Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, July 05, 2013

ကြယ်ငါးပွင့်ဟိုတယ်နှင့် ဆင်းရဲမွဲတေမှုကို သင် တိုက်ဖျက်နိုင်မလား

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေမှာ အသွေးစုံ အရောင်စုံ စားဖါးကြီးတချို့ရှိပါတယ်။သူတို့ဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေက သူဌေးသူကြွယ်ကြီးတွေနဲ့ပေါင်းပြီး ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာပေါင်းကုဋေချီ ချေးငှားပြီး ရင်းနှီးမြုပ်နှံ ကြပုံ စတိုရီလေးတပုဒ်ကို Cheryl Strauss Einhorn က ခုလို ပြောပြထားတယ်။

အက်ကရာ (Accra) ဆိုတဲ့ နာမည်ဟာ ဂါနာနိုင်ငံ(Ghana) ကလေးက မြို့တမြို့အမည်ပါ။ ဂါနာမှာ သုံးလကျော်လာသည့်တိုင် မိုးပေါက် တစက်ကလေးမှ မကျဘူး။ ဂါနာသားတွေ လည်မျိုမှာ နီကျင့်ကျင့်ဖုန်မှုံတွေနဲ့ ဆို့နင့်စေခဲ့ပြီ။
အရာရာ  သွေ့ခြောက်ကုန်တာပါပဲ။

ဒီလို ရေရှားပါးမှုကြောင့်လည်း  ကြယ်ငါးပွင့် ဟိုတယ် Movenoick ဟာ အစအစအရာရာ  ကူညီထောက်ပံ့ပေးခဲ့တယ်ဆိုရမှာပါ။ ဧည့်သည်များအတွက် သောက်သုံးရေရရှိဖို့  အသီးအနှံပင်တွေ ရေပြည့်ပြည့်၀၀ရရှိဖို့  စကိတ်စီးဖို့ မြေကြီးမှာ စက်ဝန်းသဏ္ဍာန် ကွန်ကရစ်မြင့်မြင့် ခင်းပေးတာ စသည် ဖြည့်ဆီးပေးပါတယ်။ ဆင်းရဲ မွဲတေခြင်း ရေစီးကမ်းပျိုဖြစ်နေတဲ့ ဂါနာနိုင်ငံမှာ နေ့အချိန် သိန်းငှက်တွေလို အလစ်သုတ်တတ်တဲ့ ခလေးတွေတမှောင့်။ ညအချိန် လမ်းဘေးသဝေထိုးနေတဲ့ အိမ်ခြေယာမဲ့တွေ ကတမျိုး။ ဒီလိုရန်ဆူးရန်ညှောင့်တွေကိုလည်းကင်းဝေးပပျောက်အောင် ထိမ်းသိမ်းစောင့်ရှောက်ရသေးတာပါ။

Movenpick ဟိုတယ်ဟာ ဂါနာနိုင်ငံမှာ  ၂၀၁၁ခုနှစ်ကမှ တည်ထောင်ခဲ့တာဖြစ်တယ်။နိုင်ငံတကာ အဆင့်မှီ ဇီမ်ခံဟိုတယ်ကြီးပါ ။အထပ်(၇)ထပ်ရှိပြီး အခန်းပေါင်း ၂၆၀ ဖွဲ့စည်းဆောက်လုပ်ပါရှိတယ်။စတုရန်းပေ 13,5000 ရှိပါတယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ကမ္ဘာဘဏ်ရဲ့ ငွေအင်အားနဲ့  ဆော်ဒီမင်းသားကြီးတို့ စီစဉ်ပြီး ပူးပေါင်းရင်နှီးမြုပ်နှံထားခြင်းဖြစ်တယ်။ Forbes မဂ္ဂဇင်းကြီးရဲ့ ဖေါ်ပြချက်အရ ၂၉ယောက်မြောက် ကမ္ဘာ့ အချမ်းသာဆုံးပုဂ္ဂိုလ် Alwaleed bin Talal  က  ဒေါ်လာ၁၈ဘီလီယံစိုက်ထူထားကြောင်း သူ့ သတင်းကွန်ယက်မှာ ရေးသားထားတယ်။

၁၉၅၆ခုနှစ်မှာ နိုင်ငံတကာ ငွေကြေး ကော်ပိုရေးရှင်း(International Finance Corporation,  IFC)က  အတိုးနှုံးသက်သက်သာသာနှင့် ချေးငှားရယူခဲ့တယ်။ဒါ့အပြင် ပုဂ္ဂလိက ကူညီပံ့ပိုးမှု နဲ့ငွေကြေး အထောက်အကူ ပြု ပေးတာတွေ လည်းရှိပါတယ်။ကမ္ဘာ့ဘဏ်ကလည်း “ကျွန်တော်တို့ရဲ့ ကမ္ဘာ့ဘဏ်ဟာ ကမ္ဘာမှာ ဆင်းရဲမွဲတေသူနိုင်ငံအရေအတွက် တော်တော်များများ လျော့ချရန် အများဆုံး အားပေးနှစ်သိမ့်နိုင်တဲ့ တခုတည်းသော ငွေကြေးအဖွဲ့အစည်းပါ “ လို့ ပြောဆိုထားတယ်။
ဘာ့ကြောင့်လဲ။

IFC က ဆော်ဒီမင်းသားပိုင် ကုမ္မဏီကို ဟိုတယ်ဆောက်လုပ်ဖို့ ငွေကြေးချေးငှားခဲ့တာက ဒေါ်လာ ၂၆သန်းပါ။မင်းသားမှာ သူကိုယ်ပိုင်ငွေကြေးဥစ္စာ မရှိလို့လား မေးရင် ဘယ်လိုဖြေမလဲ။  ဘီလီယံနဲ့ ချီတဲ့ ဒေါ်လာတွေ ဒီလောက် များပြားတဲ့ ငွေကြေးပမာဏ တွေနဲ့ သိမ်းကြုံး ရင်းနှီးမြှုပ်နှံကြတာရဲ့အဓိက  ပြစ်မှတ်က ဆင်းရဲမွဲတေနေသူတွေကို ကူညီဖို့ဆိုတာ ဟုတ်ပါရဲ့လား။လို့ ပြန်မေးရပါလိမ့်မယ်။ အနည်းဆုံး ကမ္ဘာ့ဘဏ်အတွက် သင့်တင့်လျောက်ပတ်တဲ့ အခြား အရေးပါတဲ့ ရည်မှန်းချက် ပန်းတိုင်တခုခုကတော့ မလွှဲမသွေ ရှိပါလိမ့်အုံးမယ်။ ဂါနာနိုင်ငံမှာ  ခရီးလှည့်လည်နေလာခဲ့ပြီးနောက် အဆုံးသတ်မှာတော့ ကျွန်တော့်မှာ  ကိုယ်တွေ့ဖြစ်ရပ်တွေ ခပ်များများ ကြုံခဲ့ရတယ်။  နိုင်ငံပေါင်းတရာကျော်မှာ IFCအဖွဲ့က လုပ်နိုင်တာ နမူနာယူစရာ နည်းလမ်းပေါင်းများစွာရှိနေတာပါ။ ကမ္ဘာ့ဘဏ်က ငွေရှင်ကြေးရှင်တွေအဖို့ ၀န်ထုပ်ဝန်ပိုးဖြစ်သွားနိုင်မလား မြေသားဆန်ဆန်သဘာဝကျကျ  စစ်မှန်တဲ့ ကြိုးစားအားထုတ်မှုလားဆိုတာကတော့  ပြဿနာပါ။ထောင်နဲချီတဲ့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာတွေ. ကြေငြာချက် စာရွက်တွေ ငွေကြေးအရှုပ်တော်ပုံတွေ ကလည်းရှိနေတာပါ။ဒါဇင်နဲ့ချီတဲ့ ကျွမ်းကျင်တဲ့ လေ့လာဆန်းစစ်သူများက ဂါနာနဲ့ အခြားနိုင်ငံများရဲ့ အခင်းအကျင်းအခြေအနေ အရပ်ရပ်ဘယ်လိုလာမလဲ စောင့်ကြည့်နေဆဲပါ။

IFC ဟာ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးတွေနဲ့အလုပ်လုပ်ဖိှု့ လိုလိုချင်ချင်ရှိတယ်။လုပ်ငန်းအတွက် ငွေကြေးရန်ပုံငွေကိုလည်း ဒီကုမ္ပဏီတွေက သူတို့ကိုယ်တိုင်ရှာဖွေကြတယ်မဟုတ်ပါလား။လက်တွဲဖေါ်တွေက ဘီလီယံချီချမ်းသာကြသူများပါ။အဆင်စုံ အသွေးစုံလုပ်ငန်းကြီးတွေနဲ့  ဧရာမ လုပ်ငန်းရှင်ကြီးများဖြစ်တယ်။ကမ္ဘာ့အကြီးဆုံး တက္ကဆက်ပြည်နယ်က Exxon ရေနံကုမ္ပဏီကြီးဟာ Grupo Arcor ကိုရွှေ့ပြောင်းလာတာပါ။ တကယ်တော့ ဂါနာနိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများရှိတယ်။ ရေနံကုမ္ပဏီကြီးတွေ ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံကြီးတွေ အခြားကြီးမားတဲ့ အာဂျင်တိုင်းချိုချဉ် စက်ရုံကြီး တွေ အဆင့်မြင့် ရှော့ပင်းမောကြီးတွေ ရွှေ ငွေ ကြေး သတ္တု စက်ရုံကြီးတွေ ရေနံပိုက်လိုင်းကြီးတွေ ကြွယ်ဝလျက်ရှိနေတာပါ။

ဒါတွေရဲ့ အကျိုးဆက်ကတော့ အုပ်ချုပ်သူ အာဏာလက်ဝယ်ရှိသူတွေ  လာဘ်ပေးလာဘ်ယူ အဂတိလိုက်စားမှုတွေ ထူပြောလာခြင်းပါပဲ။ အစိုးရအဖွဲ့ဝင်တွေဆီက  IFC ရင်းနှီးမြှုပ်နှံငွေ  လေးပုံ တပုံနီးပါးရှိရာမှာ ယခု ဒေါ်လာ ၂၄ဘီလီယံ မှာရပ်တည်နေတာပါ။ယူအက်စ် လုပ်ငန်းတွေမှ ရရှိတဲ့ အခွန်ငွေများလည်း  ပါဝင်တယ်။ ၆၉နှစ်သက်တမ်းကာလအတွင်း ကမ္ဘာ့ဘဏ်ဥက္ကဌ တွေမှာ  အမေရိကန်လူမျိုး တယောက်ပါဝင်လာတယ်။ဒါပေမဲ့ သူတို့အားလုံး မကျေနပ်မှုတွေနဲ့  အငြင်းအခုံဖြစ်လိုက်ကြသေးတာပါ။ မကြာသေးခင်က ကမ္ဘာ့ဘဏ်ရဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့က IFC ရဲ့ ချဉ်းကပ် မှုကို နက်နက်ရှိုင်းရှိုင်းထိုးဖေါက် ဝေဖန်ခဲ့တယ်။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမစ်ရှင်အဖွဲ့ ဆိုတာကလည်းပါးစပ်ပြောထက်နည်းနည်းပဲ သာတယ်။တဲ့။ဘဏ်မှ လွတ်လပ်စွာ အကဲဖြတ်ခွင့်ရှိသူ ၏   အမြင်ကို တင်ပြသည့် အစီရင်ခံစာအရ IFC ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ရင်းနှီးမြှုပ်နှံငွေဟာ  တ၀က်ပိုပိုသာ တွေ့ရတယ်လို့ ဆိုတယ်။IFC ရဲ့ ရင်းနှီးမတည်မှု လုပ်ငန်းမှာ ကျေနပ်စရာ တွေ့ရတယ်လို့လည်း ဆိုပြန်တယ်။ဒါပေမဲ့ထောက်ပံ့ငွေ ဆိုတာ ရုပ်လုံးကြွတက်လာအောင် ထင်ရှားသိသာမှုမရှိဘူး ဆင်းရဲသားတွေ အကျိုးကျေးဇူးခံစားရစေဖို့အတွက် ပါဝင်လှူဒါန်းကူညီရန် စီးပွားရေးအရ  တက်ကြွသော လှုပ်ရှားမှု ကို ထောက်ခံအားပေးဖို့လိုပါတယ် လို့ အစီရင်ခံစာက ကောက်ချက်ချခဲ့တယ်။တကယ်လည်း  ပရောဂျက်လုပ်ငန်း ၅၀၀ကိုလေ့လာကြည့်တဲ့အခါ မှာ ၁၃ရာခိုင်နှုံးသာပီပီပြင်ပြင်ရှိကြောင်း မကွယ်မထောက် အစီရင်ခံစာက ဆိုခဲ့တာပါ။IFC မှလည်း မငြင်းခဲ့ပါဘူး။
ဂါနာ နိုင်ငံလိုပါပဲ။ တခြားနိုင်ငံတွေလည်း သေသေချာချာကို ဂရုပြုဖို့လိုအပ်ပါတယ်။ တစ်နှစ် ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုက ကမ္ဘာ့အောက်ဆုံးအဆင့် တတိယမြောက်မှာ ရှိနေတာပါ။ခလေးသူငယ်ပျက်စီးဆုံးရှုံးမှုကလည်း ၁၅ရာခိုင်နှုံး ဆိုတော့ အောက်ဆုံးအဆင့် စတုတ္ထမြောက် မှာရှိနေတယ်။IFC အနေနဲ့ ၂၀၁၂ ဘဏ္ဍာနှစ်မှာ ချေးငွေက  ဒေါ်လာ၁၄၅သန်း တင်ရှိနေတယ်။ အမျိုးသား တိုးတက်ရေး စီမံကိန်းကော်မရှင်မှ(NDPC)မှ ဂါနာအစိုးရ ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးပုဂ္ဂိုလ် Takylwaa Manuh က ပြောရာမှာ “IFCက ငွေတွေ ဒီလောက် ပုံအောရင်းခဲ့တယ်ဆိုတာ ကျွန်မအနေနဲ့ နည်းနည်းကလေးမှ စဉ်းစားမရဘူး" တဲ့။ များသောအားဖြင့် ဂါနာတွေက အလုပ်လက်မဲ့တွေမို့လား။ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတာ အလုပ်မဖြစ်ပါဘူး “တဲ့။

ဒါပေမဲ့ သဘောတရားရေးရာတွေကတော့ မပြောင်းလဲပါဘူး။ ဘာ့ကြောင့်ပါလဲ။
စက်မှုလုပ်ငန်းရှင်ကြီးတွေ ဓနရှင်ကြီးတွေ နဲ့ မီဂါ ကုမ္ပဏီကြီးတွေက သက်စွန့်ဆံဖျား  ပေးကမ်းတာနဲ့ စာရင် IFC အတွက် အမျိုးအစားအားလုံးကနေ  ပြန်ရနိုင်မယ်လို့ အာမခံနိုင်မလား။အခြားတနေရာမှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ ဒီပရောဂျက်ထက် လုပ်ခလစာရရှိဖို့ အခွင့်ရနိုင်မလား။အဆုံးမှာ ဒေသခံ အလုပ်သမားတွေနှင့် ဝေစုခွဲခြင်းသာ အဖတ်တင်တယ်။ ဝေဖန်သူများနဲ့ ရင်ဆိုင်ပြီးIFCရဲ့ ရင်းနှီးမြှုပ်နှံသူတွေ က ဒေသခံတွေရဲ့ ဖွံ့ဖြိုးမှု လိုအပ်ချက်တွေ နှင့် ဆန့်ကျင်တာမျိုးမကြာခဏ တွေ့ရတယ်။တကယ်တော့ IFC ကိုယ်တိုင်က ပြဿနာရှိနေဟန်ပါ။လို့ ဥရောပရဲ့ သတင်းကွန်ယက်အဖွဲ့က “ဒါရိုက်တာဂျက်ဆီဂရစ်ဖစ်သ် “ကဆိုပါတယ်။ IFC ရဲ့ အောက်ခြေက လှိုက်စားနေတဲ့ ဒီမိုကရေစီ  တစစီ ကြွေကျ ပြီးပြိုလဲနိုင်ပါတယ်။ အယင်ကျတဲ့ ပရိုက်ဗိတ်ကုမ္ပဏီများနောက်လိုက်ရနိုင်ပါတယ်။

“ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ တော်တယ် ပြည့်စုံတယ် မပြောချင်ပါဘူး “တဲ့။ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုအသင်းကြီးရဲ့ နာယကကြီးလည်းဖြစ် IFC ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ “ ရာရှက် ကင်ဒနီ”က ကျွန်တော့်ကို ပြောပါတယ်။ “လုပ်ငန်းတိုင်းဟာ မအောင်မြင်နိုင်ဘူး ကျွန်တော်  နားလည်ပါတယ်”တဲ့။ဆင်းရဲချမ်းသာ ကွာဟမှုကို ကျွန်တော်တို့ ဘယ်လိုပဲ ကျားကန်ပေးပေး စိန်ခေါ်မှုတွေက ဒုနဲ့ဒေး ပါ။အချိန်တိုင်းရှိနေပါတယ် တဲ့။ Accra မြို့တော်အလယ်ခေါင်မှာတော့ Movenpick ဇိမ်ခံဟိုတယ်ကြီးလို မျိုး ဟိုတယ်တွေ ဟိန်းနေတာပါ။ ဘယ်လိုရင်နှီး မြှုပ်နှံမှုမျိုးကိုမဆို ပါဝင်လာကြဖို့ IFC က  ကမ်းလှမ်းခြင်း အရေးဆိုခြင်းမပြုလုပ်ခဲ့ပါဘူး။ ၂၀၁၂ ဇန်န၀ါရီလအစီရင်ခံစာအရ ကမ္ဘာ့ဘဏ်က .. စီးပွားရေးလုပ်ငန်းအတွက် အခြေခံအုပ်မြစ်ချဖို့ ခရီးသွားလုပ်ငန်း တိုးမြှင့် ထူထောင်ဖို့ ဦးဆောင်မည့်သူ လက်တွဲဆောင်ရွက်မည့်သူ စသည် စံနစ်တကျ ဖွဲံစည်းဖို့ လိုအပ်ကြောင်းရှန်ဂရီလာ၊ ဟီလ်တန်၊မာရီရော့ထ် တို့လို ဇိမ်ခံဟိုတယ်များဖြစ်ဖို့  လိုအပ်ကြောင်း  ကမ္ဘာ့ဘဏ်က  Movenpick ဟိုတယ်ကို ပြောဆိုခဲ့တယ်။

မြို့တော် Accra မှာတော့ IFC ရဲ့ ဂါနာမြီု့ခံ မန်နေဂျာ” မာရီဂျင်းန် မိုယို “ကကျွန်တော့်ကို ခုလို ပြောပြပါတယ်။ ”ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့က လူတိုင်းကိုယ်စီ အလုပ်လုပ်ကိုင်နိုင်ရပါမယ်။ အလုပ်အကိုင်ဖန်တီးပေးရပါမယ်။ကျွန်မ မှတ်မိနေတယ်။လူငယ်လေးတွေ ရိုလာ စကိတ်စီးချင်ကြတယ်။သူတို့ ရေကန်မှာ အလုပ်ရရှိနိုင်တယ်။ သူတို့ကို ၆ဒေါ်လာပေး ငှားရမ်းနိုင်ဖို့ ကျွန်မ  တာဝန်ယူမယ် “တဲ့ ပြောဆိုလိုက်တယ်။ ဟိုတယ်တခု ဖွင့်လှစ်နိုင်ခြင်းအပေါ်မှာ ဒေသခံ ဂါနာလူငယ်တွေ အလုပ်အကိုင် အခွင့်အလမ်း အများကြီးရလာနိုင်တာကိုး။ ကောင်းပါပြီ။ Movenpick ဟိုတယ်သစ်က “မန်နေဂျာ စတူးအပ်ထ်ချိစ် “နဲ့ ကျွုန်တော် စပ်မိလို့ စကားပြောကြတော့ ရင်းနှီးမြှုပ်နှံမှုတွေ အမျးအပြားလိုအပ်နေပါသေးတယ်" တဲ့။ ဂါနာ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာပေး လှုံ့ဆော်ရေး ဆင်းရဲမွဲတေမှု လျော့ချရေး လျှပ်စစ်မီးရရှိရေး ကျောင်းစာသင်ကြားရေး အစာရေစာဖြန့်ဝေရေး အလုပ်အကိုင်အတွက် သင်တန်းပို့ချပေးရေးစသည် လိုအပ်နေဆဲပါ။” တဲ့။” နိုင်ငံခြားကခေါ်ယူထားတဲ့ ဟိုတယ်အလုပ်သမားအစား ဒေသခံများ အလုပ်ရဖို့ လိုအပ်ပါတယ် “တဲ့။

ဒါ့အပြင် ဒီ "မိုဗင်ပစ်ခ်ဟိုတယ်” အသစ် မဖွင့်မီ က အက်ကာရာ (Accra)မှာ  ဒါဇင်နဲ့ချီတဲ့ ဇိမ်ခံ ဟိုတယ်တွေ ပိတ်သိမ်းခဲ့ရတယ်။ဒီတုံးက မန်နေဂျာ” ချိစ် “ကအနီးအနားက  တခြားကြယ်ငါးပွင့် ဟိုတယ်တခုကိုစီမံအုပ်ချုပ်ရတယ်။ဒါ့ကြောင့် မင်းသားAlwaleed ရဲ့ဟိုတယ်မှာ အပြိုင်အဆိုင်ငွေကြေးထည့်ဝင်မယ်လို့ IFC က ဆုံးဖြတ်ခဲ့တယ်။ ဒီလိုမျိုး ရင်းနှီးမြှုပ်နှံမှုကို မပြုခင် ထဲထဲဝင်ဝင် လေ့လာရဲ့လားဆိုတာ မန်နေဂျာ” မိုယို “က မေးခွန်းထုတ်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုဟာ အောင်မြင်ရပါမယ်။ ဘယ်လိုအောင်မြင်ခဲ့တယ်ဆိုတာ ကိုလည်း ပိုင်ပိုင်နိုင်နိုင်သိထားသင့်တယ် တဲ့။ အဲဒီ အောင်မြင်တဲ့ ရင်းနှီးမှုက ဘယ်လိုလဲ။ ဒေါ်လာသန်း၂၀ လား။ ၂၀၁၀ခုနှစ်က ကင်ညာနိုင်ငံက ရင်းနှီးမှုမျိုးဖြစ်မလား။ ကင်ညာမှာက ရေကူးကန်ပါတယ်။ ဂေါ့ဖ်ကွင်းပါတယ်။ အမဲလိုက်ခရီးစဉ်စပါယ်ရှယ် ရှိတယ်။

ကမ္ဘာအဆင့်မှီဇိမ်ခံဟိုတယ် တို့ အပန်းဖြေစခန်းတို့ကိုတည်ဆောက်မယ်ဆိုရင်အဘက်ဘက်က ပြည့်စုံဖို့ ခက်ခက်ခဲခဲအားထုတ်ဆောင်ရွက်ရတာမျိုးပါ။
အမေရိကန်လွှတ်တော်အမတ် “ပက်ထရစ် လေ့ပ် “က “၀ါရှင်တန် တိုင်းမ် “ကို “ဂါနာအစိုးရဟာ ကမ္ဘာ့ဘဏ်ကနေ ငွေချေးငှားသင့်တယ်”လို ပြောခဲ့တယ်။ ကမ္ဘာ့ဘဏ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကလည်း တထောင့်တနေရာကနေ ပါဝင်ပတ်သက်နေတာပါ။
ကမ္ဘာ့ဘဏ်ကိုယ်တိုင်လည်း နှစ်တွေ ဒါဇင်နဲ့ချီကြာလာမှအတွေ့အကြုံပေါင်းစုံ ရခဲ့တယ်။
မကြာခင် နှစ်အနည်းငယ်က IFC ဟာမြန်မြန်ဆန်ဆန်ပဲ ဖွံ့ဖြိုးလာတာပါ.။ ခုဆိုရင်နိုင်ငံပေါင်း  103 နိုင်ငံ မှာ  စတပ်ဖ်ဝန်ထမ်း ပေါင်3း,400ရှီတယ်။ ချေးငွေက ဒေါ်လာ 15 ဘီလီယံ ။ပရောဂျက် လုပ်ငန်းပေါင်းက 580 ပါ။ရှေ့လာမဲ့နှစ် အနည်းငယ်အတွင်း ဒေါ်လာဘီလီယံ  20 ဖြစ်လာမှာပေါ့။ ကမ္ဘာ့ဘဏ်ကတော့ ဆင်းရဲတဲ့ နိုင်ငံတွေဆီ တိုက်ရိုက် ချေးငှားလိုတာပါ။IFC က ပရိုက်ဖိတ်လုပ်ငန်းတွေဆီ ဖွံ့ဖြိုးဖို့ လှုံဆော်ရာမှာ ကမ္ဘာ့ငွေကြေးဈေးကွက်မှာလည်းအတက်အကျဆိုတာ ရှိတတ်တာမို့  စီးပွားရေးလုပ်တယ်ဆိုရင်  စွန့်ဝံ့သူဖြစ်ဖို့လည်းလိုတယ်  တဲ့။ တချို့သော တူညီတဲ့ နိုင်ငံတွေမှာ ငွေကြေးချေးငှားခြင်းဆိုတာ အကျိုးအမြတ်ကို မျှော်ကိုးထားကြောင်း ရှင်းရှင်း သိရှိကြရမှာပါ။တဲ့။လေ့လာသူများအဆိုအရ အစားအစာနှင့်အထွေထွေ အကြီးအကဲမစ္စတာ ရောဘတ်၈ါနာ က ပြောရာမှာ  “ငွေပင်ငွေရင်းစိုက်ထူဖို့ ပြည့်စုံနေသော်လည်း  သင့်မြတ်တဲ့ အချိန်ကာလ မဟုတ်ရင် မလုပ်သင့်ပါဘူး” တဲ့။ ဆိုပြန်တယ်။ 

ဒီအယူအဆဟာ နှစ်အတော်ကြာ ညစ်ပေစွန်းထင်းလာခဲ့တယ်။ကမ္ဘာမှာ ချမ်းသာကြွယ်ဝလို့ ငွေတိုးချေးစားသူများဟာ အကောင်းဆုံး ယုံကြည်စိတ်ချရတဲ့ ဘဏ်ချေးငွေ (ခရက်ဒစ်)အသုံးပြုပြီး အလုပ်ကြီး အကိုင်ကြီးလုပ်ကြတယ်။၁၉၈၀ခုနှစ် အစောပိုင်း လောက်က  IFC ကို ကမ္ဘာ့ငွေကြေးဈေးကွက်ကနေ ပထမအကြိမ် အလုပ်ဖြစ်အောင် တွန်းအားပေး ခဲ့တယ်။ကိုယ်ပိုင်တံဆိပ်အစစ်အမှန်နဲ့ ဆက်သွယ် နိုးထဖို့ ကမ္ဘာ့ဘဏ်ကြီးက ထောက်ခံပေးလိုက်တယ်။လုပ်ငန်းးသစ်များနှင့်အရှိန်တိုးမြှင့်စေခဲ့တယ်။

ယနေ့ IFC ဟာ အဖူးအပွင့်တွေ ဝေနေပါတယ်။ လုပ်ငန်းရှင် လက်တွဲဖေါ်တွေ ဧရာမ အသွေးစုံ ကော်ပိုရေးရှင်းကြီးတွေ Dow Chemical, Dupont, Mitsubishi, Vodafone  စတာအပြင် အများအပြားရှိသေးတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာနေတာပါ။ တောင်အာဖရိက က ဒိုမီနိုပီဇာ။ဂျမေကာက ကင်တပ်ကီကြက်ကြော်။
အီဂျစ် ဂါနာ က ရှော့ပင်းမောတွေ၊ ရပ်ရှား ၊အရှေ့ဥရောပ၊အာရှတိုက်အလယ်ပိုင်း၊အာဂျင်တီးနားနဲ့ ဘန်းဂလားဒေ့ရှ် က ချိုချဉ်လုပ်ငန်း ။လာအို။ရိုမေးနီးယား၊ရပ်ရှား ။ချက်သမတနိုင်ငံ ၊တန်ဇန်းနီးယား၊နိုင်ငံတို့က   SABMiller  လို အားဖြည့် ဘီယာစက်ရုံများ၊ ကမ္ဘောဒီးယား၊အီသီရိုးပီးယား။ မာလီ။ရပ်ရှား။ တောင်ဆူဒန်။ ဥစဘက်ကစ္စတန်၊ စတဲ့ နိုင်ငံမျာက ကိုကာကိုလာ  ပက်ပ်စီကို  လို  အပြော့စား အချိုရည်များ။စသည် အမျိုးစုံ ရှိနေတာပါ။ စောင့်ကြည့်လေ့လာသူများကတော့အမြဲပဲ  ဝေဖန်ပြောဆိုနေကြတာပါ။IFC ရဲ့ငွေကြေးအထောက်အပံ့မရှိပဲ လုပ်ငန်းမတွင်ကျယ်နိုင်ဘူး။ ပိုမို ဆင်းရဲတွင်းနက်စေနိုင်တယ် တဲ့။

ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဌနေရာအတွက် တော်တော်လေး အချေအတင် ပြောလိုက်ကြသေးတယ်။ဇူလိုင်လထဲမှာတော့” ဒပ်မောက်သ် “ကောလိပ်ကျောင်းရဲ့ (Dartmouth College ) နာယက ဟောင်း “ဂျင်ယွန်မ်ကင်”  ကို ပြောင်းလဲ ခန့်အပ်လိုက်တယ်။ဥက္ကဌသစ်ဟာ ဇွန်လထဲမှာပဲရုံးလုပ်ငန်းများ ရယူလက်ခံပြီး ဂါနာနဲ့ အိမ်နီးချင်း အိုင်ဗိုရီ ကို့စ် ကို စတင် ခရီးထွက်ခဲ့တယ်။ဥက္ကဌဟာ IFC ရဲ့ အရေးကြီးအကြောင်းအရာ အချက်အလက်များ အသေးစိတ် မှတ်တမ်းပြုပါတယ်။ကမ္ဘာ့ဘဏ်ကြီးနဲ့ ချိတ်ဆက်ပြီး အလုပ်အကိုင်သစ်များဖန်တီးဖို့ ကိစ္စဆော်သြခဲ့တယ်။ IFC ဟာလည်း မကြာခင် ခေါင်းဆောင် ရာထူးသက်တမ်းကုန်ဆုံးတဲ့အတွက် အ ပြောင်းအလဲ တခုပြုလုပ်လိုက်တယ။်အဲဒီအချိန်မှာ IFC ရဲ့ CEO “ ကယ်လ်ဒဲနီ”ဟာ ကမ္ဘာလုံးဆိုင်ရာစက်မှု လုပ်ငန်းကြီး၏ဒုဥက္ကဌနေရာကို ပြန်လည်ရယူလိုက်တယ်။ ပြင်ပမှာ IFC ရဲ့ ပြုမူဆောင်ရွက်ချက်တွေနဲ့ စပ်လျင်းပြီး အမျိုးမျိုး ပြောဆိုနေကြတယ်။ ၂၀၁၁ခုနှစ်ပြည်တွင်းထုတ်ပြန်ချက် အစီရင်ခံစာမှာလည်း  ကမ္ဘာ့ဘဏ်ရဲ့ ရှုမြင် သုံးသပ်ချက်နဲ့   အလားတူပါပဲ။ ဘဏ်ရဲ့ သက်ဆိုင်ရာမှ စစ်ဆေးကြည့်ရှုရာမှာ IFC ရဲ့လုပ်ဆောက်တွေမှာ ဆယ်စုနှစ် တခုစာလောက်နောက်ကျနေတဲ့ ရှေးကျကျ ပုံဖေါ်ရုပ်လုံးတခုလိုပဲ တဲ့။မောင်းနှင်အားကောင်းပေမဲ့ တကယ်လိုအပ်တဲ့ ဆင်းရဲသားတွေဆီ မရောက်ဘူး။ နှောင့်နှေးကြန့်ကြာနေတယ်လို့် ဆိုပါတယ်။ ဆင်းရဲသားတွေက အချိန်တိုင်း ယစ်ကောင်တွေပါပဲ တဲ့။ IFC ရဲ့ ဆင်းရဲမွဲတေမှု အလင်းတန်းဆုံချက်က ပိုပြီး ထင်သာ မြင်သာ ဖြစ်နေတာမို့ မဟာဗျူဟာကျတဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ပေးရန်ကတော့ အလှမ်းဝေးနေပါသေးတယ် တဲ့။ အများကြီးကြိုးစားရအုံးမှာပါ။
ဒါပေမဲ့ အနည်းဆုံး တခုလောက်တော့ အကျိုးဖြစ်ထွန်းပါတယ်။ အဲဒါ ဘာလဲဆိုရင် အဲဒီမှာပဲ လူတွေကို အလုပ်လုပ်စေရမှာပါ။IFC က ငွေကို ပိုသုံးရပါမယ်။ ပိုရင်းနှီးရပါမယ်။ ပိုမက်လုံးပေးနိုင်မှအလုံးအရင်းနဲ့  ငွေက ပြန်ဝင်လာနိုင်မှာပါ တဲ့။ Eurodad ၏ဓါရိုက်တာ ဂရစ်ဖစ်သ် ကပြောပါတယ်။ IFC ရဲ့ ယခင်က အလုပ်သမား ယခု မြို့တော့ အက်ကာ က မန်နေဂျာ ဖရန်စစ်ကယ်လစ်စီ  က ..သူ့အမြင်ကို ခုလို ရိုးရိုးစင်းစင်းခုလို  ပြောပြခဲ့တယ်။ "သင့်မှာ အတွေ့အကြုံ တွေ အများကြီးသိုသိပ်ရေးထည့်ထားတဲ့ စာအုပ်ကြီးကြီးရှိပါတယ်။အဲဒါကို အသုံးချပြီး ရှေ့ဆက်သွားပါ" တဲ့။ 'IFC ဟာ သင့်အတွက် အသင့်တော်ဆုံး ဆုံမှတ်တခုပါ။IFC ရဲ့ အဓိပ္ပါယ်ဟာ ဆင်းရဲမွဲတေခြင်း မဟုတ်ဘူး။ဆင်းရဲမွဲတေသူကို အကျိုးပြုမဲ့အဖွဲ့အစည်းပါ" တဲ့။ IFC   ဟာ နှစ်စဉ်နှစ်တိုင်း အလုပ်အကိုင်ထူးချွန်ပြောင်မြောက်သူကို ထိုက်သင့်သလိုဆုများချီးမြှင့်ပါတယ်။ဘောနပ်စ် ပေးပါတယ်။

ဆင်းရဲမွဲတေရခြင်းရဲ့ ဇစ်မြစ်ကို IFC က မြင်အောင်ကြည့်ရမှာဖြစ်တယ်။ သေသေချာချာကြီးကို စေ့စေ့ငှငှ ကြည့်တတ်ရပါမယ်။ဘယ်သူတွေ ဆင်းရဲမွဲတေနေသလဲ။ဘာ့ကြောင့်လဲ။ သူတို့ ဘယ်မှာနေသလဲ။ဘယ်နည်းနဲ့ သူတို့ချမ်းသာလာနိုင်မလဲ။ မေးခွန်းထုတ်ရတာလွယ်ပါတယ်။ ဖြေဖို့ကျတော့ ခက်မယ်။ ပရောဂျက်တိုင်းက ထွက်လာတဲ့ ဆင်းရဲမွဲတေမှု အစီရင်ခံစာတွေကိုလည်း ကိုးကားရမှာပါ။ဘယ်လိုဝေဖန်မှုမျိုးကိုမှ IFC က ငြင်းချက်ထုတ်နေမှာ မဟုတ်ပါဘူး တဲ့။ အကြမ်းအားဖြင့် အစီရင်ခံစာတွေက သင်ခန်းစာ ရယူရလိမ့်မယ်။ အလျော့ပေးခြင်းသာ အလျော်ကန်ဆုံးဖြစ်ပါတယ်။ပရောဂျက် လုပ်ငန်းတခုရဲ့ ဂရက်ရိုက်ခတ်မှုက ဆင်းရဲမွဲတေမှု ပဲဆိုတာကြိုတင်မျှော်လင့်ထားပြီးဖြစ်တယ်။
Development Outcome Tracking System(DOTS) အရ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက IFC ဟာ   ဂရက်ရိုက်ခတ်မှုတွေကို ဖေါ်ပြ သိမှတ်ထားခဲ့တာပါ။

နှေးကွေးနေတဲ့ စီးပွားရေးကို အရှိန်အဟုန်ကောင်းစွာ ကဆုန်စိုင်းမောင်းနှင်နိုင်ရမယ်။ ဒီလိုနဲ့ပဲ မြင်သာ ထင်သာရှိလာတာက ပြောင်းလဲမှုတွေပဲ။ နေရာတိုင်းကို ကျွန်တော် ကြည့်လိုက်တယ်။ ဂါနာ၊ အနောက်အာဖရိက၊ ပြီးတော့ အားလုံး ကမ္ဘာပေါ်က နေရာတွေ အားလုံး။ ဆင်းရဲမွဲတေမှုကို မလွှဲမသွေ တိုက်ဖျက်ပါမယ်လို့  IFC  က တော့ အာမဘန္ဓေခံနေဆဲပါ။ ဂါနာနိုင်ငံရဲ့ အကြီးဆုံး ဘဏ်တွေထဲက တခုဖြစ်တဲ့ Databank  ရဲ့ အကြီးအကဲ R. Yofi Grant က ကျွန်တော့်ကို ပြောရာမှာ IFC ဟာ ချေးငွေတွေ ထုတ်ပေးပြီး အဆင်အသွေးစုံ ကုမ္ပဏီပေါင်းစုံ သိမ်းသွင်းဆွဲဆောင်ထားတယ် တဲ့။ Grant ပြောတာမှန်ပါတယ်။ IFC  ဟာ မကြာခင်ကလေးကမှ ကမ္ဘာလုံးဆိုင်ရာ တယ်လီကွန်မ်ဂျားယဲ့န် ဗိုဒါဖုန်း ကုမ္ပဏီ (  Global telecom giant Vodafone company)ကို ဒေါ်လာ ၁၁၅သန်း အထုပ်အထည်ကြီး ချေးငှားလိုက်တယ်။၂နှစ်အတွင်း ဒုတိယအကြိမ်ပါ။IFC က ပြောပါတယ်။  ”အရာအားလုံး  မှန်ချင်မှန်ပါလိမ့်မယ်။ မှားချင်လဲ မှားသွားနိုင်တယ်” တဲ့။ ဂါနာကနေ ထောင်ချီဝေးတဲ့ ကင်မရွန် နဲ့ ချာ့ဒ် နိုင်ငံ မှာဆိုရင် IFC ရဲ့ပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံမှုတွေက အငြင်းပွားဖွယ်ဖြစ်နေဆဲမို့ နမူနာယူစရာပါ။

၂၀၁၁ အကုန်မှာ IFC က အစီရင်ခံစာ ထုတ်ပြန်ရာမှာနိုင်ငံပေါင်း၂၃နိုင်ငံက ကုမ္မဏီပေါင်း၃၀နှင့်ဒေါ်လာ ၂ဘီလီယံဖိုး ရေနံနဲ့ ဓါတ်ငွေ့ရင်းနှီးမြှုပ်နှံခဲ့တယ်။ ကမ္ဘာ့ဈေးကွက်မှာ အအောင်မြင်ဆုံးအဖြစ် အသိအမှတ်ပြုဆုရရှိခဲ့ကြောင်း  အမွှန်းတင် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ချို့ယွင်းချက်ကိုရှာဖွေထောက်ပြသူတွေနဲ့လည်းမကင်းခဲ့ပါဘူး။ ပတ်ဝန်းကျင်ထိမ်းသိမ်းကာကွယ်သူများရဲ့ ပြစ်တင်ဝေဖန်မှုတွေက အနန္တပါ။ Bretton Woods Project  နဲ့ Christian Aid တို့လို အကျိုးအမြတ်မရှိတဲ့ အဖွဲ့အစည်းများကလည်းပြောချင်ဆိုချင်ကြတယ်။ သူတို့ပြောတာက ချစားမှု အဂတိလိုက်စားမှု နဲ့ ဒေသတွင်းပဋိပက္ခများ အရှိန်မြင့်လာတယ်။ စက်ရုံမီးခိုးငွေ့များ ။ဖန်လုံအိမ် ဓါတ်ငွေ့မောင်းစက် အန္တရယ်များရှိနေတယ် လူမှုဝန်းကျင် အသိုင်းအ၀ိုင်းကို ဖရိုဖရဲ ဖြစ်စေတယ် စသည်  တို့ကိုပါ။ ၂၀၀၈ခုနှစ်မှာတော့ ရေနံ သဘာဝဓါတ်ငွေ့။ကျောက်မီးသွေး မိုင်းလုပ်ငန်း စသည်တို့ကို  အကျိုးမဖြစ်ထွန်းဘူး ငွေချေးငှားရပြီး  လုပ်ငန်းမအောင်မြင်ဘူး ဆိုပြီး နှုတ်သိမ်းလိုက်တယ်။ဒါပေမဲ့ ကမ္ဘာ့ဘဏ်ကတော့ဒါကို လက်မခံပါဘူး။ ပယ်ချပါတယ်။ နောက်ဆုံးမှာ “စီးပွားရေးလုပ်ငန်းလုပ်တယ်ဆိုတာ ဒါမျိုးတွေ ကြုံတွေ့စမြဲပဲလို့" သဘောတူညီမှုရသွားတယ်။ ဘဏ်အကြီးအကဲ အင်ဒိုနီးရှားလူမျိုး Emil Salim က Bloomberg သတင်းဋ္ဌာနကို ပြောကြားခဲ့တာပါ။IFC  ရဲ့ အကြီးအကဲ Kaldany ကလည်း “ဒီလုပ်ငန်းတွေဟာ အလွန်ကျယ်ဝန်းပါတယ်။အများဆန္ဒနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ သိက္ခာရှိရှိ လုပ်ဆောင်သွားမှာပါ”  တဲ့။၂၀၀၀ ခုနှစ်က IFC  ဟာ ExxonMobil,Chevron  တို့နဲ့အတူအခြားကုမ္ပဏီတွေပါ  ဒေါ်လာ သန်း ပေါင်း200 အချီကြီး ရင်းနှီး မြှုပ်နှံခဲ့တာပါ။ နမူနာအနေနဲ့ ကင်မရွန်နိုင်ငံ။ ချာ့ဒ်နိုင်ငံ တို့ကို ချပြပါတယ်။ အဲဒီနိုင်ငံတွေဟာ  ဂါနာနိုင်ငံထက်တောင် ပိုလို့ ဆင်းရဲတွင်းနက်ပါတယ်။ ချာ့ဒ်နိုင်ငံဆိုရင် ကမ္ဘာမှာ နိုင်ငံ့ဝင်ငွေကအနည်းဆုံး  ဟို အောက်အဆင့် ၁၉၃မှာရှိနေတာပါ။ကင်မရွှန်နိုင်ငံက ၁၈၅ မှာရှိနေပြီး ဂါနာနိုင်ငံက တော့၁၇၂ မှာ ရှိနေပါသတဲ့။ 

“အခြေအနေကတော့ ကြောက်ခမန်းလိလိပါပဲဗျာ" လို့    ကိုလန်ဘီယာ တက္ကသိုလ် အင်စတီကျူ့ဒ် လူ့အခွင့်အရေးအဖွဲ့ က ဒေါက်တာ  ပီတာ ရိုဇာဘလမ် (Peter Rosenblum )  က ပြောခဲ့ပါတယ်။ မြိုံ့နေလူထုက ရေနံပိုက်လိုင်းတွေကို လက်မခံချင်ပါဘူး။ ငြင်းဆိုနေပါတယ်။ သူတို့မသိလို့ပါ။ မသိတော့ လုပ်ဖို့ သိပ်ခက်သွားပြီ တဲ့။  ရေနံက အမြတ်အစွန်းများများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါရရင် အစားအစာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပညာရေးဝန်ဆောင်မှု အခြေခံ အဆောက်အဦများစွာ ဖြစ်ထွန်းတိုးတက်လာနိုင်ပါတယ်။ အိမ်နီးချင်းဆူဒန်နိုင်ငံက သူပုန်အုပ်စုက တော့ ထောက်ခံလိုက်တယ် ။မိုင်းတွင်းလုပ်ငန်းတွေမှာ ပိုက်လိုင်းတွေကို ကာကွယ်သွားမယ် လို့ အခိုင်အမာပြောဆိုလာတယ်။ စွမ်းအင်နဲ့ မိုင်းလုပ်ငန်းတွေမှာ ဆွေးနွေးငြင်းခုံမှုများက  ရပ်စဲတယ်မရှိဘူး။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့သားတွေရဲ့  ဖိအားက အရှိန်အဟုန်ပြင်းလှတယ်။အာဏာပိုင်အဖွဲ့ကို သူတို့က ဖိအားပေး တောင်းဆိုနေတယ်။ ဒါပေမဲ့ IFC က အလျော့မပေးပါဘူး။ ဆက်လက် ချီတက်မြဲ ချီတက်လျှက်ပါ။ငွေပင်ငွေရင်းအတော့်ကို များများစား စား  စိုက်ထုတ်အကုန်အကျခံလိုက်တယ်။

၂၀၁၂ခုနှစ်မှာ IFC ဟာ   မွန်ဂိုလီယာ၊ လိုက်ဘေးရီးယား၊ တောင်အဖရိက တို့မှာ  ရွှေ၊ ကြေးနီ၊စိန်၊  ရေနံနဲ့ သဘာဝဓါတ်ငွေ့ကို ကိုလန်ဘီယာ၊ အိုင်ဗရီကို့စ်၊ အရှေ့အလယ်ပိုင်းနိုင်ငံ နှင့် မြောက်အဖရိက နိုင်ငံများကနေ ရယူမယ်လို့  ကြေငြာချက်ထုတ်ပြန်တယ်။ ဆက်လက်ပြီး အလွန်လက်ခက်တဲ့ ဘာရှားအာဆတ်ရဲ့ ဆီးရီးယားလို နိုင်ငံ၊ ဟူဂိုချာ့ဗက်ရဲ့ ဗွီနီဇွဲလားနိုင်ငံ၊တို့မှာ ငွေစိုက်ထုတ်ပြန်တယ်။ဒါဇင်နဲ့ချီတဲ့ တသွေးတသံတမိန့်တည်း အာဏာရှင်တွေပါ။ IFC ကတော့ ရိုးရိုးကလေးပါပဲ။လုပ်ငန်းရှင်ကြီးတွေစစ်စစ်  မဟုတ်သော်လည်း အဆင့် ၂ လောက်ရှိတာပါ။ စိတ်ဝင်စားဖို့ ကောင်းပါသတဲ့။ဒါဟာ ကုန်ပစ္စည်းလဲလှယ်တဲ့သဘောပါ။ “ကျွန်တော်တို့ အမှန်တကယ် လုပ်နိုင်ရပါမယ်"  တဲ့။ ဆီးရီးယားဟာ ယခု စစ်ပွဲအတွင်းမှာရှိနေပါတယ်။ ကျွန်တော်တို့ငွေက မများလှပါဘူး။ အာဏာရှင်တွေကတော့ သူတို့ပါဝါကို ဆုတ်ကိုင်ထားမှာပဲ။ လွှတ်မှာမဟုတ်ဘူး။ 

ကျွန်တော်တို့ရည်ရွယ်ထားတာကလည်း အာဏာရှင်တွေကို ထောက်ပံ့ တည်မြဲဖို့ထက် ဆင်းရဲတွင်းနက်သူများကို တိုက်ရိုက် ပံ့ပိုးပေးလိုတာပါ လို့ IFC က ကာကွယ်ပြောဆိုပါတယ်။ ငွေနည်းနည်းနဲ့ ဒေါ်လာ၅သန်းလောက်မြှုပ်နှံရမဲ့ လုပ်ငန်းများက ပိုပြီး ဆင်းရဲမွဲတေတဲ့ နိုင်ငံ ဆင်းရဲတွင်းနက်သူတွေထံ ထိထိရောက်ရောက် ကူညီနိုင်ပါလိမ့်မယ်။ဒါဟာ စိတ်ကူးယဉ်မဟုတ်ပါဘူး။ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး မစ်ရှင် ကကမ္ဘာ့ဘဏ်နဲ့ပူးပေါင်း လျော့ချသွားမှာပါ လို့ ဆိုတယ်။ မကြာမီက အခွန်ဘဏ္ဍာတော်နှစ် မှာ အသေးစားလုပ်ငန်း ပေါင်း ၁၀၅ ခု စုစုပေါင်းသုံးစွဲသည့်ငွေ ၂၀ရာခိုင်နှုံး ပါ။ အသေးစားဆိုသော်လည်းများပြားလာတော့ စုလိုက်ရင်  အမြတ်များနိုင်ပါတယ်။ ဒါပေမဲ့ ဒီလောက်အရေအတွက်များရင်  IFCအနေနဲ့  ရေးကြီးသုတ်ပြာ တရားဝင် လုပ်ခွင့် မရှိပါဘူး။IFC  ရဲ့ အကြီးအကဲ အသစ် “ကိုင် “ (Cai)က  ပြောကြားရာမှာ “အလုပ်လုပ်တယ်ဆိုတာ မဟာဗျူဟာကျကျ တွက်ချက်ပြီး စူးစူးစိုက်စိုက်ကလေး လုပ်တတ်ဖို့ လိုပါတယ် “   တဲ့။

 Movenpick ဟိုတယ်အသစ်နဲ့ ခပ်ဝေးဝေးက  မြို့တော် အက်ကရာ (Accra)မှာတော့ IFC ရဲ့ ရုံးခန်းကြီးက ဟိန်းလို့။တောက်ပ၀င်းထိန်နေပါတယ်။ ကစားကွင်းမြက်ခင်းပြင်ကြီးက လှဲအိပ်ချင်စရာ။ စိမ်းစိမ်းစိုစို။ပန်းရောင်စုံတွေ ဖူးပွင့်လှပနေတယ်။ ကားပတ်ကင်ထိုးဖို့ သီးသန့် နေရာကောင်းကောင်းအပြင် ကွန်ကရစ်နံရံကြီးက မားမားမတ်မတ် နဲ့ ။ ထိပ်မှာ သံဆူးကြိုးတွေ လှလှပပ ရစ်ပတ်ခွေလိမ်နေတယ်။လူသွားလမ်းကလေးကနေ လမ်းမပေါ် ဆက်လိုက်ရင် IFC ရဲ့ ရုံးခန်းကို တန်းတန်းဝင်ရောက်နိုင်ပါလိမ့်မယ်။ အစောင့်တွေကိုတော့ကျော်လွှားရအုံးမှာပါ။ သက်သေခံကဒ်ပြားတွေ မလိုပါဘူး။ လက်မှတ်ထိုးဖို့ မလိုပါဘူး။ IFC သွားရာ လမ်းမကြီးတလျှောက်မှာတော့ လမ်းဟာ ကျင်းတွေ ချိုင့်တွေ ကျောက်စရစ်ခဲတွေ ဖုံတွေ .ညစ်ပတ်ပေရေနေတဲ့ တဲတွေ အိမ်တွေ သင်  မြင်ရမှာပေါ့။

ခြေဗလာနဲ့ ပြေးလွှားနေတဲ့ ခလေးတွေ ကိုလည်း ဆိတ်တွေ ဘဲတွေ ကြက်တွေနဲ့အတူ သင် မြင်တွေ့ရပါလိမ့်မယ်။တိရိစ္ဆာန်အညစ်အကြေးတွေ စုပြုံနေတဲ့ နေရာများမှာပေါ့။
ဖြတ်ဖြတ်လူးနေတဲ့ ငါးကလေးတွေကို ဒါးနဲ့မွှန်း အကြေးခွံချွတ်နေတဲ့ အမျိုးသမီးတွေ..။ မရှင့်တရှင် မသေ့တသေ ငါးပေါက်စကို ဒုတ်ထိုးမီးမြှိုက်နေတဲ့ မိန်းမတွေ ..။ ခင်ဗျားတွေ့ရမှာပါ။
အပူရှိန် ၁၀၀ဒီကရီ ရှိနေတာတောင် အမှုမထားကြတာလား။ မသိတာလား။ မမြင်ရဲစရာတွေပါ။
ဇူလိုင်လရဲ့ နေ့တနေ့မှာ ကျွန်တော်ရောက်သွားတယ်။ သူတို့အနားချဉ်းကပ်လို့ စုံစမ်းတဲ့အခါ သူတို့က ဒီမှာနေလာတာ ၁၅နှစ် ရှိပါပြီတဲ့။ ကမ္ဘာ့ဘဏ်ဆိုတာလည်း မသိပါဘူး တဲ့။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးဆိုတာလည်း တခါမှ အသံမကြားခဲ့ပါဘူး တဲ့။ ပြီးတော့ သူတို့က ရယ်မောလိုက်ကြတယ်။လှောင်ရယ် ရယ်သလား။ ရင်နာနာနဲ့ တမင် ရယ်လိုက်သလားဆိုတာ ကျွန်တော် ခွဲခြားမသိချင်တော့ဘူး။
“ကျွန်မတို့ အကူအညီလိုပါတယ်။ အကူအညီပေးတဲ့ နေရာရှိတယ်ဆိုတာသိပေမဲ့ တကယ်တမ်းအဲဒါတွေ ကျွန်မတို့ ဆီ ရောက်မလာပါဘူး" တဲ့ခင်ဗျာ့။        ။

Ref : Can You Fight Poverty With a Five-Star Hotel? BY CHERYL STRAUSS EINHORN | Foreign Policy

Florist

(Newni Magazine, August, 2013)

1 comment:

An Asian Tour Operator said...

ဆောင်းပါး ကို Travel Myanmar Group မှာ share လိုက်တယ် မဖြိုး။ ဒါမျိုးတွေ ထပ်ဖတ်ချင်လိုက်တာ။