Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 01, 2013

ကျွန်မကို ခေါ်သွားပါရှင်

ခုတလော ကိုလေးရဲ့ အိမ်ပြန်ချိန်တွေ သိပ်နောက်ကျလာတယ်။ စုလှိုင် ၀မ်းနည်းလိုက်တာ။ ကိုလေးက အလုပ်ကို အကြောင်း ပြ၊ သူငယ်ချင်းကိုအကြောင်းပြပြီး အိမ်မှာနေချိန်တွေ နည်းနည်းလာပြီ။ ဟင့်အင်း နည်းတာ မဟုတ်ဘူး။ မရှိသလောက်ကို ဖြစ်နေတာ။ အစောဆုံးပြန်လာတာ ည ၁၁နာရီပဲ၊ ဒါ့ထက် နောက်ကျရင်ကျ၊ မလာရင် လုံးဝကို ပြန်မလာတော့တဲ့အထိပဲ။ ကိုလေးပြန် မလာလို့ ခံနိုင်ရည် မရှိတဲ့စိတ်ကို စုလှိုင်ထိန်းချုပ်လို့ရပေမဲ့ သမီးက ငိုမဲ့မဲ့ မေးလာတဲ့အခါမျိုးမှာ စုလှိုင် ခံနိုင်ရည်မရှိတော့ဘူး။ စကားတတ် တဲ့သမီး က ညညအိပ်ရာဝင်တိုင်း မေးတယ်။ ဒီည ဖေဖေပြန်လာမှာလားတဲ့။ အေးအေး ပြန်လာမှာပေါ့ သမီးဖို့ မုန့်ပါလာမှာ ဟိုဟာ ပါလာမှာ ဒီဟာပါလာမှာ ဆိုပြီး ဖြေသာဖြေဖြေနေရတာ၊ ပါလာဖို့မဆိုထားနဲ့ ကိုလေးက လူကိုယ်တိုင်ကို ပြန်မလာတော့တာ။ တစ်ရေးနိုးတိုင်း လည်း ဖေဖေပြန်လာပြီလား မေးတတ်တဲ့ သမီးကို မလာသေးဘူး လို့ ဖြေရတဲ့ညတွေ များလွန်းလို့ စုလှိုင် အဲဒီလို ဖြေဖို့အား မရှိတော့ဘူး ဖြစ်နေပါပြီ။


ခုည စောစောပိုင်းတုန်းကတော့ မတွေ့တာကြာတဲ့သူငယ်ချင်းတစ်ယောက်နဲ့တွေ့နေလို့တဲ့၊ ပြန်လာမှာပါတဲ့။ စောစောပြန် လာမယ်တဲ့၊ သမီးမအိပ်ခင်ပြန်လာမယ်တဲ့၊ ခေါက်ဆွဲကြော်ဝယ်ခဲ့မယ်တဲ့။ သမီးက ဒီစကားကြောင့် ၁၁နာရီလောက်ထိ မအိပ်ဘဲ စောင့်နေတုန်းပဲ။ နောက်တော့ အိမ်ရှေ့ကုလားထိုင်မှာ ခွေခွေအိပ်ပျော်သွားတဲ့သမီးကို အိပ်ခန်းထဲရွှေ့သိပ်ပြီး စုလှိုင်ကိုလေးကို စောင့်နေ ပါတယ်။ ဒါပေမဲ့ ဒီညစောင့်ရပုံက တစ်မျိုးကြီးပဲ။ တစ်ခုခုလုပ်တိုင်း ဟိုပစ္စည်း ဒီပစ္စည်းတွေက လက်ထဲကနေ ခဏခဏပြုတ်ပြုတ်ကျ တယ်။ စိတ်တည်ငြိမ်အောင် ဘုရားစာဖတ်မယ် ပုတီးစိပ်မယ်ဆိုပြီး ဘုရားစင်ကနေ ဘုရားစာအုပ်နဲ့ပုတီးလေး လှမ်းယူတာတောင် စိပ်ပုတီးက ကြမ်းပြင်ပေါ်ကို လျှောခနဲ ပြုတ်ကျခဲ့သေးတယ်။ သမီးကလည်း ခါတိုင်းညတွေဆို တစ်ခါလောက်ပဲ အိပ်ချင်မူးတူးလှမ်းမေးပြီး ပြန်အိပ်မောကျသွားတာပါ။ ခုညကျမှ ခဏခဏပဲ ထထလာပြီး ညနေတုန်းက သူဆွဲထားတဲ့ ဖေဖေ့ပုံဆိုတဲ့ ပန်းချီပုံလေးကို လက်ကကိုင် ပြီး ဖေဖေ့ကို ပြမလို့တဲ့၊ စုလှိုင်ထွက်စောင့်နေတဲ့ အိမ်ရှေ့ဝရန်တာထိ လာလာပြီး မလာသေးဘူးလားမေးလို့ သမီးကို ချော့မော့ပြီး အိပ်ရာ ထဲ ပြန်ပြန်ပို့နေရတယ်။ သမီးက သူဆွဲထားတဲ့သူ့အဖေပုံပန်းချီစာရွက်လေးကို လက်ကမချဘဲ ဆုပ်ကိုင်ပြီး အိပ်ပျော်သွားတယ်။ သမီးဆွဲ ထားတဲ့ပုံလေးက ကိုလေးနဲ့သိပ်တူတာပဲ။ သမီးက သူ့အဖေလို ပန်းချီအနုပညာသမားတစ်ယောက် ဖြစ်လာရင်လည်း ကောင်းမှာပဲလို့ စုလှိုင် မျှော်လင့်မိတယ်။ ပန်းချီကို ချစ်မြတ်နိုးတဲ့လူသားတွေဟာ မိမိပတ်ဝန်းကျင်ကို၊ ကမ္ဘာကြီးကို ဘယ်တော့မှ ဖျက်လိုဖျက်ဆီးလုပ် မယ့် သူတွေ မဟုတ်ဘူးလို့ စုလှိုင်ယုံကြည် လက်ခံလို့ပါ။ ကိုလေးရော ဘယ်လိုလဲဟင်၊ စုလှိုင်တို့မိသားစုဘ၀လေး ပျက်စီးအောင် ဘယ်တော့မှ မလုပ်ဘူး မို့လား၊ အိမ်ထောင်သက် ၁၀နှစ်အတွင်းမှာ သံသယဖြစ်ဖွယ် အစအနလေးတွေကို မြင်တွေ့နေရပေမဲ့ ကိုလေးကိုတော့ စုလှိုင် ယုံနေပါတယ်။

ညက သန်းကောင်ကျော်သွားခဲ့ပြီ။ ၂နာရီတောင်ရှိပြီ။ ဒီအချိန်ဟာ မနက်လား၊ ညလား၊ မနက်ဟန်ဆောင်ထားတဲ့ ညလား၊ ညဟန်ဆောင်ထားတဲ့ မနက်လား၊ နေ့အသစ်ထဲကို နာရီတွေက ကူးပြောင်းခဲ့ပေမဲ့ မိုးမလင်းသေးတော့ ညလို့ပဲ ပြောရမှာလား။ စုလှိုင် တောင်စဉ်ရေမရ လျှောက်တွေးနေမိတယ်။ ဒီလို တစ်ခါမှ အတွေးတွေ အနက်ရောင်လှိုင်း မထခဲ့ဖူးဘူး။ အတွေးတွေ နက်မှောင်ရုံမက တုန်လှုပ်ချောက်ချားနေလိုက်တာ။ ခါတိုင်းဆို ၁၁နာရီလောက် ကိုလေးပြန်လာရင်လာ၊ မလာရင်လည်း စုလှိုင် သမီးဘေးနားမှာ ခွေလှဲပြီး အိပ်နေတော့တာပါ။ ခုညကျမှာ စိတ်တွေ ကစဥ့်ကလျားနဲ့ ဒီဝရန်တာက မခွာချင်တဲ့အထိ ကိုလေးကို ဘာလို့ မျှော်မိနေတာပါလိမ့်။ ကိုလေးကို မျှော်ရတာ ခုညက ခါတိုင်းညတွေနဲ့ တူတော့ မတူဘူးလို့ စုလှိုင်စိတ်ထဲ တစ်မျိုးတစ်မည် ခံစားနေရတယ်။ စုလှိုင်သာ ကိုလေး လို ပန်းချီဆွဲတတ်ရင် လင်ယောက်ျားကို ပူပင်ကြောင့်ကြတဲ့အငိုမျက်လုံးတွေနဲ့ မျှော်နေတတ်တဲ့ မိန်းမတစ်ယောက်ရဲ့ပုံတူကို ၀ရန်တာထက်က အမျိုးသမီးလို့ title ပေး၊ ရေးဆွဲမိမှာပဲ။
စုလှိုင် မေးခွင့်ရရင် မေးလိုက်ချင်တယ်။ ကိုလေး အပါအ၀င်ပန်းချီဆရာတွေကိုပေါ့။

ပန်းချီဆရာတွေဟာ လူမိန်းမပုံ ရေးဆွဲရင် ကခုန်နေတဲ့ မင်းသမီးပုံ၊ ဈေးရောင်းနေတဲ့ပုံ၊ သနပ်ခါးပါးကွက်ကြားနဲ့ပုံ၊ ကလေးချီ ထားတဲ့ပုံ၊ မြစ်ဆိပ်မှာ အ၀တ်လျှော်နေတဲ့ပုံ၊ ရေခပ်နေတဲ့ပုံ၊ ရေချိုးနေတဲ့ပုံ၊ အို…နောက်ဆုံး အ၀တ်အစားမပါတဲ့ပုံတောင် မရှောင် ရေးဆွဲနေကြပြီး အိမ်ပြန်နောက်ကျတဲ့ လင်ယောက်ျားကို မျှော်နေမယ့် ဇနီးမယားတစ်ယောက်ရဲ့ပုံကိုတော့ ဘာလို့ ရေးဆွဲဖို့ မေ့လျော့ နေကြတာလဲပေါ့။

ခုတော့ ကိုလေးတို့လို ပန်းချီဆရာတွေက အနားမှာ ရှိတဲ့အရာတွေကို ပစ်ပြီး အဝေးကြီးကိုသာ ခရီးတွေဆန့်ဆန့် ထွက်ရင်း အဲဒီ အဝေးကအရာတွေကိုပဲ တခုတ်တရ ရေးဆွဲနေကြတာ။ အခုရော ကိုလေးတစ်ယောက် အဝေးကြီးကို စိတ်တွေ ဆန့်ထွက်ပြီး အိမ်ပြန် မလာနိုင်တော့တဲ့အထိ ခရီးတွေ နစ်ကျွံနေပြီလား။ စုလှိုင်က ဘယ်ကိုမဆို ကိုလေး သွားတဲ့နောက် အမြဲမခွဲ လိုက်ခဲ့ချင်သူပါ။ နံနက်စာစားပြီးလို့ ကိုလေး အပြင်ထွက်မယ်ပြင်တိုင်း `ကျွန်မကို ခေါ်သွားပါရှင်´လို့ အရူးအမူး ပူဆာချင်တဲ့သူပါ။ ခက်တာက ကိုလေးက စုလှိုင်ကို ဘယ်နေရာကိုမှ ခေါ်မသွားဖူးဘူး။  ပန်းချီဆရာတွေ ပန်းချီပြပွဲလုပ်တဲ့အခါ အနည်းဆုံး ပထမနေ့ဖွင့်ပွဲလုပ်တဲ့နေ့မျိုးလေးတော့ အိမ်က မိသားစုကို ပြခန်းတွေဆီ ခေါ်ခေါ်သွားတတ်ကြတာပါ။ တစ်ခါတစ်ခါ အိမ်ကို ကင်မရာတွေ ယူလာပြီး ကွန်ပျူတာထဲကို ဟိုထည့် ဒီထည့် လုပ်တဲ့အခါမျိုးမှာ ပန်းချီဆရာတွေနဲ့ သူတို့ရဲ့ဇနီးမယား ပုံတွေ တော်တော်များများကို စုလှိုင် တွေ့တွေ့နေတာပဲ။ အဲဒီအထဲ ဘယ်တုန်းကမှ စုလှိုင်ပုံ မပါခဲ့ဘူး။ ကိုလေးက တစ်မျိုးပဲ၊ ပန်းချီပြပွဲတွေသာ မကြာမကြာလုပ်နေတာ၊ စုလှိုင်ကို တစ်ခါမှ လိုက်ခဲ့ပါလို့ မခေါ်ဖူးဘူး။ ခုည ကိုလေးပြန်လာရင်တော့ “ကျွန်မကို အိမ်ထဲမှာ ချန်မထားပါနဲ့ ၊ ကျွန်မကို ခေါ်သွားပါရှင်” လို့ စုလှိုင် ပြောပစ် လိုက်တော့မယ်။
xxxxx
            ဒီနေ့ည မောင်နဲ့ မတွေ့ရဘူး။ အပြင်မှာ လူချင်းမတွေ့ရတာကို ပြောတာပါ။ on line မှာကတော့ တွေ့တာပေါ့။ မောင်က  facebook အမြဲသုံးလေ့ရှိတယ်။ ဇွန်ပွင့်လည်း ရုံးမှာ သုံးရင်းနဲ့ မောင်နဲ့စကားပြောခွင့်ရတယ်။ မောင်နဲ့ ဇွန်ပွင့်တို့အဖြစ်က ရုပ်ရှင်တစ်ကား၊ အိပ်မက်တစ်ခုလိုပဲ စိတ်ကူးယဉ်ဆန်လှတယ်။ မောင်နဲ့ ပြန်တွေ့တဲ့နေ့ကို ဇွန်ပွင့် မှတ်မိနေပါသေးတယ်။ အဲဒီနေ့က ဇွန်ပွင့် ဒီဇိုင်းလုပ် ထားတဲ့ ပန်းဖလက်လေးတွေ ပြဖို့ MMP ကုမ္ပဏီကို လာခဲ့တယ်။ ကုမ္ပဏီပိုင်ရှင်သူဌေးနဲ့ စကားပြောနေတဲ့ မောင့်ကို တွေ့ရတာ။ မောင်က ချက်ချင်းပဲ လိပ်စာကတ်လေးထုတ်ပေးခဲ့တယ်။ လိပ်စာကတ်ကို ကြည့်တော့ artist and  turator လို့တွေ့တယ်။ မောင်က ပန်းချီအနုပညာအလုပ်တွေ ဇောက်ချလုပ်နေပြီပေါ့။ MMP နားက ကော်ဖီဆိုင်လေးမှာ အကြာကြီး ထိုင်ဖြစ်ခဲ့တယ်။ တစ်ခဏချင်းမှာပဲ တစ်ယောက်ဘ၀ကို တစ်ယောက် မကြွင်းမကျန် သိခွင့်ရလိုက်တယ်။ MMP ကုမ္ပဏီက ဦးမျိုးက ၀ါသနာအရ ပန်းချီကား စုဆောင်းတဲ့ collector တစ်ယောက်တဲ့။ မောင့်ပန်းချီကားတွေ အမြဲဝယ်ယူလေ့ရှိတယ်တဲ့။ ပိုက်ဆံလိုလို့ ပန်းချီကားတစ်ကား လာရောင်းတာ လို့ မောင်က မကွယ်မ၀ှက်ပြောပြခဲ့တယ်။

မပြောသင့်တော့ပေမဲ့ အမှန်တရားကို မသိုဝှက်ချင်တဲ့စိတ်နဲ့ ဖွင့်ဟပြောပြရရင် မောင့်ကို ဇွန်ပွင့် သိပ်ချစ်ခဲ့တယ်။ မောင်က ဇွန်ပွင့်နဲ့တွေ့တုန်းက ကဗျာသမားယောင်ယောင်၊ ပန်းချီသမားယောင်ယောင် လူငယ်လေး တစ်ယောက်ပေါ့။ မောင် ရေးတဲ့ ကဗျာလေး တွေက ဇွန်ပွင့်နှလုံးသားကို တစ်စစီဖဲ့ချွေနိုင်တဲ့အထိ အားကြီးခဲ့တယ်။ ဆံပင်ကရှည်ရှည်နဲ့ လမ်းသူရဲလိုလို ဘာလိုလို၊ ဘာအလုပ်အကိုင် မှ အတည်တကျ မရှိတဲ့ မောင့်ကို ဇွန်ပွင့်မိဘတွေ သဘောမတူတာ အပြစ်တော့လည်း မဟုတ်ဘူးပေါ့။ မိဘတွေကို ဆန့်ကျင်ပြုပြီး မောင့် ကို ယူပစ်လိုက်ဖို့လည်း ဇွန်ပွင့်စိတ်တွေ မရဲခဲ့ဘူးလေ။ မောင့်ကို ချစ်ပေမဲ့ အိမ်ထောင်ရေးကိစ္စကျတော့ ချစ်တာတစ်ခုတည်းနဲ့ မဖြစ်ဘူးလို့ ဇွန်ပွင့်စဉ်းစားခဲ့တာ။ မောင့်ဘက်ကလည်း ချစ်တာကလွဲပြီး ဘာမှ တစ်ဆင့်တက် ကြိုးစားမပေးနိုင်ခဲ့ဘူး။ အရာရာ ကြောက်ခမန်းလိလိ ဈေးကြီးလှတဲ့ ဒီခေတ်ကြီးမှာ အိမ်ထောင်တစ်ခုတည်ဆောက်မယ်ဆိုရင် ပုံမှန်လစာရှာဖွေနိုင်ဖို့၊ စီးပွားရေးတစ်ခုခု လည်း လုပ်တတ်ဖို့ လိုတယ်မို့လား။ မောင်က ပိုက်ဆံရှာဖို့ စီးပွားရေးလုပ်ဖို့ဆိုတာကို ဘာမှ ခေါင်းထဲ မထည့်ချင်တဲ့ လူစားလေးဆိုတော့လည်း…။

အရွယ်ရှိခိုက် အိမ်ထောင်ပြုဆိုတဲ့ မိဘတွေရဲ့စီမံခန့်ခွဲမှုယန္တရားကြီးအောက်မှာ ဇွန်ပွင့်ရဲ့အချစ်တွေလွင့်စဉ်သွားခဲ့တယ်။ ဇွန်ပွင့် ကိုကိုမောင်နဲ့ လက်ထပ်ပြီးချိန် မောင်လည်း မကြာခင်မှာပဲ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်လို့ သတင်းရ တယ်။ ဇွန်ပွင့်လေ မောင့်လို လူစားကို တစ်ဘ၀လုံးပုံပြီး ယူဝံ့တဲ့ မိန်းကလေးရဲ့သတ္တိကို တိတ်တဆိတ်လေး ဦးညွတ်နေမိခဲ့သေးတာပါ။ တစ်ဖက်ကလည်း ကျွန်မ ဘာလို့မောင့်ကို မယူရဲခဲ့ပါလိမ့် ဆိုပြီး အားမလိုအားမရစိတ်၊ နောင်တစိတ်တွေနဲ့ ယောက်ယက် ခတ်နေခဲ့ တယ်။ အမှန်က အချစ်စိတ်ဟာ အနာဂတ်ကို စိန်ခေါ်ရဲတဲ့အထိ အားအင်ပြည့်ဝတဲ့အရာဖြစ်တယ် ဆိုတာကို ယုံကြည်ဖို့ ဇွန်ပွင့် မေ့လျော့ ခဲ့တာပဲ ဖြစ်မှာပါ။ အချစ်ဆိုတာကို နှစ်နှစ်ကာကာယုံကြည်တတ်ချိန်မှာ ဇွန်ပွင့်ရဲ့ဘ၀က ငွေကြေးနဲ့တည်ဆောက်ထားတဲ့ ဖန်လုံအိမ်ထဲ မှာ မလူးသာမလွန့်သာ ဖြစ်နေရပါပြီ။ ပိုဆိုးတာက ဇွန်ပွင့်ကို ချစ်လှချည့်ကြိုက်လှချည့် ဆိုပြီး မိဘတွေဆီ ခမ်းခမ်းနားနားကြီး တောင်းရမ်းလက်ထပ်ယူခဲ့တဲ့ အဲဒီ ကိုကိုမောင်ဆိုတဲ့ အိမ်ကလူမှာ ဇွန်ပွင့်အပြင် တခြားမိန်းမတစ်ယောက်လည်း ရှိနေတယ်ဆိုတာပါပဲ။

မိဘတွေ ဒါတွေကို မသိလိုက်ဘဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားတာကိုပဲ ဇွန်ပွင့် စိတ်ချမ်းသာရပါသေးတယ်။ မဟုတ်ရင် မိဘတွေခမျာ `နားချမိတာ ငါတို့မှားပါပေါ့ ´ဆိုတဲ့ နောင်တကြီး ရင်ဝယ်ပိုက်နေရမယ့် အဖြစ် မဟုတ်လား။ ဇွန်ပွင့်ကတော့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဇွန်ပွင့်ကိုယ်တိုင်က အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ ဘာက အဓိက ဆိုတာကို မသိခဲ့တာလေ။ ဇွန်ပွင့်က အိမ်ရှင်မ တော့ အိမ်ရှင်မဖြစ်ခဲ့တယ်။။ ဒါပေမဲ့ အတုအယောင်အိမ်ရှင်မ၊ ဆားမပါတဲ့ဟင်းတွေကို နေ့စဉ်ချက်ပြုတ်နေရတဲ့ အိမ်ရှင်မပေါ့။ အချစ်မရှိ၊ ကလေးမရှိ၊ ပူပန်သောက မရှိတဲ့ အိမ်ရှင်မပေါ့။ ဘာမှမရှိခြင်းက စိတ်ဓာတ်ကို ပျက်ပြားစေတယ်လို့ တွေးမိတဲ့အခါ ဇွန်ပွင့် တတ်ထားတဲ့ ကွန်ပျူတာဒီဇိုင်းပညာနဲ့ အပြင်ထွက်အလုပ်လုပ်တယ်။ ဘ၀ရဲ့အနှစ်သာရကို အလုပ်ထဲမှာ ရှာတွေ့ခဲ့တယ်။ မီဒီယာလုပ်ငန်းတစ်ခုမှာ ဇွန်ပွင့် ကုန်ပစ္စည်းကြော်ငြာတွေ၊ ပန်းဖလက်တွေ၊ ဘေလ်ဘုတ်တွေအတွက် ဒီဇိုင်းလုပ်တယ်။ ပုံမှန်လုပ်ရတဲ့ အလုပ်တစ်ခု ရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေရှိလာတယ်။ အိမ်ကလူ ကိုကိုမောင်နဲ့ အဆင်မပြေ ထပ်ဖြစ်ဦးမလား၊ ရန်တွေ ထထဖြစ်ဦးမလား ဘာဆို ဘာမှ မမှုတော့ဘူး။ အိမ်မှာ ပြဿနာဖြစ်လေလေ အလုပ်ကို စောစောသွားပြီး အလုပ်ထဲစိတ်နှစ်လုပ်လေလေနဲ့ ဇွန်ပွင့်ရဲ့ဒီဇိုင်း လက်ရာ တွေက ပိုပြီးရုပ်လုံးကြွလာတာပေါ့။

မောင်နဲ့ပြန်တွေ့ပြီးနောက်ပိုင်း မကြာခဏ လက်ဖက်ရည်ဆိုင်လေးမှာ၊ ကော်ဖီဆိုင်လေးတွေမှာ မောင်နဲ့ အတူ အချိန်းအချက်ပြု ထိုင်ဖြစ်ခဲ့တာ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးအတွက် အပြစ်တစ်ခုဆိုရင်လည်း အဲဒီအပြစ်ရဲ့ ဒဏ်ကို ဇွန်ပွင့် အသာတကြည် ခေါင်းငုံ့ခံ ရတော့မှာပါ။ မောင်နဲ့အများဆုံး ထိုင်ဖြစ်တာက ၃၆လမ်းထဲက Zi caffee ပေါ့။ မောင်နဲ့ မနက်တိုင်းလိုလို တွေ့ဆုံဖြစ်တယ်ဆိုပေမဲ့ ဇွန်ပွင့်တို့တွေ့ရင် မောင်က မောင့်အလုပ်အကြောင်း၊ မိသားစုအကြောင်း၊ ပြောပြလေ့ရှိသလို ဇွန်ပွင့်ကလည်း အလုပ်ထဲက သူငယ်ချင်း တွေအကြောင်း ကိုကိုမောင်နဲ့ အဆင်မပြေ ရန်ဖြစ်တဲ့အကြောင်း တစ်ညတာ ခံစားချက်တွေကို မနက်မိုးလင်းတဲ့အခါ ဖလှယ်ဝေငှကြတဲ့ သဘောပါပဲ။ အစပိုင်းမှာ ဇွန်ပွင့်လည်း အရင်းနှီးဆုံးမိတ်ဆွေတွေလို့ပဲ ခံယူထားပေမဲ့ တစ်ခါတစ်ခါ မောင့်ဆီကပွင့်အံလာတဲ့ စကားလုံး တွေကြောင့် ငိုချင်သလိုရယ်ချင်သလိုနဲ့ တုန်ယင်ချောက်ချားခံစားချက်ကြီးက ဇွန်ပွင့်ကို ခြယ်လှယ်စိုးမိုးသွားခဲ့ပြီ။

မောင်က “ ဇွန်ပွင့်ကို ချစ်တယ်”တဲ့။ “ လွန်ခဲ့တဲ့ ၁၀နှစ်ကလည်း ဒီလို ရှင်ပြောခဲ့ဖူးတယ်”လို့ ဇွန်ပွင့်က ပြောတော့ မောင် က အဲဒီတုန်းက ငယ်ရွယ်တဲ့စိတ်နဲ့ ဘာမှထည့်မစဉ်းစားဘဲ ပြောခဲ့တာတဲ့။ အခုက အရာရာကို ကောင်းကောင်းသိသွားပြီ၊ ဘ၀ဆိုတာကို နားလည်ခဲ့ပြီ၊ အရာရာကို သိနားလည်သွားချိန်မှာ အားလုံးကိုထည့်စဉ်းစားပြီးမှ သိစိတ်တွေအပြည့်နဲ့ ပြောတာ တဲ့။ သေချာနေလွန်းလို့ ထုတ်ပြောတာတဲ့။
နောက်ပိုင်းမှာ နေ့တွေသာမက ညတွေညတွေမှာလည်း ဖုန်းကိုယ်စီနဲ့ chatting box လေးထဲ အသံတိတ်လေး စကားဆိုမိကြ တယ်။ ဒါ အပြစ်တစ်ခုလား ဆိုတာ ဇွန်ပွင့် မဝေခွဲချင်တော့ပါဘူး။ ကိုကိုမောင်ရဲ့အလစ်မှာ၊ ဒါမှမဟုတ် အိမ်မှာ သူမရှိခိုက်မှာ အင်တာနက်ဖွင့်၊ facebookမှာ မောင်တင်ထားတဲ့ ပန်းချီကားပုံလေးတွေ၊ သွားရင်းလာရင်း အနုပညာဆန်ဆန်ရိုက်ထားတဲ့ လျှပ်တစ်ပြက် ဓာတ်ပုံလေးတွေ၊ မိတ်ဆွေပန်းချီဆရာတွေနဲ့ စားစားသောက်သောက်ပုံတွေ ရှာဖွေကြည့်ပြီး like တွေ လုပ်ရ၊ comment တွေ ၀င်ရေးရနဲ့ ပျော်မွေ့သာယာနေမိတယ်ဆိုတာ မေးသူမရှိလည်းပဲ ဇွန်ပွင့် ၀န်ခံပြောပြချင်နေတာပါ။ မောင်ရဲ့မိတ်ဆွေပန်းချီဆရာတွေတောင်မှ ဇွန်ပွင့်ဖြူ ဆိုတာ မောင့်ရဲ့တစ်ချိန်တုန်းကချစ်သူ လို့ သိနေကြပါပြီ။ လူတွေသိကုန်တာ မကြောက်ဘူးလား လို့ ဇွန်ပွင့်မေး တော့ မောင်က `မတတ်နိုင်ဘူးကွာ၊ တကမ္ဘာလုံးသိချင်သိ၊ အိမ်ကလူနှစ်ယောက် မသိဖို့ပဲလိုတယ်´တဲ့။

မောင့်မိတ်ဆွေတွေ သိနေသလို ဇွန်ပွင့်အလုပ်ထဲက သူငယ်ချင်းတွေလည်း ဇွန်ပွင့်က ရည်းစားဟောင်းနဲ့ ပြန်တွဲနေတယ်လို့ သိနေကြပါပြီ။ ယောက်ျားလေးတွေက ဒါကို အပြစ်လို့ သိပ်မမြင်တတ်ကြပေမဲ့ မိန်းကလေးတွေက ဇွန်ပွင့်ကို အကျင့်ပျက်တဲ့မိန်းမလိုလို အတင်းအဖျင်း ဆိုနေကြပြီ။ ဇွန်ပွင့်က လင်ယောက်ျားရှိလျက်နဲ့ ငယ်ရည်စားနဲ့ပြန်တွဲပြီး ဖောက်ပြန်နေတယ်ပေါ့။ အဲဒီလင်ယောက်ျားက ဇွန်ပွင့်အပြင် အခြားမိန်းမ တစ်ယောက်ရှိနေတာကျတော့ သိလျက်နဲ့ သူတို့အပြစ်လို့ မမြင်ကြဘူး။ ယောက်ျားတွေအနေနဲ့ကတော့ ဒါ သူတို့သဘာဝပဲတဲ့၊ အချိန်တန်ရင် အိမ်ပြန်လာမှာပဲတဲ့။ ကိုယ့်ကို ပြည့်ပြည့်စုံစုံ ထားတာပဲတဲ့။ မိန်းမ နဲ့ ယောက်ျား Gender ခွဲခြားမှု သတ်မှတ်မှု၊ မတရား မမျှတတဲ့ လူ့ဝသီလူ့စရိုက်ကို ဇွန်ပွင့် သိလိုက်ရတယ်။ တကယ်ဆို ဇွန်ပွင့်က လင်ယောက်ျားနဲ့အပြိုင် အခွင့်အရေး တောင်းဆိုတာ မဟုတ်ပါဘူး။ ဒီလူဖောက်ပြန်လို့၊ ငါ့အပေါ်သစ္စာမရှိလို့ ငါလည်း ဒီလိုတုံ့ပြန်လိုက်မယ်ဆိုတဲ့ မထီမဲ့မြင်စိတ်မျိုးနဲ့ မဟုတ်ပါဘူး။ မရည်ရွယ်ဘဲ အရင်ဦးဆုံးချစ်ခဲ့ရသူနဲ့ ပြန်တွေ့တာ။ လင်ယောက်ျားဆီက မရခဲ့ဖူးတဲ့ အချစ်နဲ့ စာနာဖေးမမှု ဆိုတာကို ချစ်ခဲ့ဖူးသူဆီက အချိန်တွေနှောင်းကာမှ နွေးနွေးထွေးထွေးလေး ပြန်ရလိုက်တာ၊ ဒါကို မိန်းမတစ်ယောက်အနေနဲ့ မက်မော သာယာခွင့် မရှိဘူးလား လို့ လူတွေကို ဇွန်ပွင့်မေးချင်လိုက်တာရှင်။

 ဇွန်ပွင့်ကို မောင်က သူတို့ ပန်းချီပြပွဲ ဖိတ်စာတွေ၊ ကက်တလောက်တွေ ဒီဇိုင်းလုပ်စေတယ်။ ဇွန်ပွင့်လုပ်တဲ့ ဒီဇိုင်းတွေကိုကြည့် ပြီး သူလိုချင်တာဒါမျိုးပဲတဲ့၊ ဇွန်ပွင့်နဲ့ဆိုရင် အယူအဆ အတွေးအမြင်ချင်းလည်း တူတယ်တဲ့ တဖွဖွပြောလေ့ရှိတယ်။ အချိန်တွေကို အတိတ်ကို ပြန်သွားလို့ရရင် မိဘတွေသဘောမတူလည်း ဇွန်ပွင့်ကို မရရအောင်ယူဖို့ ကြိုးစားပစ်လိုက်မယ်လို့ နောင်တမျက်လုံးတွေနဲ့ မောင် ပြောလာတဲ့အခါမျိုးမှာ ဇွန်ပွင့် လေ..စိတ်မထိန်းနိုင်တော့ဘဲ သည်းသည်းထန်ထန် ငိုမိတော့တာပါပဲ။
ခုတစ်လော မောင်စိတ်ညစ်နေတာ ဇွန်ပွင့်သိတယ်။ အကျိုးအမြတ်တွေ အချိုးကျကျခွဲဝေယူကြမယ်ဆိုပြီး နှစ်ဦးသဘောတူ ပန်းချီပြခန်းထောင်ခဲ့တဲ့ မောင့်သူငယ်ချင်း ကိုသစ်က မောင့်ကို နောက်ပိုင်းမှာ အလုပ်သမားလိုဆက်ဆံလာတယ်တဲ့။ အစတုန်းက မောင့်ကို ပန်းချီကား တစ်လတစ်ကား ရေးခိုင်းတယ်၊ သူက ပိုက်ဆံပေါသူပီပီ လစဉ်ဝယ်တယ်တဲ့။ ပြခန်းမှာလုပ်သမျှ ပန်းချီပြပွဲတွေ အတွက် ဖိတ်စာကိစ္စ၊ ဖိတ်စာဝေတဲ့ကိစ္စ၊ ဗီနိုင်းထုတ်တာ၊ ကက်တလောက်လုပ်တာ၊ ၀က်ဘ်ဆိုက်တင်တာ၊ ပြည်တွင်းပြည်ပ collector တွေ ရှာဖွေ ပန်းချီကားပြပေးရတာ အကုန် မောင်လုပ်ပေးတယ်။ ပန်းချီကားတစ်ကားရောင်းရရင် ၂၀%မောင့်ကိုပေးတယ်တဲ့။ နောက်ပိုင်း မှာ ကိုသစ်က မောင့်လက်ရာပန်းချီကား မယူတော့ဘဲနဲ့ မောင့်ကို ငွေတစ်သိန်းခွဲပေးတယ်တဲ့။ လစာငွေပေးတဲ့သဘောမျိုးဖြစ်သွားပြီး အဲဒီနောက်ပိုင်းမှာ သူငယ်ချင်းကဏ္ဍတွေပျောက်သွားပြီး အလုပ်ရှင်နဲ့အလုပ်သမားပုံစံမျိုးဆက်ဆံလာတယ်တဲ့။

အရင်က ညနေဆို အိမ်ချင်းလည်းနီးလို့ သူ့ကားနဲ့အတူပြန်လိုက်ကြ၊ မပြန်ခင် ညစာစားသောက်လိုက်ကြနဲ့ ရင်းရင်းနှီးနှီးရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဟိုဝင်စရာရှိလို့ဒီဝင်စရာရှိလို့ဆိုပြီး မောင့်ကိုပစ်ထာခဲ့ပြီး သူက အရင်ပြန်နှင့်တယ်တဲ့။ ပြီးတော့ ပန်းချီကားနဲ့ မသက်ဆိုင်တဲ့ ကိစ္စ၊ ဥပမာ အခန်းရဲ့ မီတာခ၊ ဖုန်းဘေလ်တွေပါ ပြေးပြေးလွှားလွှားနဲ့ မောင်က သွားဆောင်ပေးရတတ်တယ်တဲ့။ အဲဒီလိုအလုပ်တွေ လုပ်ဖို့ ဆိုင်ကူအဖြစ် မောင်အလုပ်သွင်းပေးထားတဲ့ ချာတိတ်လေးကလည်း ကိုသစ်က မျက်နှာသာပေး မြှောက်စားလွန်းတော့ မောင့်ကို မရိုမသေ ဆက်ဆံလာတယ်တဲ့။ အနုပညာသမားက အနုပညာအလုပ် မလုပ်ရတော့ဘဲ အလုပ်သမားပုံစံ အောက်ခြေအလုပ်တွေ ပြေးလွှား လုပ်ရပါများလာတဲ့အခါ မောင်ဘယ်လိုပျော်မွေ့တော့မှာလဲ။ ဇွန်ပွင့်နဲ့တွေ့ဖို့လာတိုင်းလည်း မောင့်မှာအပြေးအလွှားနဲ့ အလုပ်တွေ၊ ဖုန်းခေါ်သံက တစ်သီကြီး သီတန်း ပါလာနေတော့တာ။

facebook status မှာ တင်တင်ထားတဲ့ ကဗျာလိုလိုစာတိုပေစလေးတွေကိုဖတ်မိတိုင်း မောင်ဘာတွေ ဘယ်လိုခံစားနေရတယ် ဆိုတာ ဇွန်ပွင့်နားလည်စာနာမိလို့ ငိုချင်တဲ့ကြားက မောင့်အတွက် စိတ်သက်သာရာရစေမယ့် အကြံညဏ်တွေ ပေးရသေးတယ်။ မောင်စိတ်ဖိစီးမှာစိုးလို့ ဇွန်ပွင့် အိမ်ကအကြောင်းတွေံ ပြောမပြဖြစ်တော့တာတောင် ကြာပြီ။ တကယ်တော့ ကိုကိုမောင်နဲ့ ဇွန်ပွင့်ကြားမှာ ဇာတ်လမ်းက ပြီးသွားပြီ။ ကိုကိုမောင်က (မယားကြီးလား မယားငယ်လား ဇွန်ပွင့်သေချာမသိတဲ့)မိန်းမရဲ့အိမ်မှာ လုံးလုံးသွားနေနေခဲ့ပြီ။ တစ်ညတလေ ပြန်လာရင်လည်း သူ့အပြစ်တွေ ကာဗာလုပ်တဲ့သဘောနဲ့ ဇွန်ပွင့်ကို ပြဿနာရှာ၊ မူးရူးသောင်းကျန်း နှိပ်စက်တော့တာပဲ။ မောင့်ကို ဒါကိုပြောပြလိုက်ရင် မောင်က ဇွန်ပွင့်ကို အဲဒီလူနဲ့မပေါင်းနဲ့တော့ ဆိုပြီး ဇွန်ပွင့်ကို ချစ်တဲ့စိတ်နဲ့ တာဝန်တစ်ခုယူဖို့ ကြိုးစား တော့မှာ၊ ဒီလိုလည်း ဇွန်ပွင့် မဖြစ်ချင်ဘူး။ မောင့်မိသားစုမှာက သမီးလေးနဲ့၊ မြဲလှတဲ့လက်နှစ်စုံကို ဖြုတ်ချခိုင်းပြီး ဇွန်ပွင့်က မောင့်ကို ယူရက်ပါ့မလား။ ဇွန်ပွင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပါတယ်။ စိတ်အမှန်ပြောရရင် ကိုကိုမောင့်ကို မပေါင်းချင်တော့ပေမဲ့ ကွာဖို့လည်းမစဉ်းစားချင်ဘူး။ ဘာလို့ဆို ဇွန်ပွင့်သာ လွတ်လပ်သူဖြစ်သွားရင် မောင့်စိတ်က ဇွန်ပွင့်ဘက်ကို လုံးလုံးလျားလျား ပြိုဆင်း ကျလာတော့မှာလေ။ ဒါဆို မောင့်မိသားစုလေးလည်း အပြိုပြိုအကွဲကွဲဖြစ်တော့မှာ။ လူယောက်ျားတစ်ယောက်က ပေါင်မုန့်တစ်ချပ်မှ မဟုတ်တာ၊ ဘယ်လိုလုပ် ဝေမျှစားလို့ ရမှာလဲ။ သတိရတယ်မောင်ရယ်၊ ၂နာရီတောင် ထိုးခဲ့ပြီ။ ဇွန်ပွင့် မအိပ်သေးဘဲ မောင့်ရဲ့ facebook wall ကို ကြည့်နေမိတယ်။ စောစောက မောင်ရှိနေတယ်။ green light လေးတွေ့တယ်။ ဒါပေမဲ့ စကားပြောတာ ပြန်မပြောဘူး။ ပန်းချီပုံ အသစ်တင်လို့ အလုပ်ရှုပ်နေတယ် ထင်တယ်။ green light လေးတောင် အခု မတွေ့တော့ပြန်ဘူး။ မောင်ဘယ် ရောက်သွားတာလဲ၊ ရင်ထဲမှာ ဟာသွားတယ်။ ဟာသွားတဲ့စိတ်နဲ့ အဖြစ်ချင်ဆုံးဆန္ဒကို status မှာ ရေးတင်လိုက်မိတယ်။ “ ဘယ်သူမှ မရှိတဲ့ ကမ္ဘာသစ်ဆီ ကျွန်မကို ခေါ်သွားပါရှင်” လို့…။
xxxxx
မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းကို အားပါးတရ နဲ့ ကျွန်တော်ရင်ဖွင့်ပစ်လိုက်တယ်။ ကိုသစ်နဲ့ အလုပ်လုပ်ရတာ သူငယ်ချင်း ကဏ္ဍတွေပျောက်ပြီး အလုပ်ရှင်နဲ့အလုပ်သမားပုံစံ ပေါက်လာလို့ အာရုံနောက်လာတဲ့အကြောင်း၊ ဒီနေ့ပဲ နိုင်ငံခြားသား တစ်ယောက်ကို ပန်းချီကားရောင်းပေးခဲ့တာ၊ အရင်လို ၂၀%မပေးဘဲ ၅%ပဲ ယူဖို့ပြောလို့ စိတ်ဆိုးပြီး ထွက်လာတဲ့အကြောင်း၊ ကျွန်တော် ပြောလည်းပြော သောက်လည်းသောက်နဲ့ပေါ့။

“အလုပ်သမားလို တောက်တိုမည်ရတွေ ပြေးပြေးလွှားလွှား လုပ်မပေးနိုင်တော့ဘူး၊ အိမ်မှာပဲ ပန်းချီထိုင်ရေးတော့မယ်၊ အားတဲ့ အချိန်ကျမှပဲ ပြခန်းကို ဘေးကနေ ကူပေးမယ်၊ လစာသဘောပေးပေးနေတဲ့ အဲဒီငွေတွေလည်း မယူတော့ဘူးလို့ ကိုသစ်ကို ပြောလိုက်တော့မယ်” လို့ သူငယ်ချင်းကို ကြိုပြောပြတော့ သူငယ်ချင်းက
“မင်းမှန်တယ်၊ ပြောစရာရှိတာ မြန်မြန်ပြောပစ်လိုက်”တဲ့။ နောက်.. ဇွန်ပွင့်အကြောင်း ပြောမိတော့ သူငယ်ချင်းက ဘယ်လိုပုံစံလေးလဲ မေးလို့ ဖုန်းနဲ့ facebook ဖွင့်ပြီး ဇွန်ပွင့်ဓာတ်ပုံလေးတွေ ပြလိုက်မိသေးတယ်။ `မင်းမိန်းမသိလား´ လို့ သူငယ်ချင်းက မေးတယ်။ `သိမသိ ငါလည်း မစဉ်းစားချင်တော့ပါဘူး၊ အိမ်မှာ ဖုန်းလာရင်တော့ သူက အရင်ပြေးပြေးကိုင်တယ်ကွ´ ဆိုတော့ သူငယ် ချင်းက ရယ်တယ်။ `မင်းတို့ဟာက အပျော်သက်သက်မှ မဟုတ်တာ၊ အတည်ပေါက်ကြီး ၊ မင်းဘယ်လို ဆက်သွားမှာလဲ ´တဲ့။ ကျွန်တော် ဘီယာတွေ တစ်ခွက်ပြီးတစ်ခွက် မော့မော့သောက်ပစ်လိုက်တယ်။ လောလောဆယ် မူးနေတာပဲ ကောင်းမယ်။

“ဘယ်လိုမှ ဆက်သွားလို့မရဘူးကွာ၊ ရှေ့လည်းဆက်သွားလို့မရ၊ နောက်လည်း ပြန်မဆုတ်ချင်နဲ့”လို့ ပြောတော့ သူငယ်ချင်းက `ဒါဆိုလည်း ဒီတိုင်းပဲ ရပ်နေပေါ့´တဲ့။ `ရပ်နေလို့လည်း မရဘူး၊ မိုးလင်းလာတာနဲ့ ဇွန်ပွင့်ကိုပဲ ပြေးတွေ့ချင်နေ တော့တာ၊ ချာတိတ်လေး လည်း မဟုတ်တော့ပါဘဲနဲ့´လို့ပြောတော့ သူငယ်ချင်းက တဟားဟားနဲ့ ရယ်ရင်းပြောတယ်။ လူကြီးတွေက ပိုဆိုးတာတဲ့၊ လူကြီးတွေ ရူးပြီဆိုရင် လူငယ်တွေ လိုက်မမီဘူး တဲ့။ “ငါဘာလုပ်ရမလဲ သူငယ်ချင်း”လို့ မေးတော့ သူငယ်ချင်းက “သေလိုက်”တဲ့။

`ဒါပေမဲ့ ဒီညတော့ မသေနဲ့ဦး၊ မင့် သမီးကို ခေါက်ဆွဲကြော် ၀ယ်လာခဲ့မယ်လို့ ပြောထားတာ ငါကြားထားတယ်။ အဲဒီတော့ ခေါက်ဆွဲကြော်ထုပ်ဆွဲပြီး အိပ်ပဲပြန်´တဲ့။

အလန့်တကြားနဲ့ နာရီကြည့်တော့ ၂နာရီတောင် ထိုးတော့မယ်။ အဆင်သင့်ဖြစ်နေတဲ့ ခေါက်ဆွဲကြော်ထုပ်နဲ့ သောက်လက်စ ဘီယာပုလင်းကို တစ်ဖက်တစ်ချက် ကိုင်ဆွဲပြီး ခုံကထတော့ သူငယ်ချင်းက `ဟေ့ ဟေ့ ..ပြီးအောင်သောက်ဦးလေကွာ´တဲ့။ `မရတော့ဘူး၊ သမီးက ခေါက်ဆွဲကြော်စားဖို့ ငါ့ကို စောင့်နေမှာ´ ဆိုတော့ သူငယ်ချင်းက `ဒီလောက်မူးနေတာ၊ မင်းဘာသာတော့ မပြန်နဲ့ ငါလိုက်ပို့မယ်´တဲ့။ ဟုတ်တယ် ကျွန်တော် တော်တော်မူးနေပြီ။ တစ်ယောက်တည်း ပြန်နိုင်မှာ မဟုတ်တော့ဘူး။ ဒါနဲ့ သူ့ဆိုင်ကယ်နောက်ကနေ ခွထိုင်၊ ဘီယာပုလင်းတစ်ဖက် ခေါက်ဆွဲကြော်တစ်ဖက် ကိုင်ပြီးလိုက်လာခဲ့တယ်။ မြန်မြန်မောင်းစမ်းပါကွာ အိမ်ရောက်ချင်လှပြီလို့ ပြောလိုက်တော့ သူငယ်ချင်းက ဆဲတယ်။ ခွေးသား စောစောကတော့ ဇွန်ပွင့်ဇွန်ပွင့်လုပ် နေပြီး အခုကျ အိမ်ရောက်ချင်ပြီလား တဲ့။ သမီးကို ခေါက်ဆွဲကြော်ကျွှေးချင်လို့ ပါကွာ လို့ ကျွန်တော်ဖြေရှင်းချက်ထုတ်လိုက်တယ်။

ဆိုင်ကယ်ခုန်လှုပ်နေတဲ့ကြားကပဲ ဘီယာတစ်ကျိုက် မရရအောင် ကျွန်တော် မော့သောက်လိုက်တယ်။ ဇွန်ပွင့်နဲ့ စကားပြော ချင်စိတ်က တားမနိုင်ဆီးမရ ပေါ်လာပြန်တယ်။ ဒါနဲ့ ခေါက်ဆွဲကြော်ကြွှ့ပ်ကြွပ်အိတ်ကို ဗိုက်ပေါ်ညှပ်တင်ထားလိုက်ပြီး လက်တစ်ဖက်က အိတ်ကပ်ထဲက ဖုန်းကို နှိုက်ထုတ်လိုက်တယ်။ ဖုန်းခေါ်တယ်။ အကြာကြီးပဲ ဇွန်ပွင့်မကိုင်ဘူး၊ အိပ်သွားပြီ လား။ ဧကန္တ သူ့ဘဲကြီး ပြန်ရောက်နေလို့ ဖုန်းမကိုင်ရဲလို့လား။ မနာလိုစိတ်တွေ ကျွန်တော့်ရင်တစ်ပြင်လုံးမှာ မို့မောက်အုံကြွလာတယ်။ ခဏနေမှ ပြန်ခေါ်ဦးမယ် ဆိုပြီး ဖုန်းကိုအိတ်ထဲ ပြန်မထည့်ဘဲ ပါးစပ်ထဲထိုးထည့် ကိုက်ထားလိုက်တယ်။ ဗိုက်ပေါ်က ခေါက်ဆွဲကြော်ထုပ်ကို ညာဘက်လက်နဲ့ ပြန်ကိုင်ထားလိုက်တယ်။

အဲဒီမှာ တံတားပေါ်ကနေ ရိပ်ခနဲထိုးကွေ့လာတဲ့ ကားကြီးတစ်စီးကို သူငယ်ချင်းရဲ့ပခုံးပေါ်ကနေ ကျော်ပြီး ကျွန်တော်လှမ်းမြင် တယ်။ သူငယ်ချင်းက အရှန်မလျှော့ဘူး။ ကိုက်ထားတဲ့ဖုန်းကြောင့် ပါးစပ်က အသံထွက် ပြောလို့မရဘူး။ ဘီယာပုလင်းကိုင်ထားတဲ့ လက်နဲ့ သူ့တံတောင်ဆစ်ကို လှမ်းရိုက်သတိပေးတယ်။ သူငယ်ချင်းက ဘာလဲ ဆိုပြိး နောက်ကို လှည့်ကြည့်တယ်။ အဲဒီမှာပဲ …………ဘာက ဘာကို ဘယ်လို ဘယ်ပုံ ၀င်တိုက်မိမှန်းမသိ ၊ ကျွန်တော့်တစ်ကိုယ်လုံး အဝေးကြီးကို လွင့်စဉ်မြောက်တက်သွားပြီး ကတ္တရာလမ်းမပေါ် ဂွပ်ခနဲ ပြုတ်ကျသွားတယ်။

တစ်ကိုယ်လုံး နာကျင်နေတဲ့ကြားက အားတင်းပြီး မျက်လုံးတွေကို ပြူးပြဲဖြွင့်ကြည့်လိုက်တော့ ကတ္တရာလမ်းမပေါ်မှာ သွေး အလိမ်းလိမ်းနဲ့ ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ လူတစ်ယောက်ကို ကျွန်တော်မြင်တယ်။ အဲဒါ ဘယ်သူလဲ၊ ကျွန်တော်နဲ့တော့ တူသလိုလိုပဲ။ မူးနေလို့ထင်ရဲ့ ကျွန်တော်မသဲကွဲဘူး။ သွေးအိုင်ထဲကလူ နာကျင်နေလား၊ မေ့မြောနေလား၊ သေတော့မှာလား ကျွန်တော် မဆုံးဖြတ် တတ်ဘူး။ သူ့ရဲ့ပါးစပ်က လှုပ်လှုပ်ရွရွနဲ့ တစ်ယောက်ယောက်ကို ခေါ်နေသလိုပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် စွေ့ခနဲခုန် တိုးကပ်ပြီး နားစိုက်ထောင်ကြည့်လိုက်တယ်။ ဇွန်ပွင့် ဆိုလား၊ စုလှိုင်ဆိုလား သူခေါ်တော့ ခေါ်နေတာပဲ။ သူ့အသံက တိုးလွန်းလို့ စာနာသနားစိတ်နဲ့ ကျွန်တော်ပါ လိုက်ခေါ်ပေးကြည့်တော့ ကျွန်တော့်ပါးစပ်က အသံထွက်မလာဘူး။ ကျွန်တော့်မှာ ဘာလို့ အသံပျောက် သွားတာလဲ။ မြင်နေတယ်၊ ကြားနေတယ်။ ဒါပေမဲ့ ဘာမှ လုပ်လို့မရဘူး။ ဝေးဝေးကနေ ကျွန်မကို ခေါ်သွားပါရှင် ကျွန်မကိုခေါ်သွားပါရှင် ဆိုတဲ့အသံလေးတစ်သံ ပါးပါးသဲ့သဲ့လေး ကျွန်တော်ကြားတယ်။ အဲဒါ ဘယ်သူ့အသံလဲ။ ကျွန်တော့်ကို ပြောနေတာလား။ သွေးအိုင်ထဲက ကျွန်တော်နဲ့တူတဲ့လူကို ပြောနေတာလား။ ကျွန်တော် ဘာလုပ်ပေးရမလဲ။ ဘာလုပ်ပေးလို့ ရသလဲ။

တစ်ယောက်ယောက်အတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ချင်တယ်။ တွေးနေတုန်းမှာပဲ ကျွန်တော့်ကို တစ်စုံတစ်ရာက ကြမ်းကြမ်းတမ်းတမ်းကြီး ပွေ့ချီဆောင်ယူသွားတယ်။

စုမီအောင်
(Fashion Image မဂ္ဂဇင်း၊ ဇူလိုင်)

No comments: