Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, March 25, 2015

ဟိုသတင်း ဒီသတင်း

ခရီးသွားသတင်းများ

ကြယ်တာရာစစ်ပွဲဖယောင်းရုပ်တုတွေ
            ဒါရိုက်တာ ဂျော့လူးကပ်စ်ရဲ့ Star Wars ရုပ်ရှင်ထဲက ပုံရိပ်တွေကို ပုံဖော်ထုလုပ်ပြသထားမယ့် သိပ္ပံခေတ်အနုပညာပြတိုက်ကို ချီကာဂိုမှာ ဒေါ်လာ သန်း ၃၀၀ ခန့် အကုန်အကျခံတည်ဆောက်မှာပါ။ အဲဒီပြတိုက်ကိုတော့ ၂၀၁၈ မှာ ဖွင့်လှစ်ပါလိမ့်မယ်။ ဂျပန်နိုင်ငံ၊ ဆက်ပိုရိုနှင်းပန်းပုပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီလမှာ ၇ ရက်ကြာကျင်းပလေ့ရှိကြတယ်။ အဲဒီနှင်းပန်းပုပွဲတော်မှာလည်း Star Wars နှင်းပန်းပုရုပ်တွေထုလုပ်ပြသခဲ့ကြတယ်။ နောက်ထပ်ဇာတ်လမ်းအသစ်ကိုလည်း ၂၀၁၆ မှာ ပြသတော့မှာပါ။
Star Wars ရုပ်ရှင်ရဲ့ အောင်မြင်မှုတွေဟာ နေရာတိုင်းမှာ အရှိန်မသေဘဲ ဆက်ပြီးရှင်သန်နေဆဲပါ။ Star Wars အမာခံပရိတ်သတ်တွေရော၊ ကမ္ဘာလှည့်ခရီးသည်တိုင်းအတွက်ပါ ကြယ်တာရာစစ်ပွဲထဲက ဇာတ်ကောင်တွေကို ဖယောင်းရုပ်အဖြစ်မြင်တွေ့ရနိုင်မယ့် စိတ်လှုပ်ရှားစရာအခွင့်အရေးပါပဲ။ သက်ဝင်လှုပ်ရှားနေတော့မလောက် လက်ရာမြောက်လှတဲ့ Star War ပြခန်းကို လာမယ့် မေလမှာစတင်ဖွင့်လှစ်ပြသတော့မယ်လို့ Madame Tussauds ဖယောင်းရုပ်ပြတိုက်က ကြေညာခဲ့ပါတယ်။ နှစ်ထပ်ပြခန်းမှာ မူရင်းရုပ်ရှင်နဲ့ နောက်ထပ်ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ လုခ်စကိုင်းဝေါကာ၊ ဒါ့ထ်ဗိတ်ဒါ န့ ရိုဒါတို့အပါအဝင် တခြားဇာတ်ကောင်တွေပါ ပြသထားမှာပါ။ အဲဒီပြခန်းအတွက် Lucusfilm နဲ့အတူ Disney ၊ Madame Tussauds ပန်းပုပညာရှင်တွေအတူပူးဆောင်ပြင်ဆင်နေကြပါတယ်။ ဖယောင်းရုပ်တု ၂၀ ကို လေးလကြာ ဖန်တီးပြင်ဆင်ရမယ်လို့ ဆိုတယ်။ "ဧည့်သည်တွေဟာ ရုပ်ရှင်ထဲ ပျော်ဝင်နစ်မြုပ်သွားသလို စိတ်လှုပ်ရှားစရာနည်းလမ်းသစ်နဲ့ ကြည့်ရှုရပါလိမ့်မယ်" လို့ Madame Tussauds အထွေထွေမန်နေဂျာ ဘန်းဆွိထ်က ပြောပါတယ်။

အေးစက်စက် နိုင်ရာဂရာရေတံခွန်


          မကြုံစဖူးထူးကဲလှတဲ့ အအေးကြောင့် နိုင်ရာဂရာရေတံခွန်ရဲ့ တသွင်သွင်စီးကျနေခဲ့တဲ့ရေတွေ အေးခဲသွားခဲ့ပါတယ်။ အေးခဲသွားပြန်တော့လည်း ဒီလိုရေတံခွန်တစ်ခုလုံးနီးပါး ရေတွေခဲသွားဖို့က ရှားပါးလှတဲ့အဖြစ်အပျက်အဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ခဲ့တယ်။ အနှုတ် ၂၂ ဒီဂရီ ရာသီဥတုကြောင့် ရေတံခွန်က ရေတွေအေးခဲနေခဲ့တဲအလှအပကို ဓာတ်ပုံရိုက်ယူ၊ ကြည့်ရှုနိုင်ခဲ့ကြပါတယ်။ နှင်းကျတာ၊ ရေခဲတာနဲ့ အေးစက်စက်ရာသီဥတုဟာ မလုံလောက်သေးဘူး။ ရေခဲနေတာတွေ မြင်ကွင်းအနှံ့ကြည့်ရှုချင်တယ်ဆိုသူများအတွက် စိတ်ကျေနပ်စရာအထူးခြားဆုံးဆောင်းရာသီဖြစ်သွားခဲ့တာပါ။ ရေခဲတွေဟာ Great Lakes ဝန်းကျင်မှာ ရုတ်တရက်ဖူးပွင့်သွားတော့တယ်။ တစ်ပတ်ကျော်အတွင်းမှာ ရေခဲအပွင့်အခက်အထပ်အလွှာတွေ အဆင့်ဆင့်ပေါ်လာကြတယ်။ ကန်တွေဟာ ရေခဲ ၈၅ ရာခိုင်နှုန်းကျော် ဖုံလွှမ်းကုန်တယ်လို့ Great Lakes ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသုတေသနဓာတ်ခွဲခန်းက ဖော်ပြပါတယ်။ Lake Erie ကတော့ ၉၈ ရာခိုင်နှုန်းကျော်အထိ အေးခဲခဲ့တယ်။ နိုင်ရာဂရာရေတံခွန်ဆီကို ယူအက်စ်အရှေ့တောင်ပိုင်း အယ်လာဘာမာအရပ်ဒေသက ခရီးသွားတွေကနေ ကမ္ဘာလှည့်ခရီးသွားတွေအထိ သွားရောက်ကြည့်ရှုခဲ့ပါတယ်။
           
Walking Dead မြို့လေး ဈေးကွက်တင်ရောင်းချမယ်
            The Walking Dead ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို ယူအက်စ်၊ Coweta County တောင်ပိုင်းမှာရှိတဲ့ Georgia ပြည်နယ် Gratville မြို့လေးမှာရိုက်ကူးခဲ့တော့ မြို့လေးရဲ့ မြင်ကွင်းတွေဟာလည်း စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။ Georgia မြို့လေးရဲ့ လမ်းမတွေဟာ Walking Dead ဇာတ်ဝင်ခန်းတွေကို ပြန်သတိရမိစေတယ်။ ထိတ်လန့်စရာ Walking Dead တွေနဲ့အတူ မြို့ကလေးဟာ ကျော်ကြားသွားခဲ့တယ်။ အခု အဲဒီမြို့လေးရဲ့ မြို့လယ် အဆောက်အဦ ၉ လုံးကို eBay မှာ ဈေးကွက်တင်လိုက်ပါပြီ။ ဈေးနှုန်းအတွက် ညှိနှိုင်းနိုင်တယ်လို့ ရောင်းချသူကပြောပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ် စီးပွားရေးကျဆင်းမှုတွေဖြစ်ခဲ့တဲ့အချိန် Grantville ရဲ့ မြို့တော်ဝန်ဟောင်း ဂျင်မ်စဲလ်စ်ဟာ အဲဒီအဆောက်အဦတွေကို ဝယ်ယူထားနိုင်ခဲ့တာပါ။ ဈေးပြိုင်ပေးဖို့အတွက် ဒေါ်လာ ၆၈၀၀၀၀ နဲ့ စတင်ဈေးခေါ်ထားပါတယ်။ အဲဒီမြို့လေးကို AMC TV show ရဲ့ Clear ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်ခန်းပြင်ဆင်ထားခဲ့တယ်။ အဲဒီရုပ်ရှင်မှာ အဓိကဇာတ်ကောင် ရစ်ခ်ဂရိုင်းမ်စ်ဟာ လူသူကင်းမဲ့အထီးတည်းဖြစ်နေခဲ့တဲ့ သူ့ရဲ့ ဇာတိမြို့လေးကို လက်နက်ရှာဖို့ပြန်ရောက်လာတဲ့ဇာတ်လမ်းပါ။ လမယ့် လအနည်းငယ်မှာ နောက်ထပ် ရုပ်ရှင် ၄ ကားအတွက်လည်း Grantville မြို့လေးမှာရိုက်ကူးဖို့ ရွေးချယ်ထားကြတယ်။ eBay မှာ ရောင်းချဖို့ ဈေးကွက်တင်လိုက်တာနဲ့ စိတ်ဝင်စားသူထောင်ပေါင်းများစွာစုံစမ်းလာခဲ့ကြတယ်။ ဝယ်ယူဖို့ ဖြစ်နိုင်ခြေရှိတဲ့သူတွေ အဓိကမေးကြတဲ့မေးခွန်းတွေက အခွန်ကိစ္စတွေပါလို့ ဆဲလ်စ် ကပြောပါတယ်။ မတ် ၂၆ ရက်နေ့မှာ eBay မှာရောင်းချတာပိတ်ပါလိမ့်မယ် လို့ သတင်းမှာဖော်ပြထားပါတယ်။

Selfie ရိုက်သူတို့အကြိုက်ဆုံး အမှတ်တရနေရာတွေမှာ
            ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး Selfie post တွေထဲမှာ လန်ဒန်တံတားဟာ နံပါတ် ၁ မှာ ရှိနေတယ်။ တံတားတစ်ခုတည်းဆိုရင်တော့ selfie ဓာတ်ပုံရိုက်ကြသူတွေ အင်မတန်အကြိုက်တွေ့ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ လန်ဒန်တံတားကို ကျော်ဖြတ်ပြီးမြင်နေရတဲ့ Tower Bridge မြင်ကွင်းအကွာအဝေးဟာ Selfie ရိုက်သူတွေအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးမြင်ကွင်းဖြစ်နေပါတယ်။ သတင်းတွေမှာဖော်ပြထားတာက ထင်ရှားတဲ့ နယူးယောက်ကပြတိုက်တွေဟာ Selfie Stick တွေကိုင်ပြီး ဓာတ်ပုံရိုက်ယူကြတာကို တားမြစ်ထားကြတယ်။ အထင်ကရယဉ်ကျေးမှုဆိုင်ရာစင်တာတွေမှာ Selfie stick သုံးဖို့ကန့်ကွက်ထားသလို attaractiontix.co.uk ကဖော်ပြတဲ့သတင်းအရ ကမ္ဘာလှည့်ခရီးသွားတွေဟာ ရှည်လျားမြင့်မားတဲ့အဆောက်အဦတွေနဲ့ အပမ်းဖြေဥယျာဉ်တွေမှာတော့ narcis-stick တွေနဲ့ selfie ဓာတ်ပုံလျှပ်တစ်ပြက်ရိုက်ကူးကြရတာကို ပိုပြီးနှစ်သက်ကြတယ်တဲ့။ ယူကေအခြေစိုက် လက်မှတ်ကြိုတင်ရောင်းချတဲ့ site တစ်ခုရဲ့ လေ့လာဆန်းစစ်မှုအရ ၂၀၁၀ အောက်တိုဘာ နဲ့ ၂၀၁၅ ဇန်နဝါရီကြားကာလအတွင်းက Instagram post ၂၁၉ သန်းဟာ Selfie ဓာတ်ပုံတွေဖြစ်နေကြတယ်လို့ ဆိုတယ်။ အီဖယ်မျှော်စင်ဟာ Selfie ဓာတ်ပုံ ၁၀၇၀၀ ကျော်နဲ့အတူ အနိုင်ရနေတဲ့နေရာအဖြစ် စာရင်းဝင်နေပါတယ်။ ဖလော်ရီဒါက Disney World ဟာ ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ Burj Khalifa ကို ဦးဆောင်ပြီး ဒုတိယနေရာမှာရှိနေတယ်။ ကမ္ဘာတစ်ဝှမ်းက Selfie ရိုက်ကူးမှုအများဆုံးနေရာစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
1. Eiffel Tower, Paris (10,700)
2. Disney World, Florida (9,870)
3. Burj Khalifa, Dubai (8,860)
4. Big Ben, London (8,780)
5. Empire State Building, New York (8,430)
6. Sagrada Familia, Barcelona (4,970)
7. Disneyland Paris (4,740)
8. Colosseum, Rome (4,670)
9. Top of the Rock, New York (4,290)
10. London Bridge, London (3,820)
Source : CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, April, 2015)

No comments: