Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, March 26, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ

ဘီစကစ်ကြိုက်တဲ့ ကန်းထရီးအဆိုတော်မလေး
  တက္ကဆက်ပြည်နယ်ဖွား Nashville က အမေရိကန် ကန်းထရီးအဆိုတော်မလေး Kacey Musgraves ဟာ ကန်းထရီးသီချင်းနှစ်သက်သူတွေရဲ့ စိတ်ကြိုက်အဆိုတော်တွေထဲက တစ်ဦးပါ။ ဂရမ်မီဆု နှစ်ကြိမ်ရရှိထားခဲ့ဖူးတဲ့ မာ့စ်ဂရေ့ဗ်စ်ဟာ အယ်လ်ဘမ်အသစ်အတွက် ပထမဆုံးစင်ဂယ်လ်နဲ့ ၂၀၁၅ ကို နှုတ်ဆက်ပါတယ်။ Biscuits လို့ နာမည်ပေးထားတဲ့သီချင်းကို ကမ်းထရီးရေဒီယိုကနေ မတ်လ် ၁၆ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တယ်။

ဒီစင်ဂယ်လ်ဟာ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Same Trailer Different Park အယ်လ်ဘမ်အပြီး မာ့စ်ဂရေဗ့်စ်ရဲ့ ဂီတသစ်ပါ။ မာ့စ်ဂရေဗ်စ် ရဲ့ Merry go round နဲ့ Follow your arrow စင်ဂယ်လ်တွေဟာ ပလက်တီနမ်၊ ရွှေ ဂရမ်မီဆုတွေရထားခဲ့တာပါ။ "Bisucits" သီချင်းကို မာ့စ်ဂရေဗ့်စ်၊ ရှန်းမက်အနယ်လီ နဲ့ ဘရန်ဒီကလာ့ခ်တို့က ရေးသားခဲ့ကြတယ်။ Biscuits ဟာ ကမ်းထရီးသီချင်းအမျိုးအစားကြိုက်တယ် မကြိုက်ဘူး ကိုယ်တိုင်မသေချာတဲ့သူတွေ အသေအချာကြိုက်နှစ်သက်သွားမယ့် သီချင်းလို့ဆိုတယ်။ ကမ်းထရီးကမ္ဘာမှာ အောင်မြင်ကျော်ကြားသွားမယ့် hit သီချင်းဖြစ်မှာ သံသယဖြစ်စရာမလိုပါဘူးတဲ့။ Biscuits သီချင်းဟာ စပ်စပ်စုစုအိမ်နီးချင်းလေးတွေ တခြားနေရာတွေစပ်စုအာရုံစိုက်နေတာထက် ကိုယ့်အတွက်ကိုပဲ ပိုလို့ အာရုံစိုက်ဖို့ ပြောထားတဲ့သီချင်းမျိုးပါ။ "ကိုယ့်ရဲ့ခြံစည်းရိုးတွေပြင်ပါကွာ၊ ကိုယ်ရူးသွပ်တာတွေ ကိုယ်ပိုင်ဆိုင်ပါစေ။ ကိုယ့်ကိုယ်ပိုင် ဘီစကစ်လေးပဲ အရေးစိုက်ပါ။ ဘဝဟာ သိပ်ပြီးအနှစ်သာရပြည့်လို့လာမှာ" ဆိုတဲ့ စာသားလေးတွေနဲ့ ချစ်စဖွယ်လန်းဆန်းလှပတဲ့သီချင်းပါပဲ။ Biscuits ဟာ နားထောင်ရတာ သိပ်ချစ်စရာကောင်းတယ်။ နားဝင်ချိုပြီး နားစွဲလွယ်တဲ့သီချင်းလို့လည်း မှတ်ချက်ပေးကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ကန်းထရီးဂီတချစ်သူလေး မာ့စ်ဂရေဗ့်စ်ရဲ့ Biscuits သီချင်းနဲ့ အတူ အယ်ဘ်ဘမ်အသစ်ကိုလည်း စောင့်မျှော်ကြည့်ရမှာ ရင်ခုန်စရာပါပဲတဲ့ သူမရဲ့ ကန်းထရီးပရိတ်သတ်တွေက ပြောနေကြတယ်။

ပေါင်းစပ်ဂီတသစ်နဲ့ Radiohead
     အင်္ဂလိပ် ရောခ့်အဖွဲ့ Radiohead ရဲ့လိဒ်ဂစ်တာသမား ဂျွန်နီဂရင်းဝုဒ်ရဲ့အယ်လ်ဘမ်အသစ်ကို အစ္စရေးတေးရေးဆရာ ရှိုင်းဘန်ဇူးရ် နဲ့အတူ ဂီတပညာရှင်များစွာနဲ့ အသံဖမ်းဖို့ ပြင်ဆင်နေကြပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ ရာဂျာစ်သန်ပြည်နယ်၊ ဂျော့ဟ်ပူးရ်မြို့ Mehrangarh ခံတပ်မှာ ရက်သတ္တသုံးပတ်ကြာနေထိုင်နေပြီး အယ်လ်ဘမ်အတွက် အသံဖမ်းကြတယ်။ မဟာရာဂျာက ခံတပ်ကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အိန္ဒိယဂီတပညာရှင် ၁၂ ဦးနဲ့ အတူနေထိုင်ပြီး အယ်လ်ဘမ်အတွက် သီချင်းတွေပေါင်းစပ်ဖန်တီးကြတယ်။ အာရေဗျ၊ အိန္ဒိယ နဲ့ အနောက်တိုင်းဂီတတွေပေါင်းစပ်ထားတယ် လို့ ဂရင်းဝုဒ်က ပြောပါတယ်။ "အိန္ဒိယဂီတပညာရှင်တွေနဲ့ အလုပ်အတူတူတွဲလုပ်ရတာ တကယ်တော့ အံအားသင့်စရာကောင်းလှတယ်။ ဂီတအတွက်သူတို့မှာ ကွဲပြားတဲ့စွမ်းအား၊ စိတ်အားထက်သန်မှုတွေရှိကြတယ်။ ဒီမှာ ဂီတဟာ အလုပ်အကိုင်တစ်ခုအဖြစ်ရပ်တည်နေတာမဟုတ်ဘဲ၊ ဘဝရဲ့ အစိတ်အပိုင်းအဖြစ်ရှိနေသလို ခံစားရတယ်။ နေရာတိုင်းမှာ တေးဂီတသံတွေရှိနေကြတယ်။ ကျွန်တော်တို့ အိန္ဒိယဂီတပညာရှင်တွေနဲ့ အသံဖမ်းဖို့ အစမ်းပြင်ဆင်တီးခတ်ကြတယ်။ အားလပ်ချိန်ယူတဲ့အချိန် သူတို့ ထွက်သွားကြတယ်။ သူတို့ ပိုပြီးတီးခတ်ကြပြန်ရော၊ အင်္ဂလန်မှာ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ အားလပ်ချိန်စစ်စစ် ပြည့်ပြည့်ဝဝယူကြတာပါ။ ဒီမှာတော့ ဂီတဖန်တီးဖို့ ဆန္ဒပြင်းပြင်းပြပြရှိကြတယ်။ ပြီးတော့ တကယ့်ကို ဉာဏ်ကွန့်မြူးမှုအစစ်ပဲ" လို့ ဂရင်းဝုဒ်က Sunday Guardian သတင်းစာကိုဖြေခဲ့တယ်။ Radiohead ရဲ့ နာမည်ကြီးခဲ့တဲ့ alternative rock သီချင်းတွေဖြစ်တဲ့ Creep ၊ Paranoid Android ၊ In Rainbows နဲ့ Pablo Honey တို့ကို အရူးအမူးကြိုက်နှစ်သက်ခဲ့ကြတဲ့ ပရိတ်သတ်တွေအတွက်တော့ ဂရင်းဝုဒ်ရဲ့ အယ်လ်ဘမ်ဟာ စူးစမ်းချင်စရာအပြည့်နဲ့ ဂီတသစ်တစ်ခုဖြစ်နေဦးမှာ အသေအချာပါ။

စွန့်ပစ်ချန်ရစ်ခဲ့ရတဲ့ နှလုံးသားတွေ
     American Sniper ရုပ်ရှင်ဟာ ၂၀၁၂ က ထုတ်ဝေခဲ့တဲ့ American Sniper: The Autobiography of the Most Lethal Sniper in U.S. Military History ကို အခြေခံပြီး အမေရိကန်လက်ဖြောင့်သေနတ်သမား ခရစ်ကိုင်းလ်ရဲ့ ဘဝဇာတ်ကြောင်း ရိုက်ကူးခဲ့တာပါ။ ခရစ်ကိုင်းလ်ဟာနဲ့ ရဲဘော်ရဲဘက် ချက်ဒ်လစ်တဲလ်ဖီးလ်တို့ကို၂၀၁၃ ယူအက်စ်ရေတပ်စစ်ပြန်ဖြစ်တဲ့ အက်ဒီရေးရုသ်က ပစ်ခတ်သတ်ဖြတ်ခဲ့တာကြောင့် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ အမေရိကန်လက်ဖြောင့်သေနတ်သမား ကိုင်းလ်ကို ဂုဏ်ပြုရေးသားခဲ့တဲ့သီချင်းကို ကိုင်းလ်ရဲ့ အဖွဲ့သားထဲကတစ်ဦးဖြစ်တဲ့ ပီတိစကော့ဘဲလ် က သီဆိုခဲ့တယ်။ အဲဒီ Hearts I Leave Behind ကမ်းထရီးသီချင်းကို ထရာဗစ်မီဒိုးစ် က ရေးသားခဲ့တာပါ။ ကိုင်းလ်အသတ်ခဲ့ရပြီးတဲ့နောက် စကော့ဘဲလ်ဟာ ကိုင်းလ်ရဲ့ ဇနီးသည် တာယာဆီကို သွားတွေ့ခဲ့ပါတယ်။ တာယာနဲ့ တွေ့ဆုံဖြစ်တဲ့ ဂုဏ်ပြုပွဲခရီးတစ်ခုမှာ စကော့ဘဲလ်ဟည ကမ်းထရီးအဆိုတော် ဂျုဒ်နဲ့အတူ မီဒိုးစ်နဲ့ပါ သိကျွမ်းခဲ့ကြတယ်။ မီးဒိုးစ်က သီချင်းတွေရေးနေခဲ့ပြီး တချို့သီချင်းတွေအသံဖမ်းနေချိန်မှာပါ။ မီဒိုးစ်ရဲ့ သီချင်းတချို့ကို စကော့ဘဲလ်နားထောင်နေတဲ့အချိန် တာယာက "ံHearts I leave Behind" သီချင်းကို ကြားလိုက်ရတယ်။ မျက်ရည်တွေ တာယာပါးပြင်ပေါ်စီးကျလာခဲ့ပြီ။ "အဲဒီသီချင်းကို ကျွန်မအတွက် အသံသွင်းပေးနိုင်မလား။ ဒီသီချင်းက ကျွန်မကို အကူအညီပေးနေတယ်" လို့ပြောခဲ့တယ်။ "Hearts I leave Behind သီချင်းဟာ ခရစ်ကိုင်းလ်ပါ။ "အဲဒီသီချင်းဟာ ကျွန်မပါ။ အဲဒီသီချင်းဟာ ခရစ် ချစ်ရစ်ထားခဲ့ရတဲ့နှလုံးသားတွေထဲ ခရစ်ကိုသယ်ဆောင်သိမ်းဆည်းထားကြမယ့် လူတိုင်းလည်းဖြစ်တယ်"လို့ "Chris Kyle" facebook account မှာ တာယာ ရေးသားခဲ့တယ်။ စကော့ဘဲလ်ကတော့ ဒီသီချင်းဟာ ခရစ်တစ်ယောက်တည်းအကြောင်းမဟုတ်ပါဘူး။ ကျန်ရစ်ခဲ့ကြတဲ့ မိသားစုတွေအတွက်ဂုဏ်ပြုတဲ့သီချင်းလည်းဖြစ်တယ် လို့ဆိုတယ်။ အခုဆိုရင် စကော့ဘဲလ်သီဆိုခဲ့တဲ့ သီချင်းဟာ iTune Country Chart မှာ နံပါတ် ၁ အဖြစ် ရပ်တည်နေပါတယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီးရရှိလာတဲ့ငွေကြေးကို Chris Kyle Frog Foundation ကို ပေးလှူသွားမှာပါ။ Chris Kyle Frog Foundation ဟာ အဖွဲ့သားတွေရဲ့ ကျန်ရစ်တဲ့မိသားစု ဆွေမျိုးတွေအတွက် စိတ်ခွန်အား၊ ရုပ်စွမ်းအားအထောက်အပံ့ပေးနိုင်အောင် ရည်ရွယ်ဖွဲ့စည်းထားတဲ့ non-profit အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

American Horror Story မှာ လေဒီဂါဂါ သရုပ်ဆောင်မယ်
     Applause သီချင်းသီဆိုခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် လေဒီဂါဂါဟာ American Horror Story ရဲ့ season 5 အတွက် ဇာတ်လမ်းတွဲ Hotel မှာ ပါဝင်သရုပ်ဆောင်မယ်လို့ Twitter မှာ ကြေညာခဲ့ပါတယ်။ သူမရဲ့ ပရိတ်သတ်တွေကို Hotel မှာ ပါဝင်တဲ့ video clip တစ်ခုကိုလည်း တင်ပေးခဲ့တယ်။ အဲဒီဗီဒီယိုမှာ ဂါဂါဟာ အနက်ရောင်မျက်နှာဖုံးထူပျစ်ပျစ်ကို ဖုံးကာဝတ်ဆင်ထားပြီး American Horror Story season 5 လို့ ပြောလိုက်တယ်။ မျက်နှာဖုံးကို မချွတ်ခင်မှာ လေသံခပ်တိုးတိုးနဲ့ Hotel လို့ ဆိုတယ်။ American Horror Story ကို ဒါရိုက်တာ ရိုင်ယန်မာဖီ နဲ့ ဘရက်ဒ်ဖဲလ်ချာ့ခ် တို့က ရိုက်ကူးပါတယ်။ season တိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းတစ်ခုစီနဲ့ပါ။ အပိုင်း ၁၃ ပိုင်းပါတဲ့ season 5 "Hotel" ကို လာမယ့် အောက်တိုဘာမှာ စတင်ပြသမှာပါ။ ပြသခဲ့ပြီးတဲ့ အပိုင်းတွေမှာ Season 1: Murder House (2011), Season 2: Asylum (2012–13), Season 3: Coven (2013–14) နဲ့ Season 4: Freak Show (2014–15) တို့ဖြစ်ကြတယ်။

လူမည်းအခွင့်အရေး နှစ် ၅၀ အထိမ်းအမှတ်ပွဲမှာ Vanilla Ice လည်း ပါဝင်ခဲ့
     ဒေါက်တာမာတင်လူသာကင်း နဲ့ ဂျူနီယာတို့ဦးဆောင်ပြီး သမိုင်းတွင်ခဲ့တဲ့ လူမည်းမဲပေးခွင့် အခွင့်အရေးအတွက် ယူအက်စ်အရှေ့တောင်ပိုင်း အလာဘာမာပြည်နယ်၊ Selma မြို့ကနေ Montgomery ကို ချီတက်ခဲ့ကြတဲ့လှုပ်ရှားမှု နှစ် ၅၀ မြောက်အဖြစ် Black Entertainment Television (BET) ကစီစဉ်ခဲ့တဲ့ ၃ နာရီကြာ ဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီဖျော်ဖြေပွဲကို Selma ရှိ Edmund Pettus Bridge မှာပြုလုပ်ခဲ့ကြတာပါ။ ဖျော်ဖြေပွဲမှာ Aloe Blacc, Angie Stone, Arrested Development, Bebe Winans, Bell Biv DeVoe, Blind Boys of Alabama, D-Nice, DeWayne Woods, Donnie McClurkin, Doug E. Fresh, Eddie Levert, Eric Benet, Estelle, Flavor Flav, India.Aire, Keith Sweat, Kelly Price, Kirk Franklin, MC Lyte, Rick Ross, Tank, Tamar Braxton, Tramaine Hawkins, Tyrese, Vanilla Ice, Virtue တို့နဲ့အတူ  Harry Belafonte, Peter Yarrow, Bill Bellamy, Bill Withers, Cicely Tyson, Gary Owen, John Salley, Malcolm Jamal Warner, Tom Joyner တို့ ပါဝင်သီဆိုခဲ့တြတယ်။ အဲဒီ ဂီတသမားတွေထဲမှာမှ ထူးခြားတာက ငြိမ်ချက်သားကောင်းနေခဲ့တဲ့ အမေရိကန် လူဖြူရက်ဂီတသမား Vanilla Ice ပါဝင်လာခဲ့တာပါပဲ။ ၁၉၉၁ က ထွက်ရှိခဲ့တဲ့ Ice Ice Baby ရက်ပ်သီချင်းနဲ့ အောင်မြင်ကျော်ကြားလှတဲ့ Vanilla Ice ဟာ နောက်ပိုင်းမှာ သီချင်းတွေနဲ့ပတ်သက်လို့ အနည်းငယ်အေးဆေးငြိမ်သက်နေခဲ့တယ်။ ၂၀၀၉ မှာ အိမ်ခန်း၊ အဆောက်အဦနဲ့ ပတ်သက်တဲ့ DIY Network တီဗီအစဉ် Vanilla Ice Project စီစဉ်သူအဖြစ် ပါဝင်နေတာပါ။ ၂၀၁၁ မှာ WTF - Wisdom, Tenacity & Focus အယ်လ်ဘမ်ထွက်ရှိခဲ့ပါသေးတယ်။ BET က စီစဉ်တဲ့ Selma နှစ် ၅၀ ပြည့် ဂီတဖျော်ဖြေပွဲမှာ Vanilla Ice ကို တွေ့လိုက်ရတာဟာ ပျော်ရွှင်ဝမ်းမြောက်စရာပါလို့ Ice Ice Baby သီချင်းပရိတ်သတ်တွေက ဆိုတယ်။ ပြီးခဲ့တဲ့ ၁၉၆၅ မတ်လ ၇ ရက်နေ့က လူမည်းမဲပေးခွင့် အခွင့်အရေး လှုပ်ရှားချီတက်မှုမှာ သွေးစွန်းတဲ့ တနင်္ဂနွေနေ့အဖြစ် ခေါ်တွင်ရလောက်အောင် အကြမ်းဖက်မှုတချို့ကြုံတွေ့ခဲ့ကြရတယ်။

Led Zeppelin ရဲ့ နှစ် ၄၀မြောက် နှစ်ပတ်လည်အယ်လ်ဘမ်
အင်္ဂလိပ် Heavy Metal အဖွဲ့ Led Zeppelin ရဲ့ ၁၉၇၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Physical Graffiti အယ်လ်ဘမ်ဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့ကဆိုရင် နှစ် ၄၀ မြောက် နှစ်ပတ်လည်နေ့ရောက်ရှိခဲ့ပါပြီ။ နှစ်ပတ်လည်နေ့အဖြစ် new edition ပြန်ထုတ်ခဲ့ပါတယ်။ Physical Graffiti မတိုင်ခင်ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် ၅ ခုကိုလည်း ပြန်လည်စီစဉ်ခဲ့ပြီး အခု အသစ်ပြန်ထုတ်လိုက်တဲ့ Physical Graffiti မှာ format ၆ ခု ပါဝင်တယ်။ standard two-CD edition, a deluxe three-CD edition, a standard two-LP version, a deluxe three-LP version, a super deluxe three-CD plus three-LP version with a hardback book, နဲ့ as high resolution 96k/24-bit digital downloads တွေရယ်၊ ဗီဇိုင်း၊ ကတ်ထူဖုံးစာအုပ်၊ နဲ့ art ပရင့်တွေလည်းစီစဉ်ထားပါတယ်။ Lep Zeppelin ပရိတ်သတ်တွေစိတ်ဝင်စားနိုင်မယ့် မထွက်ရှိဖူးသေးတဲ့ သီချင်းတွေလည်း ပါဝင်မယ်လို့ ဆိုတယ်။ အသစ်ပြန်ထုတ်တဲ့ Phisical Graffiti မှာ Brandy & Coke (Trampled Under Foot – initial rough mix), Sick Again (early version), In My Time of Dying (initial rough mix), Houses of the Holy (rough mix with overdubs), Everybody Makes It Through (In the Light early version/in transit), Boogie With Stu (Sunset Sound mix) နဲ့ Driving Through Kashmir (Kashmir rough orchestra mix) သီချင်းတွေပါဝင်လာကြတယ်။ Physical Graffiti ဟာ ယူအက်စ်မှာ ပလက်တီနမ် ၁၆ ကြိမ် ရရှိခဲ့တာပါ။ ရော့ခ်သီချင်းခပ်ပြင်းပြင်းနှစ်သက်သူများအကြိုက် Kashmir နဲ့ In My Time of Dying သီချင်းတွေနဲ့ Stairway to Heaven လို folk rock သီချင်းပုံစံ အေးအေးငြိမ့်ငြိမ့်သီချင်းမျိုးကိုပါ ဖန်တီးနိုင်တဲ့ Led Zeppelin ရဲ့ ပရိတ်သတ်တွေအတွက်ကတော့ နှစ် ၄၀ မြောက်မှာလည်း ဆက်ပြီးအားပေးဖို့ သွေးနွေးနေဆဲပါလို့ ဆိုကြတယ်။


ဖြိုးဖြိုး
(Yati Magazine, April, 2015)

No comments: