Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, March 09, 2015

ဟိုသတင်း ဒီသတင်း

ဂီတသတင်းများ
အပြင်းစားမဟုတ်တဲ့ ရီဟားနားနဲ့ လီယိုနာဒိုတို့ရဲ့ အချစ်
Umbrella သီချင်းနဲ့ပိုပြီးကျော်ကြားခဲ့တဲ့ ရီဟားနားရဲ့ single သီချင်း Four Five Seconds ထွက်ရှိခဲ့ပါတယ်။ follower ၃၉ ဦးရှိနေတဲ့ သူမရဲ့ Twitter account ကနေ သီချင်းအသစ်အကြောင်းကြေညာခဲ့တာပါ။ Four Five Seconds မှာ ဘီတဲလ်စ်စတား မက်ကာထ်နေးက အတီးပိုင်း၊ ကိန်းဝက်စ်က featuring ပိုင်းသီဆိုထားပါတယ်။၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Unapologetic အယ်လ်ဘမ်နောက်ပိုင်း ရီဟားနားရဲ့ ပထမဆုံးဂီတသစ် သီချင်းတစ်ပုဒ်ဖြစ်နေတော့ စိတ်ဝင်စားမှုပိုစရာပါ။ Unapologetic အယ်လ်ဘမ်မှာပါဝင်တဲ့ We Found Love နဲ့ Where Have You Been သီချင်းတွေက ရီဟားနားပရိတ်သတ်အကြိုက်သီချင်းတွေဖြစ်ခဲ့ကြတယ်။

ကိန်းနဲ့ မက်ကာထ်နေးတို့ အတူလက်တွဲသီဆိုတီးခတ်ခဲ့ကြတာကတော့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ ရက်ပ်ဂီတသမား ကိန်းဝက်စ်ရဲ့ သမီး နော့သ်ကို ရည်ရွယ်သီဆိုခဲ့တဲ့ single သီချင်း Only One မှာ သူတို့ အတူလက်တွဲခဲ့ကြဖူးတယ်။ ရီဟားနားရဲ့ သီချင်းသစ်ကိုစိတ်ဝင်စားတဲ့ပရိတ်သတ်တွေရှိသလို သူမနဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ချစ်ဇာတ်လမ်းကိုလည်း စူးစမ်းနေကြတယ်။ ရီဟားနားက ဘာဘာဒေါ့စ်မှာရှိတဲ့ သူမရဲ့မိသားစုနဲ့ လီယိုနာဒိုကို တွေ့ဆုံပေးဖို့ ဖိတ်လိုက်တဲ့သတင်းကလည်းထွက်လာခဲ့တယ်။ လီယိုနာဒိုနဲ့ ရီဟားနားကတော့ ပျော်စရာလေးတွေပိုပြီးရရှိစေဖို့ အတူဆုံးဖြတ်ထားကြတယ်။ သူတို့ရဲ့ ဆက်ဆံရေးဟာ သိပ်ပြီးတော့ အပြင်းစားမဟုတ်ပါဘူးလို့လည်းဆိုကြသေးတယ်။ Weekly Magazine မှာတော့ လီယိုနာဒိုချစ်ဇာတ်လမ်းတွေမရှိတော့တဲ့အချိန် ရီဟားနားဆီ ထွေလီကာလီစာသားလေးတွေပေးပို့လာတယ်။ သူတို့ ချိတ်ဆက်မိသွားကြတယ် လို့ ရေးထားပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီ ၁၄ ရက်နေ့လောက်မှာ West Hollywood က Sunset Marquis ဟိုတယ်မှာ နှစ်နာရီကျော်ကြာတွေ့ဆုံစကားပြောနေကြတယ်။ ပြီးတော့ ညသန်းခေါင်ကျော် ၂ နာရီအချိန်မှာ အပြင်မှာသိုသိုဝှက်ဝှက်ရှိနေခဲ့ကြတာကိုလည်း သတင်းတွေမှာ ဖော်ပြကြပြန်တယ်။ ရီဟားနားဟာ သူမတကယ်မကြိုက်မနှစ်သက်ဘဲ ဘယ်ယောက်ျားလေးကိုမှ မိသားစုနဲ့ တွေ့ဖို့ ခေါ်မှာမဟုတ်ဘူးလို့ Touch Magazine မှာရေးထားတယ်။ လီယိုနာဒို အသည်းစွဲပရိတ်သတ်တွေကတော့ လီယိုကို ဘာဘာဒေါစ့်မှာ ရွက်လွှင့်အနားယူနေတာမြင်တွေ့ရရင်တောင် အဲဒီထက်ပိုတာ ဘာမှမဖြစ်နိုင်ပါဘူးလို့ ဆိုနေကြတယ်။

ရှကီးရားရဲ့ အလှူဒါနနဲ့ ဘေဘီအသစ်လေး
ရှကီးရားဟာ ဒုတိယမြောက်သားငယ်လေးကို ဘာစီလိုနာဆေးရုံမှာ ခွဲစိတ်မွေးဖွားခဲ့ပါတယ်။ ရှကီးရားနဲ့ ခင်ပွန်း ဘာစီလိုနာအသင်းနဲ့ စပိန်အမျိုးသားအသင်း ဘောလုံးသမား ဂျာရတ်ပီကေးတို့ဟာ ဘာစီလိုနာမြို့၊ Sarria က Teknon ဆေးခန်းရဲ့ အထပ်တစ်ထပ်လုံးကို သီးသန့်ယူခဲ့တာပါ။ ဇန်နဝါရီ ၂၂ ရက်နေ့ အသက် ၂ နှစ်ပြည့်သွားခဲ့တဲ့ သားကြီး မီလန်ဟာလည်း အဲဒီဆေးရုံမှာပဲ၊ ဆရာဝန်လည်းအတူတူ မွေးဖွားခဲ့တာပါ။ အမြဲလို တိတ်ဆိတ်ငြိမ်သက်လှတဲ့ အဲဒီပုဂ္ဂလိကဆေးရုံရဲ့ ဝန်းကျင်မှာတော့ ပါပါရာဇီသတင်းသမားတွေ ဝန်းရံလို့နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ရှကီးရားနဲ့ ပီကေးတို့ဟာ ပရိတ်သတ်မိတ်ဆွေတွေကိုဖိတ်ကြားပြီး UNICEF ရဲ့ ကလေးများအစီအစဉ်အတွက် အကျိုးရှိစေမယ့် World Baby Shower (ကမ္ဘာ့မိခင်လောင်း)အစီအစဉ်မိတ်ဆက်ကြေညာခဲ့ပါသေးတယ်။ ရှကီးရားဟာ UNICEF ရဲ့ Goodwill Ambassador တစ်ဦးဖြစ်ပြီး သူမရဲ့ ဘောလုံးစတားခင်ပွန်းကလည်း UNICEF World Baby Shower အစီအစဉ်မှာ ပူးပေါင်းပါဝင်ခဲ့တာပါ။ www.worldbabyshower.org  website မှာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ လက်ဆောင် set တွေကို ဝယ်ယူပြီး UNICEF ကတစ်ဆင့် ကလေးငယ်တွေကို လှူဒါန်းမှာပါ။ website မှာ လက်ဆောင်ဝယ်ယူရန် နဲ့ မိခင်လောင်းအဖြစ်စီစဉ်ဆောင်ရွက်ရန် ရွေးချယ်နိုင်စရာအစီအစဉ် ၂မျိုးရှိနေပါတယ်။ လက်ဆောင်ဝယ်ယူရန်ကို ရွေးမယ်ဆိုရင်တော့ ပိုလီယိုကာကွယ်ဆေး (၄ ဒေါ်လာ)၊ ဝက်သက်ကာကွယ်ဆေး (၁၂ ဒေါ်လာ)၊ ကလေးငယ်တွေအတွက် စောင် (၁၄ ဒေါ်လာ)၊ ကာကွယ်ဆေးသယ်ယူတဲ့အိတ် (၄၀ ဒေါ်လာ)၊ အထူးစီမံထားတဲ့အစားအစာ (၇၃ ဒေါ်လာ)၊ ကလေးထုပ်ပိုးပေါင်ချိန်စက် (၁၁၁ ဒေါ်လာ)၊ ကြက်ခြေနီဆေးအိတ် (၁၄၀ ဒေါ်လာ)၊ မိသားစုသုံးရေသန့် (၁၈၂ ဒေါ်လာ)၊ မွေးကင်းစကလေး ၅၀ အတွက် ဆေးဝါးနဲ့ဘက်စုံသုံး set (၁၉၅၆ ဒေါ်လာ)၊ ကလေးငယ်များအတွက် ပုံပြင်စာအုပ် ( ၇ ဒေါ်လာ) နဲ့ ကလေးငယ်ကစားစရာ ဘောလုံး (၇ ဒေါ်လာ) စတဲ့ လက်ဆောင်တွေဝယ်ယူလှူဒါန်းနိုင်ကြတယ်။ မိခင်လောင်းအဖြစ်စီစဉ်ဆောင်ရွက်ရန်ကို ရွေးချယ်လိုသူတွေကတော့ မိခင်လောင်းတွေဟာ ရှာကီးရားနဲ့ ပီကေးတို့လိုပဲ ဦးဆောင်စီစဉ်နိုင်ဖို့ပါ။ ရှကီးရားဟာ သားငယ်လေးမမွေးဖွားခင်မှာဘဲ မိုင်ယာမီကအိမ်ကို ဒေါ်လာ ၁၂.၉ သန်းနဲ့ ရောင်းချဖို့ ဈေးကွက်တင်ခဲ့တယ်။ North Bay လမ်းမမှာရှိပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၉ ခန်းပါရှိတဲ့ ၈၃၅၅ စတုရန်းပေ ကျယ်ဝန်းတဲ့အိမ်ပါ။ ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက North Bay လမ်းမပေါ်မှာပဲ မက်ဒေမွန် နဲ့ ရစ်ကီမာတင်တိုရဲ့ အိမ်တွေလည်း ဒေါ်လာ ၁၄.၅ သန်း၊ ဒေါ်လာ ၁၀.၆ သန်းနဲ့ အသီးသီးရောင်းချခဲ့ကြတယ်။

သရုပ်ဆောင်ဘဝကိုလည်း စိတ်ဝင်စားတဲ့ကန်းထရီးအဆိုတော်
အမေရိကန်တီဗီအစီအစဉ် Saturday Night Live မှာ စီစဉ်တင်ဆက်သူ နဲ့ သရုပ်ဆောင်အဖြစ်ပါ တာဝန်ယူထားသလို၊ အမေရိကန်သီချင်းပြိုင်ပွဲအစီအစဉ် The Voice မှာလည်း အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်နေတဲ့ ကန်းထရီးအဆိုတော် ဘလိတ်ခ်ရှဲလ်တန်ဟာ သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားလိုပုံရပါတယ်။ အဒမ်ဆန်းဒလားရိုက်ကူးမယ့် ရုပ်ရှင်အသစ်မှာ ရှဲလ်တန်ကို မြင်တွေ့ရမှာပါ။ ရှဲလ်တန်ဟာ အဲဒီရုပ်ရှင်အသစ် The Ridiculous 6 မှာ လူသိများလှတဲ့ လောင်းကစားသမား၊ အရီဇိုးနားဥပဒေပညာရှင် Wyatt Earp အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်မြူးရုပ်ရှင်ဖြစ်တဲ့ The Ridiculous 6 ဟာ Netflix ကုမဏီအတွက် ဆန်းဒလားရိုက်ကူးထုတ်လုပ်နေတဲ့ ရုပ်ရှင်လေးကားထဲက ပထမဆုံးကားပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေဟာ Sandler, Taylor Lautner, Luke Wilson, Nick Nolte, Whitney Cummings, Steve Buscemi, Rob Schneider, Dan Aykroyd, Terry Crews, Jon Lovitz and Vanilla Ice. Luke Wilson, Steve Zahn, Danny Trejo, Chris Parnell နဲ့ ဟာသသရုပ်ဆောင် Lavell Crawford  တို့ဖြစ်ကြတယ်။

ရစ်ကီမာတင် ရဲ့အယ်လ်ဘမ်အသစ်
လက်တင်ဂီတလောကမှာ စတားဖြစ်နေဆဲ ရစ်ကီမာတင်ရဲ့ အယ်လ်ဘမ်သစ် A Quien Quiera Escuchar ထဲက ဒုတိယ single "Disparo Al Corazon" ဟာ Hot Latin Songs စာရင်းဝင်လာခဲ့ပါပြီ။ အဲဒီ single ထွက်ရှိခဲ့ပြီး ပထမရက်သတ္တပတ်မှာပဲ နားထောင်သူပရိသတ်ပေါင်း ၃.၂ သန်းရှိသွားခဲ့တယ်။ ၁၀ ခုမြောက် အယ်လ်ဘမ်သစ် A Quien Quiera Escuchar (For Whoever Wants To Listen) ဟာ ဖေဖေါ်ဝါရီ ၁၀ မှာထွက်ရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ Musica + Alma + Sexo" ("Music + Soul + Sex") အယ်လ်ဘမ်ထွက်ရှိခဲ့ပြီးနောက် ၄ နှစ်လောက် အယ်လ်ဘမ်အသစ်မထွက်ခဲ့ဘဲ ၂၀၁၅ မှာမှ ပထမဆုံးပြန်လည်ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ပါ။ "ကျွန်တော်တို့ သီချင်းတွေနဲ့ ပြည့်နေတဲ့ အင်မတန်စိတ်ဝင်စားစရာနှစ်တစ်နှစ်ထဲမှာ လှုပ်ရှားနေပါပြီ။ ကြည်နူးစရာအချိန်တွေပါ" လို့ အသက် ၄၂ နှစ်အရွယ် မာတင်ကပြောပါတယ်။ သူ့ရဲ့ Instagram, Twitter နဲ့ Facebook လူမှုကွန်ယက်စာမျက်နှာတွေပေါ် အယ်လ်ဘမ်အသစ်သတင်းကို ပရိတ်သတ်တွေဆီကြေညာခဲ့တဲ့အခါမှာ တက်တူးယှက်လိမ်နေတဲ့လက်မောင်းသားတွေ လှစ်ဟပြသထားနိုင်တဲ့တီရှပ် ဝတ်ဆင်ထားပြီး စပိန်စကားပြောခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာကထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်ထဲက ပထမဆုံး single သီချင်း Adios (Goodbye) ဟာ ၁၉၃၀ ခုနှစ်တွေထဲက သီချင်းစတိုင်လ်မျိုးခံစားရစေတယ်လို့ ပရိတ်သတ်တွေက မှတ်ချက်ပေးကြတယ်။ မာတင်ရဲ့ အကျော်ကြားဆုံးသီချင်းတွေဖြစ်တဲ့ "Livin' la Vida Loca," "Maria" and "La Copa de la Vida." သီချင်းတွေရဲ့အောင်မြင်မှုကိုဖြတ်ကျော်သွားနိုင်မလားဆိုတာ စိတ်ဝင်စားရင်ခုန်စရာပါပဲ။ ရစ်ကီမာတင်ဟာ လာမယ့် ဧပြီမှာ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ ဖျော်ဖြေပါလိမ့်မယ်။

အစ်ဂီအက်ဇေးလီယာ မပျော်ရွှင်နိုင်သူလေးလား
သြစတြေးလျရက်ပ်အဆိုတော်မလေး အစ်ဂီအက်ဇေးလီယာနဲ့ ချစ်သူ NBA ဘတ်စကက်ဘောကစားသမား နစ်ရန်းတို့ဟာ ကယ်လီဖိုးနီးယားပြည်နယ် တာဇာနာက ဆယ်လီနာဂိုးမက်ဇ်ရဲ့ အိမ်ကို ဝယ်ယူခဲ့ကြတယ်။ အစ်ဂီဟာ အလျဉ်းသင့်သလိုဝင်ဝင်လာပြီးနှုတ်ဆက်တတ်ကြတဲ့ ဧည့်သည်တွေကြောင့် မပျော်မရွှင်နိုင်ဖြစ်ရတယ်လို့ဆိုတယ်။ မိတ်ဆက်စကားဆိုကြတဲ့ အိမ်နီးချင်းတွေက အစ်ဂီဟာပေါင်းရသင်းရမကောင်းတဲ့ ခပ်ဆိုးဆိုးအိမ်နီးချင်းမလေးလို့ ဆိုကြတယ်။ အိမ်နီးချင်းတစ်ဦးရဲ့ အတွေ့အကြုံကတော့ သူမဟာ အစ်ဂီရဲ့တံခါးကို ခေါက်လိုက်ပြီး ရက်ပ်အဆိုတော်မလေးကို ကြိုဆိုပါတယ်လို့ ဆိုရာမှာ ချိုမြတဲ့အပြုံးတစ်ပွင့်နဲ့ ပျော်ပျော်ရွှင်ရွှင် မိတ်ဆွေဖွဲ့တဲ့စကားစမြည်နဲ့ ဧည့်ခံရမယ့်အစား အစ်ဂီက စူးစူးဝါးဝါးအော်ဟစ်ခဲ့တာပါပဲ။ သူမဟာ စိတ်ဖိစီးမှုအများကြီးရှိနေပုံပဲလို့ အိမ်နီးချင်းတွေက ဆိုတယ်။ အစ်ဂီကတော့ သူမရဲ့ Instagram account မှာ အိမ်နီးချင်းတွေနဲ့ ပတ်သက်လို့ ရေးထားပါတယ်။ "ကျွန်မ ကိုယ်တိုင်ကိုယ်ကျဖိတ်ထားတဲ့သူမဟုတ်ရင် ကျွန်မအိမ်ကို အမြဲတမ်းကြီးလာမနေပါနဲ့" တဲ့။ Billboard Winterfest ဖြေဖျော်ပွဲမှာရောက်ရှိလာတဲ့ အစ်ဂီကို Billboard က မေးမြန်းတဲ့အခါမှာလည်း ခုတစ်လော ပျော်ရွှင်စရာ၊ ပျော်ပွဲရွှင်ပွဲတွေအတွက် အချိန်များများမရှိနိုင်ဖြစ်ရတယ်။ မြောက်အမရိက ဖြေဖျော်ပွဲခရီးစဉ် Great Escape အတွက် စီစဉ်နေပါတယ် လို့ ဖြေပါတယ်။ Utah, Park City မှာပြုလုပ်ခဲ့တဲ့ Billboard Winterfest ဖြေဖျော်ပွဲမှာ အဖြူရောင်ကြော့ကြောမော့မော့ဝတ်စုံ၊ အဖြူရောင်ဘုထ်၊ ပိုနီတေးလ်စတိုင်လ်စည်းနှောင်ထားတဲ့ ရွှေရောင်ဆံပင်ဖြောင့်စင်းစင်းနဲ့ အစ်ဂီရဲ့ ရက်ပ်သီချင်းဆိုဟန်ကတော့ အမြူးကြွဆုံး သွက်လက်လန်းဆန်းနေခဲ့ပါတယ်။

ခံစားရသမျှကို သီချင်းတွေဖန်တီးမယ့် မိုင်လီဆိုင်းရပ်စ်
မိုင်လီဆိုင်းရပ်စ်ဟာ မာရီယာရှရိုင်းဗာ နဲ့ အာနိုးရွှာဇီနက်ဂါတို့အကြောင်းသီချင်းတွေရေးသားနေပါတယ်။ အသက် ၂၂ အရွယ် မိုင်လီဟာ မာရီယာနဲ့ အာနိုးတို့ရဲ့ သား ပက်ထရစ်ရွှာဇီနက်ဂါနဲ့ ချစ်ဇာတ်လမ်းရှိနေတယ်။ ဒါပေမဲ့ ပက်ထရစ်ရဲ့ မိဘတွေက ကောလဟာလသတင်းစကားတွေနဲ့ ထွေးလုံးရစ်ပတ်စိတ်ရှုပ်ထွေးနေကြပြီး မိုင်လီနဲ့ ပက်ထရစ်တို့ရဲ့ အချစ်ကို လက်မခံကြပါဘူး။ အဲဒါကြောင့် မိုင်လီက ပက်ထရစ်မိဘတွေနဲ့ပတ်သက်ပြီး သူမခံစားရသမျှတွေကို သီချင်းတွေနဲ့ ရင်ဖွင့်မယ်လို့ ဆိုတယ်။ "ပက်ထရစ်မိသားစုတွေနဲ့ ဖြစ်တဲ့သူမရဲ့ ပြဿနာတွေကို သီချင်းရေးနေပါတယ်။ မိုင်လီက သူမရဲ့ ပရိတ်သတ်တွေကို ပြောနေတယ်။ သူမဟာ ချမ်းသာပြီး၊ အာဏာပြင်းတဲ့ ကနေဒီမျိုးနွယ်စုရဲ့ ထိုးနှက်တိုက်ခိုက်မှုရနေတယ်။ အဲဒီထဲက တချို့ဟာ သူမကို ဆိုးဆိုးဝါးဝါးဆက်ဆံပြုမူတယ်" လို့ သတင်းရင်းမြစ်တစ်ခုမှာဖော်ပြထားပါတယ်။ မိုင်လီဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ အာနိုးအကူအညီနဲ့ မာရီယာနဲ့ ဆက်ဆံရေးကောင်းမွန်စေဖို့ကြိုးပမ်းပါတယ်။ ဒါပေမဲ့ မလွယ်ကူလှပါဘူး။ မိုင်လီရဲ့ အတွင်းလူက Life & Style မဂ္ဂဇင်းကိုပြောရာမှာ "မာရီယာနဲ့ ကနေဒီမိသားစုဝင်တွေအကြောင်း သီချင်းပြန်ရေးနေတယ်။ သူမ သူတို့အကြောင်း ဒီလို ဖော်ထုတ်ရေးသားရင် နိုင်ငံရေးဘယ်လိုဆက်နွယ်နေမလဲ ဒါမှမဟုတ် ဘယ်လိုမှ မပတ်သက်ဘူးလား သူမက ဂရုမစိုက်ပါဘူး" လို့ ဆိုတယ်။ ပက်ထရစ်ဟာ မာရီယာနဲ့ အာနိုးတို့ရဲ့ကလေး ၄ ဦးထဲက တတိယမြောက် အကြီးဆုံးသားပါ။ ပက်ထရစ်ရဲ့မိခင် က မိုင်လီရဲ့ ခပ်ကြမ်းကြမ်းအပြုအမူအပေါ် ဘယ်လိုပဲ ဆန့်ကျင်မှုတွေပြုလုပ်နေပါစေ ပက်ထရစ်ကတော့ Wrecking Ball စတားမိုင်လီကို အသည်းခိုက်နေပါတယ်။ ပက်ထရစ်ဟာ မိုင်လီကို ချိန်းဆိုကတည်းက သူဘာလုပ်နေတယ်ဆိုတာသိတယ်။ သူမဘယ်သူလဲဆိုတာ လက်မခံပဲနဲ့ ချစ်ဇာတ်လမ်းစခဲ့တာမဟုတ်ဘူး။ သူမ ဘယ်လိုပဲ ဖော်ထုတ်ရေးသားပါစေ ပက်ထရစ်ဘက်က အကြွင်းမဲ့ အိုကေနေတယ်။ မိုင်လီဘာပဲလုပ်လုပ် သူက အမြဲအတူရှိနေပါလိမ့်မယ် လို့ ဆိုနေတယ်။     ။

ဖြိုးဖြိုး
(Yati Magazine, March, 2015)

No comments: