Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 07, 2015

နွေနေပူလည်းလေ အေးမြစေ

နွေရာသီရဲ့ ပူပြင်းလှတဲ့ နေ့ရက်တွေဟာ နေ့တာရှည်ရှည် ညဟာ တစ်ခဏလေးပဲပြီးဆုံးသွားတယ်။ ကိုယ်မှာချွေးတစိုစိုအချိန်မျိုး လေအေးအေးလေး တသုတ်လောက်တိုက်လိုက်ရင် ပန်ကာ၊ လေအေးပေးစက်တွေကရလာတဲ့အေးမြမှုထက် ပိုပြီးနှစ်သက်စရာပါ။ ချွေးအလွန်အမင်းထွက်မယ်၊ အပူချိန်မထိန်းညှိနိုင်ဘဲ ပတ်ဝန်းကျင်မှာ သိပ်ကိုပူပြင်းနေမယ်၊ ရေကိုလည်း အလုံအလောက်သောက်မပေးရင်တော့ ရေဓာတ်ဆုံးရှုံးတာ၊ အားအင်ကုန်ခမ်းတာကနေ မစားချင် မသောက်ချင်သလိုတွေခံစားရပြီး ကျန်းမာပျော်ရွှင်မှုတွေဝေးလွင့်ကုန်မှာပါ။

တကယ်တော့နွေရာသီဟာ လူတိုင်းအတွက် လှုပ်ရှားသွက်လက်စေတဲ့အချိန်ကာလပါ။ ကျန်းမာစေတဲ့အစားအစာအတွက် ရွေးချယ်စရာများလှတဲ့ ရာသီဥတုပါပဲ။ သုတေသနတစ်ခုမှာ ကလေးငယ်တွေဟာ နွေရာသီလည်းကျော်လွန်ရော ကိုယ်အလေးချိန်သုံးဆတက်တယ်။ ကျန်းမာပျော်ရွှင်ကြတယ်လို့ ဖော်ပြထားတယ်။ ကလေးတွေက လူကြီးတွေထက်စာရင် ပိုပြီးလှုပ်ရှားသွက်လက်ကြလို့ ကိုယ်အလေးချိန်တိုးတယ်ဆိုတာ ပြဿနာတစ်ခုမဟုတ်ပါဘူး။ လူကြီးတွေမှာတော့ ရှိသင့်တဲ့အလေးချိန်ကို ထိန်းသိမ်းထားဖို့လောက်ပါပဲ။ နွေနေပူလည်း ပေါ့ပါးလွတ်လပ်စွာပျော်ရွှင်နိုင်ဖို့ ကျန်းမာရေးနဲ့အညီ ရွေးချယ်စားသောက်နိုင်ကြတာပေါ့။ ရေများများသောက်ပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေ စားပေးနိုင်တယ်။ နံနက်ခင်းမှာ ခပ်စောစောလေးနိုးထပါစေ။ ညပိုင်းအိပ်ရာဝင်ချိန် နောက်ကျနိုင်ပါတယ်။ နေ့လည်ခင်းမှာ အနားယူပေးဖို့ အရေးကြီးလှတယ်။ ဟင်းခတ်အမွှေးအကြိုင်အနံ့အရသာ ခပ်ကဲကဲပါတဲ့ဟင်းလျာ ပြင်ဆင်စားသောက်ပါ။ ဒေါသမထွက်အောင်ထိန်းချုပ်ထားပြီး စိတ်ကို အေးချမ်းအောင်ကြိုးစားပေးပါ။ စိတ်တိုဒေါသထွက်တာပာာ ပူပြင်းတဲ့ရာသီဥတုမှာ ခန္ဓာကိုယ်ကို ပိုပြီးနွမ်းလျစေ၊ ဝန်ပိစေပါသတဲ့။
နွေရာသီမှာ ကျောင်းပိတ်ရက်တွေ၊ အလုပ်အားလပ်ရက်တွေ ခပ်များများရလာကြမှာဆိုတော့ ဟိုဟိုဒီဒီ ခရီးသွားကြဖို့ ပြင်ဆင်ရင်ခုန်နေကြမှာပေါ့။ နွေနေပူထဲ ခရီးသွားမယ်ဆိုရင် သတိထားပြင်ဆင်စရာလေးတွေမှာ >>>

ပစ္စည်းတွေထုပ်ပိုးတာအချိန်ယူပါ
အချိန်ယူပြီးထုပ်ပိုးဖို့ကတော့ နွေရာသီခရီးသွားမှမဟုတ်ပါဘူး။ ဘယ်အချိန်ပဲခရီးသွားသွား အချိန်ပေးပြီးပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။ အများစုက ခရီးမသွားခင် ညနေပိုင်း၊ ဒါမှမဟုတ် မနက်ပိုင်းလောက်မှာ ပစ္စည်းတွေ ပြင်ဆင်ထုပ်ပိုးကြတယ်။ နွေရာသီဆိုတော့ ရာသီဥတုကြည်လင်သာယာနေမယ်ပေါ့။ ဒါပေမဲ့ ခရီးသွားမယ့်ရက်တွေအားလုံးအတွက် မိုးလေဝသအခြေအနေကြည့်ထားတာအကောင်းဆုံးပါ။ အပူချိန် ဘယ်လောက်အမြင့်ဆုံး၊ ဘယ်လောက်အနိမ့်ဆုံး စသဖြင့် စစ်ဆေးထားသင့်ပါတယ်။

နေရောင်ကိုကာကွယ်ဖို့
SPF 30+ ပါမယ့် ကရင်မ်တွေ၊ ဆံပင်အတွက် လိုအပ်မယ့် hairspray တွေယူသွားဖို့အရေးကြီးလှတယ်။ anti-aging serum, moisturizer နဲ့ sunscreen အားလုံးပါတဲ့  SPF 30+ ကရင်မ်မျိုး အသုံးပြုနိုင်ပါတယ်။

ရေများများသောက်ပါ
ရေဖန်ခွက် ၈ခွက်ကနေ ၁၀ခွက်အထိ သောက်ပေးသင့်ပါတယ်။ မရှောင်နိုင်တဲ့ ရာသီဥတု၊ အစားအသောက်အပြောင်းအလဲတွေမှာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေအပေးအယူမျှမျှတတရှိနေစေဖို့ ရေဓာတ်ထိန်းသိမ်းပေးသင့်တယ်လို့ ဆိုပါတယ်။

ခရီးသွားတဲ့အခါ သွားရည်စာဆောင်ပါ
ကျန်းမာရေနဲ့ ညီညွတ်ပြီး ကိုယ်တိုင်လည်းကြိုက်နှစ်သက်လှတဲ့ သွားရည်စာလေးတွေ ယူဆောင်သွားတာ ပျော်ရွှင်စရာပါပဲ။ လိမ္မော်သီး၊ သံပုရာသီးလေးတွေယူသွားရင် အသီးလေးတွေရဲ့ အနံ့ကြောင့်ခရီးသွားတဲ့အချိန်တွေမှာ ခေါင်းကြည်စေပါတယ်။

နေပူလောင်တာမဖြစ်ပါစေနဲ့
ခရီးပထမဆုံးနေ့လေးမှာပဲ နေလောင်တာကြုံခဲ့ရတယ်ဆိုရင် အဲဒီထက်ဆိုးတဲ့ကိစ္စမရှိဘူးလို့ ပြောရမလိုဖြစ်သွားမှာပေါ့။ ရေကူးဝတ်စုံမဝတ်ခင် Sunscreen ကို တစ်ကိုယ်လုံး နေရာလပ်မကျန်အောင်လိမ်းရပါမယ်။ ရေကူးဝတ်စုံဟာ တစ်နေရာတည်းတွယ်ကပ်နေနိုင်မှာမဟုတ်ပါဘူး။ ရွေ့သွားတဲ့နေရာ ပေါ်လာတဲ့အသားအရည်မှာ sunscreen မလိမ်းထားဘူးဆိုရင် နောက်တစ်နေ့မှာ နေလောင်ဒဏ်ရာပေါ်လာ ပေါ်လာတော့မှာပေါ့။ Sunscreen တစ်ကိုယ်လုံးလိမ်းပြီးတာ သေချာတော့မှ နေပူထဲ ထွက်သင့်ပါတယ်။
ဆံပင်အတွက်လည်း အကူအညီလိုပါတယ်
အများစုက sunscreen စေ့စေ့စပ်စပ် လိမ်းဖို့ကြိုးစားကြပေမယ့် ဆံပင်တွေကို ကာကွယ်ဖို့တော့ သိပ်စဉ်းစားမထားကြပါဘူး။ အရေပြားကင်ဆာဟာ ဦးရေပြားမှာ ဖြစ်ပွားတတ်တာကိုလည်း မကြာခဏတွေ့ရှိနေကြရတယ်။ ဦးရေပြားကင်ဆာဟာ သတိပြုမိဖို့ အခက်ခဲဆုံးကင်ဆာတွေထဲက တစ်ခုဖြစ်နေပါတယ်။ အဲဒါကြောင့် ဆံပင်ကိုကာကွယ်နိုင်တဲ့ hairspray ဗူးတွေရွေးချယ်အသုံးပြုပေးဖို့က အရေးကြီးတဲ့အချက်ပါ။

ကိုယ်တို့ရဲ့ ခန္ဓာကိုယ်ဟာ အားလပ်ရက်ခရီးတွေဆင်နွှဲနေတာပါ။ ခန္ဓာကိုယ်က အားလပ်ရက်မှာ မြူးထူးနေသလို စိတ်ကိုလည်း ပေါ့ပါးလန်းဆန်းနေအောင် ဂရုစိုက်ပေးသင့်ပါတယ်။ အဓိပ္ပါယ်ကတော့ ကိုယ့်တို့ရဲ့ ဖုန်းတွေလက်ထဲ ကိုင်မထားပါနဲ့တော့၊ ချန်ထားရစ်ပါ။ mail box ထဲ ရောက်နေတဲ့ အီးမေးလ်အသစ်တွေကိုလည်း mail box ထဲမှာ သူ့အတိုင်းပဲ ရှိနေပါစေ။

နွေနေပူ အိမ်ထဲမှာ
၁. ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ်ဆိုကြသလိုပဲ ခန်းဆီး၊ လိုက်ကာ၊ ယင်းလိပ်တွေကို နေ့ဘက်မှာ အကုန် ကာထားပေးပါ။ နေ့ခင်းပိုင်း အပူနဲ့ နေရောင်ခြည်တိုက်ရိုက်တိထွေ့မှုကို တားဆီးနိုင်အောင်လို့ပါ။
၂. အပြင်ဘက်က လေဟာ အိမ်အတွင်းကလေထက်ပူနွေးပါတယ်။ အဲဒါကြောင့် ပြတင်းပေါက်တွေ ပိတ်ထားပါ။
၃. ညဘက်ကျရင် ပြတင်းပေါက်၊ တံခါးတွေကိုဖွင့်ပေးပါ။ တစ်နေ့တာလုံး စုဆောင်းမိနေတဲ့ လေပူတွေ သန့်စင်သွားပါစေ။
၎. ဟေလိုဂျင်အလင်းတွေ၊ ပန်းကန်ဆေးစက်၊ ချက်ပြုတ်ကြော်လှော်တဲ့နေရာတွေနဲ့၊ အခြောက်ခံစက်တွေအားလုံးဟာ အပူကိုထုတ်လွှတ်ပေးပါတယ်။ ဟေလိုဂျင်မီးလုံးတွေဟာ လျှပ်စစ်ကိုချွေတာရာရောက်ပေမယ့် နေ့ခင်းပိုင်း အပူပြင်းဆုံးအချိန်မှာအသုံးမပြုပါနဲ့။ 
၅. နေပူရှိန်ပြင်းလွန်းတော့ အရောင်ပါအဝတ်အစားတွေ နေရောင်တိုက်ရိုက်ရတဲ့အပြင်ဘက်မှာမလှန်းဘဲ ပန်ကာရှေ့မှာဖြစ်ဖြစ်ထားပြီးတော့ပဲ အငွေ့ပြန်ပြီး ခြောက်သွေ့ပါစေ။
၆. နွေနေ့လယ်ခင်းတွေဟာ အပူချိန်မြင့်လွန်းလှတယ်။ ကိုယ့်ရဲ့အိမ်ဟာ နှစ်ထပ်ဆိုရင် အောက်ထပ်မှာပဲ နေပါ။ အောက်ထပ်မှာပဲ အိပ်ပါ။

နွေနေပူ နဲ့ လူတွေ
၁. မိသားစုကို ရေများများသောက်ဖို့ သတိပေးပါ။ ရေခဲသေတ္တာထဲမှာ သောက်ရည်ကရားဖြည့်ပြီး ထည့်ထည့်ထားပါ။
၂. အအေးခံသွားရည်စာတွေစားပြီး အပူကိုရှောင်နိုင်ဖို့ ဒိန်ချဉ်၊ အချိုရည်၊ သစ်သီးဖျော်ရည်တွေကို အအေးခံထားပါ။ icy pole sticks (ရေခဲချောင်းလက်ကိုင်တုတ်ချောင်းလေးတွေ) ကို လတ်လတ်ဆတ်ဆတ်၊ ချိုချိုမွှေးမွှေး ငှက်ပျောသီးထဲ ထိုးစိုက်ပြီး ရေခဲသေတ္တာထဲ ခဲထားပါ။
၃. ရေအေးထဲမှာ ခြေထောက်ကိုစိမ်နှစ်ပြီး ခဏလောက်ထိုင်ပေးပါ။ ရေအေးထဲမှာ ဂျင်း၊ မုန့်ဖုတ်ဆိုဒါထည့်ပေးရင် ခန္ဓာကိုယ်က အပူတွေစုပ်ပေးသလိုဖြစ်ပြီး ပေါ့ပါးလန်းဆန်းစေနိုင်ပါတယ်။
၎. ကိုယ့်အကြိုက်ကော်ဖီတစ်ခွက်ကို ခဲထားပါ။ ကော်ဖီပူ၊ လက်ဖက်ရည်ပူပူအစား ရေခဲတီးတစ်ခွက်၊ ဒါမှမဟုတ် espresso ကော်ဖီပေါ် ဗနီလာအရသာရေခဲမုန့်ဖုံးထားတဲ့ affogato တို့ စားနိုင်တယ်။
၅. ရေမှုန်ရေငွေ့ဖြန်းပေးနိုင်တဲ့ ပန်ကာမျိုးအသုံးပြုပေးပါ။
၆. ဆန်၊ ဂျုံစေ့ထည့်ထားတဲ့အိတ်တွေကို freezer ထဲမှာ ထားပြီး တစ်ကိုယ်ရေသုံး ရေခဲအိတ်အဖြစ်အသုံးပြုနိုင်ပါတယ်။ ဆောင်းတွင်းမှာ ရေနွေးအိတ်ကပ်ပေးသလိုမျိုးပေါ့။
၇. နေ့ခင်းပိုင်း jogging အပြေးကျင့်တတ်သူဆိုရင် နေပူပူနွေရက်တွေမှာတော့ အနားပေးထားလိုက်ပါ။ မနက်ခင်းစောစော ဒါမှမဟုတ် ညနေခင်းပိုင်း အပူလျော့တဲ့အချိန်လောက်မှသာ လေ့ကျင့်ခန်းယူသင့်ပါတယ်။ ပြင်းထန်တဲ့လှုပ်ရှားမှု၊ လေ့ကျင့်ခန်းတွေမလုပ်သင့်ပါဘူး။
နွေနေပူ နဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ
သူတို့လေးတွေကို လုံလောက်တဲ့ အရိပ်၊ လေဝင်လေထွက်ကောင်းကောင်းနဲ့ ရေအေးအေးသောက်စရာ စီစဉ်ပေးပါ။ နေ့ခင်းပိုင်းမှ အိမ်တွင်းမှာပဲနေစေပြီး ညနေပိုင်း နေပူချိန်ကျချိန်မှာပဲ အပြင်ဘက်မှာ ဆော့ကစားပါစေ။ အပြင်ဘက် အရိပ်ရတဲ့နေရာတွေမှာ သောက်ရေခွက်လေးတွေ ဟိုဟိုဒီဒီ ချထားပေးပါ။

နွေနေပူ နဲ့ အပြင်ဘက်မှာ
နေပြင်းတဲ့နေ့လည်ပိုင်းမှာ အပြင်ထွက်စရာကိစ္စရှိလာခဲ့ပြီဆိုရင် အရေပြားကို ခရမ်းလွန်ရောင်ခြည်မထိခိုက်စေဖို့ အထူး ဂရုစိုက်ရမှာပါ။ လုံလောက်တဲ့ SPF ပါဝင်တဲ့ sunscreen လိမ်းပေးတာ၊ ထီး၊ မျက်နှာကို ဖုံးကာထားနိုင်တဲ့ ဦးထုပ်အနားအဝိုင်းပြားကြီးကြီး ဆောင်ပါ။ ကားမှာ နေရောင်ကာတပ်ထားပါ။ နေ့ခင်းပိုင်း ကားကိုအပြင်ဘက်မှာရပ်ထားခဲ့ပြီး ပြန်လာခဲ့ရင် ကားထဲကို မဝင်ခင် တံခါးတွေ အရင်ဖွင့်ထားပြီးမှ ခဏစောင့်ပြီး ကားထဲဝင်ပါ။ လေအေးပေးစက်တပ် ရုပ်ရုပ်ရုံ၊ ပန်းချီပြခန်း၊ စာကြည့်တိုက်နဲ့ တချို့အဆောက်အဦးတွေမှာ နေအပူဒဏ်ကိုရှောင်နိုင်ပါတယ်။ အိမ်မွေးတိရစ္ဆာန်နဲ့ ကလေးငယ်တွေ နှလုံးခုန်အသက်ရှုနေသူမှန်သမျှ ကားထဲမှာ သော့ပိတ်ပြီး မထားခဲ့ပါနဲ့။ မှန်နည်းနည်းချပြီး ဖွင့်ထားပေးခဲ့ရင်တောင်မှပဲ ကားထဲက အပူချိန်ဟာ အပြင်ဘက်အပူချိန်ထက်ပိုများတယ်။ ၂၀  ကနေ ၃၀ ဒီဂရီအထိ ရှိနေတတ်လို့ပါ။

နွေနေပူ ခပ်ပြင်းပြင်းနေ့ရက်တွေဖြတ်ကျော်ရစေဦးတော့ ပေါ့ပါးလန်းဆန်းတဲ့ စိတ်အစဉ်နဲ့ အေးမြကြည်လင်တဲ့အချိန်လေးတွေ ဖန်တီးနိုင်ပါစေပေါ့။

Source :
10 Essential Summer Travel Tips | www.dailymakeover.com
26 tips to beat the heat without air-conditioning | http://www.abc.net.au/


မယ်ရူပ
(Living Fashion Magazine, June, 2015)

No comments: