တပေါင်းသာခေါင် လများနောင်
တပေါင်းရယ်တဲ့ ချိန်ခါမှီ ၊
ရွက်ဟောင်း ကို လေနှင်လို့ ၊
ပန်းတော်ဝင် ရွှေအင်ကြင်းရယ်၊သင်းပျံ့ ခဲ့ ပြီ။
နီတျာတျာ သန္တာနှစ်လိုပ ၊
စီအမြွှာညှာပရစ်ကယ်တို့  ၊
ဝနာသစ် ပြောင်းခါမှီ၊
ဆောင်းရာသီရယ်တဲ့ လောင်ကျွမ်း။
ဘရဂုဏ္ဏီမှာ တူအညီ သော်တာပြည့်ပါလို့ ၊
မျှော်ကြည့်သူ ကြည်ကြည်သာလို့ ၊
သည်အခါ ငွေသောင်ဦးမှာ၊
သဲပုံဆို စေတီထူးကို
ဖူးမျှော်ကြစမ်း။ ။
(အမည်မသိ)
တပေါင်းသာခေါင် လများနောင်ရယ်လို့  ရှေးစာဆိုတို့  တင်စား ကြတဲ့ တပေါင်းလဟာဖြင့် လတကာမှာ အထွတ်အမြတ်လို့  သတ်မှတ်ကြပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ တပေါင်းလရဲ့  သာယာပုံကို ဂါထာ ၆၀ နဲ့တောင် ဖွဲ့ သီရင့်ကျူးလို့  ကပ္ပိလ၀တ် ဘခမည်း နန်းတော် ဘုရားရှင် ကြွရောက်ပါမဲ့ အကြောင်း ပင့်ဖိတ်ခဲ့ရတဲ့  လရာသီ ကိုး။ ပြီးတော့ အဇာတသတ်မင်းသား မိမိရင်တွင်း ဝေဒနာကို အေးမြစေဖို့  ဘုရားရှင့် ရှေ့ တော်မှောက် အဖူးမျှော်ဝင်ခဲ့တဲ့  လပေကိုး။ဒီလို ထူးခြားမှုတွေ နဲ့ လွှမ်းခြုံ ထားတဲ့ ရာသီလေ။ နောက်တမျိုး ပြောရရင် မိုးလေ ကင်းစင်သွားပြီမို့  မြစ်ချောင် အင်းအိုင် သောင်ပြင် အစပ်မှာ နာရဒ ရှင်ရသေ့က စလို့  သဲပုံ စေတီပွဲတော် များ ကျင်းပ ပြုလုပ်ကြတဲ့ ဓလေ့ ပေါ်ထွန်းခဲ့တယ်။ အမြို့ မြို့  အနယ်နယ်မှာ ဘုရားပွဲတော်များ ကျင်းပပြုလုပ်ကြတယ်လေ။ရာသီ ပန်းကတော့ ဂန့် ဂေါ်ပန်း သရဗီ ပန်းလို့  ဆိုတယ်။
ကာဠုဌာရီ ပင့်ဖိတ် လျှောက်ထားချက်အရ ဘုရားရှင် ကြွရောက်တဲ့အခါ ယူဇနာ၆၀ခရီးကို တနေ့  တယူဇနာနှုံးနဲ့ (၁၂မိုင်)ခြေလျှင်ခရီး ကြွရောက်ရာမှာ နှစ်လတိတိ ကြာပါသတဲ့။ ဘုရားရှင်ဟာ အကြောင်းမဲ့ တန်ခိုးတော်ကို မသုံးပါဘူး။ လမ်းခရီးမှာ တွေ့ သမျှ သတ္တ၀ါတွေကို တရား ရေအေး တိုက်ကြွေးတော် မူပါသတဲ့။ နောက်ပါ ရဟန်းတို့ ကိုလည်း လမ်းခရီးမှာ သစ်ပင်တို့  ၏အရိပ်သည် အေးမြကြောင်း။
ထို့ ထက် ဆွေမျိုးသားချင်းအရိပ် ဆရာသမား အရိပ်က ပိုအေးမြကြောင်း။ ထို့ ထက် မိဘအရိပ်သည် ပို၍ အေးမြကြောင်း။ ထို့ ထက် မင်းကောင်းမင်းမြတ်တို့  အရိပ် အေးမြကြောင်း ထို့ ထက် ရဟန္တာ နှင့် မြတ်ဘုရားရှင် တို့ ၏ အရိပ် က သာလွန်အေးမြကြောင်း ဟောကြားပါတယ်။
ကပ္ပိလ၀တ်သို့  ရောက်တဲ့အခါမှာလည်း ပုဗ္ဗာစရိယ လက်ဦးဆရာ မိနှင့်ဘကျေးဇူး ကို အထူး အလေးထား ဟောကြားပါတယ်။ရွက်ဟောင်းကြွေ ပြီး ရွက်သစ်ဝေတဲ့  တပေါင်းလဟာ လတကာထက် ပို ထူးမြတ်ပါတယ်။ခမည်းတော် မင်းကြီးနဲ့ အတူ မိထွေးတော် ဂေါတမီ နဲ့  ပါရမီရှိသူများ ကျွတ်တမ်း ၀င်ခဲ့ပါတယ်။
တောင်တောသည် သာယာ၏။ သစ်ပင်တို့ ၏ အရိပ်သည် အေးမြ၏။
ဆရာသမားဆွေမျိုး မိဘ၏ အရိပ်သည် အေးမြ၏ တဲ့။
တပေါင်းမည်သာ၊လတကာထက် ၊
နှိုင်းရာဖက်ရှောင် ၊လများနောင်ကား၊
တောင်လည်း သာမော။ တောလည်းသာထွေ၊
ရေလည်း သာလှ၊ဖြူလွသောင်ပြင်၊
ငှက်ပေါင်းရွှင်သော်၊သဘင်အညီ၊
သဲစေတီဟု၊ ပြည်လုံးအနှံ့  ၊ ကျော်တော့သည်။
(အမည်မသိ)
ခင်မေသစ်
No comments:
Post a Comment