ပြုဗ္ဗသာန်ကြယ်ထွန်းလို့ ၊ လ၀န်းတဲ့သော်တာ၊
သည်ချိန်ကို ယုဂန်ဖျားက နှစ်ပါးရောင်ခြည်စိုက် ၊
လင်းခိုက်မို့သာ။
ရနံ့ငယ်ဖြာ၊ ညှာတံက ငုံဖူး၊
ပုန်းညက်ညို ပင်မင်းက ၊
သင်းပျံ့လိုကြူး။
စသည် ရှေးစာဆိုတို့က တင်စားဖွဲ့နွဲ့ခဲ့သည်။
“ရေလျှံတဲ့ လ၀ါဆိုမှာ ၊ပုန်းညက်ညိုမာလာမင်းက သင်းလှတယ်လေး။”
ဟူ၍တသွယ် “မာလာပုန်းညက် ပွင့်မှန်ကူတယ် ၊ မမူ့တမူ ခိုင်အနွဲ့၊ မကြူ့တကြူ ကြိုင်အလှဲ့နှင့် ၊ ဂနိုင်ပိုင်ချဲ့ ဘုရင်စံ။”
ဟူ၍တမျိုး ၀ါဆိုမိုးနှင့် ရာသီပန်းကို ဖွဲ့နွဲ့ကြသည်။
ဗုဒ္ဓမြတ်စွာ သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီး ဦးစွာ မိဂဒါဝုန်တောသို့ ကြွချီတော်မူသည်။ ဘုရားရှင်သည် မိဂဒါဝုန်တောရှိ အဇ္ဇပါလညောင်ပင်ရင်းဝယ် ထိုင်တော်မူကာ ၀ါဆိုလပြည့် စနေနေ့တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဦးဟောခဲ့သည်။ထို့ကြောင့် ၀ါဆိုလပြည့်သည် ထူးခြားသော နေ့တနေ့ ဖြစ်သည်။
အချိန်က ယုဂန်ဖျားတွင် နေနှင့်လ နှစ်ပါး စုံညီ လင်းရောင်ဖြာလွင်ဆဲ။ နေမင်းက နှုတ်ဆက်ထွက်ခွာရန် အပြင် လမင်းက လည်း လပြည့်ညမို့ စောစီးစွာ ထွက်ပြူဝင်းပ လာနေစဉ်။
ဒွေမေဘိက္ခဝေ။ အန္တာ ပဗ္ဗဇိတေန နသေ၀ိတဗ္ဗာ၊
ကတမေဒွေ ယောစာယံ ကာမေသု ကာမ သုခလိကာ၊
နုယောဂေါ၊ ဂါမ္မော၊ ပေါထုဇ္ဇနိကော၊အနရိယော၊
အနတ္တသံဟိတော၊
ယောစာယံအတ္တကိလမထာ နုယောဂေါ၊ ဒုက္ခော အနရိယော၊
အနတ္တသံဟိတော။
အစချီကာပီသ ကြည်မြသော အသံတော်ဖြင့် ဓမ္မစကြာ တရားတော်မြတ်ကို လူသားငါးဦးသာ ပါရှိသည့် နတ်ဗြဟ္မာတို့အား တရားရေအေး တိုက်ကြွေး ဟောကြားတော်မူခဲ့သည်။အယုတ်တရားနှစ်ပါး ဖြစ်သည့် ဆင်းရဲပင်ပန်းခြင်းသာ ဖြစ်စေသော အစွန်းရောက် အတ္တကိလမထာ နုယောဂ နှင့်ကာမသုခလ္လိကာ နုယောဂ တို့ကို ပယ်သတ်ရန်။အလယ်အလတ် မဉ္ဇိမပဋိပဒါ လမ်းစဉ်ကိုလိုက်ရန် ညွှန်ကြားတော်မူခဲ့သည်။ ထိုမှ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြစ်သော..
ကောင်းသောအယူယူခြင်း။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ကောင်းသောအကြံအစည်ရှိခြင်း။
ကောင်းသောစကားကိုဆိုခြင်း။
ကောင်းသောအလုပ်လုပ်ခြင်း။
ကောင်းသော အသက်မွေးခြင်း။
ကောင်းစွာအားထုတ်ခြင်း။
ကောင်းသော သတိရှိခြင်း။
ကောင်းစွာတည်ကြည်ခြင်း စသည်တို့ကို ဆုံးမတော်မူပြီး ဒုက္ခသစ္စာ။ သမုဒယသစ္စာ။ နိရောဓသစ္စာ။မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးကို ညွှန်ပြတော်မူခဲ့သည်။
ဒုက္ခသစ္စာ ဆိုသည်မှာ မလိုလားအပ်သော ဆင်းရဲခြင်းမျိုးစုံ ကြုံဆုံရခြင်း။
သမုဒယသစ္စာ ဆိုသည်မှာ တွယ်တာနှောင်ဖွဲ့သဖြင့် သောကဗျာပါဒဖြင့် ဆင်းရဲပင်ပန်းခြင်း။
နိရောဓသစ္စာဆိုသည်မှာ ထိုဒုက္ခအပေါင်းမှ ချုပ်ငြိမ်းခြင်း။ ကင်းပျောက်ခြင်း။
မဂ္ဂသစ္စာဆိုသည်မှာ. ဆင်းရဲခြင်းအကြောင်းရင်းအမှန်ကို ထိုးထွင်းရှုမြင် နိုင်ခြင်း တို့ဖြစ်သည်။ ထိုမှ အသဝေါတရားကုန်ခမ်းကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုက်ရောက်နိုင်ပါသည် တဲ့။
ကျွန်မတို့တတွေ ဘုရားပေးသည့်နည်းကို မသိ မဟုတ် သိကြပါသည်။ တကယ်လိုက်နာကျင့်သုံးဖို့က အဝေးကြီး။ ဒါန ကုသိုလ်နှင့်သာ သူသူငါငါ လူ့ဘ၀ကို စွန်ခွာ ထွက်သွားနေကြသည်။ခေါင်းအမျိုးမျိုးပြောင်း၍ ဘ၀အထိုထို ကျင်လည်ကြရာတွင် အကယ်၍ လူပြန်မဖြစ်ခဲ့သည်ရှိသော်..ကျွန်မတို့ သာသနာနှင့် ကမ္ဘာ အသင်္ချေ ဝေးကြရတော့မည်။ လူ့ခေါင်း လူ့ဦးနှောက်ကို မပိုင်ဆိုင်သည့် ဘုံဘ၀တခုခုတွင် ရောက်ရှိသွားသည်ရှိသော် ယခုလို တရားတော်မြတ်ကို ဘယ်သို့ ဖြောင့်စွာ နာယူကြပါမည်နည်း။
“ခွင့်သာတုန်းမှ မရုန်းချင်လျှင် ၊အရှုံး နင့်ပြင် ရှိသေးရှာလိမ့်လား။” “ခွင့်သာဆဲမှ ၊ မခဲပါလျှင်၊ အလွှဲနင့်ပြင် ရှိသေးလေလိမ့်လား။" “ခွင့်သာခိုက်မှ မလိုက်ချင်လျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား" ဟူ၍ လယ်တီဆရာတော်ဘုရားသက်ရှိစဉ်က မေးတော်မူခဲ့သည်။
ကျွန်မတို့ ဘယ်လို အဖြေမျိုးကို ပေးနိုင်မလဲ။
ခင်မေသစ်
No comments:
Post a Comment