Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 17, 2013

ဆယ့်ကိုး ဂျူလိုင် မမေ့နိုင်

ဇူလိုင်လ ၁၉ရက်  စနေနေ့သို့ ရောက်ခဲ့ပြန်ပြီ။အနှစ် ၆၆ ပင်  တိုင်ခဲ့သော်လည်း ပြည်သူတို့ကား  မမေ့။
ယင်းနေ့ကို  အာဇာနည်နေ့ဟု ခေါ်တွင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိပ်တန်း ခေါင်းဆောင်ကြီးများ မသမာသူတို့၏ လက်ချက်ဖြင့် သွေးမြေကျသည့်နေ့ဟုဆိုက မမှားပေ။
အချိန်က နံနက်၁၀နာရီ ၃၇မိနစ်။ မိုးက တစိမ့်စိမ့်ရွာနေသည်။
မှုံမှိုင်းသော ကောင်းကင်ကြီးအောက်ဝယ် လောကသည် ထုံထိုင်းနေဟန်။
ထိုနေ့က ဗိုလ်ချုပ်သည် ထူးထူးခြားခြား သနပ်ခါးရောင် ဘန်ကောက်လုံခြည်နှင့် မန္တလေး ပိုးတိုက်ပုံအင်္ကျီကို စမတ်ကျကျ ၀တ်ဆင်ကာ ဆံပင်ကိုလည်း သေသပ်ကျနစွာ ဖီးသင်ခဲ့သည်ဟု ဆိုသည်။  
ပြုံးပြုံးရွှင်ရွှင်နှင့် သမီးထွေးလေး “မမစု" ကိုယုယစွာ နမ်းရှုပ်နှုတ်ဆက်ပြီး အိမ်မှထွက်လာခဲ့သည်ဟု သူ၏ အပါးတော်မြဲ ဗိုလ်ထွန်းလှ  (စာရေးဆရာ တက္ကသိုလ်နေ၀င်း ) က မှတ်တမ်းတင်ခဲ့သည်။

ဗိုလ်ချုပ်ကို စည်းဝေးခန်းမရှိ သဘာပတိ ထိုင်ခုံတွင် နေရာချထားပြီးမှ သူ့ရုံးခန်းသို့ ပြန်သွားခဲ့သည်ဟု ဗိုလ်ထွန်းလှက ဆို၏။
ထိုအစည်းအဝေးတွင် ဘရင်းဂန်းအလက် ၂၀၀ ပျောက်ဆုံးသည့်ကိစ္စကို  ဆွေးနွေးရန်ရှိသည် ဆို၏။
သို့သော်လည်း ရန်သူက လက်ဦးသွားခဲ့ပြီတည်း။
ဗိုလ်ချုပ်နှင့် ၀န်ကြီးများ အတွင်းဝန်ရုံးတွင် စည်းဝေးစတင်နေပြီ။
ရုံးရှေ့ကို ဂျစ်ကားတစင်း တည်ငြိမ်စွာ ထိုးဆိုက်လာ၏။ ကားပေါ်မှ စစ်ဝတ်စုံနှင့် လက်နက်ကိုင် တစု အိနြေ္ဒရရ  ဆင်းလာသည်။
ဝန်ကြီးများစည်းဝေးထိုင်ရာ ရုံးခန်းအတွင်းသို့ ပြောင်ပြောင်တင်းတင်း ၀င်ရောက်သွားကြပြီ။ မကြာမီ ..
 ဒိန်း…ဒိန်း….ဒိန်း….ဒက်..ဒက်..ဒက်…ဒိုင်း ..ဒိုင်း  ဒိုင်း ..ဟူ၍ သေနတ်သံများ  ပေါက်ကွဲ ဆူညံစွာ  ဆက်တိုက်ထွက်ပေါ်လာ၏။

စည်းဝေး  ခန်းမကြီး တခုလုံး  ယမ်းနံ့ ဖြင့် မွန်းကြပ်ကာ ယမ်းငွေ့ မျာဖြင့်  ပိန်းပိတ် ရီမှောင်သွားခဲ့။
မတ်တတ်ရပ် လက်ကာပြရင်း တခုခု ပြောလိုက်သော ဗိုလ်ချုပ်ကိုယ်ခန္ဓာပေါ်သို့ သေနတ်ကျည်ဆန်အတောင့်  (၁၃တောင့်) က တဆက်တည်း စုပြုံဝိုင်းအုံ ထွင်းဖေါက် ၀င်ရောက်သွားသည်။ ဗိုလ်ချုပ်ကို  အဓိက  ပြစ်မှတ်ထား တိုက်ခိုက်ခြင်း။
ဗိုလ်ချုပ်ကိုယ်မှ ထွက်ကျလာသည့် ရဲရဲနီစွေးသော သွေးတို့သည် ခန်းမကြမ်းပြင်သို့ ချောင်းသဖွယ်   ယိုစီးရင်း ဗိုလ်ချုပ်ခန္ဓာကိုယ်က အလဲလဲ  အပြိုပြို နှင့် ပက်လက်လန်ကျသွားတော့သည်။ လျှပ်တပြက် အသက်ဝိညာဉ် ကင်းမဲ့သွားသည့် ဗိုလ်ချုပ်ခန္ဓာကိုယ်သည်ကား မလှုပ်မယှက်။ 
သွေးအိုင်တွင်းဝယ် ထာဝရ အိပ်စက်ခြင်းဖြင့် အနားယူ သွားခဲ့ရော့ထင့်။

 တတိုင်းတပြည်လုံး အုံးအုံးကြွက်ကြွက်၊ အထက်ဘ၀ဂ်မှ အောက်နရက်တိုင် ငရဲပွက်သို့ ရဟန်းရှင်လူ သူသူငါငါ တုန်လှုပ် ခြောက်ခြားကြကုန်၏။ ဤမျှ  ရက်စက် နိုင်လွန်းသည့် ဖြစ်ရပ်ကို မည်သူတွေ ကျူးလွန်ဝံ့သနည်း။ (အဖြေက ရှိပြီးဖြစ်ပါသည်။)
“ဘယ်ရှေးကံငယ် ဖန်နိုင်အားရက်တယ်  …နတ်မင်းတို့ နေနိုင်တယ်” ဟုသာ ငိုချင်းချရပေတော့မည်။ 
ဗိုလ်ချုပ်နှင့်အတူ ဦးဘ၀င်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇတ်၊ ဦးအုံးမောင်၊ မောင်ထွေးတို့သည်လည်း အတုံးအရုံး ကျဆုံးခဲ့ကြသည်။

နှစ်လနာရီ  ..ချိန်ရာသီ ရွေ့ပေမဲ့ ..အာဇာနည်နေ့ကိုတော့ …မမေ့သင့်ပါသလေ..
ယနေ့ဖြင့်  ..အသိတရား  ရဖို့ အခြေ … .တွေးရှုကာပဲ  အလေးပြု ပါတယ်လေ..။
(အလေးပြုနေရုံဖြင့် မပြီးသေးပါ။ တဲ့။ နောင်လာနောက်သားများအတွက် အာဇာနည်စိတ်ဓါတ် ပွားများလာစေရန် တိုင်းပြည်အတွက် စွန့်လွှတ် အနစ်နာခံယူချင်စိတ် ပေါ်ထွန်းစေရန်  အမှတ်တရ ကျောက်တိုင်များစိုက်ထူပေးဖို့အာဇာနည်ကုန်းကို ယခုထက် ခမ်းနားစွာ ပြုပြင်မွမ်းမံပေးဖို့  အများကြီး လိုအပ်နေပါသေးသည်။)

ခင်မေသစ်

No comments: