Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 07, 2015

စမတ်ကျကျ ခရီးသွားကြမယ်ဆိုရင်


နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကိုယ့်ရဲ့ခရီးဆောင်အိတ် ပေါင်းစပ်လိုက်မယ်ဆိုရင် ဘာကိုအလိုချင်ဆုံးဖြစ်မလဲ။ Smart luggage ပဲပေါ့။ ပုံမှန်ခရီးဆောင်အိတ်တွေမလုပ်နိုင်တဲ့ ဘယ်လိုအရာတွေ အဲဒီ စမတ်အိတ်တွေက လုပ်ဆောင်ပေးနိုင်လဲ။ အမိုက်စား အဲဒီခရီးဆောင်အိတ်တွေကို Travel Goods Showcase က စာရင်းပြုစုပေးလိုက်ပါတယ်။ စမတ်အိတ်တွေဟာ ဖုန်း application အသုံးပြုပြီး ကိုယ့်ရဲ့ မိုဘိုင်းလ်ဖုန်း ကတဆင့် ချိတ်ဆက်အလုပ်လုပ်နိုင်တယ်။ ဥပမာ ဖုန်းကနေ ကိုယ့်ရဲ့ အိတ်ကို လှမ်းပြီး ဖွင့်လိုက်တာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အိတ်က ဘယ်လောက်ပဲ ဝေးနေပါစေ အိတ်ဘယ်နေရာမှာရှိနေလဲ ကိုယ်က ခြေရာခံသိရှိနေနိုင်တာ စတာတွေပါ။ တခြားလုပ်ဆောင်နိုင်တာတွေမှာဆိုရင် အိတ်မှာ အဆင့်မြင့်နည်းပညာတပ်ဆင်ထားပေးလိုက်တာပါ။ ဥပမာ- ခရီးဆောင်အိတ်ကို ကိုယ့်ရဲ့မိုးဘိုင်းလ်ပစ္စည်းတွေ အားပြန်သွင်းနိုင်တာ ဒါမှမဟုတ် CD player တစ်ခုလို အသွင်ပြောင်းအသုံးပြုနိုင်တာတွေလည်းပါဝင်လာကြတယ်။ အဲဒီ အသုံးဝင်ပုံတွေကြည့်လိုက်ရတော့ ဆန်းသစ်တီထွင်မှုတွေပြည့်နေတဲ့ ခရီးသွားအသုံးအဆောင်တွေဟာ တစ်ခုထဲနဲ့ စုံစုံလင်လင် အသုံးပြုနိုင်တာကို တွေ့ကြရမှာပါ။



1. Planet Traveler SpaceCase 1
The Planet Traveler SpaceCase 1 တီထွင်ထုတ်လုပ်ခဲ့သူတွေပြောတာက လာမယ့်နိုဝင်ဘာလမှာ ဈေးကွက်ထဲရောက်ရှိလာတော့မယ့် နည်းပညာအဆင့်အမြင့်ဆုံး ခရီးဆောင်အိတ်ဖြစ်လာလိမ့်မယ်လို့ ဆိုတယ်။ ဘိုင်အိုမက်ထရစ်နာရီပါဝင်ပြီး လက်ဗွေပုံစံနဲ့ အိတ်ကိုဖွင့်နိုင်တာ၊ အိတ်ရှိနေမယ့်နေရာ ခြေရာခံနိုင်တာ၊ Bluetooth စပီကာ နဲ့ ပါဝါသိုလှောင်/ ထုတ်လုပ်ပေးနိုင်တဲ့ လီသီယံ power pack ပါရှိတယ်။ ဒစ်ဂျစ်တယ်အာရုံခံကိရိယာဟာ ဘီးတွေမှာ အခြေခံထည့်သွင်းထားတာကြောင့် အဲဒီအတွက်အလေးချိန် အိတ်မှာသယ်ပိုးယူဆောင်နေစရာမလိုပါဘူး။ downloadable app ဟာ လုပ်ဆောင်ချက်တွေအားလုံးကို ထိန်းချုပ်ပေးနိုင်ပြီး ကိုယ်ရေးခရီးသွားလက်ထောက်တစ်ဦးလို တာဝန်ထမ်းဆောင်ပေးပါလိမ့်မယ်။ ဒီနှစ်ကုန်ပိုင်း ဈေးကွက်တင်တဲ့အခါ ပုံမှန်ဆိုက်အပြည့်က ဒေါ်လာ ၇၀၀ နဲ့ လက်ဆွဲခရီးဆောင်အိတ်က ဒေါ်လာ ၆၀၀ ကျသင့်ပါလိမ့်မယ်။

2. Andiamo iQ
Andiamo iQ ဟာ ဒီနှစ် ဆောင်းဦးမှာ ဈေးကွက်တင်ဖို့ စီစဉ်ထားကြတယ်။ ပါဝင်မယ့် လုပ်ဆောင်ချက်တွေမှာ USB ဘက်ထရီအားသွင်းကိရိယာ၊ ရွှေ့ပြောင်းနိုင်တဲ့ power pack၊ အဝေးထိန်း သော့အဖွင့်/ အပိတ်၊ ဒစ်ဂျစ်တယ်အတိုင်းအတာ နဲ့ အိတ် ကိုယ့်အပါးက မီတာ ၃၀ ရွေ့သွားတာနဲ့ ကိုယ့်ရဲ့ ဖုန်းကတဆင့် အချက်ပေးမယ့် anti-theft စနစ် စတာတွေဖြစ်ကြတယ်။ လက်ဆွဲအိတ် အရွယ်အစားတစ်မျိုးပဲ ရနိုင်မှာပါ။ Andiamo iQ ဈေးနှုန်းကတော့ ဒေါ်လာ ၅၉၉ ဖြစ်ပါတယ်။

3. LugLoc


ကိုယ်အလိုချင်ဆုံးစမတ်လုပ်ဆောင်ချက်က ခရီးဆောင်အိတ်ကို ခြေရာခံနိုင်တဲ့စနစ်တစ်ခုတည်းဆိုရင်တော့ LugLoc ကိုဝယ်ခြင်းအားဖြင့် ပိုက်ဆံအကုန်အကျသက်သာစေမှာပါ။ ခြေရာခံနိုင်တဲ့ gadget ကိုပဲ ဝယ်ယူရုံပါပဲ။ အဲဒီမှာ GSM နဲ့ Bluetooth နည်းပညာပေါင်းစပ်ထားပါတယ်။ ဒေါ်လာ ၇၀ သာပေးရပြီး အိတ်မှာ တပ်ဆင်ရုံ ဒါမှမဟုတ် အိတ်ထဲ တစ်နေရာရာထည့်ထားလိုက်ရုံပါပဲ။ ပြီးရင် ၇ ဒေါ်လာတန် application တစ်ခု download ဆွဲချရမှာပါ။ အဲဒီ application ကို နှိပ်တာနဲ့ ကိုယ့်ရဲ့ ခရီးဆောင်အိတ်ရှိနေတဲ့နေရာပြနေတဲ့ မြေပုံ screen ဖုန်းမှာ ပေါ်လာပါလိမ့်မယ်။ ဒီကမ္ဘာထဲ ဘယ်နေရာပဲဖြစ်ဖြစ် စဉ်းစားစရာမလိုဘဲ ကိုယ်က သိနေနိုင်မှာပါလို့ ဆိုတယ်။ နီးတဲ့အကွာအဝေးဆိုရင်တော့ Bluetooth အလုပ်လုပ်ပါလိမ့်မယ်။ ဥပမာ လေဆိပ်ခရီးဆောင်အိတ်တွေတင်တဲ့လိုင်းမှာ ကိုယ့်ရဲ့အိတ်စောင့်ဆိုင်းနေတယ်ဆိုတာ သိအောင် အချက်ပြပေးနိုင်တာမျိုးပါ။

4. Samsonite GeoTrakR

နေရာညွှန်ပြတဲ့ကိရိယာ တပ်ဆပ်ထားပြီးသား အိတ်ဝယ်ချင်တယ်ဆိုရင်တော့ ဒီတံဆိပ်ကို ရွေးချယ်နိုင်ပါတယ်။ Samsonite GeoTrakR ကို လာမယ့် နွေရာသီမှာ ဈေးကွက်တင်ရောင်းချမှာပါ။ LugLoc နည်းပညာ တပ်ဆင်ထားပြီး ပါဝင်လာလိမ့်မယ်။ ခရီးဆောင်အိတ်ပိုင်ရှင်တိုင်းဟာ ခရီးဆောင်အိတ် ရဲ့ တည်နေရာကို အချိန်တိုင်း၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် သိရှိနိုင်ကြမယ်။ LugLoc လိုပဲ လေယာဉ်ထဲမှာလည်း ကိရိယာကို ပိတ်နိုင်တယ်။ Samsonite ဟာ full szie ရော carry-on size ပါ ရရှိနိုင်ပါလိမ့်မယ်။ ဈေးနှုန်းတွေက ဒေါ်လာ ၂၈၀ ကနေ ဒေါ်လာ ၄၀၀ အတွင်း ရှိပါတယ်။ Samsonite GeoTrakR မှာ ပထမဆုံးနှစ်အတွက် ခြေရာခံနိုင်တဲ့လမ်းကြောင်း ၃၀ အခမဲ့ ထည့်သွင်းပေးထားပါတယ်။

5. Benga 2S Duo 2

အသွင်ပြောင်းလဲနိုင်တာက ဒီနှစ်ခရီးသွားအသုံးအဆောင်တွေထဲမှာ ပေါ်ပြူလာဖြစ်တဲ့ဖက်ရှင်ပါ။ Benga 2S Duo 2 ဟာ ဒီနှစ် Travel Goods Showcase ရွေးချယ်မှုမှာ ဆန်းသစ်ပြောင်းလဲမှုအရှိဆုံးကုန်ပစ္စည်းတွေထဲက တစ်ခုအဖြစ် မဲအများဆုံးပေးခဲ့ကြတယ်။ ဈေးနှုန်းကတော့ တစ်ခုစာပဲ ကုန်ကျပေမယ့် ခရီးဆောင်အိတ် ၂ မျိုး ရရှိလိုက်သလိုပါပဲ လို့ဆိုပါတယ်။ Benga 2S ဟာ ဘီး ၄ လုံးပါ အိတ်အမာသားကနေ၊ ဘီ ၂ လုံးပါ အိတ် ၂လုံးအဖြစ် တစ်ဘက်က အိတ်အမာ၊ တစ်ဘက်က အိတ်အပျော့သား ပြောင်းလဲနိုင်ပါတယ်။ အိတ်တစ်ခုစီမှာလည်း တစ်ဆစ်ချင်းအသွင်းအထုတ်လုပ်နိုင်တဲ့ လက်ကိုင်တစ်ခုစီနဲ့ TSA(Transportation Security Adminstration) နဲ့ဆက်သွယ်တိုင်ကြားနိုင်တဲ့ သော့ပါရှိတယ်။ လာမယ့် နွေရာသီမှာ ထုတ်လုပ်ဖို့ မျှော်မှန်းထားကြတယ်။ ဈေးနှုန်းက ဒေါ်လာ ၄၀၀ ဝန်းကျင်ခန့်ဖြစ်ပါလိမ့်မယ်။

6. LeTrav Convertible Carrying Case
LeTrav Convertible Carrying Case ဟာ ကျောပိုးအိတ်တစ်လုံးလိုပုံစံကနေ လေဆိပ်ထွက်ခွာဆောင်ထဲအထိ သယ်ဆောင်အသုံးပြုနိုင်တဲ့ပုံစံအဖြစ် ပြောင်းလဲနိုင်ပါတယ်။ ကြော့ကြော့မော့မော့ သားရေရုံးသုံးလက်ဆွဲအိတ်ပုံစံကနေ ရေစိုခံ ကျောပိုးအိတ်တစ်လုံးအဖြစ် လွယ်လွယ်ကူကူပြောင်းလဲပစ်နိုင်တယ်။ အံ့သြဖွယ်ရာကောင်းလှတာက အိတ်ထဲမှာ ဘာပစ္စည်းတွေပဲထည့်ထားထည့်ထား၊ အိတ်ပုံစံပြောင်းလိုက်လည်းပဲ ပစ္စည်းတွေခြေရာလက်ရာမပျက်နဂိုပုံစံနဲ့ အလွယ်တကူဆွဲယူနိုင်တဲ့ အနေအထားဖြစ်အောင်တီထွင်ထားတာပါ။ LeTrav အိတ်တွေမှာ ထူထဲပြီး မာတဲ့ ballistic နိုင်လွန်နဲ့ သားရေအနားကွပ်ထားတဲ့ အိတ်က ဒေါ်လာ ၃၅၉၊ သားရေသားတစ်မျိုးထဲ အထူးထုတ်လုပ်ထားတဲ့ အိတ်ကတော့ ဒေါ်လာ ၈၉၅ နဲ့ ဝယ်ယူနိုင်ကြမှာပါ။

7. TAB Seatback Pocket Organizer

လေယာဉ်ထိုင်ခုံနောက်က seatback အိတ်တွေဟာ လေယာဉ်တစ်စီးရဲ့ မှာ ပိုမွှား germ တွေ အတွယ်ကပ်နိုင်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ကြတယ်။ အဲဒီ မနှစ်မြို့ဖွယ်ကောင်းတဲ့ အိတ်တွေကနေ ခရီးသွားတွေကို ကူညီကယ်ဆယ်ပေးဖို့ WALTER + RAY's TAB Seatback Pocket Organizer က စီစဉ်ခဲ့ကြတာပါ။ TAB ဒီဇိုင်းဟာ အိတ်ကို လျှိုသွင်းကပ်တွယ်ထားနိုင်အောင်ပြုလုပ်ထားတယ်။ ကိရိယာ ၆ ခု သိမ်းထည့်ထားနိုင်တဲ့နေရာလပ်တွေပါရှိပြီး လေယာဉ်စီးနေတဲ့အချိန် ကိုယ့်ရဲ့ gadget ပစ္စည်းပစ္စယအားလုံး လေယာဉ် seatback အိတ်ထဲ ထည့်ထားနေစရာမလိုအောင်တီထွင်ထားတယ်။ အိတ်ရဲ့ အပြင်မှာ သံလိုက်အဖုံးအကာချပ်ပြားလေးပါ ပါနေတော့ လေယာဉ်ပေါ်က အဆင်းမှာလည်း မေ့လျောကျန်ရစ်မနေအောင် သတိထားမိစေတယ်လို့ ဆိုပါတယ်။ material အသားပေါ်မူတည်ပြီး ဒေါ်လာ ၅၀ ကနေ ဒေါ်လာ ၁၅၀ ကျသင့်မှာပါ။

Source: Smart luggage is here: 7 ground-breaking travel accessories by Laura Powell | CNN Travel

ဖြိုးဖြိုး
(Living Fashion Magazine, July, 2015)

No comments: