Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, March 09, 2015

ဟိုသတင်း ဒီသတင်း

နေရောင်ခြည်သုံးလေယာဉ် မြန်မာနိုင်ငံမှာလည်း ဆင်းသက်မယ်
ပထမဆုံး နေရောင်ခြည်သုံးလေယာဉ် Solar Impulse 2 ကမ္ဘာလှည့်ခရီးစဉ်လှည့်ဖို့ အချိန်နီးကပ်လာပါပြီ။ Solar Impulse 2 ဟာ သူတို့ရဲ့ သမိုင်းတွင်မယ့်စွန့်စားခန်းခရီးအတွက် United Arab Emirates ကနေ ဖေဖေါ်ဝါရီနောက်ဆုံးရက်သတ္တပတ် ဒါမှမဟုတ် မတ်လအစောပိုင်းမှာ စတင်ထွက်ခွာကြမှာပါ။ ဆင်းသက်ရပ်နားမယ့် မှတ်တိုင်စုစုပေါင်း ၁၂ ခု စီစဉ်ထားကြတယ်လို့ ဆွစ်လေယာဉ်မှူး ဘားထရန်ဒ်ပစ်ကာ့ဒ် နဲ့ အန်ဒရီဘော့ရှ်ဘာ့ဂ် တို့က ကြေညာခဲ့ပါတယ်။

ဆင်းသက်မယ့်နိုင်ငံတွေမှာ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတွေပါဝင်ပြီး အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ် Phoenix လေဆိပ်နဲ့ နယူးယောက်၊ John F. Kennedy အပြည်ပြည်ဆိုင်ရာလေဆိပ်တွေလည်းပါဝင်ကြတယ်။ ငါးလကြာခရီးစဉ်အတွင်းမှာ ၂၅ ရက်ပျံသန်းပြီး၊ တစ်နာရီ ၅၀ နဲ့ ၁၀၀ ကီလိုမီတာ (31-62 mph) ကြား၊ အမြန်နှုန်းနဲ့ ပျံသန်းကြမယ်လို့ ပစ်ကာ့ဒ်နဲ့ ဘော့ရှ်ဘာ့ဂ်တို့က ပြောပါတယ်။ လေယာဉ်ရဲ့အစောပိုင်းတီထွင်မှုမှာ လောင်စာဆီမပါဘဲ ပထမဆုံးနေရောင်ခြည်သုံး နေ့ညမနားတမ်း ပျံသန်းနိုင်တယ်။ နေရာင်ခြည်သိုလှောင်ဆဲလ်(အခန်း)တွေဟာ လီသီယမ်ဘက်ထရီတွေကို အားဖြည့်ပေးနိုင်တယ်။ ဘက်ထရီတွေဟာ ခရီးရှည်တွေပျံသန်းဖို့ လုံလောက်တဲ့စွမ်းအင် သိုလှောင်ပေးထားနိုင်တာကြောင့် ညတွေမှာပါ ပျံသန်းနိုင်တယ်လို့ website မှာ ဖော်ပြထားပါတယ်။ Solar Impulse 2 မှာတော့ ပထမအဆင့်မှာ အင်ဂျင်နီယာတွေလေ့လာထားခဲ့တာတွေနဲ့ ပေါင်းစပ်ပြီး နောက်တစ်ဆင့်ပိုအဆင့်မြှင့်တင်ထားတယ် လို့ လေယာဉ်ထုတ်လုပ်သူတွေက ပြောပါတယ်။ ကြီးမားလှတဲ့ ဘိုးရင်း 747-8 လေယာဉ်တွေရဲ့ တောင်ပံအလျားထက် Solar Impulse 2 က ၁၂ ပေ ပိုပြီးရှည်ပါတယ်။ တောင်ပံတစ်ဖက်ထိပ်ဖျားကနေ နောက်တစ်ဖက်ထိပ်ဖျားအထိ ၂၃၆ ပေ ရှိတာပါ။ အလေးချိန်မှာတော့ အင်မတန်ပေါ့ပါးလှတယ်။၂ တန်ခွဲသာရှိပြီး sport car SUV အကြီးတွေထက် ပိုပြီးပေါ့ပါးတယ်။ ထိုင်ခုံတစ်ခုသာပါဝင်တဲ့အတွက် Solar Impulse 2 ဟာ လက်တွေ့ကျကျ၊ စီးပွားဖြစ်အသုံးပြုနိုင်မယ့်လေယာဉ်မျိုးမဟုတ်သေးဘူး လို့လည်း ဒီဇိုင်နာတွေကဆိုတယ်။ နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ရဲ့ ဖြစ်နိုင်ခြေတွေကို ပြသချင်တာရယ် clean-energy နည်းပညာကို တိုးမြှင့်ကြော်ငြာလိုတဲ့ရည်ရွယ်ချက်နဲ့ တီထွင်ခဲ့ကြတာပါ။ လေယာဉ်မှူး ပစ်ကာ့ဒ် နဲ့ လုပ်ဖော်ကိုင်ဖက် ဘရိုင်ယန်ဂျုံးစ်တို့ဟာ ၁၉၉၉ ခုနှစ်တုန်းက မီးပုံပျံနဲ့ ကမ္ဘာတစ်ပတ်မနားတမ်း လှည့်လည်ခဲ့ကြဖူးတယ်။ လေယာဉ်မှူး ဘော့ရှ်ဘာ့ဂ်ဟာ Swiss Air Force fighter တိုက်ခိုက်ရေးလေယာဉ်မှူးအဖြစ် နှစ် ၂၀ ကျော်တာဝန်ထမ်းဆောင်ခဲ့သူပါ။

ထိုင်းနိုင်ငံရဲ့ နောက်ထပ်ခရီးသွားကြယ်တစ်ပွင့်
ထိုင်းနိုင်ငံနဲ့ ခရီးသွားလုပ်ငန်းဟာ အင်မတန်ကြာရှည်ခိုင်မြဲတဲ့ဆက်ဆံရေးမျိုးရှိထားကြပါတယ်။ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်တွေ အများအပြားလာရောက်လည်ပတ်ကြတယ်။ အခုနောက်ထပ်ခြေတစ်လှမ်း ဆက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီတဲ့။ ကမ္ဘာလှည့်ခရီးသည်တွေ ထိုင်းနိုင်ငံကို ပိုပြီးသိမြင်နိုင်မယ့်အချိန်လို့ဆိုတယ်။ အဲဒီအစီအစဉ်ကတော့ "ထိုင်းနိုင်ငံကိုရှာဖွေခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့အတူ ထိုင်းနိုင်ငံထဲ ကမ္ဘာလှည့်ခရီးသည်တွေ အသွားအလာနည်းပါသေးတဲ့နေရာဒေသ ၁၂ ခုကို ဈေးကွက်တင်ဆွဲဆောင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ "နေရာအသစ်တွေကို မိတ်ဆက်ပေးနေတာပါ။ ဘာကြောင့်လဲဆိုတော့ ထိုင်းကို လာရောက်ကြတဲ့ကမ္ဘာလှည့်ခရီးသွား ၆၀-၇၀ ရာခိုင်နှုန်းခန့်ဟာ အရင်ကလာခဲ့ဖူးတဲ့ခရီးသွားတွေပါ" လို့ ထိုင်းခရီးသွားလုပ်ငန်းဝန်ကြီး ကော့ဘ်ခမ်း ဝပ်ထာနာဗရန်ဂ်ကူလ် ကပြောပါတယ်။ နောက်ထပ်ပြန်လာလည်ကြတဲ့အတိုင်း ပိုပြီးရက်ကြာကြာနေထိုင်ဖို့ မျှော်လင့်ရတော့ ကျွန်မတို့က ထူးထူးခြားခြားလှုပ်ရှားမှုအစီအစဉ်လေးတွေ၊ နေရာဒေသအသစ်တွေပိုပြီး ရှာဖွေကမ်းလှမ်းပေးသင့်တယ် လို့ ဆိုတယ်။ အဲဒီ နေရာဒေသ ၁၂ ခုမှာ ထိုင်းနိုင်ငံမြောက်ပိုင်းရှေးဟောင်းမြို့တော် Lampang လည်း ပါဝင်တယ်။ အဲဒီရှေးဟောင်းမြို့တော်ဟာ ချင်းမိုင်ကနေ တစ်နာရီကားမောင်းရင်ရောက်ရှိနိုင်တဲ့နေရာပါ။ ထိုင်းဓာတ်ပုံဆရာ ဆရီချိုင်း အာစာဝါလာပ်စာကူလ်ဟာ Lampang မှာ ၁၅ နှစ်ကျော်ကြာနေထိုင်ခဲ့ပါတယ်။ သူရိုက်ကူးထားခဲ့တဲ့ မြို့တော်တစ်ဝှမ်းမှတ်တမ်းဓာတ်ပုံတွေဟာ အံ့ဘနန်းစိမ်းစိုလှပလွန်းတာကြောင့် Lampang ဟာ ထိုင်းနိုင်ငံရဲ့ နောက်ထပ်ခရီးသွားကြယ်တစ်ပွင့်ဖြစ်လာမလား မျှော်လင့်ရင်ခုန်စရာပါပဲ။

တောင်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ နှစ်ဦးသက်ဆိုင်တဲ့ငြိမ်းချမ်းရေးပန်းခြံ
တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယား ကြားခံဇုန်အဖြစ်ဖန်တီးထားတဲ့ စစ်မဲ့ဇုန် (Korean Demilitarized Zone-DMZ) ဟာနှစ်ပေါင်း ၆၀ ကျော်ခန့်ကတည်းက တည်ထောင်ထားခဲ့တာပါ။ အဲဒီနေရာဒေကိုပဲ ကမ္ဘာ့ဖိအားအများဆုံးနယ်စပ်ဒေသအဖြစ်လည်း မကြာခဏရည်ညွှန်းနေကြတယ်။ ဒါပေမဲ့ အဲဒီနှစ်တွေမှာ သဘာဝအတိုင်း မတို့မထိ၊ မပျက်မယွင်းပဲ ရှိနေသေးတဲ့ နေရာဟာ ၂၅၀ ကီလိုမီတာရှည်ပြီး ၄ ကီလိုမီတာ ကျယ်ဝန်းပါတယ်။ မြစ် ၅ စင်း စီဆင်းနေပြီး တောင်တွေအမြောက်အများရှိနေတယ်။ အပင်တွေနဲ့ တိရစ္ဆာန်မျိုးစိတ်တွေထောင်ပေါင်းများစွာ သဘာဝအတိုင်းရှင်သန်နေပါတယ်။ တောင်ကိုးရီးယားက DMZ ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတဲ့ ငြိမ်းချမ်းရေးပန်းခြံအဖြစ်ပြောင်းလဲဖွင့်လှစ်ဖို့ ရည်မှန်းထားတယ်။ ဆိုးလ်ရဲ့ အဆိုပြုချက်ကို ဆွစ်ဇာလန်မှာပြုလုပ်တဲ့ စိမ့်မြေ/ အင်း ဆိုင်ရာ နိုင်ငံတကာအစည်းအဝေး Ramsar Convention မှာ အရေးကြီးအဆိုပြုချက်အဖြစ်တင်ပြခဲ့ပါတယ်။ DMZ ငြိမ်းချမ်းရေးပန်းခြံအစီအစဉ်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့်နည်းလမ်းရှာဖို့ နိုင်ငံတကာအဖွဲ့အစည်း အမှုဆောင်တွေတက်ရောက်ကြတဲ့ Ramsar Convention မှာ ကိုးရီးယားကိုယ်စားလှယ်တစ်ဦး ရှင်းလင်းတင်ပြခဲ့တာကို တောင်ကိုးရီးယားသတင်းစာ Korea Times က သတင်းဖော်ပြခဲ့တယ်။ စီမံကိန်းအတွက် နိုင်ငံတကာထောက်ပံ့မှုကျယ်ကျယ်ပြန့်ပြန့်ရရှိလာဖို့ ရည်မှန်းထားတယ် လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ စစ်သားထောင်ပေါင်းများစွာစခန်းချထားကြတဲ့ DMZ ဟာ အကြီးအကျယ်စစ်စခန်းပြုထားတဲ့နေရာဖြစ်နေပေမဲ့ တသီးတခြားစီဖြစ်နေတဲ့အရာကတော့ အပင်အမျိုးပေါင်း ၁၂၀၀ ကျော်နဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့်ရှားပါး တောရိုင်းတိရစ္ဆာန် Asiatic Black Bean နဲ့ Amur Leopard အပါအဝင် တိရစ္ဆာန်မျိုးစိတ်ထောင်ပေါင်းများစွာရဲ့ အိမ်လည်းဖြစ်နေသေးတာပါ။ DMZ ကို ငြိမ်းချမ်းရေးပန်းခြံအဖြစ်ပြောင်းလဲလိုတဲ့စိတ်ကူးဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ တောင်ကိုးရီးယား Ministry of Unification ရဲ့ ၂၀၁၄ နှစ်သစ်အစီအစဉ်စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ DMZ ရဲ့ တောင်ပိုင်းကတော့ United Nations Command- UNC ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပါပြီ။ မြောက်ကိုးရီးယားပါဝင်လာအောင် ချဉ်းကပ်ဖို့ကပဲ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေပါတယ်။ ပြုံယမ်းဟာ အဲဒီအစီအစဉ်ကို ထပ်ခါထပ်ခါ ငြင်းဆန်ခဲ့တယ်။ ကမ္ဘာလှည့်ခရီးသည်တွေဆီက ငွေကြေးသဲ့ယူဖို့ကြိုပမ်းမှုတစ်ခု ဆိုပြီးတော့ပယ်ချခဲ့တာပါ။

Wi-Fi အမိဆုံးလေကြောင်းလိုင်းတွေ
ခရီးရှည်လေယာဉ်ခရီးစီးရတဲ့အခါ အဲဒါဟာ အနည်းဆုံး ၉နာရီလောက်ဟာ Offline ဖြစ်နေမယ်ဆိုတဲ့အဓိပါယ်ပါပဲ။ online ရှိမနေနိုင်တဲ့အခါ ဆုံတွေ့နေကျ Facebook မေးလ်တွေကို မစစ်ဆေးနိုင်တော့ သင့်ရဲ့ဦးနှောက်ဟာ ခြေပစ်လက်ပစ်မောပမ်းရလွန်းတဲ့အခြေအနေက ဝေးနေနိုင်ပါတယ်။ ဒါပေမဲ့ လေကြောင်းခရီးသွားနည်းပညာသစ်ထုတ်လုပ်တဲ့ကုမဏီ Routehappy ကထုတ်ပြန်တဲ့သတင်းအရ Wi-Fi မပါဘဲပျံသန်းမယ့်လေကြောင်းလိုင်းတွေဟာ ရှားပါးလာတော့မယ်လို့ ဆိုတယ်။ လေယာဉ်ပေါ်ကအစားအစာတွေ၊ အခြေအနေတွေကို Instagram နဲ့ Twitter မှာ တင်ဖို့လိုအပ်တဲ့လူတိုင်းအတွက်တော့ ဒါဟာ သတင်းကောင်းပါ။ ရှည်ကြာတဲ့ခရီးစဉ်မှာ စိတ်ကြိုက်ရုပ်ရှင်တွေအမိအရ၊ စိတ်ဖြောင့်ဖြောင့်ကြည့်ရှုလိုတဲ့သူတွေအတွက်တော့ သတင်းဆိုးတစ်ခုဖြစ်နေပါလိမ့်မယ်။ Routehappy က ထုတ်ပြန်တဲ့သတင်းအရ အပြည်ပြည်ဆိုင်ရာလေယာဉ် ၂၄ ရာခိုင်နှုန်းမှာ Wi-Fi အသုံးပြုလို့ရနေပါတယ်။ ယူအက်စ် ပြည်တွင်းလေယာဉ်တွေမှာ လွန်ခဲ့တဲ့ ၁၈ လ အတွင်း ၆၆ ရာခိုင်နှုန်းအထိတိုးမြှင့် အသုံးပြုလာနိုင်တယ်။ လိုင်းမိနှုန်းအရည်အသွေးနဲ့ အမြန်နှုန်းလည်း ပိုပြီးတိုးတက်လာတယ်လို့ သတင်းမှာဖော်ပြပါတယ်။ "Wi-Fi ဟာ လေယာဉ်စီးခရီးသည်တွေ သူတို့လေယာဉ်ပေါ်မှာ ရ/ မရ ရှာဖွေကြဆုံးသောအရာထဲက တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့မှတ်တမ်းမှာကတည်းက အဲဒါဟာ လေကြောင်းလိုင်းတွေရဲ့ အရေးပါလှတဲ့ရင်းနှီးမြှပ်နှံမှုဆိုတာလေ့လာဖော်ပြခဲ့ပါတယ်" လို့ Routehappy CEO ရောဘတ် အဲလ်ဘတ်ထ် က ပြောပါတယ်။ နိုင်ငံတကာလေကြောင်းလိုင်းတွေထဲက Nordic လေကြောင်းလိုင်းတွေဟာ ဆက်သွယ်နိုင်မှုမှာ ဦးဆောင်နေပြီး Icelandair နဲ့ Norwegian လေကြောင်းလိုင်းတွေမှာလည်း ၈၀ ရာခိုင်နှုန်းခန့် Wi-Fi အသုံးပြုခွင့်ပေးနေပါပြီ။ နောက်ထပ်လေကြောင်းလိုင်း ၄ ခုမှာ Etihad, Singapore, Lufthansa နဲ့ Iberia  လေကြောင်းလိုင်းတွေမှာ ၄၀-၆၀ ရာခိုင်နှုန်းခန့်အထိ အသုံးပြုနိုင်နေပါတယ်။ Aeroflot, Emirates နဲ့ Japan လေကြောင်းလိုင်းတွေမှာ ၂၀-၃၀ ရာခိုင်းနှုန်း၊ Qatar, Thai နဲ့ Turkish လေကြောင်းလိုင်းတွေမှာ ၁၅ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကြားအသုံးပြုနိုင်တယ်။ U.S. လေကြောင်းလိုင်းတွေထဲက Delta ဟာ ထိပ်ဆုံးမှာရှိတယ်။ Delta ရဲ့ နေ့စဉ်လေယာဉ် ၃၅၀၀ ကျော်မှာ Wi-Fi အသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။ 
Source : CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, March, 2015)

No comments: