေးနဲ့ ကျွန်တော့်အထက်က အစ်ကိုလည်း ဂီတအလုပ်တွေလုပ်တယ်။ ညီအစ်ကို သုံးယောက်က မိသားစုထဲမှာ ခွဲထွက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားနေကြတာ။ ညီလေးက ဖြိုးကို၊ အစ်ကိုက ထူးအယ်လင်း ”

xxxxx

ရာသီဥတုက အေးတစ်လှည့် ပူတစ်လှည့်။ အေးအေးပူပူ ဂီတတစ်ပုဒ်ကို မငြင်းမဆန် နားထောင်လိုက်ဖို့လိုပါသည်။ ဘယ်လိုဂီတမျိုးကို နားထောင်မလဲ။ ရှင်တို့အားလုံးအတွက် ‘ရတီ Music Plus’ က  ရွေးချယ်ပေးလိုက်ပြီ။ ရော့ခ်သီချင်းတွေကို ရှင်တို့နှလုံးသားထဲ အပ်နှင်းပေးဖို့ “စိမ်းလန်းတဲ့နေ့”ထဲမှာ သူ စောင့်နေပါသည်။         ။

Zigzag
(Yati Magazine, Zuly, 2013)

1 comment:

Aunty Tint said...

အန်တီတင့်ရဲ့ လင့်ခ်အသစ်ပါ http://www.auntytint.blogspot.com